CNI Sport Article

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀

ဒီရာသီမှသာ ချန်ပီယံလိဂ် အုပ်စုအဆင့်ကို ပွဲဦးထွက်အဖြစ် ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ နော်ဝေကလပ် ဘိုဒိုဂလင့်အသင်း ကတော့ အားလုံးကို မထင်မှတ်ထားတဲ့ အရာတွေ လုပ်ပြနေပါတယ်။ 

ဘိုဒိုဂလင့်အသင်းဟာ ပြီးခဲ့တဲ့ ရှုံးထွက်အဆင့် ပလေးအော့ဖ် ပထမအကျော့ပွဲမှာ မနှစ်ကရာသီက ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်နိုင်ခဲ့တဲ့ အင်တာမီလန်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဘိုဒိုဂလင့်အသင်းဟာ အင်တာမီလန်အသင်း မတိုင်မီ League Phase နောက်ဆုံး ၂ ပွဲမှာ ဥရောပထိပ်သီးတွေ ဖြစ်တဲ့ မန်စီးတီးနဲ့ အက်သလက်တီကိုအသင်းတို့ကို အနိုင်ယူခဲ့တာပါ။

အဲ့ဒါကြောင့် ဘိုဒိုဂလင့်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဥရောပထိပ်သီး အသင်း ၃ သင်းကို ဆက်တိုက် အနိုင် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဥရောပထိပ်သီးတွေနဲ့ ယှဉ်ရင် အားနည်းတဲ့ အသင်းဖြစ်ပေမယ့် ဘိုဒိုဂလင့်အသင်းရဲ့ နောက်ဆုံး ၃ ပွဲ စွမ်းဆောင် ရည်က အသိအမှတ်ပြုခံရဖို့ ထိုက်တန်ခဲ့တာပါ။ 

ဘိုဒိုဂလင့်အသင်းဟာ လူဦးရေ ၅၅,၀၀၀ သာရှိတဲ့ ဘိုဒိုအခြေစိုက် အသင်းဖြစ်ပြီး သူတို့အသင်းရဲ့ ဈေးကွက် တန်ဖိုးဟာ ပေါင် ၄၉ သန်းသာရှိတယ်လို့ သိရပါတယ်။ 

ဘိုဒိုဂလင့်အသင်းဟာ မန်စီးတီးနဲ့ အက်သလက်တီကို အသင်းတို့ကို အနိုင်မရမီမှာ ချန်ပီယံလိဂ် League Phase ကနေ ထွက်ခွာရဖို့ နီးစပ်ခဲ့ပေမယ့် ဒီနိုင်ပွဲတွေကြောင့် ပလေးအော့ဖ်ဆက်ပြီး ယှဉ်ပြိုင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ 

ဘိုဒိုဂလင့်အသင်း အနိုင်ရယူခဲ့တဲ့အသင်းတွေကို တွေ့ရစဉ်

ဘိုဒိုဂလင့်အသင်းဟာ ဥရောပဖလား ပြိုင်ပွဲတွေမှာ အကြိမ်ပေါင်းများစွာ ယှဉ်ပြိုင်ခဲ့တဲ့ အသင်းဖြစ်ပေမယ့် သူတို့ ကို အားလုံး သတိထားမိခဲ့တာကတော့ ၂၀၂၁-၂၂ ရာသီ ကွန်းဖရန့်လိဂ် အုပ်စုအဆင့်မှာ ရိုးမားအသင်းကို ၆ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့တာပါ။

ဒီနိုင်ပွဲနဲ့အတူ အိမ်ကွင်း မာကျောတဲ့ ဘိုဒိုဂလင့်အသင်းဟာ ဥရောပပြိုင်ပွဲတွေမှာ စောင့်ကြည့်ခြင်းခံရတဲ့ အသင်း တစ်သင်း ဖြစ်လာခဲ့ပါတယ်။ 

ဘိုဒိုဂလင့်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်တဲ့ ပထမဆုံး နော်ဝေကလပ် အသင်းအဖြစ် မှတ်တမ်း ရေးထိုးနိုင်ခဲ့ပါတယ်။

ဘိုဒိုဂလင့်အသင်းဟာ ဆီမီးဖိုင်နယ်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ စပါးအသင်းကို အရေးနိမ့်ခဲ့တာပါ။ 

ဘိုဒိုဂလင့်အသင်းဟာ ဒီရာသီမှာတော့ ချန်ပီယံလိဂ် League Phase ကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး အုပ်စုပွဲတွေမှာ ဆလားဗီးယား၊ စပါး၊ ဂါလာတာစာရေး၊ မိုနာကို၊ ဂျူဗင်တပ်စ်၊ ဒေါ့မွန်၊ မန်စီးတီး၊ အက်သလက်တီကို အသင်းတို့နဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။ 

ဘိုဒိုဂလင့်အသင်း ပရိသတ်ကို တွေ့ရစဉ်

ဘိုဒိုဂလင့်အသင်းဟာ ဆလားဗီးယား၊ စပါးနဲ့ ဒေါ့မွန်အသင်းတို့ကို သရေကစားပြီး မန်စီးတီးနဲ့ အက်သလက်တီကို အသင်းတို့ကို အနိုင်ရရှိကာ ပလေးအော့ဖ်အဆင့် ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။ 

ဘိုဒိုဂလင့်အသင်းဟာ ပလေးအော့ဖ်အဆင့် ပထမအကျော့မှာ အင်တာမီလန်အသင်းကို အနိုင်ရခဲ့တာကြောင့် ၁၆ သင်းအဆင့် တက်နိုင်ဖို့ မျှော်လင့်ချက် ရှိလာခဲ့ပါတယ်။ 

ဒီရာသီ နော်ဝေလိဂ် မစတင် ရသေးတာကြောင့်လည်း ဘိုဒိုဂလင့်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ တစ်ခုတည်းကို ပိုပြီးအာရုံစိုက်ခွင့် ရှိနေတာပါ။ 

အဲ့ဒါကြောင့် ဘိုဒိုဂလင့်အသင်းဟာ ဒီအချက်ကို အားသာချက်အဖြစ် အသုံးချခွင့် ရှိနေပါတယ်။ ဒါပေမယ့် ဆန်စီရို ကွင်းမှာ ကစားမယ့် ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်ဟာ ဘိုဒိုဂလင့်အသင်းအတွက် ခက်ခဲမှုတွေ အများကြီး ရှိနိုင်ပါတယ်။ 

ဘိုဒိုဂလင့်အသင်း နည်းပြက သူတို့ဟာ ဒုတိယအကျော့ပွဲမှာ ခံစစ်ကို ကောင်းမွန်စွာ ကစားပြီး တန်ပြန် တိုက်စစ် အတွက် အခွင့်အရေးတွေ ဖန်တီးပေးဖို့ လိုတယ်လို့ ပြောထားပါတယ်။ 

ဘိုဒိုဂလင့်အသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သူတို့ရဲ့ နောက်ထပ် ရည်မှန်းချက်ဖြစ်တဲ့ ၁၆ သင်းအဆင့်ကို တက်နိုင်ဖို့ အင်တာမီလန်အသင်းကို ကျော်ဖြတ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။