CNI International Article
၂၀၂၆ ခုနှစ်၊ မတ်လ ၇
ဖေဖော်ဝါရီ ၂၈ ရက်က အီရန်နိုင်ငံရှိ ပစ်မှတ်များကို အမေရိကန်နှင့် အစ္စရေးတို့က ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံး တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ (Ali Khamenei) သည် တိုက်ပွဲစတင်ခဲ့သည့် ပထမဆုံးနေ့မှာပင် သေဆုံးခဲ့သည်။
ထို့ပြင် နောက်ထပ်ရက်များတွင် ပြုလုပ်သည့် တိုက်ခိုက်မှုများအတွင်း အီရန်စစ်ဘက် ခေါင်းဆောင်ပိုင်းမှ အဓိက ကျသူ အများအပြားလည်း သေဆုံးခဲ့ကြောင်း အစ္စရေးဘက်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂ နှစ်အတွင်း အစ္စရေး၏ စစ်ဆင်ရေးများသည် အီရန်စစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိအချို့ကို သတ်ဖြတ်နိုင်ခဲ့ပြီးဖြစ်သလို တစ်ချိန်က အရှေ့အလယ်ပိုင်း တစ်ခွင်တွင် ကြောက်ရွံ့ခဲ့ရသော အီရန်၏ လက်အောက်ခံ အဖွဲ့အစည်းများကိုလည်း အင်အားချည့်နဲ့သွားစေခဲ့သည်။

အီရန် ဟော်မုဇ်ရေလက်ကြား တိုက်ပွဲကို ပြသထားစဉ်
အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် (Masoud Pezeshkian) ကမူ ၎င်းနှင့် တရားစီရင်ရေးဌာန အကြီးအကဲ၊ သြဇာ ကြီးမားသော အုပ်ထိန်းသူကောင်စီ (Guardian Council) မှ အဖွဲ့ဝင်တစ်ဦးတို့ ပါဝင်သည့် ဦးဆောင်မှု ကောင်စီ (Leadership Council) သည် အမြင့်ဆုံးခေါင်းဆောင် ခါမေနီ၏ တာဝန်များကို ယာယီလွှဲပြောင်း ရယူထားကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်နိုင်ငံအား ဖျက်ဆီးရန်နှင့် အစိတ်စိတ်အမွှာမွှာ ပြိုကွဲစေရန် ကြိုးပမ်း နေကြောင်း လုံခြုံရေးအကြီးအကဲ အလီ လာရီဂျာနီ (Ali Larijani) က စွပ်စွဲပြောဆိုခဲ့သည်။
ထို့ပြင် ခွဲထွက်ရေးအင်အားစုများ အနေဖြင့် တစ်စုံတစ်ရာ လုပ်ဆောင်ရန် ကြိုးပမ်းလာပါက ပြင်းထန်သော တုန့်ပြန်မှုများနှင့် ရင်ဆိုင်ရမည်ဟုလည်း လာရီဂျာနီက သတိပေးခဲ့သည်။
ခါမေနီ အသတ်ခံရပြီးနောက်တွင် အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် စစ်ရေးအရ အရေးယူ ဆောင်ရွက် မှုများသည် မကြာမီ ကာလအတွင်း အီရန်အစိုးရ အပြောင်းအလဲ ဖြစ်ပေါ်လာစေလိမ့်မည်ဟူသော ယူဆချက် အပေါ် အမေရိကန် အဆင့်မြင့်အရာရှိ အများအပြားက သံသယရှိနေဆဲဖြစ်သည်။
ခါမေနီ ချေမှုန်းခံရပြီးနောက် နောက်ဆက်တွဲ သက်ရောက်မှုများအပေါ် အမေရိကန် ထောက်လှမ်းရေးအဖွဲ့များ၏ ဆွေးနွေးချက်များသည် အစိုးရခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်၊ မဖြစ် ဆိုသည့် အချက်အတစ်ခုတည်းကိုသာ အာရုံစိုက် ဆွေးနွေးနေခြင်း မဟုတ်ပေ။

အီရန် ခေါင်းဆောင်မှုကို ပြသထားစဉ်
ခါမေနီ သေဆုံးသွားခြင်းသည် အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်ပြီး အမေရိကန်နှင့် ညှိနှိုင်းဆွေးနွေး မှုများ ပြုလုပ်ရာတွင် အီရန်ဘက်မှ မည်မျှအတိုင်းအတာအထိ လိုက်လျောမည်နည်း ဆိုသည့် အချက်နှင့် ပတ်သက်၍ ဇန်နဝါရီလကတည်းက အမေရိကန်၏ ဌာနပေါင်းစုံမှ အရာရှိများအကြား အကျေအလည် ဆွေးနွေး ငြင်းခုံမှုများ ရှိခဲ့သည်။
သို့သော် လက်ရှိအချိန်အထိ အများသဘောတူညီချက် မရရှိသေးကြောင်း အမေရိကန်အရာရှိ နှစ်ဦးက ပြောကြား ခဲ့သည်။
ထို့ပြင် ခါမေနီ သေဆုံးခြင်းသည် အီရန်နိုင်ငံကို ဒုံးကျည်၊ နျူကလီးယား အဆောက်အအုံများနှင့် စွမ်းဆောင် ရည်များကို ပြန်လည် တည်ဆောက်ခြင်းမှ မည်မျှ အတိုင်းအတာအထိ ဟန့်တားနိုင်မည်နည်း ဆိုသည့် အချက် ကိုလည်း အမေရိကန်အရာရှိများက ဆွေးနွေးခဲ့ကြကြောင်း အမည်မဖော်လိုသည့် အမေရိကန် အရာရှိများက ပြောကြားခဲ့သည်။
Source: ရိုက်တာ
