- By CNI
- Category: ဆောင်းပါး
- Hits: 1513
CNI Sport Article
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅
ပုံစံအသစ်နဲ့ ကျင်းပနေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ပွဲစဉ် ၃ အထိ ယှဉ်ပြိုင်ပြီးချိန်မှာ ရှုံးပွဲမရှိတဲ့ အသင်း အရေ အတွက်က ၁၀ သင်းသာရှိတော့တာ ဖြစ်ပါတယ်။
ဒီ ၁၀ သင်းထဲမှာ အင်္ဂလန်ကလပ် ၄ သင်းစလုံး ပါဝင်နေတာကြောင့် အင်္ဂလန်အသင်းတွေ အခြေအနေ ကောင်း နေတာကို မြင်တွေ့ခဲ့ရတာပါ။
ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို အင်္ဂလန်ကလပ်တွေဖြစ်တဲ့ မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးလ်နဲ့ အက်စတွန် ဗီလာအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာနဲ့ လီဗာပူးလ်အသင်းတို့ဟာ ၃ ပွဲ ကစားပြီးချိန်မှာ ရာနှုန်းပြည့် နိုင်ပွဲရရှိထားပြီး အမှတ်ပေးဇယား အဆင့် ၁ နဲ့ ၂ နေရာမှာ ရပ်တည်နေတာပါ။
မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ဟာ ၂ ပွဲနိုင် ၁ ပွဲသရေချင်း တူညီနေပေမယ့် ဂိုးကွာခြားချက်ကြောင့် မန်စီးတီး အသင်းက အဆင့် ၃ နဲ့ အာဆင်နယ်အသင်းက အဆင့် ၉ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ရှုံးပွဲမရှိသေးတဲ့ နောက်ထပ် ၆ သင်းကတော့ ပြင်သစ်ကလပ်တွေဖြစ်တဲ့ မိုနာကိုနဲ့ ဘရက်စ်အသင်း၊ ဂျာမန်ကလပ် လေဗာကူဆင်၊ အီတလီကလပ် အင်တာမီလန်နဲ့ အတ္တလန်တာ၊ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းတို့ ဖြစ်တာပါ။
အက်စတွန်ဗီလာအသင်းကို တွေ့ရစဉ်
အင်္ဂလန်ကလပ် အသင်းတွေဟာ ကစားပြီးတဲ့ ၃ ပွဲမှာ အသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့ဆုံတဲ့ပွဲတွေ ပါဝင်ခဲ့ပေ မယ့် ရလဒ်ကောင်းတွေကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ဒီ ၃ ပွဲမှာ ယန်းဘွိုင်းစ်၊ ဘိုင်ယန်မြူးနစ်၊ ဘိုလော့ဂ်နာ အသင်းတို့နဲ့ ကစားခဲ့ရပြီး ရာနှုန်းပြည့် နိုင်ပွဲနဲ့အတူ ပေးဂိုးခွင့်ပြုရခြင်း မရှိသေးတာပါ။
လီဗာပူးလ်အသင်းဟာ အေစီမီလန်၊ ဘိုလော့ဂ်နာ၊ လိုက်ပ်ဇစ်အသင်းတို့နဲ့ ကစားခဲ့တာမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ ပေးဂိုး ၁ ဂိုးသာ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။
မန်စီးတီးအသင်းက အင်တာမီလန်အသင်းနဲ့ သရေကျခဲ့ပြီး ဆလိုဗန်နဲ့ ဆပါတာအသင်းတို့ကို ဂိုးပြတ်အနိုင်ရကာ ပေးဂိုးခွင့်ပြုရခြင်း မရှိသေးတာပါ။
အာဆင်နယ်အသင်းဟာ အတ္တလန်တာအသင်းနဲ့ သရေကျခဲ့ပြီး ပီအက်စ်ဂျီ၊ ရှက်တာဒိုးနက်အသင်းတို့ကို အနိုင် ရရှိကာ ပေးဂိုးခွင့်ပြုရခြင်း မရှိသေးတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းကို တွေ့ရစဉ်
၃ ပွဲကစားပြီးချိန်မှာ အင်္ဂလန်ကလပ် အသင်းတွေရဲ့ရလဒ်နဲ့ စွမ်းဆောင်ရည်ဟာ အားရစရာကောင်းပြီး နောက် တစ်ဆင့် တက်နိုင်မယ့် အခွင့်အရေးအချို့ကို ပိုင်ဆိုင်ထားတာ တွေ့ခဲ့ရပါတယ်။
ပုံစံအသစ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ အသင်းတိုင်းဟာ အိမ်ကွင်း ၄ ပွဲ၊ အဝေးကွင်း ၄ ပွဲ ကစား ရမှာဖြစ်လို့ လက်ကျန်ပွဲစဉ် ၅ ပွဲကစားဖို့ ကျန်ရှိနေသေးတာပါ။
အဆင့် ၁ ကနေ ၈ အတွင်း ရပ်တည်တဲ့ အသင်း ၈ သင်းဟာ ၁၆ သင်းအဆင့်ကို အလိုအလျောက် တက်နိုင်မှာ ဖြစ်ပြီး အဆင့် ၉ ကနေ ၂၄ အတွင်းမှာ ရပ်တည်တဲ့ အသင်း ၁၆ သင်းဟာ ပလေးအော့ဖ် ကစားရမှာဖြစ်ပါတယ်။
အဆင့် ၂၅ ကနေ ၃၆ အထိ ရပ်တည်နေတဲ့ အသင်း ၁၂ သင်းကတော့ ပြိုင်ပွဲကနေ ထွက်ခွာရမှာပါ။ ပွဲစဉ် ၃ ပွဲအထိ ယှဉ်ပြိုင်ပြီး ဖြစ်တာကြောင့် ရလဒ်မကောင်းတဲ့ အသင်းတွေဟာ လာမယ့်ပွဲတွေမှာ ရလဒ်ကောင်းရယူဖို့ ကြိုးစားရ မှာဖြစ်သလို ရလဒ်ကောင်းတဲ့ အသင်းတွေက ဒီရလဒ်ကို ဆက်ထိန်းဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။
မန်စီးတီးအသင်းကို တွေ့ရစဉ်
အင်္ဂလန်ကလပ် အသင်းတွေအနေနဲ့ ဒီပုံစံကို ဆက်ထိန်းနိုင်ရင် ထိပ်ဆုံး ၈ သင်းထဲကို ဝင်ရောက်နိုင်ဖို့ အခွင့်အလမ်းများနေတာပါ။
အနည်းငယ် ခြေချော်ခဲ့ရင်တောင် နောက်တစ်ဆင့် တက်နိုင်မယ့် ပလေးအော့ဖ် အခွင့်အရေးကို ရယူနိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။
လာမယ့် ချန်ပီယံလိဂ်ပွဲစဉ် ၄ ဟာ အင်္ဂလန်ကလပ်တွေအတွက် စိန်ခေါ်မှု ဖြစ်လာဖို့ရှိနေပြီး ပွဲကြီးပွဲကောင်းတွေ ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။
ပွဲစဉ် ၄ မှာ လီဗာပူးလ်အသင်းက လေဗာကူဆင်အသင်း၊ မန်စီးတီးအသင်းက စပို့တင်းလစ္စဘွန်းအသင်း၊ အက်စတွန်ဗီလာအသင်းက ကလပ်ဘရုဂျ်အသင်းနဲ့ အာဆင်နယ်အသင်းက အင်တာမီလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ဒီပွဲတွေကို အင်္ဂလန်ကလပ်တွေ ကျော်ဖြတ်နိုင်ရင် နောက်တစ်ဆင့်တက်ဖို့ အခြေအနေ ကောင်းသွားနိုင်ပါတယ်။
အဲဒါကြောင့် ပုံစံအသစ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အခြေအနေ ကောင်းနေတဲ့ပုံစံကို အင်္ဂလန်ကလပ်တွေ ဆက်ပြီး ထိန်းထားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 782
CNI International Article
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅
ထိုင်းနှင့် တရုတ်အကြား ကာကွယ်ရေးကဏ္ဍ ဆက်ဆံရေးများသည် အရှေ့တောင်အာရှတွင် အောင်မြင်မှု မှတ်တိုင်အချို့ စိုက်ထူနိုင်ခဲ့သည့်အထိ ကောင်းမွန်ခဲ့သည်။
ထိုင်းသည် ၂၀၀၅ ခုနှစ်မှစပြီး ဒေသတွင်း တရုတ်နှင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည့် ပထမဆုံး အာဆီယံ နိုင်ငံဖြစ်သည်။
ထိုအချိန်မှစပြီး ၎င်းတို့၏ ပူးတွဲစစ်ရေး လေ့ကျင့်မှုများသည် ပိုမိုမြင့်တက်ပြီး ရှုပ်ထွေးလာခဲ့ကာ အထူးသဖြင့် ထိုင်းတွင် ၂၀၁၄ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းစစ်တပ်သည် အမေရိကန်၏ ဝေဖန်မှုကို တန်ပြန်နိုင်ရန် တရုတ်နှင့် ဆက်ဆံရေး နီးစပ်စေရန် ကြိုးစားခဲ့သည်။
ယခုအခါတွင် ထိုင်းသည် Exercise Blue Strike အမည်ရှိ ရေတပ်စစ်ရေးလေ့ကျင့်မှု၊ Exercise Falcon Strike အမည်ရှိ လေတပ်စစ်ရေးလေ့ကျင့်မှုတို့ အပါအဝင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ ကြည်း၊ ရေ၊ လေတပ်ဖွဲ့များနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။
အောက်တိုဘာ ၁၆ ရက်မှစပြီး တရုတ်နှင့်ထိုင်းသည် ယူနန် (Yunnan) ပြည်နယ်၊ ကူမင်း (Kunming) မြို့တွင် ပူးတွဲ အကြမ်းဖက်မှု နှိမ်နင်းရေး စစ်ရေးလေ့ကျင့်မှုကို စတင်ပြုလုပ်ခဲ့သည်။
တရုတ်နိုင်ငံပိုင် CCTV ရုပ်သံက ထုတ်လွှင့်သည့် ဗွီဒီယိုမှတ်တမ်းများတွင် နှစ်နိုင်ငံစစ်သားများသည် မြို့ပြစစ်ဆင် ရေး စစ်ရေးလေ့ကျင့်မှု၊ ပရော်ဖက်ရှင်နယ်ဆန်ဆန် လက်နက်များ ဖလှယ်မှုနှင့် ထိုင်းစစ်သားများက တရုတ်လုပ် QBZ-95-1 ချေမှုန်းရေးရိုင်ဖယ်များကို အသုံးပြုမှု အစရှိသည့် မြင်ကွင်းများကို ဖော်ပြခဲ့သည်။
အပေါ်ယံကြည့်မည်ဆိုပါက ထိုစစ်ရေး လေ့ကျင့်မှုများသည် ၂၀၀၅ ခုနှစ်ကတည်းက စတင်ခဲ့သည့် လုပ်ရိုးလုပ်စဉ် စစ်ရေးလေ့ကျင့်မှုများအဖြစ် မြင်တွေ့ရမည်ဖြစ်သည်။
ယခုနှစ်တွင် ပြုလုပ်ခဲ့သည့် Strike-2024 အမည်ရှိ စစ်ရေး လေ့ကျင့်မှုမှာမူ ကွဲပြားမှုများ ရှိ/မရှိ လေ့လာသုံးသပ် ရမည်ဖြစ်သည်။
တရုတ်ထုတ် စစ်ဘက်သုံး ဒရုန်းကို တွေ့ရစဉ်
Strike-2024 စစ်ရေးလေ့ကျင့်မှုတွင် အသိသာဆုံးအချက်မှာ ဒရုန်းများကို စစ်ရေးလေ့ကျင့်မှုအတွင်း အသုံးပြုခဲ့ ခြင်းဖြစ်သည်။
ထိုင်းသည် မြန်မာနယ်စပ်ကို ကင်းလှည့်ရန်အတွက် စစ်ဘက်သုံးဒရုန်းများကို ဝယ်ယူရရှိရန် ကြိုးပမ်းနေသည်။
တရုတ်အတွက်မူ စစ်ဘက်သုံးဒရုန်းများကို စစ်ရေးလေ့ကျင့်မှုများနှင့် ပေါင်းစပ်ခြင်းသည် လက်နက်ရောင်းချမှုကို ချဲ့ထွင်ရန်နှင့် အာဆီယံတွင် တရုတ်၏ ကာကွယ်ရေးကဏ္ဍ ဆက်ဆံရေးများကို တိုးမြှင့်ရန် ရည်ရွယ်ခြင်းဖြစ် သည်။
တရုတ်-မြန်မာ နယ်စပ်အနီးတွင် ပြုလုပ်ခဲ့သည့် Strike-2024 စစ်ရေးလေ့ကျင့်မှုများသည် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ လူမှောင်ခိုကူးမှုများ၊ လက်နက်မှောင်ခိုကူးမှုများကို နှိမ်နင်းရန် အပါအဝင် ဒေသတွင်း တည်ငြိမ် ရေးကို ခြိမ်းခြောက်နိုင်သည့် ပုံမှန်မဟုတ်သော ခြိမ်းခြောက်မှုများကို နှိမ်နင်းရန် အထူးသဖြင့် ကြမ်းတမ်းခက်ခဲ သည့် တောင်တန်းဒေသများတွင် ထိုင်းနှင့် တရုတ်စစ်သားများအတွက် သတင်းအချက်အလက်များကို ဖလှယ်ရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တရုတ်နှင့် ထိုင်းသည် နယ်စပ်ချင်း ထိစပ်နေခြင်း မရှိသည့်တိုင် ဒေသတွင်း လုံခြုံရေးခြိမ်းခြောက်မှုများကို မျှဝေဖြေရှင်းရန် နီးစပ်သည့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းထားသည်။
ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှု၏ သမိုင်းဝင်ဥပမာတစ်ခုမှာ ၁၉၇၀ ပြည့်နှစ်နှောင်းပိုင်းမှ ၁၉၈၀ ပြည့်နှစ်အထိ ကမ္ဘောဒီးယားကို ဗီယက်နမ်က ကျူးကျော်ဝင်ရောက်မှုကို တရုတ်နှင့် ထိုင်းတို့က တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုအချိန်က ထိုင်းသည် ကွန်မြူနစ်ဝါဒ ပျံ့နှံ့လာမည့် အရေးကို စိုးရိမ်ခဲ့ပြီး ကမ္ဘောဒီးယားနှင့် ထိုင်းနယ်စပ် တစ်လျှောက်တွင် ဗီယက်နမ်တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
တစ်ဖက်တွင်လည်း တရုတ်က ဗီယက်နမ်ကို ဆိုဗီယက်၏ အသုံးချခံအဖြစ်ရှုမြင်ခဲ့သည်။
ထို့ကြောင့် တရုတ်နှင့် ထိုင်းသည် ၎င်းတို့၏ မဟာဗျူဟာမြောက် အကျိုးစီးပွားများအတွက် မဟာမိတ်ဖွဲ့ကာ ဗီယက်နမ်တပ်ဖွဲ့များကို ခုခံတော်လှန်နေသည့် ကမ္ဘောဒီးယား တပ်ဖွဲ့များကို လက်နက်များ ထောက်ပံ့ပေးခဲ့သည်။
မြန်မာ၊ ထိုင်း၊ တရုတ်၊ လာအို နိုင်ငံခြားရေးဝန်ကြီးများကို တွေ့ရစဉ်
မျက်မှောက်ခေတ် ကာလတွင်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကြောင့် တရုတ်နှင့်ထိုင်းကို နောက်တစ်ကြိမ် ပိုမိုနီးစပ်သွားစေခဲ့သည်။
နှစ်နိုင်ငံစလုံးသည် တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်သူများအရေး၊ လူများနှင့် လက်နက်များ မှောင်ခိုကူးမှုကဲ့သို့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ အပါအဝင် မြန်မာပဋိပက္ခ၏ အကျိုးသက်ရောက်မှုများနှင့် ရင်ဆိုင်နေရသည်။
ထိုအခြေအနေများကြောင့် ထိုင်းနှင့်တရုတ်သည် မြန်မာနှင့်ထိစပ်နေသည့် ၎င်းတို့၏ နယ်စပ်ဒေသများတွင် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံအတွက်မူ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အသုံးပြုနေသည့် ဒရုန်းများ သည် ထိုင်းနယ်စပ်၏ လုံခြုံရေးအတွက် ကြီးမားသည့် လုံခြုံရေးစိုးရိမ်စရာကိစ္စအဖြစ် သတ်မှတ်ထားသည်။
ဒရုန်းများသည် လေယာဉ်များကို ထောက်လှမ်းသည့် ပုံမှန်ရေဒါစနစ်များကို ရှောင်တိမ်းနိုင်စွမ်းရှိပြီး ထိုဒရုန်းများ ကိုပစ်ချရန် ဒုံးကျည်စနစ်များ အသုံးပြုရမည်ဖြစ်သဖြင့် ထိုင်းစစ်တပ်အတွက် အကုန်အကျများ လိမ့်မည်ဖြစ် သည်။
ထို့ပြင် ကီလိုမီတာ ၂၀၀၀ အရှည်အထိ ထိစပ်နေသည့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် လူအင်အားဖြင့် ကင်းလှည့်ခြင်းသည် အလွန်ကြီးမားသည့် စိန်ခေါ်မှုဖြစ်သည်။
ထိုပြဿနာများကို ဖြေရှင်းရန် ထိုင်းနိုင်ငံ၏ ၂၀၂၄ ခုနှစ် ကာကွယ်ရေး စက္ကူဖြူစာတမ်းတွင် ထိုင်းစစ်တပ်သည် နယ်စပ်ဒေသလုံခြုံရေးအတွက် စစ်ဘက်သုံးဒရုန်းများကို ရရှိပိုင်ဆိုင်ရန်နှင့် ဒရုန်းဖျက်သည့် စွမ်းဆောင်ရည်များ ကို တိုးမြှင့်မည့် အစီအစဉ်များကို အလေးထားဖော်ပြခဲ့သည်။
တရုတ်ထုတ် စစ်ဘက်သုံး ဒရုန်းကို တွေ့ရစဉ်
ထိုသို့ လုပ်ဆောင်ရာတွင် Predator နှင့် Reaper တို့ကဲ့သို့ အမေရိကန်လုပ် အကြီးစားဒရုန်းများသည် ထိုင်း အတွက် အလွန်ငွေကုန်ကြေးကျ များလိမ့်မည်ဖြစ်သည်။
ထို့ကြောင့် ထိုင်းတော်ဝင်တပ်မတော် (RTA) သည် ၂၀၂၃ ခုနှစ်က တရုတ်၏ Norinco Sky Saker FX80 ဒရုန်း များကို ဝယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့ပြီး ကင်းထောက်လှမ်းရေးနှင့် စောင့်ကြည့်ရေး စွမ်းဆောင်ရည်များကို တိုးမြှင့် ခဲ့သည်။
Strike-2024 စစ်ရေးလေ့ကျင့်မှုများအတွင်း ထိုင်းစစ်သားများသည် တရုတ်လုပ်ဒရုန်းများကို အသုံးပြုသည့် တန်ဖိုးရှိသည့် အတွေ့အကြုံများကို ရရှိခဲ့သည်။
ထိုစစ်ရေးလေ့ကျင့်မှုသည် နည်းပညာများ ဖလှယ်မှုအပြင် PLA နှင့် RTA တို့အတွက် မြန်မာနိုင်ငံမှ ထွက်ပေါ်လာ သည့် ပုံမှန်မဟုတ်သည့် လုံခြုံရေးခြိမ်းခြောက်မှုများကို ဖြေရှင်းရာတွင် ၎င်းတို့၏ နည်းဗျူဟာများကို ဆန်းသစ် တီထွင်နိုင်သည့် အခွင့်အရေးကို ရရှိခဲ့သည်။
တရုတ်အတွက်မူ ထိုင်းနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခြင်းဖြင့် အရှေ့တောင်အာရှတွင် ကာကွယ်ရေး ကဏ္ဍ ဆက်ဆံမှုများကို မြှင့်တင်ရန်နှင့် တရုတ်လုပ်လက်နက်များ ရောင်းချမှုကို မြှင့်တင်ရန် အခွင့်အလမ်းကို ရရှိခဲ့သည်။
ထိုစစ်ရေး လေ့ကျင့်မှုများကြောင့် တရုတ်သည် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ နည်းပညာများ၏ အကျိုးထိရောက်မှု ကို ပြသခွင့်ရရှိခဲ့ပြီး ထိုင်းကဲ့သို့ အခြားနိုင်ငံများကို လက်နက်များ ရောင်းချခွင့်ရရှိရန် မျှော်မှန်းနိုင်ခဲ့သည်။
ထိုင်နိုင်ငံအတွက်လည်း ထိုစစ်ရေးလေ့ကျင့်မှုများမှ ကြီးမားသည့် အကျိုးကျေးဇူးများ ရရှိခဲ့သည်။
အစဉ်အလာအားဖြင့် အမေရိကန်၏ မဟာမိတ်ဖြစ်သည့် ထိုင်းသည် အမေရိကန်ထံမှ စစ်လက်နက်ပစ္စည်းများ ကိုသာ မှီခိုအားထားနေရသည်။
မည်သို့ပင်ဆိုစေ တရုတ်က ထိုင်းကို လက်နက်များ ရောင်းချမှု မြင့်တက်လာခြင်းသည် ဒေသတွင်း အမေရိကန်၏ လွှမ်းမိုးမှုကို ချိန်ခွင်လျှာညှိမည့် မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။
စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု (SIPRI) ၏ အဆိုအရ ယခုအခါတွင် လက်နက် ငယ်များ၊ တင့်ကားများ၊ ကျည်ကာကားများနှင့် ရေငုပ်သင်္ဘောများ အပါအဝင် ထိုင်းနိုင်ငံ၏ စစ်ဘက်သုံးပစ္စည်း များ ဝယ်ယူတင်သွင်းမှု စုစုပေါင်း၏ ၄၄ ရာခိုင်နှုန်းသည် တရုတ်၏ စစ်ဘက်သုံးပစ္စည်းများဖြစ်သည်ဟု ဖော်ပြ ထားသည်။
တရုတ်၏ နည်းပညာများအပေါ် ထိုင်း၏ မှီခိုအားထားမှု မြင့်တက်လာသည်နှင့်အမျှ တရုတ်-အမေရိကန် အားပြိုင်မှုတွင် ထိုင်းကို ကြားနေအဖြစ် ရပ်တည်ရန် တရုတ်က ထိုင်းအပေါ် ဖိအားပေးနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ခြုံငုံသုံးသပ်ရမည်ဆိုပါက Strike-2024 စစ်ရေးလေ့ကျင့်မှုများသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်၏ ဂယက်ရိုက်ခတ်မှုများကို ဖြေရှင်းရန် အဓိကထား ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ယူဆနိုင်သည်။
ထိုင်း-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်နေစဉ်
မြန်မာ့အရေးသည် တရုတ်နှင့် ထိုင်းအတွင်း စိုးရိမ်မှုများနှင့် စိန်ခေါ်မှုများ ရှိနေသဖြင့် ထိုစစ်ရေးလေ့ကျင့်မှုသည် ၎င်းတို့ ၂ နိုင်ငံအကြား တစ်ဦး၏ နည်းဗျူဟာကို တစ်ဦးက လေ့လာခွင့်ရရှိစေသည့် အခွင့်အလမ်းကို ပေါ်ပေါက် စေခဲ့သည်။
ထို့ပြင် ထိုင်းသည် မြန်မာနယ်စပ်တစ်လျှောက် လုံခြုံရေးကို တိုးမြှင့်ရန် ဒရုန်းများဝယ်ယူဖို့ ကြိုးပမ်းနေချိန်တွင် ထိုစစ်ရေးလေ့ကျင့်မှုသည် တရုတ်အတွက် စစ်ဘက်ဆိုင်ရာ နည်းပညာများကို ထိုင်းအားပြသခွင့် ရရှိခဲ့ခြင်းဖြစ် သည်။
တရုတ်နှင့် ကမ္ဘောဒီးယားနိုင်ငံအကြား ပြုလုပ်သည့် 2024 Cambodia-China Dragon Gold စစ်ရေးလေ့ကျင့်မှု များတွင်လည်း တရုတ်သည် ၎င်းတို့၏ ဒရုန်းစွမ်းဆောင်ရည်များကို ပြသခဲ့ပြီးနောက် ယခုအကြိမ်တွင် ထိုင်းနှင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တရုတ်အနေဖြင့် ၎င်း၏ လက်နက်များ ရောင်းချမှုကို ချဲ့ထွင်ရန် အရှေ့တောင်အာရှနိုင်ငံများနှင့် စစ်ရေးလေ့ကျင့် မှုများပြုလုပ်ပြီး ခေတ်မီ ဒရုန်းများ၏ စွမ်းဆောင်ရည်ကို ဆက်လက် ပြသဖွယ်ရှိသည်။
မည်သို့ပင်ဆိုစေ တရုတ်နှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည့်တိုင် ထိုင်းသည် ၎င်း၏ မဟာမိတ် အမေရိကန် အပါအဝင် အင်အားကြီး နိုင်ငံအားလုံးနှင့် ဆက်ဆံရေးကို ထိန်းသိမ်းရန် ရည်ရွယ်ထား သဖြင့် တရုတ်၏ လက်နက်များကို အထိန်းအကွပ်ဖြင့် ဝယ်ယူလိမ့်မည်ဟု ယူဆရသည်။
Source: The Diplomat

- By CNI
- Category: ဆောင်းပါး
- Hits: 970
CNI Article
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅
အိန္ဒိယနိုင်ငံသည် ဗြိတိသျှကိုလိုနီ အုပ်ချုပ်မှုအောက်ကနေ ၁၉၄၇ ခုနှစ်၊ သြဂုတ် ၁၅ ရက်တွင် လွတ်လပ်ရေး ရယူခဲ့ပြီး ၃ နှစ် ဒိုမီနီယံအဖြစ် နေထိုင်ကာ ၁၉၅၀ ပြည့်နှစ်၊ ဇန်နဝါရီ ၂၆ ရက်တွင် ၂ နှစ်နီးပါးကြား ရေးဆွဲခဲ့သော အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီးမြောက်ကာ ကျင့်သုံးခဲ့သည့်အခါမှာတော့ အိန္ဒိယနိုင်ငံသည် သီးခြား လွတ်လပ်သော နိုင်ငံဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံသည်လည်း ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ဗြတိသျှကိုလိုနီ အုပ်ချုပ်မှုအောက်ကနေ လွတ်လပ်ရေး ရယူခဲ့သည်။
ထို့ကြောင့် အိန္ဒိယနှင့် မြန်မာသည် သမိုင်းအရ တချို့ အစိတ်အပိုင်းများနှင့် အခြေအနေများသည် တူညီမှုများ ရှိသလို လူမျိုးများသည်လည်း ရောယှက်နေထိုင်လျက်ရှိနေသည်။
ဥပမာ- ကသည်း၊ နာဂ၊ ရှမ်း၊ ချင်း စသည့် တိုင်းရင်းသား လူမျိုးများသည် အိန္ဒိယနိုင်ငံမှာရော၊ မြန်မာနိုင်ငံမှာရော နေထိုင်လျက်ရှိသလို နာဂလန်း၊ မဏိပူရ်၊ မီဇိုရမ်၊ အာရုနာချာပရာဒေ့ရှ်ပြည်နယ်များသည်(အရင်က အာသံ ပြည်နယ်နှင့် မဏိပူရ်ပြည်နယ်သာရှိခဲ့) မြန်မာဘုရင်၏ လက်အောက်မှာလည်း ရှိခဲ့ဖူးသည်။ ယခုအခါမှာတော့ အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်းဖြစ်သည်။
အလားတူ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသော ဥပဒေအများစုသည် အိန္ဒိယနိုင်ငံက ပြဋ္ဌာန်းထားသည့် ဥပဒေများ ကနေ ဆင်းသက်လာသည်ဟုလည်း ဆိုကြခြင်းကြောင့် အိန္ဒိယနှင့်မြန်မာသည် သမိုင်းကြောင်းအရ တူညီမှု တချို့ ရှိသည်ဟု ဆိုကြခြင်း ဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းသားအရေး ဖြေရှင်းရန်အတွက် အိန္ဒိယနိုင်ငံ ကို ဥပမာထား လေ့လာ၍ ဖြေရှင်းရန် ကြိုးပမ်းနေသလို တပ်မတော်အကြီးအကဲများသည်ပင် အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်ကို လေ့လာကာ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သင့်သည်ဟု ပြောဆိုလာခဲ့ သည်။
ဤသို့သော အခြေအနေအရ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံရေးစနစ်များကို လေ့လာရန် လိုအပ် လာခြင်းကြောင့် မိမိအနေဖြင့် အိန္ဒိယနိုင်ငံသို့ ရောက်ရှိစဉ်က လေ့လာခဲ့ရသော အခြေအနေများကို ပြန်လည် မျှဝေလိုသည်။
အိန္ဒိယနိုင်ငံကို ၂၀၁၈ ခုနှစ်၊ မေလက သွားရောက်ခဲ့ပြီး တစ်ပတ်ကျော်လောက် နေထိုင်ကာ အိန္ဒိယနိုင်ငံ၏ နိုင်ငံရေး အခြေအနေများနှင့် တိုင်းရင်းသား အခွင့်အရေးများ ဖော်ဆောင်ပေးထားသော အခြေအနေများကို လေ့လာခွင့်ရခဲ့သည်။
အိန္ဒိယနိုင်ငံသို့ ရောက်သည့် အခါမှာတော့ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုင်းရင်းသား အခွင့်အရေး များ ပေးထားချက်များကို လေ့လာခွင့် ရရှိခဲ့သည်။
ထိုလေ့လာမှုများကို နယူးဒေလီမြို့ အပါအဝင် ကသည်း-အာသံ-နာဂ လက်နက်ကိုင်များ လှုပ်ရှားသည့် မဏိပူရ် ပြည်နယ်၊ အင်ဖာနှင့် မိုရေးမြို့များတွင် နေထိုင်ကာ လေ့လာခဲ့ရသည်။
ကသည်း ဘုရင်နဲ့စစ်သူကြီးများကို ပြတိုက်အတွင်းမှာတွေ့ရစဉ်
အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုပေါင်းစုံဝါဒ
***********************************
အိန္ဒိယနိုင်ငံသည် ပြည်ထောင်စုနယ်မြေ ၇ ခု၊ ပြည်နယ် ၂၈ ပြည်နယ်ရှိသည့်အနက် လူမျိုးစုပေါင်း ၂၀၀ ဝန်းကျင် စုပေါင်းနေထိုင်သော နိုင်ငံကြီး တစ်ခုဖြစ်သည်။
အလားတူ ဘာသာပေါင်းစုံနှင့် ဘာသာစကားပေါင်းစုံ ဖြစ်သည့်အတွက် အရောင်အသွေး စုံလင်လှသည်။ ဘာသာ စကားများကလည်း အများအပြား ပြောဆိုကြသည်။
ရုံးသုံးဘာသာကိုတော့ ဟိန္ဒူနှင့် အင်္ဂလိပ် ဘာသာစကားတို့ကို ပြဋ္ဌာန်း သတ်မှတ်ထားပြီး အမျိုးသား လက္ခဏာ ဖြင့် ဖွဲ့စည်းထားသည့် ပြည်နယ်များတွင်မူ ပြည်နယ်အတွင်းရှိ လူမျိုးစုများ၏ ဘာသာစကားကိုလည်း ဟိန္ဒူ-အင်္ဂလိပ် ဘာသာစကားတို့ဖြင့် တွဲဖက်ကာ ရုံးသုံး ဘာသာစကား အနေဖြင့် သုံးစွဲခွင့် ပြုထားသည်။
ဥပမာ နာဂလန်းပြည်နယ်ဆိုလျှင် ဟိန္ဒူ၊ အင်္ဂလိပ်၊ နာဂ ဘာသာစကား သုံးမျိုးကို ရုံးသုံးအဖြစ် သတ်မှတ်ပြီး မဏိပူရ်ပြည်နယ်တွင် ဟိန္ဒူ၊ အင်္ဂလိပ်၊ ကသည်း ဘာသာစကားတို့အား ရုံးသုံးအဖြစ် သတ်မှတ်ကာဆောင် ရွက်ကြသည်။
ထို့ကြောင့် အိန္ဒိယနိုင်ငံတွင် ရုံးသုံး ဘာသာစကားအဖြစ် ဟိန္ဒူ၊ အင်္ဂလိပ် (အဓိက ဘာသာစကား) အပါ ဘာသာ စကား ၁၄ မျိုး ပြဋ္ဌာန်းထားကြောင်း သိရသည်။
ထို့နောက် တိုင်းရင်းသား မျိုးနွယ်စုများ၏ အထင်ကရ အဆောက်အအုံများ၊ ရုပ်တုများ၊ သက်မဲ့ အရာဝတ္ထုများ ကိုလည်း သက်ဆိုင်ရာ မျိုးနွယ်စုများအား ထိန်းသိမ်းစောင့်ရှောက်ခွင့် ပြုပေးထားသည်။
မဏိပူရ်ပြည်နယ် အင်ဖာမြို့တွင် ကသည်းဘုရင် HIJAGANG ၏ နန်းတော်ဟောင်း(ကန်ဂလာခံတပ်)နှင့် ကသည်း စစ်သူကြီး PRONA BRAJABASI ကို ဂုဏ်ပြုထားသော စစ်သမိုင်းပြတိုက်များကို ကသည်းလူမျိုးများအား စောင့်ရှောက်ခွင့် ပေးထားသည်။
သို့သော် ယနေ့ချိန်ထိ အိန္ဒိယနိုင်ငံတွင် ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားဆက်ဆံသည့် အခြေအနေကို မဖြေရှင်း နိုင်သေးသလို ဟိန္ဒူနှင့် အစ္စလာမ်ကြား စည်းလုံးညီညွတ်ရေးကိုလည်း မတည်ဆောက်နိုင်သေး သည်ကိုလည်း တွေ့ရပြန်သည်။
မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုပေါင်းစုံဝါဒ
*************************************
မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) နိုင်ငံတော်အခြေခံမူများ ပုဒ်မ (၃) နိုင်ငံတော်သည် တိုင်းရင်းသား လူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသော နိုင်ငံဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။
ပုဒ်မ (၂၁) နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် တန်းတူညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှု အခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတို့ ခံစားခွင့်ရှိသည်ဟု ဆိုထားသည်။
ထို့နောက် ပုဒ်မ ၂၂ (က)နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုး တိုးတက်စေရန် ကူညီဆောင်ရွက်မည်၊ (ခ) တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည် လေးစား ရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်ဟုလည်း ဆိုထားသည်။
ထို့ပြင် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်များ လက်မှတ်ထိုးထားသည့် တစ်နိုင်ငံလုံး အပစ်အခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)၏ အခန်း(၁) အပိုဒ်-၁ (စ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးများ၏ နောက်ခံသမိုင်း၊ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာ စကားနှင့် အမျိုးသား လက္ခဏာများ မတူကွဲပြားမှုကို လက်ခံ အသိအမှတ်ပြု၍ လူမျိုးပေါင်းစုံ၊ ဘာသာစကား ပေါင်းစုံတို့ဖြင့် ပြည်ထောင်စု လက္ခဏာ တစ်ရပ်ကို နိုင်ငံသားအားလုံး စုပေါင်းဖော်ဆောင်ရန်ဟု သဘောတူညီ ထားသည်။
သို့သော် ၂၀၂၀ ခုနှစ်၊ သြဂုတ် ၁၉ ရက်မှ ၂၁ ရက်ထိ ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ အစည်းအဝေးတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၏ ဥက္ကဋ္ဌလည်းဖြစ် (NCA)ထိုး ထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ရှမ်းတိုင်းရင်းသားသည် မိန့်ခွန်းပြောရာမှာ မိခင် ရှမ်းဘာသာစကားဖြင့် ပြောလိုသည့်တိုင် အစိုးရဘက်က ခွင့်မပြုခဲ့ဘဲ ဗမာစကားဖြင့်သာ မိန့်ခွန်းပြောခဲ့ရသည်။
ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များဖြင့် ကွဲလွဲနေသကဲ့သို့ အစိုးရ၊ တပ်မတော်၊ လက်နက် ကိုင်များ သဘောတူ လက်မှတ်ထိုးထားသည့် NCA စာချုပ်ပါ သဘောတူညီချက်များဖြင့်လည်း ကွဲလွဲနေသည်။
မဏိပူရပြည်နယ်က အာဇာနည်ဗိမာန်မှာ ကသည်းစကား၊ အင်္ဂလိပ်စကား၊ ဟိန္ဒိူစကားတို့ကို ရေးသားထားစဉ်
အိန္ဒိယ၏ တည်ငြိမ်မှု ဆောင်ရွက်ပုံ
*********************************
အိန္ဒိယနိုင်ငံသည် နာဂလန်းပြည်နယ်၊ မဏိပူရ်ပြည်နယ်၊ အာသံပြည်နယ်၊ အရုနာချာပရာဒေ့ရှ်ပြည်နယ်၊ မီဇိုရမ် ပြည်နယ်တို့ ပါဝင်သည့် အရှေ့မြောက်ပြည်နယ် (၇)ခုတွင် ကသည်း၊ နာဂ၊ အာသံ ၊ ဘိုဒိုလန် လက်နက်ကိုင် အဖွဲ့ များ၏ ခွဲထွက်ရေး လှုပ်ရှားမှုများဖြင့် ရင်ဆိုင်နေရသည်။
အလားတူ ကက်ရှ်မီးယားပြည်နယ်၊ ပန်ဂျပ်ပြည်နယ်တို့တွင်လည်း ဆစ်လူမျိုးများနှင့် မူဆလင် လက်နက်ကိုင် များ၏ ခွဲထွက်ရေး ကြိုးပမ်းမှုများဖြင့် ရင်ဆိုင်နေရသည်။
အဆိုပါ ခွဲထွက်ရေး ကြိုးပမ်းမှုများကို အိန္ဒိယနိုင်ငံသည် အာသံ ရိုင်ဖက်တပ်၊ အထူးတပ်၊ ရဲ၊ အထူးရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်များဖြင့် တည်ငြိမ်အေးကို ဆောင်ရွက်လျက်ရှိသည်။
မဏိပူရ်ပြည်နယ် ၊ အင်ဖာမြို့ အတွင်းမှာဆိုရင် အာသံရိုင်ဖယ်တပ်၊ အထူးတပ်၊ ရဲ၊ အထူးရဲတပ်ဖွဲ့များသည် ၂၄ နာရီ လုံခြုံရေးသတိဖြင့် ဆောင်ရွက် လျက်ရှိသလို တချို့က ကားဖြင့် မြို့တွင်းပတ်ကာ လုံခြုံရေး ဆောင်ရွက် လျက်ရှိသည်။
တဖက်မှာလည်း လက်နက်ကိုင်များဖြင့် အိန္ဒိယအစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးလျက်ရှိသည်။
နာဂလက်နက်ကိုင် ၅ ဖွဲ့နှင့် အိန္ဒိယအစိုးရက ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်လျက်ရှိပြီး အထူးသဖြင့် အိုက်ဇက်-ဗွီးဗာတို့ ဦးဆောင်သည့် NSCN-IM နှင့် ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်မှုကို ပိုမိုအာရုံစိုက် ဆောင်ရွက်နေသည်ကို တွေ့ရသည်။
ဤသို့ ငြိမ်းချမ်းရေးကို တစ်ဖက်မှာ ဆောင်ရွက်နေသကဲ့သို့ တဖက်မှာလည်း မြို့တွင်းနှင့် ပြည်နယ် လုံခြုံရေးကို အထက်ပါအတိုင်း ဆောင်ရွက်လျက်ရှိသလို ဘဏ်များ ဓားပြမတိုက်ခံရအောင် ဘဏ်လုံခြုံရေးများကို သေနတ် များ ကိုင်ဆောင်ခွင့် ပြုထားသည်ကိုလည်း တွေ့ရသည်။
ထို့နောက် ဗဟိုအစိုးရကို တော်လှန်တိုက်ခိုက်နေသော လူမျိုးစု လက်နက်ကိုင်အဖွဲ့များ၏ မျိုးနွယ်တူ လူမျိုးများ ကို အစိုးရအဖွဲ့ထဲမှာ ရာထူးကြီးကြီးများပေးကာ တန်တူးရေးကို ဖော်ဆောင်ပေးထားခြင်းဖြင့် တည်ငြိမ်ရေးကို ဆောင်ရွက်ထားသလို လက်နက်ကိုင် တိုက်ခိုက်နေသော မျိုးနွယ်တူသူများကို ပြည်နယ်တွင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ပေး၍လည်း အချင်းချင်း ပြန်လည်ထိန်းကြောင်းစေခိုင်းကာ တည်ငြိမ်အေးကို ဆောင်ရွက်ထားသည်ကို တွေ့ရသည်။
အိန္ဒိယ လက်နက်ကိုင်တပ်ဖွဲ့များကို ဘယ်လိုထိန်းထားလဲ
***************************************************
အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လက်နက်ကိုင်တပ်ဖွဲ့များ၏ ကာကွယ်ရေးဦးစီးချုပ်သည် သမ္မတဖြစ် သည်။ သို့သော်လည်း ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် ကမ်းခြေစောင့်တပ်များကိုမူ ကာကွယ်ရေးဝန်ကြီးဌာန က စီမံခန့်ခွဲကြောင်း သိရသည်။
ထို့ပြင် လက်နက်ကိုင်ရဲတပ်ဖွဲ့များ၊ တပ်မတော်အရန်တပ်ဖွဲ့များ၊ ဗဟိုလက်နက်ကိုင်ရဲတပ်ဖွဲ့များ၊ အခြား အထူး တပ် တချို့ကို ပြည်ထဲရေးဝန်ကြီးဌာနက ထိန်းချုပ်ကွပ်ကဲလေ့ရှိသလို တချို့သော အထူးတပ်ဖွဲ့များကိုမူ နိုင်ငံခြား ရေးဝန်ကြီးဌာန လက်အောက်ရှိ ထောက်လှမ်းရေးဌာနအောက်တွင် ထားရှိကြောင်း သိရသည်။
နယ်စပ်လုံခြုံရေးတပ်ဖွဲ့(BSF)၊ ဗဟိုစက်မှုလုပ်ငန်း လုံခြုံရေးတပ်ဖွဲ့(CIF)၊ ဗဟိုအရန်ရဲတပ်ဖွဲ့(CRPF)၊ အိန္ဒိယ-တိဘက်နယ်စပ်ရဲ(ITBP)၊ အမျိုးသားလုံခြုံရေးအစောင့်တပ်(NSG)၊ နယ်စပ်ထောက်လှမ်းရေးတပ်( SSB)၊ အမျိုးသားသဘာဝဘေးအန္တရာယ် တုန့်ပြန်မှုတပ်ဖွဲ့(NDRF)၊ အမြန်လှုပ်ရှားတပ်ဖွဲ့(RAF)၊ မဆုတ်မနစ် အရေးယူ ပေးသော ကွန်မန်ဒိုတပ်ရင်း(COBRA) စသည့် လက်နက်ကိုင်တပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသော ဗဟို လက်နက်ကိုင် ရဲတပ်ဖွဲ့များ(Central Armed Police Forces)ကို ပြည်ထဲရေးဝန်ကြီးဌာန အောက်မှာထားသည်။
တခြားသော အသေးစိတ်များကိုတော့ ဒေါက်တာဆလိုင်းငွေကျုံးလျန်ရေးသည့် ဖက်ဒရယ်နိုင်ငံ(၅) နိုင်ငံ၏ လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ အခြေခံဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်နှင့် အာဏာများကို နှိုင်းယှဉ်သုံးသပ်ခြင်းနှင့် ထည့်သွင်းစဉ်းစားစရာများ စာအုပ်ကို ဖတ်ကြည့်ပါ။
ကသည်းစစ်သူကြီးရဲ့ သမိုင်းပြတိုက်အဝင် မုခ်ဦးကိုတွေ့ရစဉ်
မြန်မာနိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့များကို ဘယ်လိုထိန်းထားလဲ
**********************************************************
မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀ (ခ) တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်၊ (ဂ)တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင် တပ်ဖွဲ့ အားလုံး၏ အကြီးအကဲ ဖြစ်သည်ဟု ဆိုထားသည်။
အလားတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့ကို ခန့်အပ်ပိုင်ခွင့်ရှိ ရရှိထားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အုပ်ချုပ်ပုံစနစ်ကို မနှစ်သက်၍ တော်လှန်တိုက်ခိုက်နေသော လူမျိုးစု လက်နက် ကိုင် အဖွဲ့များကတော့ တပ်မတော်၏ ကွပ်ကွဲမှုအောက်မှာ မရှိပေ။
သို့သော် တိုင်းရင်းသား လက်နက်ကိုင်များကနေ ငြိမ်းချမ်းရေးယူ၍ နယ်ခြားစောင့်တပ်(BGF)နှင့် ပြည်သူ့စစ် (ပသစ)အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သော လက်နက်ကိုင်တပ်ဖွဲ့များကတော့ တပ်မတော်၏ ကွပ်ကွဲမှုအောက်မှာ တည်ရှိသည်။
အလားတူ မိမိဘာသာ ပြည်သူ့စစ်(ပသစ)အဖြစ် ဖွဲ့စည်းထားသည့် လက်နက်ကိုင် တပ်ဖွဲ့များသည်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ကွပ်ကဲမှုအောက်မှာ ရှိသည်။
မဏိပူရပြည်နယ် အင်ဖာမြို့မှာ လုံခြုံရေးချထားစဉ်
အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုအာဏာ ခွဲဝေပေးထားမှု
***************************************************************
အိန္ဒိယနိုင်ငံတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဗဟိုက ဆောင်ရွက်ရမည့် ဥပဒေများနှင့် ပြည်နယ်များက ဆောင်ရွက်ရမည့် ဥပဒေများကို ခွဲခြားသတ်မှတ်ပေးထားသလို ပြည်ထောင်စု-ပြည်နယ်များ ပူးတွဲကျင့်သုံးရမည့် အရေးကိစ္စများကိုလည်း ပိုင်းခြားပေးထားသည်။
အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် သြစတေးလျ၊ ဗြိတိန်၊ အမေရိကန်နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များထဲက ဆိုးကျိုးကောင်းကျိုးများကို လေ့လာသုံးသပ်၍ ၂ နှစ်နီးပါးကြာအောင် ရေးဆွဲကာ ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုအာဏာခွဲဝေရေးကို (၃)မျိုး ခွဲခြားထားသည်ကို တွေ့ရသည်။
ပြည်ထောင်စု ဥပဒေပြုစာရင်း၊ ပြည်နယ် ဥပဒေပြုစာရင်း၊ ပြည်ထောင်စု-ပြည်နယ် ပူးတွဲ ဥပဒေပြုစာရင်း စသဖြင့် ခွဲခြားထားသည်။
ထိုဥပဒေပြု အာဏာခွဲဝေရေး (၃) မျိုးတွင် ပြည်ထောင်စုက ဥပဒေပြု ဆောင်ရွက်နိုင်သည့်ကိစ္စ (၉၇)မျိုးရှိပြီး ပြည်နယ်များက ဥပဒေပြုဆောင်ရွက်နိုင်သည့်ကိစ္စ (၆၆)မျိုး၊ ပြည်ထောင်စု-ပြည်နယ် ပူးတွဲဥပဒေပြုနိုင်သည့် ကိစ္စ(၄၇)မျိုးရှိသည်။
ပြည်ထောင်စု ကာကွယ်ရေး၊ ကြည်းတပ်- ရေတပ်- လေတပ်ဆိုင်ရာများ၊ အနုမြူစွမ်းအား၊ စစ်ကြေညာခြင်း၊ နိုင်ငံ သား ဖြစ်မှု၊ မီးရထားပို့ဆောင်ရေး၊ စာတိုက်နှင့်ကြေးနန်း၊ နိုင်ငံခြားဆက်ဆံရေး၊ ဘဏ်လုပ်ငန်း၊ ငွေကြေးစနစ်၊ နိုင်ငံခြား ကုန်သွယ်ရေး၊ ပြည်ထောင်စု ပြည်သူ့လုပ်ငန်းဆောင်ရွက်မှု စသည့် အရေးကြီး ကိစ္စရပ်များသည် ပြည်ထောင်စုက ဥပဒေပြု ဆောင်ရွက်နိုင်သည့်ကိစ္စ(၉၇)မျိုးတွင် ပါဝင်သည်။
ပြည်နယ်ငြိမ်ဝပ်ပိပြားရေး၊ ဒေသန္တရအစိုးရ၊ ရဲ၊ အကျဉ်းထောင်နှင့် စာရိတ္တ ပြုပြင်ရေး စခန်းများ၊ ပြည်သူ့ ကျန်းမာ ရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ ရေပေးဝေရေး၊ ငါးဖမ်းလုပ်ငန်း၊ ပြည်နယ်အတွင်း ကူးသန်းရောင်း ဝယ်ရေး၊ စိုက်ပျိုး ရေးအခွန် စသည့် ကိစ္စရပ်များသည် ပြည်နယ်များက ဥပဒေပြု ဆောင်ရွက်ခွင့်ရှိသည့်ကိစ္စ(၆၆)မျိုး၌ ပါဝင်သည်။
ရာဇဝတ်မှုဆိုင်ရာနှင့် လုပ်ထုံးလုပ်နည်းများ၊ လက်ထပ်ထိမ်းမြားခြင်းနှင့် ကွာရှင်းပြတ်စဲခြင်း၊ ပစ္စည်းလွှဲပြောင်း ပေးခြင်း၊ စာချုပ်စာတမ်းများ(ပဋိဉာဉ်)၊ ဒေဝါလီခံမှု၊ တရားစစ်ဆေးစီရင်ရာတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်း များ၊ သစ်တောဆိုင်ရာများ၊ ဘာသာရေး အသင်းအဖွဲ့များ၊ သတင်းစာနှင့်စာနယ်ဇင်းများ စသည့် ကိစ္စရပ်များသည် ပြည်ထောင်စု-ပြည်နယ်ပူးတွဲဥပဒေပြု ဆောင်ရွက်နိုင်သော ကိစ္စရပ် (၄၇)မျိုးထဲတွင် ပါဝင်သည်။
အဆိုပါ ဥပဒေပြုအာဏာ ခွဲဝေမှုတွင် ပြည်ထောင်စုနှင့် ပြည်နယ်အကြား တစ်စုံတစ်ရာ ပြဿနာ ရှိလာပါက ပြည်ထောင်စုပါလီမန်မှပြုသည့် ဥပဒေသည်သာ အတည်ဖြစ်ပြီး ပြည်နယ်၏ ဥပဒေပြုမှု ပျက်ပြယ်သွားသည်ဟု အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြဋ္ဌာန်းထားခြင်းကြောင့် ပြည်ထောင်စုကပြုသည့် ဥပဒေသည် ပြည်နယ် ကပြုသည့် ဥပဒေအပေါ် လွှမ်းမိုးသွားလေ့ရှိသည်။
အထက်ပါ အခြေအနေများကို လေ့လာကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အိန္ဒိယနိုင်ငံ အစိတ်အပိုင်းနှင့် ဖော်ဆောင်နေသော စနစ်များထဲက မည်သည့် အစိတ် အပိုင်းတချို့ကို ကိုးကား ရယူမလဲဆိုသည့်အပေါ် စဉ်းစားနိုင်မည်ဟု ထင်မိပါသည်။
#အကိုးအကား
- ဖက်ဒရယ်ရေးရာ(စာအုပ်)
-ဖက်ဒရယ်နိုင်ငံ(၅) နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ အခြေခံဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်နှင့် အာဏာများကို နှိုင်းယှဉ်သုံးသပ်ခြင်းနှင့် ထည့်သွင်းစဉ်းစားစရာများ(စာအုပ်)
- တွေ့ဆုံမေးမြန်းခြင်း
-အိန္ဒိယနိုင်ငံသား ပရောဖက်ဆာ Mr.Horam နှင့် ဆွေးနွေးခြင်း

- By CNI
- Category: ဆောင်းပါး
- Hits: 3871
CNI International Article
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁
ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) သည် ဝန်ကြီးချုပ်အဖြစ် စတင်ရုံးထိုင်ခဲ့ပြီး ၁ လကျော်အကြာမှာပင် မြင့်တက်နေသည့် နိုင်ငံရေးဖိအားများနှင့် ရင်ဆိုင်နေရသည်။
နောက်ဆုံး ဖိအားတစ်ခုမှာ ပေတုန်တန်၏ဖခင် သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ၏အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည့် ရှပ်ဝါတက်ကြွလှုပ်ရှားမှု ခေါင်းဆောင်ဟောင်း ဆွန်ဒီ လင်သွန်ကူလ် (Sondhi Limthongkul) ၏ ဖိအားပေးမှုဖြစ်သည်။
ပေတုန်တန်အား ရာထူးမှနုတ်ထွက်စေရန် လာမည့်နှစ် အစောပိုင်းတွင် လမ်းပေါ်ထွက်ပြီး ဆန္ဒပြရန် အသင့်ရှိ ကြောင်း ဆွန်ဒီက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြောကြားခဲ့ကာ သက်ဆင်အစိုးရကို အမြစ်ဖြတ်မည်ဟု ပြောကြားခဲ့သည်။
ဆွန်ဒီ၏ ပြောကြားချက်ကို ပေတုန်တန်က စိတ်ပျက်ကြောင်းဖော်ပြခဲ့ပြီး ဝေဖန်ရေးသမားများအနေဖြင့် ၎င်း၏ အစိုးရအဖွဲ့ကို အချိန်ပေးရန်နှင့် တစ်လကျော်အတွင်း ဝေဖန်သုံးသပ်မှုများမလုပ်ရန် တုန့်ပြန်ခဲ့သည်။
ထို့ပြင် ဆန္ဒပြမှုများ ပြုလုပ်ခြင်းထက် မိမိတို့ တောင်းဆိုချက်များကို ပြည့်မြောက်စေရန် စားပွဲဝိုင်းတွင် ထိုင်ပြီး ဆွေးနွေးရန်လည်း ပေတုန်တန်က တိုက်တွန်းခဲ့သည်။
ဖျက်သိမ်းခံလိုက်ရတဲ့ Move Forward Party ခေါင်းဆောင် ပီတာ လင်ဂျာရွတ်ရတ်ကို တွေ့ရစဉ်
အမျိုးသား ဖွံဖြိုးတိုးတက်ရေး အုပ်ချုပ်ရေး အင်စတီကျု (Nida) ၏ နောက်ဆုံး ထုတ်ပြန်ခဲ့သည့် လူထုသဘော ဆန္ဒ စစ်တမ်းတွင် ပေတုန်တန်သည် လူထုထောက်ခံမှုနှုန်း အများဆုံးရရှိခဲ့သည်။
ထိုင်းတွင် ယခင်က ပြုလုပ်ခဲ့သည့် လူထုသဘောဆန္ဒ စစ်တမ်းများတွင် ယခုဖျက်သိမ်းသွားပြီဖြစ်သည့် Move Forward Party ခေါင်းဆောင် ပီတာ လင်ဂျာရွတ်ရတ် (Pita Limjaroenrat) သည် ထောက်ခံမှုနှုန်း အများဆုံး ရရှိခဲ့ပြီးနောက် နောက်ဆုံးစစ်တမ်းတွင်မူ ပေတုန်တန်သည် ပထမဆုံးအကြိမ်အဖြစ် လူထုထောက်ခံမှုနှုန်း အများဆုံးရရှိခဲ့ခြင်းဖြစ်သည်။
ပေတုန်တန်သည် ခေါင်းဆောင်မှု အခန်းကဏ္ဍများတွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။
မကြာသေးမီက ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ရေလွှမ်းမိုးမှုများကို စီမံခန့်ခွဲမှု၌ ပေတုန်တန်၏ ပါဝင်ဆောင်ရွက် မှုများသည် မီဒီယာများတွင် ကောင်းမွန်သည့် မှတ်ချက်များဖြင့် ဖော်ပြခံခဲ့ရသည်။
နောက်ထပ် အောင်မြင်မှုတစ်ခုမှာ ထိုင်းလူမျိုးများအား ဘတ် ၁၀,၀၀၀ စီ ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့မှု အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။
ပေတုန်တန်၏ မာနမကြီးသည့် နေပုံထိုင်ပုံ၊ အထူးသဖြင့် ဝန်ကြီးချုပ်ရာထူး ရရှိထားသည့်တိုင် အစိုးရထိပ်သီး အရာရှိများကို လေးစားစွာ ဆက်ဆံပုံများကြောင့် ချီးကျူးဂုဏ်ပြုမှုများကို ရရှိခဲ့သည်။
မည်သို့ပင်ဆိုစေ သက်ဆင်၏ သမီးဖြစ်နေသည့်အတွက် ပေတုန်တန်သည် ၎င်းဖခင်၏ နိုင်ငံရေးလောင်းရိပ် အောက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
Palang Pracharath ပါတီ၏ အတွင်းရေးမှူးချုပ် ပိုင်ဘွန် နီတိတဝမ်ကို တွေ့ရစဉ်
ထို့ပြင် ပေတုန်တန်နှင့် ၎င်း၏ ဖြူးထိုင်းပါတီကို တိုင်ကြားသည့် တိုင်ကြားစာများလည်းရှိနေကာ ၎င်းတို့ပါတီ၏ ကျင့်ဝတ်သိက္ခာ စံနှုန်းများကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုမှုများ ထွက်ပေါ်လျက်ရှိသည်။
ပြီးခဲ့သည့် သီတင်းပတ်က ဖြူးထိုင်းပါတီ၏ ညွန့်ပေါင်းအဖွဲ့ထဲမှ ထွက်ခွာသွားသည့် Palang Pracharath ပါတီ၏ အတွင်းရေးမှူးချုပ် ပိုင်ဘွန် နီတိတဝမ် (Paiboon Nititawan) က ဖြူးထိုင်းပါတီသည် တရားရေးဆိုင်ရာ စိန်ခေါ် မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိပြီး ထိုစိန်ခေါ်မှုများကို သင့်တော်စွာ မဖြေရှင်းနိုင်ပါက အစိုးရအဖွဲ့ ပြုတ်ကျသွားနိုင် ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း ဖြူးထိုင်းပါတီ၏ အမှုဆောင်များနှင့် ဝန်ကြီးချုပ်၏ အကြံပေးပုဂ္ဂိုလ်များကမူ ထိုပြောကြားချက် များကို အရေးမထားခဲ့ဘဲ ထိုတိုင်ကြားချက်များသည် အစိုးရအဖွဲ့အတွက် ကြီးမားသည့် ခြိမ်းခြောက်မှု မဟုတ် ကြောင်း ပြောကြားခဲ့သည်။
ထိုင်းတွင် လမ်းများပေါ်ထွက်ပြီး ဆန္ဒပြမည့် အလားအလာသည် စောလွန်းနေသည့်တိုင် ဝန်ကြီးချုပ်အနေဖြင့် ထိုဆန္ဒပြခံရမည့် အခြေအနေကို လျစ်လျူရှုထားနိုင်မည် မဟုတ်ပေ။
အကယ်၍ ထိုဆန္ဒပြမှုများသည် အရှိန်အဟုန် ကောင်းလာပြီး လူထုအများအပြား ပါဝင်လာခဲ့မည်ဆိုပါက အစိုးရအဖွဲ့ ပြုတ်ကျသွားနိုင်သည်။
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်
ပေတုန်တန်၏ အစိုးရသည် တရားရေးဆိုင်ရာ ဘက်လိုက်မှု၊ သက်ဆင်ကို အလေးပေး ဆက်ဆံမှုစွဲချက်များ အပါအဝင် နယ်ပယ် အသီးသီးတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။
ထို့ပြင် ကာစီနိုလုပ်ငန်းများကို ဖျော်ဖြေရေး လုပ်ငန်းများအဖြစ် ခေါင်းစဉ်တပ်ကာ တရားဝင်ခွင့်ပြုရေး၊ ပြည်ပ နိုင်ငံသားများကို မြေနေရာ ငှားရမ်း အသုံးပြုခွင့်ကို ၉၉ နှစ်အထိ တိုးချဲ့ပေးရေး၊ မြေအောက်စီးပွားရေး လုပ်ငန်း များကို တရားဝင်ခွင့်ပြုရေး အစရှိသည့် အစီအစဉ်များသည် ဆန္ဒပြမှုများ ဖြစ်လာစေနိုင်သည့် အကြောင်းရင်းခံ များဖြစ်သည်။
ပေတုန်တန် အစိုးရအဖွဲ့၏ ကြံ့ကြံ့ခံ ရပ်တည်နိုင်စွမ်းသည် နိုင်ငံနှင့် ပြည်သူ၏ ကောင်းကျိုးချမ်းသာကို လုပ်ဆောင်ပေးနိုင်သည့် ပေတုန်တန်၏ လုပ်နိုင်စွမ်းအပေါ်တွင် မူတည်နေသည်။
ပေတုန်တန် အစိုးရအဖွဲ့အနေဖြင့် နိုင်ငံရေးအကျိုးစီးပွား သို့မဟုတ် အနည်းငယ်သော လူအုပ်စုများ၏ အကျိုး စီးပွားထက် ပြည်သူလူထု၏ အကျိုးစီးပွားကို ဖြစ်ထွန်းစေသည့် မူဝါဒများကို ချမှတ်နိုင်မည်ဆိုပါက၊ ပွင့်လင်းမြင် သာမှု၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစရှိသည့် လုပ်ဆောင်ချက်များကို ခိုင်မာစွာ လုပ်ဆောင်နိုင်မည်ဆိုပါက ဆန္ဒပြမှုများကို ထိရောက်စွာ တားဆီးနိုင်မည်ဖြစ်သည်။
ထိုသို့ လုပ်ဆောင်ခြင်းဖြင့်သာ ပေတုန်တန် အစိုးရအဖွဲ့အတွက် ပြဿနာများကို ကျော်လွှားနိုင်မည်ဖြစ်ပြီး အနာဂတ်တွင် အစိုးရအဖွဲ့ တည်မြဲရေးအတွက် စိတ်ချသေချာ စေနိုင်မည်ဖြစ်သည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: ဆောင်းပါး
- Hits: 2070
CNI Sport Article
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁
စပိန်အသင်းနဲ့ ဘာစီလိုနာအသင်းဂန္ထဝင် အင်နီယေစတာဟာ အသက် ၄၀ နှစ်အရွယ်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝကနေ အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။
ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အဓိက ဆုဖလား အများအပြားကို ရယူနိုင်ခဲ့တဲ့ အင်နီယေစတာဟာ ဘောလွန်းဒီအောဆုရရှိဖို့ ထိုက်တန်တဲ့သူတွေထဲက တစ်ဦးဖြစ်ခဲ့တာပါ။
ဒါပေမယ့် အင်နီယေစတာဟာ ဒီဆုကို ရခဲ့ခြင်းမရှိဘဲ ကစားသမားဘဝကို အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။
လာမာစီယာအကယ်ဒမီထွက် အင်နီယေစတာဟာ သူ့ရဲ့ကစားသမားဘဝမှာ ဒီဆုကို ရယူနိုင်ခဲ့ခြင်းမရှိလို့ နောင်တမရဘူးလို့ ပြောခဲ့ပါတယ်။
အင်နီယေစတာဟာ ၂၀၁၀ နဲ့ ၂၀၁၂ ဘောလွန်းဒီအော ဆုပေးပွဲတွေမှာ ဒုတိယနဲ့ တတိယ ရရှိခဲ့တာတွေက သူ့အတွက် အအောင်မြင်ဆုံး ဖြစ်ခဲ့ပါတယ်။
အင်နီယေစတာကတော့ ဘောလွန်းဒီအော စင်မြင့်ထက်မှာ လာမာစီယာအကယ်ဒမီထွက် ကစားသမား ၃ ဦး စလုံးရှိတာက သူ့အတွက် အနိုင်ရတာထက် ပိုပြီးကြီးမားတယ်လို့ ပြောခဲ့တာပါ။
အင်နီယေစတာက "စင်မြင့်ပေါ်မှာ မက်ဆီ၊ ဇာဗီနဲ့ ကျနော်တို့ အတူရှိနေတဲ့ပုံက ကျနော့်အတွက်တော့ ဆုရတာ ထက် ပိုပြီးကြီးမားပါတယ်။ လာမာစီယာက ၃ ဦး စင်မြင့်ပေါ်မှာ ရှိနေတာက အကြီးမားဆုံးဆုပါပဲ။ ဆုရတဲ့ အရာထက်တောင် ပိုပါတယ်"လို့ ပြောခဲ့တာပါ။
ဘောလွန်းဒီအောဆုပေးပွဲမှာ ဇာဗီ၊ မက်ဆီနဲ့အတူ အင်နီယေစတာကိုတွေ့ရစဉ်
အင်နီယေစတာဟာ စပိန်အသင်းက နယ်သာလန်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလား ဗိုလ်လု ပွဲရဲ့အချိန်ပို ၁၁၆ မိနစ်မှာ စပိန်အသင်း ချန်ပီယံဖြစ်စေမယ့် သွင်းဂိုးကို သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။
အဲဒါကြောင့် ၂၀၁၀ ဘောလွန်းဒီအောဆုကို အင်နီယေစတာ ရရှိသင့်တယ်လို့ ပြောခဲ့ကြပေမယ့် ဒီဆုကို မက်ဆီက မဲအသာနဲ့ ရရှိခဲ့တာပါ။
အင်နီယေစတာက သူဟာ ဒီဆုကို ရရှိချင်ပေမယ့် မရခဲ့တဲ့အပေါ် စိတ်မကောင်း မဖြစ်မိသလို ကစားသမားဘဝမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေအတွက် အလွန်ပျော်ရွှင်တယ်လို့ ပြောခဲ့ပါတယ်။
အင်နီယေစတာဟာ သူ့ရဲ့ဘောလုံးအပေါ် ကျွမ်းကျင်မှုတွေကြောင့် ချီးကျူးမှုတွေ အများကြီး ရခဲ့တဲ့သူဖြစ်ပြီး စပိန်နဲ့ ဘာစီလိုနာအသင်း အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာမှာ သူဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့သူပါ။
အင်နီယေစတာဟာ ၂၀၀၂ ခုနှစ်မှာ ဘာစီလိုနာအသင်းကြီးအတွက် စတင်ပွဲဦးထွက်ခွင့်ရခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်အထိ ကစားခဲ့တာပါ။
အင်နီယေစတာဟာ တစ်ရာသီအတွင်း ဆုလား ၃ လုံး နှစ်ကြိမ် ရယူနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့ပါတယ်။ အင်နီယေစတာဟာ ဘာစီလိုနာအသင်းနဲ့ လာလီဂါဖလား ၉ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၃၅ ခုအထိ ရယူနိုင်ခဲ့တာပါ။
ဘာစီလိုနာအသင်းနဲ့နောက်ဆုံးပွဲ ကစားအပြီး အင်နီယေစတာတစ်ယောက်တည်း ကွင်းထဲကျန်ခဲ့စဉ်
အင်နီယေစတာဟာ ဘာစီလိုနာအသင်းအတွက် နောက်ဆုံးပွဲကစားပြီးအချိန် နူးကမ့်ပ်ကွင်းကြီးထဲမှာ တစ်ဦးတည်း ထိုင်နေခဲ့တဲ့ ပုံရိပ်ဟာ ဝမ်းနည်းစရာကောင်းခဲ့တာ ဖြစ်ပါတယ်။
အင်နီယေစတာဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာပြီးနောက် ဂျပန်ကလပ် ဗစ်ဆဲလ်ကိုဘီအသင်းနဲ့ စာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၂၃ ခုနှစ်အထိ ကစားခဲ့တာပါ။ အင်နီယေစတာဟာ ဗစ်ဆဲလ်ကိုဘီအသင်းနဲ့ ဂျေလိဂ်ဖလား အပါအဝင် ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
အင်နီယေစတာဟာ ဂျပန်ကလပ်ကနေ ထွက်ခွာအပြီးမှာ ယူအေအီးကလပ် အီးမရိတ်စ်အသင်းမှာ တစ်ရာသီကြာ သာကစားကာ ထွက်ခွာခဲ့တာပါ။
ဘာစီလိုနာကွင်းလယ် ကစားသမားဟောင်းဟာ စပိန်လက်ရွေးစင်အသင်းအတွက် ၂၀၀၆ ခုနှစ်မှာ စတင်ပွဲ ထွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်အထိ ပွဲပေါင်း ၁၃၁ ပွဲ ပါဝင်ကစားခဲ့ပါတယ်။
အင်နီယေစတာဟာ စပိန်အသင်းနဲ့ ၂၀၁၀ ကမ္ဘာ့ဖလား၊၂၀၀၈ နဲ့ ၂၀၁၂ ယူရိုချန်ပီယံဆုတို့ကို ကိုင်မြှောက်နိုင်ခဲ့ တာပါ။ အဲဒါကြောင့် အင်နီယေစတာဟာ သူ့ရဲ့ကစားသမားဘဝမှာ ဘောလွန်းဒီအောကလွဲပြီး အရာအားလုံးကို အောင်မြင်မှုရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အင်နီယေစတာ ဂျပန်ကလပ်မှာ ကစားနေစဉ်
အင်နီယေစတာဟာ သူ့ရဲ့ကစားသမားဘဝမှာ အလွန်ကောင်းမွန်တဲ့ မှတ်တမ်းကောင်းတစ်ခုရှိခဲ့ပြီး ဒါကတော့ ကစားခဲ့တဲ့ပွဲပေါင်း ၁,၀၀၀ ကျော်မှာ အနီကတ်တစ်ကြိမ်မှ ပြသခံရခြင်း မရှိဘူးဆိုတဲ့ အချက်ပါပဲ။
ဒီလိုမျိုးလုပ်နိုင်တဲ့ ကစားသမားဟာ အရေအတွက် အနည်းငယ်သာရှိပေမယ့် ဒီအထဲမှာ အင်နီယေစတာဟာ တစ်ဦးအနေနဲ့ ပါဝင်ခဲ့တာဖြစ်ပါတယ်။
အင်နီယေစတာဟာ ကစားသမားဘဝကနေ အနားယူခဲ့ပြီးဖြစ်တာကြောင့် နည်းပြ လောကထဲကို ဝင်ရောက်ဖို့ ခြေလှမ်းတွေ ပြင်ဆင်နေပြီဖြစ်တာပါ။
အင်နီယေစတာဟာ သူ့ရဲ့နည်းပြဘဝအစကို ဘာစီလိုနာ လူငယ်အသင်းတွေမှာ စတင်ဖို့ရှိနေပြီး ကစားသမား ဘဝမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့သလို နည်းပြဘဝမှာရော အောင်မြင်မှုတွေ ရယူနိုင်မလားဆိုတာ စောင့်ကြည့် ရမှာဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 3770
CNI International Article
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၅
စက်တင်ဘာ ၂၈ ရက်က ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟက်ဆန် နာဆရာလာ (Hassan Nasrallah) လုပ်ကြံ သတ်ဖြတ်ခံရမှုနှင့်အတူ အစ္စရေးသည် ဂါဇာစစ်ပွဲကို အလွန် အတိမ်းအစောင်း မခံနိုင်သည့် အနေအထားသို့ ရောက်ရှိစေရန် ဆွဲခေါ်သွားခဲ့သည်။
ဘေရွတ် (Beirut) မြို့တော် တောင်ဘက် ဆင်ခြေဖုံးရှိ လူနေထူထပ်သည့် နေရာတွင် ပြုလုပ်ခဲ့သော အစ္စရေး၏ စစ်ဆင်ရေးအတွင်း ပေါင် ၂၀၀၀ အလေးချိန်ရှိ ဗုံးများကို အသုံးပြုခဲ့သည်။
အစ္စရေးက လက်ဘနွန်တွင် ဟစ်ဇ်ဘိုလာ အဖွဲ့ဝင်များ အသုံးပြုသည့် ပေဂျာများနှင့် စကားပြောစက်များကို အံ့အားသင့်ဖွယ် ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဟစ်ဇ်ဘိုလာ ခေါင်းဆောင်ကို ချေမှုန်းခဲ့ခြင်း ဖြစ်သည်။
ထိုအချက်များအားလုံးကို ခြုံငုံသုံးသပ်ရမည်ဆိုပါက အစ္စရေးတွင် ကြီးမားသည့် နည်းဗျူဟာပိုင်းဆိုင်ရာ အသာစီးရမှုရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။
ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟက်ဆန် နာဆရာလာကို တွေ့ရစဉ်
ထိုနည်းဗျူဟာများအပြင် အခြားနည်းဗျူဟာမြောက် စစ်ဆင်ရေးများကို ဆက်လက် လုပ်ဆောင်မည်ဆိုပါက ဟစ်ဇ်ဘိုလာအဖွဲ့၏ တုန့်ပြန်တိုက်ခိုက်နိုင်စွမ်းကို ထိရောက်စွာ အားနည်းစေလိမ့်မည်ဖြစ်သည်။
ထိုတိုက်ခိုက်မှုများသည် ဟစ်ဇ်ဘိုလာအဖွဲ့၏ တိုက်ခိုက်ရေး အထူးတပ်ဖွဲ့ဖြစ်သည့် Radwan Force ၏ အမိန့် နာခံမှုအပိုင်းကို ကြီးမားသည့် ထိုးနှက်ချက်ဖြစ်ခဲ့သည်။
ဟစ်ဇ်ဘိုလာအဖွဲ့၏ တောင်ပိုင်းတပ်မှူး အလီ ကာရာကီ (Ali Karaki) လုပ်ကြံသတ်ဖြတ်ခံရမှုသည် ကြီးမားသည့် ဆုံးရှုံးမှုဟု ထင်ရသော်လည်း ၎င်းသေဆုံးမှုသည် အစ္စရေး၏ မြို့များကို ပစ်ခတ်တိုက်ခိုက်နေသည့် ဟစ်ဇ်ဘိုလာ အဖွဲ့၏ စွမ်းရည်ကို ထိခိုက်ပုံမပေါ်ပေ။
အစ္စရေး၏ ရည်ရွယ်ချက်မှာ ဂါဇာစစ်ပွဲနှင့် လက်ဘနွန်တွင် ဟစ်ဇ်ဘိုလာတို့နှင့်ဖြစ်ပွားနေသည့် ပဋိပက္ခကို သီးခြားစီ ခွဲထားရန်ဖြစ်ပြီး အစ္စရေးအစိုးရကလည်း ထိုရည်မှန်းချက် အောင်မြင်အောင် လက်ဘနွန်တွင် တိုက်ခိုက်မှုများကို အရှိန်မြှင့်တင်နေခြင်းဖြစ်သည်။
အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် မီးလောင်နေစဉ်
ဟားမာ့စ်နှင့် ဟစ်ဇ်ဘိုလာတို့ကို သီးခြားစီ ခွဲထုတ်ပြီး တိုက်ခိုက်သည့် ရည်မှန်းချက် အောင်မြင်မည်ဆိုပါက ဟားမာ့စ်နှင့် ဟစ်ဇ်ဘိုလာတို့ ပါဝင်နေသော တော်လှန်ရေးဝင်ရိုးစွန်း အဖွဲ့ဝင်များအကြား သဘောထားကွဲလွဲမှုကို ဖန်တီးနိုင်မည်ဖြစ်သည်။
သို့သော်လည်း အစ္စရေးအတွက် အရဲစွန့်ရမည့် အချက်တစ်ခုမှာ မျှော်မှန်းထားသည်နှင့် ဆန့်ကျင်ဘက် ရလဒ် ထွက်လာနိုင်မည့် အချက်ဖြစ်သည်။ အစ္စရေးသည် ၂၀၀၆ ခုနှစ်က လက်ဘနွန်နှင့်ဖြစ်ပွားခဲ့သည့် စစ်ပွဲပုံစံအတိုင်း ကြုံတွေ့လာရနိုင်သည်။
ထိုစစ်ပွဲတွင် အစ္စရေးက အင်အားကြီးခဲ့သော်လည်း ဟစ်ဇ်ဘိုလာတို့နှင့် ထိပ်တိုက်တွေ့ချိန်တွင် အရေးနိမ့်ခဲ့ သည်ဟု ယူဆခံခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် အင်အားခြင်း မမျှသည့် စစ်ပွဲ (asymmetric war) တွင် မဟာဗျူဟာမြောက် စိတ်ရှည် သည်းခံမှု၊ စစ်ပွဲရှည်ကြာမှုသည် အင်အားနည်းသည့်ဘက်မှ အနိုင်ရရှိနိုင်ပြီး အင်အားကြီးမားသော ပြိုင်ဘက် အတွက် အရင်းအမြစ်များ ကုန်ခန်းစေနိုင်ခြင်းကြောင့် ဖြစ်သည်။
ထိုအခြေအနေမျိုးတွင် ဟစ်ဇ်ဘိုလာအဖွဲ့ အနေဖြင့် ခေါင်းဆောင်များကို ဆုံးရှုံးခဲ့ရသည့်တိုင် အစ္စရေးနှင့် ထိပ်တိုက်တွေ့ချိန်တွင် နောက်မဆုတ်ရန် အရေးကြီးသည်။ ဟစ်ဇ်ဘိုလာအဖွဲ့အတွက် လောင်းကြေးများ မြင့်မားလှသည်။
ဟစ်ဇ်ဘိုလာတို့ အနေဖြင့် နောက်ဆုတ်မည်ဆိုပါက ၎င်းတို့ကို ယုံကြည်နေသည့် ထောက်ခံသူများ၏ ယုံကြည်မှု ကို ဆုံးရှုံးရုံသာမက ၂၀၀၆ စစ်ပွဲနောက်ပိုင်း ထူထောင်ခဲ့သော မဟာဗျူဟာမြောက် အခြိမ်းအခြောက် အဟန့် အတားလည်း ပျက်စီးသွားမည်ဖြစ်သည်။
ဟစ်ဇ်ဘိုလာရဲ့ ဒုံးကျည်များကို တွေ့ရစဉ်
ထို့ကြောင့် အသက်ရှင် ကျန်ရစ်နေဆဲဖြစ်သည့် ဟစ်ဇ်ဘိုလာ ခေါင်းဆောင်များသည် စစ်ပွဲကို အဆုံးအထိ တိုက်ခိုက်ဖွယ်ရှိနေသည်။
လက်ရှိအခြေအနေတွင် ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးနိုင်ငံ မြောက်ပိုင်းကို ရှိရှိသမျှ ဒုံးကျည်များဖြင့် တိုက်ခိုက် မှုများကို ဆက်လက်လုပ်ဆောင်နေပြီး တစ်ချိန်တည်းမှာပင် လက်ဘနွန်နိုင်ငံအတွင်း ဝင်ရောက်လာသည့် အစ္စရေး၏ မြေပြင်ထိုးစစ်ကို ခုခံစစ်ဆင်နွှဲနေသည်။
အစ္စရေးစစ်တပ်အနေဖြင့် ပြင်းထန်သည့် ခုခံတိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရဖွယ် မရှိသည့်တိုင် ကန့်သတ် မြေပြင် စစ်ဆင်ရေးကိုသာ လုပ်ဆောင်ခဲ့ကာ ထိုစစ်ဆင်ရေးသည် ယာယီသာဖြစ်ကြောင်း ကြေညာခဲ့သည်။
ထို့ကြောင့် အစ္စရေးသည် စစ်ဆင်ရေးကို ထပ်မံချဲ့ထွင်ရန် အစီအစဉ် ရှိ/မရှိကို ရွေးချယ်ရမည်ဖြစ်သည်။
အစ္စရေး၏ တိုက်ခိုက်မှုများကို ဟစ်ဇ်ဘိုလာအဖွဲ့က ဆက်တိုက် တုန့်ပြန်နေမှုကြောင့် အင်ပြည့်အားပြည့် စစ်ပွဲ ဖြစ်ပွားမည့် အခြေအနေသို့ တွန်းပို့ရာ ရောက်နေသည်။
ဟစ်ဇ်ဘိုလာအဖွဲ့အတွက် မြေပြင်စစ်ဆင်ရေးတွင် နည်းဗျူဟာမြောက် အသာစီးရမှုများ ရှိနေသည်။
လက်ဘနွန် နယ်မြေအတွင်း အစ္စရေး စစ်သားများ ရှိနေခြင်းကြောင့် အစ္စရေးလေတပ်သည် မိမိတို့ စစ်သားများကို မှားယွင်းပြီး လေကြောင်းတိုက်ခိုက်ခြင်း မဖြစ်စေရန် လေကြောင်းတိုက်ခိုက်မှုကို လျှော့ချမည်ဖြစ်သည်။
အစ္စရေးလေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဟစ်ဇ်ဘိုလာအဖွဲ့သာမက မြေပြင်ရှိ အစ္စရေးစစ်သားများလည်း အန္တရာယ်ကြုံနိုင်သဖြင့် လေတပ်၏ စွမ်းဆောင်ရည်ကို လျှော့ချရမည်ဖြစ်သည်။
ထို့ပြင် ဟစ်ဇ်ဘိုလာအဖွဲ့တွင် လေယာဉ်ပစ် ဒုံးကျည်များ ရှိနေနိုင်သဖြင့် အစ္စရေးလေတပ်က လေယာဉ်များ အသုံးပြုမှုကို ကန့်သတ်ရဖွယ်ရှိသည်။
ဟစ်ဇ်ဘိုလာအဖွဲ့အတွက် နောက်ထပ် အားသာချက်တစ်ခုမှာ လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ကြမ်းတမ်းသည့် မြေမျက်နှာသွင်ပြင် အနေအထားဖြစ်သည်။
ဟစ်ဇ်ဘိုလာအဖွဲ့သည် ထိုမြေမျက်နှာ သွင်ပြင်ပေါ်တွင် အခက်အခဲမရှိ လှုပ်ရှားသွားလာနိုင်ပြီး ထိုဒေသ၌ ထောက်ပို့နှင့် စစ်ရေးအခြေခံ အဆောက်အအုံများစွာ ဆောက်လုပ်ထားသည်။
အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုကို တွေ့ရစဉ်
ဟစ်ဇ်ဘိုလာအဖွဲ့အတွက် အစ္စရေးနှင့် ရေရှည်တိုက်ပွဲ ဆင်နွှဲမည်ဆိုပါက နိုင်ငံရေး အကျိုးအမြတ်လည်း ရရှိနိုင်မည်ဖြစ်သည်။
ဟစ်ဇ်ဘိုလာအဖွဲ့သည် ပါလက်စတိုင်းနှင့် အာရပ်များ၏ အကျိုးစီးပွားများကို ခိုင်မာစွာ ကာကွယ်ပေးနေသည့် အဖွဲ့အဖြစ် ၎င်းတို့၏ ပုံရိပ်ကို မြှင့်တင်နေသည်။
အစ္စရေးအတွက်မူ ရှည်ကြာသည့် စစ်ပွဲကို ဆင်နွှဲဖွယ်မရှိဘဲ ရှောင်ကြဉ်ဖွယ်ရှိသည်။ အစ္စရေး စစ်မှုထမ်းများ အသက်ဆုံးရှုံးခြင်းက အစ္စရေးအစိုးရအတွက် ဖိအားများ မြင့်တက်စေမည်ဖြစ်သည်။
ထို့ကြောင့် အဆုံးသတ်တွင် တော်လှန်ရေး ဝင်ရိုးစွန်း မဟာမိတ်အဖွဲ့များအကြား သဘောထား ကွဲလွဲစေရန် လုပ်ဆောင်နေသည့် အစ္စရေး၏ အားထုတ်ကြိုးပမ်းမှုများသည် မှန်းချက်နှင့် နှမ်းထွက်မကိုက်သကဲ့သို့ ကြုံတွေ့ လာရနိုင်သည်။
ဟစ်ဇ်ဘိုလာအဖွဲ့အတွက်မူ အစ္စရေးနှင့် စစ်ပွဲဖြစ်ပွားခြင်းသည် အခြားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ ထောက်ခံမှုကို ပိုမိုရရှိရုံသာမက လက်ဘနွန်၊ ပါလက်စတိုင်းနှင့် အခြားနိုင်ငံများတွင်ရှိသည့် ဟစ်ဇ်ဘိုလာ ကွန်ရက်များကို ပိုပြီးစည်းလုံး ညီညွတ်စေမည်ဖြစ်သည်။
Source: Al Jazeera

- By CNI
- Category: ဆောင်းပါး
- Hits: 1152
CNI Sport Article
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၄
၂၀၁၈ ခုနှစ်မှာ စတင်တည်ထောင်ပြီး ၂၀၂၀ ခုနှစ်မှာ မေဂျာလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အင်တာမိုင်ယာမီအသင်းဟာ မက်ဆီ မရောက်ခင်အချိန်ထိ အောင်မြင်မှုတွေနဲ့ ဝေးကွာပြီး ရလဒ်တွေ ဆိုးရွားခဲ့တာ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းရဲ့ ပူးတွဲပိုင်ရှင်ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ အသင်းကို အောင်မြင်မှုတွေ ရယူပေး နိုင်ဖို့အတွက် မက်ဆီကို ခေါ်ယူခဲ့ချိန်ကစပြီး အခုဆိုရင် အသင်းဟာ ဆုဖလား ၂ ခုအထိ ရယူနိုင်ခဲ့ပြီဖြစ်တာပါ။
အင်တာမိုင်ယာမီအသင်းဟာ မက်ဆီကို ခေါ်ယူနိုင်မှုနဲ့အတူ နည်းပြအဖြစ် မာတီနို၊ သူ့ရဲ့ ဘာစီလိုနာ အသင်းဖော် ဟောင်းတွေဖြစ်တဲ့ ဘက်စ်ကွက်စ်၊ အယ်လ်ဘာနဲ့ တို့ကို ခေါ်ယူပြီး အသင်းကို အမြင့်ဆုံး အောင်မြင်မှုတွေ ရယူနိုင် ဖို့ မျှော်လင့်ချက်ထားခဲ့တာ ဖြစ်ပါတယ်။
တကယ်လည်း အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၃ ရာသီမှာ အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးဆုဖလား ဖြစ်တဲ့ လိဂ်ဖလားကို ရယူနိုင်ခဲ့တာပါ။ ဒါပေမယ့် အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးပြီး ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။
မက်ဆီကို တွေ့ရစဉ်
အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၄ ရာသီမှာ ဆုဖလား အောင်မြင်မှုတွေ ပိုပြီးရယူနိုင်ဖို့အတွက် မက်ဆီရဲ့ ဘာစီလိုနာအသင်းဖော်ဟောင်း ဆွာရက်ဇ်နဲ့ လူငယ်ကစားသမားအချို့ကို ထပ်ပြီး အားဖြည့်ခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းရဲ့ စနစ်တကျ ပြင်ဆင်လုပ်ဆောင်မှုတွေကြောင့်ပဲ မေဂျာလိဂ်ရာသီ မကုန်ခင်မှာ သူတို့ရဲ့ ဒုတိယမြောက်ဆုဖလားအဖြစ် Supporters' Shield ဖလားကို ရယူနိုင်ခဲ့ပါတယ်။
မက်ဆီဟာ ဒီရာသီမှာ ဒဏ်ရာကြောင့် အင်တာမိုင်ယာမီအသင်းရဲ့ ပွဲတွေ အများအပြား လွဲချော်ခဲ့ပေမယ့် အသင်းရဲ့စုဖွဲ့မှုက ကောင်းမွန်ခဲ့တဲ့အတွက် ဆုဖလားကို ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့တာပါ။
မက်ဆီဟာ ဒဏ်ရာကြောင့် ပွဲတွေလွဲချော်ခဲ့ပေမယ့် သူပါဝင်တဲ့အချိန်မှာ အင်တာမိုင်ယာမီ အသင်းအတွက် စွမ်းဆောင်ပေးခဲ့တဲ့ အရာတွေဟာ အလွန်ကောင်းမွန်ခဲ့တာကို တွေ့ခဲ့ရပါတယ်။
မက်ဆီဟာ ဒီရာသီမှာ အင်တာမိုင်ယာမီ အသင်းအတွက် မေဂျာလိဂ် ၁၇ ပွဲ ပါဝင်ကစားခဲ့ပေမယ့် ၁၇ ဂိုးသွင်းပြီး ဂိုးဖန်တီးမှုက ၁၀ ကြိမ်အထိရှိခဲ့တာပါ။
မက်ဆီကို တွေ့ရစဉ်
အင်တာမိုင်ယာမီ အသင်းအတွက် မေဂျာလိဂ်ပြိုင်ပွဲမှာ ဂိုးအများဆုံး သွင်းယူခဲ့တဲ့ ဆွာရက်ဇ်တောင် မက်ဆီထက် ဂိုးပါဝင်ပတ်သက်မှုမှာ နည်းခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် အင်တာမိုင်ယာမီအသင်းရဲ့ ဆုဖလား အောင်မြင်မှုတွေမှာ မက်ဆီရဲ့အခန်းကဏ္ဍက အလွန်အရေးပါခဲ့ တာဖြစ်ပါတယ်။
မက်ဆီ အတွက်လည်း အင်တာမိုင်ယာမီအသင်းနဲ့ ရယူနိုင်ခဲ့တဲ့ ဆုဖလား ၂ ခုကြောင့် သူ့ရဲ့ကစားသမားဘဝမှာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ရယူနိုင်ခဲ့တဲ့ ဆုဖလားဟာ ၄၆ ခုအထိ ရှိခဲ့တာပါ။
ဘောလုံးလောကမှာ ဆုဖလား အများဆုံးရယူနိုင်တဲ့ ကစားသမားစာရင်းမှာ မက်ဆီဟာ ဒုတိယနေရာမှာရှိနေတဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်း အဲလ်ဗက်စ်ထက် ဆုဖလား ၂ ခု အသာရထားတာ ဖြစ်ပါတယ်။
မက်ဆီ အနေနဲ့ နောက်ထပ် ဆုဖလားတွေကို ထပ်ပြီး ရယူနိုင်ခဲ့မယ်ဆိုရင် ဘောလုံးလောကမှာ သူ့ရဲ့စံချိန်ကို ချိုးဖျက်ဖို့က အလွန်ခက်ခဲသွားတော့မှာပါ။
မက်ဆီကို တွေ့ရစဉ်
မက်ဆီဟာ ဒီရာသီမှာ အင်တာမိုင်ယာမီ အသင်းနဲ့အတူ ပထမရည်မှန်းချက် ပြီးမြောက်သွားပြီဖြစ်ပေမယ့် နောက်ထပ် အောင်မြင်မှုတွေကို ထပ်ပြီး ရယူပေးနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ဖလား ပလေးအော့ဖ် ယှဉ်ပြိုင်ရဖို့ရှိနေပြီး ဒီပြိုင်ပွဲမှာသာ ချန်ပီယံ ဆုဖလားကို ရယူနိုင်မယ်ဆိုရင် အသင်းအတွက်တော့ သမိုင်းဝင် စံချိန်တင်တွေကို ထပ်ပြီးတင်နိုင်ဖို့ရှိနေတာပါ။
အင်တာမိုင်ယာမီ တစ်သင်းလုံးဟာ အောင်မြင်မှု ရယူနိုင်ဖို့အတွက် စိတ်ဓါတ်အမြင့်ဆုံးမှာ ရှိနေတာကြောင့် ဒီရာသီကို ဆုဖလား ၂ လုံးရယူပြီး အဆုံးသတ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 2925
CNI International Article
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၇
ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) သည် ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ကို သစ္စာခံသည့် မဟာဗျူဟာမြောက် တွေးခေါ်မြော်မြင်တတ်သူ ၅ ဦးပါဝင်သော မူဝါဒအကြံပေးများအဖွဲ့ကို ဖွဲ့စည်းခန့်အပ်ခဲ့သည်။
အသက် ၆၇ နှစ်မှ ၈၁ နှစ်ကြား အရွယ်များဖြစ်သည့် နိုင်ငံရေးအတွေ့အကြံ ရင့်ကျက်သော ပညာရှင် ၅ ဦးသည် အသက် ၃၈ နှစ် အရွယ်သာရှိသေးသည့် နိုင်ငံရေးအတွေ့အကြုံနည်းပါးသော ပေတုန်တန်ကို ပြည်သူ့အုပ်ချုပ်ရေး အပိုင်းနှင့် အစိုးရမူဝါဒချမှတ်မှု အပိုင်းများတွင် ကူညီလိမ့်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
စက်တင်ဘာ ၁၆ ရက်က ထုတ်ပြန်ခဲ့သည့် ပေတုန်တန်၏ အမိန့်အရ ထိုမူဝါဒ အကြံပေးများအဖွဲ့ကို သက်ဆင်၏ ဝန်ကြီးချုပ် သက်တမ်းကာလဖြစ်သည့် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း စီးပွားရေးမူဝါဒ အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ပန်ဆက် ဗင်ယာရတ် ပန်ဆက် (Pansak Vinyaratn. Pansak) က ဦးဆောင်မည်ဖြစ် သည်။
ဒုတိယခေါင်းဆောင်အဖြစ် သက်ဆင်၏ အယုံကြည်ရဆုံး လက်ထောက်များထဲမှ တစ်ဦးဖြစ်သည့် ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဆူရာပွန် ဆူဘွန်လီ (Surapong Suebwonglee) က တာဝန်ယူမည်ဖြစ်သည်။
ကျန်အဖွဲ့ဝင် ၃ ဦးမှာ အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (NESDC) ဥက္ကဋ္ဌ ဆူပါဝူ ဆိုင်ချင်ဝါ (Supavud Saicheua)၊ ဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန်ဟောင်း ထုံထန် ချန်ဒရန်ဆူ (Tongthong Chandransu) နှင့် တရားရေးဝန်ကြီးဟောင်း ပွန်သက် သက်ကန်ဂျာနာ (Pongthep Thepkanjana) တို့ ဖြစ်သည်။
ထိုအကြံပေး ၅ ဦးသည် သက်ဆင် ဝန်ကြီးချုပ်လက်ထက်က ၎င်း၏ အတွင်းစည်းထဲမှ လူယုံများဖြစ်သည်။
ပေတုန်တန်နဲ့ဆရီသာကို တွေ့ရစဉ်
ဖြူးထိုင်းပါတီ၏ တရားဝင်ခေါင်းဆောင်သည် ပေတုန်တန် ဖြစ်သော်လည်း သက်ဆင်သည် ထိုပါတီ၏ နောက်ကွယ်မှ ကြိုးကိုင်သူဖြစ်ကြောင်း ယူဆခံထားရသည်။
ဘူရာဖာ (Burapha) တက္ကသိုလ်၏ နိုင်ငံရေးသိပ္ပံနှင့် ဥပဒေရေးရာ မဟာဌာနမှ ကထိကဖြစ်သူ အိုလန် သင်ဘန်တီယို (Olarn Thinbangtieo) ကမူ ထိုအကြံပေးပုဂ္ဂိုလ်များသည် ပေတုန်တန်၏ ပုံရိပ်ကို မြင့်တက် စေရန်နှင့် အစိုးရအဖွဲ့အတွင်း ပေတုန်တန်၏ အတွေ့အကြုံနည်းပါးမှုကို တစ်ဖက်တစ်လမ်းမှ ကူညီပေးလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
"အတွေ့အကြံများတဲ့ အကြံပေးအဖွဲ့ဟာ စီးပွားရေး လုပ်ငန်းရှင်တွေ၊ စွန့်ဦးတီထွင်သူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို မြှင့်တင်နိုင်ပါတယ်။ သူတို့ကို ရာထူးခန့်အပ်တာဟာ ငယ်ရွယ်တဲ့ ဝန်ကြီးချုပ်ရဲ့ အားနည်းချက်တွေ ကို ဖာထေးပေးဖို့ ဖြစ်ပါတယ်။ ပေတုန်တန်ရဲ့ နိုင်ငံရေးအတွေ့အကြုံ အားနည်းချက်ကြောင့် အကြံပေးပုဂ္ဂိုလ်တွေ ကို မရှိမဖြစ် လိုအပ်ပါတယ်" ဟု အိုလန်က ပြောကြားခဲ့သည်။
ထို့ပြင် အကြံပေးပုဂ္ဂိုလ်များသည် ပေတုန်တန်အပေါ် လူထု၏ ယုံကြည်မှုကို တည်ဆောက်ပေးမည်ဖြစ်ပြီး ပေတုန်တန်ကို သက်ဆင်က ကြိုးကိုင်နေသည်ဆိုသည့် စွပ်စွဲချက်များကို လွင့်ပြယ်စေရန် အထောက်အကူ ပြုပေးနိုင်လိမ့်မည်ဟုလည်း အိုလန်က ဆိုသည်။
ပေတုန်တန်၏ မူဝါဒအကြံပေးအဖွဲ့ အကြီးအကဲဖြစ်သည့် ပန်ဆက်သည် အဖွဲ့ဝင်များထဲတွင် အသက်အကြီးဆုံး ဖြစ်ပြီး သူ့အသက်သည် ၈၁ နှစ်အရွယ်ရှိပြီဖြစ်သည်။
သူသည် စီးပွားရေးနှင့် နိုင်ငံတကာဆက်ဆံရေးတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး လန်ဒန်တက္ကသိုလ်မှ နိုင်ငံတကာ ဥပဒေပညာဖြင့် ဘွဲရရှိခဲ့သူဖြစ်သည်။
သူသည် Krungthai ဘဏ်တွင် အသက်မွေးဝန်းကြောင်း အလုပ်ကို စတင်ခဲ့ပြီးနောက်ပိုင်းတွင် မီဒိယာဘက်သို့ ကူးပြောင်းခဲ့ကာ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် Bangkok World သတင်းစာတွင် သတင်းထောက်အဖြစ် စတင် လုပ်ကိုင်ခဲ့သည်။
သက်ဆင်နဲ့ ပေတုန်တန်ကို တွေ့ရစဉ်
ထို့နောက် ၁၉၇၀ ပြည့်နှစ်တွင် Jaturat အမည်ရှိ လစဉ်ထုတ် မဂ္ဂဇင်းကို ထူထောင်ခဲ့ပြီးနောက် ၅ နှစ်အကြာတွင် ထိုမဂ္ဂဇင်းသည် အပတ်စဉ်ထုတ် သတင်းစာအဖြစ် ပြောင်းလဲခဲ့သည်။
၁၉၇၆ ခုနှစ်၊ အောက်တိုဘာလက စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် ၎င်း၏ လက်ဝဲယိမ်း အပတ်စဉ်ထုတ် သတင်းစာသည် ရပ်နားသွားခဲ့ကာ ပန်ဆက်သည် လူ့အသိုင်းအဝိုင်းအတွက် ခြိမ်းခြောက်မှု တစ်ခုအဖြစ် တံဆိပ် ကပ်ခံခဲ့ရပြီး အကျဉ်းချခံခဲ့ရသည်။
အမေရိကန်အစိုးရ၏ မေတ္တာရပ်ခံချက်ကြောင့် နောက်ပိုင်းတွင် ပန်ဆက်သည် ပြန်လည်လွတ်မြောက်ခဲ့သည်။
ထောင်မှလွှတ်မြောက်ခဲ့ပြီးနောက် ပန်ဆက်သည် နိုင်ငံအတွင်းမှ ထွက်ခွာက အမေရိကန်တွင် ၂ နှစ်ကျော် နေထိုင်ခဲ့ပြီး ထိုင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။
၁၉၈၈ ခုနှစ်က ချတ်တီချိုင်း ချွန်ဟာဗန် (Chatichai Choonhavan) အစိုးရလက်ထက်တွင် ပန်ဆက်သည် ဝန်ကြီးချုပ်၏ အကြံပေးပုဂ္ဂိုလ်အဖွဲ့ကို ဦးဆောင်ခဲ့သည်။
၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း သက်ဆင်၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ ချိန်ကလည်း ပန်ဆက်သည် သက်ဆင်နောမစ် (Thaksi nomics) ဟု လူသိများသည့် သက်ဆင်၏ စီးပွားရေး အတွေးအမြင်ဆိုသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးမူဝါဒဖြင့် ချီးကျူးခံခဲ့ရသည်။
ထို့ပြင် ပန်ဆက်သည် သက်ဆင်၏ နယ်ရုပ်များအဖြစ် ရှုမြင်ခံခဲ့ရသည့် ဆာမက် ဆွန်ဒါရာဝီ (Samak Sundaravej) နှင့် ယင်းလပ်ရှင်နာဝပ် (Yingluck Shinawatra) တို့၏ အစိုးရအဖွဲ့များတွင်လည်း အကြံပေးပုဂ္ဂိုလ် အဖြစ် ပါဝင်ခဲ့သည်။
ဖြူးထိုင်းပါတီ ဦးဆောင်သည့် အစိုးရတွင် ပေတုန်တန် မတိုင်မီ ယခင် ဖြူးထိုင်းပါတီ ဝန်ကြီးချုပ်ဖြစ်သည့် ဆရီသာ သာဗီဆင် (Srettha Thavisin) လက်ထက်တွင်လည်း ပန်ဆက်သည် အမျိုးသား အာဏာအပျော့ မဟာဗျူဟာ ကော်မတီတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူခဲ့ပြီး ထိုအချိန်က ပေတုန်တန်သည် ထိုကော်မတီ ၏ ဒုဥက္ကဋ္ဌ ဖြစ်သည်။
ထို့ပြင် အကြံပေးပုဂ္ဂိုလ်များအဖွဲ့၏ ဒုတိယခေါင်းဆောင်ဖြစ်သည့် ဆူရာပွန် (၆၇ နှစ်) သည်လည်း သက်ဆင် အစိုးရလက်ထက်တွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ(ICT)ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
ဆာမက် အစိုးရအဖွဲ့ လက်ထက်ကလည်း ဒုဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ဆရီသာ အစိုးရ၏ အာဏာအပျော့ ကော်မတီတွင်လည်း အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သည်။
ဒေါက်တာ ဆူရာပွန်သည် မဟီဒေါလ် တက္ကသိုလ် (Mahidol University) တွင် ဆေးပညာဖြင့် ဘွဲရခဲ့ပြီး ချူလာလောင်ကွန်း တက္ကသိုလ် (Chulalongkorn University) တွင် စီးပွားစီမံ မဟာဘွဲ့ကို ရရှိခဲ့သည်။
သူသည် နိုင်ငံရေးလောကထဲ မဝင်ရောက်မီ ဆေးပညာ ကတိကတစ်ဦးအဖြစ် တာဝန်ယူခဲ့ပြီး မဟီဒေါတက္ကသိုလ် ၏ ဆေးပညာမဟာဌာနတွင် ဒုတိယမဟာဌာနမှူးအဖြစ် တာဝန်ယူခဲ့သည်။
ပေတုန်တန်ကို တွေ့ရစဉ်
ထို့နောက် ICT ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဩဂုတ်လတွင် သက်ဆင်မိသားစု ပိုင်ဆိုင် သည့် Shin Satellite Plc ကုမ္ပဏီနှင့် သဘောတူညီမှုတစ်ခုတွင် အမှားအယွင်း ပြုလုပ်ခဲ့မှုဖြင့် တရားရုံးချုပ်၏ ရာဇဝတ်မှုဆိုင်ရာဌာနက ဆူရာပွန်ကို ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့သည်။
အသက် ၆၇ နှစ်အရွယ် ဆူပါဝူသည်လည်း စီးပွားရေးနှင့် ဘဏ္ဍာရေးနယ်ပယ်တွင် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။
သူသည် Phatra Securities Plc ကုမ္ပဏီတွင် သုတေသီအကြီးအကဲနှင့် အမှုဆောင် မန်နေဂျင်းဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည်။
လက်ရှိတွင် သူသည် အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (NESDC) ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
နောက်ထပ် အဖွဲ့ဝင်တစ်ဦးမှာ အသက် ၆၉ နှစ်အရွယ် ထုံထန် ဖြစ်ပြီး သူသည် သက်ဆင်၏ ညီမဖြစ်သူ ယင်းလပ်၏ အစိုးရလက်ထက်တွင် ဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ယူခဲ့သည်။
ထို့ပြင် သူသည် ချူလာလောင်ကွန်းတက္ကသိုလ်၏ ဥပဒေမဟာဌာနတွင် ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ဆင်၏ ယောက်ဖတော်စပ်သည့် ဝန်ကြီးချုပ် ဆွမ်ချိုင်း ဝေါင်ဆဝတ် (Somchai Wongsawat) ၏ အစိုးရ အဖွဲ့ လက်ထက်တွင် တရားရေးအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ပေတုန်တန် မတိုင်မီ ယခင်ဝန်ကြီးချုပ် ဆရီသာ လက်ထက်တွင်လည်း သူသည် အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။
နောက်ဆုံးအဖွဲ့ဝင် တစ်ဦးဖြစ်သည့် တရားသူကြီးဟောင်း ပွန်သက် (၆၈ နှစ်) သည် သက်ဆင် လက်ထက်က တရားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယင်းလပ် လက်ထက်တွင် ဒုဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ထို့ပြင် သူသည် သက်ဆင်၏ အကျင့်ပျက်ခြစားမှု စွဲချက်များနှင့် ရင်ဆိုင်နေရချိန်တွင် သက်ဆင်၏ ပုဂ္ဂိုလ်ရေး ပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ်ခံခဲ့ရသည်။
Source: Thai PBS World

- By CNI
- Category: ဆောင်းပါး
- Hits: 1789
CNI Sport Article
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၇
ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ် ကိုင်တွယ်နေတဲ့ ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် အဖွင့်ပွဲစဉ်မှာ တွမ်တီး အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တာကြောင့် နောက်ဆုံးကစားခဲ့တဲ့ ဥရောပပြိုင်ပွဲ ၉ ပွဲမှာ ၁ ပွဲသာ အနိုင်ရတဲ့အထိ ရလဒ်ဆိုးတွေကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းကို သူကိုင်တွယ်ခဲ့တဲ့ ပြီးခဲ့တဲ့ နှစ်ရာသီမှာ ကာရာဘောင်းဖလားနဲ့ FA ဖလားတို့ကို ရယူပေးနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်လိုပဲ ဥရောပပြိုင်ပွဲတွေမှာ အောင်မြင်မှုရယူနိုင်ဖို့ ရုန်းကန် နေရတာပါ။
အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းကို သူစတင် တာဝန်ယူခဲ့တဲ့ ၂၀၂၂-၂၃ ရာသီကတည်းကနေ အခုအချိန်ထိ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တွေမှာ ပွဲပေါင်း ၁၉ ပွဲ ကိုင်တွယ်ထားတာ ဖြစ်ပါတယ်။
ဒီပွဲတွေမှာ ယူနိုက်တက်အသင်းဟာ ၉ ပွဲနိုင်၊ ၄ ပွဲသရေနဲ့ ၆ ပွဲရှုံးနိမ့်ခဲ့တာပါ။ အဲရစ်တန်ဟတ်ဟာ ဒီနိုင်ပွဲ ၉ ပွဲထဲ မှာ ပထမရာသီက ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲ ၈ ပွဲအထိ ရယူနိုင်ခဲ့တာဖြစ်ပြီး အသင်းဟာ ကွာတား ဖိုင်နယ်အထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ကစားသမားတွေကို တွေ့ရစဉ်
ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ ယူနိုက်တက်အသင်းဟာ ကိုပင်ဟေဂင်အသင်းကိုသာ အနိုင်ရခဲ့တာပါ။ မန်ချက်စတာကလပ်ဟာ ကျန်အုပ်စုပွဲစဉ် ၅ ပွဲမှာ ၁ ပွဲသာ သရေကျခဲ့ပြီး ၄ ပွဲအထိ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုနောက်ဆုံးသာ ရရှိခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲကို ဆင်းပြီးယှဉ်ပြိုင်ခွင့်လည်း ဆုံးရှုံးခဲ့ရတာပါ။
ဥရောပပြိုင်ပွဲတွေမှာ ယူနိုက်တက်အသင်း ရလဒ်တွေဆိုးနေတာကို ဒီရာသီအစပွဲမှာလည်း မရပ်တန့်နိုင်ခဲ့ဘဲ တွမ်တီးအသင်းကို အိမ်ကွင်းမှာ သရေကျခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းအနေနဲ့ ယူရိုပါလိဂ် ပုံစံသစ်ကြောင့် လက်ကျန်ပွဲတွေအဖြစ် ပေါ်တို၊ ဖီနာဘာချီ၊ PAOK၊ ဘိုဒိုဂီလင့်မ်၊ ဗစ်တိုရီးယားပလာဇန်၊ ရိန်းဂျားစ်၊ စတူအာဘူခါရက်အသင်းတို့နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေတာပါ။
အဲဒါကြောင့် ယူနိုက်တက်အသင်းအနေနဲ့ ဥရောပပြိုင်ပွဲမှာ ရလဒ်ဆိုးနေတာကို အဆုံးသတ်ချင်တယ်ဆိုရင် ဒီပွဲတွေမှာ ရလဒ်ကောင်းတွေရယူပြီး နောက်တစ်ဆင့်တက်ဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
အဲရစ်တန်ဟတ်ဟာ တွမ်တီးအသင်းနဲ့ သရေကျခဲ့တဲ့ပွဲအပြီးမှာ အသင်းကိုရော သူ့ကိုယ်သူပါ ဝေဖန်မှု ပြုလုပ် သွားခဲ့တာပါ။
အဲရစ်တန်ဟတ်နဲ့ ယူနိုက်တက်ကစားသမားကိုတွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ တွမ်တီးအသင်းနဲ့ပွဲစဉ် အပါအဝင် ၂ ပွဲဆက် နိုင်ပွဲပျောက်ခဲ့တာကြောင့် သူ့အပေါ် ဖိအားအနည်းငယ် ကျရောက်လာခဲ့တာ ဖြစ်ပါတယ်။
အချက်အလက်တွေအရ အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းကို ဥရောပပြိုင်ပွဲတွေမှာ အနိုင် ၄၇ ရာခိုင်နှုန်းရအောင် ကိုင်တွယ်ထားတယ်လို့ သိရပါတယ်။
အဲရစ်တန်ဟတ် အတွက်တော့ ဒီအနိုင် ရာခိုင်နှုန်းဟာ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် နောက်ပိုင်း ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြတွေထဲမှာ အဆိုးရွားဆုံး မဟုတ်ခဲ့ပါဘူး။
ဆာအဲလက်စ်ဖာဂူဆန် ထွက်ခွာပြီးနောက်ပိုင်းမှာ ယူနိုက်တက်အသင်းကို နည်းပြ ၇ ဦး ကိုင်တွယ်ထားခဲ့ပြီး ကွင်းလယ်လူဟောင်း ကာရစ်ဟာ ယာယီနည်းပြအဖြစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၁ ပွဲကိုင်တွယ်ခဲ့တာမှာ ၁ ပွဲ အနိုင် ရခဲ့တာ ဖြစ်ပါတယ်။
မော်ရင်ဟိုက ယူနိုက်တက်အသင်းကို ဥရောပပြိုင်ပွဲတွေမှာ ၂၉ ပွဲ ကိုင်တွယ်ခဲ့ရာ ၁၈ ပွဲအနိုင်၊ ၅ ပွဲသရေ၊ ၆ ပွဲရှုံးနဲ့ အနိုင် ၆၂ ရာခိုင်နှုန်းအထိ ရှိခဲ့တာပါ။ မော်ရင်ဟိုဟာ ၂၀၁၇ ခုနှစ်မှာ ယူနိုက်တက်အသင်းကို ယူရိုပါလိဂ်ဖလား ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲရစ်တန်ဟတ်နဲ့ ယူနိုက်တက်ကစားသမားကိုတွေ့ရစဉ်
ဆိုးလ်ရှားကတော့ ဥရောပပြိုင်ပွဲတွေမှာ ယူနိုက်တက်အသင်းကို ၃၅ ပွဲ ကိုင်တွယ်ခဲ့ပြီး ၁၉ ပွဲနိုင်၊ ၆ ပွဲသရေနဲ့ ၁၀ ပွဲရှုံးနိမ့်ကာ အနိုင် ၅၄ ရာခိုင်နှုန်း ရှိခဲ့တာပါ။
ဒေးဗစ်မိုယက်စ်က အနိုင် ၅၀ ရာခိုင်နှုန်းရှိခဲ့ပြီး ဗန်ဟားလ်က အနိုင် ၃၀ ရာခိုင်နှုန်းနဲ့ ရက်ဂ်နစ်က အနိုင်ရာခိုင်နှုန်း မရှိခဲ့တာ ဖြစ်ပါတယ်။
အဲရစ်တန်ဟတ် အနေနဲ့ ဒီရာသီ ယူရိုပါလိဂ် လက်ကျန်ပွဲတွေမှာ ယူနိုက်တက်အသင်းကို အနိုင်ရလဒ်တွေ ရအောင်လုပ်ပေးနိုင်ရင် သူလည်း အနိုင်ရာခိုင်နှုန်းတွေ တိုးလာမှာပါ။
အဲရစ်တန်ဟတ်အတွက်တော့ ယူနိုက်တက်အသင်း နည်းပြဘဝ သူ့ရဲ့တတိယမြောက်ရာသီဟာ အလွန်အရေး ကြီးတဲ့အတွက် ဥရောပြိုင်ပွဲတင် မဟုတ်ဘဲ ပြိုင်ပွဲစုံမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ကြိုးပမ်းနေကြတာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့်ပွဲတွေအဖြစ် စပါး၊ အက်စတွန်ဗီလာ၊ ပေါ်တိုအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲတွေဟာ အဲရစ်တန်ဟတ်အတွက် အရေးပါနေပြီး ရလဒ်မကောင်းရင် Out ဆိုတဲ့ ဆူညံသံတွေက ထပ်ပြီး ထွက်ပေါ်လာနိုင်တာပါ။
အဲဒါကြောင့် အဲရစ်တန်ဟတ်အနေနဲ့ ဒီပွဲတွေမှာ ယူနိုက်တက်အသင်းကို ရလဒ်ကောင်း ရယူပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Source: Thesun

- By CNI
- Category: ဆောင်းပါး
- Hits: 899
CNI Sport Article
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၀
ဒီရက်ပိုင်းထဲမှာ ကစားသမား အများအပြားဟာ ပွဲစဉ်အရေအတွက် တိုးလာမှုအပေါ် ဆန့်ကျင်တဲ့ စကားတွေကို လူသိရှင်ကြား ထုတ်ပြောခဲ့ကြပြီး သပိတ်မှောက်ဖို့အထိပါ ပြောလာခဲ့ကြတာ ဖြစ်ပါတယ်။
ဒီရာသီမှာဆိုရင် ချန်ပီယံလိဂ်ပြိုင်ပွဲကို ပုံစံသစ်နဲ့ ပြောင်းလဲ ကျင်းပနေပြီး နွေရာသီမှာ အသင်းအရေအတွက် တိုးချဲ့ပြီး ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲလည်း ရှိနေတာပါ။
အဲဒါကြောင့် ဒီပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အသင်းတွေဟာ ပွဲအရေအတွက် အများကြီး ယှဉ်ပြိုင်ရ တော့မှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲ ပုံစံသစ်ကြောင့် အရင်က အုပ်စုအဆင့်မှာ ၆ ပွဲသာ ကစားခဲ့ရတာကနေ ၈ ပွဲအထိ ကစားရ တော့မှာပါ။
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့ အသင်းတွေဟာ အရင်ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၂ ပွဲသာ ကစားရပေမယ့် နွေရာသီမှာ အသင်းပေါင်း ၃၂ သင်းနဲ့ ပြောင်းလဲကျင်းပမယ့် ဒီပြိုင်ပွဲမှာ အနည်းဆုံးအုပ်စုအဆင့် ၃ ပွဲကစားရမှာပါ။
အုပ်စုအဆင့်ကနေ ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့တဲ့အသင်းဟာ ၇ ပွဲအထိ ကစားရမှာ ဖြစ်ပါတယ်။
ပြီးတော့ နေးရှင်းလိဂ်ပြိုင်ပွဲတွေ၊ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကလည်း နိုင်ငံတကာ ရက်သတ္တပတ်တွေမှာ ယှဉ်ပြိုင်ရဖို့ ရှိနေတာပါ။
မန်စီးတီးအသင်း ယှဉ်ပြိုင်နေစဉ်
ပွဲအရေအတွက် အများအပြား ယှဉ်ပြိုင်ရင် ကစားသမားတွေဟာ ပွဲပန်းပြီး သူတို့ရဲ့ အကောင်းဆုံးပုံစံတွေကို ရရှိဖို့ လွယ်ကူမှာ မဟုတ်တော့သလို မကြာခဏဆိုသလို ဒဏ်ရာတွေနဲ့ ရင်ဆိုင်လာရဖွယ် ရှိနေပါတယ်။
ဒီအချက်တွေကြောင့်လည်း ကစားသမားတွေဟာ ပွဲစဉ် အရေအတွက်တွေတိုးပြီး ထည့်သွင်းခဲ့တဲ့ UEFA (ဥရောပ ဘောလုံးအဖွဲ့ချုပ်) နဲ့ FIFA (ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်) တို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြီး ဒီပွဲတွေကို သပိတ်မှောက်ဖို့အထိပါ စီစဉ်နေကြတာဖြစ်ပါတယ်။
ရီးရယ်လ်နဲ့ မန်စီးတီးအသင်းတို့လို ချန်ပီယံလိဂ်နဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ၂ ခုစလုံးမှာ ပါဝင်ကစားရမယ့် အသင်းတွေဟာ ပြည်တွင်းပြိုင်ပွဲတွေပါ ပါဝင်မယ်ဆိုရင် တစ်ရာသီကို ပွဲပေါင်း ၇၀ ကျော်အထိ ကစားရနိုင်တာပါ။
မန်စီးတီးအသင်း ကွင်းလယ်လူ ရိုဒရီဟာ ပြီးခဲ့တဲ့ရာသီက နိုင်ငံနဲ့ ကလပ်အသင်းအတွက် ပွဲပေါင်း ၆၃ ပွဲကျော် အထိ ပါဝင်ကာ မိနစ်ပေါင်း ၆,၁၀၇ မိနစ်အထိ ကစားခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်ဆွဲသွားစဉ်
ရိုဒရီက "ကျနော်တို့ သပိတ်မှောက်ဖို့ နီးစပ်နေပြီလို့ ထင်ပါတယ်။ ဒီပုံစံအတိုင်းသာ ဆက်သွားမယ်ဆိုရင် ကျနော် တို့မှာ တခြားရွေးချယ်စရာ မရှိတော့ပါဘူး။ ဆက်ကြည့်ကြတာပေါ့"လို့ ပြောခဲ့တာပါ။
ရိုဒရီမတိုင်ခင်မှာ လီဗာပူးလ်အသင်း ဂိုးသမား အလီဆန်က ပွဲအရေအတွက်တွေတိုးမှာနဲ့ ပတ်သက်ပြီး ဘယ်သူ တွေက ကစားသမားတွေကို ပြောခဲ့လဲလို့ ဝေဖန်ခဲ့သလို သူတို့ပင်ပန်းနေပြီလို့လည်း ပြောလိုက်ပါတယ်။
ပွဲအရေအတွက် တိုးတဲ့အပေါ်မှာ အရင်ကတည်းက ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပေမယ့် အခုအချိန်မှာ ဝေဖန်မှုတွေက ပိုပြီးတိုးလာခဲ့တာပါ။
မန်စီးတီးအသင်း ကွင်းလယ်လူ ဒီဘရိုင်းဆိုရင် ငွေကြေးက ကစားသမားတွေရဲ့ အသံထက် ပိုပြီးကျယ်လောင် တယ်လို့ FIFA နဲ့ UEFA ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဂိုးသမား ကော့တွိုက်စ်က သူတို့ဟာ ငွေကြေး အများကြီး ရတာကြောင့် ညည်းညူလို့ မရဘူး ဆိုပြီး ပြောနေကြတာတွေက မှန်ပေမယ့် ကစားသမားတွေက အကောင်းဆုံးပုံစံနဲ့ အမြဲတမ်း ကစားနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဆောက်သမ်တန်အသင်းနည်းပြ မာတင်က ပွဲအရေအတွက် များပြားလာရင် ထိပ်တန်းအဆင့်တွေရဲ့ အရည်အသွေးတွေဟာ လျော့ကျသွားမှာဖြစ်ပြီး ပွဲစဉ် အချိန်ဇယားတွေနဲ့ ပတ်သက်ပြီး အလွန်သတိထားဖို့ လိုတယ်လို့ ထောက်ပြခဲ့ပါတယ်။
FIFA ကိုတွေ့ရစဉ်
ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့အစည်း (FIFPRO)က FIFA ကို ဘောလုံးလောကအပေါ် ကြီးစိုးမှုကို အလွဲသုံးစား ပြုလုပ်နေတယ်ဆိုပြီး တရားဥပဒေအရ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
FIFA ၊ UEFA တို့အနေနဲ့ ကစားသမားတွေ ပြောခဲ့တဲ့အသံတွေကို မသိကျိုးကျွန် ဆက်လုပ်မနေဘဲ အဖွဲ့အစည်း အချို့နဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီး အဖြေရှာမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
ဒီလိုမှ မဟုတ်ရင်တော့ ကစားသမားတွေရဲ့ သပိတ်မှောက်မှုတွေကို မကြာခင်မှာ မြင်တွေ့လာရဖို့ရှိနေတာ ဖြစ်ပါတယ်။

- By CNI
- Category: ဆောင်းပါး
- Hits: 1078
CNI Sport Article
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၃
ကမ္ဘာ့ဖလား ချန်ပီယံဆုကို စံချိန်တင် ၅ ကြိမ်အထိ ပိုင်ဆိုင်ထားပြီး ကမ္ဘာကျော်ကစားသမား အများအပြား ထွက်ပေါ်တဲ့ ဘရာဇီးလ်အသင်းဟာ နောက်ဆုံးပွဲတွေမှာ အံ့အားသင့်ဖွယ်ရလဒ်တွေ ဆိုးနေခဲ့တာ ဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား(တောင်အမေရိကဇုန်)ခြေစစ်ပွဲမှာ ပါရာဂွေး အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီးနောက် ကစားထားတဲ့ ခြေစစ်ပွဲ ၈ ပွဲမှာ ၄ ပွဲအထိ ရှုံးပွဲကြုံတွေ့ထားတာပါ။
ဘရာဇီးလ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၄ ပွဲမှာဆိုရင် ၄ ပွဲသာ အနိုင်ရခဲ့တာဖြစ်ပြီး ဒါကိုကြည့်ရရင် ရလဒ်တွေ အလွန်ဆိုးနေတာကို မြင်တွေ့ရတာ ဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (တောင်အမေရိကဇုန်) အမှတ်ပေးဇယားမှာ ဘရာဇီးလ်အသင်းဟာ အဆင့် ၅ နေရာ ရပ်တည်နေပေမယ့် သူ့ရဲ့အနောက်မှာ ရှိနေတဲ့ အသင်းတွေနဲ့ အမှတ်မကွာဟတာကြောင့် စိုးရိမ်စရာ အခြေအနေ ကို ရောက်ရှိနေတာပါ။
ဘရာဇီးလ်အသင်းနည်းပြ ဒိုရီဗယ်လ်ဂျူနီယာက ပါရာဂွေးအသင်းနဲ့ ပွဲမတိုင်ခင်မှာ သူတို့ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဗိုလ်လုပွဲကို တက်နိုင်မယ်လို့ ပြောထားတာ ဖြစ်ပါတယ်။
ဘရာဇီးလ်အသင်း ယှဉ်ပြိုင်နေစဉ်
ဒီပြောစကားဟာ ဘရာဇီးလ်အသင်းရဲ့ လက်ရှိအနေအထားနဲ့ဆိုရင် လှောင်ပြောင်ချင်စရာ ကောင်းနေတာပါ။
လက်ရှိ ဘရာဇီးလ်အသင်း အစုအဖွဲ့ဟာ အရင် ဂန္ထဝင်ကစားသမား အစုအဖွဲ့တွေနဲ့ ပြန်ပြီးနှိုင်းယှဉ်မယ်ဆိုရင် ဆီနဲ့ရေလို ကွာခြားနေတာ ဖြစ်ပါတယ်။
နေမာ မပါဝင်တာကြောင့် ဘရာဇီးလ်အသင်းဟာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ပိုပြီးလျော့နည်း စေတယ်ဆို တာ အမှန်ပါပဲ။
ဘရာဇီးလ်အသင်း ဂန္ထဝင်တွေအပြင် အခုအသင်းတွေမှာ ပါဝင်နေတဲ့သူကလည်း နေမာ အမြန်ဆုံးပါဝင်နိုင်ဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။
အချက်အလက်တွေအရဆိုရင် ဘရာဇီးလ်အသင်းဟာ နေမာ ပါဝင်ချိန်မှာ ရလဒ်တွေ ကောင်းမွန်ပြီး သူမပါဝင်နိုင် ချိန်မှာ ရလဒ်တွေ မကောင်းဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။
ဘရာဇီးလ်အသင်းဟာ နေမာ ပါဝင်တဲ့အချိန် ကစားခဲ့တဲ့ ၁၂၈ ပွဲမှာ ၉၂ ပွဲ အနိုင်ရခဲ့ပြီး ၂၄ ပွဲသရေကျကာ ၁၂ ပွဲ ရှုံးနိမ့်ခဲ့တာပါ။
နေမာကို တွေ့ရစဉ်
နေမာ မပါဝင်တဲ့အချိန် ပွဲပေါင်း ၆၀ ကစားခဲ့တာမှာ ဘရာဇီးလ်အသင်းဟာ ၃၃ ပွဲ အနိုင်ရပြီး ၁၄ ပွဲသရေနဲ့ ၁၃ ပွဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ဘရာဇီးလ်အသင်းဟာ နေမာ ကြံ့ခိုင်မှုအပြည့်နဲ့ အမြန်ဆုံးပါဝင်နိုင်ဖို့ မျှော်လင့်နေတာပါ။
ဘရာဇီးလ်အသင်းဟာ လက်ရှိအချိန်မှာ ရလဒ်တွေ ဆိုးနေသလို အောင်မြင်မှုတွေနဲ့လည်း ဝေးကွာနေတာ ကြာနေပြီ ဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၅ ကြိမ် ရယူထားပေမယ့် နောက်ဆုံး ရယူနိုင်ခဲ့တာက ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါ။
အဲဒါကြောင့် ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလား ချန်ပီယံဆုနဲ့ ဝေးကွာနေတာ ၂၄ နှစ်ရှိပြီဖြစ်ပြီး ဒီနောက်ပိုင်းမှာ အအောင်မြင်ဆုံးအဖြစ် အိမ်ကွင်းမှာ ကျင်းပခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတုတ္ထရရှိခဲ့တာ ဖြစ်ပါတယ်။
ဒါအပြင် ကိုပါအမေရိက ချန်ပီယံဆုကို ၉ ကြိမ် ရရှိထားတဲ့ ဘရာဇီးလ်အသင်းဟာ ဒီပြိုင်ပွဲမှာ နောက်ဆုံး ချန်ပီယံ ဆု ရယူနိုင်ခဲ့တာကတော့ ၂၀၁၉ ခုနှစ်ကဖြစ်ပြီး နောက်ဆုံး ၂ ကြိမ်ဖြစ်တဲ့ ၂၀၂၁ မှာ ဒုတိယနဲ့ ၂၀၂၄ ပြိင်ပွဲမှာ ကွာတားဖိုင်နယ်အထိသာ ရောက်ရှိခဲ့တာပါ။
ဘရာဇီးလ်အသင်းသားတွေကို တွေ့ရစဉ်
အဲဒါကြောင့် ဘရာဇီးလ်အသင်းဟာ အောင်မြင်မှုတွေ ပြန်ရနိုင်ဖို့ မျှော်လင့်နေပေမယ့် လက်ရှိအချိန်မှာတော့ ရလဒ်ကောင်းတွေရဖို့နဲ့ အသင်းကို တိုးတက်အောင်လုပ်ဖို့ကို ဦးစားပေးရဖို့ရှိနေတာ ဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်အမေရိကဇုန်ရဲ့ ထိပ်ဆုံး ၆ သင်းဟာ တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပြီး အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့ အသင်းက ပလေးအော့ဖ်ကနေ ဝင်ခွင့်ရဖို့ ကြိုးစားရမှာပါ။
အဲဒါကြောင့် ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ခွင့်ရနိုင်ပေမယ့် ပေါ့ဆမယ်ဆိုရင် ကြီးမားတဲ့ ပေးဆပ်မှုတွေနဲ့ ကြုံတွေ့သွားရနိုင်ပါတယ်။
ဘရာဇီးလ်အသင်းဟာ လာမယ့် အောက်တိုဘာလထဲမှာ ချီလီ၊ ပီရူးအသင်းတို့နဲ့ ခြေစစ်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲတွေမှာ ခြေစွမ်းကောင်း၊ ရလဒ်ကောင်းတွေ ရယူပြီး ရလဒ်ဆိုးတွေကနေ ရုန်းထွက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 2925
CNI International Article
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၃
တရုတ်နိုင်ငံ၏ ရှုပ်ထွေးလှသည့် လူမှုရေးနှင့် စီးပွားရေး အခင်းအကျင်းကြောင့် တရုတ်တွင် ဝင်ငွေနှင့် ချမ်းသာ ကြွယ်ဝမှု အခြေအနေကို သိရှိရန် ခက်ခဲလှသည်။
သို့သော် နိုင်ငံတစ်ဝန်း လုပ်ခလစာငွေများ တိုးတက်ခြင်းမရှိဘဲ တန့်နေသည့် လက္ခဏာများ မြင့်တက်လာခြင်း သို့မဟုတ် လုပ်ငန်းကဏ္ဍ အသီးသီးတွင် အကျဘက်သို့ရောက်သည့် အခြေအနေများက စားသုံးသူများ၏ ငွေကြေး သုံးစွဲမှုများ၊ တစ်နည်းအားဖြင့် စားသုံးသူများ၏ ဝယ်လိုအားကို မြှင့်တင်လိုသော တရုတ်အစိုးရ၏ ကြိုးပမ်း အားထုတ်မှုများကို ခြိမ်းခြောက်နေသည်။
တရုတ်အစိုးရက ထုတ်ပြန်သည့် ဝင်ငွေကိန်းဂဏန်းများ၏ အချက်အလက်များတွင်မူ အားတက်စရာကောင်းသည့် ကိန်းဂဏန်းများကို တွေ့ရမည်ဖြစ်သည်။
တရုတ်အမျိုးသား စာရင်းဇယားဗျူရို၏ အချက်အလက်များအရ ယခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်၏ လူတစ်ဦးချင်းစီ သုံးစွဲနိုင်သည့် ဝင်ငွေသည် ပြီးခဲ့သည့် ပထမနှစ်ဝက်ထက် ၅ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယွမ် ၂၀၇၇၃ ယွမ် (အမေရိကန်ဒေါ်လာ ၃၀၀၀၀) ရှိခဲ့ကြောင်း ဖော်ပြထားသည်။
ဝင်ငွေတိုးတက်မှုနှုန်းသည် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းနှင့် တန်းတူဖြစ်ပြီး စားသုံးသူ ငွေကြေး ဖောက်ပွမှုထက် မြင့်မားနေသဖြင့် ပြည်သူများ၏ စားဝတ်နေရေးနှင့် ငွေကြေးသုံးစွဲနိုင်သည့် အခြေအနေသည် မြင့်တက်လာသည့်သဘော ဖြစ်သည်။
မည်သို့ပင်ဆိုစေ မြေပြင်တွင် ကြုံတွေ့နေရသည့် အခြေအနေများနှင့် အခြား တရားဝင် ထုတ်ပြန်ချက်များတွင်မူ ထိုသို့ မဟုတ်ဘဲ ကွဲလွဲချက်များရှိနေသည်။
ဥပမာအားဖြင့် တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်မူ ယခုနှစ် ပထမနှစ်ဝက်အတွင်း လူတစ်ဦး ချင်းစီ၏ ဝင်ငွေခွန်ဆောင်သည့် နှုန်းထားသည် ပြီးခဲ့သည့် ပထမနှစ်ဝက်နှင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၇ ရာခိုင်နှုန်း လျော့ကျနေကြောင်း ဖော်ပြခဲ့သည်။
တရုတ်သည် ဝင်ငွေခွန်ကို လျှော့ချဖြတ်တောက်ခဲ့ခြင်း မရှိခဲ့သည့် အချိန်မှစပြီး ဝင်ငွေခွန်များ လျော့ကျမှုသည် နိုင်ငံအတွင်းရှိ လုပ်ခလစာများ လျော့နည်းလာမှုနှင့် တိုက်ရိုက်အချိုးကျနေသည်။
တရုတ်၏ လူမှုမီဒီယာများ ပေါ်တွင်လည်း လစာငွေလျော့ကျခြင်း၊ အလုပ်များ ရှားပါးခြင်း အစရှိသည့် အကြောင်းအရာဖြင့် ပြည့်နှက်နေသည်။
ကုန်တိုက်တစ်ခုမှာ ဈေး၀ယ်နေကြသူများကို တွေ့ရစဉ်
မကြာသေးမီက တရုတ်နိုင်ငံရှိ IBM ကုမ္ပဏီမှ ဝန်ထမ်း ၁၀၀၀ ကျော် အလုပ်ပြုတ်ခဲ့သည့် ဖြစ်စဉ်သည် ပြည်ပ စီးပွားရေးလုပ်ငန်းများအကြား အလုပ်အကိုင်များ ရှားပါးလာသည့် ထင်ရှားသော ဥပမာတစ်ခုဖြစ်သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ကမ္ဘာ့ဒုတိယစီးပွားရေး အင်အားအကြီးဆုံး တရုတ်နိုင်ငံတွင် မော်တော်ယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီများမှအစ ဆေးဝါးထုတ်လုပ်သော ကုမ္ပဏီများအထိ နိုင်ငံတကာကုမ္ပဏီကြီးများ ဖွင့်လှစ်ခဲ့သော်လည်း လက်ရှိအချိန်မှာတော့ ထိုကုမ္ပဏီများသည် တရုတ်ပြည်တွင်း လည်ပတ်နေသည့် ၎င်းတို့၏ လုပ်ငန်းများကို အရှိန်လျှော့ချနေသည်။
တစ်ချိန်က ခိုင်မာအားကောင်းခဲ့သည့် တရုတ်၏ အင်တာနက်ဝန်ဆောင်မှုနှင့် ဘဏ္ဍာရေးလုပ်ငန်းသည်လည်း လက်ရှိတွင် ပြန်လည်ခိုင်မာ အားကောင်းအောင် တည်ဆောက်နေရသော အဆင့်မှာပင် ရှိနေဆဲဖြစ်သည်။
လစာငွေနည်းပါးမှုများ သို့မဟုတ် လစာငွေလျှော့ချ ဖြတ်တောက်မှုများသည် မထူးဆန်းသည့် အနေအထားတစ်ခု ဖြစ်လာခဲ့ပြီး တစ်ချိန်က "ရွှေပန်းကန်များ" ဟု တင်စားခံရသည့် တရုတ်၏ အလုပ်အကိုင်များသည် လက်ရှိအချိန် တွင် အရောင်အသွေး မှေးမှိန်လာခဲ့သည်။
မြေရောင်းချမှုများမှ ဝင်ငွေများ လျော့ကျလာသဖြင့် ဒေသန္တရအစိုးရများသည် ငွေကြေးချွတ်ချုံ့ကျမည့် အခြေအနေမှ ရုန်းထွက်ရန် ရုန်းကန်နေရသည်။
ဒေသခံအာဏာပိုင်များသည် ဝန်ထမ်း အများအပြားကို ရာထူးမှ မဖြုတ်သေးသော်လည်း ဆေးရုံများနှင့် ဘတ်စ် ကား ကုမ္ပဏီများကဲ့သို့ ပြည့်သူ့ဝန်ဆောင်မှု အစိုးရဌာနများရှိ ပြည်သူ့ဝန်ထမ်းများအတွက် ခံစားခွင့်ပေးထားသည့် အပိုဆုကြေးငွေများ၊ ထောက်ပံ့ကြေးများကို လျှော့ချနေသော သတင်းများ ထွက်ပေါ်နေသည်။
ရွှေ့ပြောင်းလုပ်သားများနှင့် အချိန်ပိုင်း လုပ်သားများကဲ့သို့ အခြား လူမှုဝန်ထမ်းအဖွဲ့အစည်းများ၏ ဝင်ငွေ အခြေအနေသည်လည်း စိတ်ဓာတ်ကျစရာဖြစ်နေသည်။
ဆောက်လုပ်ရေးနှင့် ကုန်ထုတ်လုပ်ရေး လုပ်ငန်းများသည် တရုတ်တွင်ရှိသည့် ရွှေ့ပြောင်းလုပ်သား သန်း ၃၀၀ ၏ ထက်ဝက်နီးပါးကို အလုပ်ပေးထားနိုင်သော်လည်း မြေနေရာ အခက်အခဲများနှင့် လူအစား စက်များကို အစားထိုး ပြီး လုပ်ငန်းလည်ပတ်နေမှုများကြောင့် ကျွမ်းကျင်မှုနည်းပါးသည့် အလုပ်အကိုင်များ ပျောက်ကွယ်သွားခဲ့သည်။
တရုတ်နိုင်ငံအတွင်းက လူစည်ကားရာနေရာတစ်ခုကိုတွေ့ရစဉ်
အငှားကား မောင်းနှင်မှုနှင့် အစားအစာ ပို့ဆောင်မှုကဲ့သို့ အချိန်ပိုင်း အလုပ်အကိုင် စျေးကွက်တွင်လည်း အလုပ်အကိုင်များ ရရှိရေးအတွက် ပြိုင်ဆိုင်မှု ပြင်းထန်လျက်ရှိသည်။
လုပ်ခလစာငွေများ တုံ့ဆိုင်းနေမှုသည် တရုတ်၏ အိမ်ထောင်စုလိုက် ချမ်းသာကြွယ်ဝမှုနှုန်း ကျဆင်းလာချိန်တွင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
ဝင်ငွေဖွံ့ဖြိုးတိုးတက်မှု နှေးကွေးမှုနှင့် ချမ်းသာကြွယ်ဝမှုရလဒ် ကွယ်ပျောက်နေသည့် အခြေအနေ နှစ်ခု ပေါင်းစည်းမှုသည် တရုတ်၏ စားသုံးသူများ၏ ယုံကြည်ချက်ကို အနိမ့်ဆုံး အခြေအနေအထိ ဆွဲချရာရောက်ခဲ့ သည်။
ထိုအခြေအနေက စားသုံးသူများ၏ အသုံးစရိတ်များ လျော့ကျမှုကို ဖြစ်စေခဲ့သည်။
ဥပမာအားဖြင့် ဘေကျင်းမြို့တော်တွင် ယခုနှစ် ပထမ ၆ လအတွင်း အကြီးစား စားသောက်ဆိုင်များ၏ စုပေါင်း အမြတ်ငွေသည် ပြီးခဲ့သည့်နှစ် ပထမ ၆ လတာ ကာလနှင့် နှိုင်းယှဉ်ပါက ၈၈ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျခဲ့သည်။
တရုတ်အစိုးရသည် လွန်ခဲ့သည့် ၂ နှစ်အတွင်း စားသုံးသူများ၏ ငွေကြေးသုံးစွဲမှုကို မြှင့်တင်ရန် အားထုတ် ကြိုးပမ်း မှုများ ပြုလုပ်ခဲ့သည်။
တရုတ်ဘုံကျောင်းကိုတွေ့ရစဉ်
ထိုအားထုတ် ကြိုးပမ်းမှုများ ရှိခဲ့သော်လည်း စျေးကွက်အတွင်းရှိ ထုတ်ကုန်များနှင့် ဝန်ဆောင်မှု လုပ်ငန်းများသည် မျှော်မှန်းထားသလောက် ကောင်းမွန်ခဲ့ခြင်းမရှိသဖြင့် စားသုံးသူများ၏ ငွေကြေးသုံးစွဲမှုကို မြှင့်တင်နိုင်ခဲ့ခြင်း မရှိ ကြောင်း ယေဘုယျအားဖြင့် မှတ်ယူနိုင်သည်။
ညစျေးများ ဖွင့်လှစ်ခြင်းကဲ့သို့ စားသုံးသူများ၏ ငွေကြေးသုံးစွဲမှုကို မြှင့်တင်ရန် ကြိုးပမ်းမှုများသည် အသုံးမဝင်ပေ။
အဘယ်ကြောင့်ဆိုသော် အိမ်ထောင်စုလိုက် ဝင်ငွေလျော့ကျနေမှုက စားသုံးသူကဏ္ဍတွင် ငွေကြေးသုံးစွဲမှုကို ဟန့်တားရာ ရောက်နေခြင်းကြောင့် ဖြစ်သည်။
ဥပမာအားဖြင့် လစာဝင်ငွေ နည်းလာသူများသည် ၎င်းတို့၏ အသုံးစရိတ်ကို တတ်နိုင်သမျှ ချုံ့လာခြင်းကြောင့် ဖြစ်သည်။
တရုတ်တွင် ဆယ်စုနှစ် ၄ စုကျော် စီးပွားရေး ထွန်းကားလာပြီးနောက် လက်ရှိ၌ စီးပွားရေးကို အဆင့်မြှင့်တင်ရန် အိမ်ထောင်စုများအတွက် ဝင်ငွေများကို ပြန်လည်သတ်မှတ်ဖို့ လိုအပ်သည်။
စီးပွားရေး လှုပ်ရှားမှု အစီအစဉ်များကို ပြန်လည် စဉ်းစားသုံးသပ်ရန်အတွက် ဖြစ်နိုင်ခြေအရှိဆုံး ချဉ်းကပ်မှုမှာ ရှုပ်ထွေးပြီး အလုပ်မတွင်သည့် ဗျူရိုကရေစီယန္တရားကို လျှော့ချရန်နှင့် အိမ်ထောင်စုများအတွက် သတ်မှတ်ထား သည့် အခွန်များကို သိသိသာသာ လျှော့ချရန်ဖြစ်သည်။
Source: SCMP

- By CNI
- Category: ဆောင်းပါး
- Hits: 1081
CNI Sport Article
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၆
ဘောလုံးလောကရဲ့ခေတ်ပြိုင် ဂန္ထဝင်နှစ်ဦးဖြစ်တဲ့ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုနဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီတို့ရဲ့ခေတ်တစ်ခုဟာ အဆုံးသတ်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အတွက် ချီးမြှင့်မယ့် ဘောလွန်းဒီအောဆုအတွက် ဆန်ခါတင် ကစားသမားစာရင်းတွေကို ထုတ်ပြန် ခဲ့တာမှာ ရော်နယ်ဒိုနဲ့ မက်ဆီတို့နှစ်ဦးစလုံး ပါဝင်ခဲ့ခြင်းမရှိတာပါ။
ဒါဟာ ၂၀၀၃ ခုနှစ် နောက်ပိုင်း ၂၁ နှစ်အတွင်း ပထမဆုံးအကြိမ် သူတို့နှစ်ဦးစလုံး မပါဝင်တဲ့ ဘောလွန်းဒီအောဆု ဆန်ခါတင်စာရင်း ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ် ၂ ခုအတွင်းမှာ ဘောလုံးလောကကို ကြီးစိုးထားပြီး ဘောလွန်းဒီအောဆုကို နှစ်ဦးပေါင်း ၁၃ ခု (မက်ဆီ ၈ ခု၊ရော်နယ်ဒို ၅ ခု)အထိ ရယူထားတဲ့ သူတို့နှစ်ဦး ဒီစာရင်းထဲမှာ မပါဝင်တော့တာဟာ ဘောလုံး ပရိသတ်တွေအတွက် ဝမ်းနည်းစရာကောင်းခဲ့တာ အမှန်ပါပဲ။
ရော်နယ်ဒိုနဲ့ မက်ဆီကိုတွေ့ရစဉ်
သူတို့နှစ်ဦးစလုံးဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ အောင်မြင်မှုတွေ အများကြီး ရယူပြီးနောက် ဥရောပကနေ ထွက်ခွာကာ အာရှနဲ့ အမေရိကမှာ သွားရောက်ပြီး ကစားသမားဘဝကို ဆက်ဖြတ်သန်းနေကြတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ မက်ဆီတို့ နှစ်ဦးစလုံးဟာ အခုအချိန်ထိလည်း အောင်မြင်မှုတွေရရှိဖို့ ဆာလောင်နေပေမယ့် သူတို့ရဲ့ ကစားသမားဘဝဟာ မဝေးတော့တဲ့ အနာဂတ်မှာ အဆုံးသတ်ဖို့ ရှိလာပြီဖြစ်တာပါ။
ပရိသတ်တွေကတော့ သူတို့ရဲ့ပြိုင်ဆိုင်မှု အဆုံးသတ်သွားခဲ့ပြီဖြစ်သလို ခေတ်တစ်ခုကိုပါ အဆုံးသတ်သွားခဲ့ပြီလို့ မှတ်ချက်တွေ ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ရော်နယ်ဒိုက အသက် ၃၉ နှစ်၊ မက်ဆီက အသက် ၃၇ နှစ် ရောက်ရှိနေပြီ ဖြစ်တာကြောင့် သူတို့ နှစ်ဦးကစားတဲ့ ပွဲတွေကို အများကြီးကြည့်ရဖို့ မရှိတော့တာပါ။
ရော်နယ်ဒိုနဲ့ မက်ဆီကိုတွေ့ရစဉ်
နှစ်ဦးစလုံးကတော့ အခုအချိန်ထိ ပရိသတ်တွေကို ဖျော်ဖြေပေးနိုင်ဖို့ စိတ်အားထက်သန်နေဆဲဖြစ်ပြီး သူတို့ အကောင်းဆုံး မလုပ်နိုင်တော့ဘူးလို့ ခံစားရရင် အနားယူမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဒီလိုတွေ ပြောနေပေမယ့် သူတို့နှစ်ဦးရဲ့ ခေတ်တစ်ခုဟာ အဆုံးသတ်လာခဲ့ပြီဆိုတာ လက်ခံရတော့မှာပါ။
ရော်နယ်ဒိုနဲ့ မက်ဆီရဲ့ အားပြိုင်မှုတွေ၊ သူတို့ရဲ့အောင်မြင်မှုတွေကို မျက်ဝါးထင်ထင် ကြည့်ခဲ့ရပြီး ဝေဖန်မှုတွေ၊ လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့တဲ့ သူတွေအတွက်တော့ သူတို့နှစ်ဦးရဲ့ ခေတ်တစ်ခု အဆုံးသတ်ပြီး မကြာခင်မှာ ကစားသမားဘဝက အနားယူလာမယ့်အပေါ် ဝမ်းနည်းနေကြတယ်ဆိုတာ ငြင်းလို့မရပါဘူး။
သူတို့နှစ်ဦးဆိုရင် ဒီဘက်ခေတ်မှာရှိနေတဲ့ အသက်အရွယ်ကြီးတဲ့ သူတွေ၊ လူလတ်ပိုင်းနဲ့ လူငယ်တွေ အားလုံး သိရှိကြတာဟာ သူတို့နှစ်ဦးရဲ့ ဖျောက်ဖျက်လို့မရတဲ့ မှတ်တမ်းလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ မက်ဆီကိုတွေ့ရစဉ်
မက်ဆီ ပရိသတ်ပဲဖြစ်ဖြစ်၊ ရော်နယ်ဒို ပရိသတ်ပဲဖြစ်ဖြစ် ဘောလုံးကို ချစ်တဲ့လူတိုင်းက သူတို့နှစ်ဦး ပါဝင်တဲ့ ပွဲတွေကို အနည်းနဲ့ အများတော့ ကြည့်ဖူးကြမှာပါ။
ဘောလုံးလောကကြီးရဲ့ စင်မြင့်ထက်ကို နှစ်ပေါင်း ၂၀ ကြာ မျှဝေသုံးစွဲခဲ့ရတဲ့ သူတို့နှစ်ဦးဟာ အခုအချိန်မှာတော့ နောက်မျိုးဆက်သစ်တွေကို နေရာပေးဖို့ အချိန်တန်လာခဲ့ပြီ ဖြစ်ပါတယ်။
သူတို့နှစ်ဦးနောက်ပိုင်း ဘယ်ကစားသမားတွေက သူတို့တွေလို ဘောလုံးလောကကြီးကို နှစ်ပေါင်းများစွာကြာ ကြီးစိုးထားပြီး အောင်မြင်မှု အများအပြား ရယူနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

- By CNI
- Category: ဆောင်းပါး
- Hits: 4181
CNI Article
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃၁
ထိုင်းနိုင်ငံ၏ ၃၁ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည့် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) ၏ နိုင်ငံရေး ဇာတာသည် ထိုင်းနိုင်ငံသမိုင်းတွင် ထင်မှတ်မထားရသည့် အခြေဖြစ်ပြီး ထိုင်း၏ နိုင်ငံရေးအနာဂတ် အတွက် ဆင်ခြင်သုံးသပ်ရမည့် အခိုက်အတန့်တစ်ခု ဖြစ်လာခဲ့သည်။
သမီးဖြစ်သူ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပြီး ရက်ပိုင်းအတွင်းမှာပင် ဖခင်ဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) သည် သူ့ကိုယ်သူ အရာရာကို သိရှိနားလည်သူတစ်ဦးအဖြစ် လူမြင်ကွင်းသို့ ထွက်ပေါ်လာခဲ့သည်။
သက်ဆင်၏ မှတ်ချက်စကားများသည် နိုင်ငံရေးမျိုးဆက် လက်ဆင့်ကမ်းမှု၏ အန္တရာယ်ကို ထိုင်းပြည်သူများအား သတိပေးရာရောက်ခဲ့သည်။
ထို့နောက် နိုင်ငံကို အမှီအခိုကင်းစွာနှင့် ထိရောက်မှုရှိစွာ အုပ်ချုပ်နိုင်မှုနှင့်ပတ်သက်ပြီး ပေတုန်တန်၏ စွမ်းဆောင် ရည်အပေါ် သက်ရောက်မှု ရှိ/မရှိ စောင့်ကြည့်ရမည်ဖြစ်သည်။
သက်ဆင်သည် သမီးဖြစ်သူ၏ နိုင်ငံရေးဇာတာ မြင့်တက်မှုနှင့်ပတ်သက်ပြီး ၎င်း၏ ပျော်ရွှင်မှုကို ဖုံးဖိထားနိုင်ခဲ့ခြ င်းမရှိပေ။
သက်ဆင်သည် သမီးဖြစ်သူ၏ ဝန်ကြီးချုပ်ရာထူးကို ထိုင်းပြည်သူများ၏ အောင်မြင်မှုထက် ရှင်နာဝပ်မိသားစု၏ ပုဂ္ဂိုလ်ရေး အောင်မြင်မှုအဖြစ် ပုံဖော်ခဲ့သည်။
ထိုင်းနိုင်ငံရေးလောကတွင် သက်ဆင်၏ သြဇာအာဏာ လွှမ်းမိုးခဲ့သည့် ရှည်လျားသော သမိုင်းကြောင်းရှိနေသဖြင့် ထိုအချက်မှာ အဆန်းတော့မဟုတ်ပေ။
ပေတုန်တန်နဲ့ ဆရီသာကို တွေ့ရစဉ်
ပြည်ပတွင် ပြည်ပြေးဘဝဖြင့် ၁၇ နှစ်ကြာ နေထိုင်ခဲ့သည့်တိုင် သက်ဆင်၏ သြဇာသည် ကြီးမားနေဆဲဖြစ်သည်။
မည်သို့ပင်ဆိုစေ ပေတုန်တန်သည် အစိုးရမူဝါဒများ မကြေညာရသေးမီ အချိန်မှာပင် သက်ဆင်သည် ဝန်ကြီးချုပ် ရာထူးနှင့်ပတ်သက်ပြီး သူ့သဘောထားများကို ကြိုတင်ချပြနေမှုကြောင့် အစိုးရအဖွဲ့တွင် ပေတုန်တန် ဦးဆောင်မှု အပိုင်းနှင့်ပတ်သက်ပြီး စိုးရိမ်စရာကောင်းသည့် မေးခွန်းများ ထွက်ပေါ်ခဲ့သည်။
ယခင် ဝန်ကြီးချုပ်ဟောင်း ဆရီသာ သာဗီဆင် ( Srettha Thavisin) လက်ထက်ကလည်း သက်ဆင်၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အလားတူ မေးခွန်းများ ထွက်ပေါ်ခဲ့ဖူးသည်။
ပြီးခဲ့သည့် သီတင်းပတ်က ညစာစားပွဲတစ်ခုတွင် သက်ဆင်သည် မကြာမီဖွဲ့စည်းမည့် ပေတုန်တန်၏ အစိုးရအဖွဲ့ အတွက် ၎င်း၏ အကြံပြုချက်များကို လူသိရှင်ကြား ပြောကြားခဲ့မှုကြောင့် အစိုးရအဖွဲ့သစ်အပေါ် လွှမ်းမိုးမည့် အလားအလာ ရှိ/မရှိ စိုးရိမ်မှုများ ထွက်ပေါ်လာခဲ့သည်။
ထိုစိုးရိမ်မှုများကို လျော့ကျစေရန်အတွက် ပြီးခဲ့သည့် သီတင်းပတ်အတွင်း သက်ဆင်နှင့် ပေတုန်တန်တို့သည် ၎င်းတို့၏ ဆက်ဆံရေးကို နိုင်ငံရေးနွှယ်သည့် ဆက်ဆံရေးထက် မိသားစုဆက်ဆံရေးသာဖြစ်ကြောင်း ပြသခဲ့ပြီး အစိုးရအဖွဲ့ကို သက်ဆင်က လွှမ်းမိုးထိန်းချုပ်သွားလိမ့်မည် မဟုတ်ကြောင်း ကတိပြုခဲ့ကြသည်။
ပေတုန်တန်ကလည်း သူသည် ကိုယ့်ဘာသာကိုယ် တွေးတောဆင်ခြင်နိုင်သူဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ သည်။
ပြီးခဲ့သည့် သီတင်းပတ်က ညစာစားပွဲတွင် သက်ဆင်က သူ့သမီးဖြစ်သူကို အိုင်ဒီယာများနှင့် အကြံပြုချက်များဖြင့် ကူညီထိန်းကျောင်းပေးရန် သူ့တွင်တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။
အခြေခံအားဖြင့် ထိုပြောကြားချက်သည် သက်ဆင်အနေဖြင့် ပေတုန်တန်နှင့် အစိုးရအဖွဲ့အပေါ် လွှမ်းမိုးမှု ရှိလိမ့် မည်ဆိုသည့် သဘောမျိုး သက်ရောက်နေသည်။
သက်ဆင်အနေဖြင့် အစိုးရအဖွဲ့ကို ထိန်းချုပ်မည် ဟုတ်/မဟုတ်ကို အချိန်က စကားပြောသွားလိမ့်မည်ဖြစ်သည်။
သက်ဆင်နဲ့မြန်မာ့အလံကိုတွေ့ရစဉ်
တစ်နည်းအားဖြင့်ဆိုသော် ထိုအချက်သည် ပေတုန်တန်၏ အသစ်ဖွဲ့စည်းမည့် အစိုးရအဖွဲ့ကို အားနည်းစေမည့် အက်ကြောင်းတစ်ခုလည်း ဖြစ်လာနိုင်သည်။
ပိုပြီးအရေးကြီးသည့် အချက်မှာ ထိုင်းနိုင်ငံ၏ ဒီမိုကရေစီ အုပ်ချုပ်မှုစနစ်အတွက် ကြီးမားသည့် အန္တရာယ်တစ်ခု လည်း ဖြစ်လာနိုင်သည်။
လာမည့် သီတင်းပတ်များအတွက် ပေတုန်တန်သည် ၎င်း၏ ခေါင်းဆောင်မှု အပိုင်းတွင် ကြီးမားသည့် စမ်းသပ်မှု များနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ပေတုန်တန်သည် ညွန့်ပေါင်းအစိုးရသစ် ဖွဲ့ရမည်ဖြစ်သည်။ ထို့နောက် ပါလီမန်တွင် မိန့်ခွန်းပြောရမည်ဖြစ်သည်။
အလားတူ နိုင်ငံတကာစင်မြင့်ထက်သို့ ထွက်ပေါ်လာရမည်ဖြစ်ပြီး ပြည်ပနိုင်ငံများနှင့် ပြုလုပ်သည့် အစည်းအဝေး များ တက်ရမည်ဖြစ်သည်။
စက်တင်ဘာ ၃ ရက်နှင့် ၄ ရက်တွင် ဘန်ကောက်မြို့တော်၌ ပြုလုပ်မည့် ဘင်္ဂလားပင်လယ်အော်ကဏ္ဍစုံ သိပ္ပံနည်း ပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (Bimstec) ညီလာခံကို ရက်ရွှေ့ဆိုင်းခဲ့ခြင်းက ပေတုန်တန် ရင်ဆိုင် နေရသည့် သံတမန်ရေးရာ မရေရာမှုများကို ညွှန်ပြရာ ရောက်နေသည်။
ထို့ပြင် (Bimstec) ညီလာခံ မတိုင်မီ ထိုင်းသို့ လာရောက်မည့် အိန္ဒိယဝန်ကြီးချုပ်မိုဒီ (Narendra Modi) ၏ ခရီးစဉ်လည်း ရက်ရွှေ့ဆိုင်းခဲ့သည်။
ထိုအခြေအနေများက ပေတုန်တန်အတွက် နိုင်ငံတကာ သံတမန်ဆက်ဆံရေး၏ စိန်ခေါ်မှုများကို ဖြေရှင်းရန် အဆင်သင့် မဖြစ်သေးသည်ကို ပြသနေသည်။
လာမည့်လတွင်လည်း အမေရိကန်၌ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပမည်ဖြစ်ပြီး ပေတုန်တန်သည် ထိုညီလာခံကို တက်ရောက်မည် ဟုတ်/မဟုတ်နှင့် သူ့ကိုယ်သူ အာရှ၏ အသက်အငယ်ဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် နိုင်ငံတကာ စင်မြင့်ထက်တွင် မိတ်ဆက် ပြောကြားမည် ဟုတ်/မဟုတ်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။
ပေတုန်တန်အတွက် ပြည်ပ စိန်ခေါ်မှုများကို အောက်တိုဘာလထဲတွင်လည်း ဆက်လက် ရင်ဆိုင်ရမည် ဖြစ်သည်။
ပေတုန်တန်သည် အောက်တိုဘာလတွင် လာအိုနိုင်ငံ၊ ဗီယန်ကျင်း (Vientiane)မြို့၌ ပြုလုပ်မည့် ၄၄ ကြိမ်မြောက် နှင့် ၄၅ ကြိမ်မြောက် အာဆီယံနှင့်ဆက်နွှယ်သည့် ညီလာခံများကို တက်ရောက်ရန် စီစဉ်ထားသည်။
ထိုညီလာခံများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များအပြင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ အမေရိကန်၊ ရုရှား၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်၊ အရှေ့တီမောနိုင်ငံများမှ ခေါင်းဆောင်များလည်း တက်ရောက်မည်ဖြစ်သည်။
သက်ဆင်နဲ့ပေတုန်တန်ကို တွေ့ရစဉ်
ထို့နောက် ပေတုန်တန်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများကိုလည်း ချစ်ကြည်ရေး ခရီးစဉ်များ သွားရောက်ရန် လိုအပ်မည်ဖြစ်သည်။
ပေတုန်တန်ကို စောင့်ဆိုင်းနေသည့် အကြီးမားဆုံး စမ်းသပ်ချက်တစ်ခုမှာ မြန်မာ့အရေး ဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း ဆရီသာ လက်ထက်က မြန်မာ့အရေးကို အာရုံသိပ်စိုက်ခဲ့ခြင်းမရှိဘဲ ပြည်တွင်းစီးပွားရေး အစီအစဉ်များကိုသာ အာရုံစိုက်လုပ်ဆောင်ခဲ့သည်။
မြန်မာနိုင်ငံ၏ ပဋိပက္ခအခြေအနေ ဆိုးရွားနေမှုနှင့်အတူ ပေတုန်တန်၏ အစိုးရအဖွဲ့သစ်အနေဖြင့် မြန်မာနိုင်ငံ အပေါ်ထားရှိသည့် ထိုင်း၏ မူဝါဒကို ပြန်လည်ချိန်ညှိရန် လိုအပ်မည်ဖြစ်သည်။
ယခုနှစ် အစောပိုင်းကမူ ၎င်း၏ ဖခင်ဖြစ်သူ သက်ဆင်သည် မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ နှင့် တွေ့ဆုံခဲ့ပြီး သူ့ကိုယ်သူ ငြိမ်းချမ်းရေးပွဲစား တစ်ဦးအဖြစ် ပုံဖော်ခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ပေ။
ထိုင်း၏ အနောက်ဘက်စည်းရိုးတွင် ဖြစ်ပွားနေသည့် အခြေအနေများက နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်ရေး အပေါ် ယခင်ကတည်းက သက်ရောက်မှုများ ရှိနှင့်ပြီးဖြစ်သည်။
ရှင်းလင်းတိကျသည့် မူဝါဒများနှင့် အကောင်အထည် ဖော်ဆောင်ရွက်ရေး အစီအစဉ်များ မရှိသဖြင့် ထိုင်း-မြန်မာ နယ်စပ်သည် ချိန်ကိုက်ဗုံး တစ်လုံးလိုဖြစ်နေကာ တရားမဝင် ရွှေ့ပြောင်းများနှင့် ဆိုက်ဘာရာဇဝတ်ဂိုဏ်းများ အများအပြား ဝင်ရောက်ခြင်းတို့နှင့် ရင်ဆိုင်နေရသည်။
ထိုင်းနိုင်ငံရေးလောကအတွင်းသို့ သက်ဆင် ပြန်လည်ဝင်ရောက်မည့် အခြေအနေသည် ယခင်ကတည်းက အစပျိုး ခဲ့ခြင်းဖြစ်ပြီး သက်ဆင်သည် သူ့အတွေးအမြင်များဖြင့် ပေတုန်တန်၏ လုပ်ငန်းစဉ်ကို ပုံဖော်ရန် ယခင်ကတည်းက မျှော်မှန်းထားခဲ့ပြီးဖြစ်သည်။
သက်ဆင်၏ နိုင်ငံရေးဩဇာ လွှမ်းမိုးမှုကြောင့် ထိုအခြေအနေသည် ပေတုန်တန်အတွက် အန္တရာယ်ရှိနေသည်။
ထို့ကြောင့် ပေတုန်တန်သည် သက်ဆင်၏ လွှမ်းမိုးမှုကို ကျော်လွှားနိုင်မည် ဟုတ်/မဟုတ် ဆိုသည်မှာ သံသယ ဖြစ်စရာကောင်းလှသည်။
လက်ရှိတွင် ပေတုန်တန်၏ အနာဂတ်သည် မခန့်မှန်းနိုင်သည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး နိုင်ငံရေး အတွေ့အကြုံ နည်းပါးနေမှုက အစိုးရအဖွဲ့ကို ဦးဆေင်ရန်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို သူ့ဘက်တွင် ရှိနေအောင် ဆွဲဆောင်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။
ခြုံငုံသုံးသပ်ရမည်ဆိုပါက ပေတုန်တန်သည် ဖခင်ဖြစ်သူ သက်ဆင်၏ လောင်းရိပ်အောက် ကျရောက်နိုင်သဖြင့် သူသည် သူ့ကိုယ်ပိုင် ခေါင်းဆောင်မှုပုံစံကို တည်ဆောက်ရမည်ဖြစ်သည်။
နိုင်ငံရေးမျိုးဆက် လက်ဆင့်ကမ်းမှု၏ အန္တရာယ်မှာ ပိုမိုသိသာထင်ရှားလာပြီး ထိုင်းနိုင်ငံ၏ အနာဂတ်သည်လည်း ချောက်ကမ်းပါးပေါ်တွင် ရှိနေသည်ဟု ယူဆမည်ဆိုပါက မှားမည်မထင်ချေ။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: ဆောင်းပါး
- Hits: 2767
CNI Article
၂၀၂၄ ခုနှစ်၊ သြဂုတ် ၃၀
မြန်မာနိုင်ငံမှာ ဖက်ဒရယ်ကို ခွဲထွက်ရေးဟုဆိုကာ တပ်မတော်က ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ အာဏာ သိမ်းခဲ့သည်။
ထိုစဉ်အချိန်က ဝန်ကြီးချုပ် ဦးနု လက်ထပ် ဒီမိုကရေစီ အပြည့်အဝရနေချိန်ကာလဖြစ်သည်။
သို့သော် အုပ်ချုပ်ရေး အာဏာနှင့် သယံဇာတခွဲဝေရေး မညီမျှမှုများကြောင့် ဗမာမဟုတ်သော တိုင်းရင်းသား လူမျိုးများသည် ဖက်ဒရယ်စနစ်ကို ကျင့်သုံးပြီး အုပ်ချုပ်ရေး အာဏာနှင့် သယံဇာတအရင်းအမြစ် ပိုင်ဆိုင်ခွင့် ခွဲဝေရေးကို တောင်းဆိုခဲ့သည်။
ထိုသို့ တောင်းဆိုသည့် ဖက်ဒရယ်စနစ်သည် ခွဲထွက်ရေး တောင်းဆိုခြင်းနှင့် တိုင်းပြည် ပြိုကွဲအောင် လုပ်ခြင်း ဆိုကာ ဦးနေဝင်း ဦးဆောင်သည့် တပ်မတော်က အာဏာသိမ်းကာ ဖက်ဒရယ်ဆိုသည့် အသံကို တိတ်ဆိတ်သွား အောင် လုပ်ပစ်ခဲ့သည်။
ထို့နောက် ဦးသိန်းစိန် အစိုးရလက်ထက် ရောက်လာသည့်အခါမှာတော့ ငြိမ်းချမ်းရေး ဆိုသည့် စကားလုံးနှင့်အတူ ဖက်ဒရယ်စနစ်ကို လက်ခံကြောင်း တပ်မတော်က ထုတ်ဖော် ပြောကြားလာခဲ့သည်။
သို့သော် ၂၀၁၂ ခုနှစ်ကနေ စတင်ခဲ့သော ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ဖက်ဒရယ်စနစ် အကောင်အထည် ဖော်မှုက ယနေ့(၂၀၂၄ ခုနှစ်)ထိ မအောင်မြင်သေးပါ။
ထို့နောက် မြန်မာနိုင်ငံသည် တရားဥပဒေ စိုးမိုးမှုများ နိုင်ငံတစ်ဝန်း ပျက်စီးလာပြီး လက်နက်ကိုင် ပဋိပက္ခက ပိုမိုကြီးထွားခဲ့သည်။
အလားတူ တပ်မတော်၏ စစ်အင်အားသည်လည်း အားနည်းလာသလို အုပ်ချုပ်ရေးပိုင်းမှာလည်း အားနည်းမှုများ ဖြစ်လာသည်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ထို့ကြောင့် လက်နက်ကိုင် တိုက်ခိုက်နေသူများသည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆိုသော စိတ်ကူး စိတ်သန်းများကနေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုသော စကားလုံးများကိုသုံးကာ အကောင်အထည်ဖော်လာခဲ့သည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self-determination)သည် ခွဲထွက်ခွင့်ထိရှိသော Self-determination နှင့် ခွဲထွက်ခွင့်ထိ မရှိသော Self-determination ဆိုပြီး ရှိသည်။
လက်နက်ကိုင် တိုက်ခိုက်လျက်ရှိသည့် EAO များ သည် ခွဲထွက်ခွင့်မရှိသော Self-determination ကို ပြောနေ သူများရှိသလို ခွဲထွက်နိုင်သည့် Self-determination ကို ပြောနေသူများဆိုကာ ယခင်က ကွဲပြားကြသော်လည်း ယခုကာလမှာ တော့ ကိုယ့်ဘာသာကိုယ် အုပ်ချုပ်ခွင့်ရှိသည့် အဆင့်ထိ ပြောလာကြသည်ကို တွေ့ရသည်။
ရက္ခိုင့်တပ်တော်(AA)က UWSA “ဝ” ထက် မနိမ့်သော အဆင့်အတန်းမျိုးကိုယူမည် သို့မဟုတ် ကွန်ဖက်ဒရေးရှင်း (ကွန်ဖက်ဒရိတ်)အဆင့်အတန်းကို ရအောင်ယူမည်ဟု ပြောထားသည်။
လက်ရှိ မြန်မာနိုင်ငံမှာ ဖက်ဒရယ်စနစ်ထက် ကျော်လွန်ပြီး ကွန်ဖက်ဒရေးရှင်းအတင့်အတန်းရရှိထားသော EAO များမှာ “ဝ”ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-မိုင်းလား (NDAA)တို့ဖြစ်သည်။
ယခု မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)က စတင် အကောင်အထည်ဖော်နေပြီး ဖြစ်သည်။
ထို့နောက် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က “ မိမိတို့ ၇ ဖွဲ့ရဲ့ ထိန်းချုပ်တဲ့ နယ်မြေအသီးသီးတွေမှာ မိမိတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်နဲ့ စတင် အုပ်ချုပ် သွားရမှာ ဖြစ်ပါတယ်။ မိမိတို့ ဒေသမှာ ရှိနေကြတဲ့ လူထုတွေအတွက် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွါးရေး၊ ပညာ ရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အပါအဝင် အခြားဝန်ဆောင်မှု လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကို တဆင့်ပြီးတဆင့် တည်ဆောက်သွားရမှာဖြစ်ပါတယ်။ တဖက်တွင် လည်း မိမိတို့ ၇ ဖွဲ့ကြား မှာ တူတာတွဲလုပ် မတူတာခွဲလုပ်ဆိုတဲ့မူအတိုင်း ဆောင်ရွက်သွားဖို့လိုပါတယ်”ဟု ၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်မှ ၁၉ ရက်နေ့ထိ ကျင်းပသည့် အပစ်ရပ် ၇ ဖွဲ့၏ အစည်းအဝေးမှာ ပြောသွားသည်။
ဗိုလ်ချုပ်ကြီးယွက်စစ်ကို တွေ့ရစဉ်
အလားတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ကလည်း တိုင်းရင်းသားများ သည် ၂၀၂၅ ရောက်လာသည့်အခါမှာ ဖက်ဒရယ်ထက် ကျော်လွန်သည့် စဉ်းစားချက်များ ရှိလာမည်ဖြစ်၍ မြန်မြန် ယခုကာလမှာ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သင့်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ၂၀၁၈ ခုနှစ်က တွေ့ဆုံစဉ် ပြောခဲ့သည်။
ထို့ပြင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ကလည်း နိုင်ငံတစ်ခုအထိ တည်ထောင်ရန် အခြေအနေဖြစ်လာပါက အဆင်သင့်ဖြစ်အောင် ပလောင်လူမျိုးများ လုပ်ထားရမည်ဟု ၂၀၂၂ ခုနှစ်၊ဩဂုတ် ၁၈ ရက်က ပြောခဲ့သည်။
ဗိုလ်ချုပ်တားဘုန်းကျော်က “ နိုင်ငံရေး ရေချိန်အရ မြှင့်တက်လာမယ်၊ ပထဝီနိုင်ငံရေး အခြေအနေ၊ လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေအပေါ် မူတည် သွားပြီးတော့ ဒီနိုင်ငံဟာ ပြည်ထောင်စုတောင် မတည်ဆောက် နိုင်တော့ဘူးဆိုရင် အစိတ်စိတ် အမွာမွာကွဲပြီးတော့ နိုင်ငံငယ်တွေလည်း အများကြီး ထွက်သွားနိုင်တယ်။ ဒါကြောင့်မလို့ ကျနော်တို့လူထုတွေ ကျနော်တို့ တအာင်း (ပလောင်)လူထုတွေလည်း ဒါသေချာ စဉ်းစားဖို့လို တယ်။ ကျနော်တို့ကို ကျနော်တို့ သေချာ ပြင်ဆင်နိုင်ဖို့ လိုတယ်။ ဒီပြည်ထောင်စုနိုင်ငံ တကယ် တည်ဆောက် တဲ့အချိန်မှာ ကျနော်တို့လည်း ပြည်နယ်တစ်ခုအနေနဲ့ ကျနော်တို့လူမျိုး ကျနော်တို့ ကာကွယ်သွားဖို့ ၊ တည် ဆောက် နိုင်ဖို့အတွက် အဆင်သင့် ကျနော်တို့ ကြိုးပမ်းဆောင်ရွက် သွားဖို့လိုတယ်။ အဲလိုမှ မဟုတ်ဘူး ပြည် ထောင်စု တည်ဆောက်လို့ မရဘူး၊ ပထဝီနိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး တစ်ခုကြောင့် လိုအပ်ချက်ကြောင့် တော် လှန်ရေးတွေ သိပ်အရှိန်မြင့်လာလို့ နိုင်ငံတွေ ထွက်လာမယ်ဆိုလည်း ကျနော်တို့ နိုင်ငံတည်ဆောက်နိုင်ဖို့ အဆင့် လည်း ကျနော်တို့ ပြင်ဆင်သွားဖို့လိုပါတယ်”ဟု ပြောသည်။
အထက်ပါ အခြေအနေများကို ခြုံငုံလေ့လာကြည့်လျှင် တိုင်းရင်းသား လက်နက်ကိုင်များသည် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ၊ တပ်မတော်၏ အားနည်းနေမှု၊ လူထု၏ တပ်မတော်ကို ဆန့်ကျင်နေမှု ရေချိန်၊ နိုင်ငံတကာ၏ အခြေအနေ တို့ကို သုံးသပ်ကာ ဖက်ဒရယ်စနစ်ထက် ကွန်ဖက်ဒရေးရှင်း(ကွန်ဖက်ဒရိတ်)ကို တည်ဆောက်ဖို့ ပြင် ဆင်လာနေသည်ဟု တွေ့ရသည်။
MNDAA နဲ့ UWSA ခေါင်းဆောင်များကို တွေ့ရစဉ်
သို့မဟုတ်ပါက ကွန်ဖက်ဒရေးရှင်းထက် သာလွန်သော အတင့်အတန်းမျိုးထိပါ တည်ဆောက်ရန်လည်း စိတ်ကူးနေကြဟန် ရှိနိုင်သည်။
ထို့ကြောင့် တချိန်က ဖက်ဒရယ်စနစ်ကိုတောင် ခွဲထွက်ရေး-တိုင်းပြည်ပြိုကွဲရေးဟု ဆိုကာ အာဏာသိမ်းခဲ့ သည့်အထိ တုန့်ပြန်ခဲ့သော တပ်မတော်သည် ဖက်ဒရယ်စနစ်ထက် သာလွန်သော ကွန်ဖက်ဒရေးရှင်းဖက်ကို အရိပ်လွှမ်းလာသော အခြေအနေကို ဘယ်လို ခံယူပြီးတော့ ဖြေရှင်းမလဲဆိုတာတော့ စိတ်ဝင်စားစရာကောင်းလှ သည်။
နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံပြိုကွဲသွားခြင်း သို့မဟုတ် ဗဟိုအာဏာ ပြိုကွဲသွားခြင်းမျိုးကိုတော့ အဖြစ်ခံမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဗဟိုအာဏာ ပြိုကွဲသွားပါက မြန်မာနိုင်ငံသည် နိုင်ငံငယ်များ ပေါ်ပေါက်လာမှာဖြစ်သလို လက်နက်ကိုင်အဖွဲ့အစည်းများကြား နယ်မြေလုစစ်ပွဲများ ပေါ်ပေါက်လာမည်ကို စိုးရိမ် ခြင်းကြောင့် ဖြစ်သည်။
လက်ရှိတွင်လည်း မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA၊ MNDAA၊ KIA၊ PDF၊ UWSA၊ SSPP တို့ကြား လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာလည်း KIA၊ AA၊ PDF၊ SNA၊ KNO(kuki)၊ NSCN တို့ကြား လည်းကောင်း၊ ချင်းပြည်နယ်တွင်း AA၊ CNF၊ CND တို့ကြား လည်းကောင်း၊ ရခိုင်ပြည်နယ်တွင် AA၊ ALP၊ ARSA၊ RSO တို့ကြားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ PDF၊ TNLA၊ KIA ကြားလည်းကောင်း နယ်မြေလု စစ်ပွဲများ ဖြစ်ပွားနေသည်။
အဆိုပါ အခြေအနေများကို ခြုံငုံလေ့လာကြည့်ပါက မြန်မာနိုင်ငံတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကနေ ကွန်ဖက်ဒရေးရှင်း တည်ဆောက်ရန် ကြိုးပမ်းမှုများသည် အနာဂတ်မြန်မာနိုင်ငံ၏ ဖြစ်တည်မှုသည် ဘယ်ပုံ ဘယ်နည်း ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရပေတော့မည်။

- By CNI
- Category: ဆောင်းပါး
- Hits: 1779
CNI Sport Article
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၃
ချယ်လ်ဆီးအသင်းဟာ တော့ဒ်ဘိုလီ ဦးဆောင်တဲ့ ပိုင်ရှင်အစုအဖွဲ့က အသင်းကို ဝယ်ယူပြီးကတည်းက ခေါ်ယူ ခဲ့တဲ့ ကစားသမား အများအပြားကြောင့် အခုဆိုရင် အသင်းကြီးလူစာရင်းမှာ ကစားသမားတွေဟာ အလွန်များပြား နေတာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီနွေရာသီမှာလည်း ကစားသမားသစ်တွေ ခေါ်ယူမှုကို မရပ်တန့်ခဲ့တဲ့အတွက် အခုဆိုရင် အသင်းကြီးမှာ ကစားသမားဦးရေ ၄၀ ကျော် အထိရှိနေတာပါ။
အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ပိတ်မယ့် သြဂုတ်လ မကုန်ခင်မှာ အသင်းမှာရှိတဲ့ ကစားသမားအချို့ကို ရောင်းချ၊ အငှားချနဲ့ ထွက်ခွာခွင့်ပြုတာတွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ကစားသမားတွေကို ခေါ်ယူရာမှာ လူငယ်ကစားသမား အများအပြားကို ခေါ်ယူပြီး နှစ်ရှည် စာချုပ်တွေ ချုပ်တာကြောင့် အသင်းအနာဂတ်ဟာ တောက်ပနိုင်မှာဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ကစား သမား များပြားတဲ့ ပြဿနာတွေကို ကြုံနေရတာပါ။
ချယ်လ်ဆီးအသင်းက ရောင်းချမယ့် ကစားသမားတွေကို တွေ့ရစဉ်
အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ စတာလင်၊ လူကာကူ၊ ဘန်ချီဝယ်လ်၊ ကီပါ၊ ချာလိုဘတ်တို့ကို အသင်းနဲ့ သီးခြားစီ လေ့ကျင့်မှုတွေ ပြုလုပ်စေခဲ့ပြီး ရောင်းချမယ့် စာရင်းထဲကို ထည့်သွင်း ခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာ ကိုယ်တိုင်က သူဟာ ကစားသမား အယောက် ၄၀ ကျော်နဲ့ အလုပ်လုပ်မှာ မဟုတ်ဘဲ ၂၁ ဦးနဲ့သာ အလုပ်လုပ်မယ်လို့ ပြတ်ပြတ်သားသား ပြောခဲ့တာပါ။
စတာလင်နဲ့ ဘန်ချီဝဲလ်တို့ဟာ ပြီးခဲ့တဲ့ရာသီက အသင်းရဲ့အဓိက ကစားသမားတွေဖြစ်ပေမယ့် ဒီရာသီမှာတော့ ရောင်းချခံရမယ့် ကစားသမား စာရင်းထဲကို ရောက်ရှိသွားခဲ့ပြီး ချယ်လ်ဆီးအသင်းဟာ စတာလင်နဲ့ ချာလိုဘတ် တို့ရဲ့ ကျောနံပါတ် ၇ နဲ့ ၁၄ ကို ကစားသမားသစ်တွေဖြစ်တဲ့ ပက်ဒရိုနက်တိုနဲ့ ဂျာအိုဖီးလစ်တို့ကို ပေးခဲ့တဲ့အထိ ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ကစားသမားများပြားတဲ့ ပြဿနာတွေကြောင့် အကယ်ဒမီ ကစားသမား အများအပြားကို ရောင်းချခဲ့ရပြီး ဒီနွေရာသီမှာဆိုရင် ဂယ်လာဂါ၊ မတ်ဆန်၊ ဟတ်ချင်ဆန်နဲ့ လူးဝစ်ဟောလ်တို့ကို ရောင်းချခဲ့ရ တာပါ။
ချယ်လ်ဆီးအသင်း ပိုင်ရှင် တော့ဒ်ဘိုလီကို တွေ့ရစဉ်
ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ လီဗာပူးလ်အသင်း နောက်ခံလူဟောင်း ကာရေဂါက ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ မူဝါဒကို ဝေဖန်ခဲ့သလို ကစားသမားတွေကို ချယ်လ်ဆီးအသင်းထံ လာရောက်တာကို ရပ်တန့်ဖို့နဲ့ ချယ်လ်ဆီးအသင်းကိုလည်း ကစားသမားခေါ်တာ ရပ်တန့်ဖို့အထိ တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ ကစားသမား စာရင်းမှာဆိုရင် ဂိုးသမား ၅ ဦး၊ နောက်တန်းမှာ ၁၁ ဦး၊ ကွင်းလယ်မှာ ၇ ဦး၊ ရှေ့တန်းမှာ ၁၀ ဦးအထိရှိပြီး လူကာကူ၊ ကီပါ၊ ဖိုဖာနာ၊ ဘရိုဂျာတို့ အပါအဝင် ကစားသမားအချို့ဟာ ဒီစာရင်း ထဲမှာ မပါဝင်ခဲ့တာပါ။
အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ လူစာရင်းကို လျှော့ချဖို့အတွက် အသင်းကြီးနဲ့ သီးခြားလေ့ကျင့်မှုတွေ ပြုလုပ် နေတဲ့ ကစားသမား ၁၃ ဦးကို ရောင်းချချင်နေတာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ လူကာကူ၊ ကီပါ၊ စတာလင်နဲ့ ဘန်ချီဝဲလ်တို့ အပါအဝင် ဒီကစားသမားတွေကို ပြောင်းရွှေ့ ကြေး ပေါင်သန်း ၃၀၀ ကျော်အထိ သုံးစွဲပြီး ခေါ်ယူခဲ့ပေမယ့် ရောင်းချခဲ့ရင် တစ်ဝက်တောင်ပြန်ရဖို့ မလွယ်ကူ ပါဘူး။
တော့ဒ်ဘိုလီ လက်ထက်မှာ ချယ်လ်ဆီးအသင်းဟာ ကစားသမားတွေ ဝယ်ယူသလောက် ကစားသမားတွေကို ရောင်းချတာမှာ အကျိုးအမြတ်တွေ ရခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ အရှုံးပေါ်နိုင်တဲ့ အခြေအနေမှာ ရှိနေတာပါ။
ချယ်လ်ဆီးအသင်း ကစားသမားတွေကို တွေ့ရစဉ်
ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ လူစာရင်းများပြားတဲ့ ပြဿနာကို ဖြေရှင်းဖို့ဆိုရင် အရှုံးအမြတ်တွေကို ကြည့်လို့ မရတော့ဘဲ ရောင်းချမှုတွေ ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။
တော့ဒ်ဘိုလီ ဦးဆောင်တဲ့ ချယ်လ်ဆီးအသင်း ပိုင်ရှင်အစုအဖွဲ့ဟာ အသင်းအောင်မြင်မှုတွေ ရဖို့အတွက် ပြောင်းရွှေ့ကြေးတွေ ထုတ်ပေးနေပေမယ့် အသင်းကတော့ သူ့လက်ထက်မှာ အောင်မြင်မှုရခြင်း မရှိသေးပါဘူး။
ချယ်လ်ဆီးအသင်းဟာ လူငယ်ကစားသမားအချို့ကို အငှားချထားတာတွေရှိသလို ကစားသမားတွေကို နှစ်ရှည် စာချုပ်ချုပ်ထားတာကြောင့် ဒီရာသီမှာ အောင်မြင်မှု မရယူနိုင်ဘူးဆိုရင် ချယ်လ်ဆီးအသင်းပိုင်ရှင် အနေနဲ့ လူစာရင်း များပြားတဲ့ ပြဿနာတွေမဖြစ်အောင် လာမယ့်ရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူပေးဖို့ကို စဉ်းစား သွားနိုင်တာပါ။
အဲဒါကြောင့် နည်းပြ မာရက်စ်ကာအနေနဲ့ ချယ်လ်ဆီးအသင်းကို ဒီရာသီမှာ အောင်မြင်မှုတွေ ရရှိအောင် လုပ်ဆောင်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Page 4 of 11