CNI International Article
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၁
အင်ဒိုနီးရှားနိုင်ငံသည် ရည်မှန်းချက် ပြင်းပြမှုနှင့် တွန့်ဆုတ် ဝန်လေးနေမှု ဆိုသည့် လမ်းဆုံလမ်းခွ နေရာသို့ ရောက်ရှိနေသည်။
ရှင်းအောင် ပြောရမည်ဆိုပါက ရည်မှန်းချက် ပြင်းပြမှုလမ်းသည် အတက်လမ်းဖြစ်ပြီး တွန့်ဆုတ် ဝန်လေးမှု လမ်းသည် အကျလမ်းဖြစ်သည်။
အင်ဒိုနီးရှားကို ဒေသတွင်း အင်အားကြီးနိုင်ငံအဖြစ် ပြောင်းလဲလိုသည့် သမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) ၏ မျှော်မှန်းချက်သည် ဆွဲဆောင်မှုရှိပြီး နားလည်ရလွယ်ကူသည်။
လူဦးရေ သန်း ၂၈၀ ကျော်ရှိပြီး အာရှတိုက်တွင် အကြီးဆုံးသော စီးပွားရေး အင်အားကြီး နိုင်ငံများထဲတွင် ပါဝင်နေသည့် အင်ဒိုနီးရှားသည် သမုဒ္ဒရာနှစ်ခုကို ပေါင်းကူးထားသည့် ပထဝီဝင် တည်နေရာ၌ ရှိနေသဖြင့် ဒေသတွင်း သြဇာလွှမ်းမိုးမှု အလားအလာ၏ ဗဟိုချက်တစ်ခု ဖြစ်နေသည့်အချက်ကို ငြင်းဆိုနိုင်မည် မဟုတ်ပေ။
သို့သော် ဩဇာလွှမ်းမိုးမှု အလားအလာသည် အာဏာကြီးမားမှုနှင့် တိုက်ရိုက် အချိုးမကျသေးပေ။
လွန်ခဲ့သည့် ဆယ်စုနှစ်များကတည်းက အင်ဒိုနီးရှားသည် ၎င်း၏ ရည်မှန်းချက် သို့မဟုတ် လုပ်နိုင်စွမ်းတို့ကို ဖော်ပြခြင်း မပြုခဲ့ဘဲ ခေါင်းဆောင်မှုပိုင်းကဏ္ဍကို ကျယ်ကျယ်လောင်လောင် ပြောဆိုလာခဲ့သည်။
နိုင်ငံ့အင်အား၊ စစ်တပ် အဆင့်မြှင့်တင်မှု၊ ကိုယ့်အားကိုယ်ကိုးသည့် စီးပွားရေး၊ သံတမန်ရေးဆိုင်ရာ လက်တံ ကျယ်မှုများဖြင့် ပရာဘိုဝို၏ လေလုံးထွား ပြောဆိုမှုများသည် အင်ဒိုနီးရှားကို အရှေ့တောင်အာရှတွင် အချက်အချာကျသည့် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြု ခံလိုသော ၎င်း၏ ဆန္ဒကို ထင်ဟပ်စေခဲ့သည်။
သို့သော် ပရာဘိုဝို၏ ရည်မှန်းချက်သည် မဟာဗျူဟာထက် တည်ငြိမ်ရေးကို ဦးစားပေးပြီး ရလဒ်ထက် အမှတ်သညာကို ဦးစားပေးသည့် ဗျူရိုကရက် ယဉ်ကျေးမှုနှင့် ထိပ်တိုက်တွေ့နေသည်။
ဒေသတွင်း အရေးကိစ္စများတွင်လည်း အင်ဒိုနီးရှားသည် စကားသံကို ကျယ်ကျယ်လောင်လောင် ပြောဆိုခဲ့ပြီး လက်တွေ့ ဆောင်ရွက်ချက်များတွင်မူ ပျော့ပြောင်းခဲ့သည်။
အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ခေါင်းဆောင်များကို တွေ့ရစဉ်
ဒေသတွင်း ဩဇာအာဏာလျော့ကျလာမှု
*************************************
အတိတ်ကာလက အင်ဒိုနီးရှားသည် အာဆီယံ၏ လေးစားအားကျဖွယ် ခေါင်းဆောင်တစ်ဦးအဖြစ် ရှုမြင်ခံခဲ့ ရသည်။
အင်ဒိုနီးရှားသည် အငြင်းပွားမှုများကို ဖြေရှင်းရာတွင် ကူညီပေးခြင်း၊ ငြိမ်းချမ်းရေးကို မြှင့်တင်ပေးခြင်းတို့ ပြုလုပ်ခဲ့သည်။
သို့သော် မကြာသေးမီက ပဋိပက္ခများတွင် အင်ဒိုနီးရှားသည် အင်အားကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ခဲ့ခြင်း မရှိပေ။
ဥပမာပြရလျှင် ထိုင်းနှင့်ကမ္ဘောဒီးယားကြား နယ်စပ်ဒေသပဋိပက္ခ ဖြစ်ပွားချိန်တွင် ကြားဝင်ဖြန်ဖြေပေးသူများ အင်ဒိုနီးရှားမဟုတ်ဘဲ မလေးရှားနိုင်ငံ ဖြစ်ခဲ့သည်။
ထိုင်း-ကမ္ဘောဒီးယား အရေးတွင် အင်ဒိုနီးရှားနိုင်ငံသည် ထုတ်ပြန်ချက်များကိုသာ ထုတ်ပြန်ပေးခဲ့သည်။
ထိုအချက်က အာဆီယံတွင် အင်ဒိုနီးရှား၏ ဩဇာလွှမ်းမိုးမှု လျော့ကျလာသည့် အချက်ကို ဖော်ပြရာရောက်ခဲ့ သည်။
တောင်တရုတ်ပင်လယ်တွင်လည်း ဖိလစ်ပိုင်သင်္ဘောများကို တရုတ်ရေတပ်က နှောင့်ယှက်ခဲ့သည့် ဖြစ်စဉ်များတွင် အင်ဒိုနီးရှားသည် ဦးဆောင်ဖြေရှင်းပေးရန် ပျက်ကွက်ခဲ့သည်။
အာဆီယံ၏ တုံ့ပြန်ချက်သည်လည်း ဓာတ်ပြားဟောင်းကို ဖွင့်နေသကဲ့သို့ ဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် ဆွေးနွေး ညှိနှိုင်းမှုများကို လုပ်ဆောင်ရန်သာ ထပ်တလဲလဲ ပြောကြားခဲ့ပြီး စစ်မှန်သည့် အရေးယူ ဆောင်ရွက်မှု မရှိခဲ့ချေ။
လက်ရှိတွင် မလေးရှား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင် ကဲ့သို့သော နိုင်ငံငယ်များသည် အာဆီယံတွင် ခေါင်းဆောင်မှု ကဏ္ဍကို ပိုမိုရယူလာကြသည်။
ကြီးမားသည့် နိုင်ငံ့အရွယ်အစားနှင့် သမိုင်းကြောင်းရှိခဲ့သော အင်ဒိုနီးရှားနိုင်ငံမှာမူ အင်အားကြီးနိုင်ငံ ဆိုခြင်းထက် အတိတ်ကာလက ပြယုဂ်တစ်ခုအဖြစ်သာ ရှိလာခဲ့သည်။
ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်ပြဿနာ ဖြေရှင်းရေး မလေးရှားဝန်ကြီးချုပ်က စေ့စပ်ပေးနေစဉ်
အင်စတီကျူးရှင်းပိုင်းဆိုင်ရာ အားနည်းချက်
*****************************************
အင်ဒိုနီးရှား၏ စစ်တပ်သည် အင်အား ကြီးမားသော်လည်း ခေတ်မမီတော့ဘဲ စီစဉ်တကျ ဖြစ်မှုတွင်လည်း အားနည်းနေသည်။
ပရာဘိုဝိုသည် စစ်တပ်ကို အဆင့်မြှင့်တင် မွမ်းမံရန် ကြိုးပမ်းနေသော်လည်း တိုးတက်မှုသည် နှေးကွေးနေဆဲ ဖြစ်သည်။
စင်္ကာပူနှင့် မလေးရှားကဲ့သို့ နိုင်ငံငယ်များသည် ၎င်းတို့၏ ကာကွယ်ရေးနှင့် သံတမန် ပရိယယ်တို့ကို ပိုမို ထိရောက်စွာ စီမံခန့်ခွဲနိုင်သည်။
စီးပွားရေးအရ အင်ဒိုနီးရှားသည် စက်မှုထိပ်သီးနိုင်ငံ ၂၀ (G 20) အဖွဲ့ဝင်ဖြစ်သဖြင့် စီးပွားရေးအင်အား တောင့်တင်းသော်လည်း အဂတိလိုက်စားမှု၊ ထိရောက်မှု အားနည်းမှုနှင့် ကုန်ထုတ်စွမ်းအား အားနည်းမှုတို့က တိုးတက်မှုကို နောက်ပြန်ဆွဲချနေသကဲ့သို့ ဖြစ်သည်။
ကြီးမားသည့် စီမံကိန်းများသည် နှောင့်နှေးကြန့်ကြာမှုနှင့် ကုန်ကျစရိတ် ကြီးမြင့်မှုတို့နှင့် မကြာခဏ ရင်ဆိုင်ခဲ့ရ ကာ ဗျူရိုကရေစီ ယန္တရားကလည်း ဆန်းသစ် တီထွင်မှုများကို အဟန့်အတား ဖြစ်စေခဲ့သည်။
ဩဇာကြီးမားသည့် အခွင့်ထူးခံ လူတန်းစားများက နိုင်ငံရေးကို ထိန်းချုပ်ထားဆဲဖြစ်ပြီး တရားဥပဒေ စိုးမိုးရေး သည်လည်း တစ်သမတ်တည်း မရှိပေ။
ထိုအားနည်းချက်များက နိုင်ငံတကာရေးရာ ကိစ္စရပ်များတွင် အင်ဒိုနီးရှားနိုင်ငံ၏ ယုံကြည်လေးစားခံရမှုကို လျော့ကျစေခဲ့သည်။
နိုင်ငံတစ်နိုင်ငံ အနေဖြင့် ကိုယ်ပိုင်စနစ် တစ်ခုကို ကောင်းမွန်စွာ ပြင်ဆင်နိုင်ခြင်း မရှိပါက အခြားနိုင်ငံများကို ဦးဆောင်ရန် မဖြစ်နိုင်ပေ။
အာဏာအပျော့ ကျဆင်းမှု
*************************
အင်ဒိုနီးရှား၏ အာဏာအပျော့သည်လည်း ကျဆင်းနေသည်ကို တွေ့ရသည်။ အင်ဒိုနီးရှား၏ ယဉ်ကျေးမှုသည် အလွန်ကြီးမားပြီး ပေါင်းစုံထွေးရော ယှက်တင်နေသည်။
သို့သော် တောင်ကိုရီးယား၏ K-Pop ဖျော်ဖြေရေးလုပ်ငန်း၊ ဂျပန်၏ ရုပ်ပြစာစောင်၊ အန်နီမေးရှင်း၊ ဂိမ်းနှင့် ဂီတ သို့မဟုတ် အိန္ဒိယ၏ ဘောလီးဝုဒ် ရုပ်ရှင်နယ်ပယ်များနှင့် နှိုင်းယှဉ်ပါက အင်ဒိုနီးရှား၏ အာဏာအပျော့သည် ကမ္ဘာအဆင့်သို့ ပေါက်ရောက်ခြင်း မရှိသေးပေ။
ပြည်တွင်းတွင် ဆန်းသစ်တီထွင်သည့် လုပ်ငန်းများသည် အရှိန်အဟုန် ကောင်းနေသည့်တိုင် ဆင်ဆာ ဖြတ်တောက် မှုများနှင့် ငွေကြေးအင်အား နည်းပါးသည့် ရင်းနှီးမြှုပ်နှံမှုများကြောင့် ထင်သလောက် ပေါက်ရောက် ခဲ့ခြင်း မရှိပေ။
ထိုအခြေအနေများကြောင့် အင်ဒိုနီးရှား လူငယ်အများစုသည် စိတ်ပျက်လာခဲ့ကြပြီး ၎င်းတို့၏ စိတ်ကူးဉာဏ် ကွန့်မြူးမှုများအတွက် ပြည်ပနိုင်ငံများကို အားကိုးလာခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် စင်္ကာပူ၊ မလေးရှားနှင့် ဗီယက်နမ်ကဲ့သို့ အိမ်နီးချင်းနိုင်ငံများသည် တူညီသည့် မဟာဗျူဟာ များဖြင့် ၎င်းတို့၏ အာဏာအပျော့ကို နိုင်ငံတကာ၏ အသိအမှတ်ပြုမှုနှင့် လေးစားမှု ရရှိစေရန် ကြိုးပမ်းနေ ကြသည်။
အင်ဒိုနီးရှားသမ္မတ ဘရာဘိုဝိုကို တွေ့ရစဉ်
ပြုပြင်ပြောင်းလဲချိန်တန်ပြီ
************************
အင်ဒိုနီးရှားအနေဖြင့် အမှန်တကယ် ဩဇာအာဏာကြီးမားသည့် နိုင်ငံဖြစ်လိုသည့် ဆန္ဒရှိမည်ဆိုပါက ပြည်တွင်း ပြုပြင်ပြောင်းလဲမှုများကို စတင်ပြုလုပ်ရမည်ဖြစ်သည်။
ဗျူရိုကရေစီစနစ်သည် နိုင်ငံရေးသမားများအတွက် မဟုတ်ဘဲ ပြည်သူများအတွက် ဖြစ်ရမည်ဖြစ်သည်။
တရားရုံးများကို လွတ်လပ်မှု ပေးရမည်ဖြစ်ပြီး စစ်တပ် အနေဖြင့်လည်း ပရော်ဖက်ရှင်နယ် ဆန်ရမည်ဖြစ်ကာ နိုင်ငံရေး မနွယ်သင့်ပေ။
အဂတိလိုက်စားမှုကိုလည်း အမျိုးသားရေး ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ပြီး တိုက်ဖျက်ရမည်ဖြစ်သည်။
ထို့ပြင် ပညာရေးနှင့်ဆန်းသစ် တီထွင်မှုများတွင် ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။
လူငယ်များအနေဖြင့် ကောင်းမွန်စွာ ပညာမသင်ကြားရဘဲ ကောင်းမွန်စွာ ပျိုးထောင်မခံရပါက ထိုလူငယ်မျိုးဆက် သည် ပြဿနာတစ်ခု ဖြစ်လာနိုင်သည်။
ယနေ့ခေတ်တွင် စစ်မှန်သည့် အာဏာသည် ဗဟုသုတ၊ တီထွင်ကြံဆမှုနှင့် နည်းပညာတို့မှ ပေါက်ဖွားလာသည် ဆိုခြင်းကို သတိချပ်သင့်ပေသည်။
သံတမန် ဆက်ဆံရေးတွင်လည်း အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် အိမ်တွင်းပုန်း လုပ်မနေသင့်ဘဲ ရှေ့ထွက် ဦးဆောင် ရမည်ဖြစ်သည်။ အာဆီယံတွင် "ကြားနေ" ဆိုသည့် ရပ်တည်ချက်သည် စကားလုံးတစ်လုံးထက်ပိုပြီး အဓိပ္ပာယ် မရှိနိုင်ပေ။
အကျပ်အတည်းများ ဖြစ်လာခဲ့မည်ဆိုပါက အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် အစီအစဉ်များ ရေးဆွဲသင့်ပြီး ဒေသတွင်း အခင်းအကျင်းကို ကာကွယ်ရန် အရဲစွန့် လုပ်ဆောင်ရမည်ဖြစ်သည်။
လွတ်လပ်ပြီး အမှီအခို ကင်းသည်ဆိုသည့် အဓိပ္ပာယ်မှာ အမေရိကန်နှင့် တရုတ်ကို ရှောင်စရာမလိုဘဲ ထိုနှစ်နိုင်ငံ စလုံးနှင့် ထိတွေ့ဆက်ဆံရမည့် အဓိပ္ပာယ်ဖြစ်သည်။
အချိန်နှင့် ဒီရေသည် လူကိုမစောင့်
*******************************
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို အတွက်မူ စစ်မှန်သည့် ပြောင်းလဲမှုများကို ပြုလုပ်ရန် အခွင့်အလမ်းကာလက တိုတောင်းလှသည်။
လက်ရှိတွင် ၎င်းအား နိုင်ငံရေး ထောက်ခံမှု အားကောင်းနေပြီး စီးပွားရေး တည်ငြိမ်နေသည် ဆိုသည့်တိုင် အချိန်သည် အတိုင်းအတာ တစ်ခုအထိသာရှိသည်။
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ယခုမှစပြီး ပြောင်းလဲမည်ဆိုမှသာ အာဆီယံတွင် ခေါင်းဆောင်မှုကဏ္ဍကို ပြန်လည် ရရှိနိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက အသံသာကျယ်ပြီး အဆန်မပါသည့် သင်္ကြန် အမြောက်ကဲ့သို့ ဖြစ်နေဦး မည်ဖြစ်သည်။
ဒေသတွင်း ခေါင်ဆောင် ဖြစ်လာရန်အတွက် အင်ဒိုနီးရှားတွင် အရင်းအမြစ်များနှင့် လူထုထောက်ခံမှုအား ရှိနေသည်။ သို့သော် စိတ်ဓာတ်တက်ကြွမှုနှင့် ရဲစွမ်းသတ္တိပိုင်းတွင် အားနည်းနေဆဲဖြစ်သည်။
ဒေသတွင်း ပဋိပက္ခများတွင် ပါဝင်ရန် တွန့်ဆုတ်နေခြင်းက ခေါင်းဆောင်နေရာကို ရရှိစေလိမ့်မည် မဟုတ်ပေ။
ထိုကြောင့် ပရာဘိုဝို အနေဖြင့် ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်မည်လော သို့မဟုတ် အင်ဒိုနီးရှား၏ ဩဇာလွှမ်းမိုးမှု တဖြည်းဖြည်း ကျဆင်းသွားသည့် အခြေအနေကို ထိုင်ကြည့်နေမည် လော ဆိုသည့် အချက် ၂ ချက်ကို ရွေးချယ်ရမည်ဖြစ်သည်။
Source: Asia Times