CNI News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၃

အခြေခံပညာဦးစီးဌာန၊ အခြေခံပညာကျောင်းများ၏ ၂၀၂၅-၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု ၆ သန်း ကျော် (၆,၁၁၉,၂၆၀ ဦး)ရှိကြောင်း ပညာရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၅-၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုကို ဇွန်လ ၂ ရက်နေ့က စတင် လက်ခံခဲ့သည်။

ထို့နောက် ၂၀၂၅-၂၆ ပညာသင်နှစ်အတွက် မူလတန်းကျောင်းအပ်နှံမှု ၄ သန်းကျော် (၄,၁၄၆,၂၅၁ ဦး)၊ အလယ် တန်းကျောင်းအပ်နှံမှု ၁ သန်းကျော် (၁,၃၄၄,၂၃၆ ဦး)၊ အထက်တန်းကျောင်းအပ်နှံမှု ၆ သိန်းကျော် (၆၂၈,၇၇၃ ဦး) စုစုပေါင်း ကျောင်းအပ်နှံမှု ၆ သန်းကျော် (၆,၁၁၉,၂၆၀ ဦး)ရှိသည်။

ကျောင်းသူ/သားများကိုတွေ့ရစဉ်

၂၀၂၅-၂၆ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/သူများအား ကျောင်းအပ်နှံချိန်တွင် သင်ရိုးညွှန်းတန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို အခမဲ့ထုတ်ပေးပြီး KG နှင့် မူလတန်ကျောင်းသား/သူများကို ကျောင်းဝတ်စုံများလည်း အခမဲ့ပေးအပ်လျက်ရှိသည်ဟု ပညာရေးဝန် ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

သို့သော် တချို့သော တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ကျောင်းအပ်နှံချိန်က ရရှိခဲ့သော သင်ရိုးညွှန်းတန်းစာ အုပ်များကို ကျောင်းပိတ်ချိန်၌ ပြန်လည်အပ်နှံရမှုများရှိနေကြောင်း၊ ပြန်လည် မအပ်နှံပါက တန်ဖိုးအတိုင်း ပေးလျှော်ရမည့်ဟု သတ်မှတ်ချက်များ ပြုလုပ်နေကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် စာသင်ကျောင်းများ မဖွင့်လှစ်နိုင်သည့် မြို့နယ်များ အများအပြားရှိနေသလို စာသင်ကျောင်း မဖွင့်လှစ်နိုင်၍ ကျောင်း မတက်နိုင်ဘဲ ဖြစ်နေသည့် ကျောင်းသား/သူများ လည်း အများအပြားရှိနေသည်။