- By CNI
- Category: ပညာရေး
- Hits: 1174
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆
ရခိုင်ပြည်နယ်ရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာသင်ကြားရေးတွင် ကျောင်းသုံးစာရေး ကိရိယာများ လုံလောက်စွာ မရရှိခြင်း၊ ဆရာ၊ ဆရာမ လုံလောက်မှုမရှိခြင်း၊ ကျောင်းဆောင်များ ယိုယွင်း ပျက်ဆီးခြင်း၊ သွားလာရ ခက်ခဲခြင်း စသည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ရခိုင်ပြည်နယ် ဒေသခံများထံမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားသည့် ဒေသများတွင် အခြေခံပညာရေးကျောင်းဆောင်များ ယိုယွင်း ပျက်စီးမှုနှင့် တခြားသော လိုအပ်ချက်များ ဖြစ်ပေါ်နေသည့်အပြင် တစ်ပြည်နယ်လုံးရှိ အခြေခံပညာရေး ကျောင်းများတွင်ပါ ဖြစ်ပေါ်နေသည်ဟု ရခိုင်အမျိုးသားကွန်ရက်မှ ဥက္ကဋ္ဌ ဦးတင်ထူးအောင်က CNI သတင်းဌာနသို့ ပြောသည်။
“ရခိုင်တစ်ပြည်နယ်လုံးမှာတော့ စစ်ဖြစ်တဲ့ဒေသမှာတော့ ပိုပြီးတော့ အထိနာတာပေါ့။ ဒါကတော့ ဘယ်လိုမှ ငြင်းချက်ထုတ်လို့ မရတဲ့အချက်ပါပဲ။ ဒါပေမယ့် ရခိုင်တစ်ပြည်နယ်လုံးမှာရှိတဲ့ မူလတန်း ကျောင်းနဲ့ မူလွန်ကျောင်းတွေ အများကြီးပါ ပျက်စီးနေမှုတွေ၊ ကျောင်းသုံးစာအုပ်တွေ၊ စာရေးကိရိယာ မလုံလောက်မှုတွေ၊ ဆရာ၊ ဆရာမတွေ မရှိဘူး၊ လုံလောက်မှု မရှိဘူး။ ဒါက ကျနော်တို့ ရခိုင်ပြည်နယ် တစ်ခုလုံးမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေပေါ့နော် ပညာရေးနဲ့ပတ်သက်လာရင်၊ အခြေခံပညာရေးနဲ့ ပတ်သက်လာရင်” ဟု ပြောသည်။
မြောက်ဦးမြို့နယ်ရှိ တိမ်ညိုတိုက်ပွဲရှောင်စခန်းတွင် စခန်းအတွင်း ယာယီကျောင်းဆောင် တည်ဆောက် ၍ သူငယ်တန်းမှ စတုတ္ထတန်းထိ စာသင်ကြားမှု ပြုလုပ်နေသော်လည်း အစိုးရမှ ဆရာ၊ ဆရာမ ၄ ဦးသာ ပေးထားသည့်အတွက် လုံလောက်မှုမရှိကြောင်း တိမ်ညိုတိုက်ပွဲရှောင်စခန်းမှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
“ပုံမှန် ကျနော်တို့ တက်နေတယ်။ ဒါပေမယ့် ဆရာ၊ ဆရာမအပိုင်းပဲ နည်းနည်း အခုလာကြည့်တော့ ကျနော်တို့ဆီမှာ အတန်း ၅ တန်းရှိတယ်၊ ဆရာ ၄ ယောက်ပဲ ရောက်တယ်။ အဲတော့ တစ်ယောက် ကတော့ ဘာပဲဖြစ်ဖြစ် လိုအပ်ချက်ရှိနေတယ်။ ပြီးရင် စာရေးခုံတို့၊ စာအုပ်စာတမ်းတွေပေါ့၊ အဲဒါတွေ တော့ လိုအပ်ချက်တွေ ရှိတယ်။ အဲတော့ ကျနော်တို့က အစိုးရဖြစ်ဖြစ်၊ NGO ဖြစ်ဖြစ် ကျနော်တို့ တင်ပြပေးမယ် အဲလိုတော့ ကျနော်ပြောထားတာ ရှိတယ်” ဟု ပြောသည်။
ကုန်ပြင်ကျေးရွာမှ တိုက်ပွဲရှောင် အမျိုးသမီးနှင့် ကလေးငယ်များကို တွေ့ရစဉ်(ဓါတ်ပုံ-CNI)
တိမ်ညိုတိုက်ပွဲရှောင်အတွင်းရှိ ယာယီကျောင်းဆောင်တွင် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၁၅၀ ကျော် ရှိပြီး အစိုးရမှ ချပေးထားသည့် ဆရာ၊ ဆရာမ ၄ ဦးနှင့် ပရဟိတအနေဖြင့် ဝင်ရောက်သင်ကြားပေးနေ သည့် ဆရာမတစ်ဦးရှိပြီး စာရေးခုံ အလုံး ၄၀ ကျော် လိုအပ်ချက်ရှိနေကြောင်း သိရသည်။
ဒါ့အပြင် မြောက်ဦးမြို့နယ်တွင် တိုက်ပွဲရှောင်စခန်း ၁၀ ခုနီးပါးရှိပြီး တိုက်ပွဲရှောင်စခန်းအတွင်း ယာယီ ကျောင်းဆောင်ရှိသည်မှာ တိမ်ညိုတိုက်ပွဲရှောင်စခန်းတစ်ခုသာ ရှိကြောင်း၊ ကျန်တိုက်ပွဲရှောင်စခန်းမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နီးစပ်ရာကျောင်းများတွင် သွားရောက်သင်ကြားနေရခြင်း ကြောင့် အခက်အခဲရှိနေသည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင် ကျောင်းဆောင်များ မိုးယိုနေခြင်း၊ စာရေးကိရိယာများ လုံလောက်မှု မရှိခြင်း၊ ဆရာ၊ ဆရာမ လုံလောက်မှု မရှိခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ရှိနေခြင်းများသည် ကျောက်ဖြူ၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ မောင်တော စသည့် မြို့နယ်များတွင် ပိုမိုဖြစ်ပေါ်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ယခုလို အခြေခံပညာသင်ကြားရေးတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို လက်ရှိ တာဝန်ယူထားသည့် ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ဖြေရှင်းပေးရန် လိုအပ်ကြောင်းနှင့် ပြုပြင်ပြောင်းလဲသင့်ကြောင်း ရခိုင် အမျိုးသား ကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောသည်။
“ပညာရေးစနစ်နဲ့ ပတ်သက်ပြီးတော့ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ ကျောင်းတို့၊ စာရေးကိရိယာတို့၊ နောက်ပြီးတော့ ကျောင်းကိုသွားတဲ့ လမ်းပန်းဆက်သွယ်ရေးတို့၊ နောက်ပြီးတော့ မြစ်ချောင်းကူးရတဲ့ နေ ရာဆို အသက်အန္တရာယ်ရှိတော့ အသက်အန္တရာယ်ကို အာမခံချက်ကအစပေါ့ လမ်းပန်းခရီးနဲ့ ပတ်သက် ပြီး ကလေးတွေ ဘဝလုံခြုံရေးအတွက်ပေါ့။ ဒါတွေနဲ့ ပတ်သက်ပြီး စီမံဆောင်ရွက်ထားတာ မရှိဘူး။ အဲတော့ ကလေးတွေ ပညာရေးအတွက်ပေါ့နော် အခက်အခဲ အများကြီး ရှိနေတယ်။ စိန်ခေါ်မှုတွေ အများကြီး ရှိနေတယ်။ အဲဒီ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို အများကြီး ကျော်လွှားဖြတ်သန်းနိုင်ဖို့အတွက် လက်ရှိ တာဝန်ရှိသူတွေမှာ တာဝန်ရှိတယ်လို့ ကျနော့်အနေနဲ့ အဓိက ပြောချင်တယ်။ ဒါတွေကို ပြုပြင် တည်ဆောက်နိုင်ရင်တော့ လက်ရှိအခြေအနေမှာ ပုံမှန်အတိုင်းအတာ တစ်ရပ်အထိ ငြိမ်းချမ်းမယ်။ ဒါပေမယ့် စစ်မက်ဖြစ်ပွားတဲ့ အခြေအနေ မရှိဘူးဆိုရင်တော့ စကစရဲ့ လုပ်ဆောင်ချက်နဲ့လုပ်ဆောင်မှုတွေပေါ်မှာ မူတည်တယ်လို့ ပြောချင်တယ်။ အဲဒါကြောင့် ပညာရေးစနစ်နဲ့ ပတ်သက်ပြီးတော့ ရခိုင်မှာ အခုချိန်မှာ တည်ဆောက်လို့ရရင်တော့ လက်ရှိ တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးတည်ဆောက် ပြုပြင်ပြောင်းလဲသင့်တယ်လို့ မြင်တယ်” ဟု CNI သို့ ပြောသည်။
ရခိုင်ပြည်နယ်တွင် ယခုနှစ် စာသင်နှစ်အတွင်း အခြေခံပညာစာသင်ကျောင်းပေါင်း ၃ ထောင်ကျော်၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၈ဝ နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း ၅ဝ ကို ဇွန်လ ၂ ရက်မှ စတင်ကာ ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်သည်။

- By CNI News
- Category: ပညာရေး
- Hits: 1162
CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၉
မြန်မာ့နိုင်ငံရေး အကျပ်အတည်းဖြစ်ကာ လက်နက်ကိုင်ပဋိပက္ခများ ကြီးထွားလာသည့် ကာလအတွင်း ပညာရေးဝန်ထမ်း ဆရာ/ဆရာမများ တိုက်ခိုက်ခံရခြင်းကြောင့် ဆရာ/ဆရာမ ၄၀ ဦးသေဆုံးပြီး ၁၁ ဦးပျောက်ဆုံးနေကာ ၁၄ ဦး ဒဏ်ရာရရှိ ကြောင်း နစက-က ယနေ့ (ဇွန်လ ၉ ရက်) ထုတ်ပြန်ခဲ့သည်။
အဆိုပါ သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံး စာရင်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မေလ ၂၇ ရက် အတွင်း ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆရာ/ဆရာမ ၁၈ ဦး အသတ်ခံရပြီး ၄ ဦး ဒဏ်ရာရကာ ၁၁ ဦး ပျောက်ဆုံးနေကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ဆရာ/ဆရာမ ၁ ဦး အသတ်ခံရပြီး ၄ ဦး ဒဏ်ရာရကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် ဆရာ/ဆရာမ ၁၁ ဦး အသတ်ခံရပြီး ၄ ဦး ဒဏ်ရာရကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ဆရာ/ဆရာမ ၇ ဦး အသတ်ခံရ ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဆရာ/ဆရာမ ၂ ဦး အသတ်ခံရပြီး ၂ ဦးဒဏ်ရာရကြောင်း၊ မွန်ပြည်နယ်တွင် ဆရာ/ဆရာမ ၁ ဦး အသတ်ခံရကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီနယ်မြေ၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် စသည့် ဒေသများတွင် ဆရာ/ဆရာမများ တိုက်ခိုက်ခံရခြင်း မရှိကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံတဝှမ်း လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနေသလို ပညာရေးဝန်ထမ်းများလည်း တိုက်ခိုက်မှုများ ခံနေကြရသည်။

- By CNI News
- Category: ပညာရေး
- Hits: 1484
CNI News
၂၀၂၂ ခုနှစ်၊ မေလ ၃၀
စာသင်ကျောင်းများသို့ ပြန်လည် ဝင်ရောက်ရန် ရွေးချယ်ကြခြင်းမှာ ကလေးငယ်တိုင်း၏ မွေးရာပါ အခွင့်အရေးဖြစ်ကြောင်း အသိအမှတ်ပြုရမည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)က ယနေ့ (မေလ ၃၀ ရက်) ထုတ်ပြန် ပြောကြား ခဲ့သည်။
လက်ရှိ မြန်မာပြည်တွင် နစက လက်အောက်ရှိ စာသင်ကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်လက်ခံ လျက်ရှိရာ ကလေးငယ်များ ကျောင်းမတက်ဘဲ နေကြရန် တိုက်တွန်းခြင်း၊ ကျောင်းတက်သည့် ကလေးငယ်များနှင့် ကျောင်းအပ်သည့် မိဘများကို လူမှုရေးပြစ်ဒဏ်ခတ်မည်ဟု တိုက်တွန်းခြင်းများ ရှိနေသည်။
BPLA က “ပညာရေးတွင် ကလေးငယ်များနှင့် လူငယ်များ၏ ပညာရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပံ့ပိုးပေးရန် လိုအပ် ချက်ကို ရေရှည်တွင် လျစ်လျူရှု၍ မရစကောင်းပါ၊ စာသင်ကျောင်းများသို့ ပြန်လည် ဝင်ရောက်ရန် ရွေးချယ်ကြခြင်းမှာ လည်း ကလေးငယ်တိုင်း၏ မွေးရာပါ အခွင့်အရေးဖြစ်ကြောင်း အသိအမှတ်ပြုရမည်။ သို့ဖြစ်ရာ BPLA အနေနှင့် ရေရှည်ကို မျှော်ရည်ပြီး ပညာရေးနှင့်ပတ်သက်သော ရပ်တည်ချက်များကို ရှင်းလင်းစွာ ထုတ်ပြန်လိုပါသည်”ဟု ထုတ်ပြန်ခဲ့သည်။
ထို့နောက် ဖက်ဆစ်ဖိနှိပ်ခံပညာရေးစနစ် ယန္တရားကျောင်းများသို့ မသွားရောက်ဘဲ အစားထိုး ရွေးချယ်စရာနည်းလမ်းဖြင့် ပညာသင်ပေးသော တော်လှန်ပညာရေးများကို BPLA အနေဖြင့် များစွာ အားပေးထောက်ခံပါကြောင်း၊ သို့ရာတွင် ထိုအခွင့် အလမ်းများနှင့် အစားထိုး ဆောင်ရွက်ချက်များကို လက်လှမ်းမမီ၊ မတတ်နိုင်သောကြောင့် ကျောင်းသို့ ပြန်လည် ပို့ ဆောင် ရသော မိဘပြည်သူများ၊ ကျောင်းသူ ကျောင်းသားများ၊ ဆရာ/ဆရာမနှင့် စာသင်ကျောင်းများ၏ လုံခြုံရေးကို လုံးဝရန်ပြု ထိခိုက်စေမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နည်းတူပင် စာသင်ကျောင်းများနှင့် တက္ကသိုလ်များကို စစ်ရေးအရ အသုံးပြုခြင်းကို လုံးဝရှောင်ကျဉ်ကြမည်ဟု သန္နိဌာန် ချထားကြသော မိမိတို့နှင့် တစ်လှေတည်းစီး တစ်ပြည်လုံး တော်လှန်ရေး ရဲဘော်ရဲဘက် များနှင့်အတူ BPLA က ခိုင်မာစွာ ရပ်တည်သွားပါမည်ဟုလည်း ဆိုထားသည်။
လက်ရှိတွင် နစကက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းကို မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ လက်ခံ လျက်ရှိပြီး ယနေ့ (မေလ ၃၀ ရက်)ထိ ကျောင်းသား/သူ ၄၈ သိန်းကျော် ကျောင်းအပ်နှံလာကြကြောင်း ထုြတ်ပန်ထား သည်။
၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အဖြစ် ကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။