CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၆

ကျောင်းစာသင်ခန်းအတွင်း ကျောင်းဆရာမတချို့ ကခုန်ပြီး Tik Tok ဆော့‌နေသည့် ဗီဒီယိုများ အွန်လိုင်း စာမျက်နှာပေါ်များသို့ တင်နေခြင်းသည် ကျောင်းသူ၊ ကျောင်းသားများကို အထင်အမြင်လွဲစေနိုင်သည့်အတွက် ရှောင်ရှားသင့်ကြောင်း ကျောင်းသားမိဘများ၊ ဆရာ/ဆရာမများနှင့် တတ်သိပညာရှင်များက သုံးသပ်ပြောဆို သည်။

လက်ရှိကာလသည် ကျောင်းသူ ကျောင်းသားများ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ရန် လိုအပ်သည့်ကာလ ဖြစ်သည့်အတွက် ကျောင်းဆရာ၊ ဆရာမများအနေဖြင့် ယင်းကိစ္စကို အရေးပေးရန်လိုအပ်သည်ဟု ရန်ကုန် စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

“ဆရာမတွေက စာသင်ချိန်အတွင်းမှာကို သူတို့ရဲ့ ပညာသင်ကြားရေးကို အထောက်အကူပြုတယ်ဆိုလို့ရှိရင်တော့ ဒါတွေက လုပ်လို့ရပါတယ်။ သူတို့ရဲ့ ပညာသင်ကြားရေးကို အထောက်အကူ မပြုတဲ့ဟာ ကျောင်းသားတွေ အထင်အမြင် လွဲစေမယ့် ကိစ္စတွေဆိုရင်တော့ ဒီလိုမျိုး လုပ်ရပ်တွေကို ရှောင်ရှားသင့်တယ်ပေါ့နော်။ အခုဟာက ကျောင်းသားတွေ ဘေးကင်းစွာ ပညာသင်ကြားရေးကို ဦးတည်ပြီးတော့ တစ်နိုင်ငံလုံးပေါ့နော် လိုလားနေတဲ့ အချိန်မှာ ဆရာမတွေအနေနဲ့က ကျောင်းသားတွေ လုံလုံခြုံခြုံနဲ့ ကောင်းကောင်းမွန်မွန် အရည်အသွေးရှိတဲ့ ပညာသင်ကြားနိုင်ရေးဘက်မှာ ဦးစားပေးပြီးတော့ အာရုံစိုက်ထားသင့်တယ်လို့ အန်တီကတော့ မြင်ပါတယ်” ဟု ပြောသည်။

ဆရာ၊ ဆရာမများသည် ကျောင်းသူ၊ ကျောင်းသားများ၏ စံပြပုဂ္ဂိုလ်များဖြစ်သည့်အတွက် ကျောင်းစာသင်ခန်း အတွင်း ကျောင်းဝတ်စုံဖြင့် ကခုန်ပြီး Tik Tok ဆော့ခြင်းသည် ကျောင်းသူ၊ ကျောင်းသားများကို အထင်မြင် လွဲစေနိုင်သည့်အပြင် တခြားသော ဆရာမများ၏ ပုံရိပ်ကိုလည်း ထိခိုက်စေနိုင်ကြောင်း၊ ကျောင်းသားမိဘများ၏ ဆရာ၊ ဆရာမတွေအပေါ် ထားရှိသည့် ယုံကြည်ချက်များလည်း လျော့ကျသွားစေနိုင်ကြောင်း ကျောင်းဆရာ၊ ဆရာမများက သုံးသပ်ကြသည်။

ဆရာ၊ ဆရာမများအနေဖြင့် သင်ရိုးနှင့်သက်ဆိုင်သည့် လုပ်ဆောင်မှုများကို ကျောင်းသူ၊ ကျောင်းသားများနှင့်အတူ ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း ယခု Tik Tok ဆော့သည့်လုပ်ရပ်ကို လက်မခံနိုင်ကြောင်း ကျောင်းဆရာမတစ်ဦး ဖြစ်သူ ဒေါ်မြင့်မြင့်မွန်(အမည်လွှဲ)က CNI သို့ ပြောသည်။

“Tik Tok ဆော့တယ်ဆိုတာ ကိုယ့်အိမ်မှာကိုယ် အိမ်မှာ အချိန်အများကြီးရတယ်။ ကိုယ့်အိမ်မှာ ကိုယ် လုပ်ချင်တာလုပ်။ ယူနီဖောင်းနဲ့ စာသင်ခန်းထဲမှာ လုပ်တာကိုတော့ ဆရာမတို့က ကန့်ကွက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆရာမဆိုတာက ကလေးတွေရဲ့ ဦးဆောင်လမ်းပြ လုပ်ကြရတာလေ။ အတန်းထဲမှာ စာသင်နေတယ်။ ကလေးတွေနဲ့ သင်ယူမှုမှာ ပူးပေါင်းလုပ်တယ်ဆိုရင်တော့ ဆရာမတို့က လက်ခံတယ်။ ဘာလို့လဲဆိုတော့ အခုသင်ရိုးက ကလေးတွေနဲ့အတူတူ ပူးပေါင်းလုပ်တာ အားကစားလုပ်တာတို့၊ ဒီပြင်ဟာတွေလုပ်တာဆိုရင် ဆရာမတို့က လက်ခံတယ်။ အခု Tik Tok လုပ်နေတာကြီးကို ဆရာမတို့က မကြိုက်ဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် တွေ့ရှိနေရသည့် Tik Tok ဆော့ထားသည့် ဆရာမ ဗီဒီယိုဖိုင်များတွင် အသက်ငယ်ရွယ်သည့် ဆရာမများကိုသာ အများဆုံးတွေ့နေရကြောင်း သူက ပြောသည်။

ယင်းသို့ ကျောင်းဝတ်စုံပြည့်ဖြင့် စာသင်ခန်းအတွင်း Tik Tok ဆော့နေသည့် ဆရာမများသည် ဆရာမအစစ်များ ဖြစ်နေခြင်းကြောင့် ယင်းအပေါ် ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း တားမြစ်သင့်ကြောင်း ဆရာမ ဒေါ်မြင့်မြင့်မွန်(အမည်လွှဲ)က ဆက်ပြောသည်။

“ကိုယ့်ရဲ့ ပညာရေးဌာနကနေပြီးတော့ ပြောရမယ်လေ။ ဒီလိုမျိုး ကိုယ့်ရဲ့ ယူနီဖောင်းဝတ်ပြီး Tik Tok ဆော့ တင်တာမျိုးတော့ မလုပ်သင့်ဘူးလို့ ထင်တာပဲ ဆရာမတော့။ တကယ်လို့ ကိုယ့်ကျောင်းကနေပြီးတော့ ဆရာမ တို့ဆို ကျောင်းအုပ်ကြီးကို ပြောပြရမယ်။

ကျောင်းအုပ်ကနေပြီးတဆင့် အထက်အထက် လူကြီးတွေက တားမြစ် ဖို့တော့ ကောင်းတာပေါ့။ ဒီလိုမျိုးကြီး လုပ်နေတာကိုတော့ မကြိုက်ဘူးလေ” ဟု CNI သတင်းဌာနသို့ ပြောသည်။