CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၆

Kaung For You Education(K4U) ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူထားသူ ကိုကောင်းသိုက်စိုး အပါအဝင် သုံးဦးကို ဖမ်းမိ ထားသည်ဟု နစက-က ယနေ့ (ဇူလိုင် ၁၆ ရက်)တွင် သတင်း ထုတ်ပြန်သွားခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃ ရက်နေ့က ကိုကောင်းသိုက်စိုး(မြစ်သားမြို့နယ်၊ CDM၊ လက်ထောက်မြို့နယ် ပညာရေးမှူး)၊ ကိုဝင်း ဗိုလ် (ခ) ဘိုဘို (CDM၊ မူလတန်းပြ)၊ သန့်စင်ထိုက် (CDM၊ မူလတန်းပြ)တို့အား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်၊ လှည်းရိုးရပ်ကွက်ရှိ နေအိမ် တစ်အိမ်မှာ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

K4U ကျောင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ညွှန်ကြားမှုဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး တရားမဝင် ပညာသင် ကြားမှု အစီအစဉ်အား Online စနစ်ဖြင့် သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။

NUG ၏ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဂျာထွယ်ပန်က စာသင်ကြားပေးနေသည့် ဆရာ/မများကို ဖမ်းဆီးခြင်းက လွတ်လပ် စွာ ပညာသင်ကြားခွင့်ကို ချိုးဖောက်ခြင်းဖြစ်ပြီး လူမဆန်မှုများပဲ ဖြစ်သည်ဟု သူ၏ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာ ပေါ်ကနေ ရေးသား ပြောဆိုခဲ့သည်။

NUG ၏ ဒုဝန်ကြီး ဂျာထွယ်ပန်က “ Kaung 4 U ကျောင်းမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို ပညာရေးဝန်ကြီးဌာနက စုံစမ်း စစ် ဆေး နေစဉ်အတွင်းမှာပဲ မနေ့က ဆရာ ကောင်းသိုက်စိုး အဖမ်းခံရတယ်ဆိုတဲ့ သတင်းနဲ့အတူ ဆရာ/မ တချို့ပါ အဖမ်းခံခဲ့ရ ပါတယ်။ Kaung 4 U အနေနဲ့ စီမံခန့်ခွဲမှု လိုအပ်ချက်တွေ ရှိခဲ့ပြီး ကျောင်းအုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ တာဝန်ရှိ ကြောင်း ခံယူပြီး ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်အပေါ် အခွင့်ကောင်းယူပြီး စာသင်ကြားပေးနေတဲ့ ဆရာ/မ တွေကို ဖမ်းဆီးတာက လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ချိုးဖောက်တာဖြစ်ပြီး ယုတ်မာ လူမဆန်မှုတွေပဲ ဖြစ်ပါတယ်”ဟု သူ၏ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပြောထားသည်။

ကိုကောင်းသိုက်စိုး၏ ထွက်ဆိုချက်အရ Kaung For You Federal Private School Team အား ၂၀၂၂ ခုနှစ်၊ ဧပြီလ (ပထမ ပတ်)တွင် Online မှတဆင့် အဖွဲ့ဝင် ၁၂ ဦးဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃ ရက်တွင် စတင် သင်ကြား ပို့ချနိုင် ရေး စီစဉ် ဆောင်ရွက်ထားကြောင်း၊ ထိုသို့ သင်ကြား ပို့ချနိုင်ရန်အတွက် CDM ပြုလုပ်ထားသူ ဆရာ/ဆရာမ ၄၀၀ ဦးခန့်အား ခန့်အပ်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်ဟု နစက-က ထုတ်ပြန်သွားသည်။

ထို့နောက် ကျောင်း တက်ရောက်မည့် ကျောင်းသား/သူများကိုလည်း ဇွန်လ ၁ ရက်မှစတင်၍ Online မှတဆင့် ကျောင်းအပ် လက်ခံခဲ့ပြီး Online အခြေပြု စာသင်ကြားမှုအတွက် Zoom Application၊ Facebook၊ Signal၊ Gmail၊ Messenger တို့တွင် Group များဖွဲ့၍ ဆက်သွယ် အသုံးပြုထားကြောင်း တွေ့ရှိရသည်ဟု နစကဘက်က ပြောသည်။

ထိုသို့ Online မှတဆင့် စာသင်ကြားမည့် CDM ကျောင်း ဆရာ/ဆရာမများအတွက် လစာငွေအား ကျောင်းအပ်နှံသူ ကျောင်းသား/သူများ၏ မိဘများထံမှ တစ်လလျှင် တစ်ဦးအနည်းဆုံး တစ်သောင်း(၁၀၀၀၀) ကျပ် ကောက်ခံကြောင်း သိရသည်။

K4U ကျောင်းအုပ်အဖြစ် တာဝန်ယူထားသူ ကိုကောင်းသိုက်စိုးမှာ မြစ်သားမြို့မရဲစခန်းက ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ခံ ထားရသူဖြစ်ကြောင်း နစက-က ဆိုသည်။