CNI International News

ဘေကျင်း၊ ဩဂုတ် ၁၆

ဩစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန်တို့ ပါဝင်သည့် AUKUS အဖွဲ့၏ AI နည်းပညာသုံး ဒရုန်းများသည် တရုတ်၏ နည်းပညာ လွှမ်းမိုးမှုအောက်သို့ ရောက်ရှိနေသည်ဟု Asia Times မှ ဖော်ပြခဲ့သည်။

AUKUS အဖွဲ့၏ AI နည်းပညာသုံး ဒရုန်းများ စမ်းသပ်မှုသည် ၎င်းတို့မဟာမိတ်အဖွဲ့၏ စစ်ဘက်သုံး နည်းပညာ မြင့်မားမှုအတွက် တွန်းအားတစ်ခု ဖြစ်စေခဲ့သည်။

သို့သော်လည်း စက်မှု လုပ်ငန်းဆိုင်ရာ ကန့်သတ်ချက်များနှင့် တရုတ်၏ စျေးကွက်လွှမ်းမိုးမှုတို့က အနာဂတ် တိုက်ပွဲများတွင် ထိုဒရုန်းများ၏ အသင့်အနေအထားဖြစ်မှုကို လျော့ပါးစေနိုင်ကြောင်း Asia Times မှ ဖော်ပြခဲ့ သည်။

ယခုလအတွင်း ဗြိတိန်၏ ကာကွယ်ရေးသိပ္ပံနှင့် နည်းပညာ ဓာတ်ခွဲခန်း (DSTL) သည် လူသားများ ထိန်းချုပ် မောင်းနှင်သည့် သမားရိုးကျ ဒရုန်းများထက် သာလွန်ကောင်းမွန်သော AI နည်းပညာသုံး ဒရုန်းများကို အောင်မြင် စွာ စမ်းသပ်ခဲ့ကြောင်း AUKUS အဖွဲ့ဝင်နိုင်ငံများကို အကြောင်းကြားခဲ့သည်။

AUKUS အဖွဲ့၀င် နိုင်ငံခေါင်းဆောင်များကိုတွေ့ရစဉ်

AI နည်းပညာသုံး ဒရုန်းများသည် လူသားများ၏ ထိန်းချုပ်မှုမပါဘဲ မြေပြင်ပစ်မှတ်များကို ထောက်လှမ်းခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နိုင်သည်။

ထိုအစမ်းမောင်းနှင်မှုသည် AUKUS ၏ မောင်းသူမဲ့ AI နည်းပညာများ (RAAIT) စမ်းသပ်မှုများထဲမှ အခန်းကဏ္ဍ တစ်ခုဖြစ်ပြီး မောင်းသူမဲ့နည်းပညာနှင့် AI အာရုံခံစနစ်များကို စစ်ဘက်တွင် လက်တွေ့အသုံးချနိုင်ရန် ပထမဆုံး စမ်းသပ်မှုဖြစ်ကြောင်း DSTL က ပြောကြားခဲ့သည်။

AI နှင့် မောင်းသူမဲ့နည်းပညာ တွဲစပ်မှုသည် ပစ်မှတ်များအား ထောက်လှမ်းသိရှိသည့်အချိန်ကို လျှော့ချနိုင်ကာ စစ်မှုထမ်းများအတွက် အန္တရာယ်များကိုလည်း လျော့ကျစေကြောင်း DSTL က ပြောသည်။

ထို့ပြင် ထိုစမ်းသပ်မှုသည် အီလက်ထရောနစ် စစ်ဆင်ရေးနှင့် ဂျီပီအက်စ် တိုက်ခိုက်မှုများရန်မှ စစ်ဘက်သုံး ပစ္စည်းများကို ကာကွယ်ရန် အလားအလာကို မြင့်တက်စေခဲ့သလို AUKUS နိုင်ငံများအကြား ဘက်စုံ စစ်ဆင်ရေး စွမ်းဆောင်ရည်နှင့် ခေတ်မီ AI နည်းပညာကို အသုံးပြုနိုင်ရေးကို မြင့်တက်စေခဲ့သည်ဟု ဆိုသည်။

ဒရုန်းကို တွေ့ရစဉ်

AUKUS ကာကွယ်ရေး AI စင်တာ (DAIC) အကြီးအကဲ ဗိုလ်မှူးချုပ် ရေချယ် ဆင်လက်တန် (Rachel Singleton) ကလည်း AUKUS နိုင်ငံများအကြား ဘက်စုံစစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်မှုစနစ်များ အကောင်အထည် ဖော်ရေး၏ အရေးကြီးပုံကို အလေးထား ပြောဆိုခဲ့သည်။

သို့သော် AUKUS အဖွဲ့အနေဖြင့် ထုတ်လုပ်ရေး ကုန်ကျစရိတ်များ၊ တရုတ်၏ ဒရုန်းထုတ်လုပ်သည့် ကုမ္ပဏီများ၏ ပြိုင်ဆိုင်မှုများနှင့် ဒရုန်း အစိတ်အပိုင်းများအတွက် တရုတ်နိုင်ငံလုပ် ပစ္စည်းများကို မှီခိုနေရမှု အပါအဝင် အသေး စား ဒရုန်းများ ထုတ်လုပ်ရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

အရွယ်အစားသေးငယ်သည့် ဒရုန်းများသည် ယူကရိန်း-ရုရှား စစ်ပွဲအတွင်း အဖျက်စွမ်းအားပြင်းသည့် လက်နက် များ ဖြစ်လာသည်ကို မြင်တွေ့နေရချိန်တွင် AUKUS မဟာမိတ်များသည် ဒရုန်းများအား လက်နက်အဖြစ် ပြောင်းလဲအသုံးပြုမည့် အစီအစဉ်ကို ဖောင်ဆောင်ရာတွင် နှေးကွေးနေသည်ဟုလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: Asia Times