CNI International News

တိုင်ပေ၊ စက်တင်ဘာ ၁၉

ထိုင်ဝမ်စစ်တပ်ကို လှည့်စားရန်အတွက် အရပ်ဘက်အဆင့်သုံးသည့် မောင်းသူမဲ့လေယာဉ်ငယ်(ဒရုန်း)များကို တရုတ်ပြည်မကြီးဘက်မှ မကြာခဏ လွှတ်တင်နေကြောင်း CNN သတင်းအရ သိရသည်။
အဆိုပါ ထူးခြားသည့်အန္တရာယ်ရှိလာနိုင်သော ဒရုန်းများသည် တရုတ်ပြည်မကြီးဘက်မှ အမှန်တကယ် ဦးတည် လွှတ်တင်နေသော အရပ်ဘက်သုံး ဒရုန်းများဖြစ်ကြောင်း ထိုင်ဝမ်စစ်တပ်က နောက်ပိုင်းတွင် အတည်ပြုခဲ့သည်။

ထိုင်ဝမ်ဘက်မှ ရရှိသော ဗီဒီယိုဖိုင်မှတ်တမ်းအချို့တွင် ထိုင်ဝမ်ပိုင်နက်အစွန်အဖျားရှိ ကင်မန်း (Kinmen) ကျွန်း များတွင် စစ်ရေးပြင်ဆင်မှုများ၊ စစ်မှုထမ်းများ လှုပ်ရှားမှုအသေးစိတ်များနှင့် ဒရုန်းများ ပျံသန်းဝင်ရောက်နေပုံများ ကို တွေ့ရသည်။

တစ်ခုသော ဗီဒီယိုင်ဖိုင်ထဲတွင် ထိုင်ဝမ်စစ်သား ၄ ဦးသည် ၎င်းတို့၏ကင်းစခန်းအထက်ဘက် ကောင်းကင်ယံသို့ ဝဲပျံ၍ ရောက်ရှိလာသော ဒရုန်း၏ အခိုက်အတန့်ကို ရိုက်ကူးမှတ်တမ်းတင်ထားသည်။ ၎င်းတို့တစ်ဦးချင်းစီ၏ မျက်နှာကို ဆွဲချဲ့ရိုက်ကူးနိုင်သည့် ကျူးကျော်ဒရုန်းကို ကျောက်ခဲဖြင့် ပစ်ပေါက်၍ တုံ့ပြန်ကြသည်။

ယင်းသို့ ထူးခြားဖြစ်စဉ်ကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်မှာ တရုတ်လူမှုကွန်ရက်မီဒီယာများပေါ် ပျံ့နှံ့သွားခဲ့သလို ထိုင်ဝမ်စစ်တပ်ကို လှောင်ပြောင်သည့် သဘောထားမှတ်ချက် (comments) များ ရာနှင့်ချီ၍ ထွက်ပေါ်လာခဲ့ သည်။

တရုတ်ဒရုန်းများသည် ထိုင်ဝမ်ရှိ စစ်ဘက်ဆိုင်ရာ တားမြစ်ဧရိယာများကို အချိန်မရွေး ဓာတ်ပုံရိုက်ကူး၍ ထောက် လှမ်းနိုင်သည့် စွမ်းရည်ရှိနေကြသည်။

ထိုင်ဝမ်စစ်သားများကို ဒရုန်းဗီဒီယိုများတွင် ရှင်းရှင်းလင်းလင်း မြင်တွေ့ရစဉ်(ဓါတ်ပုံ- Taiwan Ministery of Defense)

ထိုင်ဝမ်စစ်မှုထမ်းလှုပ်ရှားနေပုံကို အသေးစိတ်ပြထားပြီး အင်တာနက်ပေါ်သို့ လွှင့်တင်ခဲ့သော အဆိုပါဗီဒီယိုဖိုင် သည် ထိုင်ဝမ်အတွက် အရှက်ရစရာကောင်းလှပြီး အဆိုးဆုံးအချက်အနေဖြင့် လုံးလုံးလျားလျား အန္တရာယ်ကြီး လာပြီဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားကြသည်။

ပြီးခဲ့သည့် ဩဂုတ်လတွင် လူဦးရေ ၂၄ သန်းနီးပါးရှိသော ကိုယ်ပိုင်အုပ်ချုပ်နေသည့် ဒီမိုကရေစီနိုင်ငံဖြစ်သော ထိုင်ဝမ်သို့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ လာရောက်ခဲ့ပြီးနောက် တင်းမာမှုများ တိုးလာနေချိန် ၌ ဒရုန်းဖြင့် ကျူးကျော်ခံရခြင်းလည်း ဖြစ်ပွားလာခဲ့သည်။

နန်စီပလိုစီ၏ခရီးစဉ်သည် ထိုင်ဝမ်ကို ၎င်း၏နယ်မြေအစိတ်အပိုင်းဟု ရှုမြင်ထားသည့် တရုတ်အာဏာရ ကွန်မြူနစ်ပါတီကို ဒေါသထွက်စေခဲ့ပြီး ကျွန်းတဝိုက် ရှားရှားပါးပါး အကြီးစားစစ်ရေးလေ့ကျင့်မှုများ၊ စစ်လေယာဉ် စေလွှတ်မှုများ လုပ်ဆောင်လာခဲ့သည်။ ထို့ပြင် ပင်မကျွန်းပေါ်သို့ ဖြတ်ကျော်၍ တရုတ်ဒုံးကျည်များလည်း ပစ် လွှတ်ခဲ့သည်။

ယခုကဲ့သို့ ဒရုန်းများဖြင့် ထိုင်ဝမ်လေကြောင်းပိုင်နက်ထဲ ကျူးကျော်လာခြင်းမှာ နောက်ဆုံးတွန်းအားတစ်ခု ဖြစ် ကြောင်း ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က သဘောထားမှတ်ချက်ပေးခဲ့သည်။

ထိုင်ဝမ်ကို ခြိမ်းခြောက်ရန်အတွက် တရုတ်သည် မီးခိုးရောင်ဇုန် စစ်ရေးနည်းဗျူဟာကို ထုတ်သုံးလာခဲ့ရာ စက် တင်ဘာ ၁ ရက်တွင် ထိုင်ဝမ်က ၎င်း၏ကိုယ်ပိုင်ကာကွယ်ပိုင်ခွင့် အခွင့်အရေးကျင့်သုံးမည်ဟု သတိပေးရင်း ပြည်မ ကြီးမှ တက်လာသည့် မောင်းသူမဲ့လေယာဉ်(ဒရုန်း)ကို ပစ်ချခဲ့သည်။

Source: CNN