CNI International News

ဝါရှင်တန်၊ ဇူလိုင် ၂၀

ဇူလိုင် ၁၉ ရက်က ကမ္ဘာတစ်ဝန်း ဆိုက်ဘာပြတ်တောက်မှု ဖြစ်ပွားခဲ့သဖြင့် လေကြောင်းလိုင်းများ ရပ်နားရခြင်း၊ ရုပ်သံနှင့် အသံလွှင်ရုံအချို့ ပိတ်ရခြင်း၊ ဘဏ်လုပ်ငန်းနှင့် အခြား ကုမ္ပဏီလုပ်ငန်းများ လည်ပတ်မှုတို့ ထိခိုက်ခဲ့ ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်၏ အဓိက လေကြောင်းလိုင်းများဖြစ်သည့် American Airlines၊ Delta Airlines နှင့် United Airlines တို့သည် ၎င်းတို့၏ လေကြောင်းခရီးစဉ်များကို ရပ်နားခဲ့ကာ ကမ္ဘာတစ်ဝန်းရှိ လေဆိပ်များတွင်လည်း နှောင့်နှေး ကြန့်ကြာမှုများ ဖြစ်ပွားခဲ့သည်။

ဩတြေးလျမှ အိန္ဒိယနှင့် ဂျာမနီအထိရှိသည့် နိုင်ငံအများအပြားရှိ ဘဏ်များနှင့် ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းများလည်း ဝန်ဆောင်မှုများ နှောင့်နှေးကြန့်ကြာခဲ့ကြောင်း ထုတ်ပြန်ချက်များ ထွက်ပေါ်ခဲ့သည်။

ဗြိတိန်တွင် ဆရာဝန်များ အသုံးပြုသည့် အွန်လိုင်းမှ ဘွတ်ကင်တင်သည့် စနစ်များသည် အသုံးမပြုနိုင်တော့ဘဲ သတင်းဌာနများ၏ သတင်းထုတ်လွှင့်မှုများလည်း ပြုလုပ်နိုင်တော့ခြင်းမရှိကြောင်း Sky News မှ ဖော်ပြခဲ့သည်။

ထိုသို့ ဆိုက်ဘာပြတ်တောက်မှု ဖြစ်ပေါ်ရခြင်းမှာ Microsoft ၏ Window နှင့် ဆက်စပ်နေပြီး ထိုပြဿနာသည် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Crowdstrike နှင့်သက်ဆိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ 

ဆိုက်ဘာပြတ်တောက်လို့ ထိုင်းလေဆိပ်မှာ ခရီးသွားတွေ လေကြောင်းလိုင်းခရီးစဉ်တွေပျက်သွားစဉ်

မိုက်ခရိုဆော့ဖ် window operating system ကြောင့် ကွန်ပျူတာမျက်နှာပြင်တွင် အပြာရောင်နောက်ခံသာ ပေါ်နေသည့် windowhost ပေါ်၌  BSODs ဖြစ်ပေါ်နေသော သတင်းများကို နေရာအနှံ့မှ လက်ခံရရှိခဲ့သည်ဟု CrowdStrike က အတည်ပြုခဲ့သည်။

CrowdStrike ကုမ္ပဏီ၏ update များကြောင့် Microsoft ၏ Window operating systems ကို ထိခိုက်စေခဲ့ခြင်း ဖြစ်သည်ဟု ဗြိတိန်အမျိုးသား ဆိုက်ဘာလုံခြုံရေးစင်တာ၏ အကြီးအကဲဟောင်း စီယာရန် မာတင် (Ciaran Martin) က ပြောကြားခဲ့သည်။

ကမ္ဘာ့ နာမည်အကြီးဆုံး ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီများထဲတွင် တစ်ခု အပါအဝင်ဖြစ်သည့် CrowdStrike ကုမ္ပဏီ ကလည်း ၎င်းတို့၏ ဆော့ဖ်ဝဲ update များက Microsoft ၏ Window operating systems ကို ထိခိုက်စေခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုကဲ့သို့ ဖြစ်ပွားမှုသည် လုံခြုံရေး မတော်တဆမှု သို့မဟုတ် ဆိုက်ဘာတိုက်ခိုက်ခံရမှုကြောင့် မဟုတ်ဘဲ ထိုပြဿနာကို ပြန်လည်ပြင်ဆင်ခဲ့ပြီးဖြစ်ကြောင်း CrowdStrike ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

Source: ရိုက်တာ