CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၃

ယူနိုက်တက်အသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အက်သလက်တီကိုအသင်း ကွင်းလယ်လူ ဂယ်လာဂါကို အငှားနဲ့ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ဒီအပြောင်းအရွှေ့သာဖြစ်ခဲ့ရင် ကွင်းလယ်လူ ကိုဘီမေနူးကို ထွက်ခွာခွင့် ပြုနိုင်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ဘရိုက်တန်အသင်း ကွင်းလယ်လူ ဘာလီဘာကို ခေါ်ယူဖို့ အဆင် မပြေခဲ့ပြီးနောက် ကွင်းလယ်ပိုင်းကို ပိုပြီး အားကောင်းအောင်ပြုလုပ်ဖို့အတွက် ဂယ်လာဂါကို ပစ်မှတ်ထား ခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ ဂယ်လာဂါကို အငှားနဲ့ခေါ်ယူဖို့ အက်သလက်တီကို အသင်းကို ချဉ်းကပ်ခဲ့ပေမယ့် သူတို့ကတော့ အပြီးသတ် အပြောင်းအရွှေ့ကိုသာ စိတ်ဝင်စားခဲ့တာကြောင့် အပြောင်းအရွှေ့မဖြစ်ခဲ့ပါဘူး။

ယူနိုက်တက်အသင်းဟာ ဒီရာသီ ကွင်းလယ်မှာ ကတ်စီမီရိုနဲ့ ဘရူနိုဖာနန်ဒက်စ်တို့ကိုသာ အဓိက အတွဲအဖက် အဖြစ် အသုံးပြုနေပြီး နည်းပြအာမိုရင်ဟာ ကတ်စီမီရိုကို အနားပေးတဲ့ အချိန်တွေမှာ ရွေးချယ်စရာ နည်းပါးမှုကို မြင်တွေ့ခဲ့ရပါတယ်။

ကိုဘီမေနူးကို တွေ့ရစဉ်

အူဂါတေးကလည်း အခုအချိန်ထိ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပြီး ကိုဘီမေနူးကတော့ ပွဲကစားချိန် နည်းပါး နေခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ကွင်းလယ်အတွက် ဘာလီဘာ၊ ဝါတန်၊ အန်ဒါဆန်တို့ကို သူတို့ရဲ့ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။ 

ဒါပေမယ့် ယူနိုက်တက်အသင်းဟာ ဇန်နဝါရီမှာ ဂယ်လာဂါကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပေါင် ၄၅ သန်းနဲ့ အပြီးသတ်ဝယ်ယူဖို့ ရွေးချယ်ခွင့်ပါဝင်မယ့် ကနဦး အငှားစာချုပ်နဲ့ အက်သလက်တီကိုအသင်းကို ဆွဲဆောင်ဖွယ် ရှိတယ်လို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။

ဂယ်လာဂါဟာ စပိန်မှာ ပျော်ရွှင်နေပေမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ပါဝင်နိုင်မယ့် အခွင့်အရေးအတွက် ပုံမှန်ကစားခွင့်ရဖို့ စိတ်အားထက်သန်နေတာပါ။ 

ယူနိုက်တက်အသင်းဟာ ဂယ်လာဂါကို ခေါ်ယူနိုင်ခဲ့ရင် အသင်းကနေ ထွက်ခွာချင်နေတဲ့ ကိုဘီမေနူးကို ထွက်ခွာခွင့် ပေးဖွယ် ရှိနေပါတယ်။ 

ကိုဘီမေနူးကလည်း ဂယ်လာဂါလိုပဲ အင်္ဂလန်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ချင်တာကြောင့် ပုံမှန် ကစားခွင့် ရနိုင်မယ့်အသင်းထံ ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။ 

Source: Metro