CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၇
ရီးရယ်လ်နဲ့ အက်သလက်တီကိုအသင်းတို့ဟာ ယူနိုက်တက်အသင်း ကွင်းလယ်လူ ကိုဘီမေနူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပရီးမီးယားလိဂ် ကလပ်အသင်း အချို့နဲ့အတူ သူ့ရဲ့အခြေအနေကို စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။
ကိုဘီမေနူးဟာ နည်းပြအာမိုရင် လက်အောက်မှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတာကြောင့် နွေရာသီ အပြောင်းအရွှေ့ မပိတ်မီ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေတာပါ။
အသက် ၂၀ နှစ်အရွယ်ရှိ ယူနိုက်တက် အကယ်ဒမီထွက် ကိုဘီမေနူးဟာ ဒီရာသီအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲမှာ ၁ မိနစ်မှ ပါဝင်ကစားရခြင်း မရှိသေးတာ ဖြစ်ပါတယ်။
ကိုဘီမေနူးဟာ ဒဏ်ရာကနေ ပြန်သက်သာလာပြီးနောက် ယူနိုက်တက်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့် ဆုံးရှုံးခဲ့ပြီး လူစားဝင် ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရတာပါ။
ကိုဘီမေနူးကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ ကွင်းလယ် ကစားသမားတစ်ဦး ခေါ်ယူချင်နေတာကြောင့် ကိုဘီမေနူးကို အပြီးသတ် ရောင်းချဖွယ် ရှိနေတယ်လို့လည်း ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ကိုဘီမေနူးဟာ နည်းပြဟောင်း အဲရစ်တန်ဟတ် လက်ထက်တုန်းက ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမား ဖြစ်ခဲ့ပြီး မန်စီးတီးအသင်းကို အနိုင်ရခဲ့တဲ့ FA ဖလားဗိုလ်လုပွဲမှာ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကိုဘီမေနူးဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့ အဓိက ကစားသမား ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ကိုဘီမေနူးဟာ နည်းပြ အာမိုရင်ရဲ့ ၃-၄-၃ ကစားကွက်စနစ်မှာ အံ့ဝင်ခြင်း မရှိဘူးလို့ ယူဆခံရတာ ကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲစလုံး အသုံးပြုခြင်း မခံခဲ့ရတာပါ။
ယူနိုက်တက်အသင်းနဲ့ ကိုဘီမေနူးတို့ဟာ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေမှာ တိုးတက်မှု မရှိတာကြောင့်လည်း အခြေအနေတွေ ဆိုးရွားနေတာလို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ်မှာ ယူနိုက်တက် အသင်းကြီးအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ ကိုဘီမေနူးဟာ ပွဲပေါင်း ၇၂ ပွဲကစားထားပြီး ၇ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: Dailymail