CNI Sport News

 ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၇

ဝုလ်ဗ်စ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်းလိဂ်ဖလား ဒုတိယအဆင့် ပွဲစဉ်အပြီးမှာ ဒေါသ ထွက်နေတဲ့ ဝက်စ်ဟမ်းအသင်း ပရိသတ်တွေနဲ့ ထိပ်တိုက်တွေ့ဆုံဖို့ ကြိုးပမ်းခဲ့တဲ့အတွက် အသင်းခေါင်းဆောင် ဘိုဝင်က တောင်းပန်ခဲ့ပါတယ်။ 

ဘိုဝင်က “ဒီပွဲမှာ ပြုလုပ်ခဲ့တဲ့ တုံ့ပြန်မှုအတွက် ပရိသတ်တွေကို တောင်းပန်ပါတယ်။ ကျနော်ဟာ စိတ်အား ထက်သန်မှု အပြည့်နဲ့ ကွင်းထဲမှာရှိတဲ့ အချိန်တိုင်း တိုက်ပွဲဝင်မယ့်သူပါ။ ဒါပေမယ့် ကျနော်ဟာ ပိုမိုကောင်းမွန်တဲ့ စံနမူနာပြဖို့ လိုအပ်ပြီး ဒီကလပ်နဲ့ ဒီအသင်းကို ဘယ်လောက်အထိ ချစ်လဲဆိုတာ ပရိသတ်တွေ သိပါတယ်။ ဆိုးရွားတဲ့ အချိန်တွေကို အတူဖြတ်သန်းခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာ ပြန်တွေ့ကြမယ်”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာပါ။ 

ဝက်စ်ဟမ်းအသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၂ ပွဲစလုံး အရေးနိမ့်ထားသလို ကာရာဘောင်းဖလား ကနေလည်း စောစီးစွာ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် အသင်းပရိသတ်တွေဟာ ကွင်းထဲကနေ ထွက်ခွာလာခဲ့တဲ့ အသင်းခေါင်းဆောင် ဘိုဝင်ကို အော်ဟစ် ပြီး သူတို့ရဲ့ ဒေါသတွေကို ပြသခဲ့ကြတာပါ။ 

 ဝက်စ်ဟမ်းအသင်း ယှဉ်ပြိုင်နေစဉ် 

ဒီအချိန်မှာ ဘိုဝင်ကလည်း အဝေးကွင်းကို လိုက်ပါအားပေးခဲ့တဲ့ အသင်းပရိသတ်တွေနဲ့ ထိပ်တိုက်တွေ့ဆုံဖို့ ကြိုးပမ်းခဲ့ပြီး အသင်းဖော်တွေနဲ့ လုံခြုံရေးတွေက သူ့ကို ထိန်းချုပ်ခဲ့ရတာပါ။ 

ဒီနောက်မှာ ဘိုဝင်ဟာ သူ့ရဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို ဖယ်ရှားပြီး ခေါင်းကိုငုံ့ကာ ဥမင်ထဲကို ဝင်ရောက် သွားခဲ့တာ ဖြစ်ပါတယ်။ 

ဝက်စ်ဟမ်းအသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် နည်းပြ ဂရေဟမ်ပေါ်တာဟာ ရာသီအစပိုင်းမှာတင် ထုတ်ပယ်ခံရမယ့် ဖိအားတွေကို ခံစားနေရတာပါ။ 

ဂရေဟမ်ပေါ်တာက ရလဒ်တွေကြောင့် နာကျင်ရပေမယ့် ပရိသတ်တွေနဲ့ အသင်းရဲ့ ဆက်ဆံရေးက ကလပ် အသင်း တစ်သင်းမှာ အရေးကြီးဆုံး ဖြစ်တဲ့အတွက် အားလုံးလက်တွဲဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ 

ပရီးမီးယားလိဂ် ၂ ပွဲ ကစားအပြီးမှာ အမှတ်ပေးဇယား အောက်ဆုံးနေရာ ရပ်တည်နေတဲ့ ဝက်စ်ဟမ်းအသင်းဟာ ဒီတစ်ပတ် လိဂ်ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်အသင်း အိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: ESPN