CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၇

အာဆင်နယ်အသင်း တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်ဟာ ယူနိုက်တက်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရဖွယ်ရှိနေပါတယ်။ 

ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ အာဆင်နယ်အသင်းအတွက် လူစားဝင်အဖြစ် ပါဝင်ခဲ့တဲ့ ကိုင်ဟာဗက်ဇ်ဟာ ဒူးဒဏ်ရာ ရခဲ့တာကြောင့် လိဒ်စ်အသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ လူစာရင်းထဲ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ 

အာဆင်နယ်အသင်းနည်းပြ အာတီတာက ကိုင်ဟာဗက်ဇ် ဘယ်လောက်ကြာကြာ အနားယူရမလဲဆိုတာ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ပြောထားပါတယ်။ 

ဂျာမန်ဘောလုံးအဖွဲ့ချုပ် အမျိုးသားဘောလုံးအသင်းရဲ့ ဒါရိုက်တာဖြစ်သူ ရူဒီဖောင်လာကတော့ ကိုင်ဟာဗက်ဇ်ရဲ့ ဒဏ်ရာဟာ ခွဲစိတ်ကုသမှု ခံယူရဖွယ်ရှိတယ်လို့ ပြောလာခဲ့တာပါ။ 

ရူဒီဖောင်လာက “ဟာဗက်ဇ်ဟာ ဒူးဒဏ်ရာကြောင့် လက်ရွေးစင်အသင်းအတွက် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ခွဲစိတ် မှုပြုလုပ်မလား ဒါမှမဟုတ် ရှေးရိုးစွဲပုံစံအတိုင်း ကုသမလားဆိုတာနဲ့ ပတ်သက်ပြီး လာမယ့် ရက်သတ္တပတ်တွေမှာ ဘယ်လိုဖြစ်မလဲဆိုတာ အတိအကျမသိရသေးပါဘူး”လို့ ပြောခဲ့ပါတယ်။

ကိုင်ဟာဗက်ဇ်ကို တွေ့ရစဉ်

ကိုင်ဟာဗက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီကလည်း ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ဖေဖော်ဝါရီက ဒူဘိုင်း လေ့ကျင့်စခန်းမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာကြောင့် ခွဲစိတ်မှု ခံယူခဲ့ရပါတယ်။ 

ဂျာမန်တိုက်စစ်မှူးဟာ ၃ လကြာ အနားယူခဲ့ရပြီး ရာသီကုန်ခါနီးမှ အာဆင်နယ်အသင်းအတွက် ပြန်ပါဝင် ကစားနိုင်ခဲ့တာပါ။ 

ချယ်လ်ဆီးအသင်းနဲ့ ၂၀၂၁ ခုနှစ်က ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့တဲ့ ကိုင်ဟာဗက်ဇ်ဟာ ၂၀၂၃ ခုနှစ် နွေရာသီမှာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လာခဲ့ပါတယ်။ 

ကိုင်ဟာဗက်ဇ်ဟာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၈၈ ပွဲ ကစားထားပြီး ၂၉ ဂိုးသွင်းယူထားသလို ဂျာမနီ လက်ရွေးစင်အသင်းအတွက် ၅၅ ပွဲ ကစားထားတာမှာ သွင်းဂိုး ၂၀ သွင်းယူထားတာဖြစ်ပါတယ်။

Source: Dailymail