CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၇
အမေရိကန်အသင်းဟာ စက်တင်ဘာမှာယှဉ်ပြိုင်မယ့် ခြေစမ်းပွဲတွေအတွက် လူစာရင်းထုတ်ပြန်ခဲ့တာမှာ ပြီးခဲ့တဲ့ ရွှေဖလားပြိုင်ပွဲကို ပါဝင်ဖို့ငြင်းဆန်ခဲ့တဲ့ အေစီမီလန်အသင်းကြယ်ပွင့် ပူလီဆစ် အသင်းလူစာရင်းထဲ ပြန်လည် ပါဝင်လာခဲ့ပါတယ်။
ပူလီဆစ်ဟာ ပြီးခဲ့တဲ့ရာသီက အေစီမီလန်အသင်းအတွက် ပွဲပေါင်း ၅၀ ပါဝင်ကစားခဲ့တာကြောင့် အနားယူပြီး လန်းလန်းဆန်းဆန်းဖြစ်စေဖို့အတွက် ရွှေဖလားပြိုင်ပွဲကို ပါဝင်ကစားဖို့ ငြင်းဆန်ခဲ့တာပါ။
အဲဒါကြောင့် ပူလီဆစ်ဟာ အမေရိကန်နာမည်ကျော်ဘောလုံးသမား ဒိုနိုဗန်အပါအဝင် အများအပြားရဲ့ဝေဖန်မှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။
အမေရိကန်အသင်းဟာ ရွှေဖလားဗိုလ်လုပွဲမှာ မက္ကဆီကိုအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာပါ။
အမေရိကန်အသင်းနည်းပြ ပိုချက်တီနိုက “နွေရာသီမှာဖြစ်ပျက်ခဲ့တဲ့ အရာတွေဟာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး အခု ရှေ့လာမယ့်အရာတွေကို လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ အခုအစီစဉ်က ပူလီဆစ်ကို လူစာရင်းထဲ ပြန်ခေါ်ယူပြီး အသင်းနဲ့အတူ ယှဉ်ပြိုင်နိုင်ဖို့ အဆင်သင့်ဖြစ်ဖို့က အရေးကြီးဆုံးအရာပါ”လို့ ပြောခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းနဲ့အတူ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့လို့ ရွှေဖလားပြိုင်ပွဲကို မပါဝင် နိုင်ခဲ့တဲ့ မက်ကန်နီးဟာ အမေရိကန်အသင်းလူစာရင်းမှာ ဆက်ပြီးချန်လှပ်ခံခဲ့ရပါတယ်။
နောက်ခံလူ ရော်ဘင်ဆန်၊ဂိုးသမားတာနာနဲ့ တိုက်စစ်မှူးရိုင်နာတို့လည်း အမေရိကန်အသင်းလူစာရင်းထဲ မပါဝင်ခဲ့ဘဲ ဒဏ်ရာကြောင့် ကာလရှည်ကြာအနားယူခဲ့ရတဲ့ ဆာဂျီနိုဒက်စ်ကတော့ လူစာရင်းထဲ ပြန်လည် ရွေးချယ် ခံခဲ့ရပါတယ်။
အမေရိကန်အသင်းဟာ စက်တင်ဘာ ၆ ရက် နယူးဂျာစီမှာ တောင်ကိုရီးယားအသင်း၊စက်တင်ဘာ ၉ ရက် အိုဟိုင်းရိုးမှာ ဂျပန်အသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source:ChannelNewsAsia