CNI International News

ရမ်းစတိန်းလေတပ်စခန်း၊ ဇန်နဝါရီ ၂၁

ဂျာမနီလုပ် ခေတ်မီတိုက်ပွဲဝင် တင့်ကားများကို ရရှိနိုင်မလားဆိုခြင်းတွင် ယူကရိန်းအနေဖြင့် ကာလကြာရှည် စောင့်ဆိုင်းရမည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

ရုရှားကျူးကျော်စစ်ကို ခုခံနေသော ယူကရိန်းကို ကူညီရန် အနောက်အုပ်စုမှ တင့်ကားများ ပို့ပေးရေးနှင့် ပတ်သက်သည့် အငြင်းပွားမှုသည် သောကြာနေ့တွင် ပို၍ ထင်သာမြင်သာ ရှိလာခဲ့သည်။

ထိုကိစ္စအတွက် ဂျာမနီတွင် ကာကွယ်ရေးခေါင်းဆောင် ၅၀ ကျော် တွေ့ဆုံခဲ့သော်လည်း သဘောတူညီမှု ရရှိခဲ့ခြင်း မရှိပေ။ ဂျာမနီဘက်က တွန့်ဆုတ်နေခြင်းကြောင့် ဖြစ်သည်။

ယူကရိန်းခေါင်းဆောင်များ၏ အရေးပေါ် တောင်းဆိုမှုနှင့်ပတ်သက်သည့် သဘောတူညီမှုရရှိရန် မအောင်မြင် ခဲ့ခြင်းသည် ယူကရိန်းသို့ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်း ဒေါ်လာ ဘီလီယံချီ ပေးပို့ရန်အတွက် အမေရိကန် အပါအဝင် တခြားနိုင်ငံများ၏ ကတိပေးပြီးသော ကိစ္စအပေါ် များစွာ လွှမ်းမိုးမှုရှိခဲ့သည်။

ဂျာမနီမှ ယူကရိန်းသို့ တင့်ကားများပေးပို့ရေး ဆွေးနွေးနေကြစဉ်(AP)

တင့်ကားကိစ္စနှင့် ပတ်သတ်၍ သဘောထား ကွဲလွဲမှုမရှိကြောင်း အမေရိကန်နှင့် နေတိုး ခေါင်းဆောင်များက ငြင်းဆိုခဲ့ကာ ယူကရိန်းသို့ လက်နက်များ ပို့ပေးခြင်း၊ လေ့ကျင့်ပေးခြင်းတို့အတွက် ဂျာမနီကို ချီးကျူးခဲ့သည်။

သို့သော်လည်း ကာကွယ်ရေး ခေါင်းဆောင်များ အုပ်စုငယ်တစ်ခုက ဂျာမနီနှင့်သီးသန့် တွေ့ဆုံကာ ထိုကိစ္စနှင့် ပတ်သက်၍ သီးသန့် အဖြေရှာရန် ကြိုးပမ်းခဲ့သည်။ သို့သော် ဂျာမနီလုပ် leopard တင့်ကားများ ပေးပို့ရေး နှင့် ပတ်သက်သည့် ကိစ္စတွင် အားလုံးသဘောတူသော အခြေအနေတစ်ရပ်အထိ ရောက်အောင် လုပ်ဆောင်နိုင်ခဲ့ ခြင်းမရှိပေ။

Loopard တင့်ကားများရှိသော ၁၅ နိုင်ငံက ဆွေးနွေးခဲ့သော်လည်း ဆုံးဖြတ်ချက် မချနိုင်ခဲ့ကြောင်း ပိုလန် ကာကွယ်ရေးဝန်ကြီး မားရီးယပ်စ် ဘလက်ကေ့ခ် (Mariusz Blaszczak) ကပြောသည်။

ထိုဆွေးနွေးမှုသည် မဟာမိတ်များအကြား ကောင်းမွန်သော ဆွေးနွေးမှုဖြစ်ခဲ့ပြီး ထိုကိစ္စအပေါ် နောင်တွင်လည်း ဆွေးနွေး သွားရဦးမည်ဟုလည်း ၎င်းက ပြောသည်။ ဂျာမနီအနေဖြင့် နေတိုးအဖွဲ့ဝင် မဟုတ်သော ယူကရိန်းသို့ တင့်ကားများ ပေးရန် သဘောတူညီမှု လိုအပ်မည်ဖြစ်သည်။

Leopard တင့်ကားကိုတွေ့ရစဉ် (GETTY IMAGES)

ယူကရိန်း အာဏာပိုင်များဘက်က တောင်းဆိုမှုများ ရှိနေသော်လည်း လက်ရှိအချိန်အထိ ဂျာမနီနိုင်ငံသည် ယူကရိန်းသို့ Leopard ၂ တင့်ကားပေးရန် ဖိအားများ မြင့်တက်လာမှုကို တောင့်ခံထားနိုင်ခဲ့ကာ ပိုလန်ကဲ့သို့ နိုင်ငံများကို ၎င်းတို့ပိုင် တင့်ကားများနှင့် ပတ်သက်၍ လမ်းပွင့်သွားစေရန် ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ဂျာမနီဘက်မှ လုံလောက်မှုရှိအောင် ဆောင်ရွက်သလားဆိုသည့် မေးခွန်းအပေါ် အမေရိကန်ကာကွယ်ရေး ဝန်ကြီး လွိုက်အော်စတင်က “ရှိကြောင်း၊ သို့သော် အားလုံးအနေဖြင့် ပိုမိုဆောင်ရွက်ရန် လိုအပ်သည်”ဟု ပြန်လည် ဖြေကြားခဲ့သည်။

ထို့အပြင် ယူကရိန်းသို့ တင့်ကားများ ပို့ပေးရန် လောလောလတ်လတ် အရေးပါပုံနှင့် ပတ်သက်၍လည်း ၎င်းက လျှော့ပေါ့ ပြောဆိုခဲ့ကာ ယူကရိန်းသို့ ပေးပို့ထားသော အမေရိကန်မှ တိုက်ခိုက်ရေး ယာဉ်များနှင့် တခြားသော ကျည်ကာ မော်တော်ယာဉ်များက စစ်ပွဲအတွင်းမှ ယူကရိန်းတပ်ဖွဲ့များအတွက် ဆောင်ရွက်နိုင်စွမ်း အသစ်များကို ရရှိစေလိမ့်မည်ဟုလည်း အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောခဲ့သည်။

Source: AP