CNI International News

အစ္စလာမ္မာဘတ်၊ ဇန်နဝါရီ - ၂၁

အစဉ်အလာရန်ဘက် အိန္ဒိယနှင့်ဆွေးနွေးပွဲများ လုပ်ဆောင်ရန် ပါကစ္စတန်ဘက်က ကမ်းလှမ်းခဲ့သော်လည်း ဆွေးနွေးရန်အတွက် အခြေအနေ မပေးသေးဟု အိန္ဒိယဘက်မှ တုန့်ပြန်ခဲ့ကြောင်း အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယ၏ ရပ်တည်မှုသည် ခိုင်မာ၊ ရှင်းလင်းမှုရှိကြောင်း၊ အကြမ်းဖက်မှု၊ ရန်စမှုနှင့် အထိတ်တလန့်ဖြစ်မှုများ မရှိသော အကျိုးသက်ရောက်မှုရှိသည့် အခြေအနေတွင် ပါကစ္စတန်နှင့် ပုံမှန်အိမ်နီးချင်း ဆက်ဆံရေးကို အလို ရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အာရင်ဒမ် ဘတ်ချီ (Arindam Bagchi) က ပြော သည်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှရစ်ဖ် (Shehbaz Sharif) က ကတ်ရှ်မီးယား အရေးကဲ့သို့ ကိစ္စများကို အိန္ဒိယ နှင့် ဆွေးနွေးရန် ယခုသီတင်းပတ်အတွင်း ကမ်းလှမ်းခဲ့သည်။

အငြင်းပွားနယ်မြေနှင့် ပတ်သက်၍ ထိုနိုင်ငံသည် စစ်ပွဲကြီး နှစ်ပွဲ ဖြစ်ပွားထားသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အာရင်ဒမ် ဘတ်ချီကိုတွေ့ရစဉ် (GETTY IMAGES)

အိန္ဒိယနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားလိုကြောင်း၊ သို့သော် ယင်းအတွက် အိန္ဒိယဘက်မှ ပူးပေါင်းမှုလည်း လိုအပ်ကြောင်း ရှရစ်ဖ်က အင်တာဗျူးတစ်ခုတွင် ပြောခဲ့သည်။

ကတ်ရှ်မီးယားကဲ့သို့ အကြောင်းအရာများကို အဖြေရှာရန်အတွက် ဝန်ကြီးချုပ်မိုဒီ၊ အိန္ဒိယခေါင်းဆောင်ပိုင်းနှင့် စားပွဲဝိုင်းတွင် ထိုင်ကာ အလေးအနက်ထား၍ ပွင့်လင်းစွာ ဆွေးနွေးသွားလိုသည်ဟုလည်း ၎င်းက ပြောခဲ့သည်။

ယူအေအီး(UAE)နိုင်ငံသို့ ရောက်ရှိနေချိန်တွင် ရှရစ်ဖ်က ထိုသို့ ဖြေဆိုခဲ့ခြင်းဖြစ်ကာ ၎င်းတို့နှစ်နိုင်ငံကြား ကွဲပြား ခြားနားမှုများကို ဖြေရှင်းရန်အတွက် ယူအေအီးသည် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နိုင်သည်ဟုလည်း ၎င်း က ပြောခဲ့သည်။

မိုဒီအစိုးရက အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေမှ အပိုဒ်ခွဲ ၃၇၀ ကို ဖျက်သိမ်းခဲ့ခြင်းကြောင့် ၂၀၁၉ ခုနှစ်တွင် နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ ပို၍ ဆိုးရွားသွားခဲ့သည်။

ပါကစ္စတန်နဲ့ အိန္ဒိယကိုတွေ့ရစဉ် (Reuters)

ထိုအပိုဒ်ခွဲက အိန္ဒိယအုပ်ချုပ်သော ကတ်ရှ်မီးယားဒေသကို တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် အာမခံချက် ပေးထားသည်။

ပါကစ္စတန်အစိုးရသည် အိန္ဒိယ အုပ်ချုပ်သော ကတ်ရှ်မီးယားဒေသမှ လက်နက်ကိုင် သူပုန်များ၏ ခွဲထွက်ရေး၊ ပါကစ္စတန်နှင့် ပေါင်းစည်းရေးတို့အတွက် သယ်ယူပို့ဆောင်ရေးနှင့် ငွေကြေးဆိုင်ရာ ထောက်ပံ့မှုများ လုပ်ဆောင် ပေးနေသည်ဟု အိန္ဒိယဘက်က စွပ်စွဲထားသည်။

သို့သော် ထိုစွပ်စွဲမှုကို ပါကစ္စတန်ဘက်က ငြင်းဆိုထားပြီး ၎င်းတို့အနေဖြင့် အဆိုပါဒေသ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် နှင့် ပတ်သက်၍ ရုန်းကန်နေရမှုအပေါ် သံတမန်ရေးထောက်ပံ့မှုသာ လုပ်ဆောင်ခဲ့သည်ဟု ပြောသည်။

အိန္ဒိယနှင့်ဆက်ဆံရေး ပြန်လည်စတင်ရန် ရှရစ်ဖ်အစိုးရ၏ ကြိုးပမ်းမှုသည် စစ်မှန်မှုရှိကြောင်း၊ ပါကစ္စတန်သည် ဒေသတွင်း တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုကို အလိုရှိကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူ ဂျာလယ် အာဘတ် ဂျီလာနီ (Jalil Abbas Jilani) က ပြောသည်။

Source: အယ်ဂျာဇီးယား