CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၁

လာမည့် ရွေးကောက်ပွဲမှာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အတွက် အဖြေရှာသည့်ပုံစံမျိုး မဖြစ်သင့်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP)မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ရေး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

ဦးသာထွန်းလှက “မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပြဿနာက နိုင်ငံရေး ပြဿနာဖြစ်တယ်၊ အဲဒါကြောင့် ဒီနိုင်ငံ ရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံပြီး ကတိကဝတ်တွေ ရရှိဖို့လိုတယ်၊ နိုင်ငံရေး ကတိကဝတ်တွေ ရရှိပြီးမှ အဲဒီကတိကဝတ်တွေ အကောင်အထည်ဖော်တဲ့ အစီအမံတွေ လုပ်ငန်းစဉ်တွေကို ပြည်သူတွေကို ချပြနိုင် ဖို့လိုတယ်၊ ပြည်သူကို ချပြနိုင်ရင်တော့က ပြည်သူတွေ စိတ်ဝင်စားမှု နိုင်ငံရေးဖြစ်စဉ်အပေါ်မှာ စိတ်ဝင်စားမှု ရှိလာမယ်၊ နိုင်ငံရေး လုပ်ငန်းစဉ်အပေါ်မှာ စိတ်ဝင်စားမှု ရှိလာမယ်၊ အဲဒါကြောင့် အဲဒီလို ပြည်သူတွေ စိတ်ဝင်စား တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်ဖြစ်မှ တစ်နိုင်ငံလုံးအတွက် အကျိုးရှိမယ်လို့ မြင်တယ်၊ အဖွဲ့တစ်ဖွဲ့၊ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်အတွက် အဖြေရှာတဲ့ ပုံစံမျိုးတော့က အဲဒီလို ပုံစံမျိုးတော့က မဖြစ်သင့်ဘူးလို့ပဲ ကျနော်အဲဒီလို ပြော လိုတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲ မဲစာရွက်စစ်ဆေးနေကြစဉ်

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရန် ရွေးကောက်ပွဲတစ်ခု ကျင်းပပေးရုံမျှ မလုံလောက်ကြောင်း ၎င်းက ပြောသည်။

လာမည့် ရွေးကောက်ပွဲမှာ ပြည်သူလူထု တစ်ရပ်လုံး၏ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးထွက်ပေါက်ဟု ပြော၍ ရကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။

နိုင်သန်းရွှေက “ရွေးကောက်ပွဲကတော့ အရေးပေါ်ကာလ အခြေခံဥပဒေ ကုန်ဆုံးပြီးတဲ့နောက်မှာ ဒီ ၆ လ အတော အတွင်းမှာ ရွေးကောက်ပွဲ လုပ်ပေးရမယ်ဆိုတော့ ရှိတာပေါ့နော်၊ ၂၀၀၈ ကတော့နော်၊ ၂၀၀၈ အခြေခံဥပဒေ အရ တော့ ကျနော်တို့ ဒီရွေးကောက်ပွဲကိုတော့ လုပ်ကိုလုပ်ရမယ်၊ ဒါပေမဲ့ ကျနော်တို့ မျှော်မှန်းတဲ့ ဖက်ဒရယ် ဒီမိုကရေစီပေါ့နော်၊ ပြန်လည် စတင်နိုင်ဖို့အတွက်က ကျနော်တို့ ဒီရွေးကောက်ပွဲကတော့ အရေးကြီးတာပေါ့၊ အထူးသဖြင့်တော့ အားလုံးပေါ့၊ SAC သာမကပဲ ပြည်တွင်းရှိ ပြည်သူလူထု တစ်ရပ်လုံးအတွက် ငြိမ်းချမ်းမှုအတွက် က ရွေးကောက်ပွဲက နိုင်ငံရေးထွက်ပေါက် တစ်ခုလို့လည်း ဆိုလို့ရတာပေါ့” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ်

ဒီမိုကရေစီစနစ်ကို သွားမည်ဆိုပါက ရွေးကောက်ပွဲတစ်ခုကို လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

နစကသည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး အနိုင်ရရှိသည့် ပါတီအား နိုင်ငံတော်အာဏာ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။