CNI International News

မိုဂါဒစ်ရှူး၊ ဇန်နဝါရီ ၂၃

ဆိုမာလီယားမြို့တော် မိုဂါဒစ်ရှူးရှိ မြို့တော်ဝန်ရုံးခန်းအနီး တနင်္ဂနွေနေ့တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ပစ်ခတ်မှုများလည်း ဆက်လက် ဖြစ်ပွားနေသည်ဟု ရဲတပ်ဖွဲ့နှင့် ကိုယ်တိုင် ကြုံတွေ့ ခဲ့သူများက ပြောသည်။

ပြင်းထန်သော ပေါက်ကွဲမှုကြီးကြောင့် အနီးအနားရှိ အဆောက်အဦများပါ ပျက်စီးခဲ့ရသည်ဟု ထိုဖြစ်ရပ်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသူများက ပြောသည်။

မိုဂါဒစ်ရှူး မောလ်၏ အရှေ့ဘက် နံရံကို အကြမ်းဖက် သမားများက ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာ သည့် ကားဖြင့် ဖောက်ခွဲခဲ့ကြောင်း၊ အဆိုပါ မောလ်သည် ဘာနာဒါ (Banadir)အုပ်ချုပ်ရေးရုံးချုပ်၏ ဘေးတွင် ရှိကြောင်း ရဲအရာရှိတစ်ဦးဖြစ်သူ အဗ္ဗဒူလာဟီ မိုဟာမက် (Abdullahi Mohamed) က ပြောသည်။

ဆိုမာလီယားလုံခြုံရေးတပ်ဖွဲ့ကိုတွေ့ရစဉ်

ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာမှ ဒဏ်ရာရသူ ငါးဦးကို အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းများက သယ်ထုတ်ခဲ့ရ သည်ဟု အာမင်းလူနာတင်ယာဉ် ဝန်ဆောင်မှုအဖွဲ့၏ ဒါရိုက်တာ အဗ္ဗဒီကာဒီ အဗ္ဗဒီ ရာမန်း (Abdikadir Abdirahman) က ပြောသည်။
မြို့တော်ဝန်ရုံးသည် မြို့တော်၏ အစောင့်အကြပ် ထူပြောရာ နေရာတစ်ခုရှိ ဒေသဆိုင်ရာ အစိုးရစုပေါင်း ရုံးချုပ် တွင် တည်ရှိသည်။

ပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် ရုံးအတွင်း၌ ရှိနေခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် နားအူခဲ့ရကာ ထွက်ပြေးခဲ့ရကြောင်း၊ ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါရုံးတွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးက ရိုက်တာသတင်းသို့ ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့များက အဆိုပါ အခင်းဖြစ်ရာ နေရာကို ပိတ်ဆို့ခဲ့သော်လည်း အကြမ်းဖက် သမားများနှင့် စစ်သားများအကြား ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း အာမက်ဟု ခေါ်သော ထောက်လှမ်းရေးအရာရှိတစ်ဦးက ပြောသည်။

Source: အယ်ဂျာဇီးယား