CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ယူကရိန်းသမ္မတ ဇာလန်းစကီးကိုတွေ့ရစဉ်

ယူကရိန်းနယ်မြေ စတုရန်းကီလိုမီတာ ၆၀၀၀ ပြန်သိမ်းနိုင်ခဲ့ဟု ဇာလန်းစကီးပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1101

CNI International News

ကိယက်ဗ်၊ စက်တင်ဘာ ၁၃

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက ၎င်း၏တပ်ဖွဲ့များသည် ယခုလအတွင်း ရုရှားလက်အောက်မှ နယ်မြေ စတုရန်းကီလိုမီတာ ၆ ထောင် (၂,၃၂၀ စတုရန်းမိုင်)ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ သည်ဟု အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ထို့နောက် ၇ လကြာ စစ်ပွဲအတွင်း မော်စကို၏ အဆိုးရွားဆုံး အရေးနိမ့်မှုဖြစ်ကြောင်း ဇာလန်းစကီးက ပြောသည်။

၎င်းက “အခု စက်တင်ဘာလဆန်းမှာ ကျနော့် တပ်ဖွဲ့ဝင်တွေဟာ အရှေ့ဘက်နဲ့ တောင်ဘက်မှာရှိတဲ့ ယူကရိန်း ပိုင်နက် နယ်မြေ စတုရန်းကီလိုမီတာ ၆ ထောင်ကျော် ပြန်သိမ်းနိုင်ခဲ့ပါတယ်။ ကျနော်တို့တပ်တွေ ပိုပြီး အရှိန်မြှင့် လှုပ်ရှားနေပါတယ်” ဟု စက်တင်ဘာ ၁၂ ရက်၌ ၎င်း၏ ညစဉ်ပုံမှန်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ယူကရိန်းတပ်များသည် စက်တင်ဘာ ၁၂ ရက်တွင် ပိုမိုအားကောင်းလာခဲ့ပြီး အချို့နေရာများတွင် အရှေ့မြောက် နယ်စပ်အထိ ရုရှားတပ်များကို မောင်းထုတ်နိုင်ခဲ့သည်။

ယူကရိန်းတပ်ဖွဲ့ကိုတွေ့ရစဉ်

မော်စကိုအနေဖြင့် အလျင်စလို ဆုတ်ခွာခဲ့ရသဖြင့် ဖရိုဖရဲဖြစ်ခဲ့ရာ ရုရှားတပ်ဖွဲ့ဝင် အများအပြား ဖမ်းဆီးရမိ ကြောင်း ဇာလန်းစကီးက ပြောသည်။

“အရှေ့မြောက်ပိုင်းဒေသတချို့မှာ ကျနော်တို့ဘက်က ခုခံကာကွယ်သူတွေဟာ ရုရှားဖက်ဒရေးရှင်းရဲ့ ပြည်နယ် တစ်ခု နယ်စပ်အထိ ချီတက်နိုင်ခဲ့ကြတယ်” ဟု ခါကိဗ်ဒေသ အရှေ့မြောက်နယ်မြေ အုပ်ချုပ်ရေးမှူး အိုလက် စိုင်ရယ်ဟူဗော့ (Oleh Synyehubov) က ပြောသည်။

ရုရှားတပ်သားများသည် ၎င်းတို့ အခြေအနေမှာ မျှော်လင့်ချက် ကင်းမဲ့လာပြီဟူ၍ သိနားလည်မိသဖြင့် အစုလိုက် အပြုံလိုက် လက်နက်ချခဲ့ကြောင်း ယူကရိန်းစစ်ဘက် ထောက်လှမ်းရေး ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။

ရုရှားစစ်သုံ့ပန်း (POWs) အများအပြား ရှိနေသဖြင့် ၎င်းတို့ကို ထားရှိရင် ယူကရိန်းပြည်တွင်း၌ နေရာလွတ် မရှိတော့ကြောင်း ဇာလန်းစကီး၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။

ရုရှားစစ်သုံ့ပန်း ဖြစ်သွားသူ အကျဉ်းသား အရေအတွက် မကန့်သတ်ထားသော်လည်း ၎င်းတို့ကို မော်စကိုက ထိန်းသိမ်းထားသည့် ယူကရိန်းတပ်သားများနှင့် အလဲအလှယ်လုပ်မည်ဟု ဇာလန်းစကီး၏ အကြံပေး အိုဘက် စီအေရီစတိုဗစ်ချ် (Oleksiy Arestovich) က ပြောကြားခဲ့သည်။

ဖမ်းဆီးထားသော ရုရှားတပ်ဖွဲ့ဝင်များထဲတွင် အရာရှိ အဆင့်များလည်း ပါဝင်ကြောင်း ယူကရိန်းထောက်လှမ်းရေး ပြောရေးဆိုခွင့်ရှိသူ အန်ဒရီယူဆော့ဖ်က သတင်းထောက်များကို ဆက်လက် ရှင်းပြခဲ့သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s
ချေချင်းညှာခေါင်းဆောင် ရမ်ဇန်ကက်ဒရော့ဗ် (Reuters)

ယူကရိန်းမှ ဆုတ်ခွာပေးရမှု ပူတင်၏မဟာမိတ် ချေချင်းညှာခေါင်းဆောင် ဝေဖန်

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1089

CNI International News

မော်စကို၊ စက်တင်ဘာ ၁၂

ယူကရိန်းနိုင်ငံ အရှေ့ဘက်ပိုင်း ခါကိဗ်ဒေသရှိ အရေးပါသော ထောက်ပံ့ရေး အချက်အချာဖြစ်သည့် အိုင်ဇယွန် (Izyum) တပ်စခန်း ဖြစ်စဉ်နှင့်ပတ်သက်၍ ရုရှားစစ်တပ်၏ စွမ်းဆောင်ရည်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်၏ မဟာမိတ်ဖြစ်သူ ချေချင်းညှာခေါင်းဆောင် ရမ်ဇန်ကက်ဒရော့ဗ်က စက်တင်ဘာ ၁၁ ရက်တွင် ဝေဖန်ခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်းအရ သိရသည်။

၎င်း၏ ၁၁ မိနစ်ကြာ ဝေဖန်ပြောကြားထားသည့် အသံမက်ဆေ့ချ်ကို တယ်လီဂရမ် App ပေါ်သို့ လွှင့်တင်ခဲ့သည်။

“အထူးစစ်ဆင်ရေး လုပ်ဆောင်ချက်မှာ ဒီနေ့ (ဒါမှမဟုတ်) မနက်ဖြန် အပြောင်းအလဲ မလုပ်နိုင်ဘူးဆိုရင် မြေပြင် ပေါ်က ပကတိ အခြေအနေတွေကို တိုင်းပြည်ခေါင်းဆောင် အနေနဲ့ ရှင်းပြဖို့ ကျနော် အတင်းအကျပ် တောင်းဆိုရ လိမ့်မယ်” ဟု ရမ်ဇန်ကက်ဒရော့ဗ်က ပြောကြားခဲ့သည်။

၎င်းသည် ချေချင်းညှာဒေသအတွက် ကရင်မလင်နန်းတော်က ခန့်အပ်ထားသော ခေါင်းဆောင်ဖြစ်သည်။

“ကျနော်က ကာကွယ်ရေးဝန်ကြီးဌာနက လူတွေလို မဟာဗျူဟာချမှတ်တဲ့လူ မဟုတ်ပါဘူး။ ဒါပေမယ့် အမှားတွေ လုပ်ခဲ့တယ်ဆိုတာ ရှင်းနေတာပဲဗျာ။ ဒီလောက်အနေအထား သူတို့နိဂုံးချုပ်တော့မှာလားလို့ ကျနော် စဉ်းစားကြည့် ပါတယ်” ဟု ၎င်း၏ပြောကြားချက်ကို ကိုးကားလျက် Novaya Gazeta Europe သတင်းစာက ရေးသားဖော်ပြသည်။

ရုရှား သမ္မတ ပူတင်ကို တွေ့ရစဉ် (GETTY IMAGES)

အခြေချနေထိုင်မှုအားလုံး ရုရှားထိန်းချုပ်မှုအောက်သို့ ပြန်ရောက်လာမည်ဟု ယုံကြည်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

“အဲဒီလို အခြေအနေတွေအတွက် တိုက်လေယာဉ်တွေ အထူးပြင်ဆင်ထားပါတယ်။ တိုက်လေယာဉ် ၁ သောင်း ကျော်လောက် သူတို့နဲ့ ပူးပေါင်းဖို့ အဆင်သင့်ပါပဲ။ ကျနော်တို့ဟာ အနီးကပ်ဆုံး အနာဂတ်မှာ အိုဒက်ဆာမြို့နားကို ရောက်လိမ့်မယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အရှေ့မြောက်စစ်မျက်နှာတွင် ယူကရိန်းတွန်းလှန် တိုက်ခိုက်ခြင်းကို တုံ့ပြန်နိုင်စွမ်း နည်းပါးခဲ့သဖြင့် ရုရှားစစ်တပ် ၏ ဦးဆောင်မှု အခန်းကဏ္ဍကို မေးခွန်းထုတ်စရာ၊ ဝေဖန်စရာ ဖြစ်လာခဲ့သည်။

ယူကရိန်း အရှေ့မြောက်ဘက်၌ မော်စကိုတပ်များကို အတင်းအဓမ္မ ထိုးဖောက်ရန် စေခိုင်းခြင်းခံရပြီး နောက် တစ်ရက်အကြာ ယူကရိန်းစစ်၌ အောင်ပွဲခံရန် ပူတင်အနေဖြင့် ချက်ချင်း အပြောင်းအလဲလုပ်ရန် စက်တင်ဘာ ၁၁ ရက်တွင် ရုရှားအမျိုးသားရေးဝါဒီများက ဒေါသတကြီးဖြင့် တောင်းဆိုခဲ့ကြသည်။

ရုရှားစစ်တပ် နောက်ဆုတ်ခံရသော အခြေအနေပြမြေပုံ(အယ်လ်ဂျာဇီးယား)

ယခုကဲ့သို့ အိုင်ဇယွန်တပ်စခန်းမှ ဆုတ်ခွာပေးခဲ့ရခြင်းသည် ပြီးခဲ့သည့် မတ်လ၌ ကိယက်ဗ်မြို့တော်နားအထိ ချဉ်းကပ်နိုင်ခဲ့သော ရုရှားစစ်တပ်အတွက် အဆိုးရွားဆုံး စစ်ရေးရှုံးနိမ့်မှုတစ်ခုလည်း ဖြစ်လာခဲ့သည်။

စက်တင်ဘာ ၁၀ ရက်တွင် ရုရှားတပ်များက မြို့တစ်မြို့ကို လက်လွှတ်လိုက်ရချိန်တွင် သမ္မတပူတင်သည် မော်စကို ပန်းခြံထဲတွင် ဥရောပ၏အကြီးဆုံး Ferris ချားရဟတ်ဘီး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ဖွင့်လှစ် ပေးနေခဲ့သည်။

ထိုနေ့ညတွင် ၁၁၄၇ ခုနှစ်ကတည်းက မော်စကိုမြို့တော် တည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများ ကောင်းကင်ယံတွင် အနီရောင်စတုရန်းပုံသဏ္ဌာန် ပုံဖော်ပစ်လွှတ်ခဲ့ကြသည်။

ယူကရိန်းအရှေ့မြောက်ပိုင်းတွင် အရေးနိမ့်ခဲ့ရခြင်းအတွက်တော့ မော်စကိုတွင် တစ်စုံတစ်ရာ ကျယ်လောင်စွာ ထွက်ပေါ်လာခြင်းမရှိဘဲ ငြိမ်သက်နေခဲ့သည်။

ထိုဖြစ်စဉ်အပေါ် စစ်လိုလားသည့် ဝေဖန်သုံးသပ်သူအချို့နှင့် ရုရှားအမျိုးသားရေးဝါဒီများက လူမှုကွန်ရက်မီဒီယာ များတွင် သိသိသာသာ ဒေါသထွက်ခဲ့ကြသည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့ဗ် (Tass)

ယူကရိန်းနှင့်ရုရှား ဆွေးနွေးမှု ရှုပ်ထွေးသော လုပ်ငန်းစဉ်များကြောင့် ကြန့်ကြာနေ

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 954

CNI International News

မော်စကို၊ စက်တင်ဘာ ၁၂

ယူကရိန်းနှင့် စေ့စပ်ဆွေးနွေးမှုများကို ရုရှားပယ်ချခြင်း မပြုသော်လည်း ကိယက်ဗ်အစိုးရနှင့် မော်စကိုတို့ သဘောတူညီချက်တစ်ရပ် ရရှိနိုင်ရေးမှာ ရှုပ်ထွေးသော လုပ်ငန်းစဉ်များကြောင့် ကြန့်ကြာနေလိမ့်ဦးမည် ဖြစ် ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့ဗ်က ရော့စီယာဝမ်း (Rossiya-1) ရုပ်သံလိုင်းနှင့် အင်တာဗျူး တွင် ပြောကြားခဲ့သည်။

နိုင်ငံတော်အဆင့် ဒူးမားလွှတ်တော် အဖွဲ့ခွဲ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ရုရှားသမ္မတ ဗလာဒီမာပူတင်က မော်စကိုအစိုးရ၏ သဘောထားကို အထက်ပါအတိုင်း ချပြခဲ့ကြောင်း လာဗရော့ဗ်က မှတ်ချက်ပေးခဲ့သည်ဟု တာ့စ်သတင်းဌာနက ဆက်လက်ဖော်ပြသည်။

“အဲဒီတွေ့ဆုံပွဲမှာ တက်ရောက်လာတဲ့သူတွေကို ယူကရိန်းနဲ့ စေ့စပ်ဆွေးနွေးမှုကို သူ့အနေနဲ့ ပယ်ချနေတာ မဟုတ်ဘူးလို့ ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းစဉ်ကို အချိန်ကြာကြာ ရွှေ့ဆိုင်းထားတဲ့သူတွေက ကျနော်တို့ နဲ့ ညှိနှိုင်းဖို့ ပိုခက်လာမယ်ဆိုတာ နားလည်ထားသင့်ပါတယ်”ဟု လာဗရော့ဗ်က ဆက်လက် ပြောကြားခဲ့သည်။

ရုရှားနဲ့ ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ (GETTY IMAGES)

ယူကရိန်းဘက်မှ အနိုင်ရပြီးမှသာ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နိုင်မည်ဟု ကိယက်ဗ်အာဏာပိုင်များက ပြောကြား ထားကြောင်း လာဗရော့ဗ်၏ အဆိုအရ သိရသည်။

“ယူကရိန်းမြေပေါ်က ရုရှား ထွက်သွားဖို့ သူတို့ပြင်ဆင်ပြီးပြီလို့ ပြောတယ်ဗျ။ သူတို့ဘက်က အခြေအနေတွေက ကျနော်တို့သွားရမယ့် လုပ်ငန်းစဉ်ကို ချမှတ်ပေးတာပဲလေ” ဟု ၎င်းက ဖြည့်စွက်ရှင်းပြခဲ့သည်။

ယခုအခါ ယူကရိန်းအစိုးရဘက်ကို ဗြိတိန်၊ အမေရိကန်နှင့် ဘယ်လ်ဂျီယံတို့က တက်ကြွစွာ ပံ့ပိုးပေးနေသည်။

“အဲဒီအခြေအနေတွေကို သူတို့ရွေးချယ်တယ်ဆိုရင် အထူးစစ်ဆင်ရေးရဲ့ တစိတ်တပိုင်း အနေနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင် ဦးတည်ထားတဲ့ ပန်းတိုင်တွေကို ဘယ်လိုအောင်မြင်လာမလဲဆိုတာ သူတို့တွေ့လာရလိမ့်မယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

Source: တာ့စ်သတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s
စစ်ပွဲဒဏ်ခံထားရသော အဆောက်အဦများကြားက ယူကရိန်းအလံ

ယူကရိန်းနယ်မြေများ ပြန်လည်သိမ်းနိုင်၍ အမေရိကန် နောက်ထပ်အကူအညီ ဆက်ပေးမည်

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1113

CNI International News

ကိယက်ဗ်၊ စက်တင်ဘာ ၉၀

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တော်သို့ ရောက်ရှိလာစဉ် အတွင်း ယူကရိန်းတပ်ဖွဲ့များက နိုင်ငံ၏ အရှေ့ပိုင်းနှင့်တောင်ပိုင်း နယ်မြေ အများအပြားကို ရုရှားဘက်ထဲမှ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်းအတွက် ချီးကျူးစကား ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက စက်တင်ဘာ ၉ ရက်နေ့တွင် ရေးသားဖော်ပြသည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက စက်တင်ဘာ ၈ ရက်က ပြောကြားခဲ့သော ဗွီဒီယိုမိန့်ခွန်းထဲတွင် “ယူကရိန်းတပ်ဖွဲ့များသည် ရုရှားဘက်မှ ဆယ်ဂဏန်းနှင့်ချီ၍ အခြေချ နေထိုင်လာမှုများကို နှင်ထုတ်နိုင်ခဲ့ ကြောင်း၊ အရှေ့ဘက်နှင့် တောင်ဘက်ရှိ နယ်မြေ စတုရန်းကီလိုမီတာ ၁ ထောင် (၃၈၅ မိုင်) ကို စက်တင်ဘာ ၁ ရက်မှစ၍ ပြန်သိမ်းနိုင်ခဲ့ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

ယူကရိန်းတပ်သားများက နိုင်ငံ၏ ဒုတိယအကြီးဆုံးဖြစ်သော ခါကိဗ်မြို့အနီး အရှေ့ပိုင်း ဘာလက်ကလီယာမြို့ကို ပြန်သိမ်းနိုင်ခဲ့ကြောင်း ၎င်း၏ ဗွီဒီယိုမိန့်ခွန်းထဲတွင် ဇာလန်းစကီးက ပြောကြားခဲ့သည်။

ဇာလန်းစကီးနဲ့ ဘလင်ကင်ကို တွေ့ရစဉ်

ယူကရိန်းစစ်သတင်း စုစည်းသူတစ်ဦး လွှင့်တင်ထားသော ဗွီဒီယိုဖိုင်တစ်ခုထဲတွင် ရုရှားနိုင်ငံသားများသည် ထရပ်ကားများ၊ အမြောက်များနှင့် ခဲယမ်းမီးကျောက်များ၏ အနောက်တွင် ကျန်ရစ်နေခဲ့ကြောင်း တွေ့ရသည်။

ဘာလက်ကလီယာမြို့ကို ယူကရိန်းတို့ ဝိုင်းထားရန် ကြိုးပမ်းမှုကို ရုရှားတပ်များက တွန်းလှန်နိုင်ခဲ့ကြောင်း၊ ထိုမြို့ မှာ ရုရှားလက်ထဲတွင် ကျန်ရှိနေသေးကြောင်း ရုရှားလိုလားသူ ဗီတလေဂန်ချက် (Vitaly Ganchev) က ရုရှား ရုပ်သံ သတင်းဌာနတစ်ခုသို့ ပြောကြားခဲ့သည်။

ရိုက်တာအနေဖြင့် စစ်မြေပြင်အကြောင်း လွှင့်တင်နေသည့် လူမှုကွန်ရက် account များကို သီးခြား အတည်ပြု နိုင်ခြင်း မရှိပါ။

အစောပိုင်းတွင် ယူကရိန်းတပ်များသည် ရုရှားနယ်နိမိတ်မျဉ်း၏ အနောက်ဘက် ကီလိုမီတာ ၅၀ (မိုင် ၃၀) အထိ ချီတက်လာခဲ့ပြီး ခါကိဗ်ဒေသရှိ ကျေးရွာ ၂၀ ကျော် ပြန်သိမ်းနိုင်ခဲ့သည်ဟု ယူကရိန်း ဗိုလ်မှူးချုပ် အိုလက်ဆေး ဂရိုမော့ဗ် (Oleksiy Gromov) က ပြောကြားခဲ့သည်။

ယူကရိန်းတပ်ဖွဲ့၀င် တစ်ဦးက နိုင်ငံပိုင်နက်နယ်မြေကို ကြည့်နေစဉ်

ဒဏ်ရာရနေသူများကို ကယ်ထုတ်ရန် ရုရှားတပ်များ ကြိုးစားနေကြောင်း ယူကရိန်းစစ်တပ်က စက်တင်ဘာ ၉ ရက် အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ ခါကိဗ်မြို့၏ အနောက်တောင်ဘက် ဘိုရိုဒိုယာစကီကျေးရွာနှင့် အရှေ့တောင်ဘက် ဗီခူဗာတာကာ ကျေးရွာများရှိ ရုရှား၏ စစ်လက်နက်များလည်း ပျက်စီးသွားခဲ့သည်။

ယူကရိန်းတပ်ဖွဲ့ဝင်များ၏ အခြေအနေမှာ တိုးတက်မှုရှိကြောင်း၊ လိုအပ်ချက်ရှိနေသမျှ ကာလပတ်လုံး အမေရိကန်အနေဖြင့် အထောက်အပံ့ ပေးသွားမည်ဖြစ်ကြောင်း ဘလင်ကင်က ပြောကြားခဲ့သည်။

“တန်ပြန်ထိုးစစ်နဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပြီဆိုတာ ပြောဖို့ စောပါသေးတယ်။ ဒါပေမယ့် အထူး သဖြင့် ခါဆွန်ဒေသတဝိုက်မှာ လက်တွေ့အားဖြင့် တကယ်တိုးတက်နေတယ်ဆိုတာ တွေ့ရပါတယ်။ အရှေ့ ဘက်ခြမ်း ဒွန်ဘတ်စ်မှာလည်း စိတ်ဝင်စားစရာ တိုးတက်မှုတချို့ ရှိနေပါတယ်” ဟု ဘလင်ကင်က သတင်း ထောက်များကို ပြောကြားခဲ့သည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရုရှားသမ္မတ ဗလာဒီမာပူတင်(ဓါတ်ပုံ-အေပီ)

အနောက်အုပ်စုဈေးနှုန်းကန့်သတ်လျှင် ရုရှားစွမ်းအင်တင်ပို့မှုရပ်မည်ဟု ပူတင်ပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1523

CNI International News

မော်စကို၊ စက်တင်ဘာ ၈

ရုရှားပို့ကုန်များ၏ဈေးနှုန်းကို ကန့်သတ်ဖို့ ကြိုးစားလာလျှင် အနောက်အုပ်စုထံသို့ မိမိတို့စွမ်းအင်တင်ပို့မှု လုံးဝရပ်ဆိုင်းမည်ဟု သမ္မတ ဗလာဒီမာပူတင်က စက်တင်ဘာ ၇ ရက်တွင် ခြိမ်းခြောက်လိုက်ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ယူကရိန်းတွင် မော်စကို၏စစ်ရေးလှုပ်ရှားမှုများနှင့်ပတ်သက်၍ မိမိတို့ရည်မှန်းချက်အောင်မြင်သည်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက အခိုင်အမာပြောကြားခဲ့သည်။

ရုရှားနိုင်ငံအရှေ့ဖျား၊ ဗလာဒီဗော့စတော့ဆိပ်ကမ်းမြို့တွင် နှစ်စဉ်ကျင်းပနေကျ EEF စီးပွားရေးဖိုရမ်သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားရာ၌ ပူတင်က “ရုရှားရေနံနှင့်သဘာဝဓာတ်ငွေ့ဈေးနှုန်းများ အကျုံးဝင်စေမည့် ဥရောပသမဂ္ဂ (EU) အစီအမံများသည် မိုက်မဲသော အကြံအစည်ဖြင့် ဈေးနှုန်းတက်စေခြင်းသာ ဖြစ်လိမ့်မည်” ဟု လှောင်ပြောင်သရော်ခဲ့သည်။

အုပ်ချုပ်ရေးနည်းလမ်းဖြင့် ဈေးနှုန်းကန့်သတ်ရန် ကြိုးပမ်းမှုသည် အရူးထခြင်းသက်သက်ပဲဖြစ်ကြောင်း၊ အဓိပ္ပါယ် မရှိသော လုပ်ရပ်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ချခဲ့သည်။

“သူတို့က အဲဒီမိုက်မဲတဲ့ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားရင် ဆုံးဖြတ်ချက်ချတဲ့သူတွေအတွက် လည်း ဘာမှအကျိုးရှိမှာမဟုတ်ဘူး” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယင်းကဲ့သို့ EU လုပ်ဆောင်မှုသည် လက်ရှိစာချုပ်များအပေါ် အတိအလင်းချိုးဖောက်နေခြင်းကို ကိုယ်စားပြု ကြောင်း၊ ရုရှားသည် ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းများကို ရပ်တန့်လိုက်ခြင်းဖြင့် တုံ့ပြန်နိုင်ကြောင်း ပူတင်က သတိပေးခဲ့သည်။

ရုရှားနိုင်ငံပိုင် ဂက်ပရွန် (Gazprom) စွမ်းအင်ကုမ္ပဏီ လုပ်ငန်းခွင်



“စာချုပ်တွေကို ချိုးဖောက်ပြီး နိုင်ငံရေးဆုံးဖြတ်ချက်တွေ ချမှာလား။ အဲဒီလိုအခြေအနေမျိုးက ကျနော်တို့ အကျိုးစီးပွားနဲ့ ဆန့်ကျင်နေတယ်ဆိုရင် ပို့ပေးနေတာတွေ ရပ်လိုက်ရုံပဲဗျ။ ဓာတ်ငွေ့၊ ရေနံ၊ ဒီဇယ်ဆီ (ဒါမှမဟုတ်) ကျောက်မီးသွေး ဘာတစ်ခုမှ ရမယ်မထင်နဲ့။ ကမ္ဘာ့ဈေးကွက်ထဲမှာ ဝယ်လိုအားက အင်မတန်များနေတော့ ရောင်းရတာ ပြဿနာမရှိဘူး” ဟု ၎င်းက ခြိမ်းခြောက်ခဲ့သည်။

မိမိတို့နိုင်ငံသည် စွမ်းအင်တင်ပို့မှုအတွက် ဥရောပကို စွန့်ခွာနိုင်ရန် အာရှ၌ ဝယ်လက်များ အလုံအလောက် ရှာဖွေ နိုင်မည်ဟု ပူတင်က ထပ်လောင်းပြောကြားခဲ့သည်။

“ကျနော်တို့အပေါ်မှာ တစ်ခုခုဖိအားပေးဖို့ ကြိုးစားတဲ့သူတွေဟာ ဒီနေ့ခေတ် သူတို့ရဲ့ဆန္ဒကို အကောင်အထည် ဖော်နိုင်မယ့် အနေအထား မရှိပါဘူး” ဟု အနောက်အုပ်စုနိုင်ငံများ၌ စွမ်းအင်ဈေးနှုန်းတက်၍ ဆန္ဒပြပွဲများ ပေါ်ပေါက်နေခြင်းကို ထောက်ပြကာ ပူတင်က ပြောကြားခဲ့သည်။

အထက်ပါပြောကြားချက်များသည် ဂျာမနီသို့ စွမ်းအင်ပိုက်လိုင်း ပြုပြင်မှု ၃ ရက်ကြာ ရပ်နားပြီးနောက် ပုံမှန် အတိုင်း ပြန်လည်ပေးပို့ရန် နာရီပိုင်းအလိုတွင် ထွက်ပေါ်လာခဲ့သည်။

ရုရှားနိုင်ငံပိုင် ဂက်ပရွန် (Gazprom) စွမ်းအင်ကုမ္ပဏီသည် တာဘိုင်များတွင် ရေနံယိုစိမ့်မှုများ ပြုပြင်၍ မပြီးမချင်း ပုံမှန်အတိုင်း ပေးပို့ထုတ်လွှတ်နိုင်မည်မဟုတ်ကြောင်း ယခင်သီတင်းပတ်က ကြေညာခဲ့ပြီးဖြစ်သည်။

ယင်းကြေညာချက်ပါ အကြောင်းပြချက်များကို ဂျာမနီအစိုးရတာဝန်ရှိသူများနှင့် အင်ဂျင်နီယာများက လက်မခံခဲ့ ကြပေ။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပူတင်ကို သူ၏ ထောက်ခံသူများနဲ့အတူတွေ့ရ(AP)

ရုရှားကမ္ဘာကို အခြေခံသည့် နိုင်ငံခြားရေးမူဝါဒသစ်ကို ပူတင်အတည်ပြု

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1055

CNI International News

မော်စကို၊ စက်တင်ဘာ ၆

‘ရုရှားကမ္ဘာ’ သဘောတရားကို အခြေခံသည့် နိုင်ငံခြားရေးမူဝါဒ အယူအဆသစ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင် က စက်တင်ဘာ ၅ ရက်တွင် အတည်ပြုလိုက်ကြောင်း ရိုက်တာသတင်းအရ သိရသည်။

အဆိုပါ အယူအဆသစ်သည် ပြည်ပဝင်ရောက်စွက်ဖက်မှုကို အကြောင်းပြလျက် ရှေးရိုးစွဲဝါဒီများက ရုရှားဘာသာ စကား ပြောဆိုသုံးစွဲသူများအား ဦးစားပေး ထောက်ခံကြရန်အတွက် တွေးခေါ်သည့် အယူအဆမျိုး ဖြစ်သည်။

ယူကရိန်းစစ်ပွဲ ၆ လကျော် ကြာမြင့်ပြီးနောက် ထုတ်ပြန်ခဲ့သည့် စာမျက်နှာ ၃၁ မျက်နှာပါ “လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာမူဝါဒ”တွင် မော်စကိုအနေဖြင့် ရုရှားကမ္ဘာ၏ ဓလေ့ထုံးစံများနှင့် စံနှုန်းများကို ကာကွယ် စောင့်ရှောက်သင့်သည်ဟု ရေးသားထားသည်။

ပါဝါအပျော့မဟာဗျူဟာ (soft power strategy) တစ်မျိုးအဖြစ် ထုတ်ဖော်ထားသော်လည်း ထိုမူဝါဒသစ်ထဲတွင် ရုရှားနိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာ အယူအဆများ ထည့်သွင်းထားသည်။

ယူကရိန်း၏ အစိတ်အပိုင်းများကို သိမ်းပိုက်မှုနှင့် နိုင်ငံအရှေ့ပိုင်းရှိ ရုရှားလိုလားသော ခွဲထွက်အဖွဲ့များကို ပံ့ပိုး ကူညီရေး အကြောင်းပြချက် ပေးရန်အတွက် ထိုအယူအဆများကို မော်စကိုအနေဖြင့် အသုံးချလာသည်ဟု သဘောထားတင်းမာသူအချို့က ပြောနေကြသည်။

 ရုရှား နိုင်ငံသားများကိုတွေ့ရစဉ် (GETTY IMAGES)

“ရုရှားဖက်ဒရေးရှင်နိုင်ငံဟာ ပြည်ပရောက်နေတဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေကို သူတို့ရဲ့ အခွင့်အရေးတွေ ပြည့်စုံလာ အောင် ပံ့ပိုးပေးပါတယ်။ အဲဒီနေရာမှာ သူတို့ရဲ့ အကျိုးစီးပွားတွေကို အကာအကွယ်ပေးဖို့နဲ့ ရုရှားယဉ်ကျေးမှု သရုပ်လက္ခဏာတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ သေချာစေရမယ်” ဟု ယခုမူဝါဒတွင် ရေးသားထားသည်။

“နိုင်ငံရပ်ခြားရောက် သွေးရင်းသားရင်းများနှင့် ရုရှားတို့အကြား ဆက်ဆံရေးသည် ဝင်ရိုးပေါင်းစုံ ကမ္ဘာကြီးတစ်ခု ဖြစ်အောင် ဖန်တီးတည်ဆောက်နေသော ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံ အနေဖြင့် မိမိတို့ပုံရိပ်ကို နိုင်ငံတကာ စင်မြင့် ထက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်စေခဲ့ကြောင်း” မူဝါဒထုတ်ပြန်ချက်ကို ကိုးကားလျက် ရိုက်တာက ဆက်လက် ဖော်ပြသည်။

ရုရှားနိုင်ငံ၏ ပြင်ပရှိ (ယခင်ဆိုဗီယက်အုပ်စုဝင်) လွတ်လပ်သော နိုင်ငံသစ်များတွင် နေထိုင်ကြသည့် ရုရှားလူမျိုး ၂၅ သန်း၏ ဝမ်းနည်းဖွယ် ကံကြမ္မာဟူသည့် အသုံးအနှုန်းကို ပူတင်က နှစ်ပေါင်းများစွာ မီးမောင်းထိုးပြနေခဲ့သည်။

အဆိုပါ ကံကြမ္မာမှာ ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲချိန်က ပထဝီဝင် နိုင်ငံရေးဆိုင်ရာ ကပ်ဘေးတစ်ခု အဖြစ် ၎င်းက မှတ်ယူထားသည်။

ယခင် ဆိုဗီယက်ပြည်ထောင်စု နယ်မြေများ ဖြစ်ခဲ့ကြသည့် ဘောလ်တစ် ပင်လယ်ဒေသမှ အာရှအလယ်ပိုင်းအထိ ၎င်း၏ တရားဝင် ဩဇာလွှမ်းမိုးမှု အစိတ်အပိုင်းများအဖြစ် ရုရှားက ဆက်လက် ရှုမြင်ထားသည်။ ထိုသို့ ရှုမြင်သည့် အယူအဆကို ဆိုဗီယက်အုပ်စုဝင်ဟောင်း နိုင်ငံများကိုယ်တိုင်နှင့် အနောက်အုပ်စုတို့က ပြင်းပြင်းထန်ထန် ရှုတ်ချ လျက်ရှိနေသည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဇာလန်းစကီးနဲ့ သူ၏ နေအိမ်ကို တွေ့ရစဉ် (GETTY IMAGES

အီတလီရှိ ယူကရိန်းသမ္မတ၏အိမ်ကို ရုရှားနိုင်ငံသားများထံ ငှားရမ်းထား

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 996

CNI International News

ရောမ၊ စက်တင်ဘာ ၁

ယူကရိန်းသမ္မတ ဇာလန်းစကီးသည် အီတလီနိုင်ငံ၊ တက်ကန်နီ (Tuscany) ဒေသရှိ ၎င်း၏ဇိမ်ခံအိမ်ကို ရုရှား နိုင်ငံသားများထံ ငှားရမ်းခဲ့ကြောင်း အီတလီပြည်တွင်း၌ ထုတ်ဝေသည့် အီတီရန်နို (II Tirreno) သတင်းစာမှ ဩဂုတ် ၃၁ ရက်တွင် ရေးသားခဲ့သည်ဟု အာရ်တီသတင်းဌာနက ဖော်ပြသည်။

တစ်ချိန်တည်းမှာပင် ဇာလန်းစကီးသည် ရုရှားခရီးသွား ဧည့်သည်များ၏ ပြည်ဝင်ခွင့်(ဗီဇာ)များကို ငြင်းပယ်ရန် ဥရောပသမဂ္ဂ (EU) အုပ်စုဝင်နိုင်ငံများထံသို့လည်း တောင်းဆိုခဲ့သည်။

လန်ဒန်မြို့ နေရပ်လိပ်စာ ပေးထားသည့် ရုရှားလူမျိုး စုံတွဲတစ်တွဲသည် ပြီးခဲ့သည့် ဩဂုတ်လ၌ ဇာလန်းစကီး ပိုင်ဆိုင်သည့် နေအိမ်ကို ယူရိုငွေ ၅၀,၀၀၀ (၅၀,၂၃၇ ဒေါ်လာ)ဖြင့် ငှားရမ်းနေထိုင်ခဲ့ကြောင်း အီတီရန်နို သတင်းစာက ဆက်လက် ရေးသားထားသည်။

သတင်းထောက်များ အီတလီရှိ ဇာလန်းစကီးနေအိမ်ရှေ့မှာ သတင်းတင်ဆက်နေစဉ်(Reuters)

အီတလီနိုင်ငံ၊ ပင်လယ်ကမ်းခြေမြို့လေးဖြစ်သော ဖော်တစ်တီးမာရမီ (Forte dei Marmi)တွင် တည်ရှိသော ဇိမ်ခံရိပ်သာနေအိမ်ကို ဇာလန်းစကီးက ယူရိုငွေ ၄ သန်းဖြင့် ဝယ်ယူခဲ့ကြောင်း၊ ထိုစဉ်က သရုပ်ဆောင်အလုပ် လုပ်ကိုင်နေဆဲ အချိန်ဖြစ်ကြောင်း သိရသည်။

ငှားရမ်းနေထိုင်ခဲ့ကြသည့် စုံတွဲ၏ လူမှုကွန်ရက်ပေါ် တင်ထားသော ဓာတ်ပုံများသည် ဇာလန်းစကီး ပိုင်ဆိုင်သည့် နေအိမ်တွင် ရိုက်ကူးထားခြင်းဖြစ်ကြောင်း အီတီရန်နိုသတင်းစာက အတည်ပြုခဲ့သည်။

အခြား အီတလီ သတင်းစာ တစ်စောင်ဖြစ်သည့် ကိုရေးဒယ်လာစီရာတွင်လည်း “အိမ်ငှားတွေက ရုရှားလူမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ကိုယ်ရေးကိုယ်တာဖြစ်လို့ ကျနော့်ကို တားမြစ်ထားတဲ့အတွက် ထုတ်ပြောလို့ မရပါဘူး” ဟု ၎င်းနေအိမ်ကိစ္စ စီမံနေသည့် အိမ်ခြံမြေ အကျိုးဆောင်သမား၏ ပြောကြားချက်ကို ဖော်ပြထားသည်။

၎င်းအိမ်ငှားများသည် ရုရှားနွယ်ဖွားများ ဖြစ်နိုင်သော်လည်း မူလနေရပ်လိပ်စာမှာ အင်္ဂလန်ဖြစ်ကြောင်း အဆိုပါ သတင်းစာက ဆက်လက် ရေးသားထားသည်။

 ဇာလန်းစကီးနဲ့ ဉရောပခေါင်းဆောင်များကိုတွေ့ရစဉ် (GETTY IMAGES)

ရုရှားတပ်ဖွဲ့ဝင်များ ပြီးခဲ့သည့် ဖေဖော်ဝါရီလ၌ ယူကရိန်းသို့ ကျူးကျော်လာပြီးကတည်းက ဇာလန်းစကီးသည် ရုရှားခရီးသွား ဧည့်သည်များကို ခရီးသွားဗီဇာ ပိတ်ပင်ရန် EU နိုင်ငံများကို တိုက်တွန်းခဲ့သည်။

ရုရှားပြည်သူများအနေဖြင့် ၎င်းတို့အတွေးအခေါ် အယူအဆ မပြောင်းမချင်း သူတို့၏ သီးခြားကမ္ဘာထဲတွင်သာ နေထိုင်သင့်ကြောင်း ဇာလန်းစကီးက ဩဂုတ်လ အစောပိုင်းတွင် ဝါရှင်တန်ပို့စ် မီဒီယာသို့ ပြောကြားခဲ့သည်။

ထို့ပြင် ယခင်မတ်လကလည်း ဇာလန်းစကီးက “ရုရှားလူမျိုးများ ပိုင်ဆိုင်သော အိမ်ခြံမြေနှင့် လူမှုကွန်ရက် account များကို ပိတ်ပင်သွားရန်” အီတလီအစိုးရကို တောင်းဆိုခဲ့သေးသည်။

မော်စကို၏ ယူကရိန်း စတင်ကျူးကျော်စဉ်ကပင် EU နိုင်ငံများနှင့် ရုရှားတို့အကြား လေယာဉ်ပျံသန်း ပြေးဆွဲခြင်း အားလုံး ရပ်ဆိုင်းခဲ့ပြီး EU တစ်နိုင်ငံချင်းနှင့် ရုရှားတို့အကြား ဗီဇာကိစ္စ ညှိနှိုင်းဆောင်ရွက်ခြင်းများကို ဩဂုတ် ၃၁ ရက်တွင် ဖြတ်တောက်ခဲ့သည်။

Source: အာရ်တီသတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဇာပိုရေဇီးယားစက်ရုံအနီးက ရုရှားတပ်သား (GETTY IMAGES)

ယူကရိန်း၊ နျူကလီးယားစက်ရုံအနီး ကျည်ဆန်များကျ၍ စိုးရိမ်နေကြ

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 938

CNI International News

ကိယက်ဗ်၊ ဩဂုတ် ၂၉

ဇာပိုရေဇီးယား နျူကလီးယား ဓာတ်အားပေးစက်ရုံဝင်းအတွင်းမှနေ၍ မြစ်ကို ဖြတ်သန်းလျက် ယူကရိန်းမြို့များ ဆီသို့ ရုရှားက အမြောက်များဖြင့် ညလုံးပေါက် ပစ်ခတ်ခဲ့ကြောင်း ဒေသန္တရအုပ်ချုပ်ရေးတာဝန်ရှိသူများ၏ ပြောကြားချက်များကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြသည်။

အဆိုပါ စက်ရုံတဝိုက်တွင် ကျည်ဆန်များ ကျရောက်သည့် သတင်းများ ထွက်ပေါ်နေသဖြင့် ဒေသခံများအတွက် စိုးရိမ်စရာများလည်း တိုးပွားလာခဲ့သည်။

မော်စကိုနှင့် ကိယက်ဗ်တို့သည် ဥရောပတိုက်ရှိ အကြီးဆုံး နျူကလီးယား စက်ရုံတစ်ရုံကို ပစ်မှတ်ထား၍ ‘ဘတ ပြန်၊ ကျားတပြန်’ တိုက်ခိုက်နေကြောင်း စွပ်စွဲချက်များနှင့် နိုင်ငံတကာ စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်နေချိန်၌ လွန်ခဲ့ သည့် ၂၄ နာရီအတွင်း စက်ရုံဝင်းထဲမှာ ယူကရိန်းတို့ ပစ်ခတ်မှု ပိုမိုဖြစ်ပွားလာခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ဒေသန္တရအုပ်ချုပ်ရေးမှူး အိုလက်ဇန္ဒားစတာယက် (GETTY IMAGES)

အဆိုပါ စက်ရုံကို တိုက်ခိုက်မှုနှင့်ပတ်သက်၍ သတင်းအချက်အလက် အသစ်မရှိကြောင်း ယူကရိန်းနျူကလီးယား ကုမ္ပဏီဖြစ်သည့် အီဂိုယာတမ် (Energoatom) က ပြောကြားခဲ့သည်။

စက်ရုံကို ပြီးခဲ့သည့် မတ်လကတည်းက ရုရှားတပ်များက သိမ်းပိုက်ထားခဲ့သော်လည်း ယူကရိန်းနိုင်ငံသား ဝန်ထမ်းများဖြင့် ဆက်လက် လည်ပတ်နေဆဲ ဖြစ်သည်။

ထိုနေရာသည် ရုရှားထိုးစစ် ယူကရိန်းတောင်ဘက်သို့ ရွှေ့သွားပြီး ၆ လကြာ ပဋိပက္ခအတွင်း အဓိက အရေးကြီး သည့် နေရာတစ်ခုလည်း ဖြစ်သည်။

မော်စကိုသည် ဇာပိုရေဇီးယား စက်ရုံအတွင်းရှိ ပြင်းထန်သော ဓာတ်ရောင်ခြည်သင့်မှု အန္တရာယ်ကို မမှုပါကြောင်း၊ ထိုအန္တရာယ်ကို ဖုံးဖိလိုသဖြင့် ရုရှား၏ နျူကလီးယားဘေး မပြန့်ပွားရေးဆိုင်ရာ သဘောတူညီချက် မူကြမ်းကို လည်း အရေးမစိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၂၈ ရက်တွင် သတင်း ထုတ်ပြန် ခဲ့သည်။

 ရုရှားကာကွယ်ရေးဝန်ကြီးဌာန(GETTY IMAGES)

စက်ရုံဝင်းအတွင်းမှ ၂ နာရီခန့် မော်တော်ယာဉ်မောင်းနှင်လျှင် ရောက်ရှိနိုင်သည့် အဆိုပါဒေသ၏ အဓိကမြို့ကြီး ဖြစ်သော ဇာပိုရေဇီးယားနှင့် အရှေ့ဘက် အိုရီခိဗ် (Orikhiv) တို့ရှိ လူနေအိမ်များကို ရုရှားတပ်ဖွဲ့များက တိုက်ခိုက် ခဲ့ကြကြောင်း ဒေသန္တရအုပ်ချုပ်ရေးမှူး အိုလက်ဇန္ဒားစတာယက် (Oleksandr Starukh) က ဩဂုတ် ၂၈ ရက်တွင် တယ်လီဂရမ်ကွန်ရက်ပေါ်တွင် ပြောကြားခဲ့သည်။

အဆိုပါ ဒေသခံများကို ဩဂုတ် ၂၇ ရက်တွင် ဓာတ်ရောင်ခြည်ယိုစိမ့်မှု ကာကွယ်ကုစားရန်အတွက် အိုင်အိုဒင်း အသုံးပြုနည်း သင်ကြားလမ်းညွှန်ပေးခဲ့ကြောင်း ၎င်းက ယူကရိန်းရုပ်သံလိုင်းသို့ ပြောကြားခဲ့သည်။

ယင်း စက်ရုံဝင်းအတွင်းမှနေ၍ ရုရှားတို့က ဒီမိုပရိုမြစ်ကို ဖြတ်ကျော်၍ မြစ်တဖက်ကမ်းရှိ မြို့ ၉ မြို့ကို အဝေးမှ ပစ်ခတ်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က နေ့စဉ်စစ်ရေးအစီရင်ခံစာတွင် ထည့်သွင်းရေးသားခဲ့သည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပူတင်နဲ့ ရုရှားစစ်သည်တော်များ (AFP)

ရုရှားတပ်အင်အား ၁၃၇,၀၀၀ တိုးမြှင့်ရန် ပူတင် အမိန့်ပေး

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1452

CNI International News

မော်စကို၊ ဩဂုတ် ၂၆

ယူကရိန်းတွင် မော်စကို၏စစ်ရေးအရ အရေးယူမှုများ ဆက်လုပ်ဖို့ တပ်ဖွဲ့ဝင်အင်အား အရေအတွက် ၁၃၇,၀၀၀ ထပ်မံတိုးမြှင့်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က အမိန့်ပေးခဲ့ကြောင်း အေပီမှရေးသားဖော်ခဲ့သည်။

ထို့နောက် စုစုပေါင်း ရုရှားတပ်အင်အား ၁ ဒသမ ၁၅ သန်း ရှိမည် ဖြစ်သည်။

လာမည့် ဇန်နဝါရီ ၁ ရက်တွင် အသက်ဝင်မည့် ပူတင်၏အမိန့်တွင် စစ်မှုထမ်း အရေအတွက် ပိုများလာစေခြင်းဖြင့် တပ်တွင်း ရာထူးအဆင့်များ တိုးမြှင့်လိုခြင်း ရှိ/မရှိ ရှင်းရှင်းလင်းလင်း မသိရပေ။

ထိုသို့ အရေအတွက် တိုးလိုက်ခြင်းတွင် အမြဲတမ်းအမှုထမ်းနှင့် အပျော်တမ်းအမှုထမ်း နှစ်မျိုးစလုံး အကျုံးဝင်နေသည်။

 ပူတင်နဲ့ ရုရှားဗိုလ်ချုပ်ကြီးများ (Reuters)

သို့သော် ဖြစ်နိုင်ခြေရှိသော ပြိုကွဲမှုတစ်ခုနှင့်ပတ်သက်၍ ကရင်မလင်၏ စိုးရိမ်ပူပန်များ ထင်ဟပ်လျက်ရှိပြီး ထို အမိန့်သည် အပျော်တမ်း စစ်မှုထမ်း အရေအတွက်ပေါ်တွင်လည်း မူတည်နေကြောင်း ရုရှားစစ်ရေး လေ့လာ သုံးသပ်သူအချို့က ခန့်မှန်းကြသည်။

ရုရှား၏ အထူးစစ်ဆင်ရေးဟု ပြောသည့် ယူကရိန်းတိုက်ပွဲများတွင် စေတနာ့ ဝန်ထမ်း (အပျော်တမ်း) သဘောတူ ထားကြသည့် စစ်သားများ ပါဝင်ရေး စည်းရုံးလှုံ့ဆော်မှုလုပ်ဖို့ စဉ်းစားနေသည်ဟု စွပ်စွဲချက်များ ပယ်ချကြောင်း ကရင်မလင်က ပြောကြားခဲ့သည်။

ရုရှားအာဏာပိုင်များသည် ယူကရိန်းစစ်မြေပြင်တွင် အပျော်တမ်းတပ်များကို ပိုမိုဆွဲဆောင်စည်းရုံး၍ တပ်ဖွဲ့ဝင် အင်အား မြှင့်တင်ရန် ကြိုးစားခဲ့ကြောင်း၊ ထိုအထဲတွင် ပုဂ္ဂလိက စစ်ဘက်ဆိုင်ရာ ကန်ထရိုက်တာများနှင့် ထိတွေ့ ၍ စစ်မှုထမ်းရန် အကျဉ်းသားအချို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း ရုရှားမီဒီယာများနှင့် အစိုးရ မဟုတ် သော အဖွဲ့အစည်းများ၏ ပြောကြားချက်အရ သိရသည်။

ရုရှားစစ်တပ်ကိုတွေ့ရစဉ် (GETTY IMAGES)

ရုရှားဒေသ အသီးသီးရှိ အာဏာပိုင်များသည် ယူကရိန်းသို့ စေလွှတ်ရန်အတွက် အပျော်တမ်း တပ်ဖွဲ့တပ်ရင်းများ ဖွဲ့စည်းပေးပြီး စစ်ရေး အဆင့်အတန်း မြှင့်တင်ရန် ကြိုးပမ်းခဲ့ကြသည်။

အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်းရှိ ရုရှားအမျိုးသားအားလုံး တစ်နှစ်ကြာ စစ်မှုထမ်းရသော်လည်း အများစုကတော့ ကျန်းမာရေး အကြောင်းပြချက် (သို့မဟုတ်) တက္ကသိုလ်ပညာရေး အကြောင်းပြချက်များဖြင့် ရှောင်ရှားလေ့ရှိ သည်။ အထူးသဖြင့် မော်စကိုနှင့် အခြားမြို့ကြီးများတွင် ‘စစ်မှုမထမ်းမနေရဥပဒေ’ကို ရှောင်ရှားကြသူ အများ အပြား တွေ့ရသည်။

ရုရှားစစ်တပ်သည် ဧပြီ ၁ ရက်တွင် တစ်ကြိမ်၊ အောက်တိုဘာလတွင် တစ်ကြိမ် စုစုပေါင်း တစ်နှစ်လျှင် နှစ်ကြိမ် စစ်သားစုဆောင်းရေး လုပ်တတ်သည်။

နောက်ဆုံးနွေဦးနှင့် ပြီးခဲ့သည့် ဆောင်းဦးရာသီတို့အတွက် စစ်မှုထမ်းအင်အား ၁၃၄,၅၀၀ ခန့်အထိ စစ်မှု မထမ်းမနေရ ဥပဒေအရ ခေါ်ယူရန် ပူတင်က အမိန့်ပေးခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက် ယူကရိန်းသို့ ရုရှားတပ်များ မစေလွှတ်မီအထိ ကြည်းတပ်ဖွဲ့ဝင် အင်အား ၁၄၇,၀၀၀ ခန့် အပါအဝင် စစ်မှုမထမ်းမနေရ ဥပဒေအရ တပ်သား စုစုပေါင်း ၄ သိန်းကျော်ရှိခဲ့သည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12

Page 8 of 12

Latest News

ရွေးကောက်ပွဲမှာ ဘယ်အချက်တွေကို ကြည့်ပြီး မဲပေးသင့်လဲ

ရွေးကောက်ပွဲမှာ ဘယ်အချက်တွေကို ကြည့်ပြီး မဲပေးသင့်လဲ

19 May ဆောင်းပါး
ဘိလပ်မြေ ဝယ်လိုအားများမှုကြောင့် ဝယ်မရဖြစ်နေ

ဘိလပ်မြေ ဝယ်လိုအားများမှုကြောင့် ဝယ်မရဖြစ်နေ

19 May စီးပွားရေး
ဘရာဇီးလ်ကလပ်ရဲ့ကမ်းလှမ်းမှုကို ရော်နယ်ဒို လက်ခံရရှိ 

ဘရာဇီးလ်ကလပ်ရဲ့ကမ်းလှမ်းမှုကို ရော်နယ်ဒို လက်ခံရရှိ 

19 May အားကစား
အနာဂတ်ကို မဆုံးဖြတ်ရသေးဘူးလို့ ယိုကီရက်စ် ပြော 

အနာဂတ်ကို မဆုံးဖြတ်ရသေးဘူးလို့ ယိုကီရက်စ် ပြော 

19 May အားကစား
အခက်အခဲဆုံးရာသီလို့ စီးရီးအေဖလားရဖို့ နီးစပ်ပြီးနောက် ကွန်တီ ပြော 

အခက်အခဲဆုံးရာသီလို့ စီးရီးအေဖလားရဖို့ နီးစပ်ပြီးနောက် ကွန်တီ ပြော 

19 May အားကစား
CNI
  1. You are here:  
  2. Home
  3. ရုရှား-ယူကရိန်းအရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar