- By CNI
- Category: နိုင်ငံရေး
- Hits: 427
CNI International News
တိုင်ပေ၊ ဒီဇင်ဘာ ၃၀
ပြည်ပတပ်ဖွဲ့များကို ဟန့်တားနိုင်ဖို့အတွက် ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်၌ အကြီးစား စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း တရုတ်က ဒီဇင်ဘာ ၂၉ ရက်တွင် ကြေညာခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
တရုတ်သည် ထိုင်ဝမ် အရေးနှင့်ပတ်သက်ပြီး ပတ်သက်ပြီး ဂျပန်နိုင်ငံနှင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် ထိုကဲ့သို့ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းချမည့် အစီအစဉ်အား ကြေညာခဲ့ပြီး နောက် တရုတ်က ဒေါသတကြီး တုန့်ပြန်ခဲ့သလို အမေရိကန် ကာကွယ်ရေး ကုမ္ပဏီများကို ပိတ်ဆို့မှု ပြုလုပ် ကြောင်း ထုတ်ပြန်ခဲ့သည်။
တရုတ်စစ်တပ်သည် ယခင်ကလည်း ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်တွင် ကျည်အစစ်များ အသုံးပြုပြီး စစ်ရေး လေ့ကျင့်မှုများနှင့် ထိုင်ဝမ်ဆိပ်ကမ်းများကို ပိတ်ဆို့သည့် ပုံစံမျိုးဖြင့် သရုပ်ဖော် စစ်ရေးလေ့ကျင့်မှုတို့ ပြုလုပ်ခဲ့ ဖူးသည်။

ထိုင်ဝမ်ကျွန်း ပတ်လည် တရုတ်စစ်ရေး လေ့ကျင့်နေစဉ်
သို့သော် ဒီဇင်ဘာ ၂၉ ရက်က ကြေညာချက်တွင် ပြည်ပ၏ စစ်ရေး စွက်ဖက်မှုများကို ဟန့်တားရန် ရည်ရွယ်သည့် အနေဖြင့် စစ်ရေးလေ့ကျင့်ခြင်းဖြစ်ကြောင်း ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့သည်။
Just Mission 2025 ဟု အမည်ပေးထားသည့် အဆိုပါ စစ်ရေး လေ့ကျင့်မှုများတွင် ဒီဇင်ဘာ ၃၀ ရက်မှစပြီး ကျည်ဆံ အစစ်များ အသုံးပြုသည့် လေ့ကျင့်မှုများ ပါဝင်မည်ဖြစ်ကြောင်း အစောပိုင်း၌ ပြောကြားခဲ့သည်။
သို့သော် ဒီဇင်ဘာ ၂၉ ရက် နှောင်းပိုင်းမှစပြီး ထိုင်ဝမ်၏ မြောက်ဘက်နှင့် အနောက်တောင်ဘက်ရှိ ပင်လယ်ပြင် ပစ်မှတ်များကို ကျည်ဆံ အစစ်များ အသုံးပြုသည့် စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ပြီးစီး သွားပြီဖြစ်ကြောင်း တရုတ်စစ်တပ်က ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်ကျွန်း ပတ်လည် တရုတ်စစ်ရေး လေ့ကျင့်နေစဉ်
“ဒါဟာ ထိုင်ဝမ်လွတ်လပ်ရေး ခွဲထွက်ရေးသမားတွေနဲ့ ကြားဝင်စွက်ဖက်တဲ့ ပြင်ပ အင်အားစုတွေအတွက် ပြင်းထန်တဲ့ သတိပေးချက် ဖြစ်သလို၊ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ အမျိုးသားစည်းလုံးညီညွတ်မှုကို ကာကွယ်ဖို့အတွက် တရားဝင်ပြီး လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုလည်း ဖြစ်ပါတယ်” ဟု တရုတ်အရှေ့ပိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ရှီယီ (Shi Yi) က ပြောကြားခဲ့သည်။
ထိုင်ဝမ်သမ္မတ လိုင်ချင်တေ(William Lai Ching-te) ကမူ တရုတ်နိုင်ငံ အနေဖြင့် အခြေအနေကို အကဲဖြတ် မမှားရန်နှင့် ဒေသတွင်း ပြဿနာရှာသူ မဖြစ်လာစေရန် တိုက်တွန်းခဲ့သည်။
“တရုတ်အာဏာပိုင်တွေ အနေနဲ့ နိုင်ငံတကာ စံနှုန်းတွေကို လျစ်လျူရှုပြီး အိမ်နီးချင်း နိုင်ငံတွေကို ခြိမ်းခြောက်ဖို့ စစ်ရေးအရ အနိုင်ကျင့်မှုတွေ ပြုလုပ်နေတာကို ထိုင်ဝမ်အနေနဲ့ ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြအပ်ပါတယ်” ဟု ထိုင်ဝမ်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ကရင်ကူ (Karen Kuo) ကပြောကြားခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 256
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၂၉
ထိုင်းနိုင်ငံတွင် လာမည့်နှစ် ဖေဖော်ဝါရီလ၌ ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း မှတ်ပုံတင်မှုများနှင့်အတူ ဒီဇင်ဘာ ၂၇ ရက်မှစပြီး မဲဆွယ်စည်းရုံးမှုများ စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
အောက်လွှတ်တော် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် နိုင်ငံတစ်ဝန်းရှိ ရွေးကောက်ပွဲ မှတ်ပုံတင်သည့် နေရာများတွင် ပါဝင် စာရင်းသွင်းနေကြးပြီး ၎င်းတို့ကို ထောက်ခံသူများကလည်း စုရုံး၍ အားပေးခဲ့ကြသည်။
ကမ္ဘောဒီးယားနှင့် နယ်စပ်ဒေသ ပဋိပက္ခဖြစ်ပွားမှုတွင် စီမံကိုင်တွယ်ပုံ ညံ့ဖျင်းမှုကြောင့် သြဂုတ်လ၌ ဝန်ကြီးချုပ် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည့် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) ၏ နေရာမှာ လက်ရှိ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) က အစားထိုး တာဝန်ထမ်းဆောင်ခဲ့သည်။
သို့သော် ညွန့်ပေါင်းအစိုးရအဖွဲ့အတွင်း ၎င်း၏ပါတီသည် လူနည်းစုဖြစ်ပြီး အစိုးရအဖွဲ့ မတည်ငြိမ်မှုနှင့် ရင်ဆိုင်ခဲ့ရ သည်။

ထိုင်းရွေးကောက်ပွဲ မဲဆွယ်နေကြစဉ်
ထို့ကြောင့် အနူတင်သည် လွှတ်တော်ကို စီစဉ်ထားသည့် ရက်ထက် စောပြီး ဖျက်သိမ်းခဲ့သည်။
ထို့ပြင် သူသည် ဒီဇင်ဘာလ အစောပိုင်းက ပြန်လည် ဖြစ်ပွားခဲ့သည့် ကမ္ဘောဒီးယားနှင့် နယ်စပ်တိုက်ပွဲများတွင် စစ်တပ်ကို ထောက်ခံအားပေးခဲ့သည်။
ယခုလအတွင်း ပြုလုပ်ခဲ့သည့် လူထုသဘောဆန္ဒ ကောက်ခံမှု စစ်တမ်းများအရ အတိုက်အခံ ပါတီဖြစ်သည့် ပြည်သူ့ပါတီသည် အနူတင်၏ ဘူဂျထိုင်းပါတီထက် လူထုထောက်ခံမှုနှုန်း ပိုမိုများပြားနေသည်။
ယခင် ရွေးကောက်ပွဲကလည်း ပြည်သူ့ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် Move Forward ပါတီသည် ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။
စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ စုစုပေါင်း အနက် ၃၀ ရာခိုင်နှုန်းကမူ မည်သည့် ပါတီကို မဲပေးရမည်ဆိုခြင်းကို မဆုံးဖြတ်ရသေးကြောင်း ဖော်ပြခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 324
CNI International News
ကွန်နာကရီ၊ ဒီဇင်ဘာ ၂၉
ဂီနီနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် သမ္မတသစ် ရွေးကောက်တင်မြှောက်ရန် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲ ကျင်းပခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
လေ့လာသူများကမူ ထိုရွေးကောက်ပွဲတွင် အတိုက်အခံများ၏ အင်အားနည်းပါးနေမှုကြောင့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မာမက်ဒီ ဒူအမ်ဘူယာ (Mamadi Doumbouya) ကသာ အနိုင်ရလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ၄ နှစ်က သမ္မတ အယ်လ်ဖာ ကွန်ဒီ (Alpha Condé) ကို ဒူအမ်ဘူယာက အာဏာသိမ်း၍ ဖြုတ်ချ ခဲ့ပြီးနောက် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် အဆုံးသတ်သည့် အနေဖြင့် ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဒူအမ်ဘူယာသည် အဓိက အတိုက်အခံများ၊ အစိုးရနှင့် သဘောထား ကွဲလွဲသူများကို နှိမ်နင်းခဲ့သဖြင့် ယခု ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ၈ ဦးထဲ ၌ ၎င်းအား ယှဉ်ပြိုင်နိုင်သည့် အဓိက ပြိုင်ဘက် မပါဝင်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဒူအမ်ဘူယာကို တွေ့ရစဉ်
ဂီနီနိုင်ငံသည် သဘာဝတွင်းထွက် သယံဇာတ ပေါကြွယ်ဝပြီး အလူမီနီယံ ပြုလုပ်ရာတွင် အသုံးပြုသည့် ဘောက်ဆိုဒ် (Bauxite) သတ္တုကို အများဆုံး တင်ပို့သော နိုင်ငံဖြစ်သော်လည်း နိုင်ငံလူဦးရေ ၁၅ သန်း၏ ထက်ဝက်ကျော်သည် ဆင်းရဲမွဲတေမှု၊ အစားအစာ မလုံလောက်မှုတို့နှင့် ရင်ဆိုင်နေရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ထုတ်ပြန်ခဲ့သည်။
“ဒီရွေးကောက်ပွဲက လူငယ်တွေအတွက် မျှော်လင့်ချက်ပါပဲ။ အထူးသဖြင့် ကျနော်တို့လို အလုပ်လက်မဲ့ လူငယ် တွေ အတွက်ပေါ့။ ကျနော်ဆို အသက်ရှင်ရပ်တည်ဖို့ မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်နေရတယ်။ ဒီရွေးကောက်ပွဲ ကြောင့် ဂီနီနိုင်ငံရဲ့ စားဝတ်နေရေး အဆင့်အတန်းနဲ့ ဘဝရပ်တည်မှု အဆင့်အတန်းတွေ မြင့်တက်လာစေဖို့ မျှော် လင့် ပါတယ်”ဟု ကွန်နာကရီ (Conakry) မြို့တော်တွင် နေထိုင်သည့် အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးက ပြောကြားခဲ့သည်။
ယခု ရွေးကောက်ပွဲကို အခြေခံဥပဒေသစ် အောက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခင်က စစ်တပ်ခေါင်းဆောင်များ အား ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ထားသည့် အခြေခံဥပဒေဟောင်းကို ဖျက်သိမ်းခဲ့သည်။

ရွေးကောက်ပွဲ တာဝန်ရှိသူတွေကိုတွေ့ရစဉ်
ထို့ပြင် သမ္မတ၏ သက်တမ်းကို ယခင်က ၅ နှစ် သတ်မှတ်ခဲ့ရာမှ ယခုတွင် ၇ နှစ်အထိ တိုးမြှင့်သတ်မှတ်ခဲ့သည်။
ထိုကဲ့သို့ အခြေခံဥပဒေသစ် ပြင်ဆင်ရေးဆွဲမှုအတွက် စက်တင်ဘာလက လူထုဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ရာတွင် အတိုက်အခံ ပါတီများက ထိုလူထု ဆန္ဒခံယူပွဲကို မဲမပေးဘဲ သပိတ်မှောက်ရန် မဲဆန္ဒရှင်များအား တိုက်တွန်းခဲ့ သော်လည်း မဲဆန္ဒရှင်များက အခြေခံဥပဒေသစ်ကို သောင်းသောင်းဖျဖျ ကြိုဆိုပြီး ထောက်ခံမဲပေးခဲ့ကြသည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 323
CNI International News
မော်စကို၊ ဒီဇင်ဘာ ၂၉
ယူကရိန်းဘက်က ငြိမ်းချမ်းရေးအတွက် အင်တိုက်အားတိုက် လုပ်ဆောင်ခြင်းမရှိဘဲ ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုသည့် ဆန္ဒမရှိပါက ရုရှားသည် မိမိတို့ ရည်မှန်းချက်များကို အင်အားသုံးပြီး အကောင်အထည် ဖော်သွား မည်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင် (Vladimir Putin) က ပြောကြားခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ယူကရိန်းခေါင်းဆောင် ဇာလန်းစကီး (Volodymyr Zelensky) သည် လုံခြုံရေး အာမခံချက်များနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ဆွေးနွေးပွဲများ မပြုလုပ်မီ ပူတင်၏ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဇာလန်းစကီးသည် ဖလော်ရီဒါတွင် ထရမ့်နှင့် တွေ့ဆုံကာ လုံခြုံရေး အာမခံချက်များအပြင် ဒိုးနက်စ် (Donetsk) နှင့် ဇာပိုရီရှား (Zaporizhzhia) ဒေသများရှိ နယ်မြေအငြင်းပွားမှုများကို ဆွေးနွေးရန် စီစဉ်ထားသည်။

ရုရှားတိုက်ခိုက်မှုကြောင့် ပျက်စီးနေစဉ်
ဒီဇင်ဘာ ၂၆ ရက်တွင် ရုရှားတပ်ဖွဲ့များက ယူကရိန်း၏ ကိယက်ဗ် (Kyiv) မြို့တော်ကို ဒရုန်းအစင်း ၅၀၀ နီးပါး၊ ဒုံးကျည် အစင်း ၄၀ ခန့်ဖြင့် ပြင်းထန်စွာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အပူချိန် သုညဒီဂရီအောက် ရောက်ရှိနေသည့် အခြေအနေတွင် ယူကရိန်းမြို့တော်၏ သုံးပုံတစ်ပုံခန့်မှာ အပူပေးစနစ်များ ပြတ်တောက်သွားခဲ့ပြီး လူ ၂ ဦး သေဆုံးခဲ့သည်။
ပူတင်သည် ငြိမ်းချမ်းရေးကို မလိုလားကြောင်း ထိုတိုက်ခိုက်မှုက ပြသနေခြင်းဖြစ်သည်ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လက်ဗရော့ဗ် (Sergey Lavrov) ကမူ ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် ဥရောပတပ်ဖွဲ့မဆို ရုရှား လက်နက်ကိုင် တပ်ဖွဲ့များ၏ တရားဝင် ပစ်မှတ်များ ဖြစ်လာလိမ့်မည်ဟု သတိပေးခဲ့ သည်။
ဥရောပ နိုင်ငံရေးသမားများသည် ယူကရိန်းနှင့် ဆက်ဆံရေးတွင် ၎င်းတို့၏ ရည်မှန်းချက်များကိုသာ ရှေ့တန်း တင်နေကြပြီး ယူကရိန်းပြည်သူများနှင့် ၎င်းတို့၏ နိုင်ငံသားများကိုပါ လျစ်လျူရှုနေကြသည်ဟု လက်ဗရော့ဗ်က စွပ်စွဲခဲ့ကြောင်း ရုရှားနိုင်ငံပိုင် တာ့စ်သတင်းဌာနက ဖော်ပြခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 350
CNI International News
ဘေဂျင်း၊ ဒီဇင်ဘာ ၂၉
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် နယ်စပ်ပဋိပက္ခကို အဆုံးသတ်စေခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပိုမိုခိုင်မာစေရန်အတွက် တရုတ်က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ ခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုင်း-ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးများနှင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို တရုတ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi)ကလည်း အတည်ပြု ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တွင် ကျင်းပသည့် ထိုအစည်းအဝေးသည် တရုတ်အနေဖြင့် နိုင်ငံတကာ ဖြန်းဖြေသူ အဖြစ် ၎င်း၏ အခန်းကဏ္ဍကို မြှင့်တင်ရန်နှင့် အိမ်နီးချင်း နှစ်နိုင်ငံအကြား ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းမှုတစ်ခု ဖြစ်သည်။

ထိုင်း-ကမ္ဘောဒီးယား အပစ်ရပ် သဘောတူကြစဉ်
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန်း (Prak Sokhonn) နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက် ဖူအန်ကက်ကော (Sihasak Phuangketkeow) တို့သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၌ တွေ့ဆုံရန် ကိုယ်စားလှယ်အဖွဲ့များကို ဦးဆောင်လာခဲ့သည်။
ယူနန် ဆွေးနွေးပွဲတွင် သုံးနိုင်ငံစလုံးမှ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်မည်ဖြစ် ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“တရုတ်နိုင်ငံအနေနဲ့ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ကြား အပစ်အခတ်ရပ်စဲရေးကို ခိုင်မာစေဖို့၊ အပြန်အလှန် ကူးလူး ဆက်ဆံမှုတွေ ပြန်လည် စတင်ဖို့၊ နိုင်ငံရေးအရ ယုံကြည်မှုတွေ ပြန်လည် တည်ဆောက်ဖို့၊ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အလှည့်အပြောင်းကောင်းတွေ ဖြစ်ပေါ်လာစေဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ အတွက် မိမိတို့ရဲ့ ကိုယ်ပိုင်နည်းလမ်းတွေနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်း-ကမ္ဘောဒီးယား စစ်ပွဲကြောင့် တိမ်းရှောင်ရသူများကို တွေ့ရစဉ်
ယခု သုံးပွင့်ဆိုင် တွေ့ဆုံမှုသည် ဒီဇင်ဘာ ၇ ရက်နေ့က ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခများ ပြန်လည်ဖြစ်ပွား ခဲ့ပြီးနောက် ဝမ်ယိက နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများထံ သီးခြားစီ ဖုန်းခေါ်ဆို ဆွေးနွေးခဲ့မှုများ၏ နောက်ဆက် တွဲ ရလဒ်တစ်ခု ဖြစ်သည်။
ထိုသို့ ဖုန်းဖြင့် ဆွေးနွေးစဉ်အတွင်း ဝမ်ယိက တရုတ်အနေဖြင့် ကမ္ဘောဒီးယားနှင့် ထိုင်း နှစ်နိုင်ငံစလုံး၏ မိတ်ဆွေ ကောင်းနှင့် အိမ်နီးချင်းကောင်းဖြစ်သည့် အားလျော်စွာ နှစ်နိုင်ငံကြား စစ်ရေးအရ ပဋိပက္ခဖြစ်ပွားသည်ကို မမြင် တွေ့လိုကြောင်း၊ ပဋိပက္ခကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများအတွက် များစွာ စိတ်မကောင်း ဖြစ်မိ ကြောင်း ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သော နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဝမ်ယိက “ယခုအချိန်မှာ အရေးကြီးဆုံး တာဝန်ကတော့ ပြတ်သားတဲ့ ခြေလှမ်းတစ်ရပ်ကို လှမ်းဖို့၊ အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံး ဖော်ဆောင်ဖို့၊ နောက်ထပ် အထိအခိုက် ဆုံးရှုံးမှုတွေ မဖြစ်အောင် တားဆီးဖို့နဲ့ အပြန်အလှန် ယုံကြည်မှုကို ပြန် လည် တည်ဆောက်ဖို့ပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 411
CNI International News
ကိယက်ဗ်၊ ဒီဇင်ဘာ ၂၇
ရုရှား၏စစ်ပွဲကို အဆုံးသတ်ရန် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ရုရှားဘက်မှ တပ်များ ပြန်လည် ဆုတ်ခွာပေးပြီး နိုင်ငံတကာတပ်ဖွဲ့များက စောင့်ကြည့်သည့် စစ်မဲ့ဇုန်အဖြစ် သတ်မှတ်မည်ဆိုပါက နိုင်ငံ၏ အရှေ့ဘက် စက်မှုအချက်အချာဒေသရှိ ယူကရိန်းတပ်ဖွဲ့များကို ရုပ်သိမ်းပေးရန် ဆန္ဒရှိကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီး( Volodymyr Zelenskyy)က ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထိုအဆိုပြုချက်သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အဓိက အငြင်းပွားဖွယ်ရာ ဖြစ်နေသည့် ဒွန်ဘတ်စ် (Donbas) ဒေသအပေါ် ထိန်းချုပ်မှုနှင့် ပတ်သက်၍ နောက်ထပ် ဖြစ်နိုင်ခြေရှိသော အပေးအယူတစ်ခု ဖြစ်လာခဲ့ သည်။
အမေရိကန်ဘက်မှ လွတ်လပ်သော စီးပွားရေးဇုန်တစ်ခု ဖော်ဆောင်ရန် အဆိုပြုထားကြောင်းနှင့် ထိုဒေသကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်သင့်ကြောင်း ဇာလန်းစကီးက ပြောကြားခဲ့သည်။

ယူကရိန်းစစ်သားနဲ့ ပြည်သူလူထုကို တွေ့ရစဉ်
သို့သော် ထိုအယူအဆသည် ထိုဒေသ၏ အုပ်ချုပ်ရေး သို့မဟုတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သို့သက်ရောက်မှု ရှိမည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
လက်ရှိတွင် ရုရှား၏ ထိန်းချုပ်မှု အောက်တွင်ရှိသော ဇာပိုရီရှား (Zaporizhzhia) နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ အနီးတစ်ဝိုက်ရှိ ဧရိယာအတွက်လည်း အလားတူ စီစဉ်ဆောင်ရွက်မှုမျိုး ဖြစ်လာနိုင် ကြောင်း ဇာလန်းစကီးက ပြောကြားခဲ့သည်။
မည်သည့် ငြိမ်းချမ်းရေး အစီအစဉ်ကိုမဆို ပြည်သူ့ဆန္ဒခံယူပွဲဖြင့် ဆုံးဖြတ်ရန် လိုအပ်လိမ့်မည်ဟုလည်း ၎င်းက ဆိုသည်။

စစ်ပွဲကြောင့် ပျက်စီးမှုကို တွေ့ရစဉ်
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖလော်ရီဒါပြည်နယ်၌ ယူကရိန်းနှင့် အမေရိကန်မှ ညှိနှိုင်းဆောင်ရွက်သူများ အသေး စိတ် ဆွေးနွေးခဲ့ကြသည့် အချက် ၂၀ ပါဝင်သော အလုံးစုံအစီအစဉ်ကို ရှင်းပြရန် ဇာလန်းစကီးသည် ဒီဇင်ဘာ ၂၃ ရက်တွင် သတင်းထောက်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
သို့သော် အသေးစိတ် အချက်အလက် အများအပြားကိုမူ ဆက်လက် ဆွေးနွေးနေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရုရှားဘက်ကမူ သိမ်းပိုက်ထားသော နယ်မြေများမှ ဆုတ်ခွာပေးရေးနှင့် ပတ်သက်ပြီး မည်သည့် အရိပ်အယောင်မျှ ပြသခြင်း မရှိသေးပေ။
သို့သော် ဒွန်ဘတ်စ်ဒေသအတွင်း ယူကရိန်းဘက်က ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်သော ကျန်ရှိနေသည့် နယ်မြေများကိုပါ လက်လွှတ်ပေးရန် ရုရှားက တောင်းဆိုထားပြီး ထိုတောင်းဆိုချက်ကို ယူကရိန်းဘက်က ပယ်ချထားသည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 205
CNI International News
ဘရက်စီလီယာ၊ ဒီဇင်ဘာ ၂၇
အကျဉ်းကျခံနေရသော ဘရာဇီးလ်သမ္မတဟောင်း ဂျိုင်ယာ ဘော်ဆိုနာရို (Jair Bolsonaro) သည် ၂၀၂၆ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ၎င်း၏သားဖြစ်သူ ဖလားဗီယို ဘော်ဆိုနာရို(Flavio Bolsonaro) ကို ထောက်ခံကြောင်း ဒီဇင်ဘာ ၂၅ ရက်၌ တရားဝင် ထုတ်ဖော်ပြောကြားလိုက်သည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ဘော်ဆိုနာရိုသည် ဘရာစီလီယာ (Brasilia) မြို့ရှိ ဆေးရုံတစ်ရုံတွင် အူကျရောဂါ ခွဲစိတ်မှု ခံယူနေစဉ်အတွင်း ယခုကဲ့သို့ ထောက်ခံကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ သမ္မတတာဝန်ယူခဲ့သော ဘော်ဆိုနာရိုသည် အငြင်းပွားဖွယ် ပြောဆိုမှုများကြောင့် လူသိများသူဖြစ်သည်။
ဘော်ဆိုနာရို၏ လက်ယာစွန်းရောက် ပေါ်ပြူလစ် မူဝါဒများသည် ဒီမိုကရေစီ အဖွဲ့အစည်းများကို ထိခိုက်စေပြီး လူနည်းစုအုပ်စုများကို ပစ်မှတ်ထားခဲ့ကြောင်း အတိုက်အခံများက စွပ်စွဲခဲ့ကြသည်။
လက်ရှိတွင် သူသည် အာဏာသိမ်းရန် ကြိုးပမ်းမှုဖြင့် ထောင်ဒဏ် ၂၇ နှစ် ကျခံနေရသည်။

ဘော်ဆိုနာရိုနဲ့ သားဖြစ်သူကို တွေ့ရစဉ်
သမ္မတဟောင်း၏ သားဖြစ်သူ ဖလားဗီယိုက ၎င်းအား သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းကြောင်း ကြေညာထားသည့် ဖခင်ဖြစ်သူ၏ လက်ရေးမူ မူရင်းစာကို ဖတ်ကြားခဲ့သည်။
“ဘရာဇီးလ်နိုင်ငံကို တရားမျှတမှု၊ ပြတ်သားမှုတို့နဲ့အတူ ဘရာဇီးလ် ပြည်သူတွေရဲ့ မျှော်လင့်ချက်အပေါ် သစ္စာရှိရှိ ဦးဆောင်ရမယ့် တာဝန်ဝတ္တရားကို ပြန်လည်ထိန်းသိမ်းရမယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒါကြောင့် ကျနော် သမ္မတ မဖြစ်ခင်ကတည်းက စတင်ခဲ့တဲ့ သာယာဝပြောရေးလမ်းစဉ်ကို ဖလားဗီယိုက ဆက်လက် ဖော်ဆောင် သွားမှာပါ”ဟု ဘော်ဆိုနာရိုက စာထဲတွင် ရေးသားထားသည်။
လပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် လူထုထံသို့ ပေးပို့သော ထိုစာထဲတွင် ပြည်သူ့ဆန္ဒကို မည်သူမျှ နှုတ်ပိတ်၍ မရစေရန် ၎င်းက ကတိပြုကြောင်းလည်း ဖော်ပြထားသည်။
ဖလားဗီယို ဘော်ဆိုနာရိုကလည်း ယခုစာသည် ၎င်း၏ဖခင်က သူ့ကို ထောက်ခံခြင်း ရှိ၊မရှိ အပေါ် သံသယ ဖြစ်နေမှုများအား အဆုံးသတ်စေခဲ့ပြီဟု ဖြည့်စွက်ပြောကြားခဲ့သည်။
၂၀၁၉ ခုနှစ်မှ စတင်ကာ ရီယိုဒီဂျနေးရိုး (Rio de Janeiro) ပြည်နယ်၏ အထက်လွှတ်တော်အမတ်အဖြစ် တာဝန် ထမ်းဆောင်နေသော ဖလားဗီယိုက ၎င်း၏ ရွေးကောက်ပွဲ လှုပ်ရှားမှုသည် ဖခင်ဖြစ်သူ၏ အုပ်ချုပ်ရေးယန္တရားက ထားရစ်ခဲ့သော အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 233
CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၇
နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ IS အဖွဲ့၏ ပစ်မှတ်များကို ပြင်းထန်စွာ တိုက်ခိုက်ရန် အမေရိကန် စစ်တပ်ကို အမိန့်ပေးခဲ့ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပြောကြားခဲ့သည်ဟု DW သတင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
နိုင်ဂျီးရီးယားရှိ ခရစ်ယာန်ဘာသာဝင်များ ခြိမ်းခြောက်ခံနေရကြောင်း ထရမ့်က သတ်မှတ်ခဲ့ပြီးနောက် စစ်ရေးအရ အရေးယူမည်ဟု လပေါင်းများစွာ ခြိမ်းခြောက်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
သို့သော် နိုင်ဂျီးရီးယားတွင် ခရစ်ယာန်ဘာသာသည် ခြိမ်းခြောက်ခံနေရကြောင်း ပြောကြားခဲ့သည့် ထရမ့်၏ စွပ်စွဲ ချက်ကို နိုင်ဂျီးရီးယားအစိုးရက ငြင်းပယ်ထားသည်။
နိုင်ငံအနောက်မြောက်ပိုင်း ဆိုကိုတို (Sokoto) ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှုကို နိုင်ဂျီးရီးယား အာဏာပိုင်များ၏ တောင်းဆိုချက်အရ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်စစ်တပ်၏ အာဖရိကစစ်ဌာန ချုပ် (AFRICOM) က ပြောကြားခဲ့သည်။
နိုင်ဂျီးရီးယား အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုနှင့် ထောက်ခံ အားပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပင်တဂွန်စစ်ဌာနချုပ် အကြီးအကဲ ပိထ် ဟတ်ဂ်ဆက်သ် (Pete Hegseth) က ပြောကြားခဲ့သည်။

အမေရိကန် တိုက်ခိုက်စဉ်
နိုင်ဂျီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အကြမ်းဖက် ပစ်မှတ်များကို တိကျစွာ ထိမှန်အောင် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း အတည်ပြုခဲ့ကြောင်း၊ အစိုးရအနေဖြင့် မည်သည့် ဘာသာဝင်ဖြစ်စေ နိုင်ငံသားအားလုံး၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဖြည့်စွက် ပြော ကြားခဲ့သည်။
လူမှုကွန်ရက်တွင် တင်ပြထားသော ထုတ်ပြန်ချက်၌ နိုင်ငံအတွင်းရှိ မည်သည့် ဘာသာရေး လူမှုအသိုက်အဝန်း အပေါ်မဆို ကျူးလွန်သော အကြမ်းဖက်မှုသည် နိုင်ဂျီးရီးယား၏ စံတန်ဖိုးများ အပါအဝင် နိုင်ငံတကာ ငြိမ်းချမ်း ရေးနှင့် လုံခြုံရေးကိုပါ စော်ကားခြင်းဖြစ်သည် ဟု ဖော်ပြထားသည်။
ယခုတိုက်ခိုက်မှု ပြုလုပ်ရခြင်း၏ အကြောင်းရင်းမှာ IS အဖွဲ့သည် အပြစ်မဲ့ ခရစ်ယာန် ဘာသာဝင်များကို အဓိက ပစ်မှတ်ထားနေခြင်းကြောင့် ဖြစ်ကြောင်းနှင့် ထိုအခြေအနေမှာ နှစ်ပေါင်းများစွာအတွင်း မကြုံဖူးသည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထရမ့်က Truth Social တွင် ရေးသားထုတ်ပြန်ခဲ့သည်။
ထို့ပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နိုင်ဂျီးရီးယားနိုင်ငံရှိ ခရစ်ယာန် ဘာသာဝင်များအပေါ် အကြမ်းဖက်မှုတွင် ပါဝင် ပတ်သက်နေသည့် နိုင်ဂျီးရီးယား နိုင်ငံသားများကို ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ရန် ရည်ရွယ်ထားကြောင်း မကြာသေးမီက ကြေညာခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 218
CNI International News
ပြုံယမ်း၊ ဒီဇင်ဘာ ၂၆
မြောက်ကိုရီးယားနိုင်ငံသည် ၎င်းတို့၏ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်မှုတွင် သိသာ ထင်ရှားသော တိုးတက်မှုများ ရှိနေကြောင်း ဒီဇင်ဘာ ၂၅ ရက်တွင် ပြသခဲ့သည်ဟု NBC သတင်းဌာနမှ ဖော်ပြခဲ့ သည်။
မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ထုတ်ပြန်သော ဓာတ်ပုံများတွင် ရေငုပ်သင်္ဘော၏ ကိုယ် ထည်မှာ အတော်အတန် ပြီးစီးနေပြီဖြစ်ကြောင်း တွေ့ရသလို တစ်ချိန်တည်းမှာပင် ခေါင်းဆောင် ကင်မ်ဂျုံအန်( Kim Jong Un)က တောင်ကိုရီးယား၏ နျူစွမ်းအင်သုံး နည်းပညာရရှိရန် ကြိုးပမ်းမှုကို ပြစ်တင်ရှုတ်ချခဲ့သည်။
KCNA သတင်းဌာန၏ ဖော်ပြချက်အရ ကင်မ်ဂျုံအန်သည် တန်ချိန် ၈,၇၀၀ ရှိသည့် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်မှုကို စစ်ဆေးရန် သင်္ဘောကျင်းသို့ သွားရောက်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ ရေငုပ်သင်္ဘောသည် မြောက်ကိုရီးယား ရေတပ်ကို ခေတ်မီစေရန်နှင့် နျူကလီးယား လက်နက် တပ်ဆင် ရန်အတွက် အရေးပါသော အဆင့်တစ်ခုဖြစ်ကြောင်း ကင်မ်က ယခင်ကတည်းက ပြောကြားခဲ့ဖူးသည်။
မြောက်ကိုရီးယားသည် ထိုရေငုပ်သင်္ဘောကို နျူကလီးယား လက်နက်များ တပ်ဆင်ရန် စီစဉ်ထားပြီး မဟာဗျူဟာ မြောက် ပဲ့ထိန်းဒုံးကျည်တပ် ရေငုပ်သင်္ဘော သို့မဟုတ် မဟာဗျူဟာမြောက် နျူကလီးယား တိုက်ခိုက်ရေး ရေငုပ် သင်္ဘောဟု ခေါ်ဆိုခဲ့သည်။

မြောက်ကိုရီးယားရဲ့ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောကိုတွေ့ရစဉ်
ခရီးစဉ်အတွင်း ကင်မ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်(Donald Trump)၏ ထောက်ခံမှုဖြင့် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောပိုင်ဆိုင်ရန် ကြိုးပမ်းနေသည့် တောင်ကိုရီးယား၏ အစီအစဉ်ကို မြောက်ကိုရီးယား၏ လုံခြုံရေးနှင့် ရေပိုင်နက် အချုပ်အခြာအာဏာအား ပြင်းထန်စွာ ချိုးဖောက်သည့် ရန်လိုသော လုပ်ရပ်အဖြစ် ဖော်ပြခဲ့သည်။
တောင်ကိုရီးယား၏ အစီအစဉ်ကြောင့် မြောက်ကိုရီးယားသည် ရေတပ်ကို ခေတ်မီအောင် ပြုလုပ်ရန်နှင့် နျူကလီး ယား လက်နက် တပ်ဆင်ရန် လိုအပ်ချက်ကို ပိုမိုပေါ်လွင်စေခဲ့သည်ဟု ကင်မ်က ဆိုသည်။
ထို့ပြင် ကင်မ်က ၎င်း၏ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော ပြီးစီးသွားပါက ရန်သူ့ခြိမ်းခြောက်မှုများကို တားဆီးနိုင်မည့် နျူကလီးယား စစ်ပွဲဆိုင်ရာ စွမ်းဆောင်ရည်ဖြင့် ခိုင်မာသည့် ခေတ်သစ်တစ်ခုကို စတင်နိုင်မည့် အပြောင်းအလဲ ဖြစ်လာစေမည်ဟု ကြွေးကြော်ခဲ့သည်။
ကင်မ်က သင်္ဘောကျင်းသို့ မည်သည့်အချိန်တွင် သွားရောက်ခဲ့သည်ကို အတိအကျ ဖော်ပြခြင်း မရှိသော်လည်း ကင်မ်သည် အဆင့်မြင့် အရာရှိကြီးများ၊ ၎င်း၏သမီးဖြစ်သူ ကင်မ်ဂျူအဲ (Kim Ju Ae) တို့နှင့်အတူ တည်ဆောက် ဆဲဖြစ်သည့် ဧရာမ ရေယာဉ်ကြီးကို စစ်ဆေးနေသည့် ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။
Source: NBC
