- By CNI
- Category: နိုင်ငံရေး
- Hits: 303
CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၂
ထိုင်းနိုင်ငံတွင် ပြည့်တန်ဆာလုပ်ငန်းသည် ရာဇဝတ်မှုအဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်သော်လည်း ဖေဖော်ဝါရီ ၈ ရက်၌ ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီများက လိင်ဖျော်ဖြေရေး လုပ်သားများကို ဥပဒေအရ ပိုမို ကာကွယ်ပေးရန်နှင့် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်စေရေး ထောက်ခံအားပေးမည်ဟု ပြောကြားခဲ့ကြကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
မကြာသေးမီက Service Workers in Group (Swing) ဖောင်ဒေးရှင်းသည် လိင်မှုလုပ်ငန်းနှင့် ပတ်သက်သည့် မူဝါဒများကို ဆွေးနွေးရန် လိင်လုပ်သားများနှင့် မြို့ (Sex Worker and the City) အမည်ရှိ ဖိုရမ်တစ်ခုကို ကျင်းပခဲ့သည်။
ထိုဆွေးနွေးပွဲကို လူသိများသည့် ညဘက်ဖျော်ဖြေရေး နယ်မြေဖြစ်သည့် Soi Cowboy ပြည့်တန်ဆာရပ်ကွက်ရှိ Cowboy 2 ဘားတွင် ပြုလုပ်ခဲ့ပြီး ဖြူးထိုင်းပါတီ၊ ပြည်သူ့ပါတီ၊ Movement ပါတီ၊ Thai Sang Thai ပါတီနှင့် ဒီမိုကရက်ပါတီများမှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်မှာ လိင်ဖျော်ဖြေရေး လုပ်သားများ၏ လူနေမှုဘဝ မြှင့်တင်ရေးတွင် နိုင်ငံရေး ကဏ္ဍမှ မည်သို့ ဦးဆောင် ကူညီပေးနိုင်မည်နည်းဆိုသည့် အချက်ကို အဓိက ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နောက်တက်လာမည့် အစိုးရသစ် အနေဖြင့် လိင်လုပ်သားများ၏ အရေးကိစ္စများကို လက်တွေ့ကျသည့် မူဝါဒများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းခဲ့သည်။

ထိုင်းလိင်အလုပ်သမားတွေကို တွေ့ရစဉ်
ထိုင်းနိုင်ငံတွင် လိင်လုပ်ငန်းသည် စီးပွားရေးကဏ္ဍအရ အလွန်ကြီးမားသော်လည်း ပြည့်တန်ဆာလုပ်ငန်း တားဆီး နှိမ်နင်းရေးဥပဒေအရ ယခုအချိန်အထိ ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားဆဲဖြစ်သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် လိင်မှုလုပ်ငန်းကို ရာဇဝတ်မှုအဖြစ်မှ ပယ်ဖျက်ရန် ကြိုးပမ်းမှုအနေဖြင့် စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ ပြစ်မှုအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း တော်ဝင်အမိန့် ပြန်တမ်း၌ ဖော်ပြခဲ့သည်။
ထိုစည်းမျဉ်းသစ်အရ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုလုံခြုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသာ ဒဏ်ငွေ ရိုက်ပိုင် ခွင့် ရှိသည်။
သို့သော် ပြည်တန်ဆာလုပ်ငန်း၏ ဥပဒေကြောင်းအရ အခြေအနေမှာ မရေမရာဖြစ်နေဆဲ ဖြစ်သောကြောင့် လိင်လုပ်သားများသည် တာဝန်ရှိသူများ၏ ငွေညှစ်ခြင်း၊ လာဘ်ထိုးရခြင်း အစရှိသည့် အခြေအနေများဖြင့် မကြာခဏ ခေါင်းပုံဖြတ်ခံနေရသည်။
ထို့ပြင် လုပ်အားခ မမျှတခြင်း၊ အလုပ် အလွန်အကျွံ စေခိုင်းခြင်းနှင့် အလုပ်ရှင် သို့မဟုတ် ဖောက်သည်များ၏ နှိပ်စက်ညှင်းပန်းမှု ခံရခြင်းကဲ့သို့သော ပြဿနာများကိုလည်း ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပေ။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 289
CNI International News
တိုကျို၊ ဖေဖော်ဝါရီ ၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်တွင် ၎င်း၏ ဒုတိယမြောက် သမ္မတသက်တမ်းကို စတင်ခဲ့ပြီးနောက် တစ်နှစ်တာကာလ အတွင်းမှာပင် ကမ္ဘာကြီးသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
အမေရိကန်အစိုးရသည် ၎င်း၏ နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်စေရန်အတွက် အပြန်အလှန် ချိတ်ဆက်မှု အားကောင်းသည့် ကမ္ဘာ့စီးပွားရေးအပေါ် ၎င်းတို့၏ လွှမ်းမိုးနိုင်စွမ်းကို အခွင့်ကောင်းယူပြီး စီးပွားရေးကို လက်နက် သဖွယ် အသုံးချရန် ကြိုးပမ်းလာခြင်းကြောင့် ဖြစ်သည်။
ထရမ့်၏ အမေရိကန်ဦးစားပေး (America First) မူဝါဒနှင့် အခွန်တိုးမြှင့် ကောက်ခံသည့် လုပ်ဆောင်ချက်များ သည် အာဆီယံနိုင်ငံများ၏ ဂျီဒီပီအပေါ် နည်းလမ်းနှစ်မျိုးနှင့် သက်ရောက်မှုရှိနေပြီး တစ်ဖက်တွင် အခွင့်အလမ်း ရှိသလို၊ နောက်တစ်ဖက်တွင်လည်း စိန်ခေါ်မှုများ ရှိနေသည်။
ထရမ့်သည် အမေရိကန်နိုင်ငံအတွင်းသို့ ဝင်လာသည့် သွင်းကုန်အားလုံးအပေါ် ကုန်သွယ်ခွန် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ကောက်ခံရန် ကြိုးပမ်းနေပြီး ထိုအချက်က အာဆီယံကို ထိခိုက်စေမည်ဖြစ်သည်။
အမေရိကန်အား လျှပ်စစ်ပစ္စည်း၊ အထည်အလိပ်နှင့် ကားပစ္စည်းများ အများဆုံးပို့နေသည့် ဗီယက်နမ်နှင့် ထိုင်း နိုင်ငံများ၏ ပို့ကုန်ဈေးနှုန်းများ တက်သွားပြီး ဝယ်လိုအား ကျဆင်းသွားနိုင်သဖြင့် ဂျီဒီပီ တိုးတက်နှုန်းကို တိုက်ရိုက် လျော့ကျသွားစေနိုင်သည်။

ဗီယက်နမ်စက်ရုံတစ်ခုကို တွေ့ရစဉ်
သို့သော် ကုန်သွယ်ရေး လမ်းကြောင်း ပြောင်းလဲမှုကြောင့် အာဆီယံအတွက် အခွင့်အလမ်း ဖြစ်စေခဲ့သည်။
ထရမ့်သည် တရုတ်သွင်းကုန်များအပေါ် ကုန်သွယ်ခွန် ၆၀ ရာခိုင်နှုန်းကျော်အထိ တိုးမြှင့်လိုက်သည့်အတွက် အမေရိကန်ကုမ္ပဏီများသည် တရုတ်အစား အာဆီယံ (ဥပမာ- မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်) နိုင်ငံများထံမှ ပစ္စည်းများကို ပြောင်းလဲဝယ်ယူလာကြသည်။
ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) အပြောင်းအလဲကြောင့် တရုတ်နိုင်ငံတွင် အခြေစိုက်သည့် စက်ရုံများသည် အမေရိကန်၏ အခွန်ဒဏ်ကို ရှောင်လွှဲရန်အတွက် အာဆီယံ နိုင်ငံများထဲသို့ အလုံးအရင်းဖြင့် ပြောင်းရွှေ့လာ ကြသည်။
သို့သော် ထရမ့်က အမေရိကန်ကုမ္ပဏီများကို ပြည်ပတွင် ရင်းနှီးမြှုပ်နှံမည့်အစား အမေရိကန် ပြည်တွင်းမှာပင် ပြန်လည် ရင်းနှီးမြှုပ်နှံရန် ဖိအားပေးနေသဖြင့် အာဆီယံထံ စီးဝင်မည့် ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုအချို့ လျော့နည်းသွားနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 345
CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၃၁
မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲအပြီးတွင် အာဆီယံအနေဖြင့် မြန်မာ့အရေးအပေါ် ချဉ်းကပ်ပုံကို ပြန်လည်ညှိနှိုင်းရန် ထိုင်းနိုင်ငံက တိုက်တွန်းလိုက်သည်။
အပြောင်းအလဲနှင့်အညီ လိုက်လျောညီထွေ မလုပ်ဆောင်နိုင်ပါက အာဆီယံ၏ အရေးပါမှုကဏ္ဍ ဆုံးရှုံးနိုင်ခြေရှိ ကြောင်း ထိုင်းက သတိပေးခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
မြန်မာ့အရေးကို အဓိက ဆွေးနွေးသည့် ဖိလစ်ပိုင်နိုင်ငံရှိ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက် ဖူအန်ကက်ကော (Sihasak Phuangketkeow) သည် ထိုကဲ့သို့ တိုက်တွန်း ခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံသည် မြန်မာနှင့် နယ်နိမိတ်ချင်း ထိစပ်နေသဖြင့် မြန်မာနိုင်ငံ၏ မတည်ငြိမ်မှုများကို တိုက်ရိုက် သက်ရောက်မှု ခံနေရသည့် နိုင်ငံဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်
မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာကို ရယူခဲ့သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ပါ စီမံချက် ထွက်ပေးခဲ့သည့်တိုင် အကြမ်းဖက်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေ သည်ဟု သီဟဆက်က ပြောကြားခဲ့သည်။
ဘုံသဘောတူညီချက် ၅ ချက်သည် အသုံးဝင်သော အခြေခံ အုတ်မြစ်အဖြစ် ရှိနေဆဲဖြစ်သော်လည်း လွန်ခဲ့သည့် ၅ နှစ်အတွင်း တိုးတက်မှု အနည်းငယ်သာ ရှိခဲ့သည်ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ဖြစ်သဖြင့် အာဆီယံသည် ၎င်း၏ အခန်းကဏ္ဍကို ပြန်လည် ဆန်းစစ်ရမည်ဟု သီဟဆက်က ပြောသည်။
“အာဆီယံအနေနဲ့ ရွေးကောက်ပွဲကို အပြည့်အဝ ထောက်ခံတာ ဒါမှမဟုတ် အတိအလင်း ငြင်းပယ်တာမျိုး မလုပ် သင့်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။
ထိုရွေးကောက်ပွဲကို ဦးသိန်းစိန် အစိုးရလက်ထက်က ပြုပြင်ပြောင်းလဲမှုများကဲ့သို့ နိုင်ငံရေးအရ ဆွေးနွေးမှုများ အတွက် အစပြုသည့် မှတ်တိုင်တစ်ခုအဖြစ် သဘောထားသင့်ကြောင်း အကြံပြုခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက် ဖူအန်ကက်ကောကို တွေ့ရစဉ်
အာဆီယံအနေဖြင့် ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာသည့် ဆက်ဆံရေး ဗျူဟာမျိုးကို ကျင့်သုံးရန် ထိုင်းနိုင်ငံက အဆိုပြုခဲ့သည်။
ထိုဗျူဟာအရ မြန်မာအစိုးရ အနေဖြင့် လေကြောင်း တိုက်ခိုက်မှုများ ရပ်တန့်ခြင်းနှင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များနှင့် ဆွေးနွေးမှုများ စတင်ခြင်းကဲ့သို့ လက်ဆုပ်လက်ကိုင် ပြနိုင်သည့် လုပ်ဆောင်ချက်များ လုပ်ဆောင်လာပါက ဆက်ဆံရေးများကို ပြန်လည် မြင့်တက်လိမ့်မည်ဟုဆိုသည်။
ပေါင်းစုံပါဝင်သော ဆွေးနွေးပွဲများ၏ အရေးပါမှုကို မစ္စတာသီဟဆက်က အလေးပေး ပြောဆိုခဲ့ပြီး၊ မြန်မာ အနေ ဖြင့် အာဆီယံ၏ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများကို အပြည့်အဝ ခွင့်ပြုရန်နှင့် ယုံကြည်မှု တည်ဆောက်ရန်အတွက် ရွေးချယ်ထားသော တိုင်းရင်းသားအဖွဲ့များနှင့် စတင်ညှိနှိုင်းရန် တိုက်တွန်းခဲ့သည်။
အာဆီယံအနေဖြင့် ပြတ်သားစွာ ဆောင်ရွက်ရန် ပျက်ကွက်ပါက တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် အမေရိကန် အပါအဝင် ပြင်ပ အင်အားကြီးနိုင်ငံများက ကြားဝင်ဆောင်ရွက်လာနိုင်သဖြင့် အာဆီယံ၏ ရေရှည်တည်ငြိမ်မှုနှင့် အချက် အချာ ကျမှုကို ထိခိုက်စေနိုင်ကြောင်း ၎င်းက သတိပေးခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 249
CNI International News
ကာရာကက်စ်၊ ဇန်နဝါရီ ၃၁
ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ် (Delcy Rodríguez) သည် နိုင်ငံ၏ ရေနံကဏ္ဍကို ပုဂ္ဂလိကပိုင် ပြုလုပ်ရန် လမ်းဖွင့်ပေးသည့် ဥပဒေတစ်ရပ်အား ဇန်နဝါရီ ၂၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။
ထိုလုပ်ဆောင်ချက်သည် ဗင်နီဇွဲလားနိုင်ငံကို ဆယ်စုနှစ် နှစ်ခုကျော် အုပ်ချုပ်ခဲ့သည့် ဆိုရှယ်လစ်လှုပ်ရှားမှု၏ မူဝါဒကို ပြောင်းပြန် လှန်လိုက်ခြင်းဖြစ်ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ယခု ပြုပြင်ပြောင်းလဲမှုသည် နှစ်ရှည်လများ ပျက်စီးနေသော ဗင်နီဇွဲလား၏ ရေနံလုပ်ငန်းကို ပြန်လည်ထူထောင် ရန် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်မည့် ၎င်းတို့အစိုးရ၏ အဓိကမူဝါဒ ဖြစ်လာမည်ဖြစ်သည်။
ဇန်နဝါရီ ၃ ရက်တွင် အမေရိကန်မှ ဗင်နီဇွဲလားကို တိုက်ခိုက်ခဲ့ပြီး ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Marudo)အား ဖမ်းဆီးသွားခဲ့ပြီးနောက် ၁ လမပြည့်မီ၌ ရိုဒရီဂွက်ဇ်က ယခုဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဗင်နီဇွဲလား ရေနံကဏ္ဍအပေါ် ချမှတ်ထားသည့် ပြင်းထန်သော စီးပွားရေး ပိတ်ဆို့မှုများကို တရားဝင် စတင်ဖြေလျှော့ပေးခဲ့သည်။
ရိုဒရီဂွက်ဇ်သည် ဇန်နဝါရီ ၂၉ ရက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၊ နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီယို (Marco Rubio) တို့နှင့်လည်း ဆွေးနွေးခဲ့သည်။

ဗင်နီဇွဲလားယာယီသမ္မတ ရိုဒရီဂွက်ဇ်ကို တွေ့ရစဉ်
ရူဘီယိုသည် ဗင်နီဇွဲလားမှ ရေနံစည် သန်းပေါင်းများစွာကို ရောင်းချမည့် ကိစ္စနှင့် ရရှိလာသည့် ငွေများကို မည်သည့် နေရာသို့ စီးဆင်းမည်၊ မည်သို့ ကြီးကြပ်မည်ဆိုသည့် အစီအစဉ်ကို ဇန်နဝါရီ ၂၈ ရက်တွင် အထက် လွှတ်တော် ကြားနာပွဲ၌ ရှင်းလင်းတင်ပြခဲ့သူဖြစ်သည်။
ဗင်နီဇွဲလားသည် ကမ္ဘာပေါ်တွင် ရေနံစိမ်းသိုလှောင်မှု အများဆုံးရှိသည့် နိုင်ငံဖြစ်သည်။
အစိုးရနှစ်ရပ်စလုံး၏ လုပ်ဆောင်ချက်များသည် ဗင်နီဇွဲလားတွင် နောက်ထပ် အစွန်းရောက်သော ပထဝီနိုင်ငံရေး နှင့် စီးပွားရေး အပြောင်းအလဲ တစ်ခုအတွက် လမ်းခင်းပေးနေခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့ သည်။
“ကျမတို့ဟာ အနာဂတ်အကြောင်း ပြောနေတာပါ။ ကျမတို့ သားသမီးတွေကို လက်ဆင့်ကမ်း ပေးအပ်သွားမယ့် နိုင်ငံအကြောင်း ပြောနေတာပါ”ဟု ရိုဒရီဂွက်ဇ်က ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။
ထရမ့်က ၎င်း၏အစိုးရသည် ဗင်နီဇွဲလား၏ ရေနံတင်ပို့မှုများကို ထိန်းချုပ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ကာ ဆုတ်ယုတ်နေသည့် ဗင်နီဇွဲလား၏ ရေနံလုပ်ငန်းကို ပြန်လည် အသက်သွင်းမည်ဟု ပြောကြားခဲ့ သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 273
CNI International News
ဘန်ကောက် ၊ ဇန်နဝါရီ ၃၁
ထိုင်းနိုင်ငံ၏ အတိုက်အခံပါတီဖြစ်သည့် ပြည်သူ့ပါတီ(PP) ခေါင်းဆောင် နက်တာဖွန် ရူအန်ပန်ယာဝပ် (Natthaphong Ruengpanyawut) သည် ဇန်နဝါရီ ၃၀ ရက်က ထုတ်ပြန်ခဲ့သည့် လူထုသဘောထား စစ်တမ်းတွင် ဆက်လက် ဦးဆောင်နေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
နက်တာဖွန်သည် လူထုသဘောထား စစ်တမ်းမှာ ထိပ်ဆုံးနေရာမှ ဦးဆောင်နေခြင်းသည် ဖေဖော်ဝါရီ ၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ အာဏာဆက်လက် တည်မြဲရန် ကြိုးပမ်းနေသည့် ဝန်ကြီးချုပ် အနူတင် ချာန်ဗီရကူလ် (Anutin Charnvirakul) အတွက် ကြီးမားသော စိန်ခေါ်မှုကို မီးမောင်းထိုး ပြသရာရောက်ခဲ့သည်။
ဖေဖော်ဝါရီတွင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် အနူတင်၏ ကွန်ဆာဗေးတစ် ဘူဂျထိုင်းပါတီ၊ အာဏာရပါတီ ဟောင်း ဖြစ်သည့် ဖြူးထိုင်းပါတီနှင့် ပြုပြင်ပြောင်းလဲရေး ဝါဒီဖြစ်သော ပြည်သူ့ပါတီတို့အကြား သုံးပွင့်ဆိုင်ပြိုင်ပွဲ ဖြစ်လာခဲ့သည်။
ဇန်နဝါရီ ၃၀ ရက်တွင် ထုတ်ပြန်သည့် Suan Dusit တက္ကသိုလ်၏ စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ စုစုပေါင်းအနက် နက်တာဖွန်ကို ၃၅ ဒသမ ၁ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြပြီး ဖြူးထိုင်းပါတီ၏ ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်း ယိုရှာနန် ဝေါင်ဆာဝပ် (Yoshanan Wongsawat) က ၂၁ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာ၌ရှိနေကာ အနူတင်သည် ၁၆ ဒသမ ၁ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင်သာ ရှိနေသည်။

ပြည်သူ့ပါတီကို မဲဆွယ်နေစဉ်
ထိုစစ်တမ်းကို ဇန်နဝါရီ ၁၆ ရက်မှ ၂၈ ရက်အတွင်း လူပေါင်း ၂၆၆၂၁ ဦးအား မေးမြန်းခဲ့ခြင်းဖြစ်သည်။
ပြည်သူ့ပါတီသည် ၂၀၂၃ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း ကွန်ဆာဗေးတစ် လွှတ်တော်အမတ်များ၏ ပိတ်ဆို့မှုကြောင့် အစိုးရမဖွဲ့နိုင်ခဲ့ဘဲ နောက်ပိုင်း၌ တရားရုံးအမိန့်ဖြင့် ဖျက်သိမ်းခံခဲ့ရသည့် Move Forward ပါတီ၏ နေရာကို ဆက်ခံသော ပါတီဖြစ်သည်။
အနူတင်သည် ၎င်း၏ လူနည်းစုအစိုးရ ပြိုလဲသွားနိုင်သည့် လွှတ်တော်တွင်း ရှုပ်ထွေးမှုများကြောင့် ဝန်ကြီးချုပ် သက်တမ်း ရက် ၁၀၀ မပြည့်မီ ဒီဇင်ဘာ ၁၂ ရက်တွင် ကြားဖြတ်ရွေးကောက်ပွဲကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာလ အစောပိုင်းတွင် ထိုင်းနှင့် ကမ္ဘောဒီးယားအကြား နယ်စပ်စစ်ပွဲ ပြင်းထန်နေချိန်၌ အနူတင်က ရွေးကောက်ပွဲ ခေါ်ယူမည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။
NIDA ၏ စစ်တမ်း တစ်ခုတွင်လည်း နက်တာဖွန်က ၂၉ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေပြီး အနူတင်မှာ ၂၂ ဒသမ ၂ ရာခိုင်နှုန်းသာ ရှိခဲ့သည်။
ရွေးကောက်ပွဲအပြီးတွင် ဖြစ်ပေါ်လာမည့် အကြိတ်အနယ်ရှိသော ညွန့်ပေါင်းအစိုးရ ညှိနှိုင်းမှုများ မတိုင်မီ အနူတင် သည် ရှေးရိုးစွဲဝါဒီ မဲဆန္ဒရှင်များကို စုစည်းရန်နှင့် ရွေးကောက်ပွဲအပြီး အစိုးရဖွဲ့စည်းအုပ်ချုပ်မည့် လမ်းကြောင်းကို တင်ပြရန် ဖိအားများနှင့် ရင်ဆိုင်နေရသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 278
CNI International News
ဘရပ်ဆဲလ်၊ ဇန်နဝါရီ ၃၁
အီရန်၏ အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ကို အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ရန် ဥရောပ သမဂ္ဂ (အီးယူ)၏ နိုင်ငံခြားရေးဝန်ကြီးများက ဇန်နဝါရီ ၂၉ ရက်တွင် သဘောတူညီခဲ့ကြကြောင်း အီးယူနိုင်ငံခြား ရေးမူဝါဒ အကြီးအကဲ ကာဂျာ ကဲလက်စ် (Kaja Kallas)မှ ပြောကြားခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ထောင်နှင့်ချီသည့် ပြည်သူများကို သတ်ဖြတ်သည့် မည်သည့် အစိုးရမဆို ၎င်းတို့၏ ပျက်သုဉ်းရာလမ်းကိုသာ ဖော်ဆောင်နေခြင်း ဖြစ်သည်ဟု ကဲလက်စ်က ပြောကြားခဲ့သည်။
အကြမ်းဖက်အဖွဲ့အဖြစ် မသတ်မှတ်မီ ဘရပ်ဆဲလ် (Brussel) တွင် တွေ့ဆုံခဲ့ကြသည့် အီးယူနိုင်ငံခြားရေးဝန်ကြီး များသည် လူပုဂ္ဂိုလ် ၁၅ ဦးနှင့် အဖွဲ့အစည်း ၆ ခုကို ပိုင်ဆိုင်မှု ပိတ်ပင်ခြင်းနှင့် ဗီဇာကန့်သတ်ခြင်း စာရင်းသို့ ထည့်သွင်းရန်လည်း မဲခွဲခဲ့ကြသည်။
အီးယူအကြီးအကဲ အာဆူလာ ဗွန်ဒါလီယန် (Ursula von der Leyen) က ယခုကဲ့သို့ အကြမ်းဖက် စာရင်းသွင်းမှု ကို ယခင်ကတည်းက လုပ်ဆောင်သင့်သည်ဟု ပြောကြားခဲ့ပြီး ယခုဆုံးဖြတ်ချက်ကို ချီးကျူးခဲ့သည်။
“ကိုယ့်ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေကို သွေးမြေကျအောင် နှိမ်နင်တဲ့ အစိုးရကို အကြမ်းဖက်သမားလို့ ခေါ်ဆိုရမှာ ဖြစ်ပါတယ်”ဟု ဗွန်ဒါလီယန်က ပြောကြားခဲ့ပြီး အီရန်အစိုးရ၏ လုပ်ရပ်သည် ကြီးမားသည့် မဟာဗျူဟာမြောက် အမှားဖြစ်သည်ဟု ဝေဖန်ခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီကမူ (Abbas Araghchi) နိုင်ငံအတော်များများသည် မိမိတို့ဒေသ တွင် စစ်ပွဲ ဖြစ်ပွားမည့်အရေးကို တားဆီးရန် ကြိုးပမ်းနေကြသော်လည်း ဥရောပကမူ မီးလောင်ရာ လေပင့်ရန်သာ လုပ်ဆောင်နေသည်ဟု X လူမှုမီဒီယာပေါ်၌ ရေးသားခဲ့သည်။

အီးယူနိုင်ငံခြား ရေးမူဝါဒ အကြီးအကဲ ကာဂျာ ကဲလက်စ်ကို တွေ့ရစဉ်
“အီးယူဟာ ကျနော်တို့ရဲ့ စစ်တပ်ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဟာ နောက်ထပ် ကြီးမားတဲ့ မဟာဗျူဟာမြောက် အမှားတစ်ခုကို ပြုလုပ်လိုက်တာပဲ ဖြစ်ပါတယ်”ဟု အာရက်ချီက ပြောကြားခဲ့သည်။
အီရန်တွင် ဇန်နဝါရီလအတွင်း လူပေါင်းထောင်ချီ သေဆုံးခဲ့ရသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ရက်ရက် စက်စက် နှိမ်နင်းခဲ့မှုအပေါ် တုန့်ပြန်သည့် အနေဖြင့် အီးယူက IRGC ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ထိုဆန္ဒပြမှုများအတွင်း လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ကြောင်း အီရန်က ဝန်ခံခဲ့သော်လည်း သေဆုံးသူ အများစု မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဆူပူသောင်းကျန်းသူများနှင့် အကြမ်းဖက် သမားများသာဖြစ်ကြောင်း အီရန်အာဏာ ပိုင်များက ပြောကြားခဲ့သည်။
သို့သော် လူ့အခွင့်အရေးအဖွဲ့များကမူ အီရန်အစိုးရ၏ ပြောကြားချက်ကို ကန့်ကွက်ခဲ့သည်။
အမေရိကန်အခြေစိုက် HRANA လူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင်မူ အီရန် ဆန္ဒပြမှုများအတွင်း လူပေါင်း ၆၃၇၃ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ၎င်းတို့အနက် ၅၉၉၃ ဦးမှာ ဆန္ဒပြသူများဖြစ်ကြောင်း ပြောကြားခဲ့ကာ သေဆုံးသူ ဦးရေမှာ ယခုထက် ပိုမိုများပြားနိုင်သည်ဟု သတိပေးခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 232
CNI International News
ကာရာကက်စ်၊ ဇန်နဝါရီ ၃၀
အမေရိကန်သည် ဗင်နီဇွဲလားနိုင်ငံအတွင်းရှိ ရုရှား၊ တရုတ်နှင့် အီရန်တို့၏ တည်ရှိမှုကို လျှော့ချရန် ဖိအားပေးနေ ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးအကြံပေး မာကို ရူဘီယို(Marco Rubio)က ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနက ဖော်ပြခဲ့သည်။
“အနှစ် ၂၀ အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အီရန်ရဲ့ တည်ရှိမှု၊ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုနဲ့ ရုရှားရဲ့ ပါဝင် ပတ်သက်မှုတွေကို လျော့ပါး ပျောက်ကွယ်သွားအောင် လုပ်ဖို့ အလေးအနက် ဆွေးနွေးနေကြပါပြီ။ တကယ်တော့ ဗင်နီဇွဲလားမှာရှိတဲ့ အင်အားစု အတော်များများဟာ အမေရိကန်နဲ့ ကဏ္ဍစုံမှာ ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ ကြိုဆိုနေကြတယ်လို့ ကျနော် ပြောချင်ပါတယ်” ရူဘီယိုက ဆိုသည်။
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro) အာဏာရှိနေချိန်က အမေရိကန်အနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်းကိုလည်း ၎င်းက ဝန်ခံခဲ့သည်။
“မာဒူရိုသာ ရှိနေမယ်ဆိုရင် အီရန်၊ ရုရှား ဒါမှမဟုတ် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို လျှော့ချဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်မှာမဟုတ်ဘူး” ဟု မာဒူရိုက အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ကြားနာစစ်ဆေးပွဲတွင် ပြောကြား ခဲ့သည်။

ဗင်နီဇွဲလား ယာယီသမ္မတကို တွေ့ရစဉ် (အလယ်က အမျိုးသမီး)
“အခုတော့ ကျနော်တို့မှာ အပြောင်းအလဲ ဖန်တီးဖို့ တကယ့် အခွင့်အရေး ကောင်းတစ်ခု ရှိနေပါပြီ။ ကျနော်တို့ရဲ့ ပထဝီနိုင်ငံရေး ရန်သူတိုင်းအတွက် ဗဟိုစစ်ဆင်ရေး အခြေစိုက် စခန်းအဖြစ် ဆက်မရှိအောင် လုပ်ဖို့ဆိုတာ အမေရိကန်အစိုးရရဲ့ တာဝန်ဖြစ်ပါတယ်”ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။
“ဒါဟာ မာဒူရို လက်ထက်က ဗင်နီဇွဲလားရဲ့ အခြေအနေဖြစ်ပြီး အဲဒါကို ကျနော်တို့ ပြောင်းလဲပစ်ဖို့ ရည်ရွယ်ထား ပါတယ်” ဟု ရူဘီယိုကဆိုသည်။
ဗင်နီဇွဲလားသည် ကျူးဘား၊ နီကာရာဂွါတို့နှင့်အတူ အနောက်ကမ္ဘာခြမ်းတွင် ရုရှား၏ အဓိက ဩဇာလွှမ်းမိုးရာ နေရာ ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
ဇန်နဝါရီ ၃ ရက်တွင် အမေရိကန်သည် ဗင်နီဇွဲလားရှိ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်ခဲ့ကာ ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီး အီဗန်ဂေးလ်ပင်တို(Yvan Gil Pinto) က အမေရိကန်၏ လုပ်ရပ်ကို စစ်ရေးအရ ကျူးကျော်မှုအဖြစ် ရှုတ်ချခဲ့သည်။
ဇန်နဝါရီ ၆ ရက်တွင် ဒုတိယသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်စ်(Delcy Rodriguez) သည် ဗင်နီဇွဲလား၏ ယာယီသမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး တစ်ချိန်တည်းမှာပင် အမေရိကန်အနေဖြင့် ကြားကာလအတွင်း ဗင်နီဇွဲလားကို စီမံခန့်ခွဲသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump )က ပြောကြားခဲ့သည်။
Source: TASS
- By CNI
- Category: နိုင်ငံရေး
- Hits: 318
CNI International News
ဒါကာ၊ ဇန်နဝါရီ ၃၀
အိန္ဒိယတွင် ခိုလှုံနေသည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ (Sheik Hasina) က ဖေဖော်ဝါရီလ အတွင်း ပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် ပြင်းထန်စွာ ရှုတ်ချခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထိုရွေးကောက်ပွဲတွင် ဟာဆီနာ၏ Awami League ပါတီသည် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရပြီး ယခု ဟာဆီနာ ပြောဆိုခဲ့သည့် မှတ်ချက် စကားများကြောင့် ရွေးကောက်ပွဲမတိုင်မီ တင်းမာမှုများကို မြင့်တက် စေခဲ့သည်။
ပေါင်းစုံပါဝင်ပြီး လွတ်လပ်မှုနှင့် တရားမျှတမှုရှိသည့် ရွေးကောက်ပွဲများ မရှိပါက ဘင်္ဂလားဒေ့ရှ်သည် ရေရှည် မတည်ငြိမ်မှုများနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ဟာဆီနာက ပြီးခဲ့သည့် သီတင်းပတ်အတွင်း အေပီသတင်းဌာနသို့ ပေးပို့ခဲ့သည့် အီးမေးလ်ထဲတွင် သတိပေးခဲ့သည်။
ဟာဆီနာသည် ၎င်း၏ ၁၅ နှစ်ကြာ အုပ်ချုပ်မှုကို အဆုံးသတ်စေခဲ့သည့် ၂၀၂၄ ခုနှစ်က လူထုအုံကြွမှုအတွင်း ဆန္ဒပြသူများကို ရက်စက်စွာ အင်အားသုံး ဖြိုခွင့်ခဲ့မှုအတွက် သေဒဏ် ချမှတ်ခံထားရသည်။
ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် မိုဟာမက် ယူနွတ် (Muhammad Yunus) ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရသည် ယခင်အာဏာရ Awami League ပါတီကို ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခဲ့ခြင်းသည် ၎င်းတို့အား ထောက်ခံသူ သန်းပေါင်းများစွာကို တမင်တကာ မဲပေးခွင့် ပိတ်ပင်ခဲ့သည်ဟုလည်း ဟာဆီနာက စွပ်စွဲခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို တွေ့ရစဉ်
လူဦးရေ အများအပြားကို နိုင်ငံရေးတွင် ပါဝင်ခွင့် ပိတ်ပင်လိုက်ခြင်းသည် မကျေနပ်မှုများအား ပိုမိုနက်ရှိုင်းစေကာ အဖွဲ့အစည်းများကို တရားမဝင် ဖြစ်စေသလို အနာဂတ် မတည်ငြိမ်မှုများအတွက် အခြေအနေများကို ဖန်တီး ပေးရာ ရောက်ကြောင်း ဟာဆီနာက အီးမေးလ်ထဲ၌ ရေးသားခဲ့သည်။
“ဖယ်ကျဉ်မှုတွေနဲ့ မွေးဖွားလာတဲ့ အစိုးရတစ်ရပ်ဟာ ကွဲပြားနေတဲ့ နိုင်ငံတော်ကို စည်းလုံးအောင် မလုပ်နိုင်ပါဘူး” ဟု ဟာဆီနာက ပြောကြားခဲ့သည်။
လူဦးရေ ၁၂၇ သန်းရှိသည့် ဘင်္ဂလားဒေ့ရှ်တွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့၌ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး နိုင်ငံရေးပါတီများသည် ပြီးခဲ့သည့် သီတင်းပတ်မှ စတင်၍ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေကြသည်။
ထိုရွေးကောက်ပွဲကို စောင့်ကြည့်ရန် ဥရောပသမဂ္ဂနှင့် ဓနသဟာယအဖွဲ့ အပါအဝင် ပြည်ပနိုင်ငံများမှ လေ့လာ စောင့်ကြည့်သူ ၅၀၀ ခန့် လာရောက်လိမ့်မည်ဟု မျှော်လင့်ရကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြောကြားခဲ့ သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 391
CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၃၀
အမေရိကန်ပြည်ထောင်စုသည် အီရန်ကမ်းလွန်အနီးတွင် စစ်အင်အား တိုးမြှင့်လာမှုသည် ၂၀၂၅ ခုနှစ်၊ ဇွန်လထက် ပိုမို ပြင်းထန်လာသည်ဟု အယ်ဂျားဇီးယားမှ ဖော်ပြခဲ့သည်။
ထိုကဲ့သို့ စစ်အင်အား တိုးမြှင့်လာမှုသည် အီရန်နိုင်ငံကို တိုက်ခိုက်ရန် အမေရိကန်က စီစဉ်နေသည့် အရိပ် အယောင် ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများကလည်း သုံးသပ်ထားကြသည်။
မကြာသေးမီ ရက်ပိုင်းအတွင်းက အာရေဗျပင်လယ် (Arabian Sea) သို့ အမေရိကန်က စေလွှတ်ခဲ့သော စစ်သင်္ဘော အုပ်စုများတွင် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင် သင်္ဘောဖြစ်သည့် USS Abraham Lincoln လည်း ပါဝင်သည်။

အမေရိကန် စစ်အင်အား တိုးမြှင့်မှုကို ပြသထားစဉ်
လွန်ခဲ့သည့်နှစ် ဇွန်လက ၁၂ ရက်ကြာ ဖြစ်ပွားခဲ့သော အီရန်-အစ္စရေး စစ်ပွဲ အတွင်းတွင်လည်း အမေရိကန်သည် ၎င်း၏မဟာမိတ် အစ္စရေးဘက်မှ ရပ်တည်ကာ အီရန်၏ နျူကလီးယားစက်ရုံ ၃ ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ချိန်က ကမ္ဘာအနှံ့ရှိ စစ်လက်နက် ပစ္စည်းများကို အီရန်အနီးရှိ ဒေသသို့ ဖြန့်ကြက်ခဲ့ဖူးသည်။
ထို့ပြင် ပြီးခဲ့သည့်နှစ် နှောင်းပိုင်းကလည်း ဗင်နီဇွဲလားနိုင်ငံပိုင် သင်္ဘောများသည် အမေရိကန်သို့ မူးယစ်ဆေးဝါး များ မှောင်ခို ပို့ဆောင်နေသည်ဟု စွပ်စွဲကာ ဗင်နီဇွဲလားသင်္ဘောများကို မတိုက်ခိုက်မီ ရက်သတ္တပတ် အနည်းငယ် အလိုတွင် ကာရေဘီယံပင်လယ်၌ စစ်အင်အားများ စုဆောင်းခဲ့သည်။
နောက်ဆုံးတွင် အမေရိကန်သည် ဇန်နဝါရီ ၃ ရက်၌ ဗင်နီဇွဲလားကို စစ်ရေးအရ စီးနင်း တိုက်ခိုက်မှုတစ်ခု ပြုလုပ် ကာ ဗင်နီဇွဲလားသမ္မတ မာဒူရို (Nicolas Maduro) ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။
အီရန်နိုင်ငံတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ နှောင်းပိုင်းမှစ၍ ငွေကြေးတန်ဖိုး ကျဆင်းမှုအပေါ် မကျေနပ်ရာမှ နောက်ပိုင်း၌ အစိုးရအပြောင်းအလဲအတွက် တောင်းဆိုလာကြသည့် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။

အမေရိကန် စစ်အင်အားကို ပြသထားစဉ်
ထို့နောက် အီရန်လုံခြုံရေးတပ်ဖွဲ့များသည် ဆန္ဒပြသူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံ ခဲ့ရပြီး အီရန်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ပြောကြားချက်အရ အနည်းဆုံး ဆန္ဒပြသူ ၅၀၀၀ ခန့် သတ်ဖြတ်ခံခဲ့ရပြီး ထောင်နှင့်ချီ ဖမ်းဆီးထိန်းသိမ်း ခံထားရသည်ဟုဆိုသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်(Donald Trump )က ထိုအခြေအနေကို အသုံးချကာ အီရန်ဘာသာရေး ခေါင်းဆောင်များကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ဆန္ဒပြသူများအား အကူအညီများ လာနေကြောင်း ပြောကြားခဲ့ သည့်အပြင် အကယ်၍ အီရန်က အကျဉ်းသားများကို ကွပ်မျက်မှုများ ပြုလုပ်ပါက စစ်ရေးအရ အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့သည်။
ထရမ့်၏ စကားလုံးများနှင့် အီရန် ကမ်းလွန်ရေပြင်တွင် ပုံမှန်မဟုတ်သော အမေရိကန် စစ်အင်အားတိုးမြှင့် ဖြန့်ကြက်မှုများက တိုက်ခိုက်မှုများ မကြာမီ ဖြစ်ပွားလာနိုင်သည့် အရိပ်အယောင်ရှိကြောင်း အချို့သော လေ့လာ ဆန်းစစ်သူများက ပြောကြားခဲ့ကြသည်။
Source: အယ်ဂျားဇီးယား
