
- By CNI
- Category: နိုင်ငံရေး
- Hits: 337
CNI International News
နယူးဒေလီ၊ ဧပြီ ၂၆
အိန္ဒိယနှင့်ပါကစ္စတန်ကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကက်ရှ်မီးယားဒေသရှိ ထိန်းချုပ်ရေး မျဉ်းတစ်လျှောက် တွင် ညအချိန်က နှစ်နိုင်ငံ စစ်သားများ အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်ဟု တာဝန်ရှိသူများက ဧပြီ ၂၅ ရက်တွင် ပြောကြားခဲ့ကြောင်း DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ကက်ရှ်မီးယားဒေသတွင် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ထိပ်တိုက်တွေ့မှုများ မပြုလုပ်ရန် ကုလသမဂ္ဂက အိန္ဒိယနှင့် ပါကစ္စတန်တို့ကို တိုက်တွန်းခဲ့ပြီးနောက် ယခုကဲ့သို့ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံစလုံးသည် နျူကလီးယားလက်နက်များ ပိုင်ဆိုင်ထားကြသည်။
ဧပြီ ၂၂ ရက်က အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လူ ၂၆ ဦး သေဆုံးခဲ့သည်။
ထိုတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အိန္ဒိယက ပါကစ္စတန်ကို နယ်စပ်ဖြတ်ကျော် အကြမ်းဖက်ဝါဒအား ထောက်ပံ့နေ သည်ဟု စွပ်စွဲခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေးသည် နှစ်ပေါင်းများစွာအတွင်း အနိမ့်ဆုံးအဆင့်သို့ ထိုးကျခဲ့သည်။
ကက်ရှ်မီးယားဒေသမှာ အိန္ဒိယက လုံခြုံရေးကင်းလှည့်နေစဉ်
နှစ်နိုင်ငံကို ပိုင်းခြားထားသည့် ထိန်းချုပ်ရေးမျဉ်းတွင် အိန္ဒိယနှင့် ပါကစ္စတန်စစ်သားများ အပြန်အလှန် ပစ်ခတ်ခဲ့ ကြသည်ဟု ပါကစ္စတန်ဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသမှ အစိုးရတာဝန်ရှိသူ ဆေရတ်အက်ရှ်ဖတ်ဂီလာနီ (Syed Ashfaq Gilani)က ဧပြီ ၂၅ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
“အရပ်သားတွေကို ပစ်ခတ်တာမျိုးတော့ မရှိပါဘူး”ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
ဧပြီ ၂၃ ရက်က အိန္ဒိယသည် ပါကစ္စတန်နှင့် သံတမန်ဆက်ဆံရေးများကို လျှော့ချခဲ့ပြီး အဓိကနယ်စပ်ဖြတ်သန်း သည့် နေရာကို ပိတ်ထားခဲ့သည်။
ထို့ပြင် အိန္ဒိယသည် ဟိမဝန္တာမှ မြစ်ရေကို မျှဝေသုံးစွဲသည့် ၁၉၆၀ ပြည့်နှစ်ကတည်းက ပြုလုပ်ခဲ့သော စာချုပ်ကို ရပ်ဆိုင်းခဲ့သည်။
ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခါဝါဂျာအဆစ်ဖ်(Khawaja Asif)က ကက်ရှ်မီးယား အရေးနှင့်ပတ်သက်ပြီး အိန္ဒိယနှင့် တင်းမာမှုများ ပိုမိုမြင့်တက်လာခြင်းသည် နျူကလီးယားပြိုင်ဘက် နှစ်နိုင်ငံကြား အပြည့်အဝ စစ်ပွဲတစ်ရပ် ဖြစ်လာနိုင်သည်ဟု သတိပေးခဲ့သည်။
၎င်း၏ စစ်တပ်ကိုလည်း မည်သည့် ဖြစ်ရပ်အတွက်မဆို ကြိုတင်ပြင်ဆင်ထားကြရန် တိုက်တွန်းထားကြောင်း အဆစ်ဖ်က ဗြိတိန်၏ Sky News ကို ပြောပြခဲ့သည်။
အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားတွင် အာဏာပိုင်များက သံသယရှိသည့် စစ်သွေးကြွနှစ်ဦး၏ နေအိမ်များကို ဖျက်ဆီးခဲ့သည်။
Source: DW

- By CNI
- Category: နိုင်ငံရေး
- Hits: 359
CNI International News
ဝါရှင်တန်၊ ဧပြီ ၂၅
အီလွန်မာ့စ် (Elon Musk) သည် အစိုးရအကျိုးဆောင်ဌာန (DOGE) မှ နုတ်ထွက်သည်နှင့်တစ်ပြိုင်နက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)၏ အစိုးရအဖွဲ့သည် DOGE ဝန်ထမ်းများ၏ လုပ်ပိုင်ခွင့်ကို လျှော့ချသွားဖွယ်ရှိသည်။
ထို့နောက် ဘတ်ဂျတ်များကို ပြန်လည်ထိန်းချုပ်ကာ ဝန်ထမ်းငှားရမ်းမှုအား တာဝန်ယူ လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း ထိုကိစ္စနှင့်နီးစပ်သည့် အစိုးရသတင်းအရင်းအမြစ်နှစ်ခုက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
DOGE ကို ထရမ့်၏ သမ္မတရွေးကောက်ပွဲ မဲဆွယ်မှုအတွင်း ပထမဆုံး ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်း တွင် သမ္မတအကြံပေးကော်မရှင်အဖြစ် တရားဝင်ဖွဲ့စည်းခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီလွန်မာ့စ်ကို တွေ့ရစဉ်
ထိုအေဂျင်စီသည် ပြီးပြည့်စုံသော ဗဟိုအလုပ်အမှုဆောင်ဌာန မဟုတ်ဘဲ အစိုးရအသုံးစရိတ်များကို လျှော့ချရန် စိစစ်သည့် ယာယီအဖွဲ့အစည်းဖြစ်သည်။
မာ့စ် ဦးဆောင်နေသည့် ထိုဌာနသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် ပြည်ထောင်စုအသုံးစရိတ်ကို ဒေါ်လာ ၂ ထရီလီယံအထိ ဖြတ်တောက်ရန် ရည်မှန်းထားသည်။
DOGE သည် ဖက်ဒရယ်အစိုးရ၏ အသုံးစရိတ်စာရင်းကို စိစစ်နေခြင်းဖြစ်ပြီး အများစုမှာ မလိုအပ်သော ရာထူး နေရာများအတွက် ဝန်ထမ်းများ ခေါ်ယူမှုကို ရပ်တန့်ခြင်း၊ DEI ဖျက်သိမ်းခြင်းနှင့် နိုင်ငံခြားအဖွဲ့အစည်းများထံ မလျော်ကန်သော ငွေပေးချေမှုများကို ရပ်တန့်ခြင်းတို့ဖြစ်သည်။
ထိုလုပ်ငန်းစဉ် အများစုမှာ သမ္မတ၏ ညွှန်ကြားချက် မူဝါဒများအတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြစ်သည်ဟု DOGE က ကြေညာထားပြီး အသေးစိတ် အချက်အလက်များကို မဖော်ပြဘဲ တစ်ရက်လျှင် ဒေါ်လာ ၁ ဘီလီယံခန့် ဖြတ်တောက်နိုင်သည်ဟုလည်း ဆိုသည်။
သို့သော် မာ့စ်က ၎င်း၏ကားကုမ္ပဏီ Tesla အပေါ် အာရုံစိုက်ရန်အတွက် DOGE တွင် အလုပ်တာဝန်များကို တစ်ပတ်လျှင် တစ်ရက် သို့မဟုတ် နှစ်ရက်အထိ လျှော့ချသွားရန် စီစဉ်နေသည်ဟု ဧပြီ ၂၂ ရက်က အတည်ပြု ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီလွန်မာ့စ်ကို တွေ့ရစဉ်
DOGE ၏ အကြီးအကဲ တစ်ဦးအဖြစ် မာ့စ်၏ လုပ်ပိုင်ခွင့်သည် မေလကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
မကြာသေးမီ သီတင်းပတ်များအတွင်း ထရမ့်၏ အစိုးရအဖွဲ့အတွင်း၌ မာ့စ်ကို ပေးထားသော လုပ်ပိုင်ခွင့်အာဏာ နှင့်ပတ်သက်ပြီး တင်းမာမှုများ မြင့်တက်လျက်ရှိသည်။
မတ်လက ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးအတွင်း နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) က မာ့စ်နှင့် သဘောထားကွဲလွဲခဲ့ပြီး မာ့စ်သည် USAID ၏ လုပ်ငန်းစဉ်ကို ဆုတ်ယုတ်စေခဲ့ကြောင်း ရူဘီယိုက ဝေဖန်ခဲ့ သည်။
ထို့ပြင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ရှောင်ဒက်ဖီ (Sean Duffy) ကလည်း မာ့စ်သည် လေကြောင်းလိုင်းများ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်မှုများ မြင့်တက်နေသည့်ကြားမှ လေကြောင်းလိုင်း ထိန်းချုပ်သူများကို အလုပ်ထုတ်ရန် တင်ပြလာမှုကို စောဒကတက်ခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 336
CNI International News
ဘေဂျင်း၊ ဧပြီ ၂၅
အမေရိကန်သည် ယခုလအစောပိုင်းက B-1B မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်နှစ်စင်းကို ဂျပန်သို့ စေလွှတ်ခဲ့ပြီး စစ်အင်အားတိုးမြှင့်နေကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုလုပ်ဆောင်မှုသည် ပူးတွဲစစ်ရေး လေ့ကျင့်မှုထက် ပိုမိုကြီးမားသည့် ရည်ရွယ်ချက်ရှိနိုင်ကြောင်း စစ်ရေးအကဲ ခတ်များက ထောက်ပြလျက်ရှိသည်။
အသံထက် ပိုမိုမြန်ဆန်သည့် B-1B လေယာဉ်သည် တာဝေးပျံသန်းနိုင်ခြင်း၊ ကြီးမားသည့် ဒုံးလက်နက်များ တပ်ဆင်နိုင်ခြင်းတို့ကြောင့် လူသိများထင်ရှားသည်။
ထိုလေယာဉ်များသည် လာမည့် လအနည်းငယ်ကြာသည့် အချိန်ကာလတစ်ခုအထိ ဂျပန်၏ မီဆာဝါ (Misawa) လေတပ်စခန်းတွင် စစ်ဆင်ရေးတာဝန်ဖြင့် ပျံသန်းမည်ဖြစ်သည်။
ထိုသို့ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခြင်းအားဖြင့် ဂျပန်၏ အိုကီနာဝါ(Okinawa) ကျွန်းမှစပြီး ထိုင်ဝမ်နှင့် ဖိလစ်ပိုင် တို့အထိရှိသည့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းစုများတွင် ဂျပန်၏ အခန်းကဏ္ဍကို ပိုမိုမြင့်တက်စေမည် ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုတွေ့ရစဉ်
အဆိုပါ ပစိဖိတ်ကျွန်းစုကွန်ရက်သည် ပစိဖိတ်သမုဒ္ဒရာအတွင်း တရုတ်စစ်တပ်၏ လှုပ်ရှားမှုများကို ထိန်းချုပ် ကန့်သတ်ရန် အမေရိကန်၏ မဟာဗျူဟာများထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
မကြာသေးမီ နှစ်များအတွင်း အမေရိကန်နှင့် တရုတ်ကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် အမေရိကန်သည် ပစိဖိတ်ဒေသ၌ စစ်အင်အားတည်ရှိမှုကို တိုးမြှင့်လာခဲ့သည်။
ယခုတွင် B-1B လေယာဉ်များနှင့် အခြားလက်နက်များ ဖြန့်ကြက်ချထားမှုသည် လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အစိုးရအဖွဲ့သည် ဥရောပ၊ နေတိုးအဖွဲ့တို့နှင့် လက်တွဲဖြုတ်လိုပြီး ပစိဖိတ်ဒေသနှင့် တရုတ်ကို ပိုမိုအာရုံစိုက်နေသည့် လက္ခဏာဟု ယူဆနိုင်ကြောင်း ဩစတြေးလျ မဟာဗျူဟာ မူဝါဒ အင်စတီကျုမှ ထိပ်သီး ကျွမ်းကျင်သူ မယ်လ်ကွမ် ဒေးဗစ် (Malcolm Davis) က ပြောကြားခဲ့သည်။
“အခုအခြေအနေအရ ထရမ့်အစိုးရဟာ ဥရောပမှာ ထားရှိတဲ့ ကတိကဝတ်တွေကို လျှော့ချလိုက်မယ်ဆိုရင် တောင်မှ အင်ဒို-ပစိဖိတ်ဒေသက မဟာမိတ်တွေအပေါ် ထားရှိတဲ့ ကတိကဝတ်တွေကို လျှော့ချမှာ မဟုတ်ဘူး ဆိုတာကို တရုတ်ကသိအောင် အချက်ပြလိုက်တာ ဖြစ်နိုင်ပါတယ်”ဟု ဒေးဗစ်က ပြောကြားခဲ့သည်။
Source: South China Morning Post

- By CNI
- Category: နိုင်ငံရေး
- Hits: 273
CNI International News
နယူးဒေလီ၊ ဧပြီ ၂၅
အိန္ဒိယ၏ ကက်ရှ်မီးယားဒေသတွင် ဖြစ်ပွားခဲ့သည့် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် အိန္ဒိယနှင့် ပါကစ္စတန် အကြား တင်းမာမှုများ မြင့်တက်လာသဖြင့် နိုင်ငံခြားငွေလဲလှယ်ရေးနှင့် အတိုးနှုန်း ဈေးကစားသည့် ကုန်သည်များ က အခြေအနေကို စိုးရိမ်နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဧပြီ ၂၂ ရက်က ကက်ရှ်မီးယားဒေသရှိ ခရီးသွားများ လာရောက်လေ့ရှိသည့် နေရာတွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် အမျိုးသား ၂၆ ဦးသေဆုံးခဲ့သည်။
ထိုဖြစ်ရပ်သည် ဆယ်စုနှစ် ၂ စုနီးပါးအတွင်း အရပ်သားများကို ပစ်မှတ်ထားသည့် အဆိုးရွားဆုံး တိုက်ခိုက်မှု ဖြစ်ခဲ့သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဗစ်ကရမ် မစ္စရီ (Vikram Misri) ကမူ ထိုတိုက်ခိုက်မှုတွင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် စစ်သွေးကြွများ ပါဝင်ကြောင်း ပြောကြားခဲ့သည်။
ကက်ရှ်မီးယား တိုက်ခိုက်ခံရမှု ဝမ်းနည်းကြောင်း ပြသနေကြစဉ်
ထို့နောက် အိန္ဒိယသည် ပါကစ္စတန်နှင့်ချုပ်ဆိုထားသည့် နှစ်ပေါင်း ၆၀ သက်တမ်းရှိသည့် မြစ်ရေမျှဝေသုံးစွဲရေး စာချုပ်ကို ဆိုင်းငံ့ခဲ့သည်။
ထိုတိုက်ခိုက်မှု ဖြစ်ပွားပြီး တစ်ရက်အကြာတွင် အိန္ဒိယနိုင်ငံသုံး ရူပီးငွေကြေး၏ တန်ဖိုးသည် သီတင်းနှစ်ပတ် အတွင်း အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
ဧပြီ ၂၄ ရက်တွင် ရူပီးငွေကြေးတန်ဖိုး ကျဆင်းသွားခဲ့ပြီး ၁ ဒေါ်လာလျှင် ၈၅ ဒသမ ၆၆၂၅ ရူပီးအထိ ရှိခဲ့သည်။
ထို့ပြင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကို အိန္ဒိယအစိုးရ၏ တုန့်ပြန်မှုအပေါ် စိုးရိမ်မှုများ မြင့်တက်ခဲ့သဖြင့် ဘဏ်လုပ်ငန်းရှင်များအတွက် စိတ်သောက ရောက်စေခဲ့သည်။
ရူပီးငွေတန်ဖိုး လျော့ကျမှုသည် သက်ဆိုင်ရာ ကဏ္ဍများအပေါ် မည်မျှအထိ အကျိုးသက်ရောက်မှု ရှိစေမည်ဆို ခြင်းကို အတိအကျသိရရန် ခက်ခဲကြောင်းလည်း အမည်မဖော်လိုသည့် ဘဏ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 252
CNI International News
ကိယက်ဗ်၊ ဧပြီ ၂၅
ယူကရိန်းသမ္မတ ဇာလန်းစကီး(Volodymyr Zelenskiy )သည် တောင်အာဖရိကနိုင်ငံသို့ ဧပြီ ၂၄ ရက်တွင် ရောက်ရှိလာခဲ့ပြီး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး အပါအဝင် ရုရှားနှင့် ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ် ရေးတို့အတွက် တောင်အာဖရိကသမ္မတ ဆိုင်ရေးလ်ရာမာဖိုဆာ (Cyril Ramaphosa)နှင့် တွေ့ဆုံဆွေးနွေးသွား မည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ငြိမ်းချမ်းရေး သဘောတူညီချက်တွင် တိုးတက်မှုမရှိပါက အမေရိကန်အစိုးရသည် မိမိတို့၏ ကြိုးပမ်းအားထုတ်မှု ကို ရပ်ဆိုင်းမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က လွန်ခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။
ဒေါ်နယ်ထရမ့်၏ မှတ်ချက်များထွက်ပေါ်လာပြီးနောက် ဖိအားများ မြင့်တက်လာချိန်တွင် ဇာလန်းစကီးသည် ယူကရိန်း၌ ဖြစ်ပွားနေသော စစ်ပွဲအတွက် နိုင်ငံတကာ ထောက်ခံမှုကိုရရှိရန် ကြိုးပမ်းနေသည်။
ဇာလန်းစကီးက ၎င်း၏တောင်အာဖရိက ခရီးစဉ်၌ ရာမာဖိုဆာနှင့်အတူ အခြားနိုင်ငံရေးနှင့် အရပ်ဖက် ကိုယ်စားလှယ်များဖြင့် တွေ့ဆုံသွားမည်ဟု လူမှုမီဒီယာ X တွင် ဖော်ပြထားသည်။
“ငြိမ်းချမ်းရေး ပိုမိုနီးစပ်လာစေဖို့က အဓိကဖြစ်ပါတယ်”ဟု ဇာလန်စကီးက ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတ ဇာလန်းစကီး တောင်အာဖရိကရောက်နေစဉ်
ရုရှားနှင့် ဆက်ဆံရေးကောင်းမွန်သော တောင်အာဖရိကသည် ၂၀၂၂ ခုနှစ်တွင် စတင်ခဲ့သော ရုရှား-ယူကရိန်း ပဋိပက္ခတွင် ကြားနေအဖြစ်သာ ရပ်တည်ခဲ့သည်။
“ဒီခရီးစဉ်ဟာ တောင်အာဖရိကနဲ့ ယူကရိန်းအတွက် နှစ်နိုင်ငံဆက်ဆံရေးကို ဆွေးနွေးဖို့ အခွင့်အလမ်းတွေ ရရှိလာစေမှာ ဖြစ်ပါတယ်။ ဒါပြင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်မယ့် အဓိပ္ပာယ်ရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်”ဟု ရာမာဖိုဆာ၏ ရုံးက ထုတ်ပြန်ခဲ့သည်။
ရာမာဖိုဆာနှင့် ရုရှားသမ္မတ ပူတင်(Vladimir Putin)တို့ ဧပြီ ၂၁ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ကြပြီး နှစ်နိုင်ငံကြား ခိုင်မာသည့် ဆက်ဆံရေးကို ထပ်လောင်း အတည်ပြုခဲ့ကာ ငြိမ်းချမ်းရေးအား ကြိုးပမ်းဆောင်ရွက် ရန် ကတိကဝတ်ပြုခဲ့ကြသည်။
ဇာလန်းစကီးက ရုရှားအစိုးရနှင့် ချွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးကို အလိုရှိကြောင်း ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့ပြီး ယူကရိန်းအနေဖြင့် အပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်နိုင်မည့် မည်သည့်ဆွေးနွေးပွဲကိုမဆို ကြိုဆိုလက်ခံကြောင်းလည်း ထပ်တလဲလဲ ပြောကြားခဲ့သည်။
ဇာလန်းစကီး၏ ခရီးစဉ်သည် တောင်အာဖရိကသို့ ယူကရိန်းသမ္မတတစ်ဦး ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဉ်လည်းဖြစ်သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 237
CNI International News
မနီလာ၊ ဧပြီ ၂၄
ဖိလစ်ပိုင်နိုင်ငံသည် အိန္ဒိယနိုင်ငံထံမှ အော်ဒါမှာယူထားသည့် BrahMos စူပါဆိုးနစ် ခရုဇ်ဒုံးကျည်များထဲမှ ဒုတိယအသုတ်ကို လက်ခံရရှိလိမ့်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
တရုတ်နှင့် တင်းမာမှု မြင့်တက်နေချိန်တွင် ထိုဒုံးကျည်များသည် ဖိလစ်ပိုင်၏ ကမ်းရိုးတန်းကာကွယ်ရေး စွမ်းဆောင်ရည်များကို မြင့်တက်စေနိုင်သည်ဟု ဆိုသည်။
ယခုလက်ခံ ရရှိမည့် ဒုံးကျည်စနစ်များသည် ၂၀၂၂ ခုနှစ်က ဖိလစ်ပိုင်နှင့် Brahmos Aerospace ကုမ္ပဏီအကြား ဒေါ်လာ ၃၇၅ သန်း တန်ဖိုးရှိ ဒုံးကျည်ဝယ်ယူမှု သဘောတူညီချက်တွင် ပါဝင်သည့် BrahMos ဒုံးကျည် အမြောက် အုပ်စု ၃ ခု၏ ဒုတိယအသုတ် ပေးပို့မည့် ဒုံးကျည်များဖြစ်သည်။
ပထမအသုတ် ဒုံးကျည်များသည် ၂၀၂၄ ခုနှစ်၊ ဧပြီလက ဖိလစ်ပိုင်သို့ ရောက်ရှိခဲ့သည်။
“အခုဆိုရင် ဒုံးကျည်တွေ ရောက်လာတော့မှာပါ။ အဲဒီဒုံးကျည်တွေကို မှန်မှန်ကန်ကန် အသုံးပြုနိုင်ဖို့အတွက် လိုအပ်တာတွေကို လုပ်ဆောင်သွားမှာပါ”ဟု ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို တီအိုဒိုရို (Gilberto Teodoro) က သတင်းထောက်များကို ပြောကြားခဲ့သည်။
BrahMos စူပါဆိုးနစ် ခရုဇ်ဒုံးကျည်ကို တွေ့ရစဉ်
ကီလိုမီတာ ၂၉၀ (မိုင် ၁၈၀) အကွာအဝေးအထိ ပစ်ခတ်ရောက်ရှိနိုင်သည့် BrahMos ဒုံးကျည်များသည် မြေပြင်၊ ရေပြင်နှင့် ရေငုပ်သင်္ဘောများမှ ပစ်လွှတ်နိုင်ပြီး ဖိလစ်ပိုင်စစ်တပ်၏ အဆင့်မြှင့်တင် မွမ်းမံမှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ဖိလစ်ပိုင်အကြား မကြာခဏ ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားပြီးနောက် နှစ်နိုင်ငံအကြား သံတမန်ရေးနှင့် လုံခြုံရေးဆက်ဆံရေးများ တင်းမာနေချိန်၌ အိန္ဒိယက ဒုတိယအသုတ် ဒုံးကျည်များကို ဖိလစ်ပိုင်သို့ ပေးပို့ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
မကြာသေးမီက တရုတ်တွင် သူလျှိုလုပ်မှု စွဲချက်များဖြင့် ဖိလစ်ပိုင်နိုင်ငံသား ၃ ဦး ဖမ်းဆီးခံခဲ့ရသည့်ဖြစ်စဉ်ကို တီအိုဒိုရိုက ဝေဖန်ခဲ့သည်။
ထို့ပြင် ဖိလစ်ပိုင်အစိုးရသည် တရုတ်ဆန့်ကျင်ရေး သဘောထားများကို ဖြန့်နေသည်ဆိုသည့် တရုတ်၏ စွပ်စွဲချက် များကိုလည်း တီအိုဒိုရိုက ငြင်းဆိုခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 296
CNI International News
ဘေဂျင်း၊ ဧပြီ ၂၄
ကုန်သွယ်ခွန်များ တိုးမြှင့်ခြင်းနှင့် ကုန်သွယ်ရေးစစ်ပွဲများ ဖြစ်ပွားခြင်းသည် နိုင်ငံအားလုံး၏ တရားဝင်မှုရှိသည့် အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ထိခိုက်စေကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် ( Xi Jinping ) က ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ပြင် ကုန်သွယ်ရေး စစ်ပွဲကြောင့် နိုင်ငံပေါင်းစုံ ကုန်သွယ်မှုစနစ်ကို ထိခိုက်စေပြီး ကမ္ဘာ့စီးပွားရေး အခင်းအကျင်း ကို သက်ရောက်မှု ရှိစေသည်ဟုလည်း ရှီက ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ရှီသည် ဧပြီ ၂၂ ရက်မှ ၂၄ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ဖြင့် ရောက်ရှိလာသည့် အဇာဘိုင်ဂျန် သမ္မတ အီလ်ဟမ် အလီယက်ဗ် (Ilham Aliyev) နှင့် ဘေဂျင်းမြို့တော်တွင် အစည်းအဝေး ပြုလုပ်ချိန်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကုလသမဂ္ဂနဲ့အတူ နိုင်ငံတကာ အခင်းအကျင်းကို ထိန်းသိမ်းဖို့၊ နိုင်ငံတကာ တရားမျှတမှုကို ကာကွယ်ဖို့ တရုတ် ဟာ အဇာဘိုင်ဂျန်နဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်”ဟု ရှီက ပြောကြားခဲ့ကြောင်း ဆင်ဟွာမှ ဖော်ပြခဲ့သည်။
ခေါင်းဆောင်နှစ်ဦးသည် တရုတ်နှင့် အဇာဘိုင်ဂျန်အကြား ပြည့်စုံကျယ်ပြန့်သည့် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးကို ထူထောင်ကြောင်း ကြေညာခဲ့ကြသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အဇာဘိုင်ဂျန် သမ္မတ အီလ်ဟမ် အလီယက်ဗ်ကို တွေ့ရစဉ်
ထိုမဟာဗျူဟာမြောက် ဆက်ဆံရေးတွင် သဘာဝပတ်ဝန်းကျင်၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်နှင့် လေကြောင်း အာကာသကဏ္ဍတို့ အပါအဝင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ၂၀ ကို လက်မှတ်ရေးထိုးခဲ့သည်။
အဇာဘိုင်ဂျန်သည် အီရန်၊ ရုရှား၊ ဂျော်ဂျီယာနှင့် အာမေးနီးယားနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး တရုတ်၏ ပတ်လမ်း၊ ရပ်ဝန်း စီမံကိန်းကို အစောဆုံး ထောက်ခံခဲ့သည့် နိုင်ငံများထဲတွင် ပါဝင်ခဲ့သည်။
ရှီသည် ကမ္ဘာလုံးဆိုင်ရာ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး လုပ်ဆောင်ခြင်းအားဖြင့် တရုတ်၏ ပထဝီနိုင်ငံရေးနှင့် စီးပွားရေးကို ချဲ့ထွင်ရန် အဆိုပါစီမံကိန်းကို ၂၀၁၃ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်သည်။
တရုတ်နှင့် အဇာဘိုင်ဂျန်တို့သည် နှစ်နိုင်ငံစလုံးမှ နိုင်ငံသားများအား ဗီဇာကင်းလွတ်ခွင့်ပေးခြင်း၊ နယ်ပယ်ကဏ္ဍ အသီးသီးတွင် ပူးပေါင်းဆောင်ရွက်ခြင်း အစရှိသည့် သဘောတူညီချက်များကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း ဆင်ဟွာမှ ဖော်ပြခဲ့သည်။
Source: ရိုက်တာ

- By CNI
- Category: နိုင်ငံရေး
- Hits: 430
CNI International News
သီရိနာဂါ၊ ဧပြီ ၂၄
အိန္ဒိယနိုင်ငံက အုပ်ချုပ်ထားသည့် ကက်ရှ်မီးယားဒေသတွင် ခရီးသွားအများစု အပါအဝင် လူပေါင်း ၂၆ ဦး သေဆုံးခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တစ်ရက်အကြာ၌ အိန္ဒိယအစိုးရက ကက်ရှ်မီးယားဒေသကို လုံခြုံရေးကို တိုးမြှင့်ခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ကက်ရှ်မီးယားဒေသတွင် လူသေဆုံးမှု အများဆုံး တိုက်ခိုက်မှုများထဲတွင် တစ်ခု အပါအဝင်ဖြစ်သည့် ထိုတိုက်ခိုက် မှုအား ပြုလုပ်ခဲ့သည့် သေနတ်သမားများကို လုံခြုံရေးတပ်ဖွဲ့များက လိုက်လံရှာဖွေနေသည်။
အဆိုပါ ပစ်ခတ်သတ်ဖြတ်မှုကို ဆန့်ကျင်ကြောင်းပြသရန် ကက်ရှ်မီးယားဒေသ၏ ဘာသာရေးအဖွဲ့များနှင့် နိုင်ငံရေးပါတီများက တိုက်တွန်းခဲ့သည်။
ထို့နောက် ကက်ရှ်မီးယားဒေသရှိ စျေးဆိုင်အများစုနှင့် စီးပွားရေးလုပ်ငန်းများသည် ပိတ်ထားကြပြီး စုံစမ်းစစ်ဆေး သူများက ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေသည်။
ကက်ရှ်မီးယားဒေသ ခရီးသွားများ တိုက်ခိုက်ခံရ၍ သေဆုံးသွားစဉ်
ကက်ရှ်မီးယားဒေသတွင် သောင်းနှင့်ချီသည့် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများက စစ်ဆေးရေးဂိတ်များ ချထားပြီး ကားများကို ရှာဖွေခြင်း၊ ယခင် စစ်သွေးကြွဟောင်းများကို ရဲစခန်းများသို့ ခေါ်ယူပြီး စစ်ဆေးမေးမြန်းခြင်းတို့ ပြုလုပ်နေသည်။
ထိုဖြစ်စဉ်သည် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး စစ်သွေးကြွများသည် အိန္ဒိယအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဝေဖန်ပြစ်တင်ခဲ့သည်။
ကက်ရှ်မီးယားတော်လှန်ရေး အမည်ရှိ စစ်သွေးကြွအဖွဲ့က ထိုတိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း လူမှုမီဒီယာတွင် တာဝန်ခံထွက်ဆိုခဲ့သည်။
အိန္ဒိယအစိုးရသည် ကက်ရှ်မီးယားဒေသတွင် အပြင်လူ ၈၅,၀၀၀ ခန့်ကို နေရာချထားပေးခဲ့ပြီး ယခုတိုက်ခိုက်မှု၌ ပစ်မှတ်ထား ခံရသူများသည် သာမန်ခရီးသွားများ မဟုတ်ဘဲ အိန္ဒိယလုံခြုံရေးအေဂျင်စီများနှင့် အဆက်အသွယ်ရှိ သူများဖြစ်ကြောင်း စစ်သွေးကြွများက ပြောကြားခဲ့သည်။
ကက်ရှ်မီးယားဒေသ ခရီးသွားများ တိုက်ခိုက်ခံရလို့ ကယ်ဆယ်ရေးလုပ်နေကြစဉ်
ပြီးခဲ့သော ၂ နှစ်က ကက်ရှ်မီးယားဒေသတွင် ဒေသခံ မဟုတ်သော အိန္ဒိယလူမျိုး ၈၃,၇၄၂ ဦးကို နေထိုင်ခွင့်ပေး ခဲ့ကြောင်း ယခုလအစောပိုင်းက ဒေသန္တရအစိုးရက လွှတ်တော်၌ ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံကမူ ဧပြီ ၂၂ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) ကလည်း ၂ ရက်ကြာ ဆော်ဒီအာရေဗျ ခရီးစဉ်ကို ဖျက်သိမ်း လိုက်ပြီး နယူးဒေလီ (New Delhi) မြို့တော်သို့ ဧပြီ ၂၃ ရက် အစောပိုင်းတွင် ပြန်လည်ရောက်ရှိလာခဲ့သည်။
စစ်သွေးကြွများ၏ ပစ်ခတ်သတ်ဖြတ်မှုကို ခံခဲ့ရသူများသည် အိန္ဒိယခရီးသွား ၂၄ ဦး၊ နီပေါနိုင်ငံသား ၁ ဦးနှင့် ဒေသခံဧည့်လမ်းညွှန် ၁ ဦးတို့ ပါဝင်ခဲ့ပြီး လူ ၁၇ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။
Source: အေပီ

- By CNI
- Category: နိုင်ငံရေး
- Hits: 321
CNI International News
ကိယက်ဗ်၊ ဧပြီ ၂၄
တရုတ်နိုင်ငံသားများသည် ရုရှားရှိ ဒရုန်းထုတ်လုပ်ရေး စက်ရုံတစ်ရုံတွင် ဒရုန်းများ ထုတ်လုပ်မှုကို ကူညီပေး နေကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) က ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယား မှ ဖော်ပြခဲ့သည်။
ရုရှားသည် တရုတ်ထံမှ ဒရုန်းနည်းပညာကို ခိုးယူဖွယ် ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။
တရုတ်သည် ရုရှားကို လက်နက်များနှင့်ခဲယမ်းများ ထောက်ပံ့ပေးနေပြီး ရုရှားဘက်မှ ကူညီတိုက်ခိုက်ပေးနေသည့် တရုတ်နိုင်ငံသားနှစ်ဦးကို ယူကရိန်းတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း ဇာလန်းစကီးက ပြောကြားခဲ့ပြီးနောက် ဧပြီ ၂၂ ရက်တွင် ကိယက်ဗ်မြို့တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒရုန်းထုတ်လုပ်တဲ့ စက်ရုံမှာ အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တရုတ်နိုင်ငံဆီ ပေးပို့ဖို့ ယူကရိန်းထောက်လှမ်းရေးအဖွဲ့ကို ကျနော် တိုက်တွန်းထားပါတယ်” ဟု ဇာလန်းစကီးက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ရုရှားနိုင်ငံဟာ တရုတ်အာဏာပိုင်တွေ မသိအောင် ဒရုန်းနည်းပညာတွေကို ခိုးယူဖို့ ဒရုန်းစက်ရုံမှာ အလုပ်လုပ် နေတဲ့ တရုတ်နိုင်ငံသားတွေနဲ့ သဘောတူညီချက် ရယူထားတယ်လို့ ကျနော်ထင်ပါတယ်”ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။
ရုရှားသမ္မတ ပူတင် ဒရုန်းထုတ်လုပ်မှုကို လေ့လာနေစဉ်
“အဲဒီဒရုန်းတွေ ဘယ်လို ထုတ်လုပ်လဲဆိုတဲ့ နည်းပညာဆိုင်ရာ အချက်အလက်တွေ ရှိနေပါတယ်။ တရုတ်အနေနဲ့ သူ့ရဲ့ မိတ်ဖက်နိုင်ငံတွေက ဘာတွေလုပ်နေလဲဆိုတာ သိဖို့ အရေးကြီးလိမ့်မယ် ကျနော် ထင်ပါတယ်”ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။
ရုရှားသည် တရုတ်အစိုးရ မသိဘဲ တရုတ်၏ ဒရုန်းနည်းပညာကို ရယူခဲ့ဖွယ်ရှိသည်ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။
တရုတ်ကတော့ ယူကရိန်း-ရုရှား စစ်ပွဲတွင် ၎င်းတို့ ပါဝင်ပတ်သက်ခြ င်းမရှိကြောင်း ငြင်းဆိုထားသည်။
ယူကရိန်းစစ်ပွဲအတွင်း တရုတ်နိုင်ငံသားများ ပါဝင်နေသည်ဆိုသည့် အချက်အလက်များနှင့် ပတ်သက်ပြီး ယူကရိန်းက အလွန်စိုးရိမ်နေကြောင်းကို ပြောကြားရန်အတွက် ယူကရိန်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မာရှန်ကွမ် (Ma Shengkun) ကို ဆင့်ခေါ်ခဲ့ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ယူကရိန်းစစ်ပွဲအတွင်း ရုရှားဘက်မှ တရုတ်နိုင်ငံသား ၁၅၅ ဦးခန့် ကူညီတိုက်ခိုက်ပေးနေပြီး ၎င်းတို့အနက် ၂ ဦးကို ယူကရိန်းတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ဇာလန်းစကီးက ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား