- By CNI
- Category: နိုင်ငံရေး
- Hits: 383
CNI International News
လန်ဒန်၊ မတ်လ ၁၀
ခရီးသည်တင် လေယာဉ်များကို မောင်းနှင်သည့် လေယာဉ်မှူးများသည် မကြာသေးမီ နှစ်များအတွင်း ဒရုန်းများ၊ ဒုံးကျည်များနှင့် စစ်ရေး ပဋိပက္ခများကြောင့် လေယာဉ်ပျံသန်းမှု လမ်းကြောင်းများ ကျဉ်းမြောင်းလာသည့် စိန်ခေါ်မှုများကို ရင်ဆိုင်လာရသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
လက်ရှိတွင်လည်း အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် လေပိုင်နက်များသည် ပိုမို အန္တရာယ်များလာပြီး ထိုလမ်းကြောင်းများမှ ပျံသန်းနေရသည့် လေယာဉ်မှူးများအပေါ် ဖိအားများ ပိုမို သက် ရောက်လာခဲ့သည်။
အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ကမ္ဘာပေါ်တွင် ခရီးသည် အဝင်၊အထွက် အများဆုံး လေဆိပ်အချို့၏ ကောင်းကင် ယံ၌ ရာနှင့်ချီသည့် ပဲ့ထိန်းဒုံးကျည်များနှင့် တိုက်ခိုက်ရေးဒရုန်းများ ပျံသန်းနေသည်။
ယူအေအီးနိုင်ငံ၏ ဒူဘိုင်းနှင့် အဘူဒါဘီမြို့များတွင် လေကြောင်းခရီးစဉ် အမြောက်အမြားကို ရပ်နားထားရသဖြင့် နိုင်ငံအတွင်း ပိတ်မိနေသည့် သောင်းနှင့်ချီသော ခရီးသည်များအတွက် ကယ်ဆယ်ရေးလေယာဉ် အနည်းငယ်သာ ပျံသန်းနိုင်ခဲ့သည်။
ရိုက်တာသတင်းဌာနသည် ခရီးသည်တင် လေယာဉ်များ မောင်းနှင်သည့် လေယာဉ်မှူး ၈ ဦး အပါအဝင် လေကြောင်းနှင့် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ၆ ဦးခန့်ကို လက်ရှိ အခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းခဲ့သည်။

လေကြောင်းလိုင်းများကို တွေ့ရစဉ်
ထိုသို့ မေးမြန်းရာတွင် ၎င်းတို့က ယူကရိန်းစစ်ပွဲမှအစ၊ အာဖဂန်စစ်ပွဲအလယ်၊ အီရန်-အစ္စရေးစစ်ပွဲအဆုံး ဖြစ်ပွား နေသော ပဋိပက္ခများသည် လေယာဉ်မှူးများအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေကြောင်း ပြောကြားခဲ့သည်။
ထိုပဋိပက္ခများက လေယာဉ်မှူးများအတွက် ဘေးကင်းလုံခြုံစွာ ပျံသန်းနိုင်သည့် လေယာဉ်လမ်းကြောင်းများကို ပိုမို ကျဉ်းမြောင်းလာစေခဲ့ပြီး ပဋိပက္ခဖြစ်ပွားသော ဇုန်များနှင့် ဝေးကွာသည့် နေရာများမှာပင် စစ်ဘက်သုံး ဒရုန်းများ၏ အန္တရာယ်ကို ရင်ဆိုင်နေရသည်ဟု ဆိုသည်။
ထိုအခြေအနေကြောင့် မိမိတို့၏ ဘေးကင်းလုံခြုံရေးအပြင် ခရီးသည်များ၏ ဘေးကင်းလုံခြုံရေးကိုပါ ကာကွယ် ပေးချင်ကြသည့် လေယာဉ်မှူးများ၏ စိတ်ကျန်းမာရေးအပေါ် ဖိစီးမှုများကို ပိုမိုမြင့်တက်လာစေခဲ့သည်ဟု ဆိုသည်။
“ကျမတို့က စစ်ဘက်ဆိုင်ရာ လေယာဉ်မှူးတွေ မဟုတ်ကြပါဘူး။ ကောင်းကင်ယံမှာ ဒီလိုမျိုး စစ်ရေး ခြိမ်းခြောက် မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် ကျမတို့ လေ့ကျင့်မထားကြပါဘူး”ဟု အရှေ့အလယ်ပိုင်းဒေသတွင် ဝါရင့် လေယာဉ်မှူးဖြစ်ပြီး ဥရောပလေယာဉ်မှူးများအသင်း (ECA) ၏ ဥက္ကဋ္ဌဖြစ်သူ တန်ဂျာဟာတာ (Tanja Harter) က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
ကပ္ပတိန် တန်ဂျာဟာတာသည် ECA ၏ ပထမဆုံး အမျိုးသမီးဥက္ကဋ္ဌအဖြစ် ၂၀၂၄ ခုနှစ်က ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသူဖြစ်သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 456
CNI International News
ဘေဂျင်း၊ မတ်လ ၉
အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲသည် မည်သည့်အခါကမျှ မဖြစ်ပွားသင့်သည့် စစ်ပွဲဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) က မတ်လ ၈ ရက်၌ ပြောကြားခဲ့ပြီး တိုက်ခိုက်မှုများကို ချက်ချင်း ရပ်တန့်ရန် တိုက်တွန်းခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံ၏ Two Sessions ဟု လူသိများသည့် အစည်းအဝေး နှစ်ရပ် ကျင်းပချိန်တွင် သီးသန့်ပြုလုပ်သော ကဏ္ဍစုံ သတင်းစာ ရှင်းလင်းပွဲ၌ ဝမ်ယိက လက်ရှိတွင် အရှေ့အလယ်ပိုင်းဒေသကြီး တစ်ခုလုံးသည် စစ်မီး တောက်များဖြင့် ဝါးမြိုခံနေရကြောင်း ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင် တိုက်ခိုက်ခဲ့ပြီးနောက် ဖြစ်ပွား လာသည့် ထိုစစ်ပွဲသည် မည်သည့်အခါကမျှ မဖြစ်ပွားသင့်ခဲ့သည့် အရာဖြစ်ပြီး၊ မည်သည့် အဖွဲ့အစည်းအတွက်မှ အကျိုးအမြတ်မရှိသော စစ်ပွဲဖြစ်သည်ဟု ဝမ်က ပြောကြားခဲ့သည်။
ဝမ်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဖြစ်သလို ကွန်မြူနစ်ပါတီ ဗဟိုနိုင်ငံခြားရေးကော်မရှင်၏ အကြီးအကဲ အဖြစ်လည်း တာဝန်ယူထားသည့် တရုတ်နိုင်ငံ၏ အမြင့်ဆုံးသံတမန် ဖြစ်သည်။
အီရန်နိုင်ငံကလည်း အစ္စရေးနိုင်ငံနှင့် အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံများရှိ အမေရိကန်၏ စစ်စခန်းများကို ဒုံးကျည် များ၊ ဒရုန်းများဖြင့် လက်တုန့်ပြန် တိုက်ခိုက်နေသည်။

ဆော်ဒီနဲ့ အီရန်ကို တရုတ်က ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့စဉ်
ထို့ပြင် အီရန်လိုလားသော ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့ကလည်း နယ်စပ်ကိုကျော်ပြီး အစ္စရေးကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အစ္စရေးကလည်း လက်ဘနွန်နိုင်ငံအတွင်းသို့ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
တရုတ်အစိုးရသည် ယခင်ကတည်းက ၎င်းတို့နှင့် သံတမန်ရေးနှင့် ကုန်သွယ်ရေးအရ ရင်းနှီးသည့် အီရန်နိုင်ငံ အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ရေးအရ တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
အထူးသဖြင့် ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် အီရန်၏ အမြင့်ဆုံး ခေါင်းဆောင် အယာတိုလာ အလီခါမေနီ (Ayatollah Ali Khamenei) သေဆုံးမှုနှင့်ပတ်သက်ပြီး တရုတ်က အမေရိကန်နှင့် အစ္စရေးကို ပြစ်တင်ရှုတ်ချခဲ့သည်။
“အင်အားကို အင်အားနဲ့ တုန့်ပြန်တာဟာ အမုန်းတရား အသစ်တွေကိုသာ မွေးဖွားပေးမှာဖြစ်ပြီး ဘေးဒုက္ခ အသစ်တွေအတွက် မျိုးစေ့ချပေးသလို ဖြစ်ပါလိမ့်မယ်” ဟု ဝမ်က ပြောကြားခဲ့သည်။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 362
CNI International News
အန်ကာရာ၊ မတ်လ ၉
တူရကီနိုင်ငံသည် လုံခြုံရေးဆိုင်ရာ စီမံချက်တစ်ခုအဖြစ် ဆိုက်ပရပ်စ် မြောက်ပိုင်းဒေသကို F-16 တိုက်လေယာဉ် များ စေလွှတ်ရန် စဉ်းစားနေကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းရင်းမြစ်တစ်ခုက မတ်လ ၇ ရက် တွင် ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
ဆိုက်ပရပ်စ်ကျွန်းမြောက်ပိုင်းရှိ တူရကီ၏ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ ဒရုန်းဖြင့် ပစ်မှတ်ထား တိုက်ခိုက် ခံရပြီးနောက် တူရကီကာကွယ်ရေးဝန်ကြီးဌာနက ထိုကဲ့သို့ စဉ်းစားလာခဲ့ခြင်းဖြစ်သည်။
မကြာသေးမီက ဖြစ်စဉ်များအရ မြောက်ဆိုက်ပရပ်စ် တူရကီသမ္မတနိုင်ငံ(TRNC) ၏ လုံခြုံရေးကို စိတ်ချ သေချာ စေရန်အတွက် စီမံကိန်းများ ရေးဆွဲနေကြောင်း ထိုသတင်းရင်းမြစ်က ပြောကြားခဲ့သည်။
မြောက်ဆိုက်ပရပ်စ် တူရကီသမ္မတနိုင်ငံ (TRNC) ဟု အမည်ပေးထားသည့် ဆိုက်ပရပ်စ်မြောက်ပိုင်းဒေသကို အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် တူရကီတစ်နိုင်ငံတည်းကသာ အသိအမှတ်ပြုထားသည်။

ဆိုက်ပရပ်စ်ကျွန်းနိုင်ငံ မြေပုံကို တွေ့
ထိုဆိုက်ပရပ်စ် မြောက်ပိုင်းနယ်မြေတွင် လုံခြုံရေးအတွက် ထည့်သွင်းစဉ်းစားနေသည့် အချက်များထဲတွင် F-16 တိုက်လေယာဉ်များ ဖြန့်ကြက်ချထားရေးဆိုသည့် အချက်လည်း ပါဝင်သည်ဟု တူရကီကာကွယ်ရေး သတင်းရင်း မြစ်က ပြောသည်။
ဆိုက်ပရပ်စ်နိုင်ငံသည် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်ဖြစ်ပြီး လက်ရှိတွင် EU ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ယူထားကာ အမေရိကန်၊ အစ္စရေးနှင့်အီရန်ကြား ဖြစ်ပွားနေသည့် ပဋိပက္ခ၏ နောက်ဆက်တွဲ ရိုက်ခတ်မှုများကို ခံနေရသည်။
မတ်လ ၂ ရက်ကလည်း အီရန်နိုင်ငံလုပ် ဒရုန်းတစ်စင်းသည် ဆိုက်ပရပ်စ်ကျွန်းပေါ်ရှိ ဗြိတိန်စစ်အခြေစိုက် စခန်း တစ်ခုကို ထိမှန်ခဲ့သည်။
ထိုဒရုန်းသည် အီရန်နိုင်ငံအတွင်းမှ တိုက်ရိုက် ပစ်လွှတ်ခြင်းမျိုး မဟုတ်ဘဲ လက်ဘနွန်အခြေစိုက် အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာ စစ်သွေးကြွအုပ်စုက ပစ်လွှတ်ခြင်းဖြစ်နိုင်ကြောင်း ဆိုက်ပရပ်စ်အစိုးရက ပြောကြားခဲ့သည်။
ဒရုန်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဥရောပနိုင်ငံ အချို့သည် ဆိုက်ပရပ်စ်နိုင်ငံကို လေကြောင်းရန် ကာကွယ်ရေး စနစ်များနှင့် အခြားစစ်ဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပေးပို့ပြီး ကူညီပေးမည်ဟု ကတိပြုခဲ့ကြသည်။
EU အဖွဲ့ဝင် ၂၇ နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများသည် လာမည့် သီတင်းပတ်တွင် ဆိုက်ပရပ်စ်၏ နီကိုးစီးယား (Nicosia) မြို့တော်၌ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသော်လည်း ဒရုန်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ထိုအစည်း အဝေးများ အားလုံးကို အွန်လိုင်းမှတဆင့် ပြုလုပ်ရန် သို့မဟုတ် ရက်ရွှေ့ဆိုင်းရန် ပြောင်းလဲ သတ်မှတ်ခဲ့ကြသည်။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 499
CNI International News
နယူးဒေလီ၊ မတ်လ ၉
ရုရှား၏ ရေနံများကို ဝယ်ယူတင်သွင်းရန်အတွက် အမေရိကန်၏ ခွင့်ပြုချက်ကို ရယူရန် မလိုအပ်ကြောင်း လည်း အိန္ဒိယက အခိုင်အမာ ပြောကြားခဲ့သည်ဟု Dawn သတင်းစာက ဖော်ပြခဲ့သည်။
အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ရုရှားထံမှ ရေနံစိမ်း တင်သွင်းရန် အမေရိကန်က အိန္ဒိယကို ယာယီခွင့်ပြု ပေးထား သော်လည်း အိန္ဒိယအနေဖြင့် ရုရှားရေနံကို ဆက်လက် တင်သွင်းသွားမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရ သတင်းရင်း မြစ် တစ်ခုက မတ်လ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင် တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ကလည်း အစ္စရေးနှင့် ပင်လယ်ကွေ့နိုင်ငံများရှိ အမေရိကန်စစ်စခန်းများကို တုန့်ပြန်တိုက်ခိုက်နေသဖြင့် အရှေ့အလယ်ပိုင်း ပဋိပက္ခသည် ပြင်းထန်နေဆဲဖြစ်သည်။
ထို့ကြောင်း ကမ္ဘာ့စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများကို ကမောက်ကမ ဖြစ်စေခဲ့ပြီး ကမ္ဘာ့ရေနံဈေးနှုန်း များကိုလည်း လျင်မြန်စွာ မြင့်တက်စေခဲ့သည်။
အမေရိကန်သည် ပင်လယ်ပြင်တွင် ပိတ်မိနေသော ရေနံတင် သင်္ဘောများထံမှ ရုရှားရေနံများကို အိန္ဒိယသို့ ရောင်းချခွင့် ပြုရန်အတွက် မတ်လ ၅ ရက်၌ ရုရှားအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများကို ယာယီ ဖြေလျှော့ပေးခဲ့သည်။

ရုရှားရေနံ အိန္ဒိယ ဝယ်ယူပုံကို သရုပ်ဖော်ပြသထားစဉ်
သို့သော် အိန္ဒိယအနေဖြင့် ယခုကဲ့သို့ ရေနံဝယ်ယူမှုများအတွက် အခြားနိုင်ငံ၏ ကင်းလွတ်ခွင့်ကို မှီခိုနေခြင်း မဟုတ်ကြောင်း နယူးဒေလီရှိ အစိုးရသတင်းရင်းမြစ်က ပြောကြားခဲ့သည်။
“အိန္ဒိယဟာ ရုရှားဆီက ရေနံဝယ်ဖို့ ဘယ်နိုင်ငံရဲ့ ခွင့်ပြုချက်ကို ဘယ်တုန်းကမှ မမှီခိုခဲ့ပါဘူး။ အိန္ဒိယဟာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ရုရှားရေနံတွေကို ဆက်လက် တင်သွင်းနေဆဲဖြစ်ပြီး ရုရှားဟာ အိန္ဒိယရဲ့ အကြီးမားဆုံး ရေနံစိမ်းတင်ပို့သူအဖြစ် ဆက်ရှိနေဆဲ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
အမေရိကန်အစိုးရက အိန္ဒိယသည် ရုရှားရေနံဝယ်ယူမှုကို ရပ်တန့်ရန် ကတိကဝတ် ပြုခဲ့သည်ဟု ပြောကြားခဲ့ ပြီးနောက် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အိန္ဒိယပို့ကုန်များအပေါ် စည်းကြပ်ထားသည့် အခွန် ၂၅ ရာခိုင်နှုန်း ကို ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။
Source: Dawn
- By CNI
- Category: နိုင်ငံရေး
- Hits: 512
CNI International News
ဝါရှင်တန်၊ မတ်လ ၉
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က အီရန်နှင့် ညှိနှိုင်းဆွေးနွေးရန် စိတ်မဝင်စားကြောင်း၊ အီရန်စစ်တပ်နှင့် အီရန်ခေါင်းဆောင်ပိုင်းများ အားလုံး အမြစ်ပြတ် ချေမှုန်းခံရသည့် အချိန်မှသာ အီရန်စစ်ပွဲ ပြီးဆုံးလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
မတ်လ ၈ ရက် အစောပိုင်းတွင် အမေရိကန်၏ မဟာမိတ် အစ္စရေးနိုင်ငံက အီရန်နိုင်ငံတစ်ဝန်းကို လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ပြီး ကမ္ဘာ့ရေနံဈေးကွက်ကို လှုပ်ခတ်စေခဲ့သော ထိုစစ်ပွဲသည် ယခုအခါ ဒုတိယမြောက် သီတင်းပတ်ထဲသို့ ရောက်ရှိလာပြီ ဖြစ်သည်။
“တစ်ချိန်ချိန်မှာတော့ သူတို့ (အီရန်) ဘက်က အရှုံးပေးမယ်ဆိုတဲ့ စကားကို ပြောမယ့်သူတောင် ကျန်တော့မှာ မဟုတ်ဘူးလို့ ကျနော် ထင်ပါတယ်”ဟု ထရမ့်က ပြောကြားခဲ့သည်။
ထရမ့်သည် ၂၀၀၃ ခုနှစ် အီရတ် ကျူးကျော်စစ် နောက်ပိုင်း အကြီးမားဆုံး အမေရိကန်၏ အရှေ့အလယ်ပိုင်း စစ်ဆင်ရေးဖြစ်သည့် Operation Epic Fury ကို လုပ်ဆောင်ရာတွင် အီရန်သည် အမေရိကန်အပေါ် ချက်ချင်း လက်ငင်း ကျရောက်လာတော့မည့် ခြိမ်းခြောက်မှု ဖြစ်နေခြင်းကြောင့် တိုက်ခိုက်ရခြင်း ဖြစ်သည်ဟု အကြောင်းပြ ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်
သို့သော် ထိုအကြောင်းပြချက်အတွက် ခိုင်လုံသော အထောက်အထားများကိုမူ ထရမ့်က ထုတ်ဖော်ပြသခြင်း မရှိသေးပေ။
ထို့ပြင် အီရန်သည် နျူကလီးယားလက်နက် ထုတ်လုပ်နိုင်သည့် အခြေအနေနှင့် အလွန်နီးကပ်နေပြီ ဖြစ်ကြောင်း လည်း ထရမ့်က ပြောကြားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့သည် စစ်ပွဲ၏ နောက်ပိုင်း အဆင့်များတွင် အီရန်၏ သန့်စင်ပြီး ယူရေနီယံ သိုလှောင်ရုံ များကို ထိန်းချုပ်နိုင်ရန်အတွက် အထူးတပ်ဖွဲ့များ စေလွှတ်ရန် ဆွေးနွေးနေကြောင်း သတင်းရင်းမြစ်လေးခုကို ကိုးကားပြီး Axios သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
အီရန်၏ နျူကလီးယား စခန်းများကို ထိန်းချုပ်ရန် မြေပြင်တပ်ဖွဲ့များ စေလွှတ်နိုင်ခြေ ရှိ၊ မရှိ သတင်းထောက် များက မေးမြန်းချိန်တွင် ထရမ့်က ထိုအစီအစဉ်သည် နောက်ပိုင်းအဆင့်အများ၌ လုပ်ဆောင်ဖွယ်ရှိကြောင်း ဖြေကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဆော်ဒီ၊ ကူဝိတ်၊ ယူအေအီးနှင့် ဘာရိန်းနိုင်ငံ အစိုးရများက ၎င်းတို့၏ နိုင်ငံများအတွင်း အီရန် က ဒုံးပျံများ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ကြသည်။
အထူးသဖြင့် ကူဝိတ်နိုင်ငံတွင် အစိုးရရုံး အဆောက်အအုံတစ်ခု၌ အီရန်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်သည့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 558
CNI International News
ဒူဘိုင်၊ မတ်လ ၇
အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ဘေးကင်းလုံခြုံသည့် နေရာဟု ကြေညာ ထားသော ပင်လယ်ကွေ့ဒေသ၏ ဂုဏ်သတင်းကို မှေးမှိန်စေပြီး ရင်းနှီးမြှုပ်နှံသူများကို ထိတ်လန့်စေခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
လက်ရှိ ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ချမ်းသာကြွယ်ဝသော အာရှနိုင်ငံသားများသည် ဒူဘိုင်းတွင် ရင်းနှီး မြှုပ်နှံထားသော ၎င်းတို့၏ ပိုင်ဆိုင်မှုများကို စင်္ကာပူနှင့် ဟောင်ကောင်ကဲ့သို့ ဒေသတွင်း ဘဏ္ဍာရေး ဗဟိုချက်များ သို့ ရွှေ့ပြောင်းရန် ကြိုးပမ်းလာကြကြောင်း စက်မှုကဏ္ဍ အကြံပေးများနှင့် ရှေ့နေများက ပြောကြားခဲ့သည်။
ချမ်းသာကြွယ်ဝသူများသည် ပုံမှန်အားဖြင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ဒေသအသီးသီးနှင့် စီးပွားရေး လုပ်ငန်း အသီးသီးတွင် ခွဲဝေပြီး ရင်းနှီးမြှုပ်နှံလေ့ရှိသော်လည်း အခွန်စနစ်၊ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ငန်း လည်ပတ် မှုဆိုင်ရာ အချက်များအပေါ် မူတည်ပြီး ရွေးချယ်ကြခြင်းဖြစ်သည်။
ယခင်နှစ်များအတွင်း ဒူဘိုင်းသည် တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များနှင့် ချမ်းသာသော မိသားစုများအတွက် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ဗဟိုချက် တစ်ခုဖြစ်ခဲ့သည်။
ထို့ပြင် အိမ်ခြံမြေနှင့် အခြေခံ အဆောက်အအုံ ကဏ္ဍများ အရှိန်အဟုန်ဖြင့် တိုးတက်လာမှုနှင့်အတူ ပင်လယ်ကွေ့ ဒေသသည် အဓိက ရင်းနှီးမြှုပ်နှံရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။

ဒူဘိုင်းကိုတွေ့ရစဉ်
ယူအေအီး ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ ၎င်းတို့၏ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးကဏ္ဍရှိ စုစုပေါင်း ပိုင်ဆိုင်မှုသည် ဒီရမ် ၅ ဒသမ ၄၂ ထရီလျံ (ဒေါ်လာ ၁ ဒသမ ၄၈ ထရီလျံ) ထက် ကျော်လွန်ခဲ့သည်။
သို့သော် လက်ရှိတွင် ဒူဘိုင်းနှင့် အဘူဒါဘီမြို့များအပေါ် တိုက်ခိုက်မှုများကြောင့် ယူအေအီးနိုင်ငံ၏ ဘေးကင်းလုံ ခြုံမှု၊ တည်ငြိမ်မှု ဂုဏ်သတင်းအပေါ် သံသယများ ဖြစ်ပေါ်စေခဲ့ပြီ ရင်းနှီးမြှုပ်နှံမှု အလားအလာအပေါ် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။
စင်္ကာပူအခြေစိုက် ပုဂ္ဂလိက ပိုင်ဆိုင်မှု စီမံခန့်ခွဲမှုဆိုင်ရာ ရှေ့နေ ရိုင်ယန်လင် (Ryan Lin) က ၎င်း၏ ဒူဘိုင်း အခြေစိုက် ဖောက်သည် (client) ၂၀ ဦးအနက် ၆ ဦး သို့မဟုတ် ၇ ဦးခန့်သည် ယခုသီတင်းပတ်အတွင်း ၎င်းအား ဆက်သွယ်လာခဲ့ကြောင်း ပြောကြားခဲ့သည်။
ဖောက်သည် တစ်ဦးစီသည် ပျမ်းမျှအားဖြင့် ဒေါ်လာ သန်း ၅၀ ခန့်စီ ပိုင်ဆိုင်ကြပြီး ၎င်းတို့အနက် ၃ ဦးသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို စင်္ကာပူသို့ ချက်ချင်းရွှေ့ပြောင်းရန် စီစဉ်နေကြပြီဖြစ်ကြောင်း လင်က ပြောသည်။
အမည်မဖော်လိုသည့် စင်္ကာပူအခြေစိုက် ပိုင်ဆိုင်မှုစီမံခန့်ခွဲရေး အကြံပေးပုဂ္ဂိုလ် တစ်ဦးကလည်း သူသည် ယူအေအီးအခြေစိုက် ဖောက်သည် ၁၃ ဦးနှင့် စကားပြောဆိုခဲ့ပြီး ၎င်းတို့အနက် ထက်ဝက်ကျော်သည် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို စင်္ကာပူသို့ ရွှေ့ပြောင်းရန် စဉ်းစားနေကြကြောင်း ပြောကြားခဲ့သည်။
“ပဋိပက္ခက ချက်ချင်း ပြီးဆုံးသွားမယ်ဆိုရင်တောင်မှ ဒူဘိုင်းနဲ့ စင်္ကာပူကြား လေယာဉ်နဲ့ ပျံသန်းသွားလာဖို့ဆိုတာ စိန်ခေါ်မှုတစ်ခု ဖြစ်နေဦးမှာပါ။ ဒါဟာ ဘေးကင်းလုံခြံမှုနဲ့ဆိုင်တဲ့ ကိစ္စပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 515
CNI International News
နယူးဒေလီ၊ မတ်လ ၇
အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများအတွင်း အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီ (Ayatollah Ali Khamenei) သေဆုံးခဲ့သည့် သတင်းများ ထွက်ပေါ်လာပြီးနောက် အိန္ဒိယနိုင်ငံဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် အမေရိကန်နှင့် အစ္စရေးတို့ကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ကက်ရှ်မီးယားဒေသခံများသည် ခါမေနီ သေဆုံးမှုအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် လမ်းပေါ်ထွက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သဖြင့် အာဏာပိုင်များက ဒေသတစ်ခုလုံး၌ လုံခြုံရေးကို တင်းကြပ်ထားရသည်။
ထို့ပြင် ကက်ရှ်မီးယားဒေသတွင် အင်တာနက် ဝန်ဆောင်မှုများကို ဖြတ်တောက်ခဲ့ပြီးနောက် ကြိုတင်ငွေဖြည့် မိုလ်ဘိုင်းဖုန်း ဝန်ဆောင်မှုများ (Prepaid mobile phone service) ကိုပါ ဆိုင်းငံ့ခဲ့သည်။
လုံခြုံရေးအရ တားမြစ်ကန့်သတ်ချက်များကြောင့် ကက်ရှ်မီးယားဒေသရှိ စျေးဆိုင်များနှင့် စီးပွားရေး လုပ်ငန်းများ လည်း ပိတ်ထားရပြီး ဆရီနာဂါ (Srinagar) မြို့လယ်ရှိ Lal Chowk ရင်ပြင်ကို အာဏာပိုင်များက ဆက်လက် ပိတ်ဆို့ထားဆဲ ဖြစ်သည်။

ကက်ရှ်မီးယားတွင် အီရန်ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်နေကြစဉ်
ဆန္ဒပြမှုများကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းက ဘာရမ်မူလာ (Baramulla) ခရိုင်ရှိ စင်ဂါပိုရာ (Singhpora) မြို့တွင် ဆန္ဒပြသူများက ရဲတပ်ဖွဲ့ကို ခဲများဖြင့် ပစ်ပေါက်ခြင်းနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုများရှိခဲ့ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။
ထိုကဲ့သို့ ထိပ်တိုက် တွေ့ဆုံမှုများအတွင်း ရဲအရာရှိတစ်ဦး အပါအဝင် လူအများအပြား ဒဏ်ရာရရှိခဲ့သည်။
ရဲတပ်ဖွဲ့က ကျောက်ခဲများဖြင့် ပစ်ပေါက်သူများနှင့် တရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်သူများကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။
ထို့ကြောင့် ကက်ရှ်မီးယားတွင် ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရန် ကြိုးပမ်းသည့် အနေဖြင့် ဂျမူးနှင့် ကတ်ရှ်မီးယား (Jammu and Kashmir) ပြည်နယ် ဝန်ကြီးချုပ် အိုမာ အဗ္ဗဒူလာ (Omar Abdullah) သည် လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များနှင့် ဆီရီနာဂါ မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုဆွေးနွေးမှုများအတွင်း ငြိမ်းချမ်းရေးနှင့် လူ့အသိုင်းအဝိုင်းကြား သဟဇာတဖြစ်မှုကို ထိန်းသိမ်းရန် အရေးကြီး ကြောင်း အိုမာ အဗ္ဗဒူလာက ပြောကြားခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 548
CNI International News
တီဟီရန်၊ မတ်လ ၇
အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း သွားလာ နေရသည့် သင်္ဘောလမ်းကြောင်းများ ပိတ်သွားခဲ့သဖြင့် ကမ္ဘာတစ်ဝန်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထောက်ပံ့ မှု စုစုပေါင်း၏ ၅ ပုံ ၁ ပုံသည် ရပ်တန့်သွားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုအချိန်တွင် အီရန်နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိပြီး အရှေ့အလယ်ပိုင်းဒေသ၏ ရေနံများကို မှီခိုနေရသော တရုတ်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြား၌ သင်္ဘောများ ဘေးကင်းလုံခြုံစွာ ဖြတ်သန်းမောင်းနှင်ခွင့်ပြုရန် အီရန်ကို တိုက်တွန်းခဲ့ကြောင်း သတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။
တရုတ်က ဝယ်ယူတင်သွင်းနေရသည့် ရေနံ စုစုပေါင်း၏ ၄၅ ရာခိုင်နှုန်းခန့်သည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းပြီး တရုတ်သို့ ဝင်ရောက်ခြင်းဖြစ်သည်။
မတ်လ ၅ ရက် ညသန်းခေါင်အချိန်တွင် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသည့် Iron Maiden အမည်ရှိ သင်္ဘောသည် တရုတ်က ပိုင်သည့်သင်္ဘောဖြစ်ကြောင်း အချက်ပြ ထုတ်လွှင်ခဲ့ပြီးနောက် အီရန်က ထိုသင်္ဘောကို ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သင်္ဘောများခြေရာခံသည့် မှတ်တမ်းများအရ သိရသည်။
သို့သော် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်စျေးကွက်ကို တည်ငြိမ်စေရန်အတွက် နောက်ထပ် သင်္ဘော အများအပြားသည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်ခွင့်ရရန် လိုအပ်နေဆဲဖြစ်သည်။

အီရန်ရေနံကို တွေ့ရစဉ်
ပင်လယ်ကွေ့ဒေသရှိ စွမ်းအင် အဆောက်အအုံများနှင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသည့် သင်္ဘောများကို အီရန်က တိုက်ခိုက်နေသဖြင့် ရေနံထုတ်လုပ်မှုများ ရပ်တန့်ခဲ့ကာ ရေနံစိမ်း စျေးနှုန်းများသည် ၁၅ ရာခိုင်နှုန်းကျော် အထိ မြင့်တက်ခဲ့သည်။
ထို့ပြင် အီရန်ဒုံးကျည်များသည် ဆိုက်ပရပ်၊ အဇာဘိုင်ဂျန်နှင့် တူရကီနိုင်ငံတို့ အထိပါ ရောက်ရှိလာသဖြင့် ကမ္ဘာလုံးဆိုင်ရာ စျေးကွက်များကို တည်ငြိမ်မှု ပျက်ယွင်းစေပြီး စီးပွားရေး အင်အားကြီးနိုင်ငံများက ငွေကြေး ဖောင်းပွမှု အန္တရာယ်ကို သတိပေးခဲ့ကြသည်။
စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက် မတ်လ ၁ ရက်တွင် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာသည့် ရေနံတင် သင်္ဘော အရေအတွက်သည် ၄ စင်းအထိ ကျဆင်းသွားခဲ့သည်။
ထိုအရေအတွက်သည် ဇန်နဝါရီလနောက်ပိုင်း တစ်ရက်လျှင် ပျမ်းမျှ ၂၄ စင်းခန့် ဖြတ်သန်းမောင်းနှင်မှုနှင့် နှိုင်းယှဉ်ပါက သိသိသာသာ နည်းပါးသွားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ရေနံတင်သင်္ဘောပေါင်း ၃၀၀ နီးပါးသည် ဟော်မုဇ် ရေလက်ကြား အတွင်းမှာပဲ ပိတ်မိနေဆဲ ဖြစ်ကြောင်း သင်္ဘောလမ်းကြောင်းများကို ခြေရာခံစောင့်ကြည့်သည့် Vortexa နှင့် Kpler ဝက်ဘ်ဆိုက်များတွင် ဖော်ပြခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 380
CNI International News
ဝါရှင်တန်၊ မတ်လ ၇
အီရန်တွင် နောက်ထပ် ခေါင်းဆောင်သစ် တစ်ဦးကို ရွေးချယ်သည့် လုပ်ငန်းစဉ်၌ အမေရိကန်လည်း အခန်းကဏ္ဍ တစ်ခုမှ ပါဝင်ရမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က မတ်လ ၅ ရက်နေ့မှာ ပြောကြားခဲ့ သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ပြင် အီရတ်နိုင်ငံရှိ အီရန်ကာ့ဒ် လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် နယ်စပ်ဖြတ်ကျော်ပြီး အီရန်နိုင်ငံအတွင်း ဝင်ရောက် တိုက်ခိုက်မည်ဆိုပါက အလွန်အံ့အားသင့်စရာ ကောင်းလိမ့်မည်ဟုလည်း ထရမ့်က ပြောကြားခဲ့သည်။
အီရန်တွင် ကွယ်လွန်သွားသည့် အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီ (Ayatollah Ali Khamenei) ၏ သားဖြစ်သူသည် နောက်တက်လာမည့် အီရန်ခေါင်းဆောင်သစ် ဖြစ်လာနိုင်ခြေ မရှိကြောင်းလည်း ထရမ့်က ရိုက်တာသတင်းဌာနနှင့် ဖုန်းဖြင့်ဆက်သွယ် ပြုလုပ်သော အင်တာဗျူး၌ ပြောကြားခဲ့သည်။

ကွယ်လွန်သွားပြီးဖြစ်တဲ့ အီရန်ခေါင်းဆောင် အလီခါမေနီနဲ့ အမေရိကန်သမ္မတ ထရမ့်ကို တွေ့ရစဉ်
“အီရန်မှာ ခေါင်းဆောင်သစ် ရွေးချယ်တာကို ကျနော်တို့လည်း ပါဝင်သွားမှာပါ။ ကျနော်တို့က အီရန်ခေါင်းဆောင် သစ်ကို ရွေးချယ်သွားမှာပါ” ဟု ထရမ့်က ပြောကြားခဲ့သည်။
ထရမ့်သည် အီရတ်နိုင်ငံရှိ ကာ့ဒ်လက်နက်ကိုင် အင်အားစုများကို အီရန်တွင် ထိုးစစ်ဆင်ရန် တိုက်တွန်းလိုက်ခြင်း သည် အီရန်စစ်ပွဲ၏ ၆ ရက်မြောက်နေ့၌ စိတ်ဓာတ်စစ်ဆင်ရေး ဆင်နွှဲခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ဆင်ရေးကြောင့် လက်ရှိအချိန်အထိ လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ရပြီး၊ သေဆုံးသူများထဲတွင် အမေရိကန်စစ်သား ၆ ဦးလည်း ပါဝင်သည်။
အီရန်အစိုးရအပေါ် တန်ပြန်ထိုးစစ်ဆင်လိုသည့် ကာ့ဒ်တပ်ဖွဲ့များ၏ ဆန္ဒသည် အလွန်အံ့အားသင့်စရာကောင်းပြီး မိမိအနေဖြင့် အပြည့်အဝ ထောက်ခံကြောင်း ထရမ့်က ပြောကြားခဲ့သည်။

အီရန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
အမေရိကန်သည် ဇန်နဝါရီလ အတွင်းကလည်း ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro) အား ဖမ်းဆီးခဲ့ပြီး ရာထူးမှ ဖယ်ရှားခဲ့ကာ ဒုသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ် (Delcy Rodriguez) သည် ယာယီသမ္မတ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ထရမ့်ကမူ ရိုဒရီဂွက်ဇ်သည် အလုပ် ကောင်းကောင်း လုပ်ခဲ့သူဖြစ်ကြောင်း ပြောကြားခဲ့သည်။
“အီရန်နိုင်ငံကို အနာဂတ်ဆီ ဦးဆောင်သွားမယ့်သူကို ရွေးချယ်တဲ့ လုပ်ငန်းစဉ်မှာ ကျနော်တို့လည်း ပါဝင်ချင်ပါ တယ်။ ဒါမှသာ နောက် ၅ နှစ်တစ်ခါ ဒီလိုကိစ္စမျိုးတွေကို ထပ်ခါထပ်ခါ ပြန်လုပ်နေစရာ မလိုတော့မှာ ဖြစ်ပါတယ်။ အီရန်ပြည်သူတွေ အတွက်ရော၊ အီရန်နိုင်ငံအတွက်ပါ ကောင်းမွန်စေမယ့် သူမျိုးကိုပဲ ကျနော်တို့ အလိုရှိပါတယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။
ထို့ပြင် ထရမ့်က ခါမေနီ၏ နေရာကို ဆက်ခံရန် ရေပန်းစားနေသည့် သားဖြစ်သူ မိုဂျ်တာဘာ (Mojtaba) သည် အီရန် ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခံရဖွယ် မရှိကြောင်း ပြောကြားခဲ့သည်။
အီရန်၏ ကွယ်လွန်သွားပြီဖြစ်သည့် နောက်ဆုံး ရှားဘုရင်၏ သားဖြစ်သူ ရီဇာ ပါလာဗီ (Reza Pahlavi) သည် အီရန်ခေါင်းဆောင်သစ် ဖြစ်လာနိုင်ခြေ ရှိ၊မရှိ ရိုက်တာသတင်းဌာနက မေးမြန်းချိန်တွင် ထရမ့်က “လူတိုင်း ကတော့ ရွေးချယ်မယ့် စာရင်းထဲမှာ ပါဝင်နေတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဘယ်သူ့ရွေးမလဲဆိုတာ ပြောဖို့ အရမ်းစောနေပါသေးတယ်”ဟု ထရမ့်က ပြောကြားခဲ့သည်။
Source: ရိုက်တာ
