- By CNI
 - Category: နိုင်ငံရေး
 - Hits: 271
 
CNI International News
ဂျေရုဆလင်၊ ဩဂုတ် ၁၈
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) သည် ပြဿနာတစ်ခု ဖြစ်လာကြောင်း ဒိန်းမတ်ဝန်ကြီးချုပ် မက်တီဖက်ဒရစ်ဆန် (Mette Frederiksen) က သြဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်ဟု The Times of Israel သတင်း၌ ဖော်ပြခဲ့သည်။
ထို့ပြင် ဒိန်းမတ်နိုင်ငံသည် လက်ရှိ ဥရောပသမဂ္ဂ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ရယူထားချိန်တွင် ဂါဇာစစ်ပွဲနှင့် ပတ်သက်ပြီး အစ္စရေးကို ဖိအားပေးရန် ကြိုးပမ်းသွားမည်ဟု ၎င်းက ဆိုသည်။
ဂါဇာတွင် ဟားမာ့စ်အဖွဲ့နှင့် စစ်ပွဲ ဖြစ်ပွားနေသည့် အစ္စရေးကို ဥရောပမဟာမိတ်များနှင့် ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာက ဖိအားများ တိုးမြှင့်နေချိန်၌ ဖက်ဒရစ်ဆန်၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။
“အခုချိန်မှာ နေတန်ယာဟု ကိုယ်တိုင်က ပြဿနာတစ်ခု ဖြစ်နေပါတယ်”ဟု ဖက်ဒရစ်ဆန်က Jyllands-Posten သတင်းစာနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ထို့နောက် ဒိန်းမတ်နိုင်ငံသည် အစ္စရေးဘက်မှ ကာလကြာရှည် ရပ်တည်ပေးခဲ့ကာ သူကိုယ်တိုင်ကလည်း ပုဂ္ဂိုလ်ရေးအရ အစ္စရေးကို ဆက်လက် ထောက်ခံသွားမည်ဟု ဖက်ဒရစ်ဆန်က ပြောသည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို တွေ့ရစဉ်
နေတန်ယာဟုသည် ရာထူးတွင် မရှိတော့ပါက အစ္စရေးသည် ပိုမိုကောင်းမွန်လိမ့်မည်ဟု ယူဆထားကြောင်း၊ လက်ရှိ အစ္စရေးအစိုးရသည် နိုင်ငံ့အကျိုးစီးပွားကို ဆန့်ကျင်သည့် လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း၊ လက်ရှိ ပြဿနာကို အစ္စရေးပြည်သူများက ဖြေရှင်းရမည်ဖြစ်ကြောင်း ဖက်ဒရစ်ဆန်က ပြောသည်။
ထို့ပြင် ဂါဇာ၌ လူသားချင်း စာနာထောက်ထားမှု အခြေအနေသည် အလွန်ထိပ်လန့်စရာ ကောင်းကြောင်း၊ အစ္စရေး သည် တရားလွန် လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။
အနောက်ဘက်ကမ်း ဒေသတွင်လည်း အိမ်ရာ ၃၀၀၀ ကျော် တည်ဆောက်မည့် ရပ်ကွက်တစ်ခု အစ္စရေး၏ အစီအစဉ်ကိုလည်း ဖက်ဒရစ်ဆန်က ဝေဖန်ခဲ့သည်။
“ကျမတို့ဟာ အစ္စရေးကို ဖိအားတွေ တိုးမြှင့်ချင်တဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမယ့် ဥရောပ သမဂ္ဂ အဖွဲ့ဝင်တွေရဲ့ ထောက်ခံမှုကိုတော့ မရသေးပါဘူး”ဟု ၎င်းက ဆိုသည်။
အစ္စရေး၏ ရပ်ကွက် ထူထောင်ရေး အစီအစဉ်၊ အစိုးရအဖွဲ့ဝန်ကြီးများ သို့မဟုတ် အစ္စရေးနိုင်ငံအပေါ် နိုင်ငံရေး ဖိအားနှင့် ပိတ်ဆို့မှုများ ချမှတ်ရန် စဉ်းစားသွားမည်ဟုလည်း ဖက်ဒရစ်န်က ပြောကြားခဲ့သည်။
Source: The Times of Israel
				- By CNI
 - Category: နိုင်ငံရေး
 - Hits: 332
 
CNI International News
ဘေဂျင်း၊ ဩဂုတ် ၁၈
တရုတ်နှင့် အိန္ဒိယကြား ဟိမဝန္တာ နယ်စပ်ဒေသတွင် အငြင်းပွားမှု ဖြစ်ပွားနေခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် ဩဂုတ် ၁၈ ရက်မှ ၁၉ ရက်အထိ အိန္ဒိယသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုခရီးစဉ်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိအတွက် ၃ နှစ်အတွင်း အိန္ဒိယသို့ ပထမဆုံး သွားရောက်မည့် ခရီးစဉ် ဖြစ်သည်။
တရုတ်နှင့် အိန္ဒိယသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ဟိမဝန္တာ နယ်စပ်ဒေသတွင် ကင်းလှည့်မှုများနှင့် ပတ်သက်ပြီး သဘောတူညီမှု ရရှိခဲ့ကာ နှစ်နိုင်ငံကြား ဆက်ဆံရေးများ ပျော့ပြောင်းလာခဲ့သလို နယ်စပ် ကုန်သွယ် ရေး၊ ရင်းနှီးမြှုပ်နှံရေးနှင့် ခရီးသွားကဏ္ဍများ တိုးတက်လာခဲ့သည်။
အိန္ဒိယ၏ ဖိတ်ကြားမှုဖြင့် ဝမ်ယိသည် ၂၄ ကြိမ်မြောက် နယ်စပ်အရေး ဆွေးနွေးပွဲတွင် တရုတ်- အိန္ဒိယ နယ်စပ် ရေးရာ အထူးကိုယ်စားလှယ်အဖြစ် တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဝမ်သည် အိန္ဒိယ၏ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် အဂျစ်ဒိုဗယ် ( Ajit Doval) အပါအဝင် အိန္ဒိယ၏ ထိပ်သီး အရာရှိများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

အိန္ဒိယစစ်သားတွေကို တွေ့ရစဉ်
တရုတ်နှင့် အိန္ဒိယကြား Line of Actual Control ဟု လူသိများသည့် အငြင်းပွား နယ်စပ်ဒေသ တစ်လျှောက် အရှေ့ဘက် လာဒက် (Ladakh) ဒေသတွင် နှစ်နိုင်ငံတပ်ဖွဲ့များ ထိတွေ့မှုများကို လျှော့ချရန်အတွက် အဂျစ်ဒိုဗယ် နှင့် ဝမ်ယိတို့သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်၌ တွေ့ဆုံခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) ကလည်း ၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်သို့ သွားရောက် ရန် ပြင်ဆင်နေကြောင်း The Times of India သတင်းစာက ယခုလ အစောပိုင်းတွင် ဖော်ပြခဲ့သည်။
မိုဒီသည် သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ပြုလုပ်မည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SCO) ညီလာခံကို တက်ရောက်မည်ဟု ဆိုသည်။
SCO ညီလာခံကို ရုရှားသမ္မတ ပူတင် (Vladimir Putin) လည်း တက်ရောက်မည်ဖြစ်သည်။
မိုဒီသည် ထိုညီလာခံတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့်လည်း သီးသန့်တွေဆုံရန် စီစဉ်ထားကြောင်း သတင်းများ ထွက်ပေါ်နေသည်။
Source: South China Morning Post
				- By CNI
 - Category: နိုင်ငံရေး
 - Hits: 275
 
CNI International News
ဘန်ကောက်၊ ဩဂုတ် ၁၈
ထိုင်းလူမျိုးအများစုသည် လွှတ်တော်အမတ်များ၏ စွမ်းဆောင်ရည်ကို အားရခြင်းမရှိဘဲ ၇၆ ရာခိုင်နှုန်းကျော်က နိုင်ငံရေးပါတီများအပေါ် မျှော်လင့်ချက် အနည်းငယ်သာ ထားရှိခြင်း သို့မဟုတ် လုံးဝ မျှော်လင့်ချက် မထား ကြောင်း လေ့လာတွေ့ရှိခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံ၏ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်ရေးအင်စတီကျု(NIDA) က ပြုလုပ်ခဲ့သည့် လေ့လာချက် စစ်တမ်းတွင် အထက်ပါအတိုင်း တွေ့ရှိခြင်းဖြစ်သည်။
NIDA သည် ထိုစစ်တမ်းကို ဩဂုတ် ၁၃ ရက်မှ ၁၄ ရက်အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုစစ်တမ်းတွင် အသက် ၁၈ နှစ်နှင့်အထက် ထိုင်းလူမျိုး ၁,၃၁၀ ဦး ပါဝင်ဖြေဆိုခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ နယ်ပယ် အစုံမှ လူများကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းမှုများမှတဆင့် အချက်အလက်များ ကောက်ခံခဲ့ခြင်းဖြစ်သည်။

NIDA စစ်တမ်းကိုတွေ့ရစဉ်
ထိုစစ်တမ်းတွင် ပါဝင်ဖြေဆိုသူများအနက် ၃၂ ဒသမ ၂၉ ရာခိုင်နှုန်းက လွှတ်တော်ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်ကို အနည်းငယ်သာ အားရကျေနပ်မှု ရှိကြောင်း၊ ၂၈ ဒသမ ၂၄ ရာခိုင်နှုန်းက လုံးဝအားရ ကျေနပ်ခြင်း မရှိကြောင်း ဖြေဆိုခဲ့ပြီး ၁၁ ဒသမ ၆ ရာခိုင်နှုန်းကသာ အလွန်အားရကျေနပ်မှုရှိကြောင်း ဖြေဆိုခဲ့သည်။
ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက လက်ရှိ မိမိတို့၏ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ကို ထပ်မံ မဲပေးရန် ရှိ/မရှိ မေးမြန်းခဲ့ရာတွင် ၄၀ ဒသမ ၉၆ ရာခိုင်နှုန်းက မဲပေးမည် မဟုတ်ကြောင်း၊ ၂၅ ဒသမ ၅၇ ရာခိုင်နှုန်းက မဲပေးရန် မသေချာကြောင်း ဖြေကြားခဲ့ပြီး ၂၃ ဒသမ ၇၄ ရာခိုင်နှုန်းကသာ မဲပေးမည်ဟု ဖြေကြားခဲ့ကြသည်။
လက်ရှိ လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီများအပေါ် ယုံကြည်မှုနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် ၄၁ ဒသမ ၉၁ ရာခိုင်နှုန်းက မျှော်လင့်ချက် လုံးဝမထားကြောင်း၊ ၃၄ ဒသမ ၁၉ ရာခိုင်နှုန်းက အနည်းငယ်သာ မျှော်လင့်ထား ကြောင်း၊ ၂၀ ဒသမ ၉၂ ရာခိုင်နှုန်းက မျှော်လင့်ချက် ထားရှိကြောင်းနှင့် ၂ ဒသမ ၉၈ ရာခိုင်နှုန်းကသာ အလွန် အမင်း မျှော်လင့်ထားကြောင်း ဖြေကြားခဲ့သည်။
Source: The Nation
				- By CNI
 - Category: နိုင်ငံရေး
 - Hits: 311
 
CNI International News
ဝါရှင်တန်၊ ဩဂုတ် ၁၈
ရုရှားသည် အင်အားအလွန်ကြီးပြီး ယူကရိန်းသည် အင်အားမကြီးသဖြင့် ရုရှားနှင့်ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံး သတ်ရန် ယူကရိန်းအနေဖြင့် သဘောတူညီမှု ရယူသင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဩဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထရမ့်သည် ရုရှားသမ္မတ ပူတင် (Vladimir Putin) နှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ထိုကဲ့သို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။
ထရမ့်နှင့် ပူတင်သည် ဩဂုတ် ၁၅ ရက်က အမေရိကန်နိုင်ငံ၊ အလက်စကာ (Alaska) ပြည်နယ်တွင် အစည်းအဝေး ပြုလုပ်ခဲ့သည်။
ထိုအစည်းအဝေးတွင် ပူတင်က ယူကရိန်း၏ နယ်မြေများကို ပိုမိုရယူလိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
ယူကရိန်းအနေဖြင့် ဒွန်းနက်စ် (Donetsk) ဒေသတွင် တိုက်ခိုက်မှုများကို ရပ်တန့်ပါက ရုရှားဘက်ကလည်း ရှေ့တန်းစစ်မြေပြင် အများစု၌ တိုက်ခိုက်မှုများကို ရပ်တန့်ပေးမည်ဟု ကမ်းလှမ်းခဲ့ကြောင်း ထရမ့်က ယူကရိန်း သမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) ကို ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ဇာလန်းစကီးကမူ ပူတင်၏ တောင်းဆိုချက်ကို ငြင်းပယ်ခဲ့သည်ဟု ထိုအကြောင်းအရာနှင့် နီးစပ်သည့် သတင်း ရင်းမြစ်များက ဖော်ပြခဲ့သည်။
ရုရှားသည် ယူကရိန်းနှင့် စစ်ပွဲ ဖြစ်ပွားလာသည်မှာ ၃ နှစ်ကျော် ကြာမြင့်လာချိန်တွင် ဒွန်နက်စ်ပြည်နယ်၏ နယ်မြေ ၄ ပုံ ၃ ပုံကို သိမ်းယူခဲ့ပြီး ယူကရိန်းတစ်နိုင်ငံလုံး၏ နယ်မြေ ၅ ပုံ ၁ ပုံကို ထိန်းချုပ်ထားနိုင်ခဲ့သည်။
ယူကရိန်းနှင့် ဥရောပ မဟာမိတ်များကမူ ငြိမ်းချမ်းရေး သဘောတူညီမှု ရယူရန် အပစ်အခတ်ရပ်စဲရေးကို ကြိုတင် လုပ်ဆောင်ရမည်ဟု တောင်းဆိုခဲ့သော်လည်း ထရမ့်နှင့် ပူတင်ကမူ အပစ်အခတ်ရပ်စဲရေးမပါဘဲ ငြိမ်းချမ်းရေး သဘောတူညီမှု ရယူသင့်ကြောင်း သဘောတူခဲ့သည်ဟု ဆိုသည်။
အစောပိုင်းက ထရမ့်သည် အပစ်အခတ်ရပ်စဲရေး မပြုလုပ်ပါက သူ့အနေဖြင့် ပျော်ရွှင်လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း အစည်းအဝေးတွင် ၎င်း၏ သဘောထား ပြောင်းလဲသွားခဲ့ပုံ ပေါ်သည်။
“ရုရှားနဲ့ ယူကရိန်းကြား ကြောက်မက်ဖွယ် စစ်ပွဲကို အဆုံးသတ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို တိုက်ရိုက် ရယူတာဖြစ်ပါတယ်” ဟု ထရမ့်က ၎င်း၏ Truth Social လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
Source: ရိုက်တာ
				- By CNI
 - Category: နိုင်ငံရေး
 - Hits: 339
 
CNI International News
ဘေဂျင်း၊ ဩဂုတ် ၁၆
ဂျပန်အနေဖြင့် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး မှန်ကန်သည့် လမ်းကြောင်းကို ရွေးချယ်ရန်နှင့် သမိုင်းကို ရင်ဆိုင် ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) က ဒုတိယကမ္ဘာစစ်အပြီး ဂျပန်က လက်နက်ချသည့် နှစ်ပေါင်း ၈၀ ပြည့် နှစ်ပတ်လည်တွင် တိုက်တွန်းခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
“နိုင်ငံတကာ အချက်အလက်တွေအရ ဂျပန်ဟာ စစ်ပွဲအတွက် တာဝန်ရှိပြီး ထိုင်ဝမ် အပါအဝင် တရုတ်ဆီက ခိုးယူခဲ့တဲ့ နယ်နိမိတ်တွေကို ပြန်လည်လွှဲပြောင်းပေးဖို့ လိုအပ်ပါတယ်”ဟု ဝမ်က ဩဂုတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
“ဒါဟာ ဖက်ဆစ်ဆန့်ကျင်တဲ့ စစ်ပွဲမှာ ကမ္ဘာကြီးရဲ့ အောင်ပွဲရလဒ်ကို စိန်မခေါ်နိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်” ဟု ဝမ်က ယူနန် (Yunnan) ပြည်နယ် အန်နင်း (Anning) မြို့တွင် ပြုလုပ်ခဲ့သည့် လန်ကန်-မဲခေါင် ပူးပေါင်း ဆောင်ရွက်ရေး (Lancang-Mekong Cooperation) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် သီးခြား ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံအတွင်းရှိ အချို့အင်အားစုများသည် ၎င်းတို့၏ ရန်လိုမှုကို အမွှမ်းတင်ရန်၊ သမိုင်းကို ငြင်းဆန်ရန်နှင့် ထိုအချိန်က ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန် ကြိုးပမ်းနေကြဆဲ ဖြစ်သည်ဟုလည်း ဝမ်က ပြောကြားခဲ့သည်။

ဂျပန်အလံကို ကိုင်ထားသူကို တွေ့ရစဉ်
“သမိုင်းကို ရင်ဆိုင်ခြင်းကသာ လေးစားမှုကို ရရှိနိုင်ပါမယ်။ ဂျပန်အနေနဲ့ ရွေးချယ်မှု မှန်ကန်ပါစေလို့ မိမိတို့ တိုက်တွန်းလိုပါတယ်”ဟု ဝမ်က ပြောကြားခဲ့သည်။
ထိုနေ့မှာပင် ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာ (Shigeru Ishiba) ဒုတိယကမ္ဘာစစ်နှင့် ပတ်သက်ပြီး နောင်တရ ကြောင်း ပြောကြားခဲ့သည်။
ထိုပြောကြားချက်သည် ၂၀၁၃ ခုနှစ်နောက်ပိုင်း ဂျပန်ဝန်ကြီးချုပ်များ၏ မိန့်ခွန်းများအတွင်း နောင်တဆိုသည့် စကားလုံးကို ပထမအကြိမ် အသုံးပြုခြင်းဖြစ်သည်။
“ဒီလို ဝမ်းနည်းစရာကောင်းတဲ့ စစ်ပွဲမျိုးကို ဘယ်တော့မှ ထပ်မဖြစ်စေရပါဘူး။ ကျနော်တို့ဟာ နောက်တစ်ကြိမ် မှားယွင်းတဲ့လမ်းကို ဘယ်တော့မှ မရွေးချယ်ရပါဘူး။ စစ်ပွဲရဲ့ သင်ခန်းစာတွေနဲ့ နောင်တဟာ ကျနော်တို့ နှလုံးသား တွေထဲမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေရပါမယ်” ဟု အီရှီဘာက ပြောကြားခဲ့သည်။
ဩဂုတ် ၁၅ ရက် အစောပိုင်းကလည်း အီရှီဘာသည် ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးခဲ့သည့် ဂျပန်နိုင်ငံသားများ ကို ဂုဏ်ပြုသည့် ယာဆူကူနီ ဗိမာန် (Yasukuni Shrine) ကို သွားရောက်ခဲ့ခြင်း မရှိဘဲ ဘာသာရေးဆိုင်ရာ အဆင်တန်ဆာ တစ်ခုသာ ပေးပို့ခဲ့သည်။
တရုတ်ကမူ ဂျပန်သည် မကြာသေးမီက ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး လင်ချာလန်း (Lin Chia-lung) ကို ဂျပန်သို့ လာရောက်ခွင့် ပေးခြင်းသည် ထိုင်ဝမ်ခွဲထွက်ရေး အင်အားစုများကို မှားယွင်းသည့် မျှော်လင့်ချက်များ ပေးခြင်း ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။
Source: South China Morning Post
				- By CNI
 - Category: နိုင်ငံရေး
 - Hits: 305
 
CNI International News
ဘာမာကို၊ ဩဂုတ် ၁၆
မာလီနိုင်ငံတွင် အာဏာသိမ်းရန် ကြိုးပမ်းမှုတစ်ခုကို ဟန့်တားနိုင်ခဲ့ပြီး ပြည်သူသူလျှိုဟု ယူဆရသည့် ပြင်သစ် နိုင်ငံသားတစ်ဦး အပါအဝင် စစ်ဗိုလ်ချုပ်ကြီး ၂ ဦးနှင့် သံသယရှိသူများကို ဖမ်းဆီးခဲ့ကြောင်း မာလီ စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်ဟု DW သတင်းတွင် ဖော်ပြခဲ့သည်။
ထိုအမှုတွင် စစ်ဘက်အရာရှိများနှင့် အရပ်သားများကို ဖမ်ဆီးခဲ့ကြောင်း မာလီလုံခြုံရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဒါအွတ် အလီ မိုဟာမက်ဒင်း (Daoud Aly Mohammedine) က ဩဂုတ် ၁၆ ရက်တွင် နိုင်ငံပိုင် ရုပ်သံမှတဆင့် ကြေညာခဲ့သည်။
မကြာသေးမီ ရက်များအတွင်းကလည်း ဒါဇင်နှင့်ချီသည့် စစ်သားများကို ထိန်းသိမ်းထားခဲ့ကြောင်း အတည်ပြုခဲ့ သည်။
ဖမ်းဆီးခံခဲ့ရသည့် ထိုအုပ်စုသည် ပြည်ပ၏ အထောက်အပံ့ကို ရရှိထားပြီး မာလီနိုင်ငံ၏ တည်ငြိမ်မှုကို ဖျက်ဆီးရန် ကြိုးပမ်းခဲ့ကြကြောင်း စွပ်စွဲခံခဲ့ရသည်။

မာလီမှာ ဆန္ဒပြနေကြစဉ်
ဖမ်းဆီးရမိထားသည့် ပြင်သစ်နိုင်ငံသားသည် ပြင်သစ်ထောက်လှမ်းရေးအဖွဲ့ကိုယ်စား မာလီတွင် နိုင်ငံရေး ခေါင်းဆောင်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့် စစ်မှုထမ်းများကို စည်းရုံးသိမ်းသွင်းခဲ့ ကြောင်း လုံခြုံရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ဆက်တိုက် အာဏာသိမ်းမှုများဖြင့် အာဏာရလာခဲ့သည့် မာလီစစ်အစိုးရ သည် ယခု အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက် အနည်းငယ်သာ ထုတ်ပြန်ခဲ့ သည်။
မာလီကို ကိုလိုနီပြုခဲ့ဖူးသည့် ပြင်သစ်ကမူ ဖမ်းဆီးခံထားရသည့် ပြင်သစ် အမျိုးသားနှင့်ပတ်သက်ပြီး မှတ်ချက် မပေးသေးပေ။
ဖမ်းဆီးခံခဲ့ရသည့် ဗိုလ်ချုပ်ကြီးများအနက် ဗိုလ်ချုပ်ကြီး အဘက်စ် ဒမ်ဘီလီ (Abass Dembele) မာလီစစ်သား များကြား ထောက်ခံမှု အခိုင်အမာ ရရှိထားသည့် စစ်ခေါင်းဆောင်တစ်ဦးဖြစ်သည်။
မေလက ဒီမိုကရေစီလိုလားသည့် ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီးနောက် ယခုဖြစ်စဉ်သည် မာလီစစ်တပ်က အတိုက်အခံ များကို နှိမ်နင်းနေသည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
မောရိုကိုအခြေစိုက် လေ့လာသူတစ်ဦးဖြစ်သည့် ရီဒါ လာယမ်မိုရီ (Rida Lyammouri) ကမူ မာလီစစ်အစိုးရသည် ပြည်သူလူထုနှင့် စစ်တပ်အသိုင်းအဝိုင်း၏ ဆန့်ကျင်မှုကို လေ့လာသိရှိနေသဖြင့် ထိုကဲ့သို့ ဖမ်းဆီးမှုများကို ဆက်တိုက် ပြုလုပ်နေခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
Source: DW
				- By CNI
 - Category: နိုင်ငံရေး
 - Hits: 295
 
CNI International News
ဘေဂျင်း၊ သြဂုတ် ၁၆
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်တွင် ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့် အထိမ်းအမှတ်အဖြစ် လာမည့်လအတွင်း ပြုလုပ်မည့် စစ်ရေးပြ အခမ်းအနားကို အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်လိမ့်မည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
၂၀၁၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြုလုပ်သည့် ထိုစစ်ရေးပြ အခမ်းအနားကို ပြည်ပနိုင်ငံများမှ ထိပ်သီး ကိုယ်စားလှယ်အဖွဲ့များလည်း တက်ရောက်မည်ဖြစ်သည်ဟု ဆိုသည်။
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး နီးစပ်သည့် သတင်းရင်းမြစ်များက စက်တင်ဘာ ၃ ရက်တွင် ဘေဂျင်း မြို့တော်ရှိ တီအန်မင်ရင်ပြင် (Tiananmen Square) တွင် ပြုလုပ်မည့် ထိုစစ်ရေးပြ အခမ်းအနားကို တက်ရောက် မည့် ခေါင်းဆောင်များထဲတွင် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) နှင့် မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ် (Anwar Ibrahim) တို့လည်း ပါဝင်သည်ဟု ပြောကြားခဲ့သည်။

အာဆီယံခေါင်းဆောင်များကို တွေ့ရစဉ်
ထို့ပြင် ဗီယက်နမ်နိုင်ငံကလည်း နိုင်ငံ၏ ဒုတိယအာဏာအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်သည့် ဗီယက်နမ်သမ္မတ (Luong Cuong) ကို စေလွှတ်ဖွယ်ရှိသည်။ (ဗီယက်နမ်တွင် အာဏာအကြီးဆုံးပုဂ္ဂိုလ်မှာ သမ္မတမဟုတ်ဘဲ ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ်ဖြစ်သည်။)
ကမ္ဘောဒီးယား၊ လာအိုနှင် မြန်မာနိုင်ငံတို့မှ ခေါင်းဆောင်များသည်လည်း စစ်ရေးပြပွဲ မတိုင်မီ တီအန်ကျင်း (Tianjin) မြို့တွင် ပြုလုပ်မည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ကို တက်ရောက်လိမ့်မည်ဟု အမည် မဖော်လိုသည့် သတင်းရင်းမြစ်များ၏ ပြောကြားခဲ့သည်။
Source: South China Morning Post
				- By CNI
 - Category: နိုင်ငံရေး
 - Hits: 275
 
CNI International News
ဘန်ကောက်၊ သြဂုတ် ၁၆
ထိုင်းနှင့်ကမ္ဘောဒီးယားကြား မကြာသေးမီးက ဖြစ်ပွားခဲ့သည့် နယ်စပ်ဒေသ ပဋိပက္ခအပြီးတွင် အရပ်သားအစိုးရ ထက် စစ်အစိုးရကို လိုလားသူများ ပိုမိုအင်အားတောင့်တင်းလာစေခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံတွင် ၁၉၃၁ ခုနှစ် နောက်ပိုင်း စစ်တပ်၏ အာဏာသိမ်းမှု ၁၂ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်တပ်သည် ထိုင်းနိုင်ငံရေး၌ သြဇာလွှမ်းမိုးထားသည့် အင်အားစုတစ်ခုဖြစ်ခဲ့သည်။
၂၀၁၄ ခုနှစ် အာဏာသိမ်းမှုအပြီးတွင် စစ်တပ်သည် ထိုင်းနိုင်ငံကို ဆယ်စုနှစ် တစ်စုနီးပါးကြာ အုပ်ချုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲနောက် အရပ်သားအစိုးရထံ အာဏာလွှဲပြောင်းပေးခဲ့သည်။
လက်ရှိတွင် ထိုင်းနိုင်ငံရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်၌ စစ်တပ်က အာဏာသိမ်းနိုင်ခြေ ရှိ၊မရှိ မေးခွန်းများ ထွက်ပေါ်နေသော်လည်း ကမ္ဘောဒီးယားနှင့် နယ်စပ်ပဋိပက္ခ ဖြစ်ပွားပြီးနောက် စစ်တပ်၏ သြဇာ အာဏာသည် ပိုမိုအင်အား ကြီးမာလာသဖြင့် ချက်ချင်း အာဏာသိမ်းနိုင်ခြေမရှိကြောင်း ကျွမ်းကျင်သူများက ယူဆထားကြသည်။

ဝန်ကြီးချုပ် ရာထူးဆိုင်းငံ့ခံထားရတဲ့ ပေတုန်တန်ကို တွေ့ရစဉ်
လက်ရှိ ဝန်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့ခံထားရသည့် ပေတုန်တန်(Paetongtarn Shinawatra) ၏ ညွန့်ပေါင်းအစိုးရ အဖွဲ့သည် လူထုထောက်ခံမှု လျော့ကျနေပြီး ပေတုန်တန်သည်လည်း ကမ္ဘောဒီးယားနှင့် ပဋိပက္ခဖြစ်ပွားချိန် အတွင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် (Hun Sen) နှင့် ဖုန်းပြောဆိုခဲ့သည့် အသံဖိုင် ပေါက်ကြားခဲ့ မှုကြောင့် ရာထူးမှ ဖယ်ရှားခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
ပေတုန်တန်ကို ကျင့်ဝတ်စည်းကမ်း ချိုးဖောက်မှုဖြင့် အခြေခံဥပဒေဆိုင်ရာခုံရုံးက ဇူလိုင်လ အစောပိုင်းတွင် ဝန်ကြီးချုပ်တာဝန်မှ ဆိုင်းငံ့ခဲ့ပြီး သြဂုတ် ၂၉ ရက်တွင် ထိုအမှုကို စီရင်ချက်ချမည်ဖြစ်သည်။
အခြေခံဥပဒေဆိုင်ရာ တရားရုံးက ပေတုန်တန်ကို ပြစ်မှုထင်ရှား တွေ့ရှိပြီး ရာထူးမှ ဖယ်ရှားခဲ့မည်ဆိုပါက ပေတုန်တန်သည် ဖခင်ဖြစ်သူ သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ၊ အဒေါ်ဖြစ်သူ ယင်းလပ်ရှင်နာဝပ် (Yingluck Shinawatra) တို့အပြီးတွင် ရာထူးမှ ဖြုတ်ချခံရသည့် တတိယမြောက် ရှင်နာဝပ်မိသားစုဝင် ဖြစ်လာ မည် ဖြစ်သည်။

ဝန်ကြီးချုပ် ရာထူးဆိုင်းငံ့ခံထားရတဲ့ ပေတုန်တန်ကို တွေ့ရစဉ်
သက်ဆင်နှင့် ယင်းလပ်တို့သည် ၂၀၀၆ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များတွင် စစ်အာဏာသိမ်းမှုများဖြင့် ဖြုတ်ချခံခဲ့ရခြင်း ဖြစ်သည်။
လက်ရှိတွင်လည်း ထိုင်းစစ်တပ်သည် ပြည်သူများကြား မျိုးချစ်ဝါဒကို မြင့်တက်စေခဲ့ပြီး ထင်ရှားကျော်ကြားသူ များနှင့် နိုင်ငံရေး သမားများမှာမူ မျိုးချစ်စိတ်ဓာတ်ကို လုံလောက်စွာ မပြသခဲ့သဖြင့် လူထု၏ ဝေဖန်မှုများကို ခံနေရသည်။
အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်ရေး အင်စတီကျု၏ ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်သည့် လူထု သဘောဆန္ဒ စစ်တမ်းတွင်မူ ထိုင်းပြည်သူများသည် အမျိုးသား အကျိုးစီးပွားကို ကာကွယ်ရေး အပါအဝင် ကမ္ဘောဒီးယားနှင့် ပဋိပက္ခကို ဖြေရှင်းရေးတို့တွင် စစ်တပ်ကို အများဆုံး ယုံကြည်နေကြကြောင်း လေ့လာတွေ့ ရှိရသည်။
ထိုစစ်တမ်းတွင် ပါဝင်ဖြေဆိုသည့် ၁၅ ရာခိုင်နှုန်းကသာ ထိုအရေးကိစ္စများနှင့် ပတ်သက်ပြီး အရပ်သားအစိုးရကို ယုံကြည်မှုရှိကြောင်း ဖြေဆိုခဲ့ကြပြီး အများစုကမူ စစ်တပ်ကိုသာ ယုံကြည်ကြောင်း ဖြေဆိုခဲ့ကြသည်။
Source: DW
				- By CNI
 - Category: နိုင်ငံရေး
 - Hits: 335
 
CNI International News
ဒိုဟာ၊ ဩဂုတ် ၁၅
နိုင်ငံတကာ သတင်းအေဂျင်စီများသည် ဂါဇာတွင် ဖြစ်ပွားနေသည့် အခြေအနေများကို သိရှိရန် ဂါဇာ သတင်း ထောက်များအား မှီခိုနေရချိန်၌ အစ္စရေးသည် အယ်လ်ဂျာဇီးယား သတင်းထောက်များကို ပစ်မှတ်ထားနေ ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ပြောကြားခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ဩဂုတ် ၁၀ ရက်က အယ်လ်ဂျာဇီးယား သတင်းထောက် တစ်ဦးဖြစ်သည့် အယ်ရှာရစ်ဖ် (Al-Sharif) သည် အစ္စရေး၏ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် တွဲဖက်သတင်းထောက် မိုဟာမက် ခရိုက်ကာ (Mohammed Qreiqeh) ၊ ကင်မရာမန်းများဖြစ်သည့် အီဘရာဟင် ဇာဟာ (Ibrahim Zaher) ၊ မိုဟာမက် နျူဖယ်လ် (Mohammed Noufal) နှင့် မိုအာမန် အလီဝါ (Moamen Aliwa) တို့ သေဆုံးခဲ့သည်။
၎င်းတို့ ၅ ဦးစလုံးသည် အယ်လ်ဂျာဇီးယား သတင်းဌာနမှဖြစ်ပြီး ဂါဇာစီးတီးမြို့ရှိ ရှီဖာဆေးရုံ (Shifa Hospital) တွင် ရွက်ဖျင်တဲထိုးပြီး နေထိုင်ချိန်တွင် လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။

ဂါဇာမှာ သတင်းယူရင် သေဆုံးသွားသူကို စျာပနာကို တွေ့ရစဉ်
ထိုတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အယ်လ်ဂျာဇီးယား သတင်းဌာန၏ ထုတ်ပြန်ချက်တွင် ၎င်းတို့၏ ဂျာနယ်လစ် များသည် ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ် ခံရခြင်းဖြစ်ကြောင်းနှင့် သတင်းလွတ်လပ်ခွင့်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။
အစ္စရေးအာဏာပိုင်များကလည်း အယ်လ်ဂျာဇီးယား သတင်းထောက် အယ်ရှာရစ်ဖ်ကို သတ်ဖြတ်မှုအား လူသိရှင်ကြား ဝန်ခံခဲ့သည်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က X လူမှုမီဒီယာတွင် ရေးသားခဲ့ရာ၌ အယ်ရှာရစ်ဖ်သည် အယ်လ်ဂျာဇီးယား သတင်းထောက်အဖြစ် ဟန်ဆောင်ထားသည့် အကြမ်းဖက်သမား တစ်ဦးဖြစ်ကြောင်း၊ သူသည် ဟားမာ့စ် အကြမ်း ဖက်အဖွဲ့တစ်ခု၏ ခေါင်းဆောင်ဖြစ်ကြောင်းနှင့် အစ္စရေးအရပ်သားများနှင့် IDF စစ်သားများကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သူဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အစ္စရေးတိုက်ခိုက်မှုခံလိုက်ရတဲ့ သတင်းထောက်တွေရဲ့ ရွက်ဖျင်တဲကိုတွေ့ရစဉ်
ထို့ပြင် IDF သည် ဟားမာ့စ်အဖွဲ့၏ အတွင်းရေး အချက်အလက်နှင့် အယ်ရှာရစ်ဖ်၏ ပါဝင်သတ်သက်မှုရှိသည့် စာရင်းများကို screenshot များရိုက်ပြီး လူမှုမီဒီယာတွင် တင်ပြခဲ့သည်။
ထို့ပြင် အယ်လ်ရှာရစ်ဖ်သည် မကြာသေးမီ လများအတွင်းက ဟားမာ့စ်အဖွဲ့နှင့် အဆက်အသွယ် ရှိခဲ့သည်ဟုလည်း အစ္စရေးက စွပ်စွဲခဲ့သည်။
အယ်လ်ရှာရစ်ဖ် သေဆုံးခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင် BBC သတင်းဌာနကလည်း အယ်လ်ရှာရစ်ဖ်သည် ဂါဇာစစ်ပွဲ မဖြစ်ပွားမီက ဟားမာ့စ်အဖွဲ့၏ မီဒီယာအဖွဲ့၌ အလုပ်လုပ်ခဲ့ဖူးကြောင်း ဖော်ပြခဲ့သည်။
ကုလသမဂ္ဂနှင့် သတင်းထောက်များ ကာကွယ်ရေး ကော်မတီ (CPJ) တို့ကလည်း ဂါဇာတွင် သတင်းထောက်များ ခြိမ်းခြောက်ခံရမှုများ မြင့်တက်နေကြောင်း သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။
Source: DW
	    	  	
	    	      
	    
	  	  
			
			
                        