- By CNI
- Category: နိုင်ငံရေး
- Hits: 445
CNI International News
တဲလ်အဗစ်၊ မတ်လ ၄
အီရန်အပေါ် ဆင်နွှဲနေသည့် စစ်ပွဲသည် နှစ်နှင့်ချီ ကြာမြင့်လိမ့်မည် မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အစ္စရေးသည် အီရန်အပြင် လက်ဘနွန်ရှိ အီရန်၏ ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ကိုပါ တိုက်ခိုက် နေသည်။
ထို့နောက် အီရန်ကလည်း အမေရိကန် စစ်စခန်းများကို လက်ခံထားရှိသည့် ပင်လယ်ကွေ့နိုင်ငံများအား တိုက်ခိုက်နေကာ ပဋိပက္ခပိုမို ကျယ်ပြန့်လာချိန်တွင် နေတန်ယာဟု၏ ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကလည်း အီရန်စစ်ပွဲသည် သီတင်းပတ် လေးပတ်မှ ငါးပတ် အထိသာ ကြာမြင့်လိမ့်မည်ဟု အစောပိုင်းတွင် ပြောကြားခဲ့သည်။

အီရန်စစ်ပွဲ လက်နက်ကြီးပေါက်ကွဲမှုကိုတွေ့ရစဉ်
နေတန်ယာဟုကလည်း အီရန်ပဋိပက္ခသည် ဒေသတွင်း ယခင်ဖြစ်ပွားခဲ့ဖူးသည့် စစ်ပွဲများကဲ့သို့ပင် နှစ်ပေါင်း များစွာ ကြာမြင့်နိုင်ခြေ ရှိသည်ဆိုသည့် အယူအဆကို ငြင်းပယ်ခဲ့သည်။
“ဒီစစ်ပွဲဟာ လျင်မြန်ပြီး တိကျပါလိမ့်မယ်။ အချိန်နည်းနည်းတော့ ကြာနိုင်ပေမယ့် နှစ်နဲ့ချီပြီး ကြာမှာ မဟုတ်ပါ ဘူး။ ဒါက မပြီးဆုံးနိုင်တဲ့ စစ်ပွဲ မဟုတ်ပါဘူး”ဟု နေတန်ယာဟုက မတ်လ ၂ ရက်တွင် Fox News သတင်းဌာနသို့ ပြောကြားခဲ့သည်။
အီရန်စစ်ပွဲသည် မတ်လ ၃ ရက်တွင် စတုတ္ထမြောက်နေ့ထဲကို ရောက်ရှိလာခဲ့ပြီး အီရန်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည်များအား အစ္စရေးလေကြောင်း ကာကွယ်ရေးစနစ်က ကြားဖြတ်ပစ်ချလျက်ရှိသည်။
တစ်ဖက်တွင်လည်း အစ္စရေးသည် အီရန်၏ တီဟီရန်မြို့တော်ရှိ နိုင်ငံပိုင် ရုပ်သံလွှင့် ဌာနရုံးချုပ်ကို တိုက်ခိုက်ခဲ့ ကာ လက်ဘနွန်နိုင်ငံ တစ်ဝန်းရှိ ဟစ်ဇ်ဘိုလာ လက်နက်ကိုင်များကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို တွေ့ရစဉ်
မတ်လ ၃ ရက် အစောပိုင်းတွင် အီရန်မှ လွှတ်တင်ခဲ့သည်ဟု ယူဆရသည့် ဒရုန်းနှစ်စင်းသည် ဆော်ဒီ၏ ရီးယာ့ဒ် (Riyadh) မြို့တော်ရှိ အမေရိကန်သံရုံးကို ထိမှန်ခဲ့ခြင်းကြောင့် မီးလောင်မှုဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးမှုအချို့ ရှိခဲ့ ကြောင်း ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထို့ပြင် အခြား ဒရုန်း ၈ စင်းကိုလည်း မြို့ထဲမရောက်မီ ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ကမူ ၎င်းတို့၏ စစ်ဆင်ရေးအတွင်း ၁၄ ကြိမ်မြောက် ဒုံးကျည် တိုက်ခိုက်မှုများအဖြစ် ဘာရိန်းနိုင်ငံရှိ အမေရိကန်လေတပ်စခန်းဌာနချုပ်နှင့် ကွပ်ကဲရေး အဆောက်အအုံကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ကြောင်း မတ်လ ၃ ရက်က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 525
CNI International News
တီဟီရန်၊ မတ်လ ၃
အီရန်ကို အမေရိကန်နှင့်အစ္စရေး ပူးပေါင်း၍ တိုက်ခိုက်နေခြင်းကြောင့် ကမ္ဘာ့ရေနံ ဈေးကွက်သည် မြင့်တက်လာ နေပြီး ရေနံတစ်စည်လျှင် အမေရိကန် ဒေါ်လာ ၁၀၀ အထက် ရောက်ရှိနိုင်လား စောင့်ကြည့်နေကြသည်ဟု DW သတင်းဌာနမှ ဖော်ပြခဲ့သည်။
အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများနှင့် အီရန်၏ ပြင်းထန်သော တုန့်ပြန်မှုများကြောင့် ရေနံဈေးကွက်ကို တုန်လှုပ်ချောက်ချားစေခဲ့ပြီး ရေနံဈေးနှုန်းများ သိသိသာသာ မြင့်တက်လာနိုင်ကြောင်း လေ့လာဆန်းစစ်သူအများစုက ခန့်မှန်းနေကြသည်။
အီရန်သည် ကမ္ဘာ့ရေနံထုတ်လုပ်မှု စုစုပေါင်း၏ ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းခန့်သာ ရှိသော်လည်း ကမ္ဘာ့အရေး အပါဆုံး ရေနံသယ်ယူပို့ဆောင်ရေး လမ်းကြောင်းဖြစ်သည့် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) နှင့် နီးကပ်စွာ တည်ရှိနေခြင်းကြောင့် ကျွမ်းကျင်သူများက ခန့်မှန်းခြေ ရေနံဈေးနှုန်းများကို မြှင့်တင်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာပေါ်တွင် ရေနံသယ်ယူပို့ဆောင်မှု ပမာဏ စုစုပေါင်း၏ ၅ ပုံ ၁ ပုံခန့် ဖြတ်သန်းသွားလာနေသော ဟော်မုဇ် ရေလက်ကြား၌ ရေနံတင်သင်္ဘောများ သွားလာမှု ကာလကြာရှည် ရပ်တန့်သွားပါက ရေနံဈေးနှုန်းသည် တစ်စည် လျှင် ဒေါ်လာ ၁၀၀ ကျော်အထိ မြင့်တက်သွားနိုင်သည့် အလားအလာ ရှိနေသည်။

ရေနံတင်သင်္ဘောကို တွေ့ရစဉ်
ထိုကဲ့သို့ ရေနံစျေးနှုန်း မြင့်တက်မှုများသည် ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေနိုင်ပြီး လက်ရှိတွင် ထိန်းချုပ်ရန် ခက်ခဲနေသည့် ကုန်ဈေးနှုန်းများကိုလည်း ပိုမိုမြင့်တက်လာစေမည်ဖြစ်သည်။
အီရန်ကို အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုအပြီး တစ်ရက်အကြာဖြစ်သည့် မတ်လ ၂ ရက်တွင် Brent ရေနံစိမ်း ဈေးနှုန်းသည် ၁၃ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ပြီးနောက် ကူးသန်းရောင်းဝယ်ရေး သင်္ဘောသွားလာမှု များ လုံးဝနီးပါး ရပ်တန့်နေသည့် ဟော်မုဇ် ရေလက်ကြား အခြေအနေကို ကုန်သည်များက အာရုံစိုက်လာကြ သဖြင့် ရေနံတစ်စည်လျှင် ၇၇ ဒေါ်လာ ဝန်းကျင်တွင် ပြန်လည် တည်ငြိမ်နေသည်။
ရေနံကြွယ်ဝသော အရှေ့အလယ်ပိုင်းဒေသတွင် ယခုပဋိပက္ခ မဖြစ်ပွားမီကပင် အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက် မှုများ၏ နောက်ဆက်တွဲ အကျိုးဆက်များကို ကုန်သည်များက စိုးရိမ်ခဲ့ကြပြီး ရေနံဈေးနှုန်းမှာ မကြာသေးမီ လများအတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။
ရေနံထုတ်လုပ်သည့် နိုင်ငံများ အစုအဖွဲ့ဖြစ်သော OPEC+ သည် ဈေးကွက်ကို ပြန်လည် တည်ငြိမ်စေရန်အတွက် လာမည့် ဧပြီလမှစတင်၍ ရေနံထုတ်လုပ်မှု မြှင့်တင်ရန် ဖေဖော်ဝါရီ ၂ ရက်က သဘောတူညီခဲ့ကြသည်။
“တကယ်လို့ ပဋိပက္ခက ရေရှည်ဖြစ်လာမယ်၊ အထူးသဖြင့် အီရန်ရဲ့ ရေနံတင်ပို့မှု ပြတ်တောက်တာမျိုး ဒါမှမဟုတ် ဟော်မုဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့ဖို့ ကြိုးစားတာမျိုးတွေကြောင့် ရေနံရရှိမှုအပေါ် သက်ရောက်မှု ရှိလာ မယ်ဆိုရင် ရေနံဈေးနှုန်းတွေဟာ တစ်စည်ကို ဒေါ်လာ ၁၀၀ လောက်အထိ ထိုးတက်သွားနိုင်ပါတယ်” ဟု Capital Economics မှ ထိပ်တန်းစီးပွားရေးပညာရှင် ဝီလျံ ဂျက်ဆင် (William Jackson) က ပြောကြားခဲ့သည်။

ဟော်မုဇ်ရေလက်ကြား တိုက်ခိုက်ခံရစဉ်
အီရန်သည် တစ်ရက်လျှင် ရေနံစည်ပေါင်း ၃ ဒသမ ၃ သန်းခန့် ထုတ်လုပ်နေပြီး OPEC အဖွဲ့ဝင်နိုင်ငံများအနက် စတုတ္ထမြောက် ရေနံအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်ကာ ကမ္ဘာပေါ်တွင် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု အများဆုံး နိုင်ငံများထဲတွင်လည်း ပါဝင်နေသည်။
အမေရိကန် စွမ်းအင်သတင်း အချက်အလက် အာဏာပိုင်အဖွဲ့ (EIA) ၏ အဆိုအရ အီရန်သည် ကမ္ဘာ့အကြီးဆုံး ရေနံသိုက် အချို့ကို ပိုင်ဆိုင်ထားပြီး၊ အရှေ့အလယ်ပိုင်း ရေနံသိုက်ပမာဏ၏ ၄ ပုံ ၁ ပုံခန့်နှင့် တစ်ကမ္ဘာလုံး၏ ရေနံသိုက် စုစုပေါင်း၏ ၁၂ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားသည်။
သို့သော် နှစ်ပေါင်းများစွာကြာ ရင်းနှီးမြှုပ်နှံမှု အားနည်းခြင်းနှင့် နိုင်ငံတကာ၏ ပိတ်ဆို့ အရေးယူမှုများကြောင့် အီရန်၏ ရေနံထုတ်လုပ်နိုင်မှု ပမာဏမှာ အကန့်အသတ်နှင့်သာရှိသည်။
အီရန်သည် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကို ရှောင်လွှဲနိုင်မည့် နည်းလမ်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး လက်ရှိ တွင် အီရန်၏ ပြည်ပသို့တင်ပို့သော ရေနံ စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကို တရုတ်သို့ ရောင်းချလျက်ရှိသည်။
တရုတ်နိုင်ငံ၏ ဝယ်လိုအားကြောင့် အီရန်သည် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ၎င်း၏ ရေနံစိမ်းထုတ်လုပ် မှုကို တစ်ရက်လျှင် စည်ပေါင်း ၁ သန်းခန့်အထိ တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 680
CNI International News
ဟောင်ကောင်၊ မတ်လ ၃
အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့ကြား ပဋိပက္ခများ ကျယ်ပြန့်လာပြီး အီရန်၏ အမြင့်ဆုံးခေါင်းဆောင်ကြီး အလီ ခါမေနီ (Ayatollah Ali Khamenei) အသတ်ခံရပြီးနောက် မတ်လ ၁ ရက်တွင် ရေနံ ဈေးနှုန်းများသည် ၄ နှစ် အတွင်း အမြင့်ဆုံးသို့ ရုတ်တရက် ခုန်တက်သွားခဲ့သည်ဟု South China Morning Post မှဖော်ပြခဲ့သည်။
အပြန်အလှန် တိုက်ခိုက်မှုများကြောင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း ဖြတ်သန်းမောင်းနှင် လေ့ရှိသည့် ရေနံတင်သင်္ဘောများ သွားလာမှုများမှာ လုံးဝနီးပါး ရပ်တန့်သွားခဲ့သည်။
ကုန်သည်များက စစ်ပွဲ အခြေအနေပေါ် မူတည်၍ ဈေးနှုန်းများကို ချက်ချင်း တိုးမြှင့်လိုက်သဖြင့် ရေနံစိမ်း ဈေးနှုန်း နှင့်အတူ ကုန်စည်တင်ဆောင်သည့် စရိတ်များလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။

အီရန် ရေနံကို သရုပ်ပြထားစဉ်
ယခုစစ်ပွဲ၏ နောက်ဆက်တွဲ ဆိုးကျိုးများသည် ရေနံတင်သွင်းမှုကို အလွန်အမင်း မှီခိုအားထားနေရသည့် အာရှ စီးပွားရေး နိုင်ငံများအပေါ် ကြီးမားသော ရိုက်ခတ်မှုများ ရှိလာမည်ဟု လေ့လာသူများက ပြောကြားသည်။
ဟောင်ကောင် စံတော်ချိန် မတ်လ ၂ ရက် နံနက်ပိုင်းတွင် စံနှုန်းသတ်မှတ်ထားသော Brent ရေနံစိမ်းဈေးနှုန်းမှာ ၁၃ ရာခိုင်နှုန်းအထိ မြင့်တက်သွားပြီး တစ်စည်လျှင် ၈၀ ဒေါ်လာကျော်အထိ ရောက်ရှိခဲ့သည်။
ထို့နောက် ၇၆ ဒေါ်လာဝန်းကျင်၌ ပြန်လည် တည်ငြိမ်သွားခဲ့သည်။
ထို့အတူ West Texas Intermediate (WTI) ရေနံဈေးနှုန်းမှာလည်း ၈ ရာခိုင်နှုန်းခန့် မြင့်တက်ကာ ၇၂ ဒေါ်လာ အထိ ရောက်ရှိခဲ့ပြီးနောက် ၆၇ ဒေါ်လာ ဝန်းကျင်တွင် ပြန်လည်တည်ငြိမ်ခဲ့သည်။

အီရန်ရေနံနဲ့ သင်္ဘောကို တွေ့ရစဉ်
အာရှနိုင်ငံများ အထူးသဖြင့် တရုတ်၊ ဂျပန်၊ အိန္ဒိယနှင့် တောင်ကိုရီးယားနိုင်ငံများ တင်သွင်းနေသည့် ရေနံ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရခြင်းဖြစ်သည်။
လက်ရှိတွင် အရှေ့အလယ်ပိုင်း၌ စစ်ရေး တင်းမာမှုများကြောင့် သင်္ဘောများသွားလာမှု ရပ်တန့်သွားခြင်းက အာရှအတွက် စွမ်းအင်လုံခြုံရေး အန္တရာယ်ကို ဖြစ်စေသည်။
ရေနံဈေး တက်ရုံတင်မကဘဲ စစ်မီးကူးစက်နိုင်ခြေ ရှိသည့်အတွက် ရေနံတင် သင်္ဘောများ၏ အာမခံကြေးများနှင့် ငှားရမ်းခများမှာ တစ်ဟုန်ထိုး မြင့်တက်သွားသည်။
ထိုကဲ့သို့ စရိတ်စကများ မြင့်တက်မှုကြောင့် ရေနံတင်သွင်းမှုကို အဓိက အားကိုးနေရသော အာရှနိုင်ငံများအတွက် ကုန်ကျစရိတ်ကို နှစ်ဆမြင့်တက်စေမည်ဖြစ်သည်။
တရုတ်သည် အီရန်၏ ရေနံများကို အဓိက ဝယ်ယူနေရသဖြင့် အီရန်၏ ရေနံထုတ်လုပ်မှုစနစ် ထိခိုက်သွားခြင်း သည် တရုတ်၏ စက်မှုကဏ္ဍအား တိုက်ရိုက် ထိခိုက်စေမည်ဖြစ်ပြီး တရုတ်မှတဆင့် အာရှတစ်ဝှမ်းရှိ ကုန်သွယ်မှု ကွင်းဆက် တစ်ခုလုံးကို ရိုက်ခတ်စေလိမ့်မည်ဟု ကျွမ်းကျင်သူများက ယူဆထားကြသည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 691
CNI International News
တိုကျို၊ မတ်လ ၃
အီရန်နိုင်ငံအပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ ပထဝီ နိုင်ငံရေး အခြေအနေကို အလုံးစုံ ပြောင်းလဲသွားစေပြီး တရုတ်၏ တွက်ချက်မှုများမှာ ခက်ခဲသွားစေခဲ့သည်ဟု Nikkei Asia သတင်းတွင် ဖော်ပြခဲ့သည်။
အီရန်ပဋိပက္ခသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) တို့ ဘေဂျင်းမြို့တွင် မတွေ့ဆုံမီ တစ်လအလို၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ထရမ့်နှင့် ရှီတို့၏ ထိပ်သီးအစည်းအဝေး ဖြစ်မြောက်လာနိုင်ခြေ ရှိ/မရှိ သို့မဟုတ် မည်သည့်ဘက်က အသာစီး ရနေသည်ဆိုသည့် အချက်များကို လေ့လာဆန်းစစ်သူများ ငြင်းခုံနေကြသည်။
ထရမ့်နှင့် ရှီတို့၏ အစည်းအဝေးသည် ကမ္ဘာ့စီးပွားရေးနှင့် တင်းမာမှုများကို လျှော့ချရန် မျှော်လင့်ချက် ဖြစ်ခဲ့သော် လည်း အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် အမေရိကန်၏ အာရုံစိုက်မှုမှာ ပြောင်းလဲသွားခဲ့သည်။
ထရမ့်က စစ်ပွဲအတွင်း အီရန်ကို ကူညီနေသည့် မည်သည့် နိုင်ငံကိုမဆို အခွန်တိုးမြှင့်မည်ဟု ခြိမ်းခြောက်ထား သဖြင့် တရုတ်နှင့် ကုန်သွယ်ရေး ပြန်လည်စေ့စပ်ရန် အစီအစဉ်ကို ထိခိုက်စေနိုင်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အီရန်ခေါင်းဆောင်ကို တွေ့ရစဉ်
တရုတ်နိုင်ငံသည် အီရန်၏ ရေနံများကို အများဆုံး ဝယ်ယူနေသည့် နိုင်ငံဖြစ်ပြီး အီရန်၏ ရေနံတင်ပို့မှု စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကို ဝယ်ယူနေခြင်းဖြစ်သည်။
အကယ်၍ အမေရိကန်နှင့်အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အီရန်၏ ရေနံ အခြေခံ အဆောက်အအုံများ ပျက်စီး သွားပါက သို့မဟုတ် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရပါက တရုတ်၏ စက်မှုကဏ္ဍတွင် စွမ်းအင်ပြတ်လပ်မှုနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။
အမေရိကန်က အရှေ့အလယ်ပိုင်းတွင် အင်အား စိုက်ထုတ်နေရချိန်၌ တရုတ်က ထိုင်ဝမ်ရေလက်ကြား၌ ၎င်း၏ စစ်ရေး လှုပ်ရှားမှုများကို မြှင့်တင်ကာ အခြေအနေအား အခွင့်ကောင်း ယူနိုင်ခြေရှိသည့် စိုးရိမ်မှုများ ရှိနေသည်။
သို့သော် ရေနံ ဈေးတက်ခြင်းနှင့် ကမ္ဘာ့စီးပွားရေး မတည်ငြိမ်ခြင်းတို့သည် တရုတ်အတွက်လည်း ထိုးနှက်ချက် ဖြစ်သဖြင့် တရုတ်အနေဖြင့် ခက်ခဲသော တွက်ချက်မှုကို ပြုလုပ်နေရသည်။
ထို့ကြောင့် အမေရိကန်နှင့် တရုတ်ကြား ဆက်ဆံရေးသည် အီရန်အရေးကြောင့် ပိုမိုတင်းမာလာနိုင်ပြီး တရုတ် အနေဖြင့် အီရန်ကို ထောက်ခံအားပေးမည်ဆိုပါက ထရမ့်အစိုးရနှင့် ထိပ်တိုက် တွေ့လာနိုင်ခြေ ရှိသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 370
CNI International News
ဘေရွတ်၊ မတ်လ ၃
အစ္စရေးသည် မတ်လ ၂ ရက်တွင် အီရန်ကို လေကြောင်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့သလို လက်ဘနွန်ရှိ အီရန်၏ ကျောထောက်နောက်ခံ ရရှိထားသည့် ဟစ်ဇ်ဘိုလာ စစ်သွေးကြွများကိုပါ တိုက်ခိုက်ခဲ့ပြီး ထိုးစစ်ကို ချဲ့ထွင်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အီရန်ကလည်း အစ္စရေးကို ဒုံးကျည် အများအပြားဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အလီ ခါမေနီ (Ali Khamenei) သေဆုံးခဲ့မှုအတွက် လက်တုန့်ပြန်သည့် အနေဖြင့် အစ္စရေးကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့က ပြောကြားခဲ့ပြီးနောက် အစ္စရေး သည် အီရန်၏ အဓိက မဟာမိတ်များထဲတွင် ပါဝင်သည့် ဟစ်ဇ်ဘိုလာအဖွဲ့၏ စခန်းများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဘေရွတ် (Beirut) မြို့တော် တောင်ဘက် ဆင်ခြေဖုံးရပ်ကွက်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့ ထိန်းချုပ်ထားသည့် ဒေသများ ကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့သဖြင့် လူပေါင်း ၃၁ ဦး သေဆုံးပြီး ၁၄၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း လက်ဘနွန်အစိုးရပိုင်သတင်းဌာန NNA က ဖော်ပြခဲ့သည်။

အီရန်ခေါင်းဆောင် အလီခါမေနီ ပုံကို ကိုင်ထားကြစဉ်
ဟစ်ဇ်ဘိုလာ အဆင့်မြင့် ခေါင်းဆောင်များကိုလည်း တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးက ပြောကြားခဲ့ပြီး အီရန်နိုင်ငံကို တိုက်ခိုက်မှုများ ပိုမိုပြုလုပ်ခဲ့သည်။
တီဟီရန် (Tehran) မြို့တော်၏ နေရာ အနှံ့အပြားတွင် ပေါက်ကွဲသံများ ကြားခဲ့ရပြီး အနောက်ဘက် ကာဒစ္စတန် (Kurdistan) ပြည်နယ်ရှိ ဆာနန်ဒပ်ချ် (Sanandaj) မြို့တွင် လေကြောင်း တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ကြောင်း အစိုးရမီဒီယာက ဖော်ပြခဲ့သည်။
အီရန်၏ တန်ပြန် တိုက်ခိုက်မှုများကြောင့် အစ္စရေး၏ တဲလ်အဗစ် (Tel Aviv) နှင့် ဂျေရုဆလင် (Jerusalem) အပါအဝင် နိုင်ငံတစ်ဝန်းတွင် လေကြောင်း သတိပေး ဥဩသံများ ထွက်ပေါ်ခဲ့သည်။
တဲလ်အဗစ်မြို့ရှိ အစ္စရေးအစိုးရခြံဝင်း၊ ဟိုင်ဖာ (Haifa) မြို့ရှိ စစ်ရေးနှင့် လုံခြုံရေးစင်တာများ၊ အရှေ့ဂျေရုဆလင် ရှိ ဒေသများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က ထုတ်ပြန်ခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကမူ အီရန် ပစ်မှတ်များကို အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုများသည် သီတင်းလေးပတ်ခန့် ကြာမြင့်လိမ့်မည်ဟု ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 962
CNI International News
၂၀၂၆ ခုနှစ်၊ မတ်လ ၁
အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုအပြီးတွင် အီရန်နိုင်ငံဥသျှောင် အလီ ခါမေနီ သေဆုံးကြောင်း အီရန် အစိုးရက အတည်ပြုခဲ့သည်။
အီရန်အစိုးရပိုင် မီဒီယာများသည် ယခုအခါ နိုင်ငံအတွင်းမှ ဓာတ်ပုံအသစ်များကို ထုတ်ဝေလိုက်ပြီဖြစ်သည်။
အဆိုပါ ဓာတ်ပုံများကို အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများ စတင်ပြီးနောက်၊ အီရန်အစိုးရပိုင် မီဒီယာ များက ခါမေနီ (Khamenei) သေဆုံးကြောင်း အတည်မပြုမီ အချိန်အတောအတွင်းတွင် ရိုက်ကူးခဲ့ခြင်းဖြစ်ဟန် တူသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က “အီရန်နိုင်ငံ၏ အဆိုးဆုံး အာဏာရှင် သေဆုံးသွားခဲ့ပြီး”ဟု ပြောကြားခဲ့ သည်။
အလီ ခါမေနီသည် ၎င်း၏ နေအိမ်ခြံဝန်းအတွင်းရှိနေစဉ် အမေရိကန်နှင့်အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုခံရပြီး နောက် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အီရန်အစိုးရ ခေါင်းဆောင် အလီ ခါမေနီ သေဆုံးမှုနှင့် ပတ်သက်ပြီး ရက်ပေါင်း ၄၀ ကြာ ဝမ်းနည်းခြင်း အထိမ်းအမှတ်ကာလအဖြစ် သတ်မှတ်ကြောင်း အီရန်အစိုးရက ကြေညာခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 685
CNI International News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်း၏ သမီးဖြစ်သူ ကင်မ်ဂျူအဲ စနိုက်ပါ ပစ်ခတ်နေသည့် ပုံရိပ်ကို မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ထုတ်ပြခဲ့သည်။
ကင်မ်ဂျူအဲသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်က မြောက်ကိုရီးယားပြည်တွင်းထုတ် စနိုက်ပါ သေနတ်များကို ဖခင်ဖြစ်သူ ကင်မ်ဂျုံအန်နှင့်အတူ စမ်းသပ် ပစ်ခတ်ခဲ့သည်။
သူမသည် အနာဂတ် မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင် ဖြစ်လာမည့်သူဟု ရေပန်းစားနေသူဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 775
CNI International News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈
ဖေဖော်ဝါရီ ၂၈ ရက်တွင် အစ္စရေးနှင့် အမေရိကန်က အီရန်ကို တိုက်ခိုက်ခဲ့ပြီးနောက် အီရန်၏ ဒုံးကျည်စခန်း များကို အစအန မကျန်ဘဲ ပျောက်ကွယ်သွားအောင် တိုက်ခိုက်ဖျက်ဆီး ပစ်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
အစ္စရေးက အီရန်ကို တိုက်ခိုက်မှုတွင် အမေရိကန်ကလည်း အစ္စရေးဘက်မှ ပါဝင်တိုက်ခိုက်ပေးခဲ့ကြောင်း ထရမ့် က Truth Social လူမှုမီဒီယာ၌ ၈ မိနစ်စာ ဗွီဒီယိုတင်ပြီး ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
“ကျနော်တို့ဟာ သဘောတူညီချက် ရရှိဖိုအတွက် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပါတယ်။ အခုတော့ သူတိုရဲ့ ဒုံးကျည် တွေကို ကျနော်တို့ ဖျက်ဆီးပစ်မှာဖြစ်ပြီး သူတိုရဲ့ ဒုံးကျည်ထုတ်လုပ်ရေး စက်ရုံတွေကိုလည်း မြေလှန်ပစ်တော့ မှာပါ။ အရာအားလုံးဟာ လုံးဝ အစအန မကျန်ဘဲ ပျောက်ကွယ်သွားပါလိမ့်မယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။
အစ္စရေးကလည်း ကြိုတင်ကာကွယ်မှုယူသည့် အနေဖြင့် အီရန်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။

ထရမ့်က အီရန်ကို အကြီးစား တိုက်ခိုက်မှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် သီတင်းပတ် အနည်းငယ် အကြာတွင် ယခုကဲ့သို တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် အီရန်နိုင်ငံပိုင် သတင်းအေဂျင်စီများနှင့် အွန်လိုင်း ပလက်ဖောင်းများသည် ဆိုက်ဘာတိုက်ခိုက်မှု ခံနေရကြောင်း အီရန်၏ Hamshahri နေ့စဉ်သတင်းစာ၏ Telegram ချန်နယ်၌ ဖော်ပြခဲ့သည်။
ကနဦး သတင်းများအရ ဆိုက်ဘာ တိုက်ခိုက်ခံခဲ့ရသည့် သတင်းဝက်ဘ်ဆိုက်များအနက် အီရန်နိုင်ငံပိုင် IRNA သတင်းအေဂျင်စီနှင့် အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ်သတင်းအေဂျင်စီဖြစ်သည့် ISNA သတင်းအေဂျင်စီတို့၏ ဝက်ဘ်ဆိုက်များလည်း ပါဝင်ကြောင်း ဖော်ပြခဲ့သည်။
Source: BBC
- By CNI
- Category: နိုင်ငံရေး
- Hits: 466
CNI International News
တိုင်ပေ၊ ဖေဖော်ဝါရီ ၂၈
ထိုင်ဝမ်သမ္မတ ဝီလျံ လိုင်ချင်တေ(William Lai Ching-te) က တရုတ်နိုင်ငံ၏ အမည်ကို တရုတ်ပြည်မကြီး (Mainland China) ဟု ရှားရှားပါးပါး ရည်ညွှန်းပြောဆိုခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုကဲ့သို့ စကားလုံး အသုံးအနှုန်း ပြောင်းလဲခေါ်ဆိုခြင်းသည် လာမည့်လအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့၏ ထိပ်သီး အစည်းအဝေး မတိုင်မီ လိုင် အနေဖြင့် စကားလုံး အသုံးအနှုန်းကို သတိထား ရွေးချယ်နေသည့် လက္ခဏာဖြစ်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၄ ရက်က တရုတ်ပြည်မကြီးတွင် လုပ်ငန်းများ လုပ်ကိုင်နေသည့် ထိုင်ဝမ်စီးပွားရေး သမားများနှင့် တွေ့ဆုံပွဲ၌ လိုင်ချင်တေသည် တရုတ်ပြည်မကြီးဆိုသော စကားလုံးကို အကြိမ်ကြိမ် အသုံးပြုခဲ့သည်။
ထိုစကားလုံး အသုံးပြုမှုသည် လိုင်အတွက် ၂၀၂၄ ခုနှစ်တွင် သမ္မတအဖြစ် တာဝန်ထမ်းဆောင် ခဲ့ချိန်မှစ၍ ၎င်း၏ မိန့်ခွန်းများတွင် တရုတ်ဟုသာ အစဉ်တစိုက် သုံးစွဲခဲ့ခြင်းနှင့် သိသိသာသာ ကွဲပြားနေသည်။
ထိုင်ဝမ်စီးပွားရေး အသိုင်းအဝိုင်းနှင့်အတူ တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပသည့် နှစ်ပတ်လည် တွေ့ဆုံပွဲတွင် လိုင်က ထိုင်ဝမ်ရေလက်ကြား၏ လက်ရှိ အခြေအနေကို ဆက်လက် ထိန်းသိမ်းထားရန်လည်း တိုက်တွန်း ပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ထရမ့်ကို တွေ့ရစဉ်
“ထိုင်ဝမ်ရေလက်ကြားရဲ့ နှစ်ဖက်စလုံးမှာ ငြိမ်းချမ်းရေးနဲ့ အတူတကွ သာယာဝပြောရေးဆီကို ဦးတည်နိုင်ဖို့ အတွက် ပြည်မကြီးနဲ့ အပြန်အလှန် ဖလှယ်တာတွေ၊ ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ဆောင်နိုင်မယ်လို့ ကျနော် တို့ မျှော်လင့်ပါတယ်” ဟု လိုင်က ပြောကြားခဲ့သည်။
ထရမ့်သည် လာမည့် မတ်လ ၃၁ ရက်မှ ဧပြီလ ၂ ရက်နေ့အထိ သွားရောက်မည့် တရုတ်ခရီးစဉ်အတွင်း တရုတ် သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံမည်ဖြစ်ကာ ၎င်းတို့နှစ်ဦးသည် ထိုင်ဝမ်အရေးကို အဓိကထား ဆွေးနွေးဖွယ်ရှိသည်။
ထိုခရီးစဉ်မတိုင်မီ အမေရိကန်၏ ဖိအားပေးမှုကြောင့် လိုင်သည် ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများကို လျှော့ချသည့် အနေဖြင့် ယခုကဲ့သို့ စကားလုံး အသုံးအနှုန်းကို ပြောင်းလဲသုံးစွဲခဲ့ခြင်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။
တရုတ်အစိုးရသည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ် အစိတ်အပိုင်း တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်ပါက အင်အားသုံး၍ ပြန်လည်ပေါင်းစည်းမည်ဟု သတိပေးထားသည်။
Source: South China Morning Post
