- By CNI
- Category: နိုင်ငံရေး
- Hits: 270
CNI International News
ဆန်နာ၊ ဇန်နဝါရီ ၁၂
ယီမင်နိုင်ငံ၏ နိုင်ငံတကာက အသိအမှတ်ပြုထားသော အစိုးရက နိုင်ငံတောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများကို ခွဲထွက်ရေး လှုပ်ရှားနေသည့် တောင်ပိုင်းအသွင်ကူးပြောင်းရေးကောင်စီ(STC)ထံမှ ပြန်လည်သိမ်းပိုက် နိုင်ခဲ့ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
တစ်ချိန်တည်းမှာပင် အေဒင် (Aden) မြို့၌ ထောင်နှင့်ချီသည့် လူပေါင်းများစွာက STC အဖွဲ့ကို ထောက်ခံသည့် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။
ဆော်ဒီက ကျောထောက်နောက်ခံ ပေးထားသည့် နိုင်ငံတကာ အသိအမှတ်ပြု အစိုးရအဖွဲ့ဖြစ်သည့် သမ္မတ ဦးဆောင်မှုကောင်စီ (PLC) ၏ အကြီးအကဲ ရာရှတ် အယ်လ် အာလီမီ (Rashad al-Alimi) အစိုးရတပ်ဖွဲ့များသည် ယီမင်တောင်ပိုင်းရှိ အဓိကကျသည့် ဒေသ ၂ ခုကို ပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက် တောင်ပိုင်းဒေသ တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ဇန်နဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
“နိုင်ငံတော်သမ္မတနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကြီးအကဲတစ်ဦး အနေဖြင့် ဟတ်ဒရာမော့ (Hadramout) နဲ့ အယ်လ်-မာရာ (al-Mahra) ဒေသတွေကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာအပ်ပါတယ်” ဟု အယ်လ် အာလီမီက ပြောကြားခဲ့သည်။
ယီမင်အစိုးရ အနေဖြင့် STC အဖွဲ့ဝင်ဟောင်းများကို နိုင်ငံ၏ အနာဂတ်အတွက် ဆွေးနွေးညှိနှိုင်းရန် ဆော်ဒီနိုင်ငံ၏ မြို့တော် ရီးယာ့ဒ် (Riyadh) သို့ ဖိတ်ကြားထားပြီးဖြစ်ကြောင်း၊ ယီမင်ရှိ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့အားလုံးသည် ယခု အခါ ဆော်ဒီ ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့၏ ကွပ်ကဲမှုအောက်တွင် တာဝန်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ယီမင်တပ်ဖွဲ့ကိုတွေ့ရစဉ်
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက STC အဖွဲ့ သိမ်းပိုက်ထားခဲ့သော ဟတ်ဒရာမော့နှင့် အယ်လ်-မာရာ အုပ်ချုပ်ရေး ဒေသ များမှ STC အဖွဲ့ကို မောင်းထုတ်ရန် ဆော်ဒီဦးဆောင်သည့် တပ်ဖွဲ့များ၏ အောင်မြင်သော ထိုးစစ်ဆင်မှု အပြီးတွင် အယ်လ် အာလီမီ၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါ ဒေသနှစ်ခုစလုံးသည် ဆော်ဒီနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ယီမင်နိုင်ငံ နယ်မြေ စုစုပေါင်း၏ ထက်ဝက်နီးပါးခန့် ရှိသည်။
ယခုဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ဆော်ဒီနှင့် ၎င်း၏ အဓိက မဟာမိတ်ဖြစ်သော ယူအေအီးနိုင်ငံတို့ကြား တင်းမာမှုများ မြင့်တက်လာခြင်းကို ပေါ်လွင်စေခဲ့သည်။
ယူအေအီးသည် STC အဖွဲ့ကို ကျောထောက်နောက်ခံ ပြုနေကြောင်း ဆော်ဒီက စွပ်စွဲထားသည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 362
CNI International News
ကိုပင်ဟေဂင်၊ ဇန်နဝါရီ ၁၂
အမေရိကန်က သိမ်းပိုက်ရန် ရည်မှန်းထားသော ဂရင်းလန်းကျွန်းကို ကာကွယ်ရန် ဒိန်းမတ်အတွက် အခက်တွေ့ ဖွယ်ရှိကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
လာမည့်သီတင်းပတ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) သည် ဒိန်းမတ်နှင့် ဂရင်းလန်းကျွန်းတို့မှ တာဝန်ရှိသူများဖြင့် တွေ့ဆုံမည်ဖြစ်သည်။
ထိုတွေ့ဆုံမှုတွင် ဂရင်းလန်းကျွန်း၏ အနာဂတ် အကြောင်းကို ဆွေးနွေးမည်ဖြစ်သည်။
ထို့အတူ ဒိန်းမတ်နိုင်ငံ အနေဖြင့် ၁၉၇၉ ခုနှစ်ကတည်းက ၎င်း၏လက်အောက်မှ တဖြည်းဖြည်းချင်း ခွဲထွက်ကာ လွတ်လပ်ရေးဆီသို့ ဦးတည်ရွေ့လျားနေသည့် ဂရင်းလန်းကျွန်းကို ကာကွယ်စောင့်ရှောက်ရန် ကြိုးပမ်းရမည် ဖြစ်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဂရင်းလန်းကျွန်းကို သိမ်းပိုက်မည်ဆိုသည့် ခြိမ်းခြောက် မှုများကြောင့် ဥရောပနိုင်ငံများက ဒိန်းမတ်ဘက်မှ ရပ်တည်ပေးခဲ့ကြသည်။
သို့သော် ဂရင်းလန်းကျွန်း ပြဿနာသည် အမှန်တရား တစ်ခုကိုလည်း ဖော်ထုတ် ပေးလိုက်ခြင်း ဖြစ်သည်။

ဒိန်းမတ်စစ်သားတွေကို တွေ့ရစဉ်
ထိုအမှန်တရားမှာ ဒိန်းမတ်သည် လွတ်လပ်ရေးကို အလိုရှိနေသည့် နယ်မြေတစ်ခုကို ကာကွယ်ရန်အတွက် အရေးပေါ် ပြင်ဆင်နေရခြင်းဖြစ်သည်။
ဂရင်းလန်းကျွန်း၏ အကြီးမားဆုံး အတိုက်အခံ ပါတီကလည်း ယခုအခါ ဒိန်းမတ်အစိုးရကို ကျော်လွန်ပြီး အမေရိကန်အစိုးရနှင့် တိုက်ရိုက် ဆွေးနွေးလိုနေခြင်းပင် ဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုနှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများတွင် ဂရင်းလန်းအစိုးရသည် ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း ဇန်နဝါရီ ၉ ရက်က ဂရင်းလန်းနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် မော့ဇ်ဖဲလ် (Vivian Motzfeldt) က ပြောကြားခဲ့သည်။
“ဂရင်းလန်းနဲ့ ပတ်သက်လာရင် ဂရင်းလန်းကပဲ ဦးဆောင်ပြီး အမေရိကန်နဲ့ စကားပြောဆိုသင့်ပါတယ်” ဟု ဗီဗီယန် မော့ဇ်ဖဲလ်က ပြောကြားခဲ့ကြောင်း ဒိန်းမတ်ရုပ်သံဖြစ်သည့် DR က ထုတ်လွှင့်ခဲ့သည်။
ထိုမှတ်ချက် စကားအရ ဂရင်းလန်းကျွန်း၏ အနာဂတ်သည် ဒိန်းမတ်နိုင်ငံအပေါ် မမူတည်ဘဲ ဂရင်းလန်း အာဏာ ပိုင်များ အပေါ်တွင်သာ မူတည်နိုင်သည့် အခြေအနေကို ပြသရာရောက်ကြောင်း လေ့လာသူများက ပြောကြားခဲ့ သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 318
CNI International News
ဒမတ်စကတ်၊ ဇန်နဝါရီ ၁၂
ဆီးရီးယား၏ အလက်ပိုမြို့မှ ကာ့ဒ်တပ်ဖွဲ့ဝင်များ ထွက်ခွာသွားကြပြီ ဖြစ်သည်ဟု DW သတင်းဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့သည်။
ဆီးရီးယားအစိုးရနှင့် ကာ့ဒ်လက်နက်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီးနောက် အလက်ပို (Aleppo) မြို့တွင် ကျန်ရှိနေသော နောက်ဆုံး ကာ့ဒ် (Kurdish) တပ်ဖွဲ့ဝင်များနှင့် အရပ်သားအချို့ကို ဘတ်စ်ကား များဖြင့် မြို့ပြင်သို့ ပို့ဆောင်ပေးခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် သတင်းဌာနနှင့် ကာ့ဒ်တပ်မှူးတစ်ဦးတို့က အတည် ပြု ပြောကြားခဲ့သည်။
ဆီးရီးယားတွင် ပြန့်ကြဲနေသည့် လက်နက်ကိုင်အဖွဲ့များကို စစ်တပ်၏ ဖွဲ့စည်းပုံအသစ်အတွင်း ပေါင်းစပ် ထည့် သွင်းရေးနှင့် ပတ်သက်ပြီး တင်းမာမှုများ မြင့်တက်ခဲ့ပြီးနောက် ဆီးရီးယားနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အလက်ပိုမြို့တွင် ဇန်နဝါရီ ၆ ရက်ကတည်းက တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုတိုက်ပွဲများအတွင်း လူ ၂၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူပေါင်း ၁၄၀,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

ဆီးရီးယားနိုင်ငံ၊ အလက်ပိုမြို့ မြေပုံကိုတွေ့ရစဉ်
ဆီးရီးယားပြည်တွင်းစစ် ကာလတစ်လျှောက် နှစ်ပေါင်းများစွာကြာ ကာ့ဒ်ဦးဆောင်သော ဆီးရီးယား ဒီမိုကရက် တစ်တပ်ဖွဲ့(SDF)က ထိန်းချုပ်ထားခဲ့သည့် နေရာများတွင် ယခုအခါ အစိုးရတပ်ဖွဲ့ဝင်များကို ချထားလိုက်ပြီ ဖြစ်သည်။
“အလက်ပိုမြို့မှာရှိတဲ့ ကျွန်ုပ်တို့ရဲ့ ပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေနဲ့ ချိုးဖောက်မှုတွေကို ရပ်တန့်ဖို့ နိုင်ငံ တကာရဲ့ ကြားဝင်စေ့စပ်ပေးမှုကတဆင့် ကျွန်ုပ်တို့ဟာ သဘောတူညီမှုတစ်ခု ရရှိခဲ့ပါတယ်။ ဒီသဘောတူညီချက် အရ အပစ်အခတ်ရပ်စဲရေးနဲ့ အာရှာဖီယာ (Achrafieh) နဲ့ ရှိတ်မာဆုဒ် (Sheikh Maqsoud) ရပ်ကွက်တွေမှာ ပိတ် မိနေတဲ့ ကျဆုံးစစ်သည်တွေ၊ ဒဏ်ရာရရှိသူတွေ၊ အရပ်သားတွေနဲ့ တိုက်ခိုက်ရေးသမားတွေကို ဆီးရီးယားနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေဆီ ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းပေးနိုင်တော့မှာ ဖြစ်ပါတယ်”ဟု SDF တပ်မှူး မာဇလွမ်း အဗ္ဗဒီ (Mazloum Abdi) က X လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။
ထို့ပြင် အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုများကို ရပ်တန့်ပေးရန်နှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများကို နေရပ်သို့ ဘေးကင်းစွာ ပြန်လာနိုင်ရန် ကတိကဝတ်များအား အကောင်အထည် ဖော်ပေးရန်လည်း အဗ္ဗဒီက နိုင်ငံတကာ ကြားဝင်စေ့စပ်သူများကို တိုက်တွန်းခဲ့သည်။

လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
ရိုက်တာနှင့် အေပီ သတင်းထောက်များ၏ ပြောကြားချက်အရ ဆီးရီးယား အစိုးရတပ်ဖွဲ့ဝင်များသည် အလက်ပိုမြို့ အတွင်းရှိ အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးငယ်များကို စစ်ဘေးရှောင် စခန်းများသို့ ပို့ဆောင်ရန် ဘတ်စ် ကားများပေါ်သို့ တင်ဆောင်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း သိရသည်။
ထို့ပြင် ကာ့ဒ်ပြည်တွင်း လုံခြုံရေးတပ်ဖွဲ့ (Asayesh) အဖွဲ့ဝင်များဟု ယူဆရသည့် အမျိုးသား အယောက် ၁၀၀ ခန့် ကိုလည်း ဘတ်စ်ကားများပေါ်သို့ တင်ဆောင်နေကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
သို့သော် အာဆာယက်ရှ် (Asayesh) အဖွဲ့ကမူ ထိုအမျိုးသားများသည် ၎င်းတို့၏ တိုက်ခိုက်ရေးသမားများ မဟုတ်ဘဲ နေရပ်စွန့်ခွာရန် အတင်းအဓမ္မ ရွှေ့ပြောင်းခံရသည့် အရပ်သားများသာဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 371
CNI International News
တီဟီရန်၊ ဇန်နဝါရီ ၁၂
ဆန္ဒပြမှုများ ပြင်းထန်နေချိန်တွင် အမေရိကန်က တိုက်ခိုက်လာလျှင် အမေရိကန်နှင့်အစ္စရေး စစ်သားများသည် အီရန်၏ ပစ်မှတ်ဖြစ်လာမည်ဟု အီရန်ဘက်မှ ပြောကြားခဲ့သည်။
အီရန်နိုင်ငံတွင် ကုန်ဈေးနှုန်းများ မြင့်တက်မှုကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားနေချိန်၌ သေဆုံးသူ ၁၁၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ဆန္ဒပြမှုများဖြစ်ပွားသည့် သီတင်း နှစ်ပတ်မြောက်ဖြစ်သည့် ဇန်နဝါရီ ၁၁ ရက်တွင် တီဟီရန်မြို့တော်နှင့် အီရန်၏ ဒုတိယအကြီးဆုံးမြို့များ လမ်းများပေါ်တွင် ဆန္ဒပြသူများ ပြည့်နှက်နေခဲ့သည်။
အီရန်တွင် အင်တာနက်လိုင်းများနှင့် ဖုန်းလိုင်းများ ပြတ်တောက်နေမှုကြောင့် အီရန်ဆန္ဒပြမှုများနှင့် ပတ်သက် သည့် သတင်းများကို ပြည်ပနိုင်ငံများက သိရှိရန် ပိုမိုခက်ခဲ့လာခဲ့သည်။
သို့သော် သေဆုံးသူ အရေအတွက် ပိုမိုမြင့်တက်လာခဲ့ပြီး လူပေါင်း ၂၆၀၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်း အမေရိကန် အခြေစိုက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထိုအချိန်အတွင်း အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘက်ဂါ ဂါလီဘက်ဖ် (Mohammad-Bagher Ghalibaf) ကမူ အီရန်တွင် ဆန္ဒပြသူများ သေဆုံးမှုနှင့်ပတ်သက်ပြီး အမေရိကန်က အီရန်ကို တိုက်ခိုက်လာမည်ဆိုပါက အမေရိကန်နှင့် အစ္စရေးသည် တရားဝင်မှုရှိသည့် ပစ်မှတ်များ ဖြစ်လာလိမ့်မည်ဟု သတိပေးခဲ့သည်။
အီရန်တွင် ဆန္ဒပြသူများကို သတ်ဖြတ်နေပါက အီရန်ကို စစ်ရေးအရ အရေးယူသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ခြိမ်းခြောက်ခဲ့ပြီးနောက် ဂါလီဘက်ဖ်၏ သတိပေးချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
အီရန်တွင် အင်တာနက်လိုင်းများနှင့် ဖုန်းလိုင်းများ ပြတ်တောက်နေပြီး သတင်း အမှောင်ချခံထားရသဖြင့် အီရန် လုံခြုံရေးတပ်ဖွဲ့များသည် ထိုအခြေအနေကို အခွင့်ကောင်းယူပြီး ဆန္ဒပြသူများကို ပြင်းထန်စွာ နှိမ်နင်းမည့် အရေး ကို ပြည်ပနိုင်ငံများက စိုးရိမ်နေကြသည်။
ထရမ့်ကမူ ဆန္ဒပြသူများကို ထောက်ပံ့ပေးမည်ဟု ကမ်းလှမ်းခဲ့ပြီး အီရန်သည် ယခင်က မရခဲ့ဖူးသည့် လွတ်မြောက်မှုကို ရှာဖွေနေခြင်းဖြစ်ကြောင်း၊ အမေရိကန်သည် ကူညီပေးရန် အသင့်ရှိကြောင်း လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ထို့ပြင် ထရမ့်သည် အီရန်ကို တိုက်ခိုက်ရန်အတွက် စစ်ရေး အစီအစဉ်များ ရရှိပြီဖြစ်သော်လည်း နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးကြောင်း The New York Times နှင့် Wall Street Journal တို့က အမည်မဖော်လိုသည့် အမေရိကန်အရာရှိများ၏ ပြောကြားချက်ကို ကိုးကားပြီး ဇန်နဝါရီ ၁၀ ရက်ညပိုင်းတွင် ဖော်ပြခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 317
CNI International News
ပြုံယမ်း၊ ဇန်နဝါရီ ၁၀
မြောက်ကိုရီးယားနှင့် ရုရှားတို့ကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ မြင့်တက်လာချိန်တွင် မြောက်ကိုရီး ယား ခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) က ရုရှားသမ္မတ ပူတင် (Vladimir Putin) ၏ မူဝါဒများကို ရာသက်ပန် ထောက်ခံသွားမည်ဟု ကတိပြုခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီမှ ဇန်နဝါရီ ၉ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
KCNA ၏ ဖော်ပြချက်အရ ကင်မ်သည် ပူတင်ထံသို့ ပေးပို့ခဲ့သည့် သဝဏ်လွှာတွင် “အဆွေတော်ရဲ့ မူဝါဒတွေနဲ့ ဆုံးဖြတ်ချက်တွေ အားလုံးကို ကျနော် ခြွင်းချက်မရှိ လေးစား လိုက်နာမှာဖြစ်သလို ခြွင်းချက်မရှိ ထောက်ခံသွား မှာပါ။ အဆွေတော်နဲ့ အဆွေတော်ရဲ့ ရုရှားနိုင်ငံအတွက် ကျနော်ဟာ အဆွေတော်နဲ့အတူ အမြဲတမ်း ရှိနေဖို့ အသင့် ရှိနေပါတယ်” ဟု ရေးသားထားသည်။
ထို့ပြင် ထိုရပ်တည်ချက်သည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ဘဲ ထာဝရခိုင်မာနေမည်ဖြစ်ကြောင်းလည်း ကင်မ်က ပြောကြားခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။
“ကျနော်တို့ကြားက စစ်မှန်တဲ့ ရဲဘော်ရဲဘက် စိတ်ဓာတ်ကို နောက်တစ်ကြိမ် ခံစားမိရုံ တင်မကဘဲ အဆွေတော်နဲ့ ချစ်ကြည်ရင်းနှီးမှုကို ကျနော့်အတွက် အဖိုးတန်ဆုံးအရာနဲ့ ဂုဏ်ယူစရာ တစ်ခုအဖြစ် သတ်မှတ်ထားတယ် ဆိုတာ ကို ဒီသဝဏ်လွှာကတစ်ဆင့် အလေးအနက် ပြောကြားလိုပါတယ်” ဟု ကင်မ်က ရေးသားခဲ့သည်ဟု ဆိုသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်နဲ့ ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
ထိုသဝဏ်လွှာသည် ရုရှားသမ္မတ ပူတင်က ပေးပို့ခဲ့သော ဂုဏ်ပြုစာလွှာကို တုန့်ပြန်သည့် အနေဖြင့် ကင်မ်က ဇန်နဝါရီ ၈ ရက်တွင် ပြန်လည်ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ပူတင်၏ သဝဏ်လွှာသည် မည်သည့်အချိန် သို့မဟုတ် မည်သည့် အထိန်းအမှတ်အတွက် ပေးပို့ခဲ့ခြင်းဖြစ်သည်ကို KCNA က အတိအကျ ဖော်ပြခြင်း မရှိသော်လည်း ဇန်နဝါရီ ၈ ရက်နေ့တွင် ကျရောက်သော ကင်မ်၏ မွေးနေ့ အတွက် ဂုဏ်ပြုပေးပို့ခဲ့ခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်ခဲ့သည်။
ပူတင်၏ သဝဏ်လွှာသည် မိမိနှင့် မြောက်ကိုရီးယား ပြည်သူများအပေါ် ထားရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှု၏ ပြယုဂ်ဖြစ်ကြောင်း ကင်မ်က မှတ်ချက်ပြုခဲ့ပြီး ပူတင်၏ အရေးကြီးသော လုပ်ငန်းဆောင်တာများ အားလုံးတွင် ကြီးမားသော အောင်မြင်မှုများ ရရှိပါစေကြောင်း ကင်မ်က ဆုမွန်ကောင်းတောင်းပေးခဲ့သည်။
Source: Korea JoongAng Daily
- By CNI
- Category: နိုင်ငံရေး
- Hits: 299
CNI International News
ဆော်ပိုလို၊ ဇန်နဝါရီ ၁၀
ဗင်နီဇွဲလားနယ်စပ်အနီးရှိ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနှင့် တရားမဝင် သတ္တုတူးဖော်မှုများ လုပ်ဆောင်နေသည့် လက်နက်ကိုင်ဂိုဏ်းများ လွှမ်းမိုးထားသော ရိုရိုင်းမား (Roraima) ပြည်နယ် မြောက်ပိုင်းသို့ အမျိုးသားလုံခြုံရေး တပ်ဖွဲ့ဝင်များကို စေလွှတ်ရန် စီစဉ်နေကြောင်း ဘရာဇီးလ်အစိုးရက ထုတ်ပြန်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ဇန်နဝါရီ ၈ ရက်က ထုတ်ပြန်ခဲ့သည့် ထိုအမိန့်စာတွင် အမျိုးသားပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (FNSP) မှ တပ်ဖွဲ့ဝင်များ ကို ဗင်နီဇွဲလားနယ်စပ်နှင့် ၂၁၃ ကီလိုမီတာ (၁၃၂ မိုင်) ခန့် အကွာတွင်ရှိသော ရိုရိုင်းမားပြည်နယ်၏ မြို့တော် ဘိုအာ ဗစ္စတာ (Boa Vista) နှင့် ပါကာရိုင်းမား (Pacaraima) မြို့များကို စေလွှတ်ရန် လုပ်ပိုင်ခွင့်ပေးခဲ့သည်။
သို့သော် ထိုမြို့များသို့ FNSP တပ်ဖွဲ့ဝင်များ စေလွှတ်မည့် အရေအတွက် အတိအကျကိုမူ ဖော်ပြခဲ့ခြင်း မရှိပေ။
ဇန်နဝါရီ ၃ ရက်တွင် ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်က တိုက်ခိုက်ပြီး ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro) ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီးနောက် ဘရာဇီးလ်၏ လုံခြုံရေးအစီအမံများ ထွက်ပေါ်လာ ခြင်း ဖြစ်သည်။
အမေရိကန်၏ စစ်ဆင်ရေးအပြီး တစ်ရက်အကြာဖြစ်သည့် ဇန်နဝါရီ ၄ ရက်ကလည်း ဘရာဇီးလ်သည် ပါကာ ရိုင်းမား (Pacaraima) မြို့အနီးရှိ ဗင်နီဇွဲလားနှင့် ထိစပ်နေသော နယ်စပ်ကို ယာယီပိတ်ထားခဲ့သည်။

ဘရာဇီးလ်နဲ့ဗင်နီဇွဲလား နယ်စပ်မှာ အမျိုးသားအစောင့်တပ်ကိုတွေ့ရစဉ်
ယခုထုတ်ပြန်ခဲ့သည့် အမိန့်စာတွင် FNSP သည် ပြည်နယ်အတွင်းရှိ ပြည်သူ့လုံခြုံရေးဆိုင်ရာ အေဂျင်စီများကို ကူညီပံ့ပိုးပေးမည်ဖြစ်ပြီး အများပြည်သူ အေးချမ်းသာယာရေးနှင့် လူသားများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် လိုအပ်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဗင်နီဇွဲလားနိုင်ငံသည် နယ်စပ်ဒေသတွင် စစ်အင်အားကို တိုးမြှင့်ချထားပြီး First Capital Command (PCC) နှင့် Red Command (CV) အပါအဝင် ဘရာဇီးလ်နှင့် ဗင်နီဇွဲလား၏ လက်နက်ကိုင်အဖွဲ့အစည်း အများအပြားသည် ထိုနယ်မြေအတွင်း လှုပ်ရှားနေကြောင်း ဘရာဇီးလ်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ဘရာဇီးလ်သည် ဗင်နီဇွဲလားအား တိုက်ခိုက်ခဲ့သည့် အမေရိကန်ကို ပြင်းထန်စွာ ဝေဖန်ခဲ့သော နိုင်ငံများထဲတွင် ပါဝင်ခဲ့သည်။
ဘရာဇီးလ်သမ္မတ လူဝီ အီနာစီယို လူလာ ဒါဆေးလ်ဗား (Luiz Inacio Lula da Silva) ကလည်း အမေရိကန် သည် လက်ခံနိုင်စရာ မရှိသည့် စည်းကို ကျော်ဖြတ်သွားခဲ့ပြီဖြစ်ကြောင်း ၎င်း၏ X လူမှုမီဒီယာတွင် ရေးသား ဖော်ပြခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 306
CNI International News
တီဟီရန်၊ ဇန်နဝါရီ ၁၀
အီရန်နိုင်ငံတစ်ဝန်းတွင် စီးပွားရေး ကျပ်တည်းမှုများကြောင့် ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားနေချိန်၌ ဇန်နဝါရီ ၉ ရက်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ကြောင်း အင်တာနက်လေ့လာ စောင့်ကြည့်ရေးအဖွဲ့ NetBlocks က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အင်တာနက်လိုင်း ပြတ်တောက်မှုနှင့် ပတ်သက်သည့် နောက်ထပ် အသေးစိတ် အချက်အလက်များကိုမူ ချက်ချင်း မသိရသေးပေ။
အီရန်၏ တီဟီရန် (Tehran) မြို့တော်၊ မာရှတ် (Mashhad) နှင့် အစ္စဖာဟန် (Isfahan) ကဲ့သို့ အဓိကမြို့ကြီးများ တွင် ဆန္ဒပြသူများသည် လမ်းများပေါ် ထွက်လာခဲ့ပြီး အစိုးရဆန့်ကျင်သည့် ဆောင်ပုဒ်များကို ဟစ်ကြွေးခဲ့ကြ သည်ဟု ထိုမြို့များတွင် နေထိုင်သော မျက်မြင်သက်သေများက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
၁၉၇၉ ခုနှစ် အစ္စလာမ္မစ်တော်လှန်ရေးတွင် ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် အီရန်၏ ရှားဘုရင် (ကွယ်လွန်) ၏ သားဖြစ်သူ ရီဇာ ပါလာဗီ (Reza Pahlavi) ကလည်း ဆန္ဒပြပွဲများ ပိုမိုပြုလုပ်ကြရန် ဇန်နဝါရီ ၇ ရက်က X လူမှုမီဒီယာ၌ ဗွီဒီယိုဖိုင်တင်ပြီး တိုက်တွန်းနှိုးဆော်ခဲ့သည်။
လူမှုမီဒီယာများပေါ်တွင် ပျံ့နှံ့နေသော ပို့စ်များအရ အီရန်နိုင်ငံတစ်ဝန်းရှိ မြို့ကြီးမြို့ငယ်များတွင် ဆန္ဒပြသူများ သည် ပါလာဗီ (Pahlavi) ကို ထောက်ခံသည့် ကြွေးကြော်သံများကို ဟစ်ကြွေးနေကြပုံများအား မြင်တွေ့ရသော် လည်း ထိုဗွီဒီယိုများသည် အစစ်အမှန် ဟုတ်၊ မဟုတ်ကို အတည်မပြုနိုင်ပေ။

အမျိုးသမီးတစ်ဦး အင်တာနက်သုံးနေစဉ်
သို့သော် အီရန်အစိုးရပိုင် မီဒီယာများကမူ နိုင်ငံတစ်ဝန်းရှိ မြို့များတွင် တည်ငြိမ်အေးချမ်းလျက်ရှိကြောင်း ဖော်ပြခဲ့ ကြသည်။
ယခု ဖြစ်ပွားနေသော ဆန္ဒပြပွဲများသည် ပြီးခဲ့သည့် ၃ နှစ်အတွင်း အီရန်တွင် အကြီးမားဆုံး ဆန္ဒပြ လှုပ်ရှားမှုဖြစ် သည်။
ပြီးခဲ့သည့်လက တီဟီရန်မြို့တော်ရှိ Grand Bazaar ဈေးကြီးတွင် အီရန်နိုင်ငံသုံး ရီယဲလ် (Rial) ငွေကြေးတန်ဖိုး ကျဆင်းသွားမှုကို ကန့်ကွက်သည့် ဈေးဆိုင်ရှင်များ၏ လှုပ်ရှားမှုမှတဆင့် ဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် (Masoud Pezeshkian) ကမူ လက်ရှိ အခြေအနေမျိုးတွင် ပြည်တွင်း ကုန်သည်များ အနေဖြင့် ကုန်ပစ္စည်းများကို သိုလှောင်ထားခြင်း သို့မဟုတ် ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ရန် သတိပေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၈ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 305
CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၁၀
ထိုင်းနှင့် ကမ္ဘောဒီးယားကြား အချိန်မရွေး ကျိုးပျက်လွယ်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ခိုင်မာစေ ရန် ကြိုးပမ်းသည့် အနေဖြင့် ဒေါ်လာ ၄၅ သန်းခန့် ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း အမေရိကန်က ဇန်နဝါရီ ၉ ရက်တွင် ကြေညာခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရှေ့အာရှဆိုင်ရာ ထိပ်သီးအရာရှိ မိုက်ကယ် ဒီဆွမ်ဘရီ (Michael DeSombre) သည် ထိုအပစ်အခတ်ရပ်စဲရေးကို ပိုမိုခိုင်မာစေမည့် နည်းလမ်းများ ဆွေးနွေးရန် ထိုင်းနှင့် ကမ္ဘောဒီး ယား နိုင်ငံများသို့ သွားရောက်ခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ထိုင်းနှင့်ကမ္ဘောဒီးယားကြား ရရှိခဲ့သည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ၎င်း၏ အောင်မြင်မှု တစ်ခုအဖြစ် အလေးပေးဖော်ပြရန် ကြိုးပမ်းနေသည်။
ဒီဆွမ်ဘရီ၏ ပြောကြားချက်အရ အမေရိကန်သည် နှစ်နိုင်ငံစလုံးတွင် အဓိက စိုးရိမ်စရာ ဖြစ်လာသည့် မူးယစ် ဆေးဝါး မှောင်ခိုကူးမှုနှင့် ဆိုက်ဘာ လိမ်လည်မှုများကို တိုက်ဖျက်ရာတွင် ကူညီရန် ဒေါ်လာ သန်း ၂၀ ကမ်းလှမ်း သွားမည်ဟု ဆိုသည်။
ထို့ပြင် မကြာသေးမီက နှစ်နိုင်ငံကြား ဖြစ်ပွားခဲ့သော နယ်စပ်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ခဲ့ရသူများကို ကူညီရန် ဒေါ်လာ ၁၅ သန်းနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများအတွက် ဒေါ်လာ ၁၀ သန်း ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ဒီဆွမ်ဒဘရီက ဆိုသည်။

မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ၃ ဦးနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
“အမေရိကန်အနေနဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား အစိုးရနှစ်ဖွဲ့စလုံးကို ဆက်လက် ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ သူတို့ အနေနဲ့ ကွာလာလမ်ပူ ငြိမ်းချမ်းရေး သဘောတူညီချက် (Kuala Lumpur Peace Accords) ကို အကောင်အထည် ဖော်ပြီး သူတို့ရဲ့ ပြည်သူတွေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေး၊ ချမ်းသာကြွယ်ဝရေးနဲ့ တည်ငြိမ်မှုတွေဆီ ပြန်လည် ထိန်းသိမ်းနိုင်ဖို့ ကူညီပေးသွားမှာပါ” ဟု ဒီဆွမ်ဘရီက ပြောကြားခဲ့သည်။
ထိုင်းနှင့်ကမ္ဘောဒီးယားသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်းက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သော မလေးရှားနိုင်ငံသို့ ထရမ့် လာရောက်ခဲ့ချိန်က ထရမ့်၏ ရှေ့မှောက်တွင် ကွာလာလမ်ပူ ငြိမ်းချမ်းရေး သဘောတူ ညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။
သို့သော် ပြီးခဲ့သည့်လက တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။
ထိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ထိုင်းနှင့် ကမ္ဘောဒီးယားတို့က အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ချိုးဖောက်ကြောင်း အပြန်အလှန် စွပ်စွဲခဲ့သည်။
ကမ္ဘောဒီးယားအစိုးရက ၎င်းတို့ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် နယ်စပ်ဒေသအချို့မှ ထိုင်းတပ်ဖွဲ့များကို ပြန်လည် ရုပ်သိမ်းပေးရန် တောင်းဆိုထားသည်။
ထိုင်းနှင့်ကမ္ဘောဒီးယားသည် ကီလိုမီတာ ၈၀၀ ကျော် ရှည်လျားသည့် နယ်စပ်ဒေသတစ်လျှောက်တွင် နယ်နိမိတ် ပိုင်ဆိုင်မှုများ အငြင်းပွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 337
CNI International News
ဘေရွတ်၊ ဇန်နဝါရီ ၉
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် လက်ဘနွန်စစ်တပ်သည် နိုင်ငံတောင်ပိုင်းရှိ အစ္စရေးနှင့် ထိစပ်နေသော နယ်စပ် တစ်လျှောက်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့၏ စစ်ဘက်ဆိုင်ရာ အခြေခံ အဆောက်အအုံများကို ဖျက်သိမ်းရာတွင် မည်မျှ အထိ အောင်မြင်မှု ရရှိခဲ့သည်ကို ပြသရန်အတွက် သတင်းထောက်များနှင့် နိုင်ငံတကာ သံတမန်များကို ဖိတ်ခေါ် ပြီး လေ့လာရေးခရီးစဉ်များ ပြုလုပ်ပေးခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ထိုအချိန်အတောအတွင်း လက်ဘနွန်အစိုးရ အနေဖြင့် ဟစ်ဇ်ဘိုလာအဖွဲ့ကို လက်နက် ဖြုတ်သိမ်းနိုင်ခြင်း မရှိပါ က တိုက်ခိုက်မှုများကို ပိုမိုတိုးမြှင့် လုပ်ဆောင်သွားမည်ဟု အစ္စရေးက ခြိမ်းခြောက်ခဲ့သည်။
လက်ဘနွန် နိုင်ငံအတွင်းရှိ လက်နက်များအားလုံးကို အစိုးရ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိစေမည့် စီမံကိန်း၏ ပထမအဆင့်ကို အပြီးသတ်ရန် လက်ဘနွန်စစ်တပ်က ၂၀၂၅ ခုနှစ်ကုန်ပိုင်းကို နောက်ဆုံးထားပြီး သတ်မှတ်ခဲ့ သည်။
ဟစ်ဇ်ဘိုလာအဖွဲ့အား လက်နက်ဖြုတ်သိမ်းရေး လုပ်ငန်းစဉ်တွင် စစ်တပ်၏ လုပ်ဆောင်နိုင်စွမ်းသည် အကန့် အသတ် ရှိနေသော်လည်း စစ်တပ်၏ ကတိကဝတ်ထားမှုကို အလေးပေး ပြသရန် ယခုကဲ့သို့ လေ့လာရေး ခရီးစဉ် များကို စီစဉ်ရခြင်းဖြစ်ကြောင်း လက်ဘနွန်စစ်တပ်တပ်မှူး ရိုဒေါ့ဖ် ဟေးကယ် (Rodolphe Haykal) က ပြောကြားခဲ့သည်။

လက်ဘနွန်အစိုးရအဖွဲ့ကိုတွေ့ရစဉ်
သို့သော် အစ္စရေး၏ စစ်ရေး လှုပ်ရှားမှုများနှင့် နယ်စပ်တစ်လျှောက် လက်ဘနွန် ပိုင်နက်များကို ကျူးကျော် သိမ်းပိုက်ထားမှုများသည် မိမိတို့စစ်တပ် ကြိုးပမ်းအားထုတ်မှုများကို ရှုပ်ထွေးစေပြီး အားနည်းစေသည်ဟု ဟေးကယ်က အပြစ်တင် ပြောဆိုခဲ့သည်။
အစ္စရေးကမူ ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးနယ်စပ်နှင့် နီးကပ်သော နေရာများတွင် ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဟစ်ဇ်ဘိုလာအဖွဲ့၏ စစ်ရေး စွမ်းဆောင်ရည်များ ပြန်လည် တည်ဆောက်နေသည့် နှုန်းသည် လက်ဘနွန်စစ်တပ် ၏ လက်နက်ဖြုတ်သိမ်းရေး စွမ်းဆောင်ရည်ထက် ပိုမိုမြန်ဆန်နေသည်ဟုလည်း အစ္စရေးက ထုတ်ပြန်ခဲ့သည်။
သို့သော် လက်ဘနွန်တောင်ပိုင်းရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့ (UNIFIL) ကမူ ဟစ်ဇ်ဘိုလာ အဖွဲ့သည် ၎င်းတို့၏ အခြေခံ အဆောက်အအုံများကို ပြန်လည် တည်ဆောက်နေသည့် အထောက်အထား မရှိကြောင်း ပြောကြားခဲ့သည်။
လက်နက်ဖြုတ်သိမ်းရေး ဒုတိယအဆင့်တွင် လက်ဘနွန်၏ လီတာနီမြစ် (Litani River) မြောက်ဘက်မှ ဆီဒွန် (Sidon) မြို့မြောက်ဘက်ရှိ အာဝါလီမြစ် (Awali River) အထိ စစ်ဆင်ရေးများကို တိုးချဲ့ဆောင်ရွက် သွားမည် ဖြစ်သည်။
“လီတာနီမြစ် မြောက်ဘက်ခြမ်းမှာတော့ လက်နက်ဖြုတ်သိမ်းမှာ မဟုတ်ဘူးလို့ ဟစ်ဇ်ဘိုလာအဖွဲ့က ရှင်းရှင်း လင်းလင်း ပြောထားပါတယ်။ ဒါဟာ နိုင်ငံရေးအရ တင်းမာမှုတွေ ဖြစ်လာနိုင်ခြေရှိတဲ့ သဘောပါပဲ” ဟု နိုင်ငံရေး ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ဂျိုး မက်ခရွန် ( Joe Macaron) က ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
