- By CNI
- Category: နိုင်ငံရေး
- Hits: 611
CNI International News
ဘေဂျင်း၊ ဇန်နဝါရီ ၂၇
တရုတ်နိုင်ငံသည် ပြီးခဲ့သည့် ရက်ပိုင်းက စစ်တပ်၏ ထိပ်သီးဗိုလ်ချုပ်ကြီး ကျန်းယိုရှာ (Zhang Youxia)ကို စည်းကမ်းနှင့်ဥပဒေ ကြီးလေးစွာ ချိုးဖောက်သည်ဟု သံသယရှိသဖြင့် စုံစမ်းစစ်ဆေးနေကြောင်း ကြေညာခဲ့ သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို ထုတ်ဖော် ပြောကြားခြင်း မရှိသော် လည်း ထိုဖြစ်ရပ်သည် အလွန် ထူးခြားဆန်းကြယ်သည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဗိုလ်ချုပ်ကြီး ကျန်းသည် သမ္မတ ရှီကျင့်ဖျင် (Xi Jingpin) ၏ အနီးကပ် မဟာမိတ်ဖြစ်ပြီး ရှီ ပြီးလျှင် စစ်ဘက်ဆိုင်ရာ အာဏာအရှိဆုံးပုဂ္ဂိုလ် ဖြစ်သောကြောင့် ဖြစ်သည်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အာဏာပိုင်များသည် တရုတ်နိုင်ငံ၏ အမြင့်ဆုံး စစ်ဘက် အဖွဲ့အစည်းဖြစ်သည့် ဗဟိုစစ်ကော်မရှင်(CMC)၏ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ကျန်းယိုရှာနှင့် စစ်ဘက်ဆိုင်ရာ ပူးတွဲစစ်ဦးစီးဌာနကို တာဝန်ယူထားသော CMC အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး လျူကျိန်းလီ (Liu Zhenli) တို့ကို စုံစမ်း စစ်ဆေးနေကြောင်း ဖော်ပြခဲ့သည်။

တရုတ်စစ်တပ်မှ ဗိုလ်ချုပ်ကြီး ကျန်းယိုရှာကို တွေ့ရစဉ်
“ရှီကျင့်ဖျင်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမိုင်းတစ်လျှောက်မှာ အကြီးမားဆုံးသော စစ်ဘက်ခေါင်းဆောင်ပိုင်း ဖယ်ရှားသန့်စင်မှုတစ်ခုကို အောင်မြင်စွာ လုပ်ဆောင်လိုက်ပြီ ဖြစ်ပါတယ်” ဟု အာရှလူ့အဖွဲ့အစည်း မူဝါဒရေးရာ အင်စတီကျု၏ တရုတ်နိုင်ငံဆိုင်ရာ သုတေသီ နေးလ် သောမတ်စ် (Neil Thomas) က ပြောကြားခဲ့သည်။
တရုတ်စစ်တပ်နှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြည့်လျှင် ယခုဖြစ်စဉ်၏ ရိုက်ခတ်မှု အပြည့်အစုံကို မသိရ သေးသော်လည်း ထိုင်ဝမ်အား တရုတ်၏ နောက်ထပ် လုပ်ဆောင်မည့် အစီအစဉ်များအပေါ် သက်ရောက်မှု ရှိလာနိုင်ကြောင်း ကျွမ်းကျင်သူအချို့က သုံးသပ်ကြသည်။
“တရုတ်စစ်တပ် ခေါင်းဆောင်ပိုင်းအတွင်း ယခုနောက်ဆုံး ပြုလုပ်သည့် ဖယ်ရှားသန့်စင်မှုသည် ထိုင်ဝမ်အပေါ် တရုတ်နိုင်ငံ၏ ခြိမ်းခြောက်နိုင်စွမ်းကို ရေတိုတွင် အားနည်းသွားစေသော်လည်း ရေရှည်တွင်မူ ပိုမိုအားကောင်း လာစေလိမ့်မည်” ဟု နေးလ်က ပြောကြားခဲ့သည်။
ယခုကဲ့သို့ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်မှု ယန္တရား ဖရိုဖရဲ ဖြစ်နေခြင်းကြောင့် လတ်တလော ကာလအတွင်း ထိုင်ဝမ်အပေါ် စစ်ရေးအရ အရှိန်မြှင့် လုပ်ဆောင်မှုသည် တရုတ်အတွက် ပိုမိုစွန့်စားရသည့် အခြေအနေဖြစ်သွား စေသည်ဟု ၎င်းကဆိုသည်။
သို့သော် ရေရှည်တွင်မူ တရုတ်စစ်တပ်သည် ပိုမိုသစ္စာရှိပြီး အဂတိလိုက်စားမှုနည်းသော ခေါင်းဆောင်မှုအောက် တွင် ပိုမိုအားကောင်းသည့် စစ်ရေးစွမ်းဆောင်ရည်များ ပိုင်ဆိုင်လာမည်ဖြစ်ကြောင်း နေးလ်က ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်စစ်တပ်၏ ထိပ်သီး ခေါင်းဆောင်ပိုင်း အပြောင်းအလဲသည် ထိုင်ဝမ်အပေါ် စစ်ပွဲဆင်နွှဲရန် တရုတ်၏ အသင့် အနေအထားရှိမှုကို ကြီးကြီးမားမား ထိခိုက်စေလိမ့်မည် မဟုတ်ကြောင်းလည်း Pacific Forum မှ ကျွမ်းကျင်သူ ထန် (Tang) က ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 268
CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၂၆
ဂရင်းလန်းကျွန်းအရေး ကိစ္စမှအစ ယူကရိန်း ပဋိပက္ခအဆုံး အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် (Donald Trump) ၏ ဗဟိုချုပ်ကိုင်မှုရှိသော သံတမန်ရေးရာ ချဉ်းကပ်ပုံများသည် အမေရိကန်၏ မဟာမိတ်များအတွက် ဘေးကျပ် နံကျပ် အခြေအနေများကို ဖြစ်ပေါ်စေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်လက ဂရင်းလန်းကျွန်း၏ နွတ်ခ် (Nuuk) မြို့တော်တွင် ပြုလုပ်ခဲ့သော အမေရိကန်၊ ဒိန်းမတ်နှင့် ဂရင်းလန်း အရာရှိများ၏ ဆွေးနွေးပွဲများ၌ အမေရိကန်က ဂရင်းလန်းကို သိမ်းပိုက်မည့်အကြောင်း ဆွေးနွေးမှုများ မပါဝင်ခဲ့ဘဲ တည်ငြိမ်မှုရှိခဲ့သည်။
သို့သော် ထိုဆွေးနွေးပွဲများအပြီး သီတင်းနှစ်ပတ် အကြာတွင် ထရမ့်က ဂျက်ဖ် လန်ဒရီ (Jeff Landry) ကို ဂရင်းလန်းဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ကြောင်း ကြေညာလိုက်သည့်အခါ ဂရင်းလန်း ကျွန်းနှင့်ပတ်သက်ပြီး တည်ငြိမ်နေသည့် အခြေအနေသည် အဆုံးသတ်သွားခဲ့သည်။
လန်ဒရီက ဂရင်းလန်းကျွန်းကို အမေရိကန်ပြည်ထောင်စု၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာစေရန် ကူညီပေးသွား မည်ဟု လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့သည်။
ထိုပြောကြားချက်သည် ဒိန်းမတ်နိုင်ငံကို တုန်လှုပ်သွားစေခဲ့သလို ဥရောပနှင့် နေတိုးမဟာမိတ်ရေးရာများကို ကိုင်တွယ်နေသည့် အဆင့်မြင့် အမေရိကန်အရာရှိများကိုလည်း အံ့အားသင့်သွားစေခဲ့သည်။
အမေရိကန်အရာရှိ အများအပြားသည် ဂရင်းလန်းကျွန်းနှင့်ပတ်သက်ပြီး ကြိုတင်တိုင်ပင်ခြင်း သို့မဟုတ် အသိ ပေးခြင်း မခံခဲ့ရဘဲ လန်ဒရီ၏ ပြောကြားချက် ထွက်ပေါ်လာသည့် အချိန်ကျမှ သိရှိခဲ့ရခြင်းဖြစ်သည်။
ထိုအချက်က သမ္မတထရမ့်၏ ဗဟိုချုပ်ကိုင်မှုနှင့် ၎င်းတစ်ဦးတည်းအပေါ် အခြေခံသည့် နိုင်ငံခြားရေးမူဝါဒ ချမှတ်မှုပုံစံကို ထင်ဟပ်နေသည်။
ထိုလုပ်ငန်းစဉ်များတွင် အဓိကကျသော သံတမန်များနှင့် အမျိုးသားလုံခြုံရေး ကျွမ်းကျင်သူများသည် ဘေးချိတ် ခံခဲ့ရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ဂရင်းလန်း၊ ယူကရိန်းနှင့် ဆီးရီးယားအရေးတို့ အပါအဝင် အမေရိကန်သံတမန်များကို အံ့အားသင့်စေခဲ့သည့် အိမ်ဖြူတော်၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ရိုက်တာသတင်းဌာနက တောင်းဆိုခဲ့သည်။
ထိုတောင်းဆိုချက်နှင့်ပတ်သက်ပြီး အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အန်နာ ကယ်လီ (Anna Kelly) ကမူ ရိုက်တာသတင်းဌာနထံ သတင်းပေါက်ကြားအောင် လုပ်နေသူများသည် အရေးကြီးသည့် ဆွေးနွေးမှုများတွင် ပါဝင်ခွင့် မရရှိသူများသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် သမ္မတထရမ့်၏ အမျိုးသားလုံခြုံရေးအဖွဲ့၏ အောင်မြင်မှုများသည် စကားဖြင့် ရှင်းပြနေရန် မလိုဘဲ လက်တွေ့ရလဒ်များက သက်သေပြနေပြီးဖြစ်ကြောင်း သူမက ဆိုသည်။
“သမ္မတကြီးဟာ အမေရိကန် ဦးစားပေး (America First) နိုင်ငံခြားရေးမူဝါဒကို ဖော်ဆောင်ဖို့ ရွေးကောက်ခံထား ရတာဖြစ်ပြီး အခုလို အထက်မှအောက်သို့ တိုက်ရိုက် ညွှန်ကြားတဲ့ စနစ်ကတဆင့် အဲဒီမူဝါဒကို ထိထိရောက် ရောက် လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု ကယ်လီက ပြောကြားခဲ့သည်။
လေ့လာသူများကမူ ထရမ့်၏ ခန့်မှန်းရခက်သော ချဉ်းကပ် လုပ်ဆောင်ပုံများသည် အမေရိကန်အပေါ် ထားရှိသည့် မဟာမိတ်များ၏ ယုံကြည်မှုကို ထိခိုက်စေခဲ့ကြောင်း ဝေဖန်ခဲ့ကြသည်။
ယူကရိန်းနှင့် ဆီးရီးယားနိုင်ငံတို့အပေါ် ထားရှိသည့် အမေရိကန်၏ မူဝါဒများတွင်လည်း ယခုကဲ့သို့ပင် ဗဟိုမှ တိုက်ရိုက် ဆုံးဖြတ်သည့် ပုံစံမျိုးကို တွေ့ရှိခဲ့ကြောင်း ၎င်းတို့က ယူဆခဲ့ကြသည်။
ထို့ပြင် ထရမ့်၏ အထက်မှအောက်သို့ တိုက်ရိုက် ညွှန်ကြားသည့် စနစ်သည် လုပ်ငန်းတွင်ကျယ်မှုနှင့် ထိန်းချုပ် နိုင်စွမ်းကို ဦးစားပေးသော်လည်း တစ်ဖက်တွင်မူ မဟာမိတ်နိုင်ငံများကို ဘေးကျပ်နံကျပ် ဖြစ်စေခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 277
CNI International News
ရီးယာ့ဒ်၊ ဇန်နဝါရီ ၂၆
၂၀၂၆ ခုနှစ်အတွင်း ဆော်ဒီနှင့် ယူအေအီးနိုင်ငံတို့ကြား ပိုမိုနက်ရှိုင်းလာသော သဘောထား ကွဲလွဲမှုများသည် အရှေ့အလယ်ပိုင်းဒေသ၏ အခင်းအကျင်းကို အခြေခံမှစပြီး ပြောင်းလဲစေနိုင်သည့် ခြိမ်းခြောက်မှုများ ဖြစ်ပေါ် စေခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
တစ်ချိန်က မဟာမိတ်ဟောင်းများဖြစ်ခဲ့ကြသော ထိုနှစ်နိုင်ငံသည် ဒေသတွင်း သြဇာလွှမ်းမိုးမှုအတွက် ပြိုင်ဆိုင်လာကြသည်။
ဆော်ဒီနှင့် ယူအေအီးသည် ဒေသတွင်း စီးပွားရေး အင်အားကြီးမားသည့် နိုင်ငံများဖြစ်သဖြင့် ၎င်းတို့နှစ်နိုင်ငံကြား တင်းမာမှုများသည် ပြင်းထန်သော ပြိုင်ဆိုင်မှုများကို ဖြစ်ပေါ်စေပြီး ဒေသတွင်းအား ပိုမိုကွဲအက်စေနိုင်ကြောင်း လေ့လာဆန်းစစ်သူများက သတိပေးထားသည်။

ဆော်ဒီနဲ့ယူအေအီး ခေါင်းဆောင် ၂ ဦးကို တွေ့ရစဉ်
ဂါဇာမှအစ ဆီးရီးယားအဆုံး ပဋိပက္ခဖြစ်ပွားရာ ဒေသများ၌ တိုက်ပွဲများ ပြန်လည် ပြင်းထန်လာနေပြီး အရှေ့အလယ်ပိုင်းဒေသသည် ကမ္ဘာ့အခင်းအကျင်းသစ် အပြောင်းအလဲ ဖြစ်ပေါ်နေသည့် ဗဟိုချက်တစ်ခု ဖြစ်လာခဲ့သည်။
ယခုအခါ အရှေ့အလယ်ပိုင်းဒေသသည် အားပြိုင်မှုများ ဆင့်ကဲမြင့်တက်လာနေပြီး ယခင်က မဟာမိတ်ဟောင်း များပင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ထိပ်တိုက် ရင်ဆိုင်နေရကာ ပိုမိုပြင်းထန်သော အကြမ်းဖက်မှုများမှာ ရှောင်လွှဲ၍ မရနိုင်တော့သည့် အနေအထားသို့ ရောက်ရှိလာသည်ဟု လေ့လာဆန်းစစ်သူများက ပြောကြားခဲ့သည်။
“အရှေ့အလယ်ပိုင်းရဲ့ အခင်းအကျင်းသစ် ပေါ်ထွက်လာဖို့က အစောပိုင်းအဆင့်မှာပဲ ရှိနေသေးပေမဲ့ ပြောင်းလွယ် ပြင်လွယ်ရှိတဲ့ မဟာမိတ်ဖွဲ့မှုတွေဟာ အခုကတည်းက စတင်ပုံပေါ်လာပြီ ဖြစ်ပါတယ်” မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) ၏ အရှေ့အလယ်ပိုင်းဆိုင်ရာ ညွှန်ကြားရေးမှူး မိုနာ ယာကူဘီယံ (Mona Yacoubian) က ပြောကြားခဲ့သည်။

ဆော်ဒီနဲ့ယူအေအီး ခေါင်းဆောင် ၂ ဦးကို တွေ့ရစဉ်
ထိုအပြောင်းအလဲများ၏ ဗဟိုချက်တွင် ဆော်ဒီနှင့် ယူအေအီးတို့ကြား ပြင်းထန်လာသည့် အားပြိုင်မှုများ ရှိနေ သည်။
၎င်းတို့သည် ယခင်က အလွန်ရင်းနှီးသော မဟာမိတ်များ ဖြစ်ခဲ့ကြသော်လည်း ယခုအခါတွင် ဒေသတွင်း ခေါင်းဆောင်မှု နေရာအတွက် ၎င်းတို့၏ သက်ဆိုင်ရာ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရင်း အပြိုင်အဆိုင် ဖြစ်လာခဲ့သည်။
ယခုအခါတွင် အရှေ့အလယ်ပိုင်း၌ သိသာစွာ ကွဲထွက်လာသည့် အဓိက အစုအဖွဲ့နှစ်ခုရှိလာခဲ့ပြီး ပထမ အစုအဖွဲ့ မှာ ဆော်ဒီ၊ ကာတာ၊ အိုမန်၊ အီဂျစ်၊ တူရကီနှင့် ပါကစ္စတန်တို့ ပါဝင်ကာ ဒုတိယအစုအဖွဲ့မှာ ယူအေအီး၊ အစ္စရေး နှင့် အိန္ဒိယတို့ ပါဝင်လာခဲ့ကြောင်း ယာကူဘီယံက ပြောကြားခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 333
CNI International News
တိုရွန်တို၊ ဇန်နဝါရီ ၂၆
ကနေဒါနိုင်ငံသည် ကနေဒါနိုင်ငံသားများ၏ စံတန်ဖိုးများကနေ ရှင်သန်နေခြင်းဖြစ်ပြီး အမေရိကန်ကြောင့် မဟုတ်ကြောင်း ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနေး(Mark Carney)က ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ကနေဒါနိုင်ငံသည် အမေရိကန်ကြောင့် ရှင်သန်နေရခြင်း ဖြစ်သည်ဆိုသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ မှတ်ချက်စကားကို ကာနေးက တုန့်ပြန်သည့် အနေဖြင့် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကမ္ဘာကြီးရဲ့ အနာဂတ်ဟာ အာဏာရှင်ဆန်တဲ့ ပုံစံမျိုး ဖြစ်စရာ မလိုဘူးဆိုတာကို ကနေဒါက ပြသသွားနိုင်ပါ တယ်”ဟု ကာနေးက ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ် (Davos) ခရီးစဉ်မှ ပြန်လည် ရောက်ရှိလာပြီးနောက် ပြောကြား ခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ် (Davos) မြို့တွင် ပြုလုပ်ခဲ့သည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင်လည်း ကနေဒါဝန်ကြီးချုပ် ကာနေးက အင်အားကြီးနိုင်ငံများမှ နိုင်ငံငယ်များအပေါ် အကျပ်ကိုင် ခြိမ်းခြောက်ခြင်းကို ပြစ်တင်ရှုတ်ချ ခဲ့သော်လည်း ထိုအချိန်က ထရမ့်၏ အမည်ကို တိုက်ရိုက် ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
သို့သော် ဆွစ်ဇာလန်မှ ကနေဒါသို့ ပြန်လည် ရောက်ရှိချိန်တွင်မူ ကာနေးသည် ဒါးဗို့စ်တွင် ထရမ့် ပြောကြားခဲ့သည့် မှတ်ချက်များကို ပြန်လည်ကိုးကားပြီး ထရမ့်အား တိုက်ရိုက် တုန့်ပြန်ပြောဆိုခဲ့သည်။
“ကနေဒါဟာ အမေရိကန်ကြောင့် ရှင်သန်နိုင်တာပါ။ ဒါကို မှတ်ထားပါ မာ့ခ်။ နောက်တစ်ကြိမ် ခင်ဗျား မိန့်ခွန်း တွေ ပြောတော့မယ်ဆိုရင် အဲဒီအချက်ကို သတိရလိုက်ပါ”ဟု ထရမ့်က ဒါ့ဗို့စ်မြို့တွင် ပြောကြားခဲ့သည်။
သို့သော် ကနေဒါသို့ ပြန်လည်ရောက်ရှိလာသည့် ကာနေးကမူ “ကနေဒါဟာ အမေရိကန်ကြောင့် ရှင်သန်နေရတာ မဟုတ်ပါဘူး။ ကျနော်တို့ဟာ ကနေဒါနိုင်ငံသားတွေ ဖြစ်နေလို့သာ ကနေဒါဟာ ရှင်သန်နေတာပါ”ဟု ဝန်ကြီးချုပ် ကာနေးက ပြန်လည်တုန့်ပြန်ခဲ့သည်။
ကနေဒါနှင့် အမေရိကန်တို့သည် စီးပွားရေး၊ လုံခြုံရေးနှင့် ကြွယ်ဝသော ယဉ်ကျေးမှု ဖလှယ်ရေး ကဏ္ဍများတွင် မိတ်ဖက်အဖြစ် တည်ထောင်ခဲ့ကြသော်လည်း မိမိတို့သည် မိမိနိုင်ငံ၏ အရှင်သခင်များဖြစ်ကြောင်း၊ ကနေဒါသည် မိမိတို့နိုင်ငံဖြစ်ပြီး မိမိတို့ အနာဂတ်လည်းဖြစ်သဖြင့် ကနေဒါနှင့်ပတ်သက်ပြီး မိမိတို့အပေါ်တွင်သာ မူတည် ကြောင်း ကာနေးက ပြောကြားခဲ့သည်။

ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနေးကို တွေ့ရစဉ်
ထို့နောက် အမေရိကန်သမ္မတ ထရမ့်သည် ကနေဒါဝန်ကြီးချုပ် ကာနေးထံ ပေးပို့ထားသည့် ငြိမ်းချမ်းရေး ဘုတ်အဖွဲ့(Board of Peace) တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
“ချစ်ခင်လေးစားအပ်ပါသော ဝန်ကြီးချုပ် ကာနေး ခင်ဗျား။ ယခုစာသည် ခေတ်အဆက်ဆက် ဖွဲ့စည်းခဲ့သမျှ အဖွဲ့ များထဲတွင် ဂုဏ်အသရေ အရှိဆုံး ခေါင်းဆောင်များအဖွဲ့ ဖြစ်လာမည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့သို့ ကနေဒါနိုင်ငံ ပါဝင်ရန် ဖိတ်ကြားထားမှုကို ပြန်လည်ရုပ်သိမ်းကြောင်း အကြောင်းကြားစာ ဖြစ်သည်ဟု မှတ်ယူပါ”ဟု ထရမ့်က လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ကာနေးသည် အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးကို စီမံကြီးကြပ်မည့် ထရမ့်၏ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ (Board of Peace) ကို မကြေညာမီ အချိန်မှာပင် ဒါးဗို့စ် (Davos) မှ ပြန်လည်ထွက်ခွာ သွားခဲ့ခြင်း ဖြစ်သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 315
CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၂၄
အီရန်နိုင်ငံအတွင်း လူထုဆန္ဒပြပွဲများ ပြင်းထန်နေချိန်တွင် အီရန်တပ်ဖွဲ့ဝင်များသည် သေနတ်မောင်းပေါ် လက်တင်ထားပြီး အသင့်ပြင်ထားကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC)၏ တပ်မှူး ဗိုလ်ချုပ်ကြီး မိုဟာမက် ပတ်ခ်ပူ (Mohammad Pakpour) က အမေရိကန်နှင့် အစ္စရေးတို့အား ဇန်နဝါရီ ၂၂ ရက်တွင် သတိပေး ခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
တစ်ချိန်တည်းမှာပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကမူ အီရန်အစိုးရသည် ဆွေးနွေးမှုများ ပြုလုပ်ရန် စိတ်ဝင်စားနေဆဲ ဖြစ်ပုံရကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သည် ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း အီရန်နှင့်အစ္စရေးကြား ဖြစ်ပွားခဲ့သည့် ၁၂ ရက်ကြာ စစ်ပွဲအတွင်း အီရန်၏ နျူကလီးယား စက်ရုံများကို ဗုံးကြဲတိုက်ခိုက်ခဲ့ကာ မကြာသေးမီကလည်း အီရန်အပေါ် စစ်ရေး ခြိမ်းခြောက်မှုများကို ဆက်တိုက် ထုတ်ပြန်ခဲ့သည်။
ဇန်နဝါရီ ၂၂ ရက်ကလည်း ထရမ့်က အမေရိကန်၏ ရေတပ်စစ်သင်္ဘော အုပ်စုကြီးသည် ပါရှန်းပင်လယ်ကွေ့သို့ ဦးတည် ခုတ်မောင်းနေပြီဖြစ်ကြောင်း အတည်ပြုခဲ့ပြီး အီရန်ကို အနီးကပ်စောင့်ကြည့်နေကြောင်း ပြောကြားခဲ့ သည်။
အီရန်တွင် ဒီဇင်ဘာလကုန်ပိုင်းက စတင်ခဲ့သည့် ဆန္ဒပြမှုများသည် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီ (Ayatollah Ali Khamenei) ဦးဆောင်သည့် အီရန်အစိုးရကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
သို့သော် အီရန်အစိုးရ၏ အင်အားသုံး နှိမ်နင်းမှုများကြောင့် ဆန္ဒပြမှုများ အရှိန်အဟုန် ပြန်လည် ကျဆင်းသွားခဲ့ပြီး လူပေါင်းထောင်ချီ သေဆုံးခဲ့ရကြောင်း တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့သည်။
ထရမ့်သည် ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ် (Davos) မြို့တွင် ပြုလုပ်ခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်မှ အပြန် Air Force One လေယာဉ်ပေါ်၌ သတင်းထောက်များနှင့် တွေ့ဆုံချိန်က အမေရိကန်အနေဖြင့် အီရန်သို့ ကြီးမားသည့် ရေတပ် စစ်သင်္ဘောအုပ်စုကို အရေးပေါ် အခြေအနေအတွက် စေလွှတ်ထားကြောင်း ပြောကြားခဲ့သည်။
“ဘာပြဿနာမှ ဖြစ်မလာတာကိုပဲ ကျနော် ပိုလိုလားပါတယ်။ ဒါပေမဲ့ ကျနော်တို့ သူတို့ကို အလွန်အနီးကပ် စောင့်ကြည့်နေပါတယ်” ဟု ထရမ့်က ထပ်လောင်းပြောကြားခဲ့သည်။
အကယ်၍ အီရန်၏ အမြင့်ဆုံးခေါင်းဆောင် ခါမေနီကို ပစ်မှတ်ထားမှုကို လက်စားချေသည့် အနေဖြင့် အီရန်က မိမိ၏ အသက်အန္တရာယ်ကို ထိပါးရန် ကြိုးပမ်းလာပါက အမေရိကန်သည် အီရန်ကို ကမ္ဘာ့မြေမျက်နှာပြင်ပေါ်မှ အစပျောက်အောင် ဖျက်ဆီးပစ်မည်ဟုလည်း ထရမ့်က ဇန်နဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 243
CNI International News
အင်ချွန်၊ ဇန်နဝါရီ ၂၄
ကမ္ဘောဒီးယားနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းများတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသူ ၇၃ ဦးကို တောင်ကိုရီးယား နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး ၎င်းတို့သည် တောင်ကိုရီးယားနိုင်ငံသား ၈၀၀ ကျော်ထံမှ အမေရိကန်ဒေါ်လာ ၃၃ သန်းခန့် လိမ်လည်ခဲ့သည်ဟု စွပ်စွဲခံထားရကြောင်း CNA မှ ဖော်ပြခဲ့သည်။
ယခုပြန်လည် ခေါ်ယူခဲ့သည့်အဖွဲ့သည် ကမ္ဘောဒီးယားမှ တောင်ကိုရီးယားသို့ ပြန်ပို့သည့် အဖွဲ့များထဲတွင် လူအများဆုံး ပါဝင်သည့်အဖွဲ့ဖြစ်ပြီး ၎င်းတို့စီးနင်းလာသော လေယာဉ်သည် ဇန်နဝါရီ ၂၃ ရက်၌ အင်ချွန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့သည်။
တောင်ကိုရီးယား ရုပ်သံဌာနများ၏ ဖော်ပြချက်များအရ နှာခေါင်းစည်းများ ဝတ်ဆင်ထားသည့် သံသယရှိသူ များကို ရဲတပ်ဖွဲ့က လေယာဉ်ပေါ်မှ စောင့်ကြပ် ခေါ်ဆောင်လာပြီး အသင့်စောင့်နေသော ဘတ်စ်ကားပေါ်သို့ တင်ဆောင်သွားသည်ကို တွေ့ရသည်။
“နိုင်ငံပြင်ပမှာ ပြစ်မှုကျူးလွန်ရင် ပြစ်ဒဏ်ကနေ လွတ်မြောက်နိုင်မယ်လို့ ထင်နေရင် ဒါဟာ အကြီးအကျယ် မှားယွင်းတဲ့ အတွေးပဲ ဖြစ်ပါတယ်”ဟု လေဆိပ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ တောင်ကိုရီးယား ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
“ကျနော်တို့ နိုင်ငံသားတွေကို နစ်နာစေတဲ့ ပြစ်မှုတွေကို အဆုံးထိ လိုက်လံနှိမ်နင်းသွားမှာဖြစ်ပြီး သူတို့ကျူးလွန် ခဲ့တာတွေအတွက် အရေးယူသွားမှာပါ” ဟု ထိုရဲအရာရှိက ဆက်လက် ပြောကြားခဲ့သည်။

တောင်ကိုရီးယားကို ပြန်လွှဲပေးစဉ်
နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရာရှိတစ်ဦးကလည်း နယ်စပ်ဖြတ်ကျော် ကျားဖြန့်ဂိုဏ်းများ အမြစ်ပြတ်သွားသည် အထိ တောင်ကိုရီးယားသည် ကမ္ဘောဒီးယားနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ယခုကဲ့သို့ လူအုပ်စုလိုက် ပြန်လည်ခေါ်ယူနိုင်ခြင်းသည် နှစ်နိုင်ငံ ပူးပေါင်းစုံစမ်းစစ်ဆေးမှု၏ ရလဒ်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ကန်ယူဂျောင် (Kang Yu-jung) က သီးခြားရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးရေး အရာရှိများသည် ကျားဖြန့်စင်တာ ၇ ခုကို ဖော်ထုတ်နိုင်ခဲ့ပြီး ထိုစင်တာများတွင် ဖမ်းဆီးရမိခဲ့ သည့် သံသယရှိသူများသည် တောင်ကိုရီးယားနိုင်ငံသား ၈၆၉ ဦးထံမှ အွန်လိုင်းမှတဆင့် ဝမ် ၄၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၃ သန်းခန့်) ကို လိမ်လည်ခဲ့ကြောင်း ကန် (Kang) က ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ အတွင်းကလည်း ကျားဖြန့်ဂိုဏ်းများတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသည့် တောင်ကိုရီးယားနိုင်ငံသား ၆၄ ဦးကို တောင်ကိုရီးယားသို့ ပြန်လည်ပို့ဆောင်ခဲ့ဖူးသည်။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 299
CNI International News
တိုကျို၊ ဇန်နဝါရီ ၂၄
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) သည် ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပမည့် ရှောင်တခင် ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် လွှတ်တော်ကို ဇန်နဝါရီ ၂၃ ရက်၌ ဖျက်သိမ်းလိုက် ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ဂျပန်လွှတ်တော်ဥက္ကဋ္ဌက အောက်လွှတ်တော်ကို တရားဝင် ဖျက်သိမ်းကြောင်း ကြေညာချက်အား ဖတ်ကြားခဲ့ချိန် တွင် လွှတ်တော်အမတ်များက ဂျပန်ရိုးရာ အောင်ပွဲခံ ဟစ်ကြွေးသံဖြစ်သော "ဘန်ဇိုင်း" (Banzai) ဟု အော်ဟစ်ကာ တုန့်ပြန်ခဲ့ကြသည်။
လွှတ်တော်အမတ် ၄၆၅ ဦး ပါဝင်သည့် အောက်လွှတ်တော်ကို ဖျက်သိမ်းလိုက်ခြင်းသည် လာမည့် သီတင်းပတ် တွင် တရားဝင် စတင်မည့် ၁၂ ရက်ကြာ ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးရေး ကာလအတွက် လမ်းခင်းပေး လိုက်ခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံ၏ ပထမဆုံးသော အမျိုးသမီး ဝန်ကြီးချုပ် တာကာအီချီသည် ရွေးကောက်ပွဲ ကျင်းပမည့် ၎င်း၏ ရည်ရွယ်ချက်ကို ဇန်နဝါရီ ၁၉ ရက်ကတည်းက ကြေညာခဲ့ခြင်းဖြစ်သည်။
တာကာအီချီသည် ပြီးခဲ့သည့် အောက်တိုဘာလတွင် ဂျပန်၏ ပထမဆုံး အမျိုးသမီး ခေါင်းဆောင်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ရာထူးသက်တမ်း (၃) လသာ ရှိသေးသော်လည်း ၎င်းအပေါ် လူထုထောက်ခံမှုနှုန်းမှာ ၇၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာခဲ့သည်။
တာကာအီချီသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း လူထုထောက်ခံမှုများစွာ ဆုံးရှုံးခဲ့ရသည့် အာဏာရပါတီ အတွက် ၎င်း၏ လူထုထောက်ခံမှုနှုန်းကို အသုံးချကာ ဆုံးရှုံးသွားသော လွှတ်တော်နေရာများကို ပြန်လည် ရယူ နိုင်ရန် မျှော်လင့်ထားသည်။

ဂျပန်လွှတ်တော်ကို တွေ့ရစဉ်
“တာကာအီချီ အစိုးရအဖွဲ့အပေါ် လူထုထောက်ခံမှု မြင့်မားနေတာဟာ LDP ပါတီအပေါ် အပြုသဘောဆောင်တဲ့ ရလဒ် ထွက်ပေါ်လာမလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး” ဟု ဆူကူဘာတက္ကသိုလ် (University of Tsukuba) မှ နိုင်ငံရေးသိပ္ပံပါမောက္ခ ဟီဒီဟီရို ယာမာမိုတို (Hidehiro Yamamoto) က ပြောကြား ခဲ့သည်။
ယခုရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလအတွင်း အဓိကထား ဆွေးနွေးမည့် အကြောင်းအရာများမှာ ကုန် ဈေးနှုန်း မြင့်တက်မှုကို ကိုင်တွယ်ဖြေရှင်းရေး၊ တရုတ်နိုင်ငံနှင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို အလေးပေး ဆောင်ရွက်ရေးတို့ဖြစ်ကြောင်း ဂျပန်နိုင်ငံ၏ NHK သတင်းဌာနက ဖော်ပြခဲ့ သည်။
ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး တာကာအီချီ၏ မှတ်ချက်စကားကြောင့် ဂျပန်နှင့် တရုတ်ကြား သံတမန်ရေး တင်းမာမှုများသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက စတင်ဖြစ်ပွားလာခဲ့သည်။
တရုတ်အနေဖြင့် ထိုင်ဝမ်ကို စစ်ရေးအရ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်လာပါက ဂျပန်နိုင်ငံလည်း ကြားဝင် ဆောင်ရွက်မည်ဖြစ်ကြောင်း တာကာအီချီက ပြောကြားခဲ့ပြီးနောက် တရုတ်နှင့် တင်းမာမှုများ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 409
CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၂၃
ထိုင်း၊ တရုတ်နှင့် ကမ္ဘောဒီးယားကြား သုံးပွင့်ဆိုင် ဆွေးနွေးမှုများသည် မျှော်မှန်းထားသည့်အတိုင်း အပြုသဘော ဆောင်သည့် ရလဒ်များ ထွက်ပေါ်ခဲ့ပြီး ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားမှုကို ဖြေရှင်းရန် တိုးတက်မှုများ ရရှိခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက် ဖောင်ကတ်ကဲအို (Sihasak Phuangketkeow) က ပြော ကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ယူရှီ(Yuxi) မြို့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi)၊ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန်း (Prak Sokhonn) တို့နှင့် ဇန်နဝါရီ ၁၉ ရက်က ပြုလုပ်ခဲ့သည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ အပြီး၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်သည် ကြားဝင်စွက်ဖက်သည့် အဖွဲ့အစည်းအဖြစ် မဟုတ်ဘဲ ညှိနှိုင်းဆောင်ရွက်ပေးသူ အဖြစ်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်အစိုးရသည် ဆွေးနွေးပွဲ ကျင်းပရန် နေရာ စီစဉ်ပေးခြင်းနှင့် နှစ်ဖက် ကိုယ်စားလှယ်များ တွေ့ဆုံနိုင်ရန် ကူညီခဲ့ပြီး သင့်တော်သည့် နေရာများတွင် ပံ့ပိုးမှုများ ပေးခဲ့သော်လည်း ဆွေးနွေးပွဲ၏ အနှစ်သာရပိုင်းကိုမူ ညွှန်ကြားခြင်း သို့မဟုတ် လွှမ်းမိုးခြင်းမျိုး မပြုလုပ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ထိုင်းနိုင်ငံအနေနဲ့ ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခကို နှစ်နိုင်ငံချင်းသာ ဖြေရှင်းရမယ်ဆိုတဲ့ ရပ်တည်ချက်ကို တစိုက် မတ်မတ် ဆုပ်ကိုင်ထားပါတယ်။ တတိယနိုင်ငံက ဘယ်လောက်ပဲ စေတနာကောင်းကောင်းနဲ့ ကူညီပါစေ၊ ဒီကိစ္စ ဟာ နောက်ဆုံးမှာတော့ သက်ဆိုင်ရာ နှစ်နိုင်ငံကသာ ဖြေရှင်းရမယ့် ကိစ္စဖြစ်ပါတယ်”ဟု မစ္စတာသီဟဆက်က ပြောကြားခဲ့သည်။

တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား သုံးပွင့်ဆိုင် တွေ့ဆုံမှုကိုတွေ့ရစဉ်
ယနေ့အချိန်ထိ အကြီးမားဆုံး အောင်မြင်မှုမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိမှုဖြစ်ပြီ ထိုင်းနိုင်ငံ၏ ဦးစားပေးကိစ္စမှာ ထိုအပစ်အခတ်ရပ်စဲရေးကို ရေရှည်တည်တံ့ ခိုင်မြဲစေရန်ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။
အပစ်အခတ်ရပ်စဲရေး တည်တံ့ခိုင်မြဲရေးအတွက် သဘောတူထားသော စည်းကမ်းချက်များကို တိကျစွာ လိုက်နာ ရန်၊ မြေပြင်တွင် မလိုလားအပ်သော ဖြစ်ရပ်များ မဖြစ်ပွားအောင် ရှောင်ရှားရန်နှင့် ရန်စမှုများ သို့မဟုတ် အသာစီး ရယူရန် ကြိုးပမ်းမှုများကို တားဆီးဖို့ လိုအပ်ကြောင်း သီဟဆက်က ပြောသည်။
ထိုအချက်များအားလုံးသည် နှစ်နိုင်ငံကြား ယုံကြည်မှု တည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
အဓိကကျသော အချက်တစ်ခုမှာ နယ်စပ်ဒေသတစ်လျှောက် မြေမြှုပ်မိုင်းများ ရှင်းလင်းရေးဖြစ်ပြီး အပစ်အခတ် ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းနိုင်ပါက နှစ်နိုင်ငံစလုံး အနေဖြင့် စနစ်တကျရှိသည့် လုပ်ငန်းစဉ်များမှတဆင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေရန် နောက်ထပ် ခြေလှမ်းများကို ဆွေးနွေးနိုင်မည် ဖြစ်ကြောင်းလည်း သီဟဆက်က ပြောကြားခဲ့သည်။
“ဒီအဆင့်မှာ နှစ်ဖက်စလုံးကြားက ရိုးသားဖြောင့်မတ်မှုဟာ အရေးအကြီးဆုံးပါပဲ။ အဲဒီ ရိုးသားမှုကို ရေရှည် တည်တံ့တဲ့ အပစ်အခတ်ရပ်စဲရေးကတဆင့် သက်သေပြရမှာဖြစ်ပြီး။ အဲဒီနောက်မှာတော့ နယ်စပ်ပဋိပက္ခတွေကို တားဆီးဖို့ ယုံကြည်မှုတည်ဆောက်ရေး အစီအစဉ်တွေ၊ တင်းမာမှုတွေ ဖြစ်လာရင် တိုက်ရိုက်ဆက်သွယ် ဆောင် ရွက်တာတွေနဲ့ မိုင်းရှင်းလင်းရေးမှာ ပူးပေါင်းဆောင်ရွက်တာတွေကို လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 232
CNI International News
ဒါကာ၊ ဇန်နဝါရီ ၂၃
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ(Sheikh Hasina)၏ အစိုးရအဖွဲ့ကို ပြုတ်ကျစေခဲ့သည့် ၂၀၂၄ ခုနှစ် လူထုအုံကြွမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် တရားဝင် မဲဆွယ်စည်းရုံးမှုများကို ဇန်နဝါရီ ၂၂ ရက်၌ စတင်ပြီဖြစ်ကြောင်း CNA မှ ဖော်ပြခဲ့သည်။
နိုင်ငံမြောက်ပိုင်း ဆေးလက် (Sylhet) မြို့၏ လမ်းမများပေါ်တွင် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ(BNP)၏ ခေါင်းဆောင် တာရစ် ရာမန် (Tarique Rahman) ကို ထောက်ခံ အားပေးသူများက အလံများအား ဝှေ့ယမ်းကာ ၎င်း၏အမည်ကို အော်ဟစ်နှုတ်ဆက်ခဲ့ကြသည်။
BNP ပါတီကို ထောက်ခံသူများသည် ပြည်ပတွင် ၁၇ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် ပြီးခဲ့သည့် ဒီဇင်ဘာလ၌ ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည် ရောက်ရှိလာသည့် ရာမန်၏ ပိုစတာများအား ကိုင်ဆောင်ခဲ့ကြပြီး ၎င်းအား ထောက်ခံသည့် ဆောင်ပုဒ်များကို ဟစ်ကြွေးခဲ့ကြသည်။
အင်အားအကြီးဆုံး အစ္စလာမ္မစ်ပါတီဖြစ်သည့် ဂျမတ်-အီ-အစ္စလာမ်မီ (Jamaat-e-Islami) ပါတီသည်လည်း ဒါကာ မြို့တော်တွင် မဲဆွယ်စည်းရုံးမှုများကို စတင်ပြုလုပ်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပါတီများ မဲဆွယ်နေကြစဉ်
လူဦးရေ သန်း ၁၇၀ ရှိသော ဘင်္ဂလားဒေ့ရှ်တွင် လွှတ်တော်ကိုယ်စားလှယ် ၃၅၀ ကို ရွေးချယ်တင်မြှောက်ရန် အတွက် ဖေဖော်ဝါရီ ၁၂ ရက်၌ မဲပေးမည်ဖြစ်သည်။
ဟာစီနာအစိုးရ ပြုတ်ကျပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့ပြီး ယခုကျင်းပမည့် ရွေးကောက်ပွဲသည် ခေါင်းဆောင်မှုအသစ်ကို ဖော်ဆောင်ပေးလိမ့်မည်ဟု မျှော်လင့်ထားကြသလို ပြည်တွင်းနိုင်ငံရေး အခြေအနေနှင့် ဒေသတွင်း အင်အားချိန်ခွင်လျှာများကိုပါ ပုံဖော်ပြောင်းလဲနိုင်လိမ့်မည်ဟု ကျွမ်းကျင်သူများက ယူဆထားကြ သည်။
ဥရောပသမဂ္ဂ၏ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ကလည်း ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲသည် ၂၀၂၆ ခုနှစ်၏ အကြီးမားဆုံး ဒီမိုကရေစီ ဖြစ်စဉ်တစ်ခု ဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တာရစ်ဇီယာ (Tarique Zia) ဟု လူသိများသည့် အသက် ၆၀ အရွယ် ရာမန်သည် ပြီးခဲ့သည့် ဒီဇင်ဘာလက ကွယ်လွန်သွားခဲ့သော ၎င်း၏မိခင် ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာ (Khaleda Zia) ထံမှ BNP ပါတီ၏ ခေါင်းဆောင်မှုတာဝန်ကို လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။
လူထုအုံကြွမှုကို ဦးဆောင်ခဲ့သည့် ကျောင်းသားခေါင်းဆောင်များ စုပေါင်းဖွဲ့စည်းထားသော နေရှင်နယ် စီတီဇင် ပါတီ (NCP) သည်လည်း ဂျမတ် (Jamaat) ပါတီနှင့် မဟာမိတ်ဖွဲ့ကာ ဒါကာမြို့တော်တွင် မဲဆွယ်စည်းရုံးမှုများ စတင်ပြုလုပ်ခဲ့သည်။
Source: CNA
