CNI International News
ဘေဂျင်း၊ သြဂုတ် ၂၉
တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်တွင် ပြုလုပ်မည့် အနောက်အုပ်စုကို ဆန့်ကျင်သည့် တရုတ်၏ စစ်ရေးပြ အခမ်းအနားအား ရုရှားသမ္မတ ပူတင် (Vladimir Putin) နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) တို့ တက်ရောက်မည်ဖြစ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ကြောင့် ကင်မ်နှင့်ပူတင်တို့သည် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့်အတူ ပထမဆုံးအကြိမ်အဖြစ် လူမြင်ကွင်းတွင် ပေါ်ထွက်လာမည်ဖြစ်ပြီး အနောက်နိုင်ငံများ၏ ဖိအားကို ဖီဆန်သည့် လက္ခဏာကို ပြသလိမ့် မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ပြည်ပနိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနှင့် အစိုးရခေါင်းဆောင် ၂၆ ဦး တက်ရောက်မည့် ထိုစစ်ရေးပြ အခမ်းအနားကို ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ် ဖီကို (Robert Fico) မှလွဲပြီး အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်မည် မဟုတ်ပေ။

တရုတ်စစ်ရေးပြနေစဉ်
စက်တင်ဘာ ၃ ရက်တွင် ပြုလုပ်မည့် တရုတ်၏ အောင်ပွဲနေ့ စစ်ရေးပြ အခမ်းအနားအတွင်း တရုတ်၏ မြင့်တက် လာသည့် စစ်အင်အားကို ပြသမည်ဖြစ်သလို ရှီ၊ ပူတင်နှင့် ကင်မ်တို့ သုံးဦးသည် တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယား၏ စည်းလုံးညီညွတ်မှုကိုလည်း ပြသမည်ဖြစ်သည်။
တရုတ်၏ မဟာဗျူဟာမြောက် မိက်ဖက်နိုင်ငံဖြစ်သည့် ရုရှားသည် ၂၀၂၂ ခုနှစ်က ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်မှုကြောင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများ ချမှတ်ခံထားရသည်။
ထို့ပြင် တရုတ်၏ အဓိကမဟာမိတ်ဖြစ်သည့် မြောက်ကိုရီးယားသည်လည်း နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည် စီမံကိန်းများကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပိတ်ဆို့မှုများကို ချမှတ်ခံထားရသည်။
၁၉၃၀ ပြည့်နှစ်နှင့် ၁၉၄၀ ပြည့်နှစ် ကာလများအတွင်း ဂျပန်၏ အင်ပါယာချဲ့ထွင်မှုနှင့်အတူ ကာလကြာရှည် ဖြစ်ပွားခဲ့သည့် စစ်ပွဲအတွင်း သန်းနှင့်ချီသည့် တရုတ်လူမျိုးများ သေဆုံးခဲ့သည်။

ရှီကျင့်ဖျင်၊ ကင်မ်ဂျုံအန်၊ ပူတင်တို့ကို တွေ့ရစဉ်
ထို့နောက် ၁၉၄၁ ခုနှစ်တွင် ဂျပန်က ပုလဲဆိပ်ကမ်းကို တိုက်ခိုက်ခဲ့ပြီးနောက် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတွင် ပါဝင်လာခဲ့သည်။
ကင်မ်သည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလက တရုတ်သမ္မတ ရှီနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် တရုတ်သို့ သွားရောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် တရုတ်၏ စစ်ရေးပြ အခမ်းအနားကိုမူ တက်ရောက်ခဲ့ခြင်း မရှိပေ။
ယခုနှစ်တွင် ပြုလုပ်မည့် စစ်ရေးပြ အခမ်းအနားကို တက်ရောက်မည့် ခေါင်းဆောင်များအနက် ဘယ်လာရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကို ( Aleksandr Lukashenko) ၊ အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် (Masoud Pezashkian) ၊ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) နှင့် တောင်ကိုရီးယား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဝူဝမ်ရှစ် (Woo Won-shik) တို့ ပါဝင်မည်ဖြစ်ကြောင်း တရုတ်ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ဟုန်လိုင် (Hong Lei) က ပြောကြားခဲ့သည်။
ထို့ပြင် ဆားဘီးယားသမ္မတ အလက်ဇန္ဒား ဗူစစ် (Aleksandar Vucic) ၊ ကုလသမဂ္ဂ၏ ဒုတိယအတွင်းရေးမှူးချုပ် လီကျန်ဟွာ (Li Junhua) တို့လည်း တက်ရောက်မည်ဟု ဟုန်က ပြောကြားခဲ့သည်။
Source: ရိုက်တာ
 
	    	  	
	    	       
	    
	  	   
			 
		 
			 
			 
                        
