- By CNI
- Category: နိုင်ငံရေး
- Hits: 264
CNI International News
မော်စကို၊ ဇန်နဝါရီ ၂၃
ဂရင်းလန်းကျွန်း (Greenland) ပိုင်ဆိုင်မှုကိစ္စသည် ရုရှား၏ စိုးရိမ်စရာကိစ္စ မဟုတ်ကြောင်းနှင့် ထိုကျွန်းနှင့် ပတ်သက်ပြီး အမေရိကန်နှင့် ဒိန်းမတ်တို့သာ ဖြေရှင်းရမည့်ကိစ္စဖြစ်ကြောင်း ရုရှားသမ္မတ ပူတင် (Vladimir Putin) က ဇန်နဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ဂရင်းလန်းကျွန်းကို ရယူရန် ကြိုးပမ်းမှုကြောင့် အမေရိကန်နှင့် ဥရောပကြား သဘောထားကွဲလွဲမှု ပိုမိုကြီးမားလာမှုအပေါ် ရုရှားက ကျေနပ်အားရစွာ စောင့်ကြည့် နေခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။
ထရမ့်၏ လှုပ်ရှားမှုများသည် အာတိတ်ဒေသတွင် အင်အားတောင့်တင်းစွာ ရှိနေပြီးသားဖြစ်သော ရုရှားနိုင်ငံအပေါ် သက်ရောက်မှုများ ရှိလာနိုင်သော်လည်း ရုရှားက ဂရင်းလန်းကျွန်းကို စိတ်ပူစရာကိစ္စ မဟုတ်ကြောင်း ရှုမြင်နေ ခြင်း ဖြစ်သည်။

ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်းကို တွေ့ရစဉ်
ထရမ့်သည် ဂရင်းလန်းကျွန်းကို ရယူရန်အတွက် ဖိအားတစ်ခုအဖြစ် အသုံးပြုခဲ့သည့် ဥရောပနိုင်ငံများအပေါ် ကုန်သွယ်ခွန် ကောက်ခံမည့် ခြိမ်းခြောက်မှုအား ပြန်လည်ရုပ်သိမ်းခဲ့ပြီး စစ်အင်အား အသုံးပြုတော့မည် မဟုတ် ကြောင်းလည်း ဇန်နဝါရီ ၂၁ ရက်က ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ် (Davos) မြို့တွင် ပြောကြားခဲ့သည်။
ဆယ်စုနှစ်များစွာအတွင်း အမေရိကန်နှင့် ဥရောပကြား အကြီးမားဆုံး သဘောထား ကွဲလွဲမှုအား ဖြစ်စေခဲ့သည့် ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်း ပိုင်ဆိုင်မှုကို အဆုံးသတ်ရန် သဘောတူညီချက်တစ်ခု ရရှိရေးကို ဆောင်ရွက်နေ ကြောင်း ထရမ့်က အရိပ်အမြွက် ပြောကြားခဲ့သည်။
ရုရှားသမ္မတ ပူတင်ကမူ ထိုကိစ္စနှင့် ပတ်သက်ပြီး ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ထုတ်ဖော်ပြောကြား ရာတွင် ဂရင်းလန်းကို ထိန်းချုပ်လိုသည့် ထရမ့်၏ ကြိုးပမ်းမှုအား ရုရှားက ကန့်ကွက်မည် မဟုတ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။
ထို့ပြင် ဂရင်းလန်းကျွန်းသည် ဒေါ်လာ ၁ ဘီလီယံ နီးပါး တန်ကြေးရှိနိုင်သည်ဟု ပူတင်က ခန့်မှန်းပြောကြား ခဲ့သည်။

ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
“ဂရင်းလန်းကျွန်းမှာ ဘာတွေပဲဖြစ်ဖြစ် ကျနော်တို့နဲ့ ဘာမှမဆိုင်ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင် ပြောရမယ်ဆိုရင် ဒိန်းမတ်ဟာ ဂရင်းလန်းကို ကိုလိုနီနယ်မြေတစ်ခုလို အမြဲတမ်း ဆက်ဆံခဲ့တာဖြစ်ပြီး အတော်လေးကို ရက်စက် တယ်လို့တောင် ပြောလို့ရတဲ့အထိ ဆက်ဆံခဲ့တာပါ။ ဒါပေမယ့် အဲဒါက တခြားကိစ္စ တစ်ခုဖြစ်သလို အခုအချိန်မှာ တော့ ဘယ်သူကမှလည်း အဲဒါကို စိတ်ဝင်စားပုံ မရပါဘူး” ဟု ပူတင်က ရုရှားလုံခြုံရေးကောင်စီ အစည်းအဝေး တွင် ပြောကြားခဲ့သည်။
၁၈၆၇ ခုနှစ်တွင် ရုရှားနိုင်ငံက အလက်စကာ (Alaska) နယ်မြေကို အမေရိကန်ထံ ဒေါ်လာ ၇.၂ သန်းဖြင့် ရောင်းချ ခဲ့ဖူးကြောင်း၊ ၁၉၁၇ ခုနှစ်တွင် ဒိန်းမတ်နိုင်ငံက ဗာဂျင်းကျွန်းစု (Virgin Islands) ကို အမေရိကန်ထံ ရောင်းချခဲ့ဖူး သည့် ဖြစ်ရပ်များအား ပူတင်က ပြန်ပြောင်းပြောဆိုခဲ့သလို ထိုဖြစ်ရပ်များသည် ယခုကဲ့သို့ နယ်မြေ အရောင်း အဝယ် ပြုလုပ်ခြင်းအတွက် စံနမူနာများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုအချိန်က အလက်စကာ၏ ရောင်းဈေးကို လက်ရှိ ငွေကြေးဖောင်းပွမှုနှုန်း၊ ဂရင်းလန်း၏ ပိုမိုကြီးမားသော အရွယ်အစားနှင့် ရွှေဈေးနှုန်း အပြောင်းအလဲများအပေါ် မူတည်၍ တွက်ချက်ကြည့်ပါက ဒိန်းမတ်ထံမှ ဂရင်းလန်း ကို ဝယ်ယူခြင်းသည် ဒေါ်လာ ၁ ဘီလီယံခန့် ကုန်ကျနိုင်ကြောင်း၊ ထိုပမာဏကို အမေရိကန်က တတ်နိုင်လိမ့် မည်ဟု ထင်မြင်ကြောင်း ပူတင်က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 210
CNI International News
ဆိုးလ်၊ ဇန်နဝါရီ ၂၃
တောင်ကိုရီးယားတွင် သမ္မတဟောင်း ယွန်းဆော့ရွဲ(Yoon Suk Yeol) ၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ်ဟောင်း ဟန်ဒွပ်ဆူး (Han Duck-soo)သည် ဇန်နဝါရီ ၂၁ ရက်က ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံခဲ့ရသည်ဟု CNA မှ ဖော်ပြခဲ့သည်။
ဟန်သည် ယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုကို ကူညီပံ့ပို့ပေးခဲ့သဖြင့် ယခုကဲ့သို့ ထောင်ဒဏ် ချမှတ်ခံခဲ့ရ ခြင်းဖြစ်ကြောင်း တရားရုံးက ပြောကြားခဲ့သည်။
ဟန်သည် ဝန်ကြီးချုပ် တစ်ဦးအနေဖြင့် ထမ်းဆောင်ရမည့် တာဝန်နှင့် ဝတ္တရားများကို အလုံးစုံ လျစ်လျူရှုခဲ့သည် ဟု ဆိုးလ်အလယ်ပိုင်း ခရိုင်တရားရုံးမှ တရားသူကြီး လီဂျင်ဂွမ် (Lee Jin-gwan)က အမိန့်ချမှတ်ချိန်တွင် ပြော ကြားခဲ့သည်။
ဟန်ကို ထောင်ဒဏ် ၂၃ နှစ် ချမှတ်ကြောင်း တရားသူကြီးက အမိန့်ချခဲ့ပြီး ထိုပြစ်ဒဏ်သည် အစိုးရရှေ့နေများက တောင်းဆိုထားသည့် ထောင်ဒဏ် သက်တမ်းထက် ၈ နှစ်ပိုသည့် ပြစ်ဒဏ်ဖြစ်သည်။
ပြစ်ဒဏ်ချမှတ်ပြီးနောက် ဟန် (၇၆ နှစ်)ကို အကျဉ်းထောင်သို့ ချက်ချင်း ပို့ဆောင်ရန်လည်း တရားသူကြီးက အမိန့်ထုတ်ပြန်ခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ဟန်ဒွပ်ဆူးကို တွေ့ရစဉ်
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက ယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အမိန့် ကို ဖျက်ဆီးရန် ရည်ရွယ်ပြီး နိုင်ငံတော်ပုန်ကန်မှုမြောက်သည်ဟု တရားသူကြီးက ပြောကြားခဲ့သည်။
ယွန်းသည် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့ပြီးနောက် နာရီပိုင်း အကြာတွင် လွှတ်တော်က ထိုအမိန့်ကို ပယ်ချခဲ့ ကာ ယွန်းအား စွပ်စွဲပြစ်တင်ခဲ့သည်။
ထို့နောက် ပြီးခဲ့သည့်နှစ် ဧပြီလတွင် အခြေခံဥပဒေဆိုင်ရာတရားရုံးက ယွန်းကို သမ္မတရာထူးမှ ဖယ်ရှားခဲ့သည်။
ဟန်သည် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုတွင် ပါဝင် ပတ်သက်ခဲ့သည့်အတွက် တရားရင်ဆိုင်နေရသော အရာရှိဟောင်းများထဲမှ တစ်ဦးဖြစ်သည်။
Source: CNA
- By CNI
- Category: နိုင်ငံရေး
- Hits: 287
CNI International News
ဝါရှင်တန်၊ ဇန်နဝါရီ ၂၂
အမေရိကန်သည် စင်္ကာပူအား ဒေါ်လာ ၂.၃ ဘီလီယံ တန်ဖိုးရှိ လက်နက်များ ရောင်းချရန် အတည်ပြုလိုက်ပြီ ဖြစ်သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ထိုလက်နက်ရောင်းချမှု အစီအစဉ်တွင် P-8A Poseidon ကင်းထောက်လေယာဉ်များ၊ တော်ပီဒို (torpedoes) များနှင့် လေကြောင်းရန် ကာကွယ်ရေးစနစ်များ ပါဝင်သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ထိုလက်နက်ရောင်းချမှုနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၂၁ ရက်တွင် အမေရိကန် လွှတ်တော်ကို အကြောင်းကြားခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု အေဂျင်စီ (DSCA) ၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
ထိုလက်နက် ရောင်းချမှုသည် စင်္ကာပူနိုင်ငံ အနေဖြင့် လက်ရှိနှင့် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် ခြိမ်း ခြောက်မှုများကို ရင်ဆိုင်နိုင်ရန်၊ ရန်သူများကို ဟန့်တားနိုင်စွမ်းရှိသော ရေတပ်အင်အားကို ပိုင်ဆိုင်လာစေရန်၊ အမေရိကန်၏ မဟာမိတ် စစ်ဆင်ရေးများတွင် ပါဝင်နိုင်စေရန် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု DSCA က ပြောကြားခဲ့သည်။
ထို့ပြင် ယခု လက်နက်ရောင်းချမှုသည် အာရှဒေသ၏ နိုင်ငံရေး တည်ငြိမ်မှုနှင့် စီးပွားရေး တိုးတက်မှုအတွက် အရေးပါသော အင်အားစုဖြစ်သည့် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်သော စင်္ကာပူ၏ လုံခြုံရေးကို မြှင့်တင် ပေးခြင်းဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒနှင့် အမျိုးသားလုံခြုံရေး ရည်မှန်းချက်များကိုပါ ခိုင်မာစေမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်နက်ရောင်းချမှု အစီအစဉ်တွင် ပါဝင်သည့် ကင်းထောက် လေယာဉ်များကို အရှေ့တောင်အာရှဒေသရှိ စင်္ကာပူ၏ ကျယ်ပြန့်သော ပင်လယ်ရေကြောင်း ဆက်သွယ်ရေးလမ်းကြောင်းများနှင့် သင်္ဘောများ ဖြတ်သန်းသွား လာသည့် ရေလမ်းကြောင်းများကို ကာကွယ်ရန်အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း နိုင်ငံရေးသိပ္ပံပညာရှင် အီယန်ချောင် (Ian Chong) က ပြောကြားခဲ့သည်။

စစ်ဘက်သုံး လေယာဉ်တစ်စင်းကို တွေ့ရစဉ်
Boeing P-8A လေယာဉ် (၄) စင်း ဝယ်ယူမှုသည် နှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိပြီဖြစ်သော စင်္ကာပူ၏ Fokker 50 ပင်လယ်ပြင် ကင်းထောက် လေယာဉ်များကို အစားထိုးမည့် စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း စင်္ကာပူ ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။
စင်္ကာပူကာကွယ်ရေးဝန်ကြီး ချန်းချွန်စင်း (Chan Chun Sing) သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း ပင်တဂွန် စစ်ဌာနချုပ်၌ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆတ် (Pete Hegseth) နှင့် တွေ့ဆုံချိန်တွင် အမေရိကန်လေယာဉ်များကို ဝယ်ယူမည့် အစီအစဉ်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။
အမေရိကန်သည် စင်္ကာပူနိုင်ငံနှင့် လက်နက်ခဲယမ်းများမှအစ F-35 တိုက်လေယာဉ်များအထိ စုစုပေါင်း ဒေါ်လာ ၈.၃၈ ဘီလီယံ တန်ဖိုးရှိသော အစိုးရချင်း တိုက်ရိုက်ရောင်းချမှု အစီအစဉ်များကို လုပ်ဆောင်လျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
စင်္ကာပူ ကာကွယ်ရေးဝန်ကြီးဌာနကလည်း စင်္ကာပူသည် အမေရိကန်ထံမှ မှာယူထားသည့် F-35 တိုက်လေယာဉ် အစင်း ၂၀ အနက် ပထမဆုံးအသုတ်ကို ၂၀၂၆ ခုနှစ် နှောင်းပိုင်းတွင် စတင် လက်ခံရရှိမည်ဖြစ်ကြောင်း အတည်ပြု ခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 350
CNI International News
တီဟီရန်၊ ဇန်နဝါရီ ၂၂
အမေရိကန်အနေဖြင့် အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများ ထပ်မံပြုလုပ်လာလျှင် အီရန်သည် ရှိသမျှအင်အား အကုန်ဖြင့် ပြန်လည် တိုက်ခိုက် သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီ (Abbas Araghchi)က အမေရိကန်ကို သတိပေးခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အီရန်အပေါ် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် အာရက်ချီ၏ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
“တကယ်လို့ နောက်တစ်ကြိမ် တိုက်ခိုက်ခံရမယ်ဆိုရင် ကျနော်တို့ရဲ့ အင်အားတောင့်တင်းတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေဟာ ရှိသမျှအင်အား အကုန်နဲ့ ပြန်လည်တိုက်ခိုက်ဖို့ ဝန်လေးနေမှာ မဟုတ်ပါဘူး” ဟု အာရက်ချီက လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ထိုသတိပေးချက်သည် ပြီးခဲ့သည့်နှစ် ဇွန်လအတွင်း အစ္စရေးက အီရန်အပေါ် ဆင်နွှဲခဲ့သည့် ၁၂ ရက်ကြာ စစ်ပွဲကို ရည်ညွှန်း ပြောဆိုခြင်းဖြစ်သည်။
ယခုပြောကြားချက်သည် ခြိမ်းခြောက်မှု မဟုတ်ဘဲ မိမိအနေဖြင့် ပွင့်ပွင့်လင်းလင်း အသိပေးရန် လိုအပ်သည်ဟု ယူဆထားသည့် ပကတိ အခြေအနေသာဖြစ်ကြောင်း၊ မိမိသည် သံတမန်တစ်ဦးဖြစ်သလို စစ်မှုထမ်းဟောင်း တစ်ဦးလည်း ဖြစ်သဖြင့် စစ်ပွဲကို စက်ဆုပ်ရွံရှာကြောင်း အာရက်ချီက ချေပပြောဆိုခဲ့သည်။
“အင်အားအပြည့်နဲ့ ထိပ်တိုက်ရင်ဆိုင်မှုမျိုး ထပ်ဖြစ်လာခဲ့ရင် ဒေသတစ်ခုလုံးကို ကူးစက်သွားနိုင်တဲ့ ပြင်းထန်တဲ့ စစ်ပွဲဖြစ်လာမှာဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သာမန်ပြည်သူတွေကိုလည်း သက်ရောက်မှု ရှိလာပါလိမ့်မယ်”ဟု အာရက်ချီက ရေးသာခဲ့သည်။

အီရန် ဒရုန်းတွေကိုတွေ့ရစဉ်
ပြီးခဲ့သည့် သီတင်းပတ်က အီရန်နိုင်ငံသည် အမေရိကန်၏ တိုက်ခိုက်မှုများ ဖြစ်လာနိုင်သည့်အတွက် ၎င်း၏ လေပိုင်နက်ကို ပိတ်ခဲ့သည်။
အရှေ့အလယ်ပိုင်းနိုင်ငံများမှ သံတမန်များ၊ အထူးသဖြင့် ပင်လယ်ကွေ့ အာရပ်နိုင်ငံများမှ သံတမန်များကလည်း အီရန်ကို မတိုက်ခိုက်ရန် အမေရိကန်သမ္မတ ထရမ့်ကို ဝိုင်းဝန်းဖျောင်းဖျခဲ့ကြသည်။
သင်္ဘောများကို ခြေရာခံသည့် အချက်အလက်များအရ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တောင်တရုတ်ပင်လယ်တွင် ရှိနေခဲ့သည့် အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် ဇန်နဝါရီ ၂၀ ရက်၌ တောင် တရုတ် ပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်ထားသော မလက္ကာရေလက်ကြားကို ဖြတ်သန်းမောင်းနှင် ခဲ့သည်ကို တွေ့ရှိရသည်။
ထိုလေယာဉ်တင်သင်္ဘော ဦးဆောင်သည့် စစ်ဆင်ရေးအဖွဲ့သည် အရှေ့အလယ်ပိုင်းသို့ ဦးတည်နေခြင်းဖြစ်သည်ဟု အမေရိကန် ကာကွယ်ရေးအရာရှိများက တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း လက်ရှိ အိန္ဒိယသမုဒ္ဒရာ အတွင်း ရောက်ရှိနေသော တည်နေရာအရ အရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိရန် ရက်ပိုင်းသာ လိုတော့သည့် အနေအထားတွင် ရှိနေကြောင်း သိရသည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 361
CNI International News
ကာရာကက်စ်၊ ဇန်နဝါရီ ၂၂
ဗင်နီဇွဲလားသမ္မတ မာဒူရို (Nicolas Maduro) ကို ဇန်နဝါရီလ အစောပိုင်းတွင် အမေရိကန်မှ ဖမ်းဆီးခဲ့ပြီးနောက် အမေရိကန်က ရောင်းချပေးခဲ့သည့် ဗင်နီဇွဲလားရေနံစိမ်းများ ရောင်းရငွေများအနက် ပထမဆုံးအသုတ်ဖြစ်သော ဒေါ်လာ သန်း ၃၀၀ ကို ဗင်နီဇွဲလားနိုင်ငံက လက်ခံရရှိပြီဖြစ်ကြောင်း DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
အမေရိကန်အစိုးရသည် ဗင်နီဇွဲလား ရေနံစိမ်းများကို ဒေါ်လာ သန်း ၅၀၀ ဖိုး ရောင်းချပေးခဲ့ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။
“ကျမတို့ ရေနံရောင်းရငွေတွေ ရရှိခဲ့ပြီဆိုတာ အသိပေးချင်ပါတယ်။ ပထမဦးဆုံးရရှိတဲ့ ဒေါ်လာ သန်း ၅၀၀ ထဲက သန်း ၃၀၀ ကို အခု လက်ခံရရှိထားပြီး ဖြစ်ပါတယ်”ဟု ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ် (Delcy Rodriguez) က ဇန်နဝါရီ ၂၀ ရက်တွင် ကာရာကတ်စ် (Caracas) မြို့တော်၌ ပြုလုပ်သော အခမ်းအနားတစ်ခုမှာ ပြောကြားခဲ့သည်။
ရေနံရောင်းရငွေများမှ ရရှိသည့် ပထမဆုံး ဒေါ်လာ သန်း ၃၀၀ (ယူရို ၂၅၆ သန်း)ကို အလွန်တန်ဖိုး ကျဆင်းနေ သော ဗင်နီဇွဲလားနိုင်ငံသုံး ဘိုလီဗာ (Bolivar) ငွေကြေး၏ တန်ဖိုးကို ပြန်လည်မြှင့်တင်ရန် အသုံးပြုသွားမည်ဟု ပြောကြားခဲ့သည်။

အမေရိကန်ရဲ့ PDVSA ရေနံကုမ္ပဏီကိုတွေ့ရစဉ်
ထို့ပြင် ရေနံရောင်းရငွေများအား အလုပ်သမားများ၏ ဝင်ငွေနှင့် ဝယ်လိုအားကို ကာကွယ်ရန်အတွက် နိုင်ငံခြားငွေ လဲလှယ်နှုန်း ဈေးကွက်ကို တည်ငြိမ်အောင် လုပ်ဆောင်ရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ဗင်နီဇွဲလား ယာယီသမ္မတက ပြောသည်။
အမေရိကန်၏ ရေနံရောင်းချမှု အသေးစိတ် အချက်အလက်များကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ဗင်နီဇွဲလား ရေနံစိမ်းများကို အခြားနိုင်ငံများမှ ထွက်ရှိသည့် ရေနံများနှင့် နှိုင်းယှဉ်ပါက ကုန်သည်များအား ဈေးလျှော့၍ ကမ်းလှမ်းရောင်းချခဲ့ခြင်းဖြစ်ကြောင်း ရိုက်တာက ဖော်ပြခဲ့သည်။
တစ်ချိန်တည်းမှာပင် ဗင်နီဇွဲလား လွှတ်တော်အမတ်များသည် ရေနံလုပ်ငန်းကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဥပဒေများ ကို ယခုသီတင်းပတ်အတွင်း ဆွေးနွေးရန် စီစဉ်ထားကြသည်။
မျှော်မှန်းထားသည့် ပြုပြင်ပြောင်းလဲမှုများတွင် ရင်းနှီးမြှုပ်နှံမှု အသစ်များအပေါ် နိုင်ငံပိုင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကုမ္ပဏီဖြစ်သော PDVSA ၏ ချုပ်ကိုင်မှုကို လျှော့ချပေးရေး အစီအစဉ်များ ပါဝင်သည်။
လက်ရှိ ကျင့်သုံးနေသော နိုင်ငံ၏ ဟိုက်ဒရိုကာဗွန်ဥပဒေအရ နိုင်ငံခြား မိတ်ဖက်ကုမ္ပဏီများသည် PDVSA နှင့် ပူးတွဲလုပ်ဆောင်ရန် လိုအပ်ပြီး PDVSA ကုမ္ပဏီကသာ အစုရှယ်ယာ အများစုကို ပိုင်ဆိုင်ထားရမည်ဟု သတ်မှတ် ထားသည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 489
CNI International News
ဒါကာ၊ ဇန်နဝါရီ ၂၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွင်း လူငယ်များဦးဆောင်သည့် ဆန္ဒပြမှုများ၊ ဆူပူအုံကြွမှုများ ကြောင့် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheik Hasina) ရာထူးမှ ပြုတ်ကျသွားပြီးနောက် မကြာမီ အချိန်အတွင်း ဂျမတ် အီ အစ္စလာမ္မစ် (Jamaat-e-Islami) ပါတီသည် နိုင်ငံရေးဩဇာကြီးမားလာ၍ စိုးရိမ်မှုများ မြင့်တက်လာ ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
လူဦးရေ ၁၇၅ သန်းရှိသော မူဆလင် အများစု နေထိုင်သည့် ဘင်္ဂလားဒေ့ရှ်တွင် ဟာစီနာ၏ အာဝါမီလိဂ်(Awami League)ပါတီမှာ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရသည့်အတွက် ဂျမတ်ပါတီသည် သမိုင်းတစ်လျှောက် အကောင်းဆုံး ရလဒ် ထွက်ပေါ်လာစေရန် ကြိုးပမ်းနေသည်။
အမေရိကန်အခြေစိုက် International Republican Institute (IRI) ၏ ဒီဇင်ဘာလတွင် ကောက်ယူခဲ့သော လူထု သဘောထား စစ်တမ်းအရ ဂျမတ် (Jamaat) ပါတီသည် လူကြိုက် အများဆုံးပါတီအဖြစ် ရပ်တည်နေပြီး ဖေဖော်ဝါရီ ၁၂ ရက် ရွေးကောက်ပွဲ၍ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိ ကြောင်း ခန့်မှန်းထားသည်။
“ကျနော်တို့ဟာ ဖြစ်လာမှ တုန့်ပြန်တဲ့ နိုင်ငံရေးမဟုတ်ဘဲ ပြည်သူ့အကျိုးပြု နိုင်ငံရေးကို စတင်ခဲ့တာပါ” ဟု ဂျမတ်ပါတီအကြီးအကဲ ရှာဖီကူ ရာမန် (Shafiqur Rahman) က ပြောကြားခဲ့သည်။

ဂျမတ် အီ အစ္စလာမ္မစ်ပါတီ ထောက်ခံသူများကိုတွေ့ရစဉ်
၎င်းတို့ ပါတီ၏ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်များ၊ ရေဘေးကူညီကယ်ဆယ်ရေးနှင့် လူထုအုံကြွမှုအတွင်း သေဆုံးခဲ့သူများ၏ မိသားစုများကို ထောက်ပံ့ပေးမှုများကို ဥပမာပေးပြီး ရာမန်က ကိုးကားပြောဆိုခဲ့သည်။
ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များအရ ပြီးခဲ့သည့်နှစ်က ဘင်္ဂလားဒေ့ရှ်တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများအတွင်း လူပေါင်း ၁၄၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ဂျမတ်ပါတီသည် ၁၉၄၀ ပြည့်နှစ်များ အစောပိုင်းတွင် အိန္ဒိယနိုင်ငံ၌ စတင်ပေါ်ပေါက်ခဲ့သော အစ္စလာမ္မစ်ဝါဒီ လှုပ်ရှားမှုမှ မြစ်ဖျားခံလာခြင်းဖြစ်ပြီး အစ္စလာမ္မစ်ဥပဒေစိုးမိုးသော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ထွန်းလာစေရန် ရည်မှန်းခဲ့သည်။
ပါတီခေါင်းဆောင်များက အမျိုးသမီးများအတွက် တန်းတူအခွင့်အရေး ရရှိစေရမည်ဟု လူသိရှင်ကြား ကတိပြု ထားသော်လည်း လွှတ်တော်အမတ် နေရာ ၃၀၀ အတွက် ဂျမတ်ပါတီက အဆိုပြုထားသည့် ကိုယ်စားလှယ် လောင်းများထဲတွင် အမျိုးသမီး တစ်ဦးတစ်ယောက်မျှ ပါဝင်ခြင်း မရှိသေးပေ။

ဂျမတ်ပါတီအကြီးအကဲ ရှာဖီကူ ရာမန်ကို တွေ့ရစဉ်
ပါတီအကြီးအကဲ ရာမန်ကမူ ရွေးကောက်ပွဲအပြီး အချိုးကျကိုယ်စားပြုစနစ်ဖြင့် ခွဲဝေပေးမည့် အမတ်နေရာ ၅၀ မှတဆင့် အမျိုးသမီးများ ကိုယ်စားပြုခွင့် ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သဘောထား အလယ်အလတ်ရှိသူများကမူ ဂျမတ်ပါတီ အနိုင်ရရှိခဲ့ပါက နိုင်ငံရေးနှင့် ဘာသာရေး မပတ်သက် သော လမ်းစဉ် ပျက်ပြားသွားပြီး တင်းကျပ်သော ဘာသာရေးဥပဒေများ လွှမ်းမိုးလာမည်ကို စိုးရိမ်နေကြသည်။
ဟိန္ဒူနှင့် အခြား ဘာသာဝင်များကလည်း အစ္စလာမ္မစ် အစွန်းရောက်ဝါဒ ပြန်လည်ခေါင်းထောင်လာပါက ၎င်းတို့၏ လုံခြုံရေးနှင့် အခွင့်အရေးများ ထိခိုက်မည်ကို ထိတ်လန့်နေကြသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 323
CNI International News
ဒမတ်စကတ်၊ ဇန်နဝါရီ ၂၁
အီရတ်နိုင်ငံ၏နယ်စပ်မှ ၅၀ ကီလိုမီတာ (၃၁ မိုင်) ခန့်အကွာရှိ ဆီးရီးယားနိုင်ငံ၊ ရှာဒါဒီ (Shaddadeh) မြို့ရှိ အကျဉ်းထောင်တစ်ခုမှ အိုင်အက်စ်(IS) အကြမ်းဖက်သမားများ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ထိုအကျဉ်းသားများ ထွက်ပြေးမှုနှင့် ပတ်သက်ပြီး ဆီးရီးယား အစိုးရတပ်များနှင့် ကာ့ဒ်ဦးဆောင်သော ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) တို့သည် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အပြစ်တင်နေကြသည်။
အကျဉ်းထောင်ကို ထိန်းချုပ်ထားသည့် SDF တပ်ဖွဲ့များသည် အကျဉ်းသားများကို တမင်လွှတ်ပေးခဲ့သည်ဟု အစိုးရစစ်တပ်က စွပ်စွဲထားသည်။
သို့သော် SDF ဘက်ကမူ အစိုးရတပ်များ၏ တိုက်ခိုက်မှုကြောင့် အကျဉ်းထောင်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ယခုကဲ့သို့ အကျဉ်းသားများ ထွက်ပြေး လွတ်မြောက်ခဲ့ခြင်းဖြစ်သည်ဟု တုန့်ပြန်ပြောကြားခဲ့သည်။

ဆီးရီးယားသမ္မတနဲ့ ကာ့ဒ်သူပုန် ခေါင်းဆောင်ကို တွေ့ရစဉ်
ယခုကဲ့သို့ အကျဉ်းသားများ ထွက်ပြေး လွတ်မြောက်သွားမှုကြောင့် ဆီးရီးယားအစိုးရတပ်များသည် ရှာဒါဒီ (Shaddadeh) မြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။
ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွင် SDF တပ်ဖွဲ့များသည် အကျဉ်းထောင်များကို ထိန်းချုပ်ထားပြီး ထိုထောင်များထဲ၌ အိုင်အက်စ် အဖွဲ့ဝင် ၉၀၀၀ ခန့်ကို နှစ်ပေါင်းများစွာကြာ ဖမ်းဆီးထားခြင်းဖြစ်သည်။
ဖမ်းဆီးခံထားရသည့် အိုင်အက်စ် အစွန်းရောက်အများစုမှာ ၂၀၁၄ ခုနှစ်၊ ဇွန်လက ဆီးရီးယားနှင့် အီရတ်နိုင်ငံ နယ်မြေ အမြောက်အမြားကို သိမ်းပိုက်ခဲ့ချိန်က ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြ သူများ ဖြစ်သည်။
ဆီးရီးယားအစိုးရ စစ်တပ်ကမူ အကျဉ်းထောင်ကို တိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုထားပြီး အကျဉ်းထောင် လုံခြုံရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သလို ထွက်ပြေးသွားသူများကိုလည်း ပြန်လည် ဖမ်းဆီး သွားမည်ဟု ဆိုသည်။
အကျဉ်းသားမည်မျှ ထွက်ပြေးသွားသည်ကိုမူ အစိုးရက ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့သော်လည်း ကာ့ဒ် သတင်းဌာန တစ်ခုကမူ ထွက်ပြေးသွားသည့် အကျဉ်းသား အရေအတွက်မှာ ၁,၅၀၀ ခန့် ရှိနိုင်ကြောင်း ဖော်ပြ ထားသည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 388
CNI International News
ဒါကာ၊ ဇန်နဝါရီ ၂၁
၂၀၂၄ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ (Sheik Hasina) ကို ရာထူးမှ ဖြုတ်ချနိုင်ခဲ့သည့် လူထုဆန္ဒပြပွဲများ၏ အဓိက မောင်းနှင်အားဖြစ်သော ကျောင်းသားခေါင်းဆောင်များသည် လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးလောက၌ ဘေးဖယ်ခံနေရကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ဘင်္ဂလားဒေ့ရှ် တော်လှန်ရေးတွင် ကျောင်းသားခေါင်းဆောင်များ၏ အခန်းကဏ္ဍသည် အဓိကနေရာ၌ ပါဝင်ခဲ့ သော်လည်း ယခုအခါမှာတော့ နိုင်ငံရေးအရ ဘေးဖယ်ခံထားရသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးလောက၌ အဓိက ဦးဆောင်သူအဖြစ် ပြန်လည် ပေါ်ထွက်လာသည့် ဂျမတ် အီ အစ္စလာမစ် (Jamaat-e-Islami) ပါတီ ဦးဆောင်သော ရွေးကောက်ပွဲဆိုင်ရာ မဟာမိတ်အဖွဲ့သစ်၌ လူငယ် ခေါင်းဆောင်များအတွက် လွှတ်တော်အမတ်နေရာ အနည်းငယ်သာ ခွဲတမ်းရရှိခဲ့သည်။
ရွေးကောက်ပွဲဆိုင်ရာ သဘောတူညီချက်အရ ကျောင်းသားများ ဦးဆောင်သည့် National Citizen Party (NCP) သည် မဟာမိတ်အဖွဲ့က ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် ၂၅၃ ခုအနက် နေရာ ၃၀ တွင်သာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။

National Citizen Party (NCP) မှ လူငယ်တွေကို တွေ့ရစဉ်
သို့သော် ဂျမတ် (Jamaat) ပါတီ အတွက်မူ မဲဆန္ဒနယ် ၁၇၉ ခု အထိ ခွဲတမ်းရရှိထားသည်။
ထိုခွဲတမ်းအရ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအပြီး နိုင်ငံကို အုပ်ချုပ်သည့် နေရာ၌ လူငယ် ခေါင်းဆောင်များ အနေဖြင့် မည်မျှအထိ သြဇာလွှမ်းမိုးမှု ရှိမည်နည်းဆိုသည့် အချက်အပေါ် မေးခွန်းများ ထွက်ပေါ် ခဲ့သည်။
မဲဆန္ဒရှင် စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့်မှာ အသက် ၁၈ နှစ်မှ ၃၇ နှစ်ကြား လူငယ်များဖြစ်သည်။
ထိုလူငယ်များ၏ ဆန္ဒမဲများသည် ရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးနိုင်သော အင်အားစုတစ်ခု ဖြစ်နေချိန်တွင် နိုင်ငံရေး အပြောင်းအလဲအတွက် မျှော်လင့်ချက်အဖြစ် ယူဆခံထားရသည့် လူငယ်ခေါင်းဆောင်များ ဘေးဖယ် ခံထားရခြင်းအပေါ် စိုးရိမ်မှုများလည်း မြင့်တက်လာစေခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 296
CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၂၁
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ၎င်း၏ ဂါဇာငြိမ်းချမ်းရေး အစီအစဉ်တွင် ပါဝင်ရန် ထိုင်းနိုင်ငံကို ဖိတ်ကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုဖိတ်ကြားချက်ကို ထိုင်းအစိုးရက ပြန်လည်သုံးသပ်နေသည်။
အမေရိကန်၏ အစီအစဉ်တွင် ထိုင်းနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်မည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace) တစ်ခု ထူထောင်ရန် အစီအစဉ်များ ပါဝင်ပြီး ထိုဖိတ်ကြားချက်၏ အနှစ်သာရနှင့် နောက်ဆက်တွဲ သက်ရောက်မှုများကို ဂရုတစိုက် စဉ်းစားသုံးသပ်နေကြောင်း ထိုင်းအစိုးရ ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် မူအားဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိစေရန်နှင့် ပါလက်စတိုင်းများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အထောက်အကူ ပြုနိုင်မည့် မည်သည့် လုပ်ဆောင်ချက်ကိုမဆို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
သို့သော် မည်သည့် လုပ်ငန်းစဉ်မဆို ပါလက်စတိုင်းများ၏ မျှော်မှန်းချက်များကို ထင်ဟပ်စေရမည်ဖြစ်ပြီး ဒေသတွင်း နိုင်ငံများ၏ ထောက်ခံမှုကိုလည်း ရရှိရန်လိုအပ်ကြောင်း ထိုင်းအစိုးရက အလေးပေး ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများ အပြင် ကုလသမဂ္ဂ ဆုံးဖြတ်ချက်များနှင့်အညီ အစ္စရေးနှင့် ပါလက်စတိုင်းတို့၏ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်သွားမည့် “နှစ်ပြည်ထောင် မူဝါဒ” (Two-state solution) ကို ထောက်ခံသည့် ရပ်တည်ချက်ကို ထပ်လောင်း အတည်ပြုကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ခဲ့သည်။
Source: ဘန်ကောက်ပို့စ်
