- By CNI
- Category: နိုင်ငံရေး
- Hits: 352
CNI International News
ဂျာကာတာ၊ စက်တင်ဘာ ၂၃
အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာနသည် စစ်တပ်၏ အခန်းကဏ္ဍ ချဲ့ထွင်မှုကို စက်တင်ဘာ ၂၂ ရက်က နိုင်ငံ၏ အကြီးဆုံး သတင်းစာတစ်စောင်တွင် စာမျက်နှာအပြည့်ဖြင့် ကြော်ငြာထည့်သွင်းခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့ သည်။
ထိုကြော်ငြာထဲတွင် စစ်တပ်က စတင်ကိုင်တွယ်တော့မည့် ကာကွယ်ရေးကဏ္ဍ မဟုတ်သည့် စီမံကိန်းများ၏ အသေးစိတ် အချက်အလက်များကို ဖော်ပြထားသည်။
သမ္မတ ပရာဘိုဝို(Prabowo Subianto) လက်ထက်တွင် စစ်တပ်၏ လုပ်ပိုင်ခွင့်ကို တိုးမြှင့်မည့် အစီအစဉ်အား ဝေဖန်မှုများ ထွက်ပေါ်နေသည့်ကြားမှ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းစာ၌ စာမျက်နှာအပြည့်ဖြင့် ကြော်ငြာ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။
ပရာဘိုဝိုသည် ပြီးခဲ့သည့်နှစ်တွင် သမ္မတအဖြစ် ရွေးကောက်ခံရပြီးကတည်းက အစိုးရဝန်ထမ်း ရာထူးနေရာများ အတွက် စစ်တပ်အရာရှိများကို ခန့်အပ်ခဲ့သည်။

အင်ဒိုနီးရှားသမ္မတ ဘရာဘိုဝိုကို တွေ့ရစဉ်
ထို့ကြောင့် ကမ္ဘာ့ တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် စစ်တပ်က ဩဇာလွှမ်းမိုးမည့် အခြေအနေသို့ ခေတ်နောက်ပြန်ဆွဲသွားနိုင်သော အလားအလာကို ကျောင်းသားများနှင့် တက်ကြွလှုပ်ရှားသူများ က စိုးရိမ်ခဲ့ကြသည်။
“No Longer Just Military: Indonesian-style People's Defense” ဟု ခေါင်းစဉ်ပေးထားသည့် ထိုကြော်ငြာကို Kompas သတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန၏ မူဝါဒများကို ချဲ့ထွင်ပြီး ချမ်းသာကြွယ်ဝရေးနှင့် မတူညီသည့် နယ်ပယ် ကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးအပေါ် အခြေခံသော ပြည်သူ့ကာကွယ်ရေးပုံစံအဖြစ် အသွင်ပြောင်းလဲကြောင်း ဖော်ပြထားသည်။
ပရာဘို၀ိုသည် စာသင်ကျောင်းများတွင် အခမဲ့ နေ့လယ်စာများ ကျွေးခြင်း၊ ဆေးဝါးထုတ်လုပ်ရေး၊ စိုက်ပျိုးရေး စီမံကိန်းများနှင့် ဆီအုန်း စိုက်ခင်းများကို နိုင်ငံပိုင်သိမ်းခြင်း အစရှိသည့် လုပ်ငန်းတာဝန်များအတွက် စစ်တပ်၏ ပါဝင်မှုကို ထည့်သွင်းခဲ့သည်။

ကလေးတွေကို နေ့လယ်စာ ကျွေးရန်ပြင်ဆင်နေစဉ်
ထိုကြော်ငြာထဲတွင် အစိုးရ၏ စီမံကိန်း ၁၀ ခုအတွက် ကာကွယ်ရေးဝန်ကြီးဌာနက ပါဝင်ဆောင်ရွက်မည့် အကြောင်းကို ဖော်ပြထားသည်။
ထိုစီမံကိန်း ၁၀ ခုအနက် စာသင်ကျောင်းများတွင် အခမဲ့နေ့လယ်စာ ကျွေးမွေးခြင်း၊ ကျန်းမာရေးနှင့် စိုက်ပျိုး မွေးမြူရေး ကဏ္ဍများတွင် စစ်တပ်၏ တပ်ရင်းသစ် ၁၀၀ ခန့် ထူထောင်ရေးနှင့် ဆေးဝါးထုတ်လုပ်ရေးအတွက် စစ်တပ်ဓာတ်ခွဲခန်းများ ထူထောင်ရေးတို့ ပါဝင်ခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာနသည် ထောင်နှင့်ချီသည့် ဘွဲ့ရလူငယ်များကို စစ်တပ်အသွင်ဖြင့် လေ့ကျင့်သင်ကြား ပေးခဲ့ပြီး ထိုလူငယ်များသည် နေ့လယ်စာ ကျွေးမွေးသည့် အစီအစဉ်များတွင် အကြီးအကဲများ သို့မဟုတ် အာဟာရ ပညာရှင်များ ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ကြော်ငြာထဲ၌ ဖော်ပြခဲ့သည်။
ထိုကြော်ငြာ ထည့်သွင်းရသည့် အကြောင်းပြချက်အတွက် ကာကွယ်ရေးဝန်ကြီးဌာနထံမှ မှတ်ချက်တောင်းခံခဲ့ သော်လည်း ချက်ချင်းတုံ့ပြန်ခဲ့ခြင်း မရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 332
CNI International News
ပြုံယမ်း၊ စက်တင်ဘာ ၂၃
မြောက်ကိုရီးယား၏ နျူကလီးယား ဖျက်သိမ်းရေး ပြောဆိုချက်များကို အမေရိကန်က ဆက်မပြောတော့ဘဲ ရပ်တန့်လိုက်မည်ဆိုပါက ဆွေးနွေးမှုများ ပြုလုပ်ရန် အသင့်ရှိကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ပြင် မြောက်ကိုရီးယားသည် ပိတ်ဆို့မှုများ ရုပ်သိမ်းရေးအတွက် မိမိတို့၏ နျူကလီးယား လက်နက်များကို စွန့်လွှတ်သွားမည် မဟုတ်ကြောင်းလည်း ကင်မ်က ပြောကြားခဲ့သည်။
"ပုဂ္ဂိုလ်ရေးအရ ပြောရမယ်ဆိုရင် ကျနော်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နဲ့ ရင်းနှီးခဲ့တဲ့ ဖြစ်ရပ်တွေကို မှတ်မိနေဆဲ ဖြစ်ပါတယ်" ဟု ကင်မ်က စက်တင်ဘာ ၂၁ ရက်တွင် မြောက်ကိုရီးယား ပြည်သူ့ လွှတ်တော်၌ ပြောကြားခဲ့သည့် မိန့်ခွန်းအတွင်း ထည့်သွင်းပြောဆိုခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ထရမ့်သည် ၎င်း၏ ပထမသက်တမ်းအတွင်း ကင်မ်နှင့် သုံးကြိမ် တွေ့ဆုံခဲ့ဖူးသည်။
ကင်မ်နှင့် ဆွေးနွေးမှုများ ပြန်လည်စတင်ရန် တောင်ကိုရီးယားအစိုးရက ထရမ့်ကို တိုက်တွန်းနေချိန်တွင် ကင်မ်၏ မှတ်ချက်စကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ်
"အမေရိကန်အနေနဲ့ ကျနော်တို့ကို နျူကလီးယား ဖျက်သိမ်းဖို့ အခြေအမြစ်မရှိတဲ့ ပြောဆိုချက်တွေကို စွန့်လွှတ် ပြီး အရှိတရားကို လက်ခံမယ်ဆိုရင် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ချင်တယ်ဆိုရင် ကျနော်တို့ကလည်း အမေရိကန်နဲ့ မဆွေးနွေးစရာ ဘာအကြောင်းမှ မရှိပါဘူး" ဟု ကင်မ်က ပြောကြားခဲ့သည်။
ယခုပြောကြားချက်သည် ဇန်နဝါရီလက ထရမ့် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးနောက်ပိုင်း ကင်မ်က ထရမ့် ၏ အမည်ကို ပထမဆုံးအကြိမ် တိုက်ရိုက် ထည့်သွင်း ပြောကြားခြင်းဖြစ်သည်ဟု အမေရိကန်အခြေစိုက် Stimson Center မှ မြောက်ကိုရီးယားအရေးကျွမ်းကျင်သူ ရေချယ် မင်ယောင်လီ (Rachel Minyoung Lee) က ပြောကြား ခဲ့သည်။
"ဒါက ချဉ်းကပ်မှုတစ်ခု ဖြစ်ပါတယ်။ ကင်မ်က နျူကလီးယား ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ မူဝါဒ ကို ပြန်လည်ဆန်းစစ်ဖို့ ထရမ့်ကို ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။ အမေရိကန် အနေနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ကို ဖျက်သိမ်းဖို့ မပြောတော့ဘူးဆိုရင် ကင်မ်ကလည်း ထရမ့်နဲ့ ဆွေးနွေးမယ်ဆိုတဲ့ သဘောမျိုးဖြစ်ပါတယ်" ဟု ရေချယ်က ပြောကြားခဲ့သည်။
တောင်ကိုရီးယားသမ္မတ လီဂျေမြောင် (Lee Jae Myung) ကမူ မြောက်ကိုရီးယားသည် တစ်နှစ်လျှင် နျူကလီး ယား ဗုံး ၁၅ လုံးမှ ၂၀ ကြား ထုတ်လုပ်နေကြောင်း ရိုက်တာသတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြော ကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 380
CNI International News
ကာရာကက်စ်၊ စက်တင်ဘာ ၂၂
ဗင်နီဇွဲလားကမ်းလွန်ရေပြင်တွင် မူးယစ်ဆေးဝါးများ တင်ဆောင်လာသည်ဟု အမေရိကန်က စွပ်စွဲခဲ့သည့် သင်္ဘော တစ်စင်းကို အမေရိကန်စစ်သင်္ဘောက တိုက်ခိုက်နှစ်မြှုပ်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အစိုးရအဖွဲ့နှင့် တိုက်ရိုက် ဆွေးနွေးမှုများ ပြုလုပ်ရန် ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရို (Nicolas Maduro) က ကမ်းလှမ်းခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထရမ့်ဆီသို့ ပေးပို့ခဲ့သည့် မာဒူရို၏ ပေးစာတစ်စောင်တွင် ဗင်နီဇွဲလားသည် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၌ အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်ဆိုသော အမေရိကန်၏ ပြောကြားချက်များကို ငြင်းဆိုခဲ့သည်။
ကိုလံဘီယာတွင် ထုတ်လုပ်ခဲ့သည့် မူးယစ်ဆေးဝါးများအနက် ၅ ရာခိုင်နှုန်းခန့်သာ ဗင်နီဇွဲလားနိုင်ငံမှတဆင့် မှောင်ခိုကူးနေခြင်းဖြစ်ပြီး ၇၀ ရာခိုင်နှုန်းကို ဗင်နီဇွဲလား အာဏာပိုင်များက ကြားဖြတ်ဖမ်းဆီးပြီး ဖျက်ဆီးခဲ့ ကြောင်း မာဒူရိုက ပြောသည်။
"သမ္မတကြီးခင်ဗျား။ သမိုင်းဝင်ပြီး ငြိမ်းချမ်းစွာရှိရမယ့် ကျနော်တို့ရဲ့ ဆက်ဆံရေးကို ညစ်နွမ်းစေမယ့် သတင်း အမှားတွေကို ကျနော်တို့ အတူတကွ နှိမ်နင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီကိစ္စနဲ့ အခြားပြဿနာတွေကို ခင်ဗျားရဲ့ အထူးသံတမန် ရစ်ချက် ဂရန်နယ် (Richard Grenell) နဲ့ တိုက်ရိုက် ဆွေးနွေးဖို့အတွက် လမ်းဖွင့်ထားမှာ ဖြစ်ပါတယ်" ဟု မာဒူရိုက ထရမ့်ဆီပေးပို့သည့် ပေးစာထဲတွင် ရေးသားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဗင်နီဇွဲလားသမ္မတ မာဒူရိုကို တွေ့ရစဉ်
ဗင်နီဇွဲလားသည် ရွှေ့ပြောင်း နေထိုင်သူများကို ပြန်လည်လက်ခံရန် ငြင်းဆိုနေသည်ဆိုသည့် စွပ်စွဲချက်များကို လည်း လျင်မြန်စွာ ဖြေရှင်းရန် ဂရန်နယ်က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မာဒူရိုက ပြောကြားခဲ့သည်။
အမေရိကန်ရှိ တရားမဝင် ရွှေ့ပြောင်း နေထိုင်သူများဖြစ်သည့် ဗင်နီဇွဲလားနိုင်ငံသားများကို ဗင်နီဇွဲလားသို့ တစ်ပတ်လျှင် ၂ ကြိမ် ပြန်လည်ပို့ဆောင်နေသော လေကြောင်းခရီးစဉ်များလည်း ဆက်ရှိနေဆဲဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
မာဒူရို၏ ပေးစာသည် စက်တင်ဘာ ၆ ရက်နေ့ ရက်စွဲတပ်ထားသဖြင့် ဗင်နီဇွဲလားကမ်းလွန်တွင် သင်္ဘောတစ်စင်း ကို အမေရိကန်စစ်တပ်က တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်အပြီး ၄ ရက်အကြာတွင် ထရမ့်ထံ ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။
ထိုတိုက်ခိုက်မှုတွင် သေဆုံးခဲ့သည့် လူ ၁၁ ဦးသည် ဗင်နီဇွဲလား၏ Tren de Aragua လူဆိုးဂိုဏ်းဝင်များဖြစ်ပြီး မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၌ ပါဝင်ခဲ့သူများဖြစ်သည်ဟု ထရမ့်က စွပ်စွဲခဲ့သည်။
မာဒူရိုက ထရမ့်ထံ စာတစ်စောင် ရေးသား ပေးပို့ခဲ့သည်ဆိုသည့် အကြောင်းအရာနှင့်ပတ်သက်ပြီး အိမ်ဖြူတော် ကမူ မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 329
CNI International News
ဝါရှင်တန်၊ စက်တင်ဘာ ၂၂
အာဖဂန်နစ္စတန်အနေဖြင့် ဘာဂရမ် လေတပ်စခန်း (Bagram air base) ကို အမေရိကန်အား ပြန်လည်ထိန်းချုပ် ခွင့် မပေးလျှင် အာဖဂန်တွင် ဆိုးရွားသည့်အရာများ ဖြစ်လာလိမ့်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
"အာဖဂန်နစ္စတန် အနေနဲ့ အမေရိကန်က တည်ဆောက်ခဲ့တဲ့ ဘာဂရမ် လေတပ်စခန်းကို အမေရိကန်ကို ထိန်းချုပ် ခွင့် မပေးဘူးဆိုရင် ဆိုးရွားတဲ့ အရာတွေ ဖြစ်လာပါလိမ့်မယ်" ဟု ထရမ့်က Truth Social လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
9/11 တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်တပ်ဖွဲ့များ အသုံးပြုခဲ့သည့် ထိုလေတပ်စခန်းကို ပြန်လည် ထိန်းချုပ်ခွင့်ရရှိရန် ကြိုးပမ်းခဲ့ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

အာဖဂန်ရှိ အမေရိကန်လေတပ်စခန်းကိုတွေ့ရစဉ်
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အာဖဂန်မှ တာဝန်ရှိသူများနှင့်လည်း ပြောဆိုခဲ့သည်ဟု ထရမ့်က ပြောသည်။
၂၀၂၁ ခုနှစ်တွင် အာဖဂန်မှ အမေရိကန်တပ်ဖွဲ့များ ဆုတ်ခွာခဲ့ပြီးနောက် တာလီဘန်အဖွဲ့သည် နိုင်ငံအတွင်းရှိ အမေရိကန်၏ စစ်စခန်းများကို လွှဲပြောင်းရယူခဲ့သည်။
လက်ရှိ တာဝန်ထမ်းဆောင်နေသည့် အမေရိကန်အရာရှိများနှင့် အရာရှိဟောင်းများကလည်း ဘာဂရမ် လေတပ် စခန်းကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းခြင်းသည် အာဖဂန်ကို နောက်တစ်ကြိမ် ကျူးကျော်သည့်ပုံစံမျိုး ဖြစ်လာ နိုင်ကြောင်း သတိပေးခဲ့သည်။
ထိုလေတပ်စခန်းကို ပြန်လည် သိမ်းယူရေးအတွက် အမေရိကန်စစ်သားများကို စေလွှတ်သွားရန် ရှိ/မရှိကို သတင်းထောက်များက မေးမြန်းခဲ့ချိန်တွင် ထရမ့်က "ကျနော်တို့ ဒါကို မပြောသေးပါဘူး။ လက်ရှိမှာတော့ အာဖဂန်နစ္စတန်နဲ့ စကားပြောနေပါတယ်။ ကျနော်တို့က လေတပ်စခန်းကို ပြန်လိုချင်တယ်။ သူတို့က မပေး ဘူးဆိုရင်တော့ ကျနော် ဘာလုပ်မလဲဆိုတာ ခင်ဗျားတို့ သိရပါလိမ့်မယ်" ဟု ဖြေကြားခဲ့သည်။

တာလီဘန်တစ်ဦးကို တွေ့ရစဉ်
တာလီဘန်အရာရှိများကမူ ယခင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) လက်ထက်က စွန့်လွှတ်ခဲ့သည့် ဘာဂရမ် လေတပ်စခန်းအား အမေရိကန်က ပြန်လည်ထိန်းချုပ်ခွင့် ရယူလိုသည့် ထရမ့်၏ ပြောကြားချက်ကို ငြင်းဆိုခဲ့သည်။
"အာဖဂန်နစ္စတန်ရဲ့ ဘယ်နေရာမှာမဆို အမေရိကန်ရဲ့ စစ်အင်အားတွေ ဖြန့်ကြက်ချထားတာမျိုး မရှိစေရဘဲ နှစ်နိုင်ငံကြား အပြန်အလှန် ထိတွေ့ဆက်ဆံဖို့ လိုအပ်ပါတယ်" ဟု အာဖဂန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရာရှိ တစ်ဦးဖြစ်သည့် ဇာကီယာ ဂျာလယ်လ် ( Zakir Jalal) က ပြောကြားခဲ့သည်။
အမေရိကန်နှင့် အာဖဂန်နစ္စတန်သည် အပြန်အလှန် လေးစားမှုနှင့် မျှဝေမှုရှိသည့် အကျိုးစီးပွားများအပေါ် အခြေခံ ပြီး စီးပွားရေးနှင့် နိုင်ငံရေး ဆက်ဆံမှုများ လုပ်ဆောင်နိုင်ကြောင်း၊ သို့သော် အာဖဂန်တွင် အမေရိကန်၏ စစ်အင်အား ဖြန့်ကြက်မှုကို ခွင့်ပြုမည် မဟုတ်ကြောင်း ဇာကီယာက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 351
CNI International News
နယူးယောက်၊ စက်တင်ဘာ ၂၂
ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အစ္စရေးက ကန့်ကွက်နေသည့်ကြားကနေ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုနိုင်မလား စောင့်ကြည့်မည်ဟု DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် စက်တင်ဘာ ၂၂ ရက်၌ ကုလသမဂ္ဂအထွေထွေညီလာခံသည် ဂါဇာ ကမ်းမြောင်ဒေသ၌ ဖြစ်ပွားနေသည့် စစ်ပွဲနှင့်ပတ်သက်ပြီး အထူးအစည်းအဝေးတစ်ခုကို ပြုလုပ်မည်ဖြစ်သည်။
ထိုအစည်းအဝေးသည် အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံ အတူယှဉ်တွဲ နေထိုင်ရေး အစီအစဉ်ကို ပြန်လည် အသက်သွင်းသည့် ပြင်သစ်နှင့် ဆော်ဒီတို့ ဦးဆောင်သော သံတမန်ရေးရာအစီအစဉ်၏ ခြေလှမ်းတစ်ခု ဖြစ်လာ မည်ဖြစ်သည်။
စက်တင်ဘာ ၂၂ ရက်တွင် ပြုလုပ်မည့် အစည်းအဝေးကို တက်ရောက်မည့် နိုင်ငံအချို့က ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုထားပြီးဖြစ်သည့် ကုလအဖွဲ့ဝင် ၁၄၅ နိုင်ငံကျော်နှင့်အတူ ပူးပေါင်းသွားမည်ဟု ကြေညာခဲ့သည်။
ထိုနိုင်ငံများထဲတွင် ပြင်သစ်၊ ကနေဒါ၊ ဗြိတိန်၊ ဘယ်လ်ဂျီယံ၊ ဩစတြေးလျ၊ လူဇင်ဘတ်နှင့် မော်လ်တာနိုင်ငံများ ပါဝင်သည်။

ပါလက်စတိုင်းများကို တွေ့ရစဉ်
အစ္စရေးက ဂါဇာတွင် ထိုးစစ်ကို အရှိန်မြှင့်နေချိန်၌ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမည့် ဥရောပနိုင်ငံ များ၏ ကြေညာချက်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ ၁၅ ရက်ကလည်း သိမ်းပိုက်ခံ ပါလက်စတိုင်း နယ်မြေနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ၏ လွတ်လပ် သည့် နိုင်ငံတကာ စုံစမ်းရေးကော်မရှင်၏ ထုတ်ပြန်ချက်တွင် အစ္စရေးသည် ဂါဇာ၌ လူမျိုးသုဉ်း သတ်ဖြတ်မှုများ ကို ကျူးလွန်နေကြောင်း ကောက်ချက်ချခဲ့သည်။
အစ္စရေးနှင့် ၎င်း၏ မဟာမိတ်ဖြစ်သည့် အမေရိကန်ကမူ ထိုထုတ်ပြန်ချက်ကို ငြင်းဆိုခဲ့ပြီး ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းသည် အကြမ်းဖက်မှုကို အားပေးရာ ရောက်လိမ့်မည်ဟု ပြောကြားခဲ့သည်။
ပါလက်စတိုင်းကို မထောက်ခံသူများကမူ ခိုင်မာပြီး လက်တွေ့ကျသည့် လုပ်ဆောင်မှု မပါဘဲ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမှုသည် လုံလောက်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
"အနောက်နိုင်ငံတွေက ပါလက်စတိုင်းကို ထောက်ခံတယ်လို့ ပြောနေကြပေမယ့် လက်တွေ့ကျတဲ့ အရေးယူ လုပ်ဆောင်ချက်တွေ မရှိခဲ့ကြပါဘူး" ဟု ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသ (West Bank) ရှိ ရာမလာ (Ramallah) မြို့တွင် အခြေစိုက်သည့် ပြည်သူ့သံတမန်ရေးရာ ပါလက်စတိုင်း အင်စတီကျု၏ ညွှန်ကြားရေးမှူး အင်နက်စ် အဗ္ဗဒယ် ရာဇက် (Ines Abdel Razek) က ပြောကြားခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 335
CNI International News
ဘန်ကောက်၊ စက်တင်ဘာ ၂၀
Thai Rak Thai ပါတီ၏ စိတ်ဓာတ်သည် မည်သည့်အခါကမျှ ဖျက်ဆီးမခံခဲ့ရကြောင်းနှင့် လူထုက ရွေးချယ်ခဲ့သည့် ဒီမိုကရေစီစနစ်သည် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အပြောင်းအလဲတစ်ခုကို ဆောင်ကြဉ်းပေးနိုင်ကြောင်း ဒုတိယဝန်ကြီးချုပ်ဟောင်း ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) က ပြောကြားခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
၂၀၀၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်သည် ထိုင်းနိုင်ငံရေးသမိုင်းတွင် နက်ရှိုင်းသည့် ဒဏ်ရာဒဏ်ချက် တစ်ခုဖြစ်ခဲ့ပြီး ထိုနေ့တွင် စစ်အာဏာသိမ်းမှုကြောင့် လူထု၏ ထောက်ခံမှုကို ရရှိခဲ့သော ရွေးကောက်ခံအစိုးရအဖွဲ့ ပြုတ်ကျခဲ့ရုံ သာမက သန်းနှင့်ချီသည့် ပြည်သူများ၏ စိတ်ကူယဉ် အိပ်မက်များလည်း တစ်စစီ ပျက်စီးခဲ့ရကြောင်း ဖွမ်သမ်က စက်တင်ဘာ ၁၉ ရက်တွင် Facebook ပေါ်၌ ရေးသားခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ၏ လက်ထက်က Thai Rak Thai ပါတီ ဦးဆောင်ခဲ့သည့် ထိုင်းအစိုးရအဖွဲ့သည် ကျန်းမာရေးစောင့်ရှောက်မှု၊ သန်းနှင့်ချီသည့် ကလေးများအတွက် ပညာရေး အခွင့်အလမ်းများ၊ လယ်သမားများနှင့် အလုပ်သမားများကို ချေးငွေများ ရရှိရေးနှင့် ဈေးကွက်များထဲသို့ ဝင်ရောက်စေနိုင်သည့် စီးပွားရေး အစီအစဉ်များဖြင့် ပြည်သူများ၏ စားဝတ်နေရေးကို ဒီမိုကရေစီစနစ်ဖြင့် ပြောင်းလဲစေနိုင်ကြောင်း သက်သေပြနိုင်ခဲ့သည်ဟု ဖွမ်သမ်က ပြောသည်။

ထိုင်းအာဏာသိမ်းမှုကို ဖော်ပြထားစဉ်
ထိုအချက်အလက်များသည် မူဝါဒများထက် ပိုမို အဓိပ္ပာယ်ပြည့်ဝခဲ့ပြီး ထိုင်းပြည်သူများ၏ စားဝတ်နေရေး အဆင့်အတန်းကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။
သို့သော် အာဏာသိမ်းမှုကြောင့် အရာအားလုံးသည် ရပ်တန့်သွားခဲ့ပြီး Thai Rak Thai ပါတီ၏ ခေါင်းဆောင် များနှင့် အစိုးရအရာရှိများသည် တရားရင်ဆိုင်ခဲ့ရကြောင်း ဖွမ်သမ်က ပြောကြားခဲ့သည်။
ပြည်သူများ၏ မျှော်လင့်ချက်များသည် ပျောက်ဆုံးသွားခဲ့ပြီး နိုင်ငံသည်လည်း နောက်ကောက်ကျ ကျန်ခဲ့ကာ ထိုင်းနိုင်ငံ၏ အနာဂတ်ကို ဖိနှိပ်သည့် စည်းမျဉ်းများနှင့် လိုရာဆွဲ ရေးသားထားသည့် အခြေခံဥပဒေတို့သည် နှစ်ပေါင်း ၂၀ နီးပါးကြာ အမည်းစက်အဖြစ် တည်ရှိခဲ့ကြောင်း ဖွမ်သမ်က ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ Thai Rak Thai ပါတီ၏ စိတ်ဓာတ်သည် ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့ပြီး ဖြူးထိုင်းပါတီသည် Thai Rak Thai ပါတီ၏ ဒီမိုကရေစီလမ်းစဉ်အတိုင်း ဆက်လက် လျှောက်လှမ်းခဲ့သည်ဟု ဖွမ်သမ်က ပြောကြားခဲ့သည်။
"Thai Rak Thai ပါတီဟာ အာဏာသိမ်းမှုကြောင့် ဖြုတ်ချခံခဲ့ရပေမယ့် ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ ဒီမိုကရေစီ စံနှုန်းတွေကတော့ ဖျက်ဆီး မခံခဲ့ရပါဘူး။ ဒီနေ့မှာ ဖြူးထိုင်းပါတီဟာ ထိုင်းဒီမိုကရေစီရဲ့ အနာဂတ်အတွက် ဆက်လက် တိုက်ပွဲဝင်နေပါတယ်" ဟု ဖွမ်သမ်က Facebook တွင် နိဂုံးချုပ် ရေးသားခဲ့သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 354
CNI International News
အစ္စလာမ်မာဘက်၊ စက်တင်ဘာ ၂၀
အာဖဂန်နစ္စတန်၏ တာလီဘန်အစိုးရအဖွဲ့အနေဖြင့် ပါကစ္စတန်နှင့် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းမည် လော သို့မဟုတ် စစ်သွေးကြွများကို အာဖဂန်မြေပေါ်တွင် ဆက်လက်ခိုလှုံခွင့် ပေးထားမည်လော ဆိုသည့် အချက် ၂ ချက်တွင် ၁ ချက်ကို ရွေးချယ်ဆုံးဖြတ်ရမည်ဟု ပါကစ္စတန်အစိုးရက သတိပေးခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက် ရှရစ်ဖ် (Shehbaz Sharif) ကလည်း ပါကစ္စတန်တာလီဘန်အဖွဲ့ဖြစ်သည့် (TTP) နှင့်အခြား စစ်သွေးကြွအဖွဲ့များသည် အာဖဂန်မြေပေါ်တွင် ခြေကုပ်ယူပြီး ပါကစ္စတန်ကို တိုက်ခိုက်နေကြောင်း ပြောကြားခဲ့သည်။
အကယ်၍ အာဖဂန်တာလီဘန် အဖွဲ့အနေဖြင့် TTP နှင့် အခြား စစ်သွေးကြွများကို အာဖဂန်မြေပေါ်တွင် ဆက်လက် ခိုလှုံခွင့် ပေးထားမည်ဆိုပါက နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်လိမ့်မည်ဟု ရှရစ်ဖ်က ပြောကြားခဲ့သည်။
စစ်သွေးကြွများသည် အာဖဂန် နယ်စပ်အနီးရှိ ပါကစ္စတန်၏ ခိုင်ဘာ ပက်ထန်ခါဝါ (Khyber Pakhtunkhwa) ပြည်နယ်နှင့် အခြားဒေသများတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အာဖဂန်နိုင်ငံအတွင်းသို့ ထွက်ပြေး ဝင်ရောက်သွားခဲ့ကြောင်း ပါကစ္စတန် အရာရှိများက ပြောကြားခဲ့သည်။

အာဖဂန်တာလီဘန်အဖွဲ့ ခေါင်းဆောင်တွေကို တွေ့ရစဉ်
ထို့ကြောင့် အာဖဂန်တာလီဘန် အစိုးရအနေဖြင့် စစ်သွေးကြွများကို အရေးမယူပါက ပါကစ္စတန်သည် အာဖဂန်အစိုးရနှင့် ဆက်ဆံတော့မည် မဟုတ်ကြောင်း ရှရစ်ဖ်က ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း အာဖဂန်နယ်စပ်အနီးရှိ ပါကစ္စတန်တာလီဘန်အဖွဲ့၏ ခြေကုပ်စခန်း ၃ ခုကို ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များက ဝင်ရောက် စီးနင်းခဲ့ချိန်တွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားပြီး စစ်သား ၁၉ ဦးနှင့် စစ်သွေးကြွ ၄၅ ဦး သေဆုံးခဲ့သည်။
ပါကစ္စတန်စစ်သားများ အကျအဆုံးများမှုက စစ်သွေးကြွများကို ချေမှုန်းနေသည့် ပါကစ္စတန်၏ စစ်ဆင်ရေးသည် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ကို ပြသနေသည်။
အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာပြန်ရလာခဲ့သည့် ၂၀၂၁ ခုနှစ် နောက်ပိုင်း ပါကစ္စတန်တွင် TPP အဖွဲ့၏ တိုက်ခိုက်မှုများ မြင့်တက်လာခဲ့သည်။
ပါကစ္စတန် တာလီဘန်အဖွဲ့ဖြစ်သည့် TPP သည် အာဖဂန်တာလီဘန်အဖွဲ့နှင့် တူညီမှုမရှိဘဲ သီးခြားအဖွဲ့ ဖြစ်သော်လည်း ထိုအဖွဲ့ ၂ ဖွဲ့ကြား နီးကပ်သည့် ဆက်ဆံရေး ရှိနေသည်ဟု ပါကစ္စတန်အစိုးရက ပြောကြားခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 312
CNI International News
ဝါရှင်တန်၊ စက်တင်ဘာ ၂၀
ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်အဖွဲ့သည် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုရေးအတွက် အထက်လွှတ်တော် ကြေညာချက်တစ်စောင် ထုတ်ပြန်ရန် စက်တင်ဘာ ၁၈ ရက်က အဆိုပြုခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုလုပ်ဆောင်ချက်သည် ဂါဇာတွင် အစ္စရေးနှင့် ဟားမာ့စ်ကြား ၂ နှစ်နီးပါးကြာ စစ်ပွဲ ဖြစ်ပွားနေချိန်၌ ပါလက်စတိုင်းနှင့်ပတ်သက်ပြီး အမေရိကန်၏ မူဝါဒ အပြောင်းအလဲ တစ်ခုအဖြစ် ရှုမြင်ခံခဲ့ရသည်။
အထက်လွှတ်တော်၏ ဒီမိုကရက်များ ဦးဆောင်သည့် ထိုအစီအစဉ်သည် လွှတ်တော်တွင် အတည်ပြုချက်ကို ရရှိနိုင်ခြေမရှိပေ။
အဘယ်ကြောင့်ဆိုသော် အထက်လွှတ်တော်တွင် သမ္မတဒေါ်နယ်ထရမ့် (Donald Trump) ၏ ရီပတ်ဘလစ်ကန် အမတ်များက လူများစုနေရာကို ရရှိထားခြင်းကြောင့် ဖြစ်သည်။
ထရမ့်ကလည်း သူသည် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမည်ဟု ပြောကြားခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ ပြောကြားချက်ကို သဘောမတူကြောင်းနှင့် ရီပတ်ဘလစ်ကန်များသည် ပါလက်စတိုင်းအား နိုင်ငံအဖြစ် အသိအမှတ်ပြုမည့် အားထုတ်ကြိုးပမ်းမှုများတွင် ပါဝင်လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ပါလက်စတိုင်းတွေကိုတွေ့ရစဉ်
"အမေရိကန်အနေနဲ့ ဒီကိစ္စကို ဦးဆောင်ဖို့ တာဝန်ရှိလာပါပြီ။ အခုအချိန်က လက်တွေ့လုပ်ဆောင်ဖို့ အချိန်ဖြစ် ပါတယ်" ဟု ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုလိုသည့် ဒီမိုကရက်လွှတ်တော်အမတ် ဂျက်ဖ် မာကလီ (Jeff Merkley) က ပြောကြားခဲ့သည်။
ဒီမိုကရက်အင်အားစု၏ ကြေညာချက်တွင် အမေရိကန် အနေဖြင့် စစ်ရေးလှုပ်ရှားမှုများ မရှိသည့် ပါလက်စတိုင်း နိုင်ငံအဖြစ် အသိအမှတ်ပြုရေး အပါအဝင် ပါလက်စတိုင်းနှင့် အစ္စရေးကြား ငြိမ်းချမ်းရေး အလားအလာများကို မြှင့်တင်ရေးအတွက် တိုက်တွန်းထားသည်။
အောက်လွှတ်တော်တွင်လည်း ဒီမိုကရက် လွှတ်တော်အမတ် ရို ခန်နာ (Ro Khanna )က ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုရေးအတွက် ထောက်ခံမှုများ ရရှိရန် စာတစ်စောင် ဖြန့်ဝေခဲ့သည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ဝါရှင်တန်ရှိ အစ္စရေးသံရုံးကမူ ရိုက်တာသတင်းဌာန၏ မှတ်ချက်တောင်းခံ မှုကို ချက်ချင်း တုံ့ပြန်ခဲ့ခြင်းမရှိပေ။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 306
CNI International News
ရီးယာ့ဒ်၊ စက်တင်ဘာ ၁၉
ဆော်ဒီအာရေဗျနှင့် နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် ပါကစ္စတန်တို့သည် အပြန်အလှန် ကာကွယ်ရေး သဘောတူစာချုပ်ကို စက်တင်ဘာ ၁၇ ရက်က ချုပ်ဆိုခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ကာတာကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီးနောက် ယခုလက်မှတ် ရေးထိုးခဲ့သည့် ထိုစာချုပ်အရ ဆော်ဒီနှင့် ပါကစ္စတန်ကြား တစ်နိုင်ငံက တိုက်ခိုက်ခံရပါက ၂ နိုင်ငံစလုံးကို တိုက်ခိုက်ခြင်း ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
ထိုစာချုပ်ကို ဆော်ဒီအာရေဗျနိုင်ငံသို့ ရောက်ရှိလာသည့် ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက် ရှရစ်ဖ် (Shehbaz Sharif) နှင့် ဆော်ဒီအိမ်ရှေ့စံ မိုဟာမက် ဘင်ဆယ်လ်မန် (Mohammed bin Salman) တို့က လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ဆော်ဒီအာရေဗျနိုင်ငံသည် ပါကစ္စတန်နှင့် စီးပွားရေး၊ ဘာသာရေးနှင့် လုံခြုံရေးဆက်ဆံမှုများ နီးကပ်စွာရှိခဲ့ပြီး ဆော်ဒီသည် ပါကစ္စတန်၏ နျူကလီးယားလက်နက် စီမံကိန်းအတွက် ငွေကြေးများ ထောက်ပံ့ပေးခဲ့သည်။

ပါကစ္စတန်ဝန်ကြီးချုပ်နဲ့ဆော်ဒီမင်းသားကိုတွေ့ရစဉ်
အီရန်၏ နျူကလီးယား စီမံကိန်းကြောင့် ဒေသတွင်း တင်းမာမှုများ မြင့်တက်နေချိန်တွင် ဆော်ဒီအာရေဗျသည် ပါကစ္စတန်၏ နျူကလီးယားကာကွယ်မှုအောက်သို့ ရောက်ရှိလာလိမ့်မည်ဟု ပါကစ္စတန်သံတမန်များက ပြောကြားခဲ့သည်။
ထို့ပြင် ယခုစာချုပ် ချုပ်ဆိုမှုသည် အရှေ့အလယ်ပိုင်းဒေသ၏ တစ်ဦးတည်းသော နျူကလီးယား လက်နက် ပိုင်ဆိုင်သည့် အစ္စရေးအတွက် အချက်ပြမှုတစ်ခု ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဆော်ဒီနှင့် ပါကစ္စတန်တို့၏ စာချုပ်သည် ကာတာတွင် အစ္စရေး၏ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဆော်ဒီအာရေဗျ နိုင်ငံ၏ ပထမဆုံး ကာကွယ်ရေးဆိုင်ရာ ဆုံးဖြတ်ချက် တစ်ခုဖြစ်ပြီး ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး အစ္စရေး က မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ငြင်းဆိုခဲ့သည်။
ထို့ပြင် ပင်လယ်ကွေ့ နိုင်ငံများနှင့်ရော အစ္စရေးနှင့်ပါ ဆက်ဆံရေး ကောင်းမွန်သည့် အမေရိကန်ကလည်း မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဆော်ဒီနှင့် ပါကစ္စတန်တို့၏ စာချုပ်သည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေး အပါအဝင် မိမိတို့၏ အမျိုးသားလုံခြုံရေးအတွက် သက်ရောက်မှုများကို လေ့လာသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source: အေပီ
