- By CNI
- Category: နိုင်ငံရေး
- Hits: 514
CNI International News
တီဟီရန်၊ မတ်လ ၂၄
အီရန်နိုင်ငံကို ကျူးကျော် ဝင်ရောက်မည်ဆိုပါက ပါရှန်းပင်လယ်ကွေ့ တစ်ခုလုံးတွင် ရေမြှုပ်မိုင်းများ ထောင်မည် ဟု အီရန်က ခြိမ်းခြောက် ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ထို့ပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အီရန်ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို ဗုံးကြဲ တိုက်ခိုက်မည်ဆိုသည့် ခြိမ်းခြောက်မှုကို အကောင်အထည်ဖော်ပါက အရှေ့အလယ်ပိုင်းရှိ လျှပ်စစ် ဓာတ်အားပေး စက်ရုံများကို ပြန်လည် တိုက်ခိုက်မည်ဟု အီရန်က သတိပေးခဲ့သည်။
အီရန်၏ ခြိမ်းခြောက်မှုကြောင့် ပင်လယ်ကွေ့ အာရပ်နိုင်ငံများရှိ လျှပ်စစ်ဓာတ်အားနှင့် ရေပေးဝေရေး အဆောက် အအုံများသည် အန္တရာယ်ရှိလာနိုင်သည်။
အထူးသဖြင့် ပင်လယ်ကွေ့ရှိ သဲကန္တာရနိုင်ငံများသည် ၎င်းတို့၏ လျှပ်စစ်ဓာတ်အားပေး စက်ရုံများနှင့် သောက်သုံး ရေ ရရှိရန် ပင်လယ်ရေကို ရေချိုအဖြစ် ပြောင်းလဲထုတ်လုပ်သည့် စက်ရုံများကို ပေါင်းစပ် တည်ဆောက်ထားသော ကြောင့် ဖြစ်သည်။
ထိုသို့ ခြိမ်းခြောက်ပြီးနောက် အီရန်၏ Fars သတင်းအေဂျင်စီက ယူအေအီးနိုင်ငံရှိ နျူကလီးယား ဓာတ်အားပေး စက်ရုံ အပါအဝင် အခြေခံ အဆောက်အအုံများ၏ စာရင်းကို ထုတ်ပြန်ခဲ့သည်။

အီရန်အလံကိုင်ထားသူကို တွေ့ရစဉ်
ပြီးခဲ့သည့် ရက်များအတွင်းကလည်း အီရန်သည် အစ္စရေးနိုင်ငံရှိ ဒီမိုနာ (Dimona) မြို့ကို ဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
ထိုမြို့သည် အစ္စရေး၏ နျူကလီးယား လက်နက် စီမံကိန်းအတွက် အရေးပါသော အဆောက်အအုံ ရှိသည့်နေရာ ဖြစ်သည်။
သို့သော် အီရန်၏ တိုက်ခိုက်မှုကြောင့် အစ္စရေး၏ နျူကလီးယား အဆောက်အအုံ ထိခိုက်ပျက်စီးမှု မရှိခဲ့ပေ။
အစ္စရေးကမူ မတ်လ ၂၃ ရက်တွင် အီရန်၏ တီဟီရန် (Tehran) မြို့တော်သို့ တိုက်ခိုက်မှုအသစ်များ ပြုလုပ်ခဲ့ပြီး တီဟီရန်ရှိ အခြေခံ အဆောက်အအုံ ပစ်မှတ်များကို အကြီးစား စစ်ဆင်ရေးလှိုင်းဖြင့် စတင် တိုက်ခိုက်နေပြီဟု ပြောကြားခဲ့သော်လည်း အသေးစိတ် အချက်အလက်များကိုမူ ချက်ချင်းထုတ်ပြန်ခြင်း မရှိသေးပေ။
အမေရိကန် မရိန်းတပ်သားများ အရှေ့အလယ်ပိုင်း ဒေသတွင်းသို့ ရောက်ရှိလာနိုင်ခြေနှင့် ပတ်သက်ပြီး အီရန်တွင် စိုးရိမ်မှုများ မြင့်တက်နေစဉ် အီရန် ကာကွယ်ရေးကောင်စီက ကျူးကျော်ဝင်ရောက်လာမည့် အစီအစဉ်အပေါ် သတိပေး ပြောကြားခဲ့သည်။
“ရန်သူဘက်က အီရန်ရဲ့ ကမ်းရိုးတန်းတွေ ဒါမှမဟုတ် ကျွန်းတွေကို ပစ်မှတ်ထားဖို့ ကြိုးပမ်းလာမယ်ဆိုရင် သတ်မှတ်ထားတဲ့ စစ်ရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပါရှန်းပင်လယ်ကွေ့နဲ့ ကမ်းရိုးတန်း တစ်လျှောက်မှာရှိတဲ့ ဝင်ပေါက်လမ်းကြောင်း အားလုံးမှာ ရေမြှုပ်မိုင်းတွေ ထောင်သွားမှာ ဖြစ်ပါတယ်”ဟု အီရန်အစိုးရ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 358
CNI International News
နယူးဒေလီ၊ မတ် ၂၃
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့အကြား လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာချိန်တွင် အိန္ဒိယနှင့် အာဖဂန် ၏ တာလီဘန်အစိုးရတို့အကြား ဆက်ဆံရေးမှာ ပိုမိုနက်ရှိုင်းလာကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
အိန္ဒိယအနေဖြင့် ပါကစ္စတန်အပေါ် ဖိအားမြှင့်တင်ရန် ကြိုးပမ်းနေပြီး အာဖဂန်ကလည်း ၎င်းတို့၏ သဘာဝ သယံဇာတများကို တူးဖော်ရန် ပြည်ပမှအကူအညီများ ရှာဖွေနေခြင်း ဖြစ်သည်။
အိန္ဒိယသည် အာဖဂန်နစ္စတန်နှင့် ဆက်ဆံရေး တည်ဆောက်ခြင်းဖြင့် ပါကစ္စတန်ကို အနောက်ဘက်နှင့် အရှေ့ ဘက် နှစ်ဖက်ညှပ်၍ မဟာဗျူဟာမြောက် ဖိအားပေးရန် ရည်ရွယ်ထားသည်။
ထို့ပြင် တာလီဘန်အစိုးရကလည်း အာဖဂန်ပြည်တွင်းတွင် ဒေါ်လာ ၁ ထရီလျံကျော် တန်ဖိုးရှိသော တွင်းထွက် သတ္တုနှင့် သယံဇာတများကို ဖော်ထုတ်ရန် အိန္ဒိယ၏ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုကို အလိုရှိနေသည်။
ထိုကဲ့သို့ အိန္ဒိယနှင့် တာလီဘန်တို့ကြား တိုက်ရိုက် ထိတွေ့ဆက်ဆံခြင်းဖြင့် ဒေသတွင်း အကြမ်းဖက်မှုများကို ထိန်းချုပ်ရန်နှင့် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

အိန္ဒိယနဲ့ အာဖဂန်အလံကို တွေ့ရစဉ်
အာဖဂန်၏ ဗာမီယန် (Bamiyan) ပြည်နယ်ရှိ ဟာဂျီဂတ် (Hajigak) သံသတ္တုသိုက်သည် အာရှတွင် အကြီးဆုံး စာရင်းဝင်ဖြစ်ပြီး သံသတ္တုတန်ချိန် ၁ ဒသမ ၈ ဘီလျံကျော် ရှိကြောင်း ခန့်မှန်းထားသည်။
အိန္ဒိယအစိုးရပိုင် Steel Authority of India Ltd (SAIL) ဦးဆောင်သည့် အဖွဲ့ဟာ ထိုသတ္တုတွင်းနှင့်အတူ သံမဏိစက်ရုံ တည်ဆောက်ရန်အတွက် ဒေါ်လာ ၆ ဘီလျံနီးပါး ရင်းနှီးမြှုပ်နှံရန် ယခင်ကတည်းက ကြိုးပမ်းခဲ့ ကြောင်း၊ လက်ရှိတွင် တာလီဘန်အစိုးရနှင့် ထိုစီမံကိန်းကို ပြန်လည်စတင်ရန် ဆွေးနွေးနေကြောင်း သတင်း ရင်းမြစ်များက ပြောကြားခဲ့သည်။
ထို့ပြင် လျှပ်စစ်ကား ဘက်ထရီ ထုတ်လုပ်ရေးအတွက် မရှိမဖြစ် လိုအပ်သည့် လစ်သီယမ် သတ္တုသိုက်များသည် အာဖဂန်တောင်ပိုင်းမှာ အမြောက်အမြားရှိနေပြီး အိန္ဒိယက ထိုသတ္တုများကို တူးဖော်ရယူရန် စိတ်ဝင်စားနေသည်။
ထိုကဲ့သို့ တွင်းထွက်သတ္တုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် အိန္ဒိယနှင့် တာလီဘန်တို့၏ ဆက်ဆံရေး နီးကပ်မှု သည် တောင်အာရှ၏ အင်အားချိန်ခွင်လျှာကို ပြောင်းလဲစေနိုင်ပြီး ပါကစ္စတန်အတွက်မူ အထီးကျန်ဖြစ်စေမည့် အန္တရာယ်ရှိနေသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 260
CNI International News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃
အမေရိကန်၏ ရေနံတင်သွင်းခွင့် ပိတ်ဆို့ခံထားရသည့် ကျူးဘားနိုင်ငံတွင် သီတင်းတစ်ပတ်အတွင်း ဒုတိယ မြောက် အကြိမ်အဖြစ် မတ်လ ၂၁ ရက်၌ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် လျှပ်စစ်မီး ပြတ်တောက် သွားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်၏ လောင်စာ ပိတ်ဆို့မှုနှင့် ဟောင်းနွမ်း ပျက်စီးနေသော အခြေခံ အဆောက်အအုံများကြောင့် ကျူးဘား၏ ကွန်မြူနစ်အစိုးရသည် လူဦးရေ ၁၀ သန်းအတွက် လျှပ်စစ်မီး ရရှိရန် အသည်းအသန် ကြိုးပမ်း နေရသည်။
“ညနေ ၆ နာရီ ၃၂ မိနစ်မှာ အမျိုးသား လျှပ်စစ်ဓာတ်အားစနစ် တစ်ခုလုံး လိုင်းပြတ်တောက် သွားခဲ့ပါတယ်။ နောက်ဆုံးရ အခြေအနေတွေကို ဆက်လက် တင်ပြပေးသွားပါမယ်”ဟု နိုင်ငံပိုင်လျှပ်စစ်လုပ်ငန်းဖြစ်သည့် Union Electrica က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ကျူးဘားတစ်နိုင်ငံလုံး လျှပ်စစ်မီး ပြတ်တောက်နေစဉ်
ထိုဖြစ်စဉ်သည် ယခုလအတွင်း တတိယအကြိမ်မြောက် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် လျှပ်စစ်မီး ပြတ်တောက် မှုဖြစ်ပြီး တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် လျှပ်စစ်မီးပြတ်တောက်မှုဖြစ်သည်။
မတ်လ ၄ ရက်နေ့ကလည်း အဓိက အပူစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံကြီးတစ်ခု ချို့ယွင်းခဲ့မှုကြောင့် စနစ်တစ်ခုလုံး၏ အစိတ်အပိုင်း အတော်များများ ပြတ်တောက်ခဲ့သည်။
ထို့ပြင် မတ်လ ၁၆ ရက်ကလည်း အကြောင်းပြချက် မရေမရာဘဲ အမျိုးသားလျှပ်စစ် ကွန်ရက်တစ်ခုလုံး ဓာတ်အားလိုင်း ပြတ်တောက်မှု ဖြစ်ပွားခဲ့သေးသည်။
ကျူးဘားနိုင်ငံသည် မကြာသေးမီ နှစ်များအတွင်း နိုင်ငံ၏ နေရာဒေသ အများအပြား သို့မဟုတ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မီးပြတ်တောက်မှုများကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသော်လည်း ယခုကဲ့သို့ တစ်ပတ်အတွင်း နှစ်ကြိမ်တိုင်တိုင် စနစ်တစ်ခုလုံး ပြိုလဲသွားခြင်းသည် အလွန်ဆိုးရွားလှသည့် အခြေအနေဖြစ်သည်။
အမေရိကန်သည် ဇန်နဝါရီ ၃ ရက်နေ့က ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro) ကို ဖမ်းဆီး ခဲ့ပြီးနောက် ကျူးဘားနိုင်ငံအပေါ် လောင်စာဆီ ပိတ်ဆို့ခဲ့သည်။

ကျူးဘားတစ်နိုင်ငံလုံး လျှပ်စစ်မီး ပြတ်တောက်နေစဉ်
ဗင်နီဇွဲလားသည် ကျူးဘား၏ ရင်းနှီးသော မဟာမိတ်ဖြစ်ပြီး ကျူးဘားနိုင်ငံအတွက် ရေနံများကို သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဗင်နီဇွဲလားသမ္မတကို ဖမ်းဆီးခဲ့ပြီးနောက် ကျူးဘားကို ရေနံတင်ပို့ ရောင်းချခွင့် ပိတ်ဆို့ခဲ့ကာ ကျူးဘားသို့ ရေနံရောင်းချမည့် နိုင်ငံများကို ကုန်သွယ်ခွန် တိုးမြှင့်မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။
ထရမ့်၏ ခြိမ်းခြောက်မှုကြောင့် ဗင်နီဇွဲလားကဲ့သို့ ကျူးဘားနိုင်ငံ၏ အရေးအကြီးဆုံး ရေနံတင်ပို့ရောင်းချပေးသည့် မက္ကဆီကိုနိုင်ငံသည်လည်း ကျူးဘားသို့ ရေနံတင်ပို့မှုများကို ရပ်ဆိုင်းခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 346
CNI International News
ဝါရှင်တန်၊ မတ်လ ၂၃
အီရန်အနေဖြင့် လာမည့် ၄၈ နာရီအတွင်း ဟော်မုဇ်ရေလက်ကြားကို အပြည့်အဝ ပြန်ဖွင့်မပေးပါက အီရန်၏ လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို တိုက်ခိုက်သွားမည်ဟု ထရမ့်က မတ်လ ၂၁ ရက်တွင် ခြိမ်းခြောက်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် အီရန်နိုင်ငံတို့က စစ်ပွဲကို အရှိန်မြှင့်တင်မည်ဟု အပြန်အလှ န်ခြိမ်းခြောက်ခဲ့ကြပြီး စွမ်းအင်နှင့်လောင်စာ စက်ရုံများကို ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဟု ပြောကြားခဲ့ကြသည်။
အီရန်စစ်ဆင်ရေးကို အရှိန်လျှော့ချမည်ဟု ထရမ့်က ပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယခုကဲ့သို့ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။
အီရန်ကလည်း ထရမ့်၏ ခြိမ်းခြောက်မှုကို တုန့်ပြန်သည့် အနေဖြင့် အမေရိကန်သည် အီရန်၏ လျှပ်စစ်ဓာတ်အား ပေး စက်ရုံများကို တိုက်ခိုက်ခဲ့မည်ဆိုပါက ပင်လယ်ကွေ့ဒေသရှိ စွမ်းအင်စက်ရုံများ အပါအဝင် အမေရိကန်၏ အခြေခံ အဆောက်အအုံများအား ပစ်မှတ်ထားသွားမည်ဟု ပြန်လည် ခြိမ်းခြောက်ခဲ့သည်။

ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘောကို တွေ့ရစဉ်
ထရမ့်ကမူ မရိန်းတပ်ဖွဲ့များနှင့် အကြီးစား ကမ်းတက်သင်္ဘော တစ်စင်းကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်မည်ဟု အမေရိကန်သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့ပြီးနောက် ဖြစ်ပွားလာခဲ့သည့် စစ်ပွဲ အတွင်း သေဆုံးသူ ၂၀၀၀ ကျော်အထိ ရှိလာခဲ့ကာ ဈေးကွက်များ ထိခိုက်ခြင်း၊ လောင်စာဈေးနှုန်းများ မြင့်တက် ခြင်းတို့ ဖြစ်ပွားနေသည်။
“သမ္မတထရမ့်ကတော့ အီရန်ကို ၄၈ နာရီ အချိန်ပေးထားပါတယ်။ သူခြိမ်းခြောက်ထားတဲ့အတိုင်း တိုက်ခိုက်မယ် ဆိုရင်တော့ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်တွေ ပြိုကျပြီး ရေနံဈေးတွေဟာလည်း အဆမတန် ထိုးတက်သွားပါလိမ့် မယ်”ဟု ဈေးကွက်ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် တိုနီ စကာမော (Tony Sycamore) က ပြောကြားခဲ့သည်။
ထို့ပြင် အီရန်ကလည်း ဆော်ဒီ၊ ယူအေအီးနှင့် ကာတာနိုင်ငံတို့ရှိ စွမ်းအင် အဆောက်အအုံများကို ပစ်မှတ်ထား လိမ့်မည်ဖြစ်သဖြင့် ဒေသတွင်း ကျယ်ပြန့်သည့် ပဋိပက္ခဖြစ်ပွားကာ စွမ်းအင်ဈေးနှုန်းများကို ကာလကြာရှည် ထပ်မံ မြင့်တက်လာနိုင်ကြောင်း ၎င်းကဆိုသည်။
လက်ရှိတွင် အီရန်၏ စစ်ရေးအရ တိုက်ခိုက်မှုများကြောင့် ကမ္ဘာ့ရေနံနှင့် ဓာတ်ငွေ့ထောက်ပံ့မှု စုစုပေါင်း၏ ၅ ပုံ ၁ ပုံခန့် ဖြတ်သန်းသွားလာသည့် ဟော်မုဇ်ရေလက်ကြားသည် ပိတ်ဆို့ခံထားရသည့် အခြေအနေသို့ ရောက်ရှိနေ သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 468
CNI International News
ဘေဂျင်း၊ မတ်လ ၂၁
အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား စစ်ပွဲ ပြင်းထန်နေချိန်တွင် တရုတ်အနေဖြင့် သံတမန်ရေးရာ ကြားဝင်စေ့စပ် သူအဖြစ် ဆောင်ရွက်ပေးနိုင်ကြောင်း အီရန်က အရိပ်အမြွက် ပြောကြားခဲ့သော်လည်း တရုတ်အနေဖြင့် ငြိမ်းချမ်း ရေး ဖော်ဆောင်ရန် ခက်ခဲနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
တရုတ်သည် ၂၀၂၃ ခုနှစ်က ဆော်ဒီနှင့် အီရန်ကြား ဆက်ဆံရေး ပြန်လည်သင့်မြတ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ သော်လည်း လက်ရှိတွင် ထိုအခြေအနေမျိုးကို နောက်တစ်ကြိမ် ဖော်ဆောင်ရန် ခက်ခဲလိမ့်မည်ဟု ဆိုသည်။
အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့် ဘေဂျင်းတွင် တွေ့ဆုံရန် စီစဉ်ထားသည့် အစည်းအဝေးသည် သီတင်းငါးပတ် သို့မဟုတ် ခြောက်ပတ်ခန့် ကြန့်ကြာလိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အတည်ပြုခဲ့သည်။
ထို့ကြောင့် အမေရိကန် အနေဖြင့် တတိယအဖွဲ့အစည်း၏ ကြားဝင်စေ့စပ်မှုကို လက်ခံရန် ခက်ခဲနိုင်ကြောင်းလည်း ကျွမ်းကျင်သူများက ထောက်ပြခဲ့ကြသည်။
တရုတ်သည် အီရန်စစ်ပွဲ ကာလအတွင်း တင်းမာမှုများ လျှော့ချနိုင်ရန် အဆင့်မြင့် သံတမန်ရေးရာ လှုပ်ရှားမှုများ ပြုလုပ်နေပြီး ၎င်း၏ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးကိုယ်စားလှယ်ကိုလည်း ထိုဒေသသို့ စေလွှတ်ထားပြီး ဖြစ်သည်။

ဆော်ဒီနဲ့ အီရန်ကို တရုတ်က ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့စဉ်
အမေရိကန်သည် အရှေ့အလယ်ပိုင်းတွင် တရုတ်၏ သြဇာလွှမ်းမိုးမှု ကြီးထွားလာမည့် အရေးကို မလိုလားသဖြင့် တရုတ်က ကြားဝင်စေ့စပ်ပြီး အောင်မြင်သွားပါက အမေရိကန်၏ ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ် ရပ်တည်မှုကို ထိခိုက်စေနိုင်၍ တရုတ်၏ ကမ်းလှမ်းမှုကို ပယ်ချနိုင်ခြေရှိသည်ဟု ဝါရှင်တန်ရှိ မူဝါဒရေးရာကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
တရုတ်သည် အီရန်အပေါ် စီးပွားရေးအရ သြဇာရှိသော်လည်း အစ္စရေးအပေါ်တွင်မူ သြဇာသက်ရောက်မှု နည်းပါးနေသည်ဟု ၎င်းတို့က ဆိုသည်။
အစ္စရေးသည် လုံခြုံရေးအတွက် အမေရိကန်ကို အပြည့်အဝ မှီခိုနေခြင်းဖြစ်၍ တရုတ်အနေဖြင့် အစ္စရေးကို တိုက်ခိုက်မှု ရပ်တန့်ရန် ဖိအားပေးနိုင်စွမ်း မရှိသရွေ့ အီရန်အတွက် ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးရန် ခက်ခဲ လိမ့်မည် ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
တရုတ်သည် လက်ရှိတွင် အန္တရာယ်များလှသော စေ့စပ်ညှိနှိုင်းမှုထဲသို့ တိုက်ရိုက် မဝင်သေးဘဲ စစ်ပွဲအခြေအနေကို အကဲခတ်နေဆဲ ဖြစ်သည်ဟု လေ့လာသူအချို့က သုံးသပ်ထားသည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 481
CNI International News
ဝါရှင်တန်၊ မတ်လ ၂၁
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့သည် မတ်လ ၁၉ ရက်က အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့ကြပြီး ဟော်မုဇ်ရေလက်ကြားနှင့်ပတ်သက်ပြီး အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
၎င်းတို့နှစ်ဦး၏ တွေဆုံမှုတွင် ဂျပန်ဝန်ကြီးချုပ် တာကာအီချီက ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာ နေသည့် သင်္ဘောများကို တိုက်ခိုက်ခြင်း မပြုရန် အီရန်အား ဖျောင်းဖျနေသည့် ဂျပန်၏ သံတမန်ရေးရာ ကြိုးပမ်းမှုများအား ထရမ့်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် တာကာအီချီနှင့် ထရမ့်တို့သည် တရုတ်နှင့် ဆက်ဆံရေး တင်းမာနမှု၊ အမေရိကန်တွင် ဂျပန်၏ ဒေါ်လာ ဘီလျံချီ ရင်းနှီးမြှုပ်နှံမှု ကတိကဝတ်များနှင့် ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြသည်။

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
အမေရိကန် အနေဖြင့် မည်သည့် အကူအညီမှ မလိုအပ်ကြောင်း ထရမ့်က ပြောကြားထားသော်လည်း အရှေ့ အလယ်ပိုင်း ပဋိပက္ခအတွင်း အီရန်က ပိတ်ဆို့ထားသည့် ဟော်မုဇ်ရေလက်ကြားတွင် မိုင်းရှင်းလင်းရန်နှင့် ရေနံ တင် သင်္ဘောများကို စောင့်ကြပ်လိုက်ပါရန် သင်္ဘောများ ပိုမိုစေလွှတ်ပေးရန် တောင်းဆိုခဲ့သည်။
“ကျနော်တို့မှာ အပြန်အလှန် ကူညီရမယ့် ဆက်ဆံရေးမျိုးရှိပြီး ကျနော်တို့ကလည်း ဂျပန်အတွက် ကူညီပေး နေတာမို့ ဂျပန်ဘက်က ပိုပြီး တာဝန်ယူ ဆောင်ရွက်လာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ကျနော်တို့ သိပ်မလိုအပ်ပါဘူး။ ဘာမှမလိုပါဘူး။ တကယ်ပြောရရင် ဂျပန်ဆီကဖြစ်ဖြစ် တခြား ဘယ်သူ့ဆီကဖြစ်ဖြစ် ကျနော် တို့ ဘာမှမလိုပါဘူး။ ဒါပေမယ့် လူတွေအနေနဲ့ တာဝန်ယူ ဆောင်ရွက်သင့်တယ်လို့ ကျနော် ထင်ပါတယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။
သို့သော် ငြိမ်းချမ်းရေးကို အလေးထားသည့် ဂျပန်နိုင်ငံအား စစ်ပွဲဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်း ပဋိပက္ခ အတွင်းသို့ ရောက်ရှိသွားစေနိုင်သည့် မိုင်းရှင်းလင်းရေး သင်္ဘောများကို ပံ့ပိုးပေးရန် တာကာအီချီဘက်က အသင့် ရှိ/မရှိ ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
“သူတို့ (ဂျပန်)က တကယ်ပဲ တာဝန်ယူ ဆောင်ရွက်လာကြပါတယ်။ ဂျပန်က နေတိုးနဲ့တော့ မတူဘူးပေါ့”ဟု ထရမ့်က ပြောကြားခဲ့သည်။
နေတိုးမဟာမိတ် အဖွဲ့ဝင်နိုင်ငံများသည် ဟော်မုဇ်ရေလက်ကြားသို့ စစ်သင်္ဘောများ စေလွှတ်ပေးရန် ထရမ့်၏ တောင်းဆိုချက်ကို လျစ်လျူရှုထားချိန်တွင် ထရမ့်၏ မှတ်ချက်စကား ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
တာကာအီချီကမူ ပဋိပက္ခများကို လျှော့ချရန် တိုက်တွန်းခဲ့ပြီး ဟော်မုဇ်ရေလက်ကြားအတွင်း အီရန်၏ တိုက်ခိုက် မှုများအား ရှုတ်ချခဲ့ကာ အီရန်အနေဖြင့် နျူကလီးယား လက်နက်ကို မည်သည့်အခါမျှ မပိုင်ဆိုင်ရအောင် တားဆီး ရမည်ဖြစ်ကြောင်း၊ ထရမ့် တစ်ဦးတည်းသာ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြော ကြားခဲ့သည်။
ထို့ပြင် အရှေ့အလယ်ပိုင်းရှိ မငြိမ်မသက်မှုများကြောင့် ကမ္ဘာ့စီးပွားရေးသည် ထိခိုက်မှုဒဏ်ကို ခံရတော့မည် ဖြစ်ကြောင်းလည်း တာကာအီချီက ပြောကြားခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 416
CNI International News
ကိယက်ဗ်၊ မတ်လ ၂၁
အရှေ့အလယ်ပိုင်းတွင် စစ်ပွဲဖြစ်ပွားနေသဖြင့် အမေရိကန်က ကြားဝင်စေ့စပ်ပေးသည့် ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ရပ်တန့်နေချိန်၌ ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) သည် ယူကရိန်းကို ဆင်နွှဲနေ သည့် ထိုးစစ်ကို ပိုမိုချဲ့ထွင်ဖွယ်ရှိကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ရရှိလာသော အမြတ်အစွန်းများသည် ရုရှား၏ စစ်အသုံးစရိတ် များကို အထောက်အကူ ဖြစ်စေခဲ့ပြီး ပင်လယ်ကွေ့တစ်လျှောက် အီရန်၏ တိုက်ခိုက်မှုများကြောင့် အမေရိကန်၏ လေကြောင်းရန်ကာကွယ်ရေး လက်နက်ပစ္စည်းများမှာလည်း လျင်မြန်စွာ ကုန်ခမ်းလာခဲ့သည်။
ထို့ကြောင့် ရုရှား၏ ယူကရိန်း ကျူးကျော်စစ် ၅ နှစ်မြောက်သို့ ရောက်ရှိလာချိန်တွင် ယူကရိန်းအတွက် ထောက်ပံ့ ပေးရန် အမေရိကန်၌ လက်နက်ခဲယမ်း အနည်းငယ်သာ ကျန်ရှိတော့မည် အရေးကို စိုးရိမ်မှုများ မြင့်တက်နေ သည်။

ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
ယူကရိန်း၏ ဥရောပမဟာမိတ်များက စစ်ရေးအရ ဆက်လက် ထောက်ပံ့ပေးသွားမည်ဟု ကတိပြုထားကြသော် လည်း ယူကရိန်း၏ ၂ နှစ်စာ စစ်ရေးနှင့် စီးပွားရေး လိုအပ်ချက်များအတွက် ဥရောပသမဂ္ဂ၏ ယူရို ၉၀ ဘီလျံ ချေးငွေအပေါ် အငြင်းပွားမှုများ ရှိနေဆဲဖြစ်သည်။
ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတဆင့် ရေနံတင်သင်္ဘောများ ပြန်လည်သွားလာနိုင်ရေး ကူညီရန် နေတိုးမဟာမိတ်များက ရေတပ်အင်အား စေလွှတ်ရန် ငြင်းဆိုခဲ့ခြင်းကြောင့် ထရမ့်၏ ပြင်းထန်သော ပြစ်တင် ဝေဖန်မှုကို ခံခဲ့ရသည်။
ထိုကဲ့သို့ သဘောထား ကွဲလွဲမှုများအရ ယူကရိန်းအတွက် နောက်ထပ် ကူညီထောက်ပံ့မှုများ ရရှိရေး စိန်ခေါ်မှုများ ရှိနေသည့် အခြေအနေကို မီးမောင်းထိုးပြသရာ ရောက်ခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးနဲ့ အမေရိကန်သမ္မတ ထရမ့်ကို တွေ့ရစဉ်
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (Volodymyr Zelenskyy) သည် အီရန်နိုင်ငံထုတ် Shahed ဒရုန်းများကို ခုခံကာကွယ်ရာတွင် ၎င်းတို့၏ ကျွမ်းကျင်မှုများအား ကူညီပေးရန် ပင်လယ်ကွေ့ဒေသသို့ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ ၂၀၀ ကျော် စေလွှတ်ခဲ့ပြီး အမေရိကန်၏ အာရုံစိုက်မှုကို ရရှိရန် ကြိုးပမ်းခဲ့သည်။
သို့သော် ထရမ့်က အမေရိကန် အနေဖြင့် ယူကရိန်း၏ အကူအညီကို မလိုအပ်ကြောင်း ပြောကြားကာ ဇာလန်းစကီး၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်။
အနောက်အုပ်စု မဟာမိတ်များအကြား သဘောထားကွဲလွဲမှု လက္ခဏာများ ထွက်ပေါ်လာချိန်တွင် ပူတင်နှင့် ၎င်း၏ စစ်ဗိုလ်ချုပ်များသည် ကီလိုမီတာ ၁၂၀၀ (မိုင် ၇၅၀ ခန့်) ရှည်လျားသော စစ်မျက်နှာတစ်လျှောက် နွေဦးရာသီနှင့် နွေရာသီ စစ်ဆင်ရေးများအတွက် အစီအစဉ်များကို စဉ်းစားသုံးသပ်နေသည်ဟု ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 431
CNI International News
ကဘူးလ်၊ မတ်လ ၂၀
အစ္စလာမ်ဘာသာဝင်များ၏ ရာမဒန်ဥပုသ် ကာလအပြီး အိဒ်ပွဲတော် ကာလအတွင်း အပစ်အခတ်ရပ်စဲ ထားမည် ဖြစ်ကြောင်း ပါကစ္စတန်နှင် အာဖဂန်နစ္စတန်တို့က မတ်လ ၁၈ ရက်တွင် ကြေညာခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့ သည်။
မတ်လ ၁၆ ရက်က အာဖဂန်နစ္စတန်တွင် ပါကစ္စတန်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၀၀ ကျော် သေဆုံးပြီး ၂၆၅ ဦး ဒဏ်ရာရခဲ့ကြောင်း အာဖဂန်တာလီဘန်အစိုးရက ပြောကြားခဲ့သည်။
တာလီဘန်အစိုးရက ထုတ်ပြန်သည့် သေဆုံး၊ ဒဏ်ရာရ စာရင်းကိုမူ လွတ်လပ်စွာ အတည်မပြုနိုင်သေးဘဲ အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂ အကူအညီပေးရေးမစ်ရှင် (UNAMA) ၏ ထုတ်ပြန်ချက်တွင်မူ ထိုတိုက်ခိုက် မှုအတွင်း လူပေါင်း ၁၄၃ ဦး သေဆုံးကာ ၁၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။
ပါကစ္စတန်ကလည်း တာလီဘန်တို့၏ ထုတ်ပြန်ချက်ကို ငြင်းဆိုခဲ့ပြီး ၎င်းတို့သည် အာဖဂန်၏ စစ်ရေးပစ်မှတ် များနှင့် အကြမ်းဖက်သမားများကို အထောက်အကူ ပေးနေသည့် အခြေခံ အဆောက်အအုံများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တာလီဘန်တွေကိုတွေ့ရစဉ်
လက်ရှိတွင် ဆော်ဒီအာရေဗျ၊ ကာတာနှင့် တူရကီနိုင်ငံတို့၏ တောင်းဆိုချက်ဖြင့် ပါကစ္စတန်သည် မတ်လ ၁၈ ရက် ညသန်းခေါင်မှစပြီး မတ်လ ၂၃ ရက် ညသန်းခေါင် အချိန်အထိ အပစ်အခတ်ရပ်စဲ ထားမည်ဖြစ်ကြောင်း ပါကစ္စတန်ပြန်ကြားရေးဝန်ကြီး အတ္တူလာ တာရာ (Attaullah Tarar ) က X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ပါကစ္စတန်သည် အစ္စလာမ်ဘာသာ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး သစ္စာစောင့်သိသည့် အနေဖြင့် အပစ်ရပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အကယ်၍ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှု၊ ဒရုန်းတိုက်ခိုက်မှုနှင့် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်လာခဲ့ပါက စစ်ဆင်ရေးများကို ပြန်လည် စတင်သွားမည်ဟု ၎င်းက ဆိုသည်။
ပါကစ္စတန်ဘက်မှ ကြေညာချက် ထွက်ပေါ်ခဲ့ပြီးနောက် အာဖဂန်တာလီဘန်အဖွဲ့ကလည်း အိဒ်ပွဲတော် ကာလ အတွင်း အပစ်အခတ်ရပ်စဲမည့်အကြောင်း အလားတူ ကြေညာချက် ထုတ်ပြန်ခဲ့သည်။
သို့သော် ခြိမ်းခြောက်မှုများ ရှိလာသည့် အချိန်မျိုးတွင် မည်သည့် ရန်လိုမှုမျိုးကိုမဆို ပြန်လည် တုန့်ပြန်သွားမည် ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 313
CNI International News
ရီးယာ့ဒ်၊ မတ်လ ၂၀
ဆော်ဒီနိုင်ငံ ပင်လယ်နီကမ်းခြေ ရန်ဘူး (Yanbu) ဆိပ်ကမ်းမြို့ရှိ ဆမ်မရာ(SAMREF) ရေနံချက်စက်ရုံသည် မတ်လ ၁၉ ရက်က ဒရုန်းတစ်စင်းဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း ဆော်ဒီအာဏာပိုင်များက ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနက ပျက်စီးဆုံးရှုံးမှု အခြေအနေကို အသေးစိတ် ထုတ်ဖော်ပြောကြားခြင်း မရှိဘဲ လက်ရှိတွင် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းသာ ပြောဆိုခဲ့သည်။
ထိုတိုက်ခိုက်မှုသည် ကူဝိတ်နိုင်ငံရှိ ရေနံချက်စက်ရုံနှစ်ခု ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

စက်သုံးဆီဆိုင်ကို တွေ့ရစဉ်
မတ်လ ၁၈ ရက် ညပိုင်းကလည်း အီရန်၏ တိုက်ခိုက်မှုများကြောင့် ကာတာနှင့် ယူအေအီးရှိ သဘာဝဓာတ်ငွေ့ ဆိုင်ရာ နေရာများ ထိမှန်ခဲ့ပြီးနောက် ကမ္ဘာ့လောင်စာဆီ ဈေးနှုန်းများ ထိုးတက်သွားခဲ့သည်။
မတ်လ ၁၁ ရက်နေ့က ပါရှန်းပင်လယ်ကွေ့အတွင်း ကာတာနှင့် အီရန်တို့ ပူးတွဲပိုင်ဆိုင်သည့် ဆောက်သ်ပါးစ် (South Pars) သဘာဝဓာတ်ငွေ့သိုက်ကို အစ္စရေးက တိုက်ခိုက်ခဲ့မှုအပေါ် အီရန်က လက်တုန့်ပြန်ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ဈေးကွက်သို့ သဘာဝဓာတ်ငွေ့ အဓိကတင်ပို့နေသည့် ကာတာနိုင်ငံတွင် အီရန်၏ ဒုံးကျည်ဖြင့် တိုက်ခိုက် မှုကြောင့် အဓိကကျသော LNG (သဘာဝဓာတ်ငွေ့ရည်) စက်ရုံတစ်ခု၌ မီးလောင်ကျွမ်းခဲ့သဖြင့် မီးသတ်သမား များက ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ယခင်က တိုက်ခိုက်မှုများကြောင့် အဆိုပါ စက်ရုံ၏ ထုတ်လုပ်မှုများကို ရပ်နားထားပြီးဖြစ်သော်လည်း ယခု တစ်ကြိမ် ဒုံးကျည်များဖြင့် ထပ်မံတိုက်ခိုက်ခံရမှုကြောင့် ကြီးမားသော မီးလောင်ကျွမ်းမှုများနှင့် ပိုမိုပြင်းထန်သည့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ရေနံချက်စက်ရုံကိုတွေ့ရစဉ်
စက်ရုံ ပျက်စီးသွားမှုကြောင့် အီရန်စစ်ပွဲ ပြီးဆုံးသွားသည့် တိုင်အောင် ကာတာနိုင်ငံ အနေဖြင့် ကမ္ဘာ့ဈေးကွက်သို့ ဓာတ်ငွေ့ ပြန်လည် တင်ပို့နိုင်ရန် ကြန့်ကြာမှုများ ရှိလာနိုင်သည်။
ကူဝိတ်နိုင်ငံတွင်လည်း မီနာ အယ်လ်-အာမာဒီ (Mina Al-Ahmadi) ရေနံချက်စက်ရုံ ဒရုန်းဖြင့် တိုက်ခိုက်ခံရမှု ကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့သော်လည်း လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း နိုင်ငံပိုင် KUNA သတင်းဌာနက ဖော်ပြခဲ့သည်။
ထိုစက်ရုံသည် တစ်နေ့လျှင် ရေနံစည်ပေါင်း ၇၃၀,၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိပြီး အရှေ့အလယ်ပိုင်းတွင် အကြီးဆုံး စက်ရုံများထဲမှ တစ်ခုဖြစ်သည်။
ထိုတိုက်ခိုက်မှုအပြီး မကြာမီမှာပင် အနီးရှိ မီနာ အဗ္ဗဒူလာ (Mina Abdullah) ရေနံချက်စက်ရုံလည်း ဒရုန်းဖြင့် တိုက်ခိုက်ခံရကာ မီးလောင်ကျွမ်းခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
အဘူဒါဘီ အာဏာပိုင်များကလည်း ၎င်းတို့၏ ဟပ်ရှန် (Habshan) ဓာတ်ငွေ့စက်ရုံနှင့် ဘတ်ဘ် (Bab) ရေနံမြေ တို့ကို ပိတ်ပစ်ခဲ့ရပြီး မတ်လ ၁၈ ရက်က အီရန်၏ တိုက်ခိုက်မှုများသည် အန္တရာယ်ရှိသော အခြေအနေအထိ မြင့်တက်လာခြင်း ဖြစ်သည်ဟု ဆိုခဲ့သည်။
Source: အေပီ
