- By CNI
- Category: နိုင်ငံရေး
- Hits: 271
CNI International News
ပြုံယမ်း၊ ဒီဇင်ဘာ ၁
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong-un) သည် လေတပ်၏ နှစ်ပေါင်း ၈၀ ပြည့် အထိမ်း အမှတ် အခမ်းအနားတွင် နျူကလီးယားစစ်ပွဲကို ဟန့်တားရေးအတွက် လေတပ်၏ အရေးပါပုံအား အလေးထား ပြောဆိုခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံပိုင် Rodong Sinmun သတင်းစာက ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ကင်မ်သည် ၎င်း၏ သမီးဖြစ်သူ ကင်မ်ဂျူအဲ (Kim Ju Ae) နှင့်အတူ လေတပ်၏ နှစ်ပတ်လည်ပွဲ အခမ်းအနားကို တက်ရောက်လာပုံ များကို ဖော်ပြထားသည်။
ထိုပွဲအခမ်းအနားတွင် ကင်မ်က မောင်းသူမဲ့ လေယာဉ်များ၊ ရွှေ့ပြောင်းနိုင်သည့် ဒုံးပစ်လောင်ချာများနှင့် အခြား စစ်လက်နက်ပစ္စည်းများကို လေ့လာကြည့်ရှုခဲ့သည်။
မြောက်ကိုရီးယားသည် အသေးစားနှင့် တာတိုပျံသန်းနိုင်သည့် FPV ဒရုန်းများ၊ အရွယ်အစား အနည်းငယ် ပိုမို ကြီးမားပြီး တာလတ် ပျံသန်းနိုင်သော တိုက်ခိုက်ရေး ဒရုန်းများကို ထုတ်လုပ်ခဲ့ကြောင်း ယူကရိန်းထောက်လှမ်း ရေး အရာရှိများကလည်း ပြောကြားခဲ့သည်။

လေတပ် အခမ်းအနားမှာ ကင်မ်ဂျုံအန်ကို တွေ့ရစဉ်
ကင်မ်သည် ၎င်း၏ သမီးဖြစ်သူနှင့်အတူ လေတပ် နှစ်ပတ်လည် အခမ်းအနားတွင် လေယာဉ်များ အလှပြ ပျံသန်း မောင်းနှင်မှုကို ကြည်ရှုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
မြောက်ကိုရီးယား လေတပ်သည် နျူကလီးယားစစ်ပွဲ အဟန့်အတားအတွက် အဓိကနေရာမှ ပါဝင်မည်ဖြစ်ပြီး အမှန်တကယ် ကြီးကျယ်ခမ်းနားမှုရှိကြောင်း ကင်မ်က ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ထို့ပြင် ကင်မ်က မြောက်ကိုရီးယားလေတပ်ကို မဟာဗျူဟာမြောက် စစ်လက်နက်ပစ္စည်းများ ပေးအပ်သွားမည်ဟု ပြောကြားခဲ့သော်လည်း အသေးစိတ် ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။
"လေတပ်ဟာ ရန်သူတွေရဲ့ စစ်ရေးရန်စမှုတွေနဲ့ အဖျက်အမှောင့် လုပ်ရပ်တွေ အားလုံးကို ထိန်းချုပ်ပြီး ပြတ်သား စွာ တွန်းလှန်သင့်ပါတယ်" ဟု ကင်မ်က ပြောကြားခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 515
CNI International News
မော်စကို၊ နိုဝင်ဘာ ၂၉
အမေရိကန်နှင့် ယူကရိန်းတို့ ဆွေးနွေးနေသည့် ငြိမ်းချမ်းရေး အဆိုပြုချက် မူကြမ်းသည် ယူကရိန်းပဋိပက္ခ အဆုံးသတ်ရန် အနာဂတ် သဘောတူညီချက်၏ အခြေခံဖြစ်လာနိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) က နိုဝင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က သူသည် ဒုတိယကမ္ဘာစစ်ပြီးနောက် ဥရောပတွင် အဆိုးရွားဆုံး ပဋိပက္ခဖြစ်သည့် ယူကရိန်းစစ်ပွဲကို အဆုံးသတ်လိုကြောင်း ပြောကြားခဲ့သည်။
သို့သော် ဩဂုတ်လက အလက်စကာ (Alaska ) တွင် ပူတင်နှင့် ပြုလုပ်ခဲ့သည့် အစည်းအဝေး အပါအဝင် ၎င်း၏ အားထုတ် ကြိုးပမ်းမှုများသည် ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်သည့် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်ခဲ့ခြင်း မရှိပေ။
ပြီးခဲ့သည့် သီတင်းပတ်က ပေါက်ကြားလာခဲ့သည့် အချက် ၂၈ ချက်ပါ အမေရိကန်၏ ငြိမ်းချမ်းရေးအစီအစဉ် ကြောင့် ယူကရိန်းနှင့် ဥရောပ အရာရှိများကို စိုးရိမ်စေခဲ့သည်။
ထိုငြိမ်းချမ်းရေးအစီအစဉ်တွင် ယူကရိန်း၏ နယ်မြေ စုစုပေါင်း၏ ၅ ပုံ ၁ ပုံကို ရုရှားက ထိန်းချုပ်ရေးနှင့် ယူကရိန်း စစ်တပ်အင်အားကို ကန့်သတ်ရေးတို့အား တောင်းဆိုထားသည့် ရုရှား၏ တောင်းဆိုချက်များကို လိုက်လျောထား ကြောင်း ယူကရိန်းနှင့် ဥရောပအရာရှိများက ယူဆခဲ့ကြသည်။

ယူကရိန်းငြိမ်းချမ်းရေး ဆုတောင်းနေစဉ်
ကာဂျစ်စတန်နိုင်ငံ၊ ဘိရှ်ကက် (Bishkek) မြို့တွင် ဆိုဗီယက်ယူနီယံ အဖွဲ့ဝင်ဟောင်း နိုင်ငံများ၏ ခေါင်းဆောင် များနှင့် ပြုလုပ်သည့် အစည်းအဝေး အပြီးတွင် ပူတင်က အမေရိကန်နှင့် ယူကရိန်းသည် အချက် ၂၈ ချက်ပါ အစီအစဉ်ကို ၄ ပိုင်းခွဲရန် ဆုံးဖြတ်ခဲ့ကြောင်းနှင့် ထိုအစီအစဉ်၏ မိတ္တူကို ရုရှားအစိုးရထံ ပေးပို့ခဲ့သည်ဟု ပြောကြားခဲ့သည်။
“ခြုံပြီးပြောရရင်တော့ အဲဒီအစီအစဉ်ဟာ အနာဂတ် သဘောတူညီချက်တွေအတွက် အခြေခံတစ်ခု ဖြစ်လာနိုင် တယ်ဆိုတာ ကျနော်တို့ သဘောတူပါတယ်။ အမေရိကန်ကလည်း ကျနော်တို့ရဲ့ သဘောထားကို ထည့်သွင်း စဉ်းစားထားတာကို ကျနော်တို့ သိခဲ့ပါတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။
သို့သော် ထိုအစီအစဉ်နှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်နေဆဲဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ရုရှားက ဥရောပကို တိုက်ခိုက်မည် မဟုတ်ကြောင်း ကတိကဝတ်ကို ဥရောပနိုင်ငံများက လိုချင်ပါက ရုရှားက လည်း ထိုကတိကဝတ်ကို ပေးရန် ဆန္ဒရှိသည်ဟုလည်း ပူတင်က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 228
CNI International News
ဘစ်ဆော၊ နိုဝင်ဘာ ၂၉
ဂီနီဘစ်ဆောနိုင်ငံတွင် ရွေးကောက်ပွဲ ပြုလုပ်ခဲ့ပြီးနောက် ၃ ရက် အကြာဖြစ်သည့် နိုဝင်ဘာ ၂၆ ရက်တွင် အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်။
နိုဝင်ဘာ ၂၃ ရက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ယူမာရို စစ်ဆိုကို အမ်ဘလို (Umaro Sissoco Embaló) နှင့် ပြိုင်ဘက် ကိုယ်စားလှယ်လောင်း ဖာနန်ဒို ဒီယက်စ် (Fernando Dias) တို့က အနိုင်ရရှိ ကြောင်း ကြေညာခဲ့ကြသည်။
ဂီနီဘစ်ဆောပြည်သူ ၂ သန်းခွဲခန့်က ရွေးကောက်ပွဲတွင် မဲရလဒ်များ ကြေညာချက်ကို စောင့်ဆိုင်းနေချိန်၌ စစ်တပ်က အာဏာသိမ်းကြောင်းနှင့် သမ္မတကို ဖမ်းဆီးထားကြောင်း ကြေညာခဲ့သည်။
လက်ရှိတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ၂ ရက်အကြာ၌ စစ်တပ်က ဖမ်းဆီးထားသည်ဆိုသည့် သမ္မတ အမ်ဘလိုသည် လူမြင်ကွင်းမှ ပျောက်ကွယ်နေသည်။
ကောလာဟလများအရ အမ်ဘလိုသည် ရွေးကောက်ပွဲ ပြီးချိန်ကတည်းက ကိုယ်ပိုင် ဂျက်လေယာဉ်ဖြင့် ပြင်သစ် သို့ ချက်ချင်း ထွက်ခွာသွားခဲ့ကြောင်း သတင်းများ ပျံ့နေသည်။
အမ်ဘလိုကို ဖမ်းဆီးထားသည်ဆိုသည့် စစ်တပ်၏ ကြေညာချက်ကို တရားဝင် အတည်ပြုနိုင်ခြင်း မရှိသော်လည်း စစ်တပ်သည် ဗိုလ်ချုပ်ကြီး ဟော်တာ အန်တာ (Horta N'Ta) ကို ယာယီသမ္မတအဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့ သည်။

ဂီနီဘစ်ဆောမှာ စစ်တပ်က လုံခြုံရေးယူထားစဉ်
အန်တာသည် ယခင်က အမ်ဘလို၏ သက်တော်စောင့် တစ်ဦးဖြစ်ပြီး စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးသော်လည်း အတိတ်ကာလက ၎င်းတို့နှစ်ဦးကြား ဆက်ဆံရေးကို ရှင်းလင်းစွာ မသိရပေ။
အတိုက်အခံများကမူ အာဏာသိမ်း ခေါင်းဆောင်များသည် အမ်ဘလို၏ နီးစပ်သည့် မဟာမိတ်များဖြစ်ကြောင်း ယူဆနေကြသည်။
ထို့ပြင် စစ်တပ်က ရွေးကောက်ပွဲ ဝင်ခွင့်မရသည့် ဒိုမင်ဂိုဆိုင်မိုအက်စ်ပါရဲရား (Domingos Simoes Pereira) ကိုလည်း ဖမ်းဆီးထားသည်ဟု ကြေညာခဲ့သည်။
အာဏာသိမ်းမှု ဖြစ်ပွားပြီးကတည်းက ပါရဲရားနှင့် အဆက်အသွယ် မရတော့ကြောင်း ၎င်း၏ ပါတီက ပြောကြားခဲ့ သည်။
လက်ရှိတွင် အမ်ဘလို၊ ဒီးယက်စ်နှင့် ပါရဲရားတို့ ၃ ဦးစလုံးသည် လူမြင်ကွင်းမှ ပျောက်ကွယ် နေဆဲဖြစ်သဖြင့် ၎င်းတို့ကို စစ်တပ်က ဖမ်းဆီးထားခြင်း သို့မဟုတ် ထွက်ပြေးတိမ်းရှောင်နေခြင်း ဟုတ်၊မဟုတ်ကို ရှင်းလင်းစွာ မသိရသေးပေ။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 260
CNI International News
ဝါရှင်တန်၊ နိုဝင်ဘာ ၂၉
ဗင်နီဇွဲလား မူးယစ်ဆေးဝါး ဂိုဏ်းများ၏ မှောင်ခိုကူးမှုကို နှိမ်နင်းရာတွင် မကြာမီအချိန်အတွင်း မြေပြင်စစ်ဆင်ရေး ပြုလုပ်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပြောကြားခဲ့သည်ဟု DW သတင်း ဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့သည်။
အမေရိကန်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများကို ရပ်တန့်မည်ဆိုသည့် ကြေညာချက်ဖြင့် ကာရစ်ဘီယံဒေသတွင် စစ်ရေးလှုပ်ရှားမှုများအား တိုးမြှင့်နေမှုနှင့်အတူ အမေရိကန်နှင့် ဗင်နီဇွဲလားကြား တင်းမာမှု မြင့်တက်နေချိန်၌ ထရမ့်၏ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဗင်နီဇွဲလားအစိုးရကမူ အမေရိကန်၏ စစ်အင်အား ဖြန့်ကြက်ချထားမှုနှင့် မူးယစ်ဆေးဝါး နှိမ်နင်းရေး လှုပ်ရှားမှု သည် ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရို (Nicolas Maduro) ကို ဖြုတ်ချရန် ကြိုးပမ်းအားထုတ်နေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သည် မာဒူရိုကို ဗင်နီဇွဲလား၏ တရားဝင်မှု မရှိသည့် ခေါင်းဆောင်အဖြစ် ရှုမြင်ထားပြီး မာဒူရိုသည် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနှင့် ပတ်သက်နေကြောင်း စွပ်စွဲခဲ့သည်။
ထရမ့်သည် ဖလော်ရီဒါ (Florida) ရှိ ၎င်း၏ Mar-a-Lago စံအိမ်တွင် ကျေးဇူးတော်နေ့အဖြစ် ပွဲအခမ်းအနား ပြုလုပ်ချိန်က အမေရိကန် စစ်မှုထမ်းများနှင့် ဗွီဒီယို ဆက်သွယ်မှုမှတစ်ဆင့် အမှာစကား ပြောကြားခဲ့သည်။

ဗင်နီဇွဲလားသမ္မတ လူကာရှန်ကိုကို တွေ့ရစဉ်
ထိုအမှာစကားအတွင်း ဗင်နီဇွဲလား မူးယစ်ဆေးဝါး မှောင်ခိုကူးသူများကို ပင်လယ်ပြင်တွင် တိုက်ခိုက်နေသည့် စစ်ဆင်ရေး အများစုအား ရပ်တန့်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကျနော်တို့ဟာ ပင်လယ်ပြင်က စစ်ဆင်ရေးတွေကို ၈၅ ရာခိုင်နှုန်းအထိ ရပ်တန့်လိုက်ပါပြီ။ မကြာခင် အချိန်မှာပဲ မြေပြင်ကနေ သူတို့ (မူးယစ်ဆေးဝါး မှောင်ခိုကူးသူများ)ကို တားဆီးဖို့ စတင်လုပ်ဆောင်သွားမှာပါ။ မြေပြင်က ပိုပြီးလွယ်ပါတယ်။ မကြာခင် စတင်တော့မှာပါ” ဟု ထရမ့်က ပြောကြားခဲ့သည်။
ထရမ့် ပြောဆိုခဲ့သည့် တပ်ရင်းတပ်ဖွဲ့အချို့သည် Southern Spear အမည်ရှိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ရေးတွင် တိုက်ရိုက် ပါဝင်နေသည့် တပ်ရင်းတပ်ဖွဲ့များဖြစ်သည်။
မကြာသေးမီက အမေရိကန်တပ်ဖွဲ့များသည် ကာရစ်ဘီယံပင်လယ်နှင့် ပစိဖိတ်သမုဒ္ဒရာတို့တွင် မူးယစ်ဆေးဝါး မှောင်ခိုကူးသည်ဟု သံသယရှိသည့် သင်္ဘောများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် လူ ၈၃ ဦးထက်မနည်း သေဆုံးခဲ့သည်။
Source: DW
- By CNI
- Category: နိုင်ငံရေး
- Hits: 529
CNI International News
ဘန်ကောက်၊ နိုဝင်ဘာ ၂၉
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရှိ ကလောင်ပရန် ဗဟိုအကျဉ်းထောင် (Klongprem Central Prison) တွင် အကျဉ်းချခံထားရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ထံသို့ ၎င်း၏ သားသမီး ၃ ဦးနှင့် ၎င်းတို့၏ မိသားစုများ လာရောက် တွေ့ဆုံခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထို့နောက် သက်ဆင်၏ အငယ်ဆုံးသမီးဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း ပေတုန်တန် (Paetongtarn) က အကျဉ်း ထောင်ထဲတွင် ရိုက်ကူးခဲ့သည့် မိသားစုဓာတ်ပုံကို လူမှုမီဒီယာ၌ တင်ခဲ့ပြီး အကျဉ်းထောင် အာဏာပိုင်များကို လည်း ကျေးဇူးတင်ကြောင်း ရေးသားခဲ့သည်။
ယခုတွေ့ဆုံမှုသည် စက်တင်ဘာ ၉ ရက်က သက်ဆင် အကျဉ်းချခံခဲ့ရပြီးနောက်ပိုင်း ၎င်း၏ မိသားစုများကို အကြိမ် ၂၀ မြောက် တွေ့ဆုံခွင့် ပေးခြင်းလည်းဖြစ်သည်။
အကျဉ်းထောင် အာဏာပိုင်များက နိုင်ငံတစ်ဝန်းတွင် နှစ်သစ်ကူး အခါသမယအတွင်း အကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုဝင်များကို အနီးကပ် တွေ့ဆုံခွင့်ပေးထားပြီး မိသားစုဝင်များ အတူတကွ နေထိုင်ခွင့်၊ အတူ စားသောက်ခွင့်၊ အနီးကပ် တွေ့ဆုံခွင့်နှင့် ဖုန်းဆက်ခွင့်များ ပေးထားသည်။
ပေတုန်တန်နှင့်အတူ ၎င်း၏ ခင်ပွန်းဖြစ်သူ ပီဒေ့ါ ဆွတ်ဆာဝက်စ် (Pidok Sooksawas) ၊ အစ်မဖြစ်သူ ပင်တုန်တာ ရှင်နာဝပ် ကူနာကွန်ဝေါင် (Pintongta Shinawatra Kunakornwong) ၊ အစ်ကိုဖြစ်သူ ပန်တုန်တေ ရှင်နာဝပ် (Panthongtae Shinawatra) နှင့် ၎င်း၏ ဇနီးဖြစ်သူ နတ်သီယာ ဖူအန်ခမ်း (Natthiya Puangkham) ၊ သက်ဆင် ၏ ရှေ့နေဖြစ်သူ ဝင်ယတ် ချတ်မွန်ထရီ (Winyat Chatmontree) တို့က သက်ဆင်ထံ လာရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ပေတုန်တန်က အကျဉ်းထောင်ထဲက မိသားစုပုံကို ပြသစဉ်
ထိုအကျဉ်းထောင်တွင် အကျဉ်းသားများ ပြုလုပ်ထားသည့် အစားအစာများနှင့် လက်မှုပစ္စည်းများကို ရောင်းချ သည့် မီနီမားကက် တစ်ခုလည်းရှိပြီး အကျဉ်းထောင်သို့ လာရောက်သူများက ထိုအစားအစာများနှင့် ပစ္စည်းများကို ဝယ်ယူနိုင်သည်။
“အဲဒီအချိန်လေးမှာ ကျမဟာ ပေတုန်တန်ဆိုတဲ့ ဘဝကို ပြန်ရခဲ့သလို ခံစားခဲ့ရပါတယ်။ ငယ်ငယ်တုန်းကလိုမျိုး ကျမ အဖေရဲ့ လက်ကိုတွဲပြီး မောင်နှမတွေနဲ့ ဈေးထဲမှာ လမ်းလျှောက်ခဲ့ရပါတယ်။ ၂ နာရီလောက်သာ တွေးခွင့် ရခဲ့ပေမယ့် ကျမတို့ အတူနေထိုင်နေရသလို ခံစားခဲ့ရပါတယ်။ ကျမ အဖေနဲ့ပတ်သက်ပြီး စိုးရိမ်နေသူတွေကို ပြောချင်တာက အဖေက ကျန်းကျန်းမာမာပါပဲ။ အားလုံးရဲ့ ချစ်ခင် ဂရုစိုက်မှုတွေကို သူက သိထားပြီး အားလုံးကိုလည်း သူက အလေးထားတယ်ဆိုတာ ပြောခဲ့ပါတယ်”ဟု ပေတုန်တန်က လူမှုမီဒီယာတွင် ရေးသားခဲ့ သည်။
လက်ရှိ ထိုင်းနိုင်ငံတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားနေခြင်းနှင့်ပတ်သက်ပြီး သတင်းထောက်များက သက်ဆင်၏ သဘောထားကို မေးမြန်းချိန်၌ ပေတုန်တန်က ၎င်း၏ ဖခင်သည် ရေလွှမ်းမိုးမှုကို စိုးရိမ်နေကြောင်း ဖြေကြား ခဲ့သည်။
သက်ဆင်သည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လက ထိုင်းနိုင်ငံသို့ ပြန်လည် ရောက်ရှိချိန်တွင် အာဏာအလွဲသုံးမှုဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ထိုင်းဘုရင်က ထောင်ဒဏ် ၁ နှစ်အထိ လျှော့ချပေး ခဲ့သည်။
သို့သော် အကျဉ်းချခံနေရသည့် ထိုကာလအတွင်း သက်ဆင်သည် ဘန်ကောက်မြို့တော်ရှိ ရဲတပ်ဖွဲ့ အထွေထွေ ဆေးရုံ၏ VIP အခန်းတွင် နေထိုင်ခဲ့မှုနှင့်ပတ်သက်ပြီး တရားရုံးချုပ်က စက်တင်ဘာ ၉ ရက်၌ ၎င်းကို ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 209
CNI International News
အစ္စလာမ်မာဘက်၊ နိုဝင်ဘာ ၂၈
အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်ကြား ပြီးခဲ့သည့်လက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သော်လည်း ပါကစ္စတန်နိုင်ငံအတွင်း ပြီးခဲ့သည့်ရက်ပိုင်းက အသေခံဗုံးခွဲ တိုက်ခိုက်မှုများနှင့် နှစ်နိုင်ငံနယ်စပ်တွင် ဒရုန်း တိုက် ခိုက်မှုများ ဖြစ်ပွားခဲ့သဖြင့် ထိုအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ကျိုးပျက်လွယ်သော အခြေအနေသို့ ရောက်ရှိနေကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
လက်ရှိတွင် အာဖဂန်နှင့် ပါကစ္စတန်တို့သည် တစ်ဖက်နှင့်တစ်ဖက် သတိ အနေအထားဖြင့် စောင့်ကြည့်နေကြ ချိန်၌ ကြားဝင်စေ့စပ်ညှိနှိုင်းသူများဖြစ်သည့် ကာတာ၊ တူရကီ၊ အီရန်နှင့်ရုရှားတို့သည် အာဖဂန်နှင့် ပါကစ္စတန် ကြား နောက်တစ်ကြိမ် ရန်လို တိုက်ခိုက်မှုများကို တားဆီးရန် အခွင့်အရေး အနည်းငယ်သာရှိကြောင်း လေ့လာသူ များက ပြောကြားခဲ့သည်။
တစ်နည်းဆိုရပါက အာဖဂန်နှင့် ပါကစ္စတန်ကြား တင်းမာမှုများသည် ရှည်လျားသည့် ကြားခံစစ်ဆင်ရေး တစ်ခု အဖြစ် ပြောင်းလဲသွားနိုင်ပြီး အိုင်အက်စ်-ခိုရာဆန် (Isis-K) ကဲ့သို့ အကြမ်းဖက် အဖွဲ့များအတွက် နောက်တစ်ကြိမ် ခေါင်းပြန်ထောင်လာနိုင်သည့် အခြေအနေသို့ ရောက်ရှိစေနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်ကြား အန္တရာယ်ကြီးသော ကြောင်နှင့်ကြွက် ကစားနည်းသည် တစ်ဖက်နှင့် တစ်ဖက် လက်စားချေသည့် အဆင့်သို့ ဝင်ရောက်လာခဲ့ကြောင်း ကနေဒါနှင့် ပြင်သစ်နိုင်ငံဆိုင်ရာ အာဖဂန် သံအမတ်ဟောင်း အိုမာ ဆာမက် (Omar Samad) က ပြောကြားခဲ့သည်။
ကြားဝင်စေ့စပ်ပေးသူများ အချိန်မီ ဝင်ရောက် မလာခင်မှာပင် တင်းမာမှုများသည် အလွယ်တကူ မြင့်တက်သွား နိုင်ကြောင်း ဆာမက်က ပြောသည်။

တာလီဘန်တွေကို တွေ့ရစဉ်
ပါကစ္စတန် တာလီဘန် (TTP) အဖွဲ့ဝင်များ ခိုလှုံနေသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည့် အာဖဂန်၏ ခို့စ် (Khost) ၊ ကူနာ (Kunar ) နှင့် ပက်တီကာ (Paktika) ပြည်နယ် ၃ ခုတွင် ပါကစ္စတန်က လေကြောင်း တိုက်ခိုက်ခဲ့ ကြောင်း အာဖဂန်တာလီဘန်အဖွဲ့က စွပ်စွဲခဲ့သည်။
သို့သော် ထိုလေကြောင်း တိုက်ခိုက်မှုများအတွက် သင့်တော်သည့် အချိန်တွင် သင့်တော်သလို တုန့်ပြန်သွားမည် ဟု အာဖဂန်တာလီဘန်အဖွဲ့က ခြိမ်းခြောက်ထားသော်လည်း လက်တွေ့ တုန့်ပြန်ခြင်း မရှိသေးပေ။
“ပါကစ္စတန်တပ်ဖွဲ့တွေရဲ့ ရန်လိုတဲ့ လုပ်ဆောင်ချက်တွေဟာ ဘာကိုမှ အကျိုးမရှိစေပါဘူး” ဟု အာဖဂန် အစိုးရ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ် (Zabihullah Mujahid) က ပြောကြားခဲ့သည်။
ပါကစ္စတန်အစိုးရကမူ TTP အဖွဲ့သည် ယခုလအတွင်း အသေခံဗုံး ခွဲတိုက်ခိုက်မှု ၃ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက် ရှရစ်ဖ် (Shehbaz Sharif) ကလည်း အာဖဂန်မှ ဝင်ရောက်လာ သည့် စစ်သွေးကြွများကို လိုက်လံ နှိမ်နင်းသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 264
CNI International News
ပဲရစ်၊ နိုဝင်ဘာ ၂၈
ပြင်သစ်သမ္မတ မက်ခရွန် (Emmanuel Macron) သည် နိုဝင်ဘာ ၂၇ ရက်က အမျိုးသားစစ်မှုထမ်း အစီအစဉ်သစ် တစ်ခုကို ထုတ်ပြန်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ယူကရိန်း-ရုရှား စစ်ပွဲကြောင့် ဥရောပနိုင်ငံများအပေါ် ရုရှား၏ ခြိမ်းခြောက်မှုနှင့်ပတ်သက်ပြီး မြင့်တက်လာသည့် စိုးရိမ်မှုများအား လျှော့ချပေးရန်အတွက် ပြင်သစ်က စစ်တပ်အင်အားကို မြှင့်တင်ရန် ကြိုးပမ်းနေချိန်တွင် မက်ခရွန်၏ စစ်မှုထမ်း အစီအစဉ်သစ် ထွက်ပေါ်လာခြင်းဖြစ်သည်။
မိမိသဘောဆန္ဒအလျောက် စစ်မှုထမ်းမည့် အသက် ၁၈ နှစ်မှ ၁၉ နှစ်အရွယ် ဆယ်ကျော်သက် လူငယ်များသည် လာမည့်နှစ်မှစပြီး စစ်မှုထမ်း အစီအစဉ်အသစ်ဖြင့် ၁၀ လကြာ စစ်မှုထမ်းရမည်ဖြစ်ကြောင်း မက်ခရွန်က ကြေညာ ခဲ့သည်။
“အမျိုးသားစစ်မှုထမ်း အစီအစဉ်သစ်ကို လာမယ့်နှစ် နွေရာသီကစပြီး တစ်ဆင့်ချင်းစီ အကောင်အထည် သွားမှာ ပါ” ဟု မက်ခရွန်က ပြင်သစ် အဲလ်ပ်တောင်တန်းဒေသတွင်ရှိသည့် စစ်စခန်းတစ်ခုတွင် မိန့်ခွန်းပြောကြားခဲ့သည်။
လူငယ် ဗော်လန်တီယာ စစ်မှုထမ်းများသည် ပြင်သစ်၏ ပင်မကုန်းမြေနှင့် ပြည်ပရှိ ပြင်သစ်၏ ပိုင်နက် နယ်နိမိတ် များတွင် တာဝန်ထမ်းဆောင် ရမည်ဖြစ်ပြီး ပြည်ပနိုင်ငံများတွင်မူ တာဝန်ထမ်းဆောင်ရမည် မဟုတ်ကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ မက်ခရွန် မိန့်ခွန်းပြောနေစဉ်
ယခုနှစ် အစောပိုင်းတွင် မက်ခရွန်က ပြင်သစ် လူငယ်များအတွက် မိမိသဘော ဆန္ဒအလျောက် စစ်မှုထမ်းဆောင် နိုင်မည့် အစီအစဉ်ကို ရည်ရွယ်ထားကြောင်း ကြေညာခဲ့သည်။
ပြင်သစ်တွင် ၁၉၉၆ ခုနှစ်က စစ်မှု မထမ်းမနေရ ဥပဒေကို အဆုံးသတ်ခဲ့ပြီး လက်ရှိတွင် ထိုဥပဒေကို ပြန်လည် ကျင့်သုံးရန် စဉ်းစားမည် မဟုတ်ကြောင်း မက်ခရွန်က ပြောသည်။
ထို့ပြင် မက်ခရွန်က လာမည့် ၂ နှစ်အတွင်း ထပ်တိုး စစ်အသုံးစရိတ်ကို ယူရို ၆ ဒသမ ၅ ဘီလျံ (ဒေါ်လာ ၇ ဒသမ ၆ ဘီလျံ) သုံးစွဲသွားမည်ဟုလည်း ကြေညာခဲ့သည်။
ပြင်သစ်သည် ၂၀၂၇ ခုနှစ်တွင် နှစ်စဉ် ကာကွယ်ရေး အသုံးစရိတ်ကို ၅၄ ဘီလျံ အသုံးပြုရန် ရည်ရွယ်ထားပြီး ထိုပမာဏသည် ၂၀၁၇ ခုနှစ်ကထက် ကာကွယ်ရေး အသုံးစရိတ် ၂ ဆ မြင့်တက် လာလိမ့်မည်ဖြစ်ကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 253
CNI International News
ဝါရှင်တန်၊ နိုဝင်ဘာ ၂၈
တရုတ်နှင့် တင်းမာမှု အခြေအနေကို ပိုမိုဆိုးဝါးအောင် မလုပ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takiachi) ကို တိုက်တွန်းခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်လာမည်ဆိုပါက ဂျပန်က စစ်ရေးဖြင့် ကြားဝင်ရလိမ့်မည်ဖြစ်ကြောင်း ယခုလ အတွင်း တာကာအီချီက လွှတ်တော်တွင် ပြောကြားခဲ့ပြီးနောက် ဂျပန်နှင့် တရုတ်ကြား တင်းမာမှုများ မြင့်တက် လာခဲ့ခြင်းဖြစ်သည်။
တာကာအီချီ၏ ပြောကြားချက်သည် တရုတ်ကို ဒေါသထွက်စေခဲ့ပြီး တရုတ်နိုင်ငံသားများအနေဖြင့် ဂျပန်သို့ မသွားရန် တရုတ်အစိုးရက သတိပေးခဲ့သည်။
နိုဝင်ဘာ ၂၅ ရက်တွင် ထရမ့်နှင့် တာကာအီချီတို့ ဖုန်းဆက်သွယ် ပြောဆိုမှုအတွင်း ထရမ့်က သူသည် ဂျပန်နှင့် တရုတ်ကြား တင်းမာမှု ပိုမိုမြင့်တက်လာမည့် အရေးကို မဖြစ်စေချင်ကြောင်း ပြောကြားခဲ့သည်ဟု ဂျပန်အစိုးရ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
သို့သော် ထရမ့်က ထိုင်ဝမ် အရေးနှင့်ပတ်သက်ပြီး တာကာအီချီ၏ မှတ်ချက်စကားများကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုခဲ့ခြင်း မရှိကြောင်းလည်း ဂျပန်အစိုးရ သတင်းရင်းမြစ်တစ်ခုက ပြောသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
နိုဝင်ဘာ ၂၇ ရက်တွင် ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် မီနိုရူ ကီဟာရာ (Minoru Kihara) က ပုံမှန်ပြုလုပ်နေကျ သတင်းစာ ရှင်းလင်းပွဲတွင် ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အသေးစိတ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) တို့ နိုဝင်ဘာ ၂၄ ရက်က ဖုန်းဆက်သွယ် ပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာတွင် ထရမ့်နှင့် တာကာအီချီတို့ ဖုန်းဆက်သွယ် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထရမ့်နှင့် ရှီတို့၏ ဖုန်းဆက်သွယ် ပြောဆိုမှုအတွင်း ရှီက ထိုင်ဝမ်သည် တရုတ်၏ ခွဲထွက်မရသည့် အစိတ်အပိုင်း ဖြစ်ကြောင်း ထရမ့်ကို ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ် တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံး ထိန်းချုပ် သွားမည်ဟု ပြောကြားထားသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 293
CNI International News
ဘစ်ဆော၊ နိုဝင်ဘာ ၂၈
ဂီနီဘစ်ဆောနိုင်ငံတွင် သမ္မတနန်းတော်အနီး၌ သေနတ်သံများကို ကြားရကြောင်း သတင်းများ ထွက်ပေါ်ခဲ့ ပြီးနောက် စစ်တပ်က အာဏာသိမ်းလိုက်ပြီဟု နိုဝင်ဘာ ၂၆ ရက်တွင် နိုင်ငံပိုင်ရုပ်သံမှ ကြေညာခဲ့သည်။
ဂီနီဘစ်ဆောတွင် ရွေးကောက်ပွဲ ပြုလုပ်ပြီးနောက် ၃ ရက်အကြာတွင် ယခုကဲ့သို့ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဂီနီဘစ်ဆောသမ္မတ ယူမာရို စစ်ဆိုကို အမ်ဘလို (Umaro Sissoco Embaló) ကလည်း သူသည် ရာထူးမှ ဖြုတ်ချ ခံရပြီး ဖမ်းဆီးခံထားရကြောင်း ပြင်သစ်မီဒီယာများကို ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်သည် မကြာသေးမီ နှစ်များအတွင်း အာဏာသိမ်းမှုများ ဖြစ်ပွားခဲ့သည့် အနောက်အာဖရိကတွင် နောက်ဆုံး အာဏာသိမ်းမှု တစ်ခုဖြစ်သည်။
“နိုင်ငံတော် ပြန်လည်ထူထောင်ရေးနဲ့ တည်ငြိမ်ရေးအတွက် စစ်ဘက်ဆိုင်ရာဌာနချုပ်ဟာ သမ္မတကို ရာထူးက ချက်ချင်းဖြုတ်ချဖို့နဲ့ နိုင်ငံရဲ့ အင်စတီကျူးရှင်း အားလုံးကို နောက်ထပ် ပေါ်ပေါက်လာမယ့် အခင်းအကျင်းတွေ မတိုင်မီ အချိန်အထိ ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်”ဟု စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒီနစ် အန် ချာမာ (Dinis N’Tchama) က ပြောကြားခဲ့သည်။
နိုဝင်ဘာ ၂၃ ရက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် မဲရလဒ်များကို ကြိုးကိုင်ခြယ်လှယ်ပြီး တိုင်းပြည်ကို မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်မည့် အစီအစဉ်အား ဖော်ထုတ် သိရှိခဲ့သဖြင့် ယခုကဲ့သို့ တုန့်ပြန်ဆောင်ရွက် ရခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ဂီနီဘစ်ဆော စစ်တပ်က အာဏာသိမ်းကြောင်း ကြေညာနေစဉ်
ထိုရွေးကောက်ပွဲတွင် ယခုဖမ်းဆီးခံထားရသည့် သမ္မတ အမ်ဘလိုနှင့် အတိုက်အခံ ကိုယ်စားလှယ်လောင်း ဖြစ်သည့် ဖာနန်ဒို ဒီးယက်စ် (Fernando Dias) တို့က ၎င်းတို့နှစ်ဦးစလုံး အနိုင်ရကြောင်း ကြေညာခဲ့ကြသည်။
စစ်တပ်ကမူ အတိုက်အခံ ကိုယ်စားလှယ်လောင်း ဒီးယက်စ်ကိုလည်း ဖမ်းဆီးထားကြောင်း ဒီးယက်စ်၏ ပါတီက Facebook တွင် ရေးသားခဲ့သည်။
ထို့ပြင် နိုင်ငံတော်တရားရုံ၏ ပိတ်ပင်မှုကြောင့် နိုဝင်ဘာ ၂၃ ရက် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မရခဲ့သည့် အတိုက်အခံ ခေါင်းဆောင် ဒိုမင်ဂို ဆိုင်မိုအက်စ် ပါရဲရား (Domingos Simoes Pereira) ကိုလည်း နိုဝင်ဘာ၂၆ ရက်၌ ဖမ်းဆီးခဲ့သည်ဟု ၎င်းနှင့်နီးစပ်သော သတင်းအရင်းအမြစ်နှစ်ခုက ပြောကြားခဲ့သည်။
ဂီနီဘစ်ဆောနိုင်ငံသည် လွတ်လပ်ရေး ရပြီးကတည်းက အာဏာသိမ်းမှု ၄ ကြိမ် ဖြစ်ပွားခဲ့သည့်အပြင် အာဏာ သိမ်းရန် ကြိုးပမ်းမှုများလည်း အကြိမ်ကြိမ် ရှိခဲ့သည်။
Source: အေပီ
