- By CNI
- Category: နိုင်ငံရေး
- Hits: 613
CNI International News
ကိယက်ဗ်၊ ဧပြီ ၈
ရုရှားဂြိုဟ်တုများသည် အရှေ့အလယ်ပိုင်းဒေသရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများနှင့် အရေးပါသော နေရာ များကို အသေးစိတ် ဓာတ်ပုံရိုက်ကူးမှုပေါင်း ဒါဇင်နှင့်ချီ ပြုလုပ်ခဲ့ကြောင်း ယူကရိန်းထောက်လှမ်းရေးအဖွဲ့က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမေရိကန် တပ်ဖွဲ့များနှင့် အခြား ပစ်မှတ်များကို အီရန်က တိုက်ခိုက်ရာတွင် ကူညီပေးရန်အတွက် ရုရှားက ဂြိုဟ်တုများဖြင့် ကူညီပေးနေခြင်းဖြစ်သည်ဟု ယူကရိန်းထောက်လှမ်းရေးက ထုတ်ပြန်ခဲ့သည်။
ရိုက်တာသတင်းဌာနက လေ့လာခွင့်ရခဲ့သည့် အဆိုပါ ထုတ်ပြန်ချက်တွင် ရုရှားနှင့် အီရန် ဟက်ကာများသည် ဆိုက်ဘာနယ်ပယ်တွင်လည်း ပူးပေါင်းဆောင်ရွက်နေကြကြောင်း ဖော်ပြထားသည်။
ထိုအချက်အလက်များသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် အစ္စရေးနှင့် အမေရိကန်တို့က အီရန်ကို တိုက်ခိုက်ခဲ့ပြီး နောက် ရုရှားက အီရန်ကို လျှို့ဝှက်ပံ့ပိုးမှုများနှင့် ပတ်သက်သည့် အသေးစိတ် အကျဆုံး ဖော်ပြချက်များ ဖြစ်သည်။

အီရန်အမျိုးသားအစောင့်တပ်ကိုတွေ့ရစဉ်
ယူကရိန်းထောက်လှမ်းရေး၏ လေ့လာချက်အရ ရုရှားဂြိုဟ်တုများသည် မတ်လ ၂၁ ရက်မှ ၃၁ ရက်အတွင်း အရှေ့အလယ်ပိုင်း ၁၁ နိုင်ငံရှိ နယ်မြေဒေသများကို ၂၄ ကြိမ်ထက်မနည်း ထောက်လှမ်းမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
ထိုသို့ ထောက်လှမ်းရာတွင် အမေရိကန်နှင့် အခြား စစ်အခြေစိုက်စခန်းများ၊ လေဆိပ်များနှင့် ရေနံမြေများ အပါအဝင် ပစ်မှတ်ပေါင်း ၄၆ ခုကို လွှမ်းခြုံ စစ်ဆေးခဲ့သည်ဟု ဆိုသည်။
ရုရှား၏ ဂြိုဟ်တုများဖြင့် ထောက်လှမ်းကြည့်ရှုပြီး ရက်ပိုင်းအတွင်းမှာပင် ထိုစစ်အခြေစိုက် စခန်းများနှင့် ဌာနချုပ် များသည် အီရန်၏ ပဲ့ထိန်းဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ထိုဖြစ်စဉ်မှာ တိုက်ဆိုင်မှု မဟုတ်ဘဲ တိကျပြတ်သားသည့် လုပ်ဆောင်မှုပုံစံ တစ်ခုဖြစ်သည်ဟုလည်း ယူကရိန်း ထောက်လှမ်းရေးများက ယူဆထားသည်။

အီရန် ပစ်ချလိုက်တဲ့ အမေရိကန်တိုက်လေယာဉ်ကို တွေ့ရစဉ်
အနောက်နိုင်ငံများမှ စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ် တစ်ခုနှင့် ဒေသတွင်း လုံခြုံရေး သတင်းရင်းမြစ် တစ်ခုတို့ ကလည်း အရှေ့အလယ်ပိုင်းဒေသတွင် ရုရှားဂြိုဟ်တုများ လှုပ်ရှားနေသည့် ထောက်လှမ်းရေး အချက်အလက်များ ရှိကြောင်းနှင့် ရုရှားသည် ၎င်းတို့ ရရှိထားသည့် ဓာတ်ပုံမှတ်တမ်းများကို အီရန်ထံ မျှဝေခဲ့ကြောင်း ရိုက်တာကို ပြောကြားခဲ့သည်။
ရုရှား၏ ထောက်လှမ်းမှုများအနက် ၉ ကြိမ်မှာ ဆော်ဒီနိုင်ငံ၏ နယ်မြေအချို့ကို လွှမ်းခြုံထားပြီး၊ ထို ၉ ကြိမ်အနက် ၅ ကြိမ်မှာ ဟာဖာအယ်လ်ဘာတင် (Hafar Al-Batin) မြို့အနီးရှိ ကင်းခါလစ် စစ်ဘက်ဆိုင်ရာမြို့(King Khalid Military City) ကို ထောက်လှမ်းခဲ့ခြင်းဖြစ်သည်။
ထောက်လှမ်းရသည့် ရည်ရွယ်ချက်မှာ အမေရိကန်ထုတ် THAAD လေကြောင်း ကာကွယ်ရေးစနစ်များ တပ်ဆင် ထားသော နေရာကို ရှာဖွေရန်ဖြစ်နိုင်ကြောင်း ယူကရိန်းထောက်လှမ်းရေးများက ပြောကြားခဲ့သည်။
တူရကီ၊ ဂျော်ဒန်၊ ကူဝိတ်နှင့် ယူအေအီးတို့ရှိ နယ်မြေအချို့မှာလည်း ရုရှားဂြိုဟ်တုများ၏ ထောက်လှမ်းခြင်းကို ၂ ကြိမ်စီခံခဲ့ရပြီး အစ္စရေး၊ ကာတာ၊ အီရတ်၊ ဘာရိန်းနှင့် အိန္ဒိယသမုဒ္ဒရာရှိ ဒီယေဂိုဂါးစီးယား (Diego Garcia) ရေတပ်အခြေစိုက်စခန်းတို့သည် ၁ ကြိမ်စီ ထောက်လှမ်းခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 245
CNI International News
တိုင်ပေ၊ ဧပြီ ၇
ထိုင်ဝမ်၏ ထိပ်တန်း အတိုက်အခံခေါင်းဆောင် ချန်လီဝမ် (Cheng Li-wun) သည် ဧပြီ ၇ ရက်တွင် တရုတ်နိုင်ငံသို့ သွားရောက်ရန် ပြင်ဆင်နေပြီး ထိုခရီးစဉ်သည် တရုတ်နှင့် ထိုင်ဝမ်ကြား ၎င်း၏ အခန်းကဏ္ဍကို ပိုမိုခိုင်မာလာစေ မည်ဟု မျှော်လင့်ရကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ထို့ပြင် ချန်၏ ခရီးစဉ်သည် ထိုင်ဝမ်နိုင်ငံရေးအပေါ် ရိုက်ခတ်မှုများ ရှိလာနိုင်သလို ထိုင်ဝမ်အတွက် အလွန်အရေး ပါသော အမေရိကန်နှင့် ဆက်ဆံရေး အပေါ်တွင်လည်း သက်ရောက်မှုများ ရှိလာနိုင်သည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။
ထိုင်ဝမ်၏ အကြီးဆုံး အတိုက်အခံပါတီဖြစ်သည့် ကူမင်တန်(KMT)ပါတီဥက္ကဋ္ဌ ချန်၏ ခရီးစဉ်သည် ထိုင်ဝမ်အပေါ် တရုတ်၏ စစ်ရေးအရ ဖိအားပေးမှုများ မြင့်တက်နေချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
တရုတ်အစိုးရက ထိုင်ဝမ်ကို ၎င်း၏ နယ်မြေအဖြစ် ရှုမြင်ထားပြီး ထိုင်ဝမ်လွှတ်တော်အတွင်းရှိ အတိုက်အခံများ ကလည်း အစိုးရ၏ ဒေါ်လာ ၄၀ ဘီလျံတန်ဖိုးရှိ ကာကွယ်ရေးအသုံးစရိတ် အစီအစဉ်ကို တားဆီးပိတ်ဆို့ခဲ့သည်။
ချန်၏ခရီးစဉ် မတိုင်မီကတည်းက အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ(DPP)နှင့် အတိုက်အခံ KMT ပါတီတို့သည် လူမှုမီဒီယာပေါ်တွင် ကာကွယ်ရေးနှင့် ငြိမ်းချမ်းရေးဆိုသည့် စကားလုံးများကို အသုံးပြုကာ အပြန်အလှန် ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

ထိုင်ဝမ်အတိုက်အခံခေါင်းဆောင် ချန်လီဝမ်ကို တွေ့ရစဉ်
“ငြိမ်းချမ်းရေးဟာ သာယာဝပြောမှုအတွက် တစ်ခုတည်းသော အခြေခံအုတ်မြစ် ဖြစ်သလို ထိုင်ဝမ်ရဲ့ အနာဂတ် အတွက် မျှော်လင့်ချက်လည်း ဖြစ်ပါတယ်” ဟု KMT ပါတီက ဧပြီ ၅ ရက်တွင် ပြောကြားခဲ့သည်။
DPP ပါတီကမူ KMT ပါတီသည် ထိုင်ဝမ်၏ ကာကွယ်ရေးစွမ်းရည်ကို အားနည်းအောင် လုပ်ဆောင်မည့် တရုတ် ကွန်မြူနစ်များ၏ အစီအစဉ်တွင် ပူးပေါင်းပါဝင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း Facebook ပေါ်၌ စွပ်စွဲခဲ့သည်။
ထို့ပြင် အမေရိကန်အစိုးရက ထောက်ခံထားသည့် ကာကွယ်ရေး အသုံးစရိတ် အစီအစဉ်များကို အတိုက်အခံများ က လွှတ်တော်တွင် ဆိုင်းငံ့ထားမှုကိုလည်း DPP က ဝေဖန်ခဲ့သည်။
ချန်ကမူ ငြိမ်းချမ်းရေးကို ကာကွယ်ရေး စွမ်းရည် တစ်ခုတည်းဖြင့် တည်ဆောက်၍ မရနိုင်ကြောင်း၊ နိုင်ငံရေးအရ အားထုတ်ကြိုးပမ်းမှုများလည်း မရှိမဖြစ် အရေးကြီးကြောင်း ပြီးခဲ့သည့်လက သတင်းထောက်များကို ပြောကြားခဲ့ သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 266
CNI International News
ဆိုးလ်၊ ဧပြီ ၇
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း (Kim Jong Un) ၏ ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူကို ကင်မ် ၏ အရိုက်အရာ ဆက်ခံမည့်သူအဖြစ် လျာထား သတ်မှတ်ထားကြောင်း တောင်ကိုရီးယားထောက်လှမ်းရေး အေဂျင်စီက ယူဆထားသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အမျိုးသားထောက်လှမ်းရေးဌာန(NIS)က ၎င်းတို့၏ သုံးသပ်ချက်သည် စုဆောင်း ရရှိထားသည့် ခိုင်လုံသော ထောက်လှမ်းရေး သတင်းအပေါ် အခြေခံထားခြင်းဖြစ်ကြောင်း ဧပြီ ၆ ရက်က တောင်ကိုရီးယားလွှတ်တော်၏ တံခါးပိတ် အစည်းအဝေးတွင် လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။
မကြာသေးမီက ကင်မ်၏ သမီးဖြစ်သူ ကင်မ်ဂျူအဲ (Kim Ju Ae) တင့်ကား မောင်းနှင်နေသည့် ပုံရိပ်များသည် ၎င်း၏ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်မှုကို အသားပေး ဖော်ပြရန်နှင့် အမွေဆက်ခံသူအပေါ် သံသယများကို ပျောက်ပြယ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း NIS က ပြောကြားခဲ့သည်ဟု အမတ်များက ဆိုသည်။
မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနသည် ပြီးခဲ့သည့်လက ကင်မ်နှင့် ၎င်း၏သမီးဖြစ်သူ ကင်မ်ဂျူအဲတို့ တင့်ကားအသစ် တစ်စီးကို မောင်းနှင်နေသည့် ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။

ကင်မ်ဂျူအဲ စနိုက်ပါ ပစ်နေစဉ်
ထိုဓာတ်ပုံများ မထုတ်ပြန်မီကလည်း ကင်မ်ဂျူအဲသည် သေနတ်ပစ်ကွင်းတွင် ရိုင်ဖယ်သေနတ် ပစ်ခတ်နေသည့် ပုံနှင့် ပစ္စတိုကို ကိုင်တွယ် အသုံးပြုနေသည့် ပုံရိပ်များကို ဖော်ပြခဲ့ဖူးသည်။
ထိုမြင်ကွင်းများသည် ၂၀၁၀ ပြည့်နှစ် အစောပိုင်း ကာလများက ကင်မ်ဂျုံအန်း ကိုယ်တိုင် ၎င်း၏ဖခင်ထံမှ အာဏာ လွှဲပြောင်းရယူရန် ပြင်ဆင်နေချိန်တွင် ပြုလုပ်ခဲ့သည့် လူသိရှင်ကြား လှုပ်ရှားမှုများကို ပြန်လည်ပုံဖော်ပြသခြင်း ဖြစ်သည်ဟု အာဏာရ ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ် ပတ်ဆွန်းဝမ် (Park Sun-won) က ပြောကြားခဲ့ သည်။
အသက် ၁၃ နှစ်ဝန်းကျင်ရှိပြီဟု ယူဆရသည့် ကင်မ်ဂျူအဲနှင့် ပတ်သက်သော နောက်ဆုံး သုံးသပ်ချက်သည် ၎င်းအား ဖခင်၏ အရိုက်အရာကို ဆက်ခံရန် လေ့ကျင့်ပေးနေဖွယ် ရှိသည်ဆိုသည့် ထောက်လှမ်းရေးအေဂျင်စီ၏ အစောပိုင်း လေ့လာဆန်းစစ်ချက်များထက် ပိုမိုခိုင်မာလာသည့် အဆင့်တစ်ခုသို့ ရောက်ရှိလာခြင်းဖြစ်သည်။
သို့သော် ကင်မ်ဂျူအဲ၏ တင့်ကား မောင်းပြရုံသည့် ဓာတ်ပုံများကို လေ့လာသုံးသပ်ခြင်းဖြင့် ကင်မ်၏ အရိုက်အရာ ဆက်ခံသူအဖြစ် အတည်ပြုရန် မလုံလောက်သေးကြောင်း တောင်ကိုရီးယား၏ အမျိုးသား ပြန်လည်ပေါင်းစည်း ရေး အင်စတီကျူမှ လေ့လာဆန်းစစ်သူ ဟောင်မင်း (Hong Min) က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 283
CNI International News
ဝါရှင်တန်၊ ဧပြီ ၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က (Donald Trump ) အရေးပါသော ဟော်မုဇ်ရေလက်ကြားကို ဧပြီ ၆ ရက် မတိုင်မီ ၄၈ နာရီအတွင်း ပြန်ဖွင့်ရန် အီရန်အား သတိပေးခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
အကယ်၍ အီရန် အနေဖြင့် ၄၈ နာရီအတွင်း သဘောတူညီချက် မရယူပါက သို့မဟုတ် ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်မပေးပါက ငရဲခန်းဖြင့် ကြုံတွေ့ရမည်ဟုလည်း ထရမ့်က ခြိမ်းခြောက်ခဲ့သည်။
“ကျနော် အီရန်ကို သဘောတူညီချက် တစ်ခုရယူဖို့ ဒါမှမဟုတ် ဟော်မုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ အချိန် ၁၀ ရက် ပေးခဲ့တာကို မှတ်မိကြမှာပါ။ အချိန်တွေ ကုန်ဆုံးနေပြီဖြစ်ပြီး သူတို့အပေါ် ငရဲကျသလို အကျိုးဆက်တွေ ကျရောက်မလာခင် ၄၈ နာရီပဲ လိုပါတော့တယ်”ဟု ထရမ့်က Truth Social လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
သို့သော် အီရန်ကမူ ၎င်းတို့၏ အခြေခံ အဆောက်အအုံများ တိုက်ခိုက်ခံရပါက အမေရိကန်အတွက် ငရဲတံခါးများ ပွင့်သွားလိမ့်မည်ဟု အီရန်စစ်ဘက် ပူးတွဲစစ်ဆင်ရေးဌာနချုပ်မှ ဗိုလ်ချုပ်ကြီး အလီ အဗ္ဗဒူလာဟီ အလီအာဘာဒီ (Ali Abdollahi Aliabadi) က တန်ပြန်ခြိမ်းခြောက်ခဲ့သည်။

စစ်ပွဲရပ်စဲရန် တောင်းဆိုနေကြစဉ်
ထို့ပြင် ဒေသတွင်းရှိ အမေရိကန်စစ်ဘက်သုံး အခြေခံ အဆောက်အအုံ အားလုံးကိုလည်း ဆက်လက် တိုက်ခိုက် သွားမည်ဟု အလီအာဘာဒီက ခြိမ်းခြောက်ခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်နှင့် အစ္စရေးတို့၏ ပူးတွဲတိုက်ခိုက်မှုဖြင့် စတင်ခဲ့သော အီရန် စစ်ပွဲကြောင့် လူပေါင်းထောင်ချီ သေဆုံးခဲ့ရပြီး ကမ္ဘာ့ဈေးကွက်များကို တုန်လှုပ်စေကာ အဓိက ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက်ခဲ့သဖြင့် လောင်စာဆီ ဈေးနှုန်းများ မြင့်တက်ခဲ့သည်။
အီရန်နှင့် အမေရိကန် နှစ်ဖက်စလုံးက အရပ်ဘက် ပစ်မှတ်များကို ခြိမ်းခြောက် တိုက်ခိုက်နေကြသဖြင့် စစ်ရာဇဝတ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးချက်များ ထွက်ပေါ်နေသည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု(Benjamin Netanyahu)ကမူ အီရန်ကို ဆက်လက် ချေမှုန်းသွားမည်ဟု ပြောကြားခဲ့ပြီး စစ်ပွဲအတွက် ရန်ပုံငွေ ထောက်ပံ့ပေးနေသည့် အီရန်၏ ရေနံဓာတုဗေဒဆိုင်ရာ အဆောက်အအုံကို အစ္စရေးစစ်တပ်က တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် လူ ၅ ဦး သေဆုံးကာ ၁၇၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်လုံခြုံရေး အရာရှိတစ်ဦးကို ကိုးကား၍ အီရန်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 442
ဒါကာ၊ ဧပြီ ၆
CNI International News
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲ စွမ်းအင် အကျပ်အတည်းဒဏ်ကို အဆိုးရွားဆုံး ခံစားရနိုင် သည့် နိုင်ငံဖြစ်လာပြီး လောင်စာဆီ ပြတ်လပ်မှုနှင့် ပထမဆုံး ရင်ဆိုင်ရနိုင်ခြေရှိနေသည်ဟု The Nation မှ ဖော်ပြခဲ့သည်။
အီရန်စစ်ပွဲကြောင့် အာရှတစ်လွှား ရေနံနှင့် သဘာဝဓာတ်ငွေ့ (LNG) ရရှိနိုင်မှုအပေါ် စိုးရိမ်ချက်များ မြင့်တက် နေစဉ်အတွင်း စွမ်းအင်တင်သွင်းမှုအပေါ် အဓိကမှီခိုနေရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လောင်စာဆီသုံးစွဲမှုကို စတင်ကန့်သတ်လျက်ရှိသည်။
လက်ရှိတွင် လူဦးရေ ၁၇၅ သန်းရှိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံတစ်ဝန်းရှိ ဆီဆိုင်များ၌ ဆီတန်းစီ စောင့်ဆိုင်းနေရ သည့် မြင်ကွင်းများသည် နေ့စဉ် လူမှုဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာနေပြီဖြစ်သည်။
အထူးသဖြင့် ဆိုင်ကယ် စီးသူများသည် ဆီဖြည့်ရန်အတွက် နှစ်နာရီခန့်အထိ စောင့်ဆိုင်းနေရပြီး ဒါကာ (မြို့တော်) တွင်လည်း လောင်စာဆီ အရန်သင့် ရှိမှုအပေါ် စိုးရိမ်မှုများကြောင့် လမ်းမပေါ်၌ မော်တော်ယာဉ် သွားလာမှုများ သိသိသာသာ လျော့နည်းသွားခဲ့သည်။

စက်သုံးဆီထည့်ရန် တန်းစီစောင့်နေကြစဉ်
အစိုးရအနေဖြင့် လောင်စာဆီ ပြတ်လပ်မှုဒဏ်ကို လျှော့ချနိုင်ရန် မော်တော်ယာဉ်များကို ဆီခွဲတမ်းဖြင့် ရောင်းချ ခြင်း၊ ဒီဇယ်ရောင်းချမှု ကန့်သတ်ခြင်းနှင့် တက္ကသိုလ်များအား ပိတ်ထားခြင်း စသည့် အရေးပေါ် အစီအစဉ်များကို စတင်ကျင့်သုံးနေပြီ ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် စွမ်းအင်လိုအပ်ချက် ၉၅ ရာခိုင်နှုန်းခန့်ကို ပြည်ပမှ တင်သွင်းနေရသဖြင့် ဟော်မုဇ် ရေလက်ကြား ကဲ့သို့သော ရေနံသယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ပိတ်ဆို့မှု၏ နောက်ဆက်တွဲ ဂယက်ကို ဆိုးရွားစွာ ခံစားနေရသည်။
လွန်ခဲ့သည့် လကုန်ပိုင်းအထိ နိုင်ငံအတွင်းရှိ အရှေ့ပိုင်း ရေနံချက်စက်ရုံတွင် ရေနံစိမ်း တန်ချိန် ၈၀,၀၀၀ ခန့်သာ ကျန်ရှိတော့သဖြင့် ပြည်တွင်း သုံးစွဲမှုအတွက် သီတင်းနှစ်ပတ်ခန့်သာ ခံတော့မည်ဖြစ်ကြောင်း သိရသည်။

စက်သုံးဆီထည့်ရန် တန်းစီစောင့်နေကြစဉ်
အစိုးရအရာရှိတစ်ဦး၏ အဆိုအရ နိုင်ငံအတွင်း ရေနံ အရန်သင့်ရှိမှုမှာ ၁၀ ရက်စာအောက်သာ ကျန်ရှိတော့ပြီး ဈေးကွက်အတွင်း ဈေးကြီးပေး၍ ဝယ်ယူနေရခြင်းကြောင့် နိုင်ငံတော်ဘဏ္ဍာငွေများလည်း များစွာကုန်ကျနေ ကြောင်း သိရသည်။
အခြေအနေများ ပိုမိုဆိုးရွား မလာစေရန် ဘင်္ဂလားဒေ့ရှ်အစိုးရသည် စင်္ကာပူ၊ မလေးရှား၊ နိုင်ဂျီးရီးယားနှင့် ဩစတေးလျ အပါအဝင် အခြား နိုင်ငံများထံမှ လောင်စာဆီ တင်သွင်းနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
ထို့ပြင် ရုရှားနိုင်ငံမှ ဒီဇယ်တန်ချိန် ၆၀၀,၀၀၀ အထိ တင်သွင်းနိုင်ရန်အတွက် အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ကင်းလွတ်ခွင့် ရရှိရန်လည်း မျှော်လင့်နေသည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 299
CNI International News
ဘန်ကောက်၊ ဧပြီ ၆
အကျပ်အတည်းများကြား ကျင်းပခဲ့သည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံ၏ ရှေ့ဆက်မည့် လမ်းကြောင်းကို ပြည်တွင်း/ပြည်ပက မျက်ခြေမပြတ် စောင့်ကြည့်နေကြသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့ သည်။
၂၀၂၁ ခုနှစ် ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်သည့် အငြင်းပွားမှုများနှင့် နောက်ဆက်တွဲ ဖြစ်ရပ်များသည် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှု၊ စီးပွားရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုတို့အပေါ် ကြီးမားစွာ သက်ရောက်စေခဲ့သည်။
ထိုဖြစ်ရပ်များသည် အာဆီယံ အသိုင်းအဝိုင်း အတွင်း၌လည်းကောင်း၊ ဒေသတွင်းရှိ အိမ်နီးချင်းနိုင်ငံများ အတွက် လည်းကောင်း ကြီးမားသော စိန်ခေါ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
ထိုကဲ့သို့ စိန်ခေါ်မှုများ ရှိနေသည့်ကြားမှပင် မြန်မာနိုင်ငံ၏ အစဉ်အလာများနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့သည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲအပြီးတွင် အုပ်ချုပ်ရေး အဖွဲ့အစည်းအသစ်များ ပေါ်ပေါက်လာခဲ့ သည်။
အငြိမ်းစား စစ်ဘက်အရာရှိများ ဖြစ်ကြသော ဦးမင်းအောင်လှိုင်နှင့် ဦးညိုစော၊ ကရင်ပြည်နယ်မှ ဒေါ်နန်းနီနီအေး တို့ သုံးဦးကို ဒုတိယသမ္မတများအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။
အစိုးရသစ်ကို ဦးဆောင်ရန်အတွက် ဦးမင်းအောင်လှိုင်သည် ထိပ်တန်းကိုယ်စားလှယ်လောင်း တနည်းအားဖြင့် သမ္မတ ဖြစ်လာခဲ့သည်။
ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့သည်လည်း ၎င်းနှင့်အတူ ဒုတိယသမ္မတများအဖြစ် တာဝန်ထမ်းဆောင်ကြ လိမ့်မည် ဖြစ်သည်။

မြန်မာဒုသမ္မတ ဦးညိုစောကို တွေ့ရစဉ်
ဒေသတွင်းနှင့် နိုင်ငံတော် တည်ငြိမ်မှုကို ပြန်လည်ဖော်ဆောင်ရန် ရည်ရွယ်သည့် တရားဝင် လုပ်ငန်းစဉ်များမှ တဆင့် ထွက်ပေါ်လာသော ခေါင်းဆောင်များ ဖြစ်သည့်အတွက် ၎င်းတို့ကို နိုင်ငံရေး ယဉ်ကျေးမှုနှင့် အပြုသဘော ဆောင်သည့် ထိတွေ့ဆက်ဆံမှု ဘောင်အတွင်းမှ လက်ခံကြပေမည်။
အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဆိုသည့် မဏ္ဍိုင်ကြီးများကို ပြန်လည် အသက်သွင်းခြင်းသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိခြင်းကို အမှတ်အသားပြုနေပြီး ထိုခြေလှမ်းကို လူအများက သတိထား စောင့်ကြည့်ရင်း အကောင်းမြင်စိတ်ဖြင့် ကြိုဆိုကြဖွယ်ရှိသည်။
နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုများ အပြီးတွင် နိုင်ငံတော် တည်ငြိမ်မှုနှင့် စီးပွားရေး ပြန်လည်ဦးမော့လာစေရန် အတွက် အစိုးရသစ် အပါအဝင် နိုင်ငံတော်၏ မဏ္ဍိုင်အားလုံးသည် ပြည်သူကို ဗဟိုပြုသည့် ချဉ်းကပ်မှုဖြင့် လက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်ပြီး တည်ရှိပြီးသား နိုင်ငံတကာ ကုန်သွယ်ရေး လမ်းကြောင်းများနှင့်လည်း ပြန်လည် ချိတ်ဆက်ရမည်ဖြစ်သည်။
ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ရှိနေသည့်ကြားမှပင် ပွင့်လင်းမြင်သာသော အုပ်ချုပ်မှုကို မြှင့်တင်ခြင်းဖြင့် ထိုစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ကြိုးပမ်းရမည် ဖြစ်သလို ပြည်သူ့ဆန္ဒအား ထင်ဟပ်သည့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်ဆီသို့လည်း ရှေးရှုတက်လှမ်းရမည် ဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ပဋိပက္ခများ ချုပ်ငြိမ်းသွားရန်နှင့် ထာဝရငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး အလားအလာများ ပေါ်ပေါက်လာစေရန်အတွက် တစ်နိုင်ငံလုံးက မျှော်လင့်ချက်ကြီးစွာဖြင့် ဆက်လက် စောင့်ကြည့်လျက်ရှိသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 283
CNI International News
ဘန်ကောက်၊ ဧပြီ ၄
ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) က လောင်စာဆီ ပြတ်လပ်မှုအတွက် လောင်စာ ဆီ သိုလှောင်ထားသူများ သို့မဟုတ် ပြည်ပသို့ မှောင်ခိုတင်ပို့ နေသူများကို ဧပြီ ၃ ရက်က ပြင်းထန်စွာ ပြစ်တင် ဝေဖန်ခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
ထိုသို့ လုပ်ဆောင်မှုများကြောင့် ဆီဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာပြီး ပြတ်လပ်မှုများ ဖြစ်ပေါ်နေရသည့် အတွက် ဆီကုန်သည်များသည် အလွန်အကျွံ အမြတ်ထုတ်နေကြောင်း အနူတင်က ပြောကြားခဲ့သည်။
“လောင်စာဆီတွေကို သိုလှောင်ထားတာမျိုးနဲ့ အိမ်နီးချင်း နိုင်ငံတွေကို ရောင်းချဖို့ မှောင်ခိုတင်ပို့နေတာတွေကို အာဏာပိုင်တွေက စစ်ဆေးတွေ့ရှိခဲ့ပါတယ်” ဟု ဝန်ကြီးချုပ် အနူတင်က ပြောကြားခဲ့သည်။
ထိုပြဿနာရပ်များကြောင့် အစိုးရအနေဖြင့် ဘတ် ၅၀ ဘီလျံ ( ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ) ခန့် ဆုံးရှုံးခဲ့ရ ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။

ထိုင်းစက်သုံးဆီဆိုင်ကို တွေ့ရစဉ်
“ဒီလို မှောင်ခိုတင်ပို့တာနဲ့ သိုလှောင်တဲ့ လုပ်ရပ်တွေဟာ ကမ္ဘာ့စွမ်းအင် အကျပ်အတည်း ကာလအတွင်း ရေနံ ဈေးနှုန်း မြင့်တက်လာမှုအပေါ် အခွင့်ကောင်းယူပြီး အလွန်အကျွံ အမြတ်ထုတ်နေတာပဲ ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
ထိုလုပ်ရပ်များသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဖြစ်ပွားခဲ့သည့် လောင်စာဆီ ပြတ်လပ်မှုများ၏ အဓိက အကြောင်းရင်းများ ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။
အလတ်စားနှင့် အကြီးစား ရေနံကုန်သည်များအကြား ဆီသိုလှောင်ခြင်းနှင့် အမြတ်ကြီးစားခြင်းဆိုင်ရာ သက်သေ အထောက်အထားများကို ကုန်းကြောင်းရော ရေကြောင်းမှာပါ စစ်ဆေးတွေ့ရှိခဲ့ရကြောင်း အနူတင်က ဆက်လက် ပြောကြားခဲ့သည်။
“ပင်လယ်ရေကြောင်းကနေ တင်ပို့တဲ့ လောင်စာဆီ အချို့ကို သတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်း ရောက်မလာ အောင် ရည်ရွယ်ချက်ရှိရှိနဲ့ နှောင့်နှေးအောင် လုပ်ဆောင်ခဲ့ကြပြီး ဒါဟာ အရောင်းအဝယ် ပြုလုပ်သူတွေအနေနဲ့ လက်လီဈေးနှုန်း မြင့်တက်လာမယ့်အချိန်ကို စောင့်ဆိုင်းနိုင်ဖို့အတွက် ဖြစ်ပါတယ်” ဟု အနူတင်က ပြောကြားခဲ့ သည်။
ထိုင်းနိုင်ငံတောင်ပိုင်းတွင် သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရေး ကာလအတွင်း လောင်စာဆီ လီတာပေါင်း ၅၇ သန်းကျော် ပျောက်ဆုံးနေကြောင်း တိုင်ကြားမှုများ ရှိနေသည်ဟု တရားရေးဝန်ကြီး ရတ်သာဖွန် နောင်ဝရတ် (Rutthaphon Naowarat) က ပြောကြားခဲ့သည်။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 233
CNI International News
နယူးယောက်၊ ဧပြီ ၄
မတ်လအတွင်းက ကမ္ဘာ့စားသောက်ကုန် ဈေးနှုန်းများသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလနောက်ပိုင်း အမြင့်ဆုံး အဆင့်သို့ ရောက်ရှိလာခဲ့ပြီး စွမ်းအင်ဈေးနှုန်းများကို မြင့်တက်စေခဲ့သည့် အရှေ့အလယ်ပိုင်းပဋိပက္ခသာ ဆက်လက် ဖြစ်ပွားနေပါက ဈေးနှုန်းများ ထပ်မံ မြင့်တက်လာနိုင်ကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ (FAO) က ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။
“ပဋိပက္ခ စတင်ကတည်းက ဈေးနှုန်းမြင့်တက်မှုဟာ အသင့်အတင့်ပဲ ရှိပါသေးတယ်။ ဒါဟာ ရေနံဈေးနှုန်း မြင့်တက်လာမှုကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ နှံစားသီးနှံ (ဆန်၊ဂျုံ၊ ပြောင်း) ထောက်ပံ့မှုတွေ များနေ သေးတာကြောင့် စျေးတက်တဲ့ အရှိန်က အနည်းငယ် လျော့နည်းနေတာ ဖြစ်ပါတယ်”ဟု FAO ၏ စီးပွားရေး ပညာရှင် မက်ဆီမို တိုရဲရိုး (Maximo Torero) က ပြောကြားခဲ့သည်။
သို့သော် ပဋိပက္ခသည် ရက်ပေါင်း ၄၀ ထက် ကျော်လွန်ကြာမြင့်လာပြီး ကုန်ထုတ်လုပ်မှု စရိတ်များ ဆက်လက် မြင့်မားနေဦးမည်ဆိုပါက တောင်သူများသည် ကောက်ပဲသီးနှံ စိုက်ပျိုးမှုကို လျှော့ချခြင်း သို့မဟုတ် ဓာတ်မြေ ဩဇာ အလွန်အကျွံသုံးစွဲရန် မလိုသော သီးနှံများကို ပြောင်းလဲစိုက်ပျိုးခြင်းများ ပြုလုပ်လာနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“အဲဒီလို ပြောင်းလဲမှုတွေဟာ အနာဂတ်မှာ ကောက်ပဲသီးနှံ အထွက်နှုန်းကို ထိခိုက်စေမှာဖြစ်ပြီး ဒီနှစ် လက်ကျန် ကာလနဲ့ နောက်နှစ် တစ်နှစ်လုံးစာအတွက် ကျနော်တို့ရဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှုနဲ့ ကုန်စည်ဈေးနှုန်းတွေကို ပုံဖော်သွားပါလိမ့်မယ်” ဟုလည်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။

စားသောက်ကုန်များကို တွေ့ရစဉ်
ကမ္ဘာလုံးဆိုင်ရာ စားသောက်ကုန် ကုန်စည်ကူးသန်းမှု ပြောင်းလဲမှုများကို တိုင်းတာသည့် FAO ၏ စားသောက် ကုန် ဈေးနှုန်းညွှန်းကိန်းသည် ဖေဖော်ဝါရီလက ပြန်လည်ပြင်ဆင် သတ်မှတ်ထားသော အဆင့်ထက် ၂ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
ထိုညွှန်းကိန်းသည် လွန်ခဲ့သောနှစ်ကထက် ၁ ရာခိုင်နှုန်း မြင့်မားနေသော်လည်း ယူကရိန်းစစ်ပွဲ စတင်ပြီးနောက် ၂၀၂၂ ခုနှစ်၊ မတ်လတွင် ရောက်ရှိခဲ့သည့် အမြင့်ဆုံးအဆင့်ထက် ၂၀ ရာခိုင်နှုန်းနီးပါး လျော့နည်းနေဆဲဖြစ်သည်။
နှံစားသီးနှံ ဈေးနှုန်းညွှန်းကိန်းသည် ပြီးခဲ့သည့်လထက် ၁ ဒဿမ ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အမေရိကန် နိုင်ငံတွင် သီးနှံထွက်ရှိမှု အလားအလာ ဆိုးရွားနေခြင်း၊ ဓာတ်မြေဩဇာစရိတ် မြင့်မားမှုကြောင့် သြစတြေးလျ နိုင်ငံတွင် စိုက်ပျိုးမှု လျော့နည်းနိုင်သည့် ခန်းမှန်းချက်များကြောင့် နိုင်ငံတကာ ဂျုံဈေးနှုန်းများကို မြင့်တက်စေခဲ့ သည်။
ကမ္ဘာ့ပြောင်းဖူး ဈေးနှုန်းများနှင့် ဆန်စျေးနှုန်းများမှာလည်း အနည်းငယ် မြင့်တက်လာခဲ့သည်။
ထို့ပြင် ဟင်းသီးဟင်းရွက်ဆီ ဈေးနှုန်းများသည် ၅ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သုံးလဆက်တိုက် ဈေးနှုန်းမြင့်တက်မှုအဖြစ် မှတ်တမ်းတင်ခဲ့သည်။
စားအုန်းဆီ၊ ပဲပုပ်ဆီ၊ နေကြာဆီနှင့် မုန်ညင်းဆီတို့၏ ဈေးနှုန်းများ မြင့်မားလာခြင်းသည် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးနှုန်း မြင့်တက်လာမှုနှင့် ဇီဝလောင်စာ လိုအပ်ချက် ပိုမိုမြင့်မား လာနိုင်ခြေ ရှိသည်ဆိုသည့် ထင်ကြေးပေးမှုများကြောင့် ဖြစ်သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 365
CNI International News
ဝါဂါဒူဂူ၊ ဧပြီ ၄
ဘာကီနာဖာဆိုနိုင်ငံ၏ စစ်အာဏာသိမ်းခေါင်းဆောင် အီဘရာဟင် ထရာအိုရေး (Ibrahim Traore) က ပြည်သူများ အနေဖြင့် ဒီမိုကရေစီအကြောင်းကို မေ့ပစ်ရမည်ဟု ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ဧပြီ ၂ ရက်က နိုင်ငံပိုင် ရုပ်သံလိုင်းနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူး တစ်ခုတွင် ထရာအိုရေးက ပြင်ပအင်အားစု များသည် ဒီမိုကရေစီကို အတင်းအဓမ္မ သွတ်သွင်းရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့ပြီး ကျရှုံးနိုင်ငံတစ်ခုအဖြစ် လစ်ဗျားနိုင်ငံကို နမူနာပေး၍ ရည်ညွှန်းပြောဆိုသွားခဲ့သည်။
“ဒီမိုကရေစီဆိုတဲ့ ကိစ္စကို လူတွေ မေ့ပစ်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ အမှန်အတိုင်း ပြောရရင် ဒီမိုကရေစီဆိုတာ ကျနော်တို့နဲ့ မကိုက်ညီပါဘူး။ ဒီမိုကရေစီဟာ သေစေနိုင်တယ်။ ကျနော်တို့ အနီးနားမှာရှိတဲ့ လစ်ဗျားနိုင်ငံကို ကြည့်လိုက်ပါ၊ ဒါဟာ ထင်ရှားတဲ့ သာဓကတစ်ခုပါပဲ။ ကမ္ဘာပေါ်မှာ ဒီမိုကရေစီစနစ်ကို အခြေချဖို့ ကြိုးပမ်းတဲ့ ဘယ်နေရာမှာမဆို သွေးထွက်သံယိုမှုတွေနဲ့ပဲ အဆုံးသတ်ခဲ့တာပါ။ ဒီမိုကရေစီဆိုတာ ကျွန်ပြုမှုတစ်ရပ်ပါပဲ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ထိုမှတ်ချက်စကားများအရ ထရာအိုရေး အစိုးရအနေဖြင့် နိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည် ပို့ဆောင်ပေးမည်ဟု အစောပိုင်းက ပေးခဲ့သော ကတိကဝတ်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေကြောင်း ပြသသည့် လက္ခဏာတစ်ရပ် ဖြစ်သည်။

ဘာကီနာဖာဆိုစစ်တပ် ခေါင်းဆောင် ထရာအိုရေးကို တွေ့ရစဉ်
ထရာအိုရေးသည် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခံထားရသော သမ္မတ ရော့ခ်မာ့ခ် ကာဘိုရေး (Roch Marc Kabore) ကို ဖြုတ်ချခဲ့သည့် ပထမအကြိမ် စစ်အာဏာသိမ်းမှုတွင် ပါဝင်ခဲ့ပြီးနောက် ၈ လအကြာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ဒုတိယအကြိမ် အာဏာသိမ်းယူခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဆယ်စုနှစ် တစ်ခုနီးပါး ကြာမြင့်ခဲ့ပြီး လူပေါင်းထောင်ချီ သေဆုံးခဲ့ရသည့် ဂျီဟတ်အစွန်းရောက် အကြမ်းဖက်မှုဒဏ်ကို ခံစားနေရသော ဘာကီနာဖာဆိုနိုင်ငံကို ထရာအိုရေးက ဆက်လက် ဦးဆောင်ခွင့် ရရှိ သွားခဲ့သည်။
ထို့နောက် ထရာအိုရေး ဦးဆောင်သည့် စစ်အစိုးရသည် ပြီးခဲ့သည့်နှစ်တွင် နိုင်ငံ၏ ရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းခဲ့ပြီး ၂၀၂၂ ခုနှစ်ကတည်းက လှုပ်ရှားခွင့် ပိတ်ပင်ထားသည့် နိုင်ငံရေးပါတီ အားလုံးကိုလည်း ၎င်းတို့ အစိုးရအဖွဲ့ ဦးဆောင်သော လွှတ်တော်က ယခုနှစ် ဖေဖော်ဝါရီလ၌ ထပ်မံဖျက်သိမ်းခဲ့သည်။
ကုလသမဂ္ဂကမူ နိုင်ငံရေးပါတီများကို ပိတ်ပင်ထားသည့် ဆုံးဖြတ်ချက်အား ပြန်လည် ရုပ်သိမ်းရန်နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများအပေါ် ဖိနှိပ်ချုပ်ချယ်မှုများကို ရပ်တန့်ရန် ဘာကီနာဖာဆို စစ်အစိုးရကို တိုက်တွန်းထား သည်။
ထရာအိုရေး အာဏာရလာပြီးကတည်းက အနောက်နိုင်ငံများ၊ အထူးသဖြင့် ပြင်သစ်နိုင်ငံအပေါ် ရန်လိုသော သဘောထားရှိသည့် စစ်အစိုးရသည် နိုင်ငံတကာ သတင်းဌာန အများအပြားကို ပိတ်ပင်ခြင်း သို့မဟုတ် လုပ်ငန်း များကို ရပ်ဆိုင်းခြင်းတို့ ပြုလုပ်ခဲ့သလို အဆိုပါ သတင်းဌာနများမှ သတင်းထောက်အချို့ကိုလည်း ပြည်နှင်ဒဏ် ပေးခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
