- By CNI
- Category: နိုင်ငံရေး
- Hits: 289
CNI International News
တိုကျို၊ ဒီဇင်ဘာ ၁၂
ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံအနီးရှိ ကောင်းကင်ယံနှင့် ပင်လယ်ရေပြင်များ၏ အပေါ်တွင် တရုတ်နှင့် ရုရှား ပူးတွဲစစ်ရေး လေ့ကျင့်မှုအပြီး ဒီဇင်ဘာ ၁၀ ရက်တွင် အမေရိကန်၏ နျူကလီးယား ဗုံးကြဲလေယာဉ်များသည် ဂျပန်တိုက်လေယာဉ်များနှင့်အတူ ဂျပန်ပင်လယ်ပြင်ပေါ်၌ ပျံသန်းခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဂျပန်နှင့် အမေရိကန်သည် ရှိရင်းစွဲ အခြေအနေကို အင်အားသုံးပြီး ပြောင်းလဲမည့် တစ်ဖက်သတ် အားထုတ် ကြိုးပမ်းမှုများကို တားဆီးရန် သန္နိဋ္ဌာန် ချထားမှုအား ထပ်မံအတည်ပြုခဲ့ပြီး အသင့်အနေအထား ပြင်ဆင်ထားမှု ကိုလည်း အတည်ပြုခဲ့သည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်၏ B-52 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် ၂ စင်းသည် ဂျပန်၏ F-35 ကိုယ်ပျောက်တိုက်လေယာဉ် ၃ စင်း၊ F-15 တိုက်လေယာဉ် ၃ စင်းတို့နှင့်အတူ ပူးတွဲပျံသန်းခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ အမေရိကန်နှင့် ဂျပန် စစ်လေယာဉ်များ ပူးတွဲပျံသန်းမှုသည် ပြီးခဲ့သည့် သီတင်းပတ်က တရုတ်၏ စစ်ရေး လေ့ကျင့်မှုများ စတင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပူးတွဲပျံသန်းမှုဖြစ်ပြီး တရုတ်ကို အင်အားပြခြင်း ဖြစ်နိုင်သည် ဟု လေ့လာသူများက ပြောကြားခဲ့သည်။

အမေရိကန်နဲ့ ဂျပန် တိုက်လေယာဉ် အုပ်စုကို တွေ့ရစဉ်
ဒီဇင်ဘာ ၉ ရက်ကလည်း အရှေ့တရုတ်ပင်လယ်နှင့် အနောက်ပစိဖိတ် သမုဒ္ဒရာပေါ်တွင် တရုတ်နှင့် ရုရှား မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ ပူးတွဲပျံသန်းခဲ့သည်။
ထို့ပြင် သီးခြားဖြစ်စဉ် တစ်ခုအဖြစ် တရုတ်လေယာဉ်တင် သင်္ဘောအုပ်စု၏ စစ်ရေးလေ့ကျင့်မှုများအတွင်း တရုတ်တိုက်လေယာဉ်များက ဂျပန်လေယာဉ်များကို ရေဒါပေါ်တွင် ပစ်မှတ်အဖြစ် ချိန်ရွယ်ခဲ့သဖြင့် ဂျပန်နှင့် တရုတ်ကြား တင်းမာမှုများ မြင့်တက်ခဲ့သည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်သက်ပြီး အမေရိကန်က ဝေဖန်ခဲ့သည်။
ထိုလုပ်ဆောင်ချက်သည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အထောက်အကူ မဖြစ်စေကြောင်း၊ အမေရိကန်နှင့် ဂျပန်ကြား မဟာမိတ် ဆက်ဆံရေးသည် လျော့ပါးသွားမည် မဟုတ်ကြောင်း အမေရိကန်အစိုးရ ဘက်က ပြောကြားခဲ့သည်။
ဂျပန်နှင့် တောင်ကိုရီယားတို့သည် အမေရိကန် တပ်ဖွဲ့များကို လက်ခံထားရှိပြီး ဂျပန်သည် အမေရိကန်၏ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေး အုပ်စုနှင့် အမေရိကန် မရိန်းတပ်ဖွဲ့ အပါအဝင် အမေရိကန်တပ်ဖွဲ့များကို အများဆုံး လက်ခံထားရှိသည့် နိုင်ငံဖြစ်သည်။
တောင်ကိုရီးယား နိုင်ငံကလည်း ဒီဇင်ဘာ ၉ ရက်တွင် တရုတ်နှင့် ရုရှား လေယာဉ်များက ၎င်း၏ လေကြောင်း ကာကွယ်ရေး သတ်မှတ်ဇုန် (ADIZ) အတွင်းသို့ ဝင်ရောက် ပျံသန်းခဲ့သဖြင့် တောင်ကိုရီးယားလေတပ်၏ တိုက်လေယာဉ်များကို ပျံတက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 311
CNI International News
ဂူဝါဟတီ၊ ဒီဇင်ဘာ ၁၂
ညီညွတ်သော အာသံ လွတ်မြောက်ရေးတပ်ဦး ULFA-I ၏ အကြီးအကဲဖြစ်သည့် ပါရက်ရှ် ဘာရူအာ (Paresh Baruah) သည် တရုတ်နိုင်ငံတွင် ရှိနေဆဲဖြစ်သည်ဟု Assam Tribune သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။
၎င်းသည် မြန်မာနိုင်ငံရှိ ULFA-I တပ်ဖွဲ့များ၏ စခန်းများကို လာရောက်ခြင်း မရှိသည်မှာ ၁၀ နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး မကြာသေးမီက လက်နက်ချခဲ့သည့် ULFA-I ထိပ်သီးခေါင်းဆောင် တစ်ဦး ဖြစ်သည့် အာရွန်နိုဒိုင် ဒိုဟိုရှာ (Arunodoi Dohotia) (ခ) အာရွန်နိုဒိုင် အာသံ (Arunodoi Asom) က ထုတ်ဖော် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒိုဟိုရှာ လက်နက်ချခဲ့ပြီးနောက် ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များသည် မြန်မာနိုင်ငံအတွင်းရှိ ULFA-I စခန်းများ၏ အခြေအနေ အသေးစိတ်ကို သိရှိခဲ့ကြောင်း အိန္ဒိယရဲအရာရှိများက Assam Tribune သတင်းစာကို ပြောကြားခဲ့ သည်။
မကြာသေးမီက ULFA-I စခန်းများတွင် ဒရုန်းများဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ULFA-I စစ်သွေးကြွများကို ခိုလှုံခွင့်ပေးခဲ့သည့် နာဂလက်နက်ကိုင်အဖွဲ့များကပါ စိုးရိမ်လာခဲ့ကြသည်ဟု ဆိုသည်။

အိန္ဒိယစစ်သားနဲ့ ဒရုန်းကို တွေ့ရစဉ်
လက်ရှိတွင် ULFA-I စစ်သွေးကြွများနှင့် နီးကပ်သည့် ဆက်ဆံရေးရှိနေသော နာဂလက်နက်ကိုင်အဖွဲ့များသည် ၎င်းတို့ပါ ပြဿနာတက်လာနိုင်မည့် အခြေအနေကို စိုးရိမ်ပူပန်နေကြသည်။
ဒိုဟိုရှာသည် အကြောင်းအရင်း အချို့ကြောင့် လက်နက်ချခဲ့ခြင်း ဖြစ်သည်။
ပထမအကြောင်းအရင်းမှာ လုံခြုံရေးတပ်ဖွဲ့များနှင့် ပြေးတမ်း၊ လိုက်တမ်း ကစားနေသကဲ့သို့ ဖြစ်နေသည့် အခြေအနေသည် အနာဂတ် မရှိသည့်အချက်ကို နားလည်သွားခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် စခန်းများတွင် ဒရုန်းများဖြင့် တိုက်ခိုက်ခံခဲ့ရပြီးနောက် ULFA-I အဖွဲ့၏ ကေဒါများသည် စိတ်ဓာတ်ကျဆင်း လာခဲ့သည်ဟု ဆိုသည်။
မည်သို့ပင်ဆိုစေ ULFA-I ၏ တပ်သားသစ် အများစုသည် ULFA-I ၏ အယူဝါဒနှင့်ပတ်သက်ပြီး ဗဟုသုတမရှိဘဲ ပညာတတ်များ မဟုတ်ပေ။

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က ULFA-I စခန်းကို အိန္ဒိယက ဒရုန်းနဲ့တိုက်ခိုက်ခဲ့စဉ်
အစောပိုင်း ကာလများက တပ်သားသစ်များသည် နိုင်ငံရေး သင်ခန်းစာများကို သင်ယူခဲ့ရသော်လည်း ထိုနိုင်ငံရေး သင်တန်းများ မရှိတော့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
ULFA-I ခေါင်းဆောင် ဘာရူအာသည် အခြားခေါင်းဆောင်များ၊ ကေဒါများနှင့် အဆက်အဆံ မလုပ်ဘဲ အဝေး တွင်သာ နေထိုင်လျက်ရှိသည်။
သူသည် မြန်မာနိုင်ငံရှိ ULFA-I စခန်းများသို့ မလာသည်မှာ ဆယ်စုနှစ် တစ်စုကျော် ကြာမြင့်နေပြီဖြစ်ပြီး ဒိုဟိုရှာ ကိုယ်တိုင်ကလည်း ဘာရူအာနှင့် မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သည်။
မကြာသေးမီက ကာကိုပါ့စ်သာ(Kakopathar) တပ်စခန်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုကို ဘာရူအာက ကြိုးကိုင်ခဲ့ခြင်းဖြစ်ပြီး ဒိုဟိုတီယာကို အသိပေးခဲ့ခြင်း မရှိသဖြင့် ၎င်းတို့နှစ်ဦးကြား ယုံကြည်မှု ပျက်ပြားခဲ့သည်။
ဒိုဟိုရှာ၏ ဇနီးနှင့် သားသမီးနှစ်ဦးသည် မြန်မာနိုင်ငံတွင် ရှိနေဆဲဖြစ်ပြီး သူလက်နက်ချ အဖမ်းခံခဲ့ချိန်က မိသားစုကို ခေါ်ဆောင်လာနိုင်ခဲ့ခြင်း မရှိဘဲ သက်တော်စောင့်တစ်ဦးနှင့်သာ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်များက Assam Tribune သတင်းစာကို ပြောကြားခဲ့သည်။
၎င်းတို့၏ စခန်းများ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက်တွင် ကေဒါ အများအပြားသည် လက်နက်ချရန် စိတ်အား ထက်သန်နေကြသော်လည်း မြန်မာနိုင်ငံရှိ ၎င်းတို့၏ အခြေစိုက်စခန်းများမှ မထွက်နိုင်ကြသေးကြောင်း ဒိုဟိုရှာက ရဲတပ်ဖွဲ့အား ပြောကြားခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံရှိ ULFA-I စခန်းများသည် ထိပ်တန်းခေါင်းဆောင် မိုက်ကယ် ဒက်ကာ ဖူကန် (Michael Deka Phukan) ၏ လက်အောက်တွင် ရှိနေသည်။
Source: Assam Tribune
- By CNI
- Category: နိုင်ငံရေး
- Hits: 362
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၁၁
ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံအပေါ် ဆင်နွှဲနေသည့် စစ်ဆင်ရေးကို မကြာမီ အချိန်အတွင်း အရှိန်လျှော့ချ ဖွယ် မရှိကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းက ထိုင်းစစ်တပ်၏ ဗိုလ်ချုပ်ကြီးများနှင့် ထိုင်းထိပ်သီး သံတမန်တစ်ဦးတို့ကို ပြောကြားခဲ့သည့် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) ၏ ပြောကြားချက်များအရ ကမ္ဘောဒီးယားနှင့် နယ်စပ်ပဋိပက္ခသည် ယနေ့အထိ ၄ ရက် ဆက်တိုက် ဖြစ်ပွားနေချိန်တွင် ထိုင်းဘက်က စစ်ဆင်ရေးများကို လျှော့ချဖွယ်မရှိကြောင်း Thai PBS World သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ခြင်းဖြစ်သည်။
ကမ္ဘောဒီးယား၏ ရန်စမှုများကို တုန့်ပြန်ရာတွင် စစ်တပ်၏ စစ်ဆင်ရေးများကို အစိုးရအဖွဲ့က အပြည့်အဝ ထောက်ခံကြောင်း အနူတင်က ဒီဇင်ဘာ ၉ ရက်၌ ထပ်လောင်း အတည်ပြုခဲသည်။
ကမ္ဘောဒီးယား၏ စစ်ရေးစွမ်းဆောင်ရည်များ လျော့ပါးသွားသည့် အချိန်မှသာ ထိုင်းစစ်တပ်၏ စစ်ဆင်ရေးများကို အဆုံးသတ်လိမ့်မည်ဖြစ်ကြောင်း အနူတင်က အရိပ်အမြွက် ပြောကြားခဲ့သည်။

ထိုင်းစစ်တပ်ကို တွေ့ရစဉ်
“ကျနော်တို့ လုပ်သင့်တာကို လုပ်နေပါတယ်။ ကျနော်တို့အပေါ် ဆိုးရွားတဲ့ ရည်ရွယ်ချက်ရှိတဲ့ သူတွေကို ထိုင်းနိုင်ငံ က ဘာလဲဆိုတာကို ပြသခဲ့ပြီးပါပြီ”ဟု အနူတင်က ပြောသည်။
ဒီဇင်ဘာ ၈ ရက်ကလည်း အနူတင်က ကမ္ဘောဒီးယားနှင့် ဆွေးနွေးညှိနှိုင်းမှုများသည် ထိုင်းနိုင်ငံ၏ သတ်မှတ်ချက် များနှင့် ကိုက်ညီမှသာ ဖြစ်မြောက်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ သတ်မှတ်ချက်များနှင့် ပတ်သက်ပြီး အနူတင်က အသေးစိတ် မပြောခဲ့ပေ။
သို့သော် ကမ္ဘောဒီးယား အနေဖြင့် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ခြိမ်းခြောက်ခြင်း မပြုဘဲ ငြိမ်းချမ်းရေး စာချုပ်ကို အတိအကျ လိုက်နာရန် ထိုင်းဘက်က တောင်းဆိုထားမှုအား အနူတင်က ရည်ရွယ်ပြောဆိုခြင်း ဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။
“သူတို့ ကျနော်တို့ကို လုပ်ခဲ့တာတွေနဲ့ပတ်သက်ပြီး ဘယ်လို ဆွေးနွေးညှိနှိုင်းမှုမှ ရှိလာမှာ မဟုတ်ပါဘူး” ဟု အနူတင်က ဒီဇင်ဘာ ၈ ရက်တွင် ပြုလုပ်သည့် အမျိုးသားလုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးအပြီး၌ ပြောကြားခဲ့သည်။
ထိုင်းတော်ဝင်ကြည်းတပ်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချိုင်ယာကရွတ် ဒေါင်ပရာပတ် (Chaiyapruek Duangprapat) ကလည်း ကမ္ဘောဒီးယားအပေါ် ထားရှိသည့် ထိုင်းစစ်တပ်၏ တင်းမာသော သဘောထားကို ထပ်လောင်း ပြောဆိုခဲ့သည်။
လက်ရှိအချိန်အထိ ကမ္ဘောဒီးယားနှင့် ဖြစ်ပွားသည့် တိုက်ခိုက်မှုများအတွင်း ထိုင်းစစ်သား ၄ ဦး သေဆုံးခဲ့သည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 330
CNI International News
အဒစ် အဘာဘာ၊ ဒီဇင်ဘာ ၁၁
အီသီယိုးပီးယားနိုင်ငံသည် ကြီးမားသော စီမံကိန်းများကို အကောင်အထည်ဖော်၍ ပင်လယ်အတွင်းသို့ ဝင်ထွက်နိုင် ရေး ကြိုးပမ်းနေခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် စစ်ပွဲအန္တရာယ်ရှိလာနိုင်သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
အီသီယိုးပီးယားဝန်ကြီးချုပ် အဘီ အာမက် (Abiy Ahmed) သည် နိုင်းလ် (Nile) မြစ်ပေါ်တွင် ကြီးမားသည့် ရေကာ တာတစ်ခု တည်ဆောက်ခဲ့ပြီးနောက် လက်ရှိတွင် အာဖရိက၏ အကြီးဆုံး လေဆိပ်တစ်ခုနှင့် နျူကလီးယား ဓာတ်အားပေး စက်ရုံတစ်ခုကိုပါ တည်ဆောက်ရန် စီစဉ်နေသည်။
သို့သော် အီသီယိုးပီးယားသည် ကုန်းတွင်းပိတ် နိုင်ငံဖြစ်သဖြင့် ပင်လယ်အတွင်းသို့ အဝင်အထွက် ပြုလုပ်နိုင်ရန် ကြိုးပမ်းနေပြီး ၎င်း၏ စီမံကိန်းများသည် အိမ်နီးချင်းနိုင်ငံများနှင့် စစ်ပွဲဖြစ်နိုင်ခြေ ရှိနေသည်ဟု ကျွမ်းကျင်သူများ က ပြောကြားခဲ့သည်။
အဘီ၏ အီသီယိုးပီးယား အစိုးရအဖွဲ့သည် ပင်လယ်နီကို အဝင်အထွက် ပြုလုပ်နိုင်ရန်အတွက် နောက်တစ်ကြိမ် ကြိုးပမ်းရန် ဆုံးဖြတ်ထားသည်။

နိုင်းမြစ်ပေါ်က ရေကာတာကို တွေ့ရစဉ်
အီသီယိုးပီးယားသည် အီရစ်ထရီးယားနှင့် ဆယ်စုနှစ်များစွာကြာ ပျောက်ကြား စစ်ဆင်ရေး ဆင်နွှဲခဲ့ပြီးနောက် ၁၉၉၃ ခုနှစ်တွင် ပင်လယ်နီကို အဝင်အထွက် ပြုလုပ်နိုင်သည့် ကမ်းရိုးတန်းဒေသများအား အီရစ်ထရီးယားကို ထိန်းချုပ်ခွင့်ပေးခဲ့ရသည်။
မကြာသေးမီ နှစ်များအတွင်းတွင် အီသီယိုးပီးယားနှင့် အီရစ်ထရီးယားကြား ငြိမ်းချမ်းရေးရခဲ့ပြီး အီသီယိုးပီးယား ဝန်ကြီးချုပ် အဘီသည်လည်း ငြိမ်းချမ်းရေး နိုဘယ်ဆုရခဲ့သည်။
ထို့နောက် အီသီယိုးပီးယား၏ တီဂရေး (Tigray) ဒေသရှိ သူပုန်များကို အီရစ်ထရီးယားနှင့် အီသီယိုးပီးယားအစိုးရ တို့က ပူးပေါင်းချေမှုန်းခဲ့သည်။
သို့သော် နှစ်နိုင်ငံကြား တင်းမာမှုများ ပြန်လည် မြင့်တက်လာခဲ့ပြီး အီသီယိုးပီးယားသည် ၎င်း၏ ပင်လယ်နီ ဆိပ်ကမ်းများကို ထိန်းချုပ်ရန် ရည်ရွယ်၍ ရေရှည်စစ်ပွဲ အစီအစဉ် ရေးဆွဲထားကြောင်း အီရစ်ထရီးယားက ဇွန်လအတွင်း စွပ်စွဲခဲ့သည်။
အီသီယိုးပီးယားကမူ ၎င်းသည် ပင်လယ်နီအတွင်း ငြိမ်းချမ်းစွာ ဝင်ခွင့်၊ ထွက်ခွင့် ရရှိလိုခြင်းသာဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

အီသီယိုးပီးယားနိုင်ငံက တီဂရေးသူပုန်ကို တွေ့ရစဉ်
ထို့ပြင် သောက်သုံးရေအတွက် နိုင်းလ်မြစ်ကို မှီခိုနေရသည့် အီဂျစ်နိုင်ငံကလည်း အီသီယိုးပီးယား၏ Grand Ethiopian Renaissance Dam အမည်ရှိ ရေကာတာစီမံကိန်းကို ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။
ထိုရေကာတာသည် အီဂျစ်အတွက် မြစ်ရေထောက်ပံ့မှု၊ အထူးသဖြင့် မိုးခေါင်သည့် ကာလများတွင် မြစ်ရေများ ရရှိမှုကို လျော့ကျနိုင်စေလိမ့်မည်ဟု အီဂျစ်က စွပ်စွဲခဲ့သည်။
ထိုရေကာတာနှင့်ပတ်သက်ပြီး အီသီယိုးပီးယားနှင့် အီဂျစ်တို့ ဆွေးနွေးမှုများ မကြာခဏ ပြုလုပ်ခဲ့သော်လည်း ယခုအချိန်အထိ သဘောတူညီချက် မရရှိခဲ့ပေ။
ထို့ကြောင့် အီဂျစ်သည် အီသီယိုးပီးယားနှင့် ဆက်ဆံရေး အခြေအနေ ဆိုးရွားလာနိုင်သည့် အခြေအနေကြောင့် အီရစ်ထရီးယား၊ ဆိုမာလီယာနိုင်ငံများနှင့် လုံခြုံရေး ဆက်ဆံမှုများကို ထူထောင်ခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 289
CNI International News
ခတ္တမန္ဒူ၊ ဒီဇင်ဘာ ၁၀
နီပေါနိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့သည် ဝန်ကြီးဟောင်း ၅ ဦး၊ အစိုးရအရာရှိဟောင်းများ အပါအဝင် လူပေါင်း ၅၅ ဦးနှင့် တရုတ်ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုကို စွဲချက်များ တင်ခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
နီပေါတွင် တရုတ်နိုင်ငံက ရန်ပုံငွေ ထောက်ပံ့ထားသည့် လေဆိပ်ဆောက်လုပ်ရေး စီမံကိန်း၌ ဒေါ်လာ ဘီလျံချီ အဂတိလိုက်စားမှုရှိခဲ့သည့် စွဲချက်များဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
နီပေါတွင် လွှတ်တော် အဆောက်အအုံ မီးရှို့ခံရပြီး အစိုးရအဖွဲ့ကို ပြုတ်ကျစေခဲ့သည့် အဂတိလိုက်စားမှု ဆန့်ကျင် သော ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် ၃ လအကြာ ဒီဇင်ဘာ ၇ ရက်၌ ယခုကဲ့သို့ တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အာဏာအလွဲသုံးစားမှု စုံစမ်းစစ်ဆေးရေးကော်မရှင် (CIAA) ၏ ထုတ်ပြန်ချက်တွင် "စီမံကိန်းတွင် ပါဝင်ခဲ့သည့် ပြည်သူ့ဝန်ထမ်းများသည် တရုတ်က ထောက်ပံ့ပေးထားသည့် ပိုခါရာ (Pokhara) လေဆိပ် ဆောက်လုပ်ရေး စီမံကိန်းတွင် ခန့်မှန်းခြေ ကုန်ကျစရိတ်များကို ရည်ရွယ်ချက် ရှိရှိဖြင့် တိုးမြှင့်တောင်းခံခဲ့ကြောင်း" ဖော်ပြထား သည်။
လေဆိပ်ဆောက်လုပ်ရေးအတွက် အတည်ပြုထားသည့် ကုန်ကျစရိတ်သည် ဒေါ်လာ ၁၆၉ သန်းဖြစ်သည်။

နီပေါမှာ ဆန္ဒပြနေစဉ်
ထိုစီမံကိန်းတွင် ပါဝင်သည့် လူပုဂ္ဂိုလ် ၅၅ ဦးသည် ကုန်ကျစရိတ်ကို ဒေါ်လာ ၇၅ သန်း ထပ်တိုး တင်ပြခဲ့သဖြင့် စုစုပေါင်း ကုန်ကျစရိတ်သည် ဒေါ်လာ ၂၄၄ သန်းအထိ မြင့်တက်သွားခဲ့သည်ဟု CIAA က ထုတ်ပြန်ခဲ့သည်။
စွဲချက်တင်ခံရသူများအနက် ဘဏ္ဍာရေးဝန်ကြီးဟောင်းတစ်ဦး၊ ပြည်သူ့လေကြောင်း ဝန်ကြီးဌာနမှ အကြီးအကဲ ဟောင်း ၄ ဦး၊ ပြည်သူ့ဝန်ထမ်း ဝန်ကြီးဌာနမှ အတွင်းဝန်ဟောင်း ၁၀ ဦး ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
နီပေါတွင် လူငယ်များ ဦးဆောင်သည့် ဆန္ဒပြမှုများကြောင့် အစိုးရအဖွဲ့ ပြုတ်ကျခဲ့ပြီးနောက် လာမည့်နှစ် မတ်လ ၅ ရက်တွင် ရွေးကောက်ပွဲ ပြုလုပ်ရန် စီစဉ်ထားသည်။
နီပေါတွင် အစိုးရက လူမှုမီဒီယာ အသုံးပြုခွင့် ပိတ်ပင်ခဲ့ပြီးနောက် စက်တင်ဘာ ၈ ရက်၌ ဆန္ဒပြမှုများ စတင် ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် စီးပွားရေး အကျပ်အတည်းနှင့် အဂတိလိုက်စားမှုများကို ဆန့်ကျင်သည့် ဆူပူအုံကြွမှု အဖြစ် အရှိန်မြင့်တက်ခဲ့သည်။
စက်တင်ဘာလ အတွင်းက ၂ ရက်ကြာ ဖြစ်ပွားခဲ့သည့် ဆူပူအုံကြွမှုများအတွင်း လူ ၇၆ ဦးထက်မနည်း သေဆုံးခဲ့ သည်။
နီပေါနိုင်ငံ၏ လုပ်သားအင်အား၏ ၈၂ ရာခိုင်နှုန်းသည် လမ်းဘေးစျေးသည်များ၊ အလုပ်ကြမ်းသမားများကဲ့သို့ ပုံမှန် လခစား မဟုတ်သည့် အလုပ်များကို လုပ်ကိုင်နေကြပြီး ၂၀၂၄ ခုနှစ်တွင် နိုင်ငံသားတစ်ဦးချင်းစီ၏ တစ်နှစ်စာ ဂျီဒီပီမှာ ၁၄၄၇ ဒေါ်လာသာရှိကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားခဲ့သည်။
နိုင်ငံ့လူဦးရေ သန်း ၃၀ ကျော် ရှိသည့်အနက် ၁၅ သန်းကျော်သည် အသက် ၃၀ အောက် လူငယ်များ ဖြစ်သော် လည်း လူငယ်များသည် အလုပ်အကိုင်ရရှိရန် ခက်ခဲနေကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 385
CNI International News
ဖနွမ်ပင်၊ ဒီဇင်ဘာ ၁၀
ကမ္ဘောဒီးယားနိုင်ငံတွင် ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် (Hun Sen) နှင့် သားဖြစ်သူ လက်ရှိဝန်ကြီးချုပ် ဟွန်မာနက် (Hun Manet) တို့ လွှမ်းမိုးထားသည့် အစိုးရအဖွဲ့ကို ဖြုတ်ချရန် ပြည်ပရောက် ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင် ဆမ် ရိန်ဆေး (Sam Rainsy)က စစ်တပ်နှင့် လူထုကို တိုက်တွန်းခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။
ဟွန်ဆန် မိသားစုကို ကမ္ဘောဒီးယားမှ ဖယ်ရှားရမည့် အကြောင်းရင်း နှစ်ချက်ရှိကြောင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဆမ်ရိန်ဆေး၏ ကြေညာချက်၌ ဖော်ပြခဲ့သည်။
ပထမအချက်မှာ ဟွန်ဆန် မိသားစုသည် ကမ္ဘောဒီးယား စစ်သားများနှင့် အရပ်သားများကို လူသားဒိုင်းကဲ့သို့ အသုံး ချပြီး ကမ္ဘောဒီးယား နယ်မြေပေါ်တွင် ထိုင်းစစ်တပ်အား တိုက်ခိုက်မှုများ ပြုလုပ်ခွင့် ပေးထားကြောင်း၊ ဟွန်ဆန် နှင့် ဟွန်မာနက်တို့သည် ကမ္ဘောဒီးယား ပြည်သူများနှင့် နယ်နိမိတ်ကို ကာကွယ်မည့် ကမ္ဘောဒီးယား စစ်သားများ ကို တိုက်ခိုက်မှုများ မပြုလုပ်ရန် အမိန့်ပေးထားကြောင်း ဆမ်ရိန်ဆေးက ပြောကြားခဲ့သည်။
"ကိုယ့်နိုင်ငံကို တိုင်းတစ်ပါးက ရန်စလာတာကို ခုခံဖို့အတွက် ရှေ့တန်းစစ်မြေပြင်က စစ်သားတွေကို လက်နက် တွေ အသုံးပြုခွင့် တားမြစ်ကန့်သတ်ထားတဲ့ ခေါင်းဆောင်မျိုး ဒါမှမဟုတ် တပ်မှူးမျိုး ဘယ်နိုင်ငံမှာ ရှိလို့လဲ။ ဟွန်ဆန်မိသားစုရဲ့ ခေါင်းဆောင်တွေကပဲ ဒါမျိုးတွေ လုပ်နေတာကို ကျနော်တို့ မြင်တွေ့နေရပါတယ်" ဟု ထုတ် ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင် ဆမ်ရိန်ဆေးကို တွေ့ရစဉ်
“ကျနော်ရဲ့ ပြည်သူတွေနဲ့ တပ်ဖွဲ့ဝင်တွေကို ပြည်ပက အလွယ်တကူ တိုက်ခိုက်နိုင်တဲ့ အဲဒီနည်းဗျူဟာကို ကြိမ်ဖန် များစွာ ကျင့်သုံးခဲ့တာကြောင့် ခမာစစ်သားတွေနဲ့ အရပ်သားတွေ မတရား အသက်ဆုံးရှုံး စေခဲ့ပါတယ်။ ခမာ စစ်သားတွေနဲ့ ပြည်သူတွေ အနေနဲ့ အိမ်နီးချင်းနိုင်ငံရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုကို ခံနေရတဲ့ မိမိတို့ ညီအစ်ကို မောင်နှမတွေရဲ့ အသက်ကို စတေးပြီး နိုင်ငံခေါင်းဆောင်တွေရဲ့ လုပ်ဆောင်ချက်တွေကို ခွင့်ပြုပေးထားလို့ မရပါ ဘူး" ဟု ဆမ်ရိန်ဆေးက ပြောကြားခဲ့သည်။
ဒုတိယအချက်မှာ ဟွန်ဆန် မိသားစုသည် ကျားဖြန့်လုပ်ငန်း ကွန်ရက်များကို ကာကွယ်ပေးထားသဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့် ပြည်သူများကို အဘက်ဘက်မှ ချွတ်ခြုံကျစေခဲ့ကြောင်း၊ စီးပွားရေး အကျပ်အတည်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးခြင်း၊ ပြည်သူများ၏ စားဝတ်နေရေး ဆိုးရွားစွာ ထိခိုက်ခြင်း၊ ကြွေးမြီ ထောင်ချောက်အတွင်း ကျရောက်ခြင်း၊ လူမှုတည်ငြိမ်ရေးနှင့် တရားမျှတမှု ပျက်ယွင်းခြင်းတို့ ဖြစ်စေခဲ့ကြောင်း ဆမ်ရိန်ဆေးက စွပ်စွဲခဲ့သည်။
“ဟွန်ဆန်မိသားစု ခေါင်းဆောင်တွေက ရာဇဝတ်သားတွေကို အကာအကွယ် ပေးနေတာကြောင့် ကမ္ဘောဒီးယား ပြည်သူတွေကို သူတို့ရဲ့ ရန်သူလို ဆက်ဆံခဲ့တာ ထင်ရှားနေပါတယ်” ဟု ဆမ်ရိန်ဆေးက ပြောကြားခဲ့သည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 451
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၁၀
ထိုင်းနှင့်ကမ္ဘာဒီးယား နယ်စပ်တွင် ပစ်ခတ်မှုများနှင့်ပတ်သက်ပြီး ကမ္ဘောဒီးယား စစ်သားများ၏ ခြိမ်းခြောက်မှုများ အဆုံးမသတ်မချင်း အပစ်ရပ်မည် မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) က ပြောကြားခဲ့သည်။
ထို့နောက် စစ်တပ်ကို အပြည့်အဝ ထောက်ခံသွားမည်ဟု ၎င်းက ပြောသည်။
အနူတင်သည် ကမ္ဘောဒီးယားနှင့် အပစ်ရပ်ရေး လွှတ်တော်တွင်း အချေအတင် ဆွေးနွေးညှိနှိုင်းရေးတို့ကို ငြင်းပယ်ခဲ့ပြီး ကမ္ဘောဒီးယား၏ ရန်စမှုအား ကာကွယ်ရန်အတွက် စစ်တပ်၏ စစ်ဆင်ရေးများကို အလုံးစုံ ထောက်ခံသွားမည်ဟု ဆိုသည်။
အစိုးရအဖွဲ့ အနေဖြင့် နယ်စပ်ပဋိပက္ခနှင့်ပတ်သက်ပြီး လွှတ်တော်တွင်း အချေအတင် ဆွေးနွေးခွင့်ရရှိမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပိုဒ်ခွဲ ၁၆၅ ကို ကျင့်သုံးနိုင်ခြေရှိကြောင်း ထင်ကြေး ပေးမှုများနှင့်ပတ်သက်ပြီး သတင်း ထောက်များက အနူတင်ကို မေးမြန်းခဲ့ချိန်တွင် အနူတင်က "မဟုတ်ပါဘူး။ ခင်ဗျားတို့ကို ဘယ်သူပြောလဲ။ ကျနော်တို့မှာ အဲဒီအစီအစဉ် မရှိပါဘူး။ အိမ်နီးချင်းနိုင်ငံနဲ့ ပဋိပက္ခ အခြေအနေက ဆက်ဖြစ်နေတုန်းပါ။ ကျနော် တို့က စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ကို ထောက်ခံရပါမယ်။ သူတို့ကို စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေ ပေးရပါမယ်" ဟု ဖြေကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ် အနူတင်ကို တွေ့ရစဉ်
ကမ္ဘောဒီးယားဘက်က ငြိမ်းချမ်းရေးဆွေးနွေးရန် ထိုင်းအစိုးရကို ဆက်သွယ်ခဲ့ခြင်း ရှိ၊မရှိ မေးမြန်းချိန်တွင်လည်း အနူတင်က "ဘာအဆက်အသွယ်မှ မရှိပါဘူး" ဟု ဖြေကြားခဲ့သည်။
ထိုအဓိပ္ပာယ်အရ ကမ္ဘောဒီးယားကလည်း ဆွေးနွေးရန် ကမ်းလှမ်းခြင်းမရှိ၊ ထိုင်းကလည်း အပစ်ရပ်ရန် ဆွေးနွေး မှုများကို ငြင်းပယ်ခြင်း ဟုတ်၊မဟုတ် မေးမြန်းချိန်တွင် အနူတင်က "ထိုင်းနိုင်ငံဘက်က လုပ်သင့်တဲ့ အလုပ်ကို လုပ်ဆောင်နေပါတယ်" ဟု ဖြေကြားခဲ့သည်။
"ကျနော်တို့ကို မလိုမုန်းထားတဲ့ ရည်ရွယ်ချက်နဲ့ ဆန်ကျင်တဲ့ လူတွေအပေါ် ကျနော်တို့က ဘယ်လိုသဘောထား ခဲ့တယ်ဆိုတာကို ပြသခဲ့ပြီးပါပြီ။ အဲဒါကြောင့် ကျနော်တို့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်မယ့် သူတွေကို စိတ်ပိုင်းဆိုင်ရာ ထောက်ခံပေးသင့်ပါတယ်" ဟု အနူတင်က ပြောကြားခဲ့သည်။
အစိုးရအဖွဲ့အနေဖြင့် စစ်တပ်ကို စစ်ဆင်ရေးများ ရပ်တန့်ရန် အမိန့်ပေးမည် ဟုတ်၊ မဟုတ် မေးမြန်းချိန်တွင် အနူတင်က "လုံးဝပါပဲ။ ကျနော်တို့ အခုချိန်မှာတော့ မရပ်တန့်နိုင်ပါဘူး။ အစိုးရအဖွဲ့ဟာ စစ်တပ်ရဲ့ အစီအစဉ် တွေကို အပြည့်အဝ ထောက်ခံပေးမယ်လို့ ကျနော်က စစ်တပ်ကို ကတိပေးခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားတပ်ဖွဲ့များ အားနည်းလာသည့် အချိန်အထိ စစ်ဆင်ရေးများကို ဆက်လုပ်ရန် ရှိ၊မရှိ မေးမြန်းချိန်တွင် အနူတင်က "အဲဒါ ကျနော်တို့ တပ်ဖွဲ့ မဟုတ်ပါဘူး။ သူတို့ တပ်တွေပါ။ ကျနော်တို့ တပ်တွေက ဘယ်တော့မှ အားနည်းလာမှာ မဟုတ်ပါဘူး" ဟု ဖြေကြားခဲ့သည်။
ကမ္ဘောဒီးယားတပ်များက ထိုင်းစစ်သားများကို တိုက်ခိုက်ရန် kamikaze(ကာမီကာဇေ) ဒရုန်းများကို အသုံးပြု နေသည်ဆိုသည့် သတင်းနှင့်ပတ်သက်ပြီး အနူတင်က ထိုင်းစစ်တပ်တွင် ထိုဒရုန်းများကို တန်ပြန်ရန် အစီအမံများ ရှိကြောင်း ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 364
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၉
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်က ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်တွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သဖြင့် ထိုင်းစစ်သား ၁ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယား စစ်သားများက ထိုင်းတပ်ဖွဲ့များနှင့် အရပ်သားများကို လက်နက် ကြီးများ၊ ရော့ကတ်များဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းစစ်တပ်က ပြောကြားခဲ့သည်။
ထို့ကြောင့် ထိုင်းတပ်ဖွဲ့များကလည်း ကမ္ဘောဒီးယား၏ တိုက်ခိုက်မှုများကို ရပ်တန့်စေရန် ကမ္ဘောဒီးယား၏ စစ်ရေး ပစ်မှတ်များအား တိုက်လေယာဉ်များဖြင့် လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ကမ္ဘောဒီးယား စစ်သားများသည် ဒီဇင်ဘာ ၈ ရက် ဒေသစံတော်ချိန် နံနက် ၅ နာရီ ၅ မိနစ်တွင် အူဘွန် ရတ်ချာ သာနီ (Ubon Ratchathani) ပြည်နယ်၊ နမ်ယွမ် (Nam Yuen) ခရိုင်၏ ချောင်အန်မာ (Chong An Ma) ဒေသရှိ ပစ်မှတ်များကို ရိုင်ဖယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ထိုင်းစစ်သား ၄ ဦး ဒဏ်ရာရခဲ့သည်ဟု ထိုင်းစစ်တပ် ပြောရေးဆို ခွင့်ရှိသူ ဗိုလ်ချုပ် ဝင်ထိုင်း ဆူဗာရီက ပြောကြားခဲ့သည်။

ဒဏ်ရာရနေတဲ့ လူနာကို ဆေးကုသပေးနေစဉ်
ကမ္ဘောဒီးယား၏ တိုက်ခိုက်မှုများကြောင့် နမ်ယွန်ခရိုင် ချောင်ဘွတ် (Chong Bok) ဒေသတွင် ထိုင်းစစ်သား ၁ ဦး သေဆုံးပြီး နောက်ထပ် စစ်သား ၄ ဦး ဒဏ်ရာရကြောင်း နံနက် ၇ နာရီတွင် သတင်းရရှိခဲ့သည်ဟု ဝင်ထိုင်းက ဆို သည်။
ထို့ကြောင့် ထိုင်းစစ်သား ၁ ဦး သေဆုံးပြီး ဒဏ်ရာရရှိသည့် ထိုင်းစစ်သား စုစုပေါင်း ၈ ဦး အထိရှိခဲ့ကြောင်း ဝင်ထိုင်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားတပ်ဖွဲ့များသည် ထိုင်း၏ ဘူရီရမ် (Buri Ram) ပြည်နယ်မှ အရပ်သားများ နေထိုင်သည့် နေရာများကို BM-21 ရော့ကတ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ထိုင်း၏ အမှတ် ၂ စစ်ဒေသက စွပ်စွဲခဲ့သည်။
ထိုတိုက်ခိုက်မှုများကြောင့် ထိုင်းနိုင်ငံအတွင်း လူပေါင်း ၃၅,၀၀၀ ခန့်သည့် ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက်ရှိ နေရာဒေသများမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း ထိုင်းစစ်တပ်က ထုတ်ပြန်ခဲ့သည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) ကမူ ထိုင်းနှင့်ကမ္ဘောဒီးယားကြား နယ်စပ်ဒေသ တွင် ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားနေသည့် သတင်းများနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်ကြောင်း၊ နှစ်နိုင်ငံ အာဏာပိုင်များအနေဖြင့် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖြေရှင်းကြရန် တိုက်တွန်းခဲ့သည်။
မလေးရှားနိုင်ငံသည် နောက်ထပ် တိုက်ခိုက်မှု ဖြစ်စဉ်များကို ရှောင်လွှဲရန်နှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရာတွင် အကူအညီပေးနိုင်မည့် အစီအစဉ်များအား ထောက်ပံ့ပေးရန် အသင့်ရှိကြောင်း အန်ဝါက ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 352
CNI International news
ဘန်ကောက်၊ ဒီဇင်ဘာ ၈
ထိုင်းနိုင်ငံ တာ့ခ် (Tak) ပြည်နယ်တွင် မြန်မာနိုင်ငံဘက်မှ လက်နက်ကြီးကျည်များ ကျရောက်ခဲ့သဖြင့် အရပ်သားများ ဒဏ်ရာရခဲ့ပြီးနောက် ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ယူကရစ် ဘွန်တန်နွန် (Ukrit Boontanon)က တင်းကျပ်သည့် အစီအမံများဖြင့် သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း ဘန်ကောက်ပိုပစ်မှ ဖော်ပြခဲ့သည်။
မြန်မာအစိုးရတပ်ဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်များသည် တာ့ခ်ပြည်နယ်၊ မဲဆောက် (Mae Sot)ဘက်သို့ ကျရောက်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီး ယူကရစ်က ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
နယ်စပ်ဒေသတစ်လျှောက် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စက်သေနတ်များနှင့် လက်နက်ကြီးများ ပါဝင်ခဲ့ ပြီး ထိုလက်နက်ကြီး ကျည်များထဲမှ အချို့သည် ပစ်မှတ်လမ်းကြောင်းလွဲပြီး ထိုင်းနိုင်ငံအတွင်းသို့ ကျရောက်ခဲ့ သည်ဟု ၎င်းက ဆိုသည်။
နယ်စပ်ဒေသတွင် တပ်စွဲထားသည့် ထိုင်းစစ်တပ်၏ တပ်ဖွဲ့များက ထိုင်း-မြန်မာနယ်စပ် ညှိနှိုင်းဆောင်ရွက်ရေး ယန္တရားမှတစ်ဆင့် ဆက်သွယ်ပြောဆိုမှုများ၊ သတိပေး ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ထိတွေ့တိုက်ပွဲ၏ စံသတ်မှတ် ချက် စည်းကမ်းများအရ တုန့်ပြန်ခဲ့ကြောင်း ယူကရစ်က ပြောသည်။

ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ယူကရစ် ဘွန်တန်နွန်ကို တွေ့ရစဉ်
ထို့ပြင် ထိုကဲ့သို့ လက်နက်ကြီးကျည် ကျရောက်မှုများ နောက်တစ်ကြိမ် ထပ်မဖြစ်စေရန် မြန်မာအစိုးရအရာရှိများ နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များကို တရားဝင် သတိပေးခဲ့သည်ဟု ဗိုလ်ချုပ်ကြီး ယူကရစ်က ပြောကြားခဲ့သည်။
အကယ်၍ ထိုဖြစ်စဉ်မျိုး နောက်တစ်ကြိမ် ဖြစ်ပွားလာပါက ထိုင်းဘက်က ပိုမိုပြင်းထန်စွာ ထိတွေ့ကိုင်တွယ်ရန် ပြင်ဆင်ထားသည်ဟုလည်း ၎င်းကဆိုသည်။
လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် လူသေဆုံးမှုများ မရှိခဲ့သော်လည်း နယ်စပ်ဒေသအနီး အန္တရာယ်များ သည့် နေရာများတွင် နေထိုင်သော ဒေသခံများကို ဘေးလွတ်ရာ ရွှေ့ပြောင်းရန်အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေသည်ဟုလည်း ယူကရစ်က ပြောသည်။
ဒီဇင်ဘာ ၅ ရက်က မြန်မာနိုင်ငံ မြဝတီမြို့၏ မင်းလက်ပံကျေးရွာတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းလုံခြုံရေးအရာရှိများက မဲဆောက်ခရိုင်ရှိ Mae Kon Ken နှင့် Huai Mahawong တို့တွင် နေထိုင်သည့် ကျေးရွာသူ၊ ကျေးရွာသားများကို ဘေးလွတ်ရာ ချက်ချင်းရွှေ့ပြောင်းရန် ညွှန်ကြားခဲ့သည်။
ထိုင်းတော်ဝင်ကြည်းတပ်၏ Naresuan တပ်ဖွဲ့မှ လက်ထောက်တပ်မှူးဖြစ်သူ ဗိုလ်မှူးကြီး နာရွန်ချိုင်း ချာရွန်ချိုင်း (Narongchai Charoenchai) သည် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ထိခိုက်ခဲ့သည့် မိသားစုများထံ သွားရောက်ခဲ့ပြီး ရိက္ခာအကူအညီများ ပေးအပ်ခဲ့သည်။
Source: ဘန်ကောက်ပို့စ်
