- By CNI
- Category: နိုင်ငံရေး
- Hits: 191
CNI International News
ဘေရွတ်၊ ဇွန်လ ၆
လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့သည် အစ္စရေးနှင့် လက်ဘနွန်အစိုးရကြား နောက်ဆုံးရရှိထား သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ငြင်းပယ်ကြောင်း ဇွန်လ ၄ ရက်တွင် ကြေညာခဲ့သည်ဟု အေပီ မှ ဖော်ပြခဲ့သည်။
လက်ဘနွန်နိုင်ငံအတွင်း တိုက်ပွဲများ ပိုမို ပြင်းထန်လာခြင်းကြောင်း အီရန်စစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းမှုများ ကို အဟန့်အတား ဖြစ်နေချိန်တွင် အစ္စရေးတပ်ဖွဲ့များကို လက်ဘနွန်နိုင်ငံအတွင်းမှ အပြီးသတ် ဆုတ်ခွာပေးရန် ဟစ်ဇ်ဘိုလာအဖွဲ့က တောင်းဆိုခဲ့သည်။
လက်ဘနွန်ဒေသန္တရအာဏာပိုင်များ၏ ပြောကြားချက်အရ အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုများကြောင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီးနောက် ဟစ်ဇ်ဘိုလာအဖွဲ့၏ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့ပြင် လက်ဘနွန်တောင်ပိုင်း တိုက်ပွဲအတွင်း အစ္စရေးစစ်သားတစ်ဦးလည်း သေဆုံးခဲ့သည်။
ဟစ်ဇ်ဘိုလာခေါင်းဆောင် နာအင် ကက်ဆမ် (Naim Kassem) က ရုပ်မြင်သံကြားမှတစ်ဆင့် ဖတ်ကြားခဲ့သည့် ကြေညာချက်တွင် လက်ရှိ လုပ်ဆောင်နေသော ညှိနှိုင်းမှုများသည် အဓိပ္ပာယ်မရှိဘဲ သိက္ခာကျစရာဖြစ်ပြီး စော်ကားလွန်းသည်ဟု ပြစ်တင်ဝေဖန်ခဲ့သည်။

ခံတပ်ဟောင်းကို တွေ့ရစဉ်
တိုက်ပွဲများ ဖြစ်ပွားနေချိန်အတွင်း ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားများ လက်ဘနွန်တောင်ပိုင်းမှ ထွက်ခွာပေး ရန် သဘောတူညီချက်၏ တောင်းဆိုချက်သည် လက်နက်ချ အရှုံးပေးသည့် သဘောဖြစ်ကြောင်း ကက်ဆမ်က ဆိုသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကမူ သူသည် ဟစ်ဇ်ဘိုလာအဖွဲ့အပြင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) နှင့်ပါ စကားပြောဆိုခဲ့ပြီး တိုးတက်မှုအချို့ ရှိကြောင်း ပြောကြားခဲ့သည်။
“အဲဒီဒေသမှာ တစ်ခုခု ထူးခြားဖြစ်ပျက်လာတာကို ခင်ဗျားတို့ မြင်တွေ့ရလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ လက်ဘနွန်နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေး ရသွားမယ်ဆိုရင် တကယ် ကောင်းမှာပါ။ လက်ဘနွန်ဟာ နှစ်ပေါင်းများစွာ တိုက်ခိုက်ခံခဲ့ရပြီး အမြဲတမ်း အားနည်းတဲ့ အခြေအနေမှာ ရှိနေခဲ့တာမို့ ဒါတွေအားလုံး အဆုံးသတ်သွားနိုင်ရင် တကယ်ကို အဆင်ပြေမှာပါ” ဟု ထရမ့်က ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 215
CNI International News
ဘန်ကောက်၊ ဇွန်လ ၅
ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းဝန်ကြီး သူရဆက် ပန်ချာရွန်ဝိုရာကူလ် (Surasak Phancharoenworakul) က ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့ရှိသည့် အပန်းဖြေကျွန်းများပေါ်ရှိ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ၊ ဟန်ပြဖွင့်လှစ်ထားသော စီးပွားရေးလုပ်ငန်းများကို တင်းကျပ်သည့် စည်းကမ်းများဖြင့် ကိုင်တွယ်သွားမည်ဖြစ်ပြီး ဒုစရိုက်ဂိုဏ်းများနှင့် ဆက်နွှယ်နေသည့် အရာရှိများအား ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကတိပြုခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ကော့စမွီ (Koh Samui) နှင့် ကော့စမက် (Koh Samet) ကျွန်းများ အပါအဝင် လူသိများသော အပန်းဖြေကျွန်း များပေါ်တွင် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများအပေါ် တိုက်ခိုက် စော်ကားမှုများနှင့် လုံခြုံရေးဆိုင်ရာ မတော်တဆမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးစံနှုန်းများကို မြှင့်တင်ရန်နှင့် ထိုင်းနိုင်ငံ၏ ခရီးသွား လုပ်ငန်းပုံရိပ်ကို သိက္ခာပြန်ဆယ်ရန်အတွက် ဆောင်ရွက်မည့် အစီအမံများကို သူရဆက်က ချပြခဲ့သည်။
ဥပဒေကို တင်းတင်းကျပ်ကျပ် ပြဋ္ဌာန်း အရေးယူနိုင်ရန်အတွက် ဝန်ကြီးဌာန အနေဖြင့် အုပ်ချုပ်ရေးပိုင်းမှ အာဏာ ပိုင်များ၊ ကမ္ဘာလှည့် ခရီးသွားရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက အတည်ပြု ပြော ကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းဝန်ကြီး သူရဆက် ပန်ချာရွန်ဝိုရာကူလ်ကို တွေ့ရစဉ်
အာဏာပိုင်များသည် အထူးသဖြင့် တောင်ပိုင်းဒေသများရှိ ကျွန်းများပေါ်တွင် ဒုစရိုက်ဂိုဏ်းများပုံစံ လွှမ်းမိုး ချုပ်ကိုင်မှုများကို အမြစ်ပြတ် ချေမှုန်းရန်အတွက် ဆိုင်ခန်းများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့် အများ ပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူများကို ကျယ်ကျယ်ပြန့်ပြန့် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ် သွားမည်ဖြစ်သည်။
အကယ်၍ မည်သည့် အရာရှိမဆို ပြစ်မှုကျူးလွန်သူများနှင့် ပတ်သက် ဆက်နွှယ်နေခြင်း၊ ဒုစရိုက်မှုကို မျက်ကွယ် ပြုထားခြင်း သို့မဟုတ် ကူညီပံ့ပိုးပေးထားခြင်းတို့ရှိကြောင်း စုံစမ်းတွေ့ရှိရပါက ဥပဒေအရ အပြင်းထန်ဆုံး အရေး ယူမှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) နှင့် ဒုတိယဝန်ကြီးချုပ် စူဖာဂျီ စူသမ်ဖန် (Suphajee Suthumpun) တို့ ဦးဆောင်သည့် အစိုးရအဖွဲ့၏ တင်းကျပ်သော လုံခြုံရေးမူဝါဒ ချမှတ်ပြီးနောက်ပိုင်း ယခုကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုင်းအာဏာပိုင်တွေက ပြည်သူတွေကို စကားပြောနေစဉ်
ထို့ပြင် ဗီဇာသက်တမ်း ကုန်ဆုံးသည့်တိုင် အိုဗာစတေး (Overstay) ဖြင့် ဆက်လက် နေထိုင်သည့် နိုင်ငံခြားသား များကို စိစစ်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့တွင် ကူညီပေးနိုင်ရန်အတွက် နည်းပညာများကိုလည်း အသုံးပြုသွားမည် ဖြစ်သည်။
တရုတ်သံရုံးသည် ထိုင်းနိုင်ငံအတွင်းသို့ စည်းကမ်းရှိသည့် ကမ္ဘာလှည့်ခရီးသွားများ လာရောက် လည်ပတ်စေရန် နှင့် နှစ်နိုင်ငံစလုံး၏ ပုံရိပ်ကို ကာကွယ်ရန်အတွက် တရုတ်နိုင်ငံသားများကို စိစစ်ကြပ်မတ်ရာတွင် ပူးပေါင်း ဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင်း သူရဆက်က ပြောကြားခဲ့သည်။
သူရဆက်က သူသည် မကြာသေးမီက ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းကျန့်ဝေ (Zhang Jianwei) နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟုလည်း ဆိုသည်။
“အခုအချိန်ဟာ လုံခြုံရေးကို အလေးအနက်ထား လုပ်ဆောင်ရမယ့် အချိန်ဖြစ်ပါတယ်။ သာမန် လူတစ်ယောက်က ပြစ်မှုကျူးလွန်ရင် ချက်ချင်းဖမ်းဆီးရမှာ ဖြစ်သလို၊ လုပ်ငန်း လုပ်ကိုင်သူတစ်ဦးရဲ့ ပေါ့ဆမှုကြောင့် ဆုံးရှုံးနစ်နာမှု တွေ ဖြစ်ပေါ်လာရင်လည်း ဥပဒေနဲ့အညီ အမြန်ဆုံး ပြုပြင်တည့်မတ်သွားဖို့ ညွှန်ကြားရမှာ ဖြစ်ပါတယ်” ဟု သူရဆက်က ပြောကြားခဲ့သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 151
CNI International News
ဘန်ကောက်၊ ဇွန်လ ၅
ထိုင်းဘုရင်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြစ်ဒဏ်မှ လွတ်မြောက်လာခဲ့သည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် (Thaksin Shinawatra) သည် ဖြူးထိုင်းပါတီ၏ အတွင်းရေး စီမံခန့်ခွဲမှုများကို လွှမ်းမိုးချုပ်ကိုင်ရန် ပြန်လည် ဝင်ရောက် လာတော့မည် မဟုတ်ကြောင်း ဖြူးထိုင်းပါတီ၏ ထိပ်သီးခေါင်းဆောင်နှစ်ဦးက ဇွန်လ ၄ ရက်တွင် အတည်ပြုခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ဇွန်လ ၃ ရက်နေ့တွင် ဘုရင့်လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် သက်ဆင်၏ ခံဝန်ဖြင့် လွတ်မြောက်နေသည့်ကာလ ပြီးဆုံးသွားခဲ့ပြီးနောက် ဖြူးထိုင်းပါတီ ခေါင်းဆောင်များ၏ မှတ်ချက်စကားများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
သက်ဆင်၏ အခန်းကဏ္ဍနှင့် ပတ်သက်သည့် မေးခွန်းများကို အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များနှင့် သီးခြားစီ ခွဲခြားရှုမြင်ရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင် မှုဆိုင်ရာဝန်ကြီး ယော့ချာနန် ဝေါင်ဆာဝပ် (Yodchanan Wongsawat) က ဇွန်လ ၄ ရက်တွင် အစိုးရအိမ်တော်၌ ပြောကြားခဲ့သည်။
အစိုးရအဖွဲ့ အနေဖြင့် နိုင်ငံကို စီမံခန့်ခွဲရန် လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ ရှိပြီးသားဖြစ်ကြောင်းနှင့် ဝန်ကြီး တစ်ဦးချင်းစီကလည်း မိမိတို့၏ ကျရာတာဝန်များကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေကြကြောင်း ယော့ချာနန် က ပြောသည်။
ပါတီစီမံခန့်ခွဲမှုပိုင်းသည် သီးခြားကိစ္စရပ် တစ်ခုဖြစ်ပြီး ဖြူးထိုင်းပါတီ၏ တရားဝင်ဖွဲ့စည်းပုံယန္တရား အောက်တွင် သာ ဆက်လက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဖြူးထိုင်းပါတီ ခေါင်းဆောင်များကို တွေ့ရစဉ်
ဖြူးထိုင်းပါတီတွင် ပါတီအရေး ကိစ္စများကို ပံ့ပိုးကူညီရန် အကြံပေးယန္တရားတစ်ခု ရှိနှင့်ပြီးသားဖြစ်ကြောင်း၊ ပါတီ၏ အနာဂတ်နိုင်ငံရေး ဦးတည်ချက်နှင့် ကိုက်ညီစေရန်အတွက် အတွင်းရေး စီမံခန့်ခွဲမှုပိုင်းကိုလည်း ပြင်ဆင် ညှိနှိုင်းမှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း ယော့ချာနန်က ပြောကြားခဲ့သည်။
သက်ဆင် အနေဖြင့် နိုင်ငံရေးမှ နောက်ဆုတ်ပေးလိုက်ပြီး ဖြူးထိုင်းပါတီ၏ တာဝန်ဝတ္တရားများကို သမီးဖြစ်သူ ပေတုန်တန် (Paetongtarn Shinawatra) နှင့် ယော့ချာနန်တို့ထံ လွှဲပြောင်း ပေးအပ်လိုက်ပြီဆိုသည့် သတင်း များနှင့် ပတ်သက်၍ မေးမြန်းရာတွင် ယော့ချာနန်က အစိုးရအဖွဲ့၏ လုပ်ငန်းများနှင့် ပါတီအရေးကိစ္စများကို သီးခြားစီ သဘောထားရမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
အစိုးရအဖွဲ့နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို အစိုးရကသာ အပြည့်အဝ ကိုင်တွယ် ဖြေရှင်းသွားမည်ဖြစ်ပြီး၊ ပါတီ စီမံခန့်ခွဲမှုပိုင်းကိုမူ ဖြူးထိုင်းပါတီ၏ စည်းမျဉ်းစည်းကမ်းများနှင့် အတွင်းပိုင်း ဖွဲ့စည်းပုံအတိုင်းသာ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
နောက်ထပ် ဖြူးထိုင်းပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သည့် အလုပ်သမားရေးရာဝန်ကြီး ဂျူလာပန် အမ်မွန်ဗီဗတ် (Julapun Amornvivat) ကလည်း သက်ဆင်သည် ဖြူးထိုင်းပါတီကို လွှမ်းမိုးချုပ်ကိုင် လာလိမ့်မည်ဆိုသည့် ထင်ကြေးပေးမှုများကို ငြင်းပယ်ခဲ့သည်။
သက်ဆင်နှင့် ဖြူးထိုင်းပါတီကြား လွှမ်းမိုးချုပ်ကိုင်မှုများနှင့် ပတ်သက်သည့် မေးခွန်းများသည် အတိတ်တွင် ကျန်ခဲ့ပြီဖြစ်ကြောင်း၊ လက်ရှိတွင် ပါတီသည် ကိုယ်ပိုင်ဦးတည်ချက် အခိုင်အမာရှိထားပြီဖြစ်ကြောင်း ဂျူလာပန်က ပြောကြားခဲ့သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 243
CNI International News
ဝါရှင်တန်၊ ဇွန်လ ၅
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီတွင် လက်ဘနွန်နှင့် အစ္စရေးကြား ပဋိပက္ခများကို အဆုံးသတ်ရန် ရည်ရွယ်ပြီး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြကြောင်း CNA မှ ဖော်ပြခဲ့သည်။
အမေရိကန်နှင့် ပူးတွဲထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ ယခု အပစ်အခတ်ရပ်စဲရေးသည် အီရန်လိုလားသော ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့ဘက်မှ ပစ်ခတ်မှုများကို လုံးဝ ရပ်တန့်ရန်နှင့် လီတာနီတောင်ပိုင်းဒေသ (South Litani Sector) မှ ဟစ်ဇ်ဘိုလာ တပ်ဖွဲ့ဝင်အားလုံး ဆုတ်ခွာပေးရန်ဆိုသည့် အချက်များအပေါ် မူတည်နေသည်။
လက်ဘနွန်စစ်တပ် အနေဖြင့် အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို ဖယ်ထုတ်ပြီး အဆိုပါ နယ်မြေကို အပြည့်အဝ ထိန်းချုပ်သွားမည့် ရှေ့ပြေးဇုန်များ ဖော်ဆောင်ရေးအား အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် နှစ်ဦးနှစ်ဖက်စလုံးက အမေရိကန်၏ လမ်းညွှန်မှုဖြင့် သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အစ္စရေးနှင့် လက်ဘနွန်တို့သည် ပြီးခဲ့သည့် ဧပြီလကတည်းက တိုက်ခိုက်မှုများ ရပ်စဲရန် ကနဦး သဘောတူညီခဲ့ ကြပြီး မေလတွင် သက်တမ်းတိုးခဲ့ကြသော်လည်း အပြန်အလှန် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေခဲ့သည်။

ဇွန်လ ၃ ရက်က လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ပြီး ဘေရွတ် (Beirut) မြို့တော်တောင်ပိုင်းရှိ မော်တော်ယာဉ်တစ်စီးလည်း ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရ ကြောင်း လက်ဘနွန်လုံခြုံရေးသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
အစ္စရေးကလည်း ဟစ်ဇ်ဘိုလာအဖွဲ့က လွှတ်တင်ခဲ့သည်ဟု ယူဆရသည့် ရန်သူ့လေယာဉ်တစ်စင်းကို ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဇွန်လ ၁ ရက်တွင် ကြေညာခဲ့သည့် အမေရိကန်က ကြားဝင်စေ့စပ်ပေးသော သဘောတူညီချက်အရ အစ္စရေး အနေဖြင့် ဟစ်ဇ်ဘိုလာအဖွဲ့ ထိန်းချုပ်ထားသည့် ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်များကို တိုက်ခိုက် ခြင်းမှ နောက်ဆုတ်ပေးခဲ့ပြီး အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများကို ရပ်တန့်ခဲ့သည်။
အီရန်အစိုးရကို ထောက်ခံပြီး နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် ဟစ်ဇ်ဘိုလာအဖွဲ့ကို နှိမ်နင်း ရန်အတွက် အစ္စရေးသည် ပြီးခဲ့သည့် မတ်လအတွင်းက လက်ဘနွန်နိုင်ငံတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
အီရန်ကမူ အစ္စရေးနှင့် လက်ဘနွန်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရရှိပါက အမေရိကန်နှင့် ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက် ရယူမည်မဟုတ်ကြောင်း ပြောကြားထားသည်။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 221
CNI International News
ပြုံယမ်း၊ ဇွန်လ ၅
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် နျူကလီးယား ကုန်ကြမ်းပစ္စည်းများ ထုတ် လုပ်ရေး စက်ရုံသို့ သွားရောက်ခဲ့ပြီး နျူကလီးယား လက်နက်အင်အားကို တစ်ဟုန်ထိုး မြှင့်တင်သွားမည်ဟု ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် ၅ နှစ်တာ ကာလအတွင်း လက်နက် ထုတ်လုပ်ရန် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည့် နျူကလီးယား ပစ္စည်း ထုတ်လုပ်နိုင်မှု စွမ်းရည်သည် ယခင်ကထက် ၂ ဆကျော် မြင့်တက်လာခဲ့ပြီဖြစ်ကြောင်း ကင်မ် ပြောကြားခဲ့ ပြီး မဟာဗျူဟာမြောက် ရည်မှန်းချက်များကို ပြည့်မီစေရန်အတွက် ထုတ်လုပ်မှုနှုန်းအား ပိုမိုတိုးမြှင့်သွားရန် တာဝန်ရှိသူများကို ညွှန်ကြားခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဇွန်လ ၃ ရက်တွင် ဖော်ပြခဲ့သည်။
ထိုခရီးစဉ်အတွင်း ကင်မ်သည် ပိုမိုအဆင့်မြင့်သော နည်းပညာများ ထည့်သွင်းထားသည့် ထုတ်ကုန် လုပ်ငန်းစဉ် အသစ်များနှင့် ပတ်သက်သည့် ရှင်းလင်း တင်ပြချက်များကို နားထောင်ခဲ့ပြီး လက်ရှိ လုပ်ငန်းစဉ် လျာထားချက် များနှင့် အနာဂတ် အစီအစဉ်များကို ပြန်လည်သုံးသပ်ခဲ့သည်ဟု ဆိုသည်။
နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံများတွင် ကင်မ်သည် စက်ရုံအတွင်းရှိ စက်ပစ္စည်း ကိရိယာများ ကြားတွင် လမ်းလျှောက်နေသည်ကို တွေ့ရပြီး ထိုအဆောက်အအုံသည် မြောက်ကိုရီးယား၏ အဓိက နျူကလီး ယား စက်မှုဇုန်ဖြစ်သော ယောင်ဗြွန် (Yongbyon)တွင် တည်ရှိနေခြင်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ကင်မ်ဂျုံအန်ကို တွေ့ရစဉ်
အလွန်ဆိုးရွားသည့် ရန်သူများနှင့် ထိပ်တိုက် တွေ့ဆုံနေရခြင်း၊ ပိုမိုဆိုးရွားလာသည့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက် မှုများကြောင့် ယခုကဲ့သို့ နျူကလီးယားစွမ်းရည် တိုးချဲ့မှုမှာ မဖြစ်မနေ လိုအပ်ကြောင်း ကင်မ်က ပြောကြားခဲ့ သည်။
နျူကလီးယားအင်အားကို ပိုမိုခိုင်မာစေရန်အတွက် အစည်းအဝေးတစ်ခုကို ဇွန်လ ၃ ရက်တွင် ပြုလုပ်ခဲ့ပြီး နျူကလီးယား လက်နက်တိုက်အား အရည်အသွေးအရရော အရေအတွက်အရပါ အရှိန်အဟုန်မြှင့် တိုးချဲ့သွားရန် ကင်မ်က လမ်းညွှန်ချက်များ ချမှတ်ခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။
မိမိတို့၏ နျူကလီးယားအင်အားကို အဆမတန်တိုးမြှင့်ရန် ရည်ရွယ်ရေးဆွဲထားသည့် ရည်မှန်းချက်ကြီးမားသော အနာဂတ်စီမံကိန်းအား အကောင်အထည်ဖော်ရန်အတွက် လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် အစီအမံများကို ချမှတ်ထား ပြီးဖြစ်ကြောင်း ကင်မ်က ပြောကြားခဲ့သည်။
ဇွန်လ ၄ ရက်တွင် ထုတ်ဖော်ပြသခဲ့သည့် ဓာတ်ပုံထဲတွင် မြင်တွေ့ရသော နျူကလီးယား အဆောက်အအုံသည် ယူရေနီယံသန့်စင်သည့် စက်ရုံဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ကင်မ်၏ ယခုခရီးစဉ်သည် မြောက်ကိုရီးယား၏ နျူကလီးယားအင်အား အရှိန်အဟုန်မြှင့် တည်ဆောက်နေမှုကို တရားဥပဒေကြောင်းအရ အကြောင်းပြချက် ခိုင်လုံစေရန် ထုတ်ပြန် ကြေညာခြင်း ဖြစ်နိုင်ကြောင်း လေ့လာဆန်း စစ်သူများက သုံးသပ်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 158
CNI International News
ဘန်ကောက်၊ ဇွန်လ ၄
ကမ္ဘောဒီးယားနိုင်ငံနှင့် ဖြစ်ပွားနေသည့် ရေကြောင်းပိုင်နက် အငြင်းပွားမှုနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ ကျော ထောက် နောက်ခံပြု ကြားဝင်ဖျန်ဖြေရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ရန် အပြည့်အဝ အသင့်ပြင်ထား ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာဆက် ဖူအန်ကက်ကော (Sihasak Phuangketkeow)က ဇွန်လ ၃ ရက်တွင် ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။
ဒေါ်လာ ၃၀၀ ဘီလျံခန့် တန်ဖိုးရှိသည့် ရေအောက် စွမ်းအင်သိုက်များ ရှိနေသော ထိုင်းပင်လယ်ကွေ့ (Gulf of Thailand) အတွင်းရှိ ပိုင်နက်နယ်မြေများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ ပင်လယ်ရေကြောင်း ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း (UNCLOS) အရ အငြင်းပွားမှု ဖြေရှင်းရေး လုပ်ငန်းစဉ်ကို စတင်လိုက်ပြီဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံက မေလ ၂ ရက်က ပြောကြားခဲ့ပြီးနောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ မှတ်ချက်စကား ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းနှင့် ကမ္ဘောဒီးယားတို့၏ ထပ်တူကျနေသော ပိုင်နက်နယ်မြေများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပူးတွဲ ရှာဖွေရေး မူဘောင်တစ်ခုကို ချမှတ်ပေးခဲ့သည့် ၂၀၀၁ ခုနှစ် သဘောတူညီချက်ကို ပြီးခဲ့သည့်လတွင် ထိုင်းအစိုးရ က ဖျက်သိမ်းခဲ့ပြီးနောက် ကမ္ဘောဒီးယားဘက်က ယခုကဲ့သို့ လုပ်ဆောင်လာခြင်း ဖြစ်သည်။
အဆိုပါ သဘောတူညီချက်ကို အကောင်အထည်ဖော်ရာတွင် ကာလရှည်ကြာ မတိုးသာ၊ မဆုတ်သာ ဖြစ်နေသည့် အခြေအနေကို အကြောင်းပြပြီး ထိုင်းဝန်ကြီးချုပ်က ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။
UNCLOS အောက်တွင် မဖြစ်မနေ လိုက်နာရမည့် စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်များကို စတင်ရန် ကမ္ဘောဒီးယား၏ အလောတကြီး ဆုံးဖြတ်ချက်သည် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည် ကောင်းမွန်လာစေရန် ယုံကြည်မှု တည် ဆောက်ရေး ကြိုးပမ်းမှုများကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာဆက်က ပြောကြားခဲ့သည်။

အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံဖြစ်သည့် ထိုင်းနှင့် ကမ္ဘောဒီးယားသည် ပြင်သစ်ကိုလိုနီခေတ်၏ ဆိုးမွေ တစ်ခုဖြစ်သော ပင်လယ်ရေကြောင်းပိုင်နက် အငြင်းပွားမှုများနှင့် ၈၀၀ ကီလိုမီတာ ရှည်လျားသည့် ကုန်းတွင်း နယ်စပ်စည်း သတ်မှတ်မှုဆိုင်ရာ ပြဿနာများကို ဆယ်စုနှစ် ပေါင်းများစွာကြာ ရင်ဆိုင်နေရခြင်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က နယ်စပ်တိုက်ပွဲများ နှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံစလုံးသည် ဒီဇင်ဘာလတွင် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီခဲ့ကြသော်လည်း အပစ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက် နေကြသည်ဟု တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စွပ်စွဲခဲ့ကြသည်။
“ထိုင်းနိုင်ငံအနေနဲ့ UNCLOS နဲ့အညီ လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှု အားလုံးကို လုပ်ဆောင်ဖို့ အပြည့်အဝ အဆင်သင့်ရှိနေပြီး နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ကို အရေးအကြီးဆုံးကိစ္စအဖြစ် ထားရှိပါ တယ်” ဟု သီဟာဆက်က ပြောကြားခဲ့သည်။
ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးသည် UNCLOS တွင် ပါဝင် လက်မှတ် ရေးထိုးထားသည့် အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည်။
ထိုင်းနှင့်ကမ္ဘောဒီးယားကြား ထပ်တူကျနေသည့် ထိုင်းပင်လယ်ကွေ့အတွင်းရှိ ရေပိုင်နက်များအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့များမှ ရရှိလာနိုင်မည့် ဝင်ငွေမှာ ဒေါ်လာ ၃၀၀ ဘီလျံခန့် တန်ဖိုးရှိကြောင်း ထိုင်းနိုင်ငံ စွမ်းအင် ဝန်ကြီးဌာနက ခန့်မှန်းထားသည်။
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက် (Hun Manet) ကမူ ၎င်းတို့ အစိုးရအနေဖြင့် နိုင်ငံတကာဥပဒေနှင့်အညီ ကမ္ဘောဒီးယားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ အခွင့်အရေးများကို ကာကွယ်ရန် အတွက် ယခုကဲ့သို့ ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု ကြားဝင်ဖျန်ဖြေရေး လုပ်ငန်းစဉ်ကို စတင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 131
CNI International News
ဆိုးလ်၊ ဇွန်လ ၄
အမေရိကန်နှင့် တောင်ကိုရီးယားကြား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပထမဆုံးအကြိမ် ဆွေးနွေးပွဲကို ယခုသီတင်းပတ်အတွင်း ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားအစိုးရက ဇွန်လ ၃ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်နှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် တောင်ကိုရီးယားသမ္မတ လီဂျေမြောင် (Lee Jae Myung) တို့ကြား သဘောတူညီခဲ့သည့် နျူကလီးယား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲ သတင်း ထုတ်ပြန်ချက်အရ ယခုကဲ့သို့ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၂ ရက်နှင့် ဇွန်လ ၃ ရက်တွင် ကျင်းပခဲ့သည့် ထိုဆွေးနွေးပွဲများ၌ တောင်ကိုရီးယားနိုင်ငံ၏ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများ တည်ဆောက်မည့် အစီအစဉ်ကို အထောက်အကူ ပြုနိုင်ရန်အတွက် ယူရေနီယံ သန့်စင်မှုကို ပိုမို တိုးချဲ့ခွင့်နှင့် အသုံးပြုပြီးသား နျူကလီးယား လောင်စာများကို ပြန်လည် ထုတ်လုပ်ခွင့်တို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တောင်ကိုရီးယား ဒုနိုင်ငံခြားရေးဝန်ကြီး ပတ်ယွန်ဂျူးနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံရေးဆိုင်ရာ ဒုဝန်ကြီး အယ်လီဆင် ဟွတ်ကာကို တွေ့ရစဉ်
တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကို ဒုနိုင်ငံခြားရေးဝန်ကြီး ပတ်ယွန်ဂျူး (Park Yoon-joo) က ဦးဆောင်ခဲ့ပြီး အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကိုမူ နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံရေးဆိုင်ရာ ဒုဝန်ကြီး အယ်လီဆင် ဟွတ်ကာ (Allison Hooker) က ဦးဆောင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အစည်းအဝေး၏ အစီအစဉ်တွင် ယူရေနီယံသန့်စင်မှု၊ လောင်စာ ပြန်လည် ထုတ်လုပ်ခွင့် တိုးမြှင့်ရေးကိစ္စနှင့် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောကိစ္စများ ပါဝင်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ပတ်အီလ် (Park Il) က ဇွန်လ ၂ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။
ယူရေနီယံသန့်စင်မှုနှင့် ပြန်လည် ထုတ်လုပ်ခွင့်ဆိုင်ရာ ဆွေးနွေးမှုများသည် လက်ရှိ နျူကလီးယား သဘောတူညီ ချက်ကို ပြင်ဆင်ခြင်းနှင့် ဆက်စပ်နေပြီး စစ်ဘက်ဆိုင်ရာ မဟုတ်ဘဲ အရပ်ဘက်နှင့် ကုန်သွယ်မှုဆိုင်ရာ ရည်ရွယ် ချက် အတွက်သာဖြစ်ကြောင်း ပတ်က ပြောဆိုသည်။
ဆန့်ကျင်ဘက် အနေဖြင့် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောများသည် နျူကလီးယားစွမ်းအင်ကို စစ်ရေး အရ အသုံးပြုခြင်းနှင့် သက်ဆိုင်နေသဖြင့် ထိုကိစ္စအတွက် သီးခြား သဘောတူညီချက်တစ်ခု လိုအပ်မည်ဖြစ် ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

တောင်ကိုရီးယား ဒုနိုင်ငံခြားရေးဝန်ကြီး ပတ်ယွန်ဂျူးနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံရေးဆိုင်ရာ ဒုဝန်ကြီး အယ်လီဆင် ဟွတ်ကာကို တွေ့ရစဉ်
“နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေဟာ နျူကလီးယားစွမ်းအင်ကို စစ်ရေးအရ အသုံးပြုတာနဲ့ သက် ဆိုင်နေတာကြောင့် အမေရိကန်ရဲ့ စွမ်းအင်ဥပဒေအရ သီးခြား သဘောတူညီချက်တစ်ခု လိုအပ်ပါလိမ့်မယ်” ဟု ပတ်က ပြောကြားခဲ့သည်။
နှစ်နိုင်ငံလုံး အနေဖြင့် တတ်နိုင်သမျှ လက်တွေ့ကျသည့် ရလဒ်များ အမြန်ဆုံး ထွက်ပေါ်လာအောင် ကြိုးပမ်း ဆောင်ရွက်သွားရန်၊ ယခုနှစ်အတွင်း အခြေအနေများကို ပြန်လည်သုံးသပ်မည့် မူဘောင်တစ်ခုကို ချမှတ်ရန်နှင့် နောင်လာမည့် ဆွေးနွေးညှိနှိုင်းမှုများကို အရှိန်မြှင့်တင်သွားရန် သဘောတူညီခဲ့ကြကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ထုတ်ပြန်ခဲ့သည့် အမေရိကန်-တောင်ကိုရီးယား ပူးတွဲ သတင်းထုတ်ပြန်ချက်တွင်မူ ငြိမ်းချမ်းစွာ အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် တောင်ကိုရီးယား၏ အရပ်ဘက်သုံး ယူရေနီယံသန့်စင်မှုနှင့် အသုံးပြု ပြီးသား လောင်စာ ပြန်လည် ထုတ်လုပ်မှုတို့ကို ဖော်ဆောင်နိုင်မည့် လုပ်ငန်းစဉ်တစ်ခုကို အမေရိကန်အစိုးရက ထောက်ခံကြောင်း ဖော်ပြထားသည်။
ထို့ပြင် တောင်ကိုရီးယား နိုင်ငံအနေဖြင့် နျူကလီးယား စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများ တည် ဆောက်ခြင်းကို အမေရိကန်က အတည်ပြုပေးခဲ့ပြီး လောင်စာရရှိရေး အပါအဝင် လိုအပ်ချက်များနှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 204
CNI International News
ဝါရှင်တန်၊ ဇွန်လ ၄
ပါရှန်းပင်လယ်ကွေ့တွင် အမေရိကန်နှင့် အီရန်ကြား အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့်အတွက် ယခင်ကတည်းက ကျိုးပျက်လွယ်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် နောက်ထပ် စိန်ခေါ်မှု တစ်ခု ဖြစ်လာကြောင်း အေပီမှ ဖော်ပြခဲ့သည်။
အမေရိကန်၊ အစ္စရေးတို့နှင့် ဖြစ်ပွားနေသော စစ်ပွဲကို အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန်အတွက် ကြားခံ စေ့စပ်ပေးသူများနှင့် ဆက်သွယ် ပြောဆိုမှုများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် သတင်းဌာနများက ဖော်ပြခဲ့ချိန်တွင် ယခုတိုက်ခိုက်မှုများ ဖြစ်ပွားလာခြင်း ဖြစ်သည်။
ဒေသတွင်း တာဝန်ရှိသူ တစ်ဦးကမူ အီရန်သည် အမေရိကန်နှင့် ဆွေးနွေးပွဲများ ပြန်မစမီ လက်ဘနွန်နိုင်ငံတွင် အပစ်အခတ်ရပ်စဲရေးကို အရင်ဆုံး အကောင်အထည်ဖော်ရန် လိုလားနေကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကမူ ဆွေးနွေးညှိနှိုင်းမှုများ ဆက်ရှိနေဆဲဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အီရန်ခေါင်းဆောင် တစ်ဦးကို တွေ့ရစဉ်
ဆွေးနွေးပွဲများသည် သီတင်းပတ် ပေါင်းများစွာကြာအောင် ကြန့်ကြာနေခဲ့ပြီး ပင်လယ်ကွေ့ဒေသအတွင်း အပြန် အလှန် ဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ စစ်ဆင်ရေး အရှိန်မြင့်လာမှုတို့ကြောင့် ဆွေးနွေးပွဲ ကြိုးပမ်းမှုများအပေါ် ဖိအားများ ဖြစ်စေခဲ့သည်။
အီရန်သည် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ စုစုပေါင်း၏ ၅ ပုံ ၁ ပုံ ဖြတ်သန်းသည့် ဟော်မုဇ်ရေလက်ကြားကို ဆက်လက် ပိတ်ဆို့ထားဆဲဖြစ်ပြီး အမေရိကန်ကလည်း အီရန်ဆိပ်ကမ်းများကို ဆက်လက် ပိတ်ဆို့ထားဆဲ ဖြစ်သောကြောင့် ကမ္ဘာ့လောင်စာဆီ ဈေးနှုန်းများ မြင့်မားနေဆဲဖြစ်ကာ ပဋိပက္ခ၏ နောက်ဆက်တွဲ ဆိုးကျိုးများ ကို အခြားနိုင်ငံများပါ ပြင်းထန်စွာ ခံစားနေရသည်။
ထိုအချိန်အတောအတွင်း အီရန် ဒရုန်းယာဉ်များ၏ ပြင်းထန်စွာ တိုက်ခိုက်မှုကြောင့် ကူဝိတ်နိုင်ငံ၏ အဓိက လေဆိပ်သည် ဆိုးရွားစွာ ပျက်စီးသွားခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ရပြီးနောက် ကူဝိတ်အစိုးရက ထိုလေဆိပ်ကို ဇွန်လ ၃ ရက်တွင် နာရီအနည်းငယ်ကြာ ပိတ်ထားခဲ့ရသည်။
ကူဝိတ်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ခရီးသည်တင် အဆောက်အအုံကို ရန်သူ့ ဒရုန်း အများအပြားက ပစ်မှတ် ထား တိုက်ခိုက်ခဲ့သဖြင့် အဆောက်အအုံ ဆိုးရွားစွာ ပျက်စီးသွားပြီး လူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း ကူဝိတ် ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဆော့ဒ် အဗ္ဗဒူလာဇစ် အလ်-အိုတိုင်ဘီ (Saud Abdulaziz Al-Otaibi) က ပြောကြားခဲ့သည်။
အီရန်နိုင်ငံသည် ကူဝိတ်နိုင်ငံသို့ ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့သော်လည်း လေထဲမှာပင် ပျက်စီးသွားခဲ့ကြောင်း၊ ကူဝိတ်နိုင်ငံအတွင်းရှိ အမေရိကန်တပ်ဖွဲ့များကို ပစ်မှတ်ထားသည့် ဒရုန်းများကို ပစ်ချနိုင်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့သည်။

ပါရှန်းပင်လယ်ကွေ့ကို တွေ့ရစဉ်
ထို့ပြင် အမေရိကန်ရေတပ်၏ အမှတ် ၅ ရေတပ်အုပ်စု အခြေစိုက်ရာ ပင်လယ်ကွေ့နိုင်ငံဖြစ်သော ဘာရိန်းနိုင်ငံကို ပစ်မှတ်ထားသည့် ဒုံးကျည်များကိုလည်း အမေရိကန်နှင့် ဘာရိန်းတပ်ဖွဲ့များက ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။
ဘာရိန်းကာကွယ်ရေးဝန်ကြီးဌာနကလည်း အီရန်ဘက်မှ ပစ်လွှတ်လိုက်သည့် ဒုံးကျည် ၃ စင်းနှင့် ဒရုန်းအချို့ကို ၎င်းတို့စစ်တပ်က ကြားဖြတ် ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ထိုကဲ့သို့ ဘာရိန်းနှင့် ကူဝိတ်နိုင်ငံတို့အပေါ် တိုက်ခိုက်မှုများကို တုံ့ပြန်သည့် အနေဖြင့် ဟော်မုဇ်ရေလက်ကြား အတွင်းရှိ ကက်ရှမ်ကျွန်း (Qeshm Island)ပေါ်ရှိ အီရန်၏ စစ်ဘက်ဆိုင်ရာ မြေပြင်ထိန်းချုပ်ရေး စခန်းတစ်ခုကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကမူ ၎င်းတို့အနေဖြင့် အမေရိကန်ရေတပ်၏ အမှတ် ၅ ရေတပ်အုပ်စုဌာနချုပ် နှင့် အခြားနိုင်ငံတစ်ခုရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း ကူဝိတ်နှင့် ဘာရိန်းနိုင်ငံများ၏ အမည်ကိုမူ ထည့်သွင်းပြောကြားခြင်း မရှိခဲ့ပေ။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 181
CNI International News
ဘန်ကောက်၊ ဇွန်လ ၄
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်(Thaksin Shinawatra) သည် ၎င်းအပေါ် ချမှတ်ခံထားရသည့် ထောင်ဒဏ် သက်တမ်း အားလုံးမှ အလုံးစုံ ကင်းလွတ်ခွင့် ရရှိသွားပြီး ပြစ်ဒဏ်မှ အလုံးစုံ လွတ်မြောက်သွားပြီဖြစ်ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
သက်ဆင်သည် မေလက ခံဝန်ဖြင့် လွတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး လက်ကျန် ထောင်ဒဏ် သက်တမ်း ၄ လကို စောင့်ကြည့်ကာလဖြင့် နေထိုင်ခဲ့ရကာ ခြေထောက်တွင်လည်း ခြေရာခံစောင့်ကြည့်သည့် အီလက်ထရောနစ် ခြေပတ်တစ်ခု တပ်ဆင်ခံခဲ့ရခြင်းဖြစ်သည်။
သို့သော် ဇွန်လ ၂ ရက်ညပိုင်းက ထိုင်းဘုရင် မဟာ ဗာဂျီရာလောင်ကွန်း (Maha Vajiralongkorn) ၏ တော်ဝင် အမိန့် ပြန်တမ်းတွင် သက်ဆင်အား လက်ကျန်ထောင်ဒဏ် သက်တမ်းများမှ အလုံးစုံ ကင်းလွတ်ခွင့် ပေးကြောင်း ကြေညာခဲ့ပြီး ထိုကြေညာချက်သည် ဇွန်လ ၃ ရက်တွင် စတင် အကျုံးဝင်သက်ရောက်ခဲ့သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို တွေ့ရစဉ်
ထို့ကြောင့် သက်ဆင်သည် လက်ကျန် ထောင်ဒဏ် သက်တမ်းများကို စောင့်ကြည့်ကာလဖြင့် နေထိုင်စရာ မလို တော့ဘဲ အီလက်ထရောနစ် ခြေပတ်ကိုလည်း ပြန်ဖြုတ်ရတော့မည်ဖြစ်ကာ ပြစ်ဒဏ်မှ အလုံးစုံ လွတ်မြောက် သွားခဲ့ပြီဖြစ်သည်။
ထိုင်းနိုင်ငံသည် စည်းမျဉ်းခံ ဘုရင်စနစ် ကျင့်သုံးသည့်နိုင်ငံ ဖြစ်သောကြောင့် ပြစ်ဒဏ် ကျခံနေရသည့် ရာဇဝတ် သားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ဘုရင်မင်းမြတ်တွင် နောက်ဆုံးအာဏာ ရှိသည်။
ထိုင်းဘုရင်သည် မိဖုရားကြီး သုသီတာ (Suthida) ၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်ပြီး ယခုလွတ်ငြိမ်းချမ်းသာခွင့်အတွင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသော အကျဉ်းသားများလည်း လွတ်မြောက်ခဲ့သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို တွေ့ရစဉ်
ထိုင်းနိုင်ငံရေးတွင် ဆယ်စုနှစ် နှစ်ခုကျော်ကြာ လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့သည့် အသက် ၇၆ နှစ်အရွယ် ဘီလျံနာ တစ်ဦး ဖြစ်သည့် သက်ဆင်သည် ဆက်သွယ်ရေး လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် ၎င်း၏ ကိုယ်ပိုင် နိုင်ငံရေးပါတီကို တည်ထောင်ခဲ့ကာ ၂၀၀၁ ခုနှစ်မှစ၍ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
သို့သော် ၂၀၀၆ ခုနှစ်တွင် သက်ဆင် ပြည်ပသို့ ရောက်ရှိနေစဉ် စစ်တပ်က အာဏာသိမ်းကာ ၎င်းအား ရာထူးမှ ဖယ်ရှားခဲ့သည်။
သက်ဆင်၏ ရှေ့နေဖြစ်သူ ဝင်ယတ် ချတ်မွန်ထရီ (Winyat Chatmontree) က သက်ဆင် အနေဖြင့် ၎င်းအပေါ် ချမှတ်ထားသော ဥပဒေကြောင်းအရ ပြစ်ဒဏ်များ အားလုံးမှ အပြီးအပိုင် လွတ်မြောက်သွားပြီဖြစ်ကြောင်း အေပီ သတင်းဌာနကို အတည်ပြု ပြောကြားခဲ့သည်။
သို့သော်လည်း သက်ဆင် ဝတ်ဆင်ထားသည့် အီလက်ထရောနစ် ခြေပတ်ကို ပြန်လည် ဖြုတ်သိမ်းရန် လုပ်ထုံး လုပ်နည်းအချို့ ရှိနေသေးသဖြင့် ရက်အနည်းငယ် ကြာမြင့်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Source: အေပီ
