- By CNI
- Category: နိုင်ငံရေး
- Hits: 1019
CNI International News
ကိယက်ဗ်၊ ဇွန်လ ၁၀
ယူကရိန်း ပင်လယ်နက် ဆိပ်ကမ်းများကို ရုရှားက ပိတ်ဆို့ထား၍ သန်းနှင့်ချီသည့် လူအများ အငတ်ဘေး ဆိုက်လာနိုင်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက သတိပေးလိုက်သည်ဟု ရိုက်တာသတင်းအရ သိရသည်။
ရုရှားသည် ယူကရိန်းကမ်းရိုးတန်း၏ အစိတ်အပိုင်း အများအပြားကို သိမ်းယူခဲ့ပြီး လယ်ယာထွက်ကုန် ပစ္စည်းတင်ပို့မှု ပိတ်ဆို့ ထားသဖြင့် နိုင်ငံအသီးသီးအတွက် ဂျုံ၊ စပါးစရိတ်များ အဆမတန် တက်စေခဲ့သည်။
ယခုအခါ ယူကရိန်းသည် ဂျုံ၊ ပြောင်း၊ ဟင်းသီးဟင်းရွက်ဆီနှင့် အခြားလယ်ယာ ထွက်ကုန်များကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ နိုင်ခြင်း မရှိသေးကြောင်း ဇာလန်းစကီးက ပြောကြားခဲ့သည်။
“ရုရှားသည် ပင်လယ်နက်ဒေသကို ဆက်လက် ပိတ်ဆို့ထားမည်ဆိုပါက သန်းနှင့်ချီသော လူအများ အငတ်ဘေးကြောင့် ရတက်မအေး ဖြစ်ရတော့မည်”ဟု ဇွန်လ ၉ ရက်၌ ဇာလန်းစကီး ပြောကြားထားသော ဗွီဒီယိုဖိုင်ကို နယူးယောက်တွင် ကျင်းပ သည့် တိုင်းမ်ဟန်ဒွန်ဂါလာ ၂၀၂၂ ခုနှစ် (TIME100 Gala 2022) အခမ်းအနားတွင် ပြသခဲ့သည်။
မော်စကို(ရုရှား)သည် စားနပ်ရိက္ခာအစား စစ်လက်နက်ဟူသော ရိက္ခာကိုသာ ကမ္ဘာကို ထောက်ပံ့နေသည်ဟု ယူကရိန်းနှင့် အနောက်အုပ်စု နိုင်ငံများက စွပ်စွဲထားသည်။
ယူကရိန်း စစ်သားများ (AP)
အခြားတစ်ဖက်ကလည်း ပင်လယ်နက်ဒေသ ရေပြင်တွင် ယူကရိန်းမိုင်းများ ချထားခြင်းနှင့် မော်စကိုအပေါ် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများကို ရုရှားက ယူကရိန်းနှင့် အနောက်အုပ်စုအား အပြစ်တင်နေခဲ့သည်။
ကိယက်ဗ်အစိုးရသည် ၎င်း၏ ကုန်စည်အများစုကို ဆိပ်ကမ်းများမှတဆင့် ယခင်က တင်ပို့လေ့ ရှိသော်လည်း ရုရှား ကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ယူကရိန်း အနောက်ပိုင်းနယ်စပ်မှ ရထားမှတဆင့် (သို့မဟုတ်) ဒန်းညု (Danube) မြစ်ကမ်းမှတဆင့် ဂျုံနှင့်စပါး ပို့နေရသည်။
တိုင်းမ်မဂ္ဂဇင်း၏ ၂၀၂၂ ခုနှစ်အတွက် ဩဇာရှိသူ လူ ၁၀၀ စာရင်းတွင် ပါဝင်ခဲ့သည့် ဇာလန်းစကီးက “ရုရှားခြိမ်းခြောက်မှု ပေါ်ပေါက်လာသည့်အခါ လွတ်လပ်သောကမ္ဘာ ပေါင်းစည်းပေးခဲ့သည့်အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို ကျေးဇူး တင်ကြောင်း” ၎င်း၏ ဗွီဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ရုရှား၏ ရန်လိုမှုနှင့် Covid-19 ဂယက်တို့ကို ဇာလန်းစကီးက နှိုင်းယှဉ်ပြောကြားခဲ့ပြီး မိမိတို့ကို လက်နက် ပိုမိုပံ့ပိုးပေးဖို့ ယူကရိန်း၏ မဟာမိတ်နိုင်ငံများကို တောင်းဆိုခဲ့သည်။
“လက်နက်နဲ့ ဒဏ်ပိတ်ဆို့မှုတွေက ကာကွယ်ဆေးတစ်မျိုးပါပဲ။ ရုရှားအတွက် ကျနော်တို့ ဆောင်ထားရမယ့် Covid-22 ဆေးဆိုလည်း မမှားပါဘူး။ အမုန်းပွားတာဟာ ဗိုင်းရပ်စ်ပိုးပါ။ အဲဒီပိုးက Covid-19 ထက် လူတွေ ပိုသေစေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 992
CNI International News
အန်ကာရာ၊ ဇွန်လ ၉
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့နှင့် တူရကီနိုင်ငံခြားရေးဝန်ကြီး မီဘလက်ကာဘူဆိုဂလူတို့ နောက်ဆုံး တွေ့ဆုံခဲ့ မှုသည် နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်အဆင့်ရှိကြောင်း အရေးတကြီး ပြသလိုက်သည့် လက္ခဏာရပ် တစ်ရပ်ဖြစ်ဟု ရုရှားဆိုင်ရာ တူရကီကုန်သွယ်ရေး ကိုယ်စားလှယ်ဟောင်း အေဒင်ဆီဇာက ရုရှား-တူရကီ နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးပွဲများနှင့် ပတ်သက်၍ ဇွန်လ ၈ ရက်တွင် ပြောကြားခဲ့သည်။
“သူတို့နှစ်ဦး အဆက်အသွယ် လုပ်နေတာဟာ ရုရှားနဲ့တူရကီကြား ဆက်ဆံရေး ပုံမှန်လည်ပတ်နေစေဖို့ အရေးကြီးတဲ့ လက္ခဏာ တစ်ရပ်ဖြစ်ပါတယ်” ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
“မတူကွဲပြားတဲ့ ရှုထောင့်ကနေ ကြည့်ရင် နှစ်နိုင်ငံ ဆက်ဆံရေးအပြင် ဒေသတွင်း ကိစ္စတွေပါ ဝန်းရံကြဖို့ အရေးကြီးတယ် ဆိုတာ တွေ့ရမှာပါ။ ဒါဟာ ရုရှားရဲ့ စစ်ရေး ကိုယ်စားလှယ်အဖွဲ့ရဲ့ ရှေ့မှောက်မှာ ကောင်းကောင်းမြင်ရတဲ့ ရှုထောင့်ပါပဲ” ဟု အေဒင်ဆီဇာက ထပ်လောင်း ပြောကြားခဲ့သည်။
“တူရကီဟာ ယူကရိန်းအရေးတင် မဟုတ်ဘဲ ဆန်စပါး အကျပ်အတည်းကိုလည်း မြင့်တယ်။ နောက်ပြီး ရုရှားအမြင်ကိုလည်း ထည့်စဉ်းစားတယ်။ ထောက်ပံ့ ပို့ဆောင်ရေး၊ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း အပါအဝင် ရုရှားရဲ့ စိုက်ပျိုးရေး ပို့ကုန်တွေကို အနောက်အုပ်စုပိတ်ဆို့မှု ရုပ်သိမ်းဖို့ လိုတဲ့အကြောင်း တူရကီက အတိအလင်း ပြောခဲ့ပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။
ယူကရိန်းစစ်ပွဲအတွင်းက ပျက်စီးမှု
မဝေးလှသည့် အနာဂတ်တွင် ယူကရိန်း ငြိမ်းချမ်းရေးဆီသို့ မည်သည့် တိုးတက်မှုမဆို မြင်တွေ့နိုင်ခြေ နည်းပါးသည်ဟုလည်း ဆီဇာက ယုံကြည်ထားသည်။
“အကြောင်းရင်းကတော့ ယူကရိန်းသမ္မတ ဇာလန်းစကီးကို ဗြိတိန်နဲ့အမေရိကန် ခေါင်းဆောင်တွေ ဩဇာလွှမ်းမိုးမှုပါပဲ” ဟု ၎င်းက မှတ်ချက်ချသည်။
တူရကီနှင့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ယူကရိန်း သတင်းထောက်တစ်ဦးအား မေးခွန်းတစ်ခု မေးခွင့်ပြုခဲ့သည့် လာဗရော့ ၏ ဆုံးဖြတ်ချက်ကိုလည်း ဆီဇာက ချီးကျူးခဲ့သည်။
“လာဗရော့ကနေ ယူကရိန်းသတင်းထောက်ကို မေးခွန်းတစ်ခု မေးခွင့်ပြုတယ်ဆိုတာ သိပ်ကိုအရေးကြီးပါတယ်။ ဒါဟာ ပညာသားပါပါ ချဉ်းကပ်မှုတစ်ခုပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။
လာဗရော့နှင့် မီဘလက်ကာဘူဆိုဂလူတို့သည် တူရကီနိုင်ငံ၊ အန်ကာရာမြို့တော်ရှိ သမ္မတအိမ်တော်တွင် ဇွန်လ ၈ ရက်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထို့နောက် သတင်းစာ ရှင်းလင်းပွဲ ကျင်းပရာ မိမိတို့နှစ်ဦး၏ တွေ့ဆုံမှုတွင် ယူကရိန်း၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်နှင့် လစ်ဗျားအရေးတို့ကို ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း မီဒီယာများကို အသိပေး ပြောကြားခဲ့သည်။
ထို့အပြင် ဝန်ကြီးနှစ်ဦးတို့သည် ယူကရိန်းဆိပ်ကမ်းများမှ ကောက်ပဲသီးနှံ တင်ပို့နိုင်ရေး ဖြစ်နိုင်ခြေကိုလည်း အလေးပေး ဆွေးနွေးခဲ့ကြကြောင်း တာ့စ်သတင်းဌာနက ဖော်ပြခဲ့သည်။
Source: တာ့စ်သတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 1442
CNI International News
တီဟီရန်၊ ဇွန်လ ၉
၃၅ နိုင်ငံပါဝင်သည့် ကုလသမဂ္ဂ (UN) စောင့်ကြည့်ရေးဘုတ်အဖွဲ့သည် အီရန်အစိုးရကို ဝေဖန်သည့် ဆုံးဖြတ်ချက်ကို တခဲနက် အတည်ပြုခဲ့သဖြင့် အီရန်က ၎င်း၏ မြေအောက် ယူရေနီယံ သန့်စင်ရေးကို ထပ်မံလုပ်ဆောင်လာခဲ့ပြီး UN အစီအမံအရ တပ်ဆင်ထားသော နျူကလီးယား စောင့်ကြည့်ရေး ကင်မရာနှစ်လုံးကို ပိတ်ပစ်မည်ဟု ဇွန်လ ၈ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းအရ သိရသည်။
အဆိုပါ ဆုံးဖြတ်ချက်အား အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်တို့ကို အဆိုပြု တင်သွင်းခဲ့ကြပြီး ရုရှားနှင့်တရုတ်တို့က ကန့်ကွက်ခဲ့ကြသည်။
အီရန်၏ ပူးပေါင်းဆောင်ရွက်မှု မလုံလောက်သဖြင့် မကြေညာရသေးသည့် နေရာ ၃ ခုတွင် တွေ့ရှိခဲ့ရသော ယူရေနီယံ သန့်စင်ရေး လက်ရာခြေရာများကို စောင့်ကြည့်ရေးဘုတ်အဖွဲ့က စိုးရိမ်မကင်းဖြစ်မိကြောင်း ပြောကြားခဲ့ကြပြီး ၎င်းအဖွဲ့နှင့် အဆောတလျင် ပူးပေါင်းဆောင်ရွက်ရန် အီရန်အစိုးရကို တောင်းဆိုခဲ့သည်။
ထိုဆုံးဖြတ်ချက်များကို အီရန်အနေဖြင့် တင်းကျပ်စွာ ကိုင်တွယ်ပြီး လက်တုံ့ပြန်မည်ဟု သတိပေးခဲ့ကြောင်း၊ ထိုသို့ သတိပေး ချက်အရ အီရန်နျူကလီးယား သဘောတူညီချက် ပြန်လည် အသက်ဝင်စေမည့် ဆွေးနွေးမှုများ နောက်ထပ် ပျက်ပြားမည့် အလားအလာ များလာခဲ့ကြောင်း ရိုက်တာက ဆက်လက် ဖော်ပြထားသည်။
နိုင်ငံတကာ အဏုမြူ စွမ်းအင်အေဂျင်စီ (IAEA) ရုံးချုပ်တွင် တံခါးပိတ် မဲခွဲဆုံးဖြတ်ခြင်းမပြုမီ နာရီပိုင်းအလိုတွင် အီရန်က ၎င်း၏ လက်တုံ့ပြန်မည့် အနေအထားကို ပြောကြားခဲ့သည်။
အီရန်ရဲ့ နျူကလီးယား ထုတ်လုပ်မှု ပုံစံပြ(GETTY IMAGES)
“အခုအချိန်အထိ IAEA ဟာ အီရန်ရဲ့ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်မှုကို အသိအမှတ်မပြုတာ မရှိတဲ့အပြင် သူ လုပ်ရမယ့် တာဝန်တစ်ရပ်လို့လည်း ယူဆထားတာ တွေ့ရပါတယ်။ ဒီကနေ့ကစပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက အွန်လိုင်း ကနေ စောင့်ကြည့်တဲ့စနစ်သုံး (OLEM) ကင်မရာတွေကို ပိတ်ပစ်ဖို့ အမိန့်ထုတ်လိုက်ပါတယ်” ဟု အချိန်နှင့်တပြေးညီ စောင့် ကြည့် တိုင်းတာနေသည့် ကင်မရာများကို ရည်ညွှန်းလျက် အီရန်အစိုးရပိုင် ရုပ်သံလိုင်းက ထုတ်လွှင့် ပြောကြားခဲ့သည်။
သို့သော် IAEA သည် ထိုသို့ကင်မရာများ (သို့မဟုတ်) OLEM စနစ်ဖြင့် စုဆောင်းထားသော အချက်အလက်များကို တစ်နှစ် ကြာ သည့်တိုင် ထုတ်ယူ သုံးစွဲခွင့် မရှိပေ။ အီရန်တွင် ကျန်ရှိနေသေးသည့် နျူကလီးယားဆိုင်ရာ အချက်အလက်များကို နောက်ပိုင်းရက်များတွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဟု IAEA က မျှော်လင့်ထားသည်။
ယခု အပြောင်းအလဲကိစ္စ အီရန်ကြေညာခြင်းသည် IAEA အဆိုပြုသည့် ဆုံးဖြတ်ချက် မချမီ ကနဦး သတိပေးချက်တစ်ခု ဖြစ်နိုင်ကြောင်း ဥရောပသံတမန်တစ်ဦးက ကောက်ချက်ချခဲ့သည်။
အီရန်သည် နက်တန်ဒေသ (Natanz) ရှိ မြေအောက် နျူကလီးယား သန့်စင်ရေးစက်ရုံတွင် လပေါင်းများစွာ မလုပ်ဆောင်ခဲ့ သည့် စီမံချက်ကို ယခုအခါ အဆင့်မြင့် IR-6 စက်ဒလက်များဖြင့် ပြန်လည် စတင်လည်ပတ်နေပြီဟု IAEA က အဖွဲ့ဝင်နိုင်ငံ များထံသို့ နောက်ပိုင်းတွင် အကြောင်းကြားခဲ့သည်။
အီရန်သည် ယခုအခါ ပထမ မျိုးဆက်ဖြစ်သည့် IR-1 စက်ဒလက်များထက် ပို၍ထိရောက်သည့် ယူရေနီယံ သန့်စင်ရေးစက် များ တပ်ဆင်ရန် အစီအစဉ်ရှိကြောင်း IAEA သို့ ပြောကြားခဲ့သည်။ အဆိုပါ IR-1 သည် ၂၀၁၅ ခုနှစ် သဘောတူညီချက်အရ အီရန်၏ နက်တန်စက်ရုံတွင် သုံးစွဲခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 1094
CNI International News
ကိယက်ဗ်၊ ဇွန်လ ၉
ပိတ်ဆို့ခံထားရသော ယူကရိန်းဆိပ်ကမ်းများမှတစ်ဆင့် ကောက်ပဲသီးနှံ တန်ချိန်သန်းနှင့်ချီ၍ မတင်ပို့နိုင်သဖြင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာအကျပ်အတည်းကို စိုးရိမ်ထိတ်လန့်နေချိန်၌ မာရီယူပေါလ်ဆိပ်ကမ်းမြို့အတွင်းရှိ အဆောက်အဦအပျက်အစီးကြားမှ လူသေအလောင်းအများအပြားကို ရှင်းလင်းရေးလုပ်သားများက ဆွဲထုတ် နေခဲ့ကြောင်း ယူကရိန်းအာဏာပိုင်များက ဇွန်လ ၈ ရက်တွင် ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ယူကရိန်းအရှေ့ဘက်ခြမ်း ဒွန်ဘတ်စ်စက်မှုဒေသကို သိမ်းပိုက်ရန် မော်စကို အသည်းအသန် ကြိုးစားနေ၍ ယူကရိန်းနှင့်ရုရှားတပ်ဖွဲ့များ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။ အချက်အချာကျသည့် ဆီဗီးရို ဒွန်နက်ဆက်မြို့ကို ထိန်းချုပ်နိုင်ရေးအတွက် မော်စကိုက ဦးတည်၍ ထိုးစစ်ဆင်ခဲ့သည်။
တိုက်ပွဲများ အရှိန်ပြင်းလာသည်နှင့်အမျှ စစ်ပွဲအတွက် လူသားအရင်းအမြစ်တန်ဖိုး ပေးဆပ်ရခြင်းမှာလည်း ပိုမိုဆိုးဝါးလာခဲ့သည်။ မာရီယူပေါလ်မြို့ရှိ အဆောက်အဦးပျက်များကြားမှ အလောင်း ၅၀ မှ ၁၀၀ အထိ ရှင်းလင်းရေးလုပ်သားများက ရှာဖွေတွေ့ရှိခဲ့ကြောင်း ရုရှားလက်အောက်ကျရောက်သွားသည့် အဆိုပါမြို့မှ မြို့တော်ဝန်လက်ထောက်တစ်ဦးက ပြောကြားခဲ့သည်။
ရက်သတ္တပတ်ပေါင်းများစွာ ရုရှားဝိုင်းရံပိတ်ဆို့ခံခဲ့ရသည့် မာရီယူပေါလ်ဆိပ်ကမ်းမြို့၌ အနည်းဆုံး အရပ်သား ၂၁,၀၀၀ ထက်မနည်းသေဆုံးခဲ့ကြောင်း ယူကရိန်းအာဏာပိုင်များက ခန့်မှန်းထားသည်။
ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့ဆင်ခြေဖုံးတစ်ခုတွင် နေထိုင်နေသည့် အမျိုးသမီးတစ်ဦး သူမ၏နေအိမ် အပြင်ဘက်တွင် ထိုင်နေစဉ်(ဓါတ်ပုံ-အေပီ)
ယူကရိန်းမှ ဆန်နှင့်ဂျုံကဲ့သို့ ကောက်ပဲသီးနှံများ တင်ပို့နိုင်ခြင်း မရှိတော့၍ အရှေ့ဥရောပနိုင်ငံများတွင်ပါ စစ်ပွဲ၏အကျိုးဆက်များကို ထိခိုက်ခံစားနေရပြီဖြစ်သည်။ နိုင်ငံအများအပြား၌ စစ်ပွဲဂယက်ကြောင့် စားသောက်ကုန်ဈေးများ တရှိန်ထိုးတက်ခဲ့သည်။
“ဥရောပ၏ပေါင်မုန့်ခြင်းတောင်း” ဟု တင်စားခေါ်ဝေါ်ကြသည့် ယူကရိန်းသည် ကမ္ဘာပေါ်တွင် ဂျုံ၊ ပြောင်းနှင့် နေကြာဆီ အများဆုံးတင်ပို့ရောင်းချသည့်နိုင်ငံဖြစ်သော်လည်း စစ်မက်ဖြစ်ပွားနေခြင်းနှင့် ယူကရိန်းပင်လယ်နက် ကမ်းရိုးတန်းကို ရုရှားပိတ်ဆို့ထားခြင်းတို့ကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်နေခဲ့သည်။
ယခုအချိန်အထိ ယူကရိန်းတွင် မရောင်းချရသေးသော ကောက်ပဲသီးနှံတန်ချိန် ၂၂ သန်းခန့် ကျန်ရှိနေသေးသည်။ ထို့သို့ မတင်ပို့နိုင်ခြင်းကြောင့် အာဖရိကတိုက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားအတွက် စားနပ်ရိက္ခာ ရှားပါး ပြတ်လပ်မှု အန္တရာယ်နှင့် ရင်ဆိုင်လာရသည်။
ယူကရိန်းထံမှ ကောက်ပဲသီးနှံတင်ပို့မှု ပြန်လည်စတင်နိုင်မည့် ပင်လယ်ပြင်၌ ဘေးကင်းလုံခြုံသော စင်္ကြန် လမ်းကြောင်းတစ်ခု ဖန်တီးမည့် ကုလသမဂ္ဂ၏အစီအစဉ်ကို ရုရှားက ထောက်ခံကြောင်း ဇွန်လ ၈ ရက်တွင် ပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါအစီအစဉ်အရ အိုဒက်ဆာပင်လယ်နက်ဆိပ်ကမ်းအနီး ရေပြင်ထဲမှ မိုင်းများ ရှင်းလင်းဖယ်ရှားပေးရန်လည်း ယူကရိန်းအစိုးရကို ရုရှားက တောင်းဆိုခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1314
CNI International News
နယူးယောက်၊ ဇွန်လ ၉
မြောက်ကိုရီးယားအပေါ် ပြင်းထန်သောပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်မည့် အမေရိကန်ကျောထောက် နောက်ခံပြု ကုလသမဂ္ဂ (UN) ဆုံးဖြတ်ချက်ကို တရုတ်နှင့်ရုရှားတို့က ဗီတိုအာဏာဖြင့် ပထမဆုံး အကာအကွယ် ပေးခဲ့ကြကြောင်းနှင့် ဇွန်လ ၈ ရက်တွင် ကျင်းပသည့် အထွေထွေညီလာခံတွင် အဆိုပါနိုင်ငံတို့က ဗီတိုအာဏာဖြင့် မြောက်ကိုရီးယားကို အရေးယူမည့်ကိစ္စ ပယ်ချခဲ့ခြင်းဖြစ်ကြောင်း အေပီသတင်းအရ သိရသည်။
ထို့ပြင် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံအနက် တစ်နိုင်ငံက ဗီတိုအာဏာသုံးနိုင်ခြင်းကို အထွေထွေ ညီလာခံတွင် သုံးသပ်ရန် လိုအပ်သောစည်းမျဉ်းသစ်အတွက် အခြေအတင်ဆွေးနွေးခဲ့ကြသည်။
ရင်းနှီးသောမဟာမိတ်များဖြစ်ကြသည့် တရုတ်နှင့်ရုရှားတို့သည် ယခုကဲ့သို့ အမေရိကန်ကျောထောက်နောက်ခံဖြင့် ပိတ်ဆို့အရေးယူမှုများကို ပိုမိုဆန့်ကျင်ကြောင်း၊ ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုတိုးပွားနေခြင်းအတွက် အမေရိကန်ကို အပြစ်တင်ခဲ့ကြပြီး လတ်တလောလိုအပ်ချက်မှာ ဘိုင်ဒန်အစိုးရနှင့် မြောက်ကိုရီးယားတို့ ဆွေးနွေး ညှိနှိုင်းမှုဖြစ်ကြောင်း ယင်းနှစ်နိုင်ငံက အခိုင်အမာပြောကြားခဲ့ကြသည်။
ယခုအထွေထွေညီလာခံတွင် ဥက္ကဋ္ဌဖြစ်သူ မော်လဒိုက်နိုင်ငံသမ္မတ အဗ္ဗဒဲလာရှာဟစ် (Abdalla Shahid) က အဖွင့် အစည်းအဝေး၌ မိန့်ခွန်းပြောကြားရာတွင် “ကုလသမဂ္ဂကို ပိုမိထိရောက်ပြီး တာဝန်ခံမှုဖြစ်ပေါ်စေခြင်းအတွက်” ချီးကျူးပြောကြားခဲ့သည်။ အဆိုပါအဖွင့်အစည်းအဝေးသို့ နိုင်ငံပေါင်း ၇၀ နီးပါး တက်ရောက်ဆွေးနွေးခဲ့ကြသည်။
“မကြာသေးခင်က ကျနော်တွေ့ဆုံခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်အများအပြားဟာ တော်လှန်ပြောင်းလဲသူတွေအဖြစ် မြင်ခဲ့ရတဲ့အတွက် ဒါဟာ အကြောင်းပြချက်ကောင်းတစ်ခုပဲဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
နော်ဒစ်နိုင်ငံများ၏ကိုယ်စား ကုလသမဂ္ဂဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး မာတင်ဘီလီဟာမန်း (Martin Bille Hermann) က ယခုညီလာခံတွင် မိန့်ခွန်းပြောကြားရာတွင် “အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်သည့် ကုလသမဂ္ဂသည် သမိုင်းတစ်ခု ယနေ့ဖန်တီးလိုက်ပြီဖြစ်ကြောင်း” မှတ်ချက်ချခဲ့သည်။
နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေး အာမခံရန်အတွက် လုံခြုံရေးကောင်စီသို့ တာဝန်အပ်နှင်းထားပြီး ကောင်စီ အနေဖြင့် ၎င်း၏ဝတ္တရားများ ထမ်းဆောင်ခြင်းမှ တားဆီးဖို့ ဗီတိုအာဏာသုံးနေခြင်းမှာ အလွန်စိုးရိမ်စရာ ကောင်း ကြောင်း မာတင်ဘီလီဟာမန်းက ဆက်လက်ပြောကြားခဲ့သည်။
ဗီတိုအာဏာသုံးခြင်းနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးရန် လိုအပ်ကြောင်း ပြီးခဲ့သည့် ဧပြီလ ၂၆ ရက် အထွေထွေညီလာခံတွင် အတည်ပြုခဲ့ပြီးဖြစ်သည်။
မြောက်ကိုရီးယား၏ ပထမဆုံးနျူကလီးယားစမ်းသပ်ဖောက်ခွဲမှုအပြီး ၂၀၀၆ ခုနှစ်၌ လုံခြုံရေးကောင်စီက ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ရာ ၎င်း၏နျူကလီးယားနှင့်ပဲ့ထိန်းဒုံးကျည်အစီအစဉ်များ ထိန်းချုပ်ရန်နှင့် ရန်ပုံငွေများ ဖြတ်တောက်ရန် စသည့်အချက် ၁၀ ချက်ဖြင့် တင်းကျပ်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1982
CNI International News
နယူးဒေလီ၊ ဇွန်လ ၈
အိန္ဒိယအစိုးရက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် လာမည့်သီတင်းပတ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ဆန္ဒအရ မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားခြင်းမပြုရန် အိန္ဒိယအနေဖြင့် ဆုံးဖြတ်ခဲ့ ကြောင်း နယူးဒေလီအခြေစိုက် Economic Times (ET)မှ ဖော်ပြခဲ့သည်။
ယခု အစည်းအဝေးကို အာဆီယံ၏ သဘောတူညီချက်ဖြင့် ကျင်းပမည်ဖြစ်သဖြင့် နိုင်ငံပေါင်းစုံ(ဖိုရမ်)များတွင် မြန်မာ ပါဝင် နိုင်ရေးမှာ နစက၏ နိုင်ငံရေးဦးဆောင်မှု၌ လိုက်လျောညီထွေ ဖြစ်စေမည့် အရိပ်အယောင်များ မတွေ့ရသဖြင့် မြန်မာနိုင်ငံ၏ ရပ်တည်ချက်သည် နိုင်ငံရေး မဟုတ်သော အဆင့်၌သာ ရှိကြောင်း ဆုံးဖြတ်ခဲ့ကြသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများကို အိန္ဒိယနိုင်ငံက ယခုအစည်းအဝေးသို့ ဖိတ်ကြားထားသော်လည်း နစက နိုင်ငံခြားရေးဝန်ကြီးကိုမူ ဖိတ်ကြားခြင်း မရှိကြောင်း Economic Times (ET)သတင်းဌာနက ဖော်ပြသည်။
သို့ဖြစ်၍ ယခုအစည်းအဝေးသို့ မြန်မာသံတမန်တစ်ဦးဦး တက်ရောက်မည် (သို့မဟုတ်) အိန္ဒိယက မြန်မာအတွက် စီစဉ် ထားသည့် ထိုင်ခုံကို အလွတ်အတိုင်း ထားရှိကောင်း ထားရှိမည်ဟု Economic Times က ဆက်လက် ရေးသားထားသည်။
“အခြေအနေက တိုးတက်ပြောင်းလဲနေပြီးတော့ ဆွေးနွေးတုန်းပါ” ဟု အမည်မဖော်လိုသူ သံတမန် သတင်းရင်းမြစ်တစ်ခုက ET သို့ ပြောသည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ အာဆီယံ ခေါင်းဆောင်များ
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာ့တပ်မတော်က တိုင်းပြည်ကို အရေးပေါ် ကြေညာပြီးနောက် ပြည်တွင်းစစ် ဖြစ်ပွားနေ ခဲ့သည့် မြန်မာနိုင်ငံ၏ အနာဂတ်အား အာဆီယံနိုင်ငံများက ရေရေရာရာ မဆုံးဖြတ်ရသေးပေ။
အာဆီယံနိုင်ငံများအတွင်း မြန်မာ့အရေး ဖြစ်ပေါ်တိုးတက်မှုများကို စိုးရိမ်ပူပန်နေကြသော မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဘရူနိုင်းတို့က ပိုင်းခြား သတ်မှတ်မှုများ ရှိနေသည်။ သို့သော်လည်း ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်တို့ က စားပွဲဝိုင်းပေါ်သို့ မြန်မာပြန်လာရန် ဘက်ပေါင်းစုံမှ တောင်းဆိုထားသည့် တရားဝင် ကြေညာချက်များကိုသာ ထုတ်ပြန်ခဲ့ ကြသည်။
၂၀၂၁ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ချပြခဲ့သော “အချက် ၅ ချက် သဘောညီမှု”အရ တိုင်းပြည် တည်ငြိမ်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။
အိမ်နီးချင်း နိုင်ငံအနေဖြင့် မြန်မာသည် အိန္ဒိယအတွက် အရေးပါမှုရှိပြီး နယူးဒေလီအစိုးရက မြန်မာအပေါ် အနောက်အုပ်စု၏ ပိတ်ဆို့ အရေးယူမှုများအား ကျောထောက်နောက်ခံ ပြုပေးခြင်းမှ အလျဉ်းရှောင်ကြဉ်ခဲ့သည်။ အိန္ဒိယနှင့်မြန်မာ စစ်တပ်နှစ်ခု တို့သည် အိန္ဒိယ၏ အရှေ့မြောက်ဒေသတွင် ဆူပူသောင်းကျန်းမှုများကို တန်ပြန်ရန်အတွက် အတူတကွ လက်တွဲခဲ့ကြသည်။
နာဂ သူပုန်များ
မြန်မာသည် နာဂလန်းနှင့်မဏိပူရတို့ အပါအဝင် အိန္ဒိယ၏ အရှေ့မြောက်ဘက်ရှိ ပြည်နယ်များနှင့် နယ်နိမိတ်ချင်း ၁,၆၄၀ ကီလိုမီတာ ရှည်လျားစွာ ထိစပ်နေသည်။
တရုတ်သည် ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာတို့ကို ထိတွေ့နိုင်ရန် အိန္ဒိယ၏အနီးတွင် မြန်မာတည်ရှိမှုကို ချဲ့ထွင် ရန် ကြိုးပမ်းနေပြီး နေပြည်တော် အုပ်ချုပ်သူများကို အသုံးချဖို့ လုပ်ဆောင်နေသည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံတွင် အရေးပါသည့် အခြေခံ အဆောက်အဦ စီမံကိန်းများ ရှိနေပြီး ကုလားတန်မြစ်ကြောင်း ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်း (KMMTTP) အနေဖြင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်နှင့် ကိုးလ်ကတ္တား (ကာလ ကတ္တား) တို့ကို ဘင်္ဂလားပင်လယ်အော်မှ တဆင့် မြန်မာနိုင်ငံ စစ်တွေ ဆိပ်ကမ်းအထိ ချိတ်ဆက်ပေးထားသည်။
အဆိုပါ စီမံကိန်းသည် အိန္ဒိယဘက်ခြမ်း မီဇိုရမ်ပြည်နယ်တွင် ပြီးစီးလု နီးနေပြီ ဖြစ်သည်။ ထို့ပြင် ကီလိုမီတာ ၁,၃၆၀ ရှည်လျားသော အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေး လမ်းမကြီး စီမံကိန်းကိုလည်း တည်ဆောက် လျက်ရှိသည်။
မြန်မာပြည်တွင်း ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှု ပြန်လည် စတင်ရေးအတွက် အိန္ဒိယက အကြိမ်ကြိမ် စောဒက တက်ခဲ့သော် လည်း စစ်တပ် အာဏာယူပြီးနောက် လပိုင်းအကြာ ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မဲခွဲဆုံးဖြတ်ရာ၌ မြန်မာနိုင်ငံအပေါ် အပြစ်တင် ရှုတ်ချသည့် ဆုံးဖြတ်ချက် ချမှတ်ရန် မဲခွဲရာ၌ ရှောင်ကြဉ်ခဲ့သည်။
Source: Economictimes
- By CNI News
- Category: နိုင်ငံရေး
- Hits: 1909
CNI International News
မိုဂါဒစ်ရှူး၊ ဇွန်လ ၈
ဆိုမာလီယာနိုင်ငံတွင် အငတ်ဘေး ဆိုက်ရောက်တော့မည့်အရေးမှ ရှောင်ရှားတားဆီးနိုင်ရန်အတွက် နိုင်ငံတကာအနေဖြင့် ယူကရိန်း စစ်ပွဲအပေါ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြရန် တိုက်တွန်းလိုကြောင်း ကုလသမဂ္ဂ လက်အောက်ရှိ ကလေးသူငယ် များဆိုင်ရာ အေဂျင်စီက ဇွန်လ ၇ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ထို့နောက် ကပ်ဆိုးဘေးဆိုးတစ်ခုမှ ရှောင်ရှားနိုင်ရန်အတွက် ဒေါ်လာ သန်း ၂၅၀ ၏ သုံးပုံတစ်ပုံသာ ယခုအချိန်အထိ ရှိသေး ကြောင်း ကုလသမဂ္ဂက ပြောသည်။
နှစ်ပေါင်း ၄၀ အတွင်း အဆိုးဝါးဆုံး မိုးခေါင်ရေရှားမှုနှင့် ရင်ဆိုင်ရသော အာဖရိကဦးချိုဒေသရှိ ဆိုမာလီယာနိုင်ငံတွင် လေး ကြိမ် ဆက်တိုက် မိုးရွာသွန်းခြင်း ကင်းမဲ့ခဲ့ပြီး လာမည့် အောက်တိုဘာလနှင့် ဒီဇင်ဘာလတို့တွင် အခြေအနေ ပိုဆိုးနိုင် ကြောင်း ကုလသမဂ္ဂ လက်အောက်ရှိ ကလေးသူငယ်များဆိုင်ရာ အေဂျင်စီက သတိပေးခဲ့သည်။
ယူကရိန်းစစ်ပွဲ (AFP)
ယူကရိန်းစစ်ပွဲကြောင့် တကမ္ဘာလုံး စားသောက်ကုန်နှင့် လောင်စာဆီ ဈေးတက်ခြင်းနှင့်အတူ ဆိုးရွားစွာ မိုးခေါင်နေသည့် အာဖရိကတိုက်အတွက် သန်းနှင့်ချီသော လူအများ ထိခိုက်နစ်နာခဲ့ရသည်။
ဆင်းရဲနွမ်းပါးသည့် အာဖရိကမိသားစုများအတွက် စားနပ်ရိက္ခာနှင့်ချည်မျှင် ပိုမို လက်လှမ်း ဝေးစေခဲ့သလို ကောက်ပဲသီးနှံ များ စိုက်ပျိုးမရဖြစ်ပြီး မွေးမြူရေး တိရစ္ဆာန်များလည်း သေကြေပျက်စီးခဲ့ရသည်။
“ယူကရိန်းစစ်ကို ကမ္ဘာက အမြင်ကျယ်ကျယ်နဲ့ မကြည့်ဘဲ အလောတကြီး ဆက်လုပ်နေမယ်ဆိုရင် အာဖရိကဦးချိုဒေသမှာ ကလေး အသေအပျောက်များတော့မှာ” ဟု ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏ အာဖရိကဌာနေ လက် ထောက်ညွှန်ကြားရေးမှူး ရာနီယာဒါဂက်ရှ် (Rania Dagash) က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
UNICEF ကိုယ်စားလှယ် Rania Dagash (GETTY IMAGES)
ဆိုမာလီယာနိုင်ငံတွင် အသက်အန္တရာယ် ခြိမ်းခြောက်နေသော အာဟာရချို့တဲ့မှုအတွက် အရေးပေါ် ကုစားရန် လိုအပ်နေ သည့် ကလေးသူငယ် ၃၈၆,၀၀၀ ဦး ရှိနေပြီး ၂၀၁၁ ခုနှစ်က အလားတူ ကလေးသူငယ် အရေအတွက် ၃၄၀,၀၀၀ ထက် ပိုများနေပြီ ဖြစ်သည်။
အငတ်ဘေးကြောင့် သေဆုံးသူ ရာနှင့်ချီ၍ ရှိနေပြီဟု ရိုက်တာသတင်းက ဆက်လက် ရေးသားသည်။
အလှူရှင်များထံမှ ရရှိသော ရန်ပုံငွေသည် ရက်ရောလှပါသော်လည်း လိုအပ်ချက်ရှိနေသည့် ဒေါ်လာသန်း ၂၅၀ အောက် လျော့နည်းနေသည်ဟု ရာနီယာဒါဂက်ရှ်က ပြောကြားခဲ့သည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 1115
CNI International News
ဝါရှင်တန်၊ ဇွန်လ ၈
အမေရိကန် ငွေကြေးဖောင်းပွမှု များပြားနေဦးမည်ဟု မိမိ မှန်းဆရကြောင်း၊ ဘိုင်ဒန်အစိုးရသည် ၎င်း၏ ဘတ်ဂျက် အဆိုပြု ချက်များအနက် ယခုနှစ်အတွက် ငွေကြေးဖောင်းပွမှု ခန့်မှန်းချက် ၄ ဒသမ ၇ ရာခိုင်နှုန်းကို တိုးမြှင့်နိုင်ဖွယ်ရှိကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျာနက်ယီလန်း (Janet Yellen) က ဇွန်လ ၇ ရက်တွင် အထက်လွှတ်တော် (ဆီးနိတ်) အမတ် များကို ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းအရ သိရသည်။
ဆီးနိတ် ဘဏ္ဍာရေး ကော်မတီ ကြားနာမှုအတွင်း ဂျာနက်ယီလန်းက “အမေရိကန်သည် လက်ခံနိုင်ဖွယ် မရှိသော ငွေကြေး ဖောင်းပွမှု အဆင့်ကို ကိုင်တွယ် ဖြေရှင်းနေရသော်လည်း မကြာမီ ကုန်ဈေးနှုန်းတက်ခြင်းမှ သက်သာလာမည် မိမိမျှော်လင့် ကြောင်း” ပြောကြားခဲ့သည်။
အမေရိကန် စားသုံးသူ ဈေးနှုန်း ညွှန်းကိန်းတွင် ငွေကြေးဖောင်းပွမှုနှုန်းသည် မကြာသေးမီ လများအတွင်း ၈ ရာခိုင်နှုန်း အထက်သို့ တက်ခဲ့သဖြင့် နှစ်ပေါင်း ၄၀ အတွင်း အမြင့်ဆုံးနှုန်း ဖြစ်သွားခဲ့ကြောင်း၊ သို့သော် လာမည့် ၂၀၂၃ ဘဏ္ဍာရေးနှစ် အတွက် ဘိုင်ဒန်အစိုးရ ခန့်မှန်းသည်ထက် အလားအလာ ပိုမိုကောင်းမွန်ကြောင်း ရိုက်တာက ဆက်လက် ရေးသားသည်။
ဘိုင်ဒန်နဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျာနက်ယီလန်း (GETTY IMAGES)
အမေရိကန် ပြည်တွင်း၌ ဈေးကစားနေခဲ့သည့် စားသောက်ကုန်နှင့် စွမ်းအင်စရိတ်များ မပါဝင်ဘဲ တွက်ချက်မှုများ၌ ပြည်သူ တစ်ဦးချင်းစီ၏ ကိုယ်ရေးကိုယ်တာ အသုံးစရိတ် ညွှန်းကိန်းမှာ ပြီးခဲ့သည့် ဧပြီလတွင် ၄ ဒသမ ၉ ရာခိုင်နှုန်းသို့ ထိုးကျသွားခဲ့ သည်။
“ငွေကြေး ဖောင်းပွမှုနှုန်းက ဆက်များနေဦးမယ်ဆိုပေမယ့် အခုတော့ ကျလာလိမ်မယ့်လို့ ကျမ မျှော်လင့်ပါတယ်” ဟု ဂျာနက်ယီလန်းက ပြောကြားခဲ့သည်။
ယမန်နှစ်က ပြဋ္ဌာန်းခဲ့သော ဘိုင်ဒန်အစိုးရ ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံရှိသည့် အမေရိကန် ကယ်ဆယ်ရေး အစီအစဉ် (ARP) ကပ်ရောဂါ အသုံးစရိတ်ဥပဒေသည် လက်ရှိဖြစ်ပေါ်နေသော ငွေကြေးဖောင်းပွမှုကို လောင်စာမီး ထိုးပေးခဲ့ကြောင်း ရီပတ်ဘလစ်ကန် အမတ်များ၏ အခိုင်အမာ စွပ်စွဲချက်များကို ဂျာနက်ယီလန်းက ထပ်တလဲလဲ ပယ်ချခဲ့သည်။
အမေရိကန် ဒေါ်လာနဲ့ အမျိုးသမီးတစ်ဦး
“တကမ္ဘာလုံးက ဖွံ့ဖြိုးပြီး နိုင်ငံအားလုံးနီးပါးမှာ ငွေကြေးဖောင်းပွမှု အင်မတန်များနေတာ ကျမတို့ တွေ့ရမှာပါ။ ပြီးတော့ နိုင်ငံအလိုက် ကွဲပြားခြားနားတဲ့ ဘဏ္ဍာရေးမူဝါဒ ကိုယ်စီရှိကြပါတယ်။ ဒါကြောင့် ကျမတို့ အခုကြုံတွေ့နေရတဲ့ ငွေကြေး ဖောင်းပွမှု အများစုဟာ ARP ရဲ့သက်ရောက်မှုက လာပြီးထင်ဟပ်တာမျိုး မဖြစ်နိုင်ဘူး” ဟု ၎င်းက ချေပခဲ့သည်။
ဘိုင်ဒန်အစိုးရ ယန္တရားသည် ရပ်နေသည့် ရာသီဥတုနှင့် လူမှုရေး အသုံးစရိတ်များ၏ ပမာဏကို နောက်ပြန်ဆုတ်ရန် တွန်း အား ပေးနေဆဲ ဖြစ်သည်။ ထိုပမာဏထဲတွင် သန့်ရှင်းသော စွမ်းအင်နည်းပညာနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အခွန်ဘဏ္ဍာ များလည်း ပါဝင်သည်။
ဘဏ္ဍာရေးဝန်ကြီး စောဒကတက်ခဲ့သော မူဝါဒများအရ ဈေးနှုန်းတက်၍ စိတ်ပျက်နေကြသည့် အမေရိကန် စားသုံးသူ ပြည်သူ များအတွက် ကုန်ကျစရိတ် သက်သာစေနိုင်ကြောင်း ရိုက်တာသတင်းအရ သိရသည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 884
CNI International News
ဝါရှင်တန်၊ ဇွန်လ ၈
သေးငယ်သော်လည်း မဟာဗျူဟာအရ အရေးပါသော ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းနိုင်ငံ ၃ နိုင်ငံနှင့် ဆွေးနွေးရန်အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ အထူးကိုယ်စားလှယ်သည် လာမည့် သီတင်းပတ်တွင် မာရှယ်ကျွန်းများသို့ သွားရောက်မည် ဖြစ်ကြောင်း၊ ပစိဖိတ်ဒေသတွင်း တရုတ်ဩဇာ ချဲ့ထွင်မှုအပေါ် အမေရိကန်စိုးရိမ်၍ ၎င်းခရီးစဉ်ကို တာဝန်ပေး စေလွှတ်ရခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။
ပြီးခဲ့သည့် မတ်လ၌ ဘိုင်ဒန် ခန့်အပ်ခဲ့သော ဝါရင့်သံတမန် ဂျိုးဇက်ယွန်း (Joseph Yun) သည် ၎င်း၏ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လျက် ဇွန်လ ၁၄ ရက်မှ ၁၆ ရက်အထိ မာရှယ်ကျွန်းစုနိုင်ငံသို့ ရောက်ရှိနေမည်ဖြစ်ကြောင်း ရိုက်တာ သတင်းက ဖော်ပြထားသည်။
ဂျိုးဇက်ယွန်းသည် ထိုနိုင်ငံတွင် အမှီအခိုကင်းသော အစုအဖွဲ့ သဘောတူစာချုပ် (COFA-Compact of Free Association) နှင့် ပတ်သက်၍ ဆွေးနွေးကြမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ဘိုင်ဒန်၏ ဝါရင့်သံတမန် ဂျိုးဇက်ယွန်း (GETTY IMAGES)
အမေရိကန်၏ စီးပွားရေး အကူအညီဖြင့် အုပ်ချုပ်နေသည့် မာရှယ်ကျွန်းစုနိုင်ငံ (Marshall Islands-RMI)သည် လာမည့် နှစ်တွင် အဆိုပါ သဘောတူစာချုပ် သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သည်။
အမေရိကန်သည် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် အသီးသီး သက်တမ်း ကုန်ဆုံးတော့မည့် မိုက်ခရိုနီးရှား ဖက်ဒရယ်နိုင်ငံ များ (FSM) နှင့်စာချုပ်၊ ပလာအို (Palau) နိုင်ငံနှင့်စာချုပ်တို့ အတွက်လည်း အလားတူ သဘောတူညီချက်များ ထားရှိသဖြင့် ဂျိုးဇက်ယွန်းက ထိုစာချုပ်များအတွက် ညှိနှိုင်းဖြေရှင်းပေးရန် တာဝန်ရှိသည်။
“RMI ညှိနှိုင်းရေးအဖွဲ့နဲ့ လူချင်း တွေ့ဆုံရမယ့် အခွင့်အလမ်းကို ကျနော်တို့ ကြိုဆိုပါတယ်။ အကျိုးရှိတဲ့ ဆွေးနွေးပွဲ ဖြစ်ထွန်း လာဖို့ မျှော်လင့်နေပါတယ်” ဟု ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆက်လက် ပြောကြားခဲ့သည်။
ပစိဖိတ်ကျွန်းစု နိုင်ငံများသည် တရုတ်နှင့် အမေရိကန်တို့၏ မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုတွင် အရေးပါသော မျက်နှာစာ တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပြီး အင်အားကြီး နှစ်နိုင်ငံတို့က အဆိုပါ ဒေသတွင်း နိုင်ငံများအကြာ သံတမန်ရေးရာ ကြိုးပမ်းမှု များ တိုးမြှင့် လုပ်ဆောင်နေကြသည်။
မာရှယ်ကျွန်းစုနိုင်ငံ (GETTY IMAGES)
ဘိုင်ဒန်နှင့် နယူးဇီလန် ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန် (Jacinda Ardern) တို့သည် ယခင် သီတင်းပတ်၌ အွန်လိုင်းပေါ် တွေ့ဆုံ ကြပြီး ပစိဖိတ်ဒေသတွင် တရုတ်၏ ဩဇာချဲ့ထွင်ရေး ကြိုးပမ်းမှုများနှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
သို့ဖြစ်၍ ပစိဖိတ်ကျွန်းများမှ နိုင်ငံ့ခေါင်းဆောင်များနှင့် လူချင်း ထိတွေ့ ဆက်ဆံရေး လိုအပ်လာကြောင်း အမေရိကန်အစိုးရ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
တရုတ်သည် ပစိဖိတ်ဒေသရှိ ဆော်လမွန်ကျွန်းစုနိုင်ငံနှင့် မကြာသေးမီက လုံခြုံရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြခြင်း အတွက် စိုးရိမ်မိကြောင်း ဘိုင်ဒန်နှင့် ဆင်ဒါအာဒန်တို့က အသီးသီး ပြသခဲ့ကြသည်။
Source: Reuters
