CNI International News

ဝါရှင်တန်၊ ဩဂုတ် ၁၃

အမေရိကန်အစိုးရ၏ အဓိကစုံစမ်းစစ်ဆေးရေးအဖွဲ့(FBI)သည် ဖလော်ရီဒါ ပြည်နယ်ရှိ သမ္မဟောင်း ဒေါ်နယ်ထရမ့် ၏ မာရာလာဂို (Mar-a-Lago) ရိပ်သာ၊ နေအိမ်မှ ထိပ်တန်းလျှို့ဝှက်ချက်ဟု ခေါင်းစဉ်တပ်ထားသော စာရွက် စာတမ်းများကို ပြန်လည်သိမ်းဆည်းသွားခဲ့သည်။

ယခုသီတင်းပတ်အတွင်း ရှားရှားပါးပါး စီးနင်းရှာဖွေမှုကို ခွင့်ပြုပေးခဲ့သည့် ပြည်ထောင်စုတရားသူကြီးထံမှ တံဆိပ် ခတ်နှိပ်ထားသော ရှာဖွေဝရမ်းကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း တရားရုံး၏ထုတ်ပြန်ချက်အရ သိရသည်။

ယခုသီတင်းပတ် အစဖြစ်သည့် ဩဂုတ် ၈ ရက်တွင် စီးနင်းရှာဖွေမှုတစ်ခုကို ထရမ့် ပိုင်ဆိုင်သော နေအိမ်အတွင်း FBI အေးဂျင့်များက လုပ်ဆောင်ခဲ့ရာ အမျိုးအစား အသီးသီး ခွဲခြားထားသည့် မှတ်တမ်း ၁၁ စုံကို တရားရုံး တံဆိပ် တုံး ခတ်နှိပ် ပစ္စည်းလက်ခံ ဖြတ်ပိုင်းဖြင့် ဩဂုတ် ၁၂ ရက်တွင် ထုတ်ဖော်ပြသခဲ့သည်။

ထရမ့်၏နေအိမ်ကို FBI ရှာဖွေမှုသည် အထိခိုက်မခံသည့် ကာကွယ်ရေးဆိုင်ရာစာရွက်စာတမ်းများ တရားမဝင် သိမ်းဆည်းခြင်းနှင့်ဆက်စပ်ပြီး အမေရိကန်ထောက်လှမ်းရေးအက်ဥပဒေချိုးဖောက်မှု သံသယများအပေါ် တစိတ် တပိုင်း အခြေခံသည်။

သိမ်းဆည်းရမိသော မှတ်တမ်းများတွင် သီးခြားခွဲခြားထားသည့်အကြောင်းအရာအချို့နှင့် ထိပ်တန်းလျှို့ဝှက်အချို့ ပါဝင်သည်။

မာရာလာဂိုရှိ သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ နေအိမ်သို့ ရဲများက လာရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့စဉ်(ဓါတ်ပုံ- AP)

အဆိုပါစာရွက်စာတမ်းများတွင် မည်သည့်အချက်အလက်များ ပါဝင်ကြောင်း အသေးစိတ်ကိုတော့ တရားရုံးက သတင်းထုတ်ပြန်ခြင်းမရှိပေ။

ထိပ်တန်းလျှို့ဝှက်ချက်ဟု အဆင့်သတ်မှတ်ခြင်းသည် အမေရိကန်အစိုးရယန္တရားအတွင်း စာရွက်စာတမ်းများကို အမြင့်ဆုံး အမျိုးအစားခွဲခြားထားမှုဖြစ်သည်။ ယင်းသို့ စာရွက်စာတမ်းများကို လူအများသိအောင် လုပ်ဆောင်ခြင်း (သို့မဟုတ်) လွဲမှားစွာ အသုံးချခြင်းတို့ကို အမေရိကန်နိုင်ငံတွင် ပြဋ္ဌာန်းထားသော ဥပဒေအရ တားမြစ်ထားသည်။

၎င်း၏ဖလော်ရီဒါပြည်နယ်ရှိ နေအိမ်မှ FBI အေးဂျင့်များ သိမ်းဆည်းသွားသည့် စာရွက်စာတမ်းများကို အမျိုးအစား ခွဲခြားထားကြောင်း၊ ယင်းစာရွက်စာတမ်းများကို အလိုရှိ၍ မေးမြန်းလျှင်လည်း တရားရေးဌာနသို့ ၎င်းလွှဲအပ်မည် ဖြစ်ကြောင်း ထရမ့်က ဩဂုတ် ၁၂ ရက်တွင် စောဒကတက်ခဲ့သည်။

“နံပါတ်တစ်အချက်က အဲဒီစာရွက်တွေအားလုံးကို သီးသန့်ခွဲခြားထားပြီးသားပါ။ နံပါတ်နှစ်က သူတို့အနေနဲ့ ဘာမှ လာသိမ်းစရာမလိုပါဘူး။ နိုင်ငံရေးကစားကွက်မဟုတ်ဘဲ မာရာလာဂိုထဲဝင်ပြီး သူတို့လိုချင်တဲ့အချိန်တိုင်း ရနိုင်သားပဲ” ဟု ထရမ့်က ၎င်း၏ကိုယ်ပိုင်လူမှုကွန်ရက်ပလက်ဖောင်းဖြစ်သော Truth တွင် ရေးသားခဲ့သည်။

အမေရိကန်နိုင်ငံတွင် လက်ရှိသမ္မတထမ်းဆောင်နေသူသည် သတင်းအချက်အလက်များကို ခွဲခြားသတ်မှတ်ရန် အခွင့်အာဏာရှိသော်လည်း ၎င်းတို့ရာထူးမှ နုတ်ထွက်သည်နှင့်တပြိုင်နက် အဆိုပါအခွင့်အာဏာ ပျက်ပြယ် သွားသဖြင့် ယခုအငြင်းပွားနေသည့် စာရွက်စာတမ်းများကို မည်သို့ ခွဲခြားသတ်မှတ်ထားခြင်းရှိ/မရှိ ရှင်းရှင်း လင်းလင်း မသိရကြောင်း အေပီသတင်းဌာနက ဆက်လက်ဖော်ပြထားသည်။

Source: Aljazeera