- By CNI News
- Category: နိုင်ငံရေး
- Hits: 1924
CNI International News
စင်ကာပူ၊ ဇွန်လ ၁၂
မြန်မာ့တပ်မတော်မှ အုပ်ချုပ်သူများနှင့် ဆက်ဆံရာတွင် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ဖယ်ချန်ထားသည့် အပြော အဆိုမျိုးတွင် နစ်မျောမနေသင့်ကြောင်း ထိုင်းနိုင်ငံ၏ အထူးသံတမန်သစ်က သတိပေးလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းက ရေးသားဖော်ပြသည်။
“ရှုတ်ချမှုများ၊ ပိတ်ဆို့အရေးယူမှုများ၊ အဟန့်အတားများ ချမှတ်ခြင်းသည် နောက်ပိုင်းတွင် ထူးမခြားနားသည့် မူလ အနေ အထားသို့ တဖန် ပြန်ရောက်လာတယ်” ဟု စင်ကာပူနိုင်ငံတွင် ဇွန်လ ၁၁ ရက်က ကျင်းပသည့် လုံခြုံရေးနှင့် နိုင်ငံတကာရေးရာ ကျွမ်းကျင်သူများ၏ နှစ်ပတ်လည် အစည်းအဝေးတွင် ထိုင်းအထူးသံတမန်သစ် ပွန်ပီမောကန်ချာနာလက်က ပြော ကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီစံနှုန်းများ အချိန်မရွေး ပြန်ရနိုင်ကြောင်း ယုံကြည်မှု အားနည်းသည့် အခြားပုဂ္ဂိုလ်များ၏ သဘော ထား မှတ်ချက်များအပေါ် ၎င်းက အထက်ပါအတိုင်း တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြံပေး ဒဲရက်ခ်ချောလက်က “ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် ကျင်းပမည့် မြန်မာ စစ်တပ် စီစဉ်ထားသည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသော အခွင့်အလမ်း ရှိမည်မဟုတ်ကြောင်း” ပြောကြား ထားမှု ရှိခဲ့သည်။
“လွတ်လပ်ပြီး တရားမျှတဖို့ အခွင့်အလမ်းမရှိဘူးလို့ ကျနော်ထင်ပါတယ်။ ပြီးတော့ ဒါဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုက် အဝန်းကို ကစားကို ကြိုးပမ်းမှုတစ်ခု ဖြစ်နိုင်ပါတယ်” ဟု ဒဲရက်ခ်ချောလက်က သဘောထား မှတ်ချက်ပေးခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြံပေး ဒဲရက်ခ်ချောလက်
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလင်းဟေဇာသည် ယမန်နှစ် အကုန်ပိုင်း၌ တာဝန်ထမ်းဆောင်ချိန်မှစ၍ မြန်မာပြည်တွင်းသို့ လာရောက်ခွင့် မရခဲ့၍ နောက်ထပ် ရွေးကောက်ပွဲကြောင့် မငြိမ်မသက် ထပ်မံ ဖြစ်မည့်အရေးကို စိုးရိမ် မှုများ ရှိနေသည်။
မြန်မာ့တပ်မတော်၏ ရွေးကောက်ပွဲသည် အရပ်သား အုပ်ချုပ်ရေးသို့ မှန်မှန်ကန်ကန် ပြန်လည် ပို့ဆောင်ပေးမည် ဖြစ်ကြောင်း နှင့် အများပြည်သူများ၏ သဘောဆန္ဒကို လေးစားကြောင်း မြန်မာနိုင်ငံသားများအနေဖြင့် ယုံကြည်ခြင်း မရှိခဲ့လျှင် ထိုအချက် သည် ပိုမိုကြီးမားသော အကြမ်းဖက်မှုအတွက် အစပျိုးရာ ရောက်လာနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လာမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ အထက်ပါ စိုးရိမ်မှုများကို ထိုင်းသံတမန် မစ္စပွန်ပီမောက အသိအမှတ် ပြုခဲ့သော်လည်း နိုင်ငံတကာ အသိုက်အဝန်းသည် ရွေးကောက်ပွဲ ကျင်းပမည်ဟု ဆိုသည့် မြန်မာ့တပ်မတော်၏ ကတိကဝတ်များကို အလေး ထား နားထောင်ရမည်ဖြစ်ကြောင်း မှတ်ချက်ချခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ
ပြီးခဲ့သည့် ဧပြီလတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဒဝီနိုင်းက ၎င်း၏ အကြံပေးတစ်ဦးဖြစ်သည့် မစ္စပွန်ပီမောကို အထူး သံတမန်ရာထူး ခန့်အပ် တာဝန်ပေးခဲ့သည်။ သူမသည် မြန်မာနှင့် ညှိနှိုင်းသည့် ကြိုးပမ်းမှုများတွင် ညှိနှိုင်းဆောင်ရွက်ရန် ရည်ရွယ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
အမေရိကန်နိုင်ငံတွင် အတွေ့အကြုံများစွာ ရှိခဲ့သူ မစ္စပွန်ပီမောသည် ထိုင်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး စည်းလုံး လှုံ့ဆော်ရေးများလည်း လုပ်ကိုင်ခဲ့ဖူးသည်။
Source: Bangkok Post
- By CNI
- Category: နိုင်ငံရေး
- Hits: 1351
CNI International News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၁
မက္ကစီကိုနိုင်ငံ၊ ဆီဒတ်ဟွာရက်ဇ်ရှိ စစ်အခြေစိုက် စခန်းတစ်ခုတွင် ဇွန်လ ၁၀ ရက်၌ လက်နက်များ ဖျက်ဆီးပွဲ ပြုလုပ်ခဲ့ရာ မက္ကစီကို တပ်ဖွဲ့ဝင်များက စစ်လက်နက်များကို တစစီချိုးဖဲ့ ဖျက်ဆီးခဲ့ကြသည်။
အဆိုပါ လက်နက်များသည် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် မက္ကစီကို စစ်ဘက်တို့ ညှိနှိုင်းဆောင်ရွက်ပြီး ဒုစရိုက်ဂိုဏ်းများ ထံမှ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
Source: Voice of America
- By CNI
- Category: နိုင်ငံရေး
- Hits: 1178
CNI International News
စင်ကာပူ၊ ဇွန်လ ၁၁
တရုတ်နှင့်ရုရှားတို့၏ စစ်ရေးလှုပ်ရှားမှုများသည် အရှေ့အာရှဒေသအတွက် လုံခြုံစိုးရိမ်မှုကို တိုးလာစေကြောင်း၊ အဆိုပါ အိမ်နီးချင်း နှစ်နိုင်ငံ၏ နိုင်ငံတကာ စံနှုန်းနှင့်စည်းမျဉ်းများ လျစ်လျူနေခြင်းအပေါ် ဂျပန်က ရှေ့တန်းမှ ရပ်တည်သွားမည် ဖြစ်ကြောင်း ဇွန်လ ၁၁ ရက် (ယနေ့)၌ စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည့် ဂျပန်ကာကွယ်ရေးဝန်ကြီး နိုယူယိုကီရှီက ပြင်း ထန်သော သဘောထားမှတ်ချက်များ ပေးခဲ့သည်ဟု ရိုက်တာသတင်းအရ သိရသည်။
“နျူကလီးယား လက်နက် ပိုင်ဆိုင်ပြီး (ဒါမှမဟုတ်) တီထွင်ပြီး နိုင်ငံတကာ စည်းမျဉ်းတွေ ပြောင်ပြောင်းတင်းတင်း လျစ်လျူရှု သူတွေဟာ ဂျပန်ရဲ့ ပတ်ပတ်လည်မှာ ဝိုင်းနေကြပြီ” ဟု စင်ကာပူနိုင်ငံတွင် ကျင်းပသည့် အာရှထိပ်တန်း လုံခြုံရေးဆိုင်ရာ ရှန်ဂရီ ထိပ်သီး အစည်းအဝေးတွင် နိုယူယိုကီရှီက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် မေလတွင် တရုတ်နှင့်ရုရှားတို့သည် ဂျပန်၊ ထိုင်ဝမ် အနီးရှိ ပင်လယ်ရေပြင်တွင် ပူးတွဲလေကြောင်း ကင်းလှည့်ခဲ့ ကြ ကြောင်း၊ ယင်းအပြုအမူသည် ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ပထမဆုံးအကြိမ် ဖြစ်သည်။
“ဒီလို စစ်အင်အားကြီး နှစ်နိုင်ငံရဲ့ ပူးပေါင်းစစ်ဆင်ရေးတွေဟာ တခြားနိုင်ငံတွေအတွက် စိုးရိမ်စရာ တိုးလာစေတာ သေချာပါ တယ်” ဟု ကီရှီက ဆက်လက် ပြောကြားခဲ့သည်။
မိမိနိုင်ငံသည် ကာကွယ်ရေး အသုံးစရိတ်ဖို့ တောင်းဆိုပြီး ခေတ်မီ တိုက်ခိုက်ရေး လက်နက်များ ရှာဖွေဖန်တီးနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူယီယိုကီရှီဒါက ဇွန်လ ၁၀ ရက် ညပိုင်း ရှန်ဂရီ ထိပ်သီး အစည်းအဝေး မိန့်ခွန်းထဲတွင် ထည့်သွင်း ပြော ကြားခဲ့သည်။
တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှား သမ္မတ ပူတင်
“ယူကရိန်းလိုမျိုး မနက်ဖြန်မှာ အရှေ့အာရှ ဖြစ်လာနိုင်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ထိုင်ဝမ် ရေလက်ကြား လုံခြုံရေးနှင့် တည်ငြိမ်ရေးသည် ဂျပန်၏ လုံခြုံရေးနှင့် ပိုမိုကျယ်ပြန့်သော ကမ္ဘာအတွက် အရေးကြီး ကြောင်း ကီရှီက ဆက်လက် ပြောကြားခဲ့ပြီး တရုတ်ကို စိုးရိမ်စရာနိုင်ငံအဖြစ် ခေါ်ဝေါ်သမုတ်ခဲ့သည်။
မော်စကို(ရုရှား)၏ အထူးစစ်ဆင်ရေးဟု တံဆိပ်ကပ်ထားသည့် ယူကရိန်းသို့ ရုရှား ကျူးကျော် တိုက်ခိုက်ခြင်းသည် နိုင်ငံတကာ အငြင်းပွားမှုနှင့် ထိုင်ဝမ်ကို ထိန်းချုပ်ရန် တရုတ်အတွက် တွန်းအားဖြစ်လာ၍ စစ်အင်အား တိုးချဲ့နေမှုအပေါ် တိုကျို(ဂျပန်)အစိုးရကို စိုးရိမ်လာစေခဲ့သည်။
ထိုင်ဝမ်ကျွန်းသည် ဂျပန်နိုင်ငံနှင့် နီးကပ်စွာတည်ရှိပြီး စီးပွားရေး အချက်အချာကျသည့် ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းအတွက်လည်း အရေးကြီးသည်။
၎င်း၏ မိန့်ခွန်းထဲတွင် ကီရှီက ယခုနှစ်အတွင်း ဒုံးကျည် ၁၈ ကြိမ်ထက်မနည်း ပစ်လွှတ် စမ်းသပ်ခဲ့သည့် မြောက်ကိုရီးယားကို ဝေဖန်ခဲ့ပြီး ဂျပန်၊ ဒေသတွင်းနှင့် နိုင်ငံတကာ အသိုက်အဝန်းကို ခြိမ်းခြောက်နေသည့် အစိုးရတစ်ရပ်ကို ခွင့်မပြုနိုင်ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာတလွှားမှ စစ်ရေးအရာရှိများ၊ သံတမန်များနှင့် လက်နက်ထုတ်လုပ် ရောင်းချသူများ တက်ရောက်ကြသည့် ၃ ရက်ကြာ ရှန်ဂရီ ထိပ်သီး အစည်းအဝေးကို စင်ကာပူနိုင်ငံတွင် ဇွန်လ ၁၀ ရက်က စတင် ကျင်းပနေသည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 1575
CNI International News
စင်ကာပူ၊ ဇွန်လ ၁၁
တရုတ်သည် စစ်စတင်ရန် တွန့်ဆုတ်နေမည်မဟုတ်ကြောင်း၊ ထိုင်ဝမ်လွတ်လပ်ရေးကြိုးပမ်းမှုတိုင်းကို မှုန့်မှုန့်ညက်ကြေအောင် ချေမှုန်းသွားမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးနှင့် ထိုင်ဝမ်၏မဟာမိတ် အမေရိကန်ကာကွယ်ရေးဝန်ကြီးတို့ စင်ကာပူနိုင်ငံ၌ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံစဉ် တရုတ် ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
“တစ်စုံတစ်ယောက်က ထိုင်ဝမ်ကို တရုတ်နိုင်ငံထဲကနေ ခွဲထွက်ဖို့ သတ္တိရှိရှိလုပ်ဆောင်ရင်တော့ တရုတ်စစ်တပ်က ဘယ်လောက်ပဲကုန်ကုန် စစ်ပွဲစတင်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး” ဟု တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်းဂျီး (Wei Fenghe) က ဇွန်လ ၁၀ ရက်၌ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) ကို ပြောကြားခဲ့သည်။
“PlA (တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) ဟာ တိုက်ခိုက်ဖို့က လွဲလို့ တခြားရွေးချယ်စရာ ရှိတော့မှာ မဟုတ်ဘူး။ ထိုင်ဝမ်လွတ်လပ်ရေးကြိုးပမ်းမှုမှန်သမျှကို ချေမှုန်းဖို့၊ နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေစိုးမိုးရေး ကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်ပါတယ်” ဟု ဝေဖန်းဂျီးက ဆက်လက်ပြောကြားခဲ့သည်။
ရန်စကားပြောနေသည့်ကြားမှ နောက်ပိုင်းတွင် ဝေဖန်းဂျီးသည် အော်စတင်နှင့်ဆွေးနွေးမှုများ အဆင်ပြေချောမွေ့ သွားခဲ့ကြောင်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။
စင်ကာပူနိုင်ငံတွင် ကျင်းပသည့် ရှန်ဂရီလာဆွေးနွေးမှု လုံခြုံရေးဆိုင်ရာထိပ်သီးအစည်းအဝေးတွင် သီးခြား တွေ့ဆုံမှုအဖြစ် တရုတ်နှင့်အမေရိကန် ကာကွယ်ရေးဝန်ကြီးနှစ်ဦးတို့ တစ်နာရီနီးပါးကြာ ဆွေးနွေးခဲ့ကြရာ မူလစီစဉ်ထားသည့်အချိန်ထက် နှစ်ဆ ပိုကြာသွားခဲ့ကြောင်း သိရသည်။
ထိုင်ဝမ်လွတ်လပ်ရေးကြံစည်မှုမှန်သမျှကို ဖြိုခွင်းပြီး အမိမြေပြန်လည်ပေါင်းစည်းရေးကို ပြတ်သားစွာ ထောက်ခံ သွားမည်ဟု ဝေဖန်းဂျီးက ကတိပြုခဲ့ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
“ထိုင်ဝမ်ဆိုတာ တရုတ်ရဲ့ထိုင်ဝမ်ပဲဖြစ်ပါတယ်။ တရုတ်ကို ထိန်းချုပ်ဖို့ ထိုင်ဝမ်ကို အသုံးချရင် ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး” ဟု ၎င်းထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
ထိုင်ဝမ်သည် မိမိ၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပိုင်နက်နယ်မြေအဖြစ် ဘေဂျင်းအစိုးရက အခိုင်အမာပြောကြား ထားသော်လည်း ကျွန်းကို အင်အားသုံး သိမ်းပိုက်မည့်အစီအစဉ်မရှိကြောင်း ငြင်းပယ်ထားသည်။
ဘေဂျင်းအနေဖြင့် ထိုင်ဝမ်အပေါ် မတည်မငြိမ်ဖြစ်စေသော လုပ်ရပ်များ ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း အော်စတင်က ဝေဖန်းဂျီးကို တိုက်တွန်းခဲ့သည်ဟု ပင်တဂွန်စစ်ဌာနချုပ်က သတင်းထုတ်ပြန်ခဲ့သည်။
ယခုဆွေးနွေးမှုတွင် အဓိကအားဖြင့် ထိုင်ဝမ်ကို အာရုံစိုက်ခဲ့ကြောင်း၊ ထိုင်ဝမ်အပေါ် ဝါရှင်တန်အစိုးရ၏ ရပ်တည်ချက်မှာ အပြောင်းအလဲမရှိကြောင်း အော်စတင်က ထပ်လောင်းပြောကြားခဲ့ပြီး တရုတ်၏စစ်ရေးအရ ရန်လိုမှုကို ဝေဖန်ခဲ့ကြောင်း အမည်မဖော်လိုသူ အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက အတည်ပြုခဲ့သည်။
Source: Aljazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 1360
CNI International News
မော်စကို၊ ဇွန်လ ၁၁
ရုရှားဇာဘုရင် နန်းဆက်တွင် ထင်ရှားခဲ့သည့် မဟာပီတာ (Peter the Great) ကို ဗလာဒီမာပူတင် ကြည်ညိုလေးစားခြင်းမှာ လူသိများလှသော်လည်း ယခုအခါ ပူတင်သည် သူ့ကိုယ်သူ တော်ဝင်ပုဂ္ဂိုလ်အဖြစ် အတွေးရောက်နေပုံရကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းသတင်းတွင် ဖော်ပြထားသည်။
လွန်ခဲ့သော ၃ ရာစုခန့်က ရုရှားဇာဘုရင် ပီတာ၏ နယ်ချဲ့စစ်ပွဲများနှင့် ယနေ့ ၎င်းတိုက်ခိုက်နေသည့် ရုရှား၏ ယူကရိန်း ကျူး ကျော်စစ်ကို နှိုင်းယှဉ်ခဲ့ပြီး ယခုစစ်ပွဲသည်လည်း နယ်မြေသိမ်းပိုက်ရန် ဖြစ်ကြောင်း အတိအလင်း ပြောကြားခဲ့သည်။
ထိုသို့ ပူတင်၏ ပြောင်ပြောင်တင်းတင်း အင်ပါယာ ထူထောင်ရေး ရည်မှန်းချက်များအတွက် ယူကရိန်းကို ဆိုးကျိုးသာ ဖြစ်စေပြီး ၎င်း၏ သဘောထား မှတ်ချက်ကို လုံးဝလက်မခံနိုင်ဟု အက်စတိုးနီးယား အပါအဝင် ရုရှား အိမ်နီးချင်းနိုင်ငံများက ဆန့် ကျင်ခဲ့ကြသည်။
ရုရှား ဇာဘုရင် မဟာပီတာ (GETTY IMAGES)
ရုရှားသမ္မတ ပူတင်သည် ဇွန်လ ၉ ရက်တွင် လူငယ်စွန့်ဦးတီထွင်သူများ၊ သိပ္ပံပညာရှင်များနှင့် တွေ့ဆုံ၍ စကားဝိုင်းတစ်ရပ် ပြုလုပ်ခဲ့သည်။
၎င်းသည် အိုင်တီနှင့်နည်းပညာဖွံ့ဖြိုးရေးအကြောင်း မပြောမီ ပထဝီဝင်နိုင်ငံရေးအရ လွှမ်းမိုးဖို့ သူ့အမြင်အရ တိုက်ပွဲသစ်နှင့် နိုင်ငံရေး၊ တန်ခိုးဩဇာတို့ကို ပြောကြားခဲ့သည်။ မဟာပီတာသည် မိမိအတွက် စံနမူနာ ယူရသူတစ်ဦးဖြစ်ကြောင်း စကားဝိုင်း ၌ ပါဝင်သူ လူငယ်များကို ပူတင်က အသိပေးခဲ့သည်။
“အဲဒီတုန်းက သူဟာ ဆွီဒင်ကို တိုက်ခဲ့ပြီး နယ်မြေချဲ့ထွင်ခဲ့တယ်လို့ ခင်ဗျားတို့ ထင်ကောင်းထင်လိမ့်မယ်” ဟု ၁၈ ရာစု ရုရှား အင်ပါယာသစ် ထူထောင်စဉ်က ပီတာဘုရင်၏ ဥရောပမြောက်ပိုင်း စစ်ပွဲများကို ပူတင်က ရည်ညွှန်း ပြောကြားခဲ့သည်။
“ဒါပေမယ့် ဘာမှ မယူဘဲ သိမ်းပိုက်ခဲ့တာ ဖြစ်တယ်” ဟု ဆလပ်ဗ်လူမျိုးများ ထိုဒေသ၌ နေထိုင်ခဲ့ပုံကို ပူတင်က စောဒက တက်ခဲ့သည်။
ယူကရိန်းစစ်ပွဲအတွင်းက ဖျက်စီးမှု
“ဒီနယ်မြေကို ပြန်လည်ရယူဖို့နဲ့က အားကောင်းဖို့က အလားအလာက ကျနော်တို့ဆီမှာလည်း ကျဆင်းသွားပုံရပါတယ်” ဟု ပူတင်က ယူကရိန်းနှင့် ၎င်း၏ရည်မှန်းချက်ကို ဦးတည်နေသယောင် သံသယဖြစ်ဖွယ် အပြုံးများဖြင့် စကားဝိုင်းကို နိဂုံးချုပ်ခဲ့သည်။
ပီတာဘုရင် လက်ထက် ရုရှား၏ အင်ပါယာ ချဲ့ထွင်ခြင်း ခိုင်မာခဲ့ကြောင်း ပူတင်က သက်သေထူခဲ့သည်။
မျက်မှောက်ကာလ၌ ရုရှားက ၎င်း၏ အိမ်နီးချင်းကို ယခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျူးကျော်တိုက်ခိုက်သည့်အခါ ပူတင် က ၎င်းလုပ်ရပ်သည် ယူကရိန်း အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသတွင် နာဇီရှင်းလင်းရန်နှင့် လက်နက်ဖြုတ်သိမ်းရန် အထူးစစ်ဆင် ရေး ဖြစ်ကြောင်း၊ ရုရှားအတွက် ခြိမ်းခြောက်မှုတစ်ခု လျှော့ချခြင်းဖြစ်ကြောင်း လှည့်စားပြောကြားခဲ့သည်ဟု ဘီဘီစီ အင်္ဂလိပ် ပိုင်း သတင်းတွင် ဖော်ပြထားသည်။
Source: BBC
- By CNI
- Category: နိုင်ငံရေး
- Hits: 1157
CNI International News
ပြုံယမ်း၊ဇွန်လ ၁၁
တိုင်းပြည်လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားလာပြီဖြစ်၍ မိမိတို့လက်နက်ထုတ်လုပ်တည်ဆောက်ရေး နှစ်ဆတိုးရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ပါတီအစည်းအဝေးတွင် ထပ်လောင်းအတည်ပြုခဲ့ကြောင်း အေပီ သတင်းဌာနက ရေးသားဖော်ပြသည်။
မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုအခြေအနေကို ပြည်ပ အစိုးရ များက စောင့်ကြည့်နေချိန်၌ ၎င်းနိုင်ငံအတွက် အရေးကြီးဆုံးပါတီအစည်းအဝေး၌ ယင်းကဲ့သို့ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
မြောက်ကိုရီးယားအစိုးရပိုင် “ကိုရီးယားဗဟိုသတင်းဌာန” (KCNA) က ဇွန်လ ၁၁ ရက် (ယနေ့) ထုတ်လွှင့်ခဲ့သော ကင်မ်ဂျုံအန်း၏သဘောထားမှတ်ချက်များတွင် အမေရိကန်(သို့မဟုတ်)ပြိုင်ဘက်တောင်ကိုရီးယားကို တိုက်ရိုက် ဝေဖန်မှုတစုံတရာ မပါဝင်ခဲ့ပေ။ ဇွန်လ ၁၀ ရက်တွင် ပြီးဆုံးသွားခဲ့သည့် ၃ ရက်ကြာဆွေးနွေးမှုများကို နျူကလီးယားအရေးနှင့် သံတမန်အရေး အဟန့်အတားဖြစ်နေသည့်ကြားမှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အေပီက ဆက်လက်ရေးသားထားသည်။
လက်နက်ထုတ်လုပ်ရေးအရှိန်မြှင့်ခြင်းသည် မိမိကိုယ်ကိုခုခံကာကွယ်ရန်နှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်သည့် အခွင့်အရေးကို ကျင့်သုံးရန်တို့ဖြစ်ကြောင်း ကင်မ်ဂျုံအန်းက ပြောကြားခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့များနှင့် စစ်ရေး သိပ္ပံပညာရှင်များ ထပ်မံလိုက်နာရမည့် စစ်သွေးကြွလုပ်ငန်းစဉ်များကို ချမှတ်ပေးခဲ့ကြောင်း KCNA သတင်းအရ သိရသည်။
သို့သော် ၎င်းသတင်းထုတ်လွှင့်မှုတွင် နျူကလီးယားဖောက်ခွဲစမ်းသပ်ခြင်းအပါအဝင် သီးခြားရည်မှန်း လုပ်ဆောင် နေမှုများ(သို့မဟုတ်)အစီအစဉ်များ ဖော်ပြထားခြင်း မတွေ့ရပေ။
မြောက်ကိုရီးယား၏ အာဏာရ အလုပ်သမားပါတီ၊ ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးတွင် ပြီးခဲ့သည့်လ၌ ပထမဆုံးအတည်ပြုခဲ့သည့် Covid-19 ဖြစ်ပွားမှုနှေးကွေးရန် ကြိုးပမ်းမှုအပါအဝင် တိုင်းပြည်အခြေအနေကို ပြန်လည်သုံးသပ်ခဲ့ကြသည်။တင်းကျပ်သော ကပ်ရောဂါကန့်သတ်ချက်များကြားတွင် ၎င်း၏စီးပွားရေး ရည်မှန်း ချက်များ ဆက်လက်ရှင်သန်တိုးတက်အောင် လုပ်ဆောင်ရန် ကင်မ်ဂျုံအန်းက စိတ်အားထက်သန်နေသည်။
“မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်သည် အချုပ်အခြာအာဏာကို ကာကွယ်ဖို့ဖြစ်ပြီး ပါတီ၏အာဏာအတွက် အသွင်မပြောင်းလဲနိုင်သည့် တိုက်ပွဲဝင်ရေးမူဝါဒကို ကင်မ်ဂျုံအန်း ထပ်လောင်းရှင်းလင်းပြောကြားခဲ့ကြောင်း” KCNA သတင်း၌ ဆက်လက်ဖော်ပြထားသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 820
CNI International News
လော့အင်ဂျလိစ်၊ ဇွန်လ ၁၀
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အနောက်ကမ္ဘာခြမ်းအတွက် စည်းလုံးညီညွတ်သည့် အမြင်တစ်ရပ်ကို ဇွန်လ ၉ ရက်တွင် ကျင်းပသည့် အမေရိကနိုင်ငံများ ထိပ်သီးအစည်းအဝေးအတွင်း တင်ပြရန် ကြိုးစားခဲ့သော်လည်း သဘောထား ကွဲလွဲမှုများမှာ ပွင့်လင်းမြင်သာစွာနှင့် မြန်မြန်ဆန်ဆန် ပြသခဲ့ကြကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။
ထို့နောက် ရွှေ့ပြောင်းနေထိုင်မှု၊ စီးပွားရေးနှင့် ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များ၊ မြောက်နှင့်တောင် အမေရိကနိုင်ငံများကို စုစည်းပုံဖော်ရန် ခဲယဉ်းပုံများအား ခေါင်းဆောင်တချို့က ထုတ်ဖော်ခဲ့ကြကြောင်း အေပီသတင်းဌာနက ဆက်လက် ရေးသား ဖော်ပြခဲ့သည်။
“အနောက်ကမ္ဘာခြမ်းဟာ ရှေ့သို့ အမြော်အမြင်အရှိဆုံး၊ ဒီမိုကရေစီ အရှိဆုံး၊ အချမ်းသာဆုံး၊ အငြိမ်းချမ်းဆုံး၊ အလုံခြုံဆုံး မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။ ကျနော်တို့ အလားအလာက အကန့်အသတ် မရှိပါဘူး” ဟု ဘိုင်ဒန်က ယခု ထိပ်သီး အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၉ ရက်က ကျင်းပသည့် အမေရိကနိုင်ငံများ ထိပ်သီးအစည်းအဝေး
အထက်ပါ ဘိုင်ဒန်၏ သဘောထား မှတ်ချက်ကို မြောက်အမေရိကတိုက်၏ အစွန်အဖျားရှိ ဘလိဇ် (Belize) နိုင်ငံ၊ ဝန်ကြီးချုပ် ဂျွန်ဘရစ်ဆန်ညို (John Briceño) က လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး ယခုအစည်းအဝေးမှ အမေရိကန်၏ ဖယ်ထုတ်ခြင်း ခံထားရ သည့် နိုင်ငံများနှင့် ကျူးဘားအပေါ် အမေရိကန် ပိတ်ဆို့အရေးယူမှု ဆက်လက် ချမှတ်ထားခြင်းတို့ကို အများမြင်ကွင်း၌ ကန့်ကွက် သွားခဲ့သည်။
“ဒီထိပ်သီး ဆွေးနွေးပွဲဟာ အမေရိက တိုက်ထဲမှာရှိတဲ့ နိုင်ငံအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့် ဒီဆွေးနွေးပွဲခန်းမထဲ ရောက်မလာနိုင်တဲ့ အမေရိကနိုင်ငံတွေ ရှိနေတဲ့အပေါ်မှာ ခွင့်မလွှတ်နိုင်ပါဘူး။ ဒါမျိုးက ထိပ်သီးဆွေးနွေးပွဲရဲ့ အရှိန်အဝါကို လျော့စေပါတယ်” ဟု ဘလိဇ်ဝန်ကြီးချုပ် ဂျွန်ဘရစ်ဆန်ညိုက ပြောကြားခဲ့သည်။
“အရေးကြီးဆုံး အချိန်ကာလမှာ၊ ကျနော်တို့ အနောက်ကမ္ဘာခြမ်းရဲ့ အနာဂတ်အတွက် စိန်ခေါ်မှုရှိနေတဲ့ ကာလမှာ ကွဲကွဲပြား ပြား ရပ်တည်နေပါတယ်။ အဲဒါကြောင့် အမေရိကတိုက်ရဲ့ ထိပ်သီး အစည်းအဝေးမှာ အဲဒီနိုင်ငံတွေလည်း ပါဝင်သင့်ပါတယ်။ ဒီနေရာမှာ နိုင်ငံရေးအရ မဟုတ်ဘဲနဲ့ ပထဝီဝင် အနေအထားအရ တောင်နဲ့မြောက် အမေရိကတိုက်နှစ်တိုက်ကို အဓိပ္ပါယ် ဖွင့် ဆိုရအောင်ပါ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
နောက်ထပ် ဝေဖန်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်က အာဂျင်တီးနားသမ္မတ အယ်လ်ဘာတို ဖာနန်ဒက်ဇ် ထံမှ ဖြစ် သည်။
“ကျနော်တို့ဟာ မတူညီမှုတွေနဲ့ ကိုယ်စီရှိကြမယ့် အမေရိကတိုက်ရဲ့ ထိပ်သီး အစည်းအဝေးမျိုးကို တက်ချင်ခဲ့တာ အမှန်ပါပဲ။ တက်ရောက်ခွင့်မရတဲ့ နိုင်ငံတွေရဲ့ ကွက်လပ်နေရာတွေက ကျနော်တို့ကို စကားပြောနေကြတယ်ဗျ” ဟု ဖာနန်ဒက်က စပိန် ဘာသာစကားဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။
ဘရာဇီးလ်သမ္မတနဲ့ အမေရိကန် သမ္မတ
၂၀၀၁ ခုနှစ်က ကနေဒါနိုင်ငံ၊ ကွိဘက်မြို့တွင် ကျင်းပခဲ့သည့် အလားတူ ထိပ်သီး အစည်းအဝေးတွင် သဘောတူညီမှု ပေါ် ထွက် နိုင်ခဲ့သော်လည်း နောက်ပိုင်း အမေရိကတိုက် နိုင်ငံများ၏ ထိပ်သီး အစည်းအဝေးများတွင် ဒီမိုကရေစီ နည်းကျသော အစိုးရများ ပါဝင်ခွင့် မရတော့ပေ။
ထို့ကြောင့် မက္ကစီကိုသမ္မတ၏ သပိတ်မှောက်မှု အပါအဝင် အမေရိကန်၏ ချန်လှပ် ဖိတ်ကြားခြင်း အလေ့အထအပေါ် ဆန့်ကျင် ကန့်ကွက်မှုများစွာ ရှိလာခဲ့သည်။
ယခု အစည်းအဝေး နောက်ပိုင်းတွင် ဘိုင်ဒန်က စကားပြောဆိုရာ၌ ဖိတ်ကြားခံရသည့် ဧည့်သည် နိုင်ငံများ၏ စာရင်းထက် လက်ရှိ ပြဿနာများကို အာရုံစိုက်၍ ကွဲပြားခြားနားမှုကို စေ့စပ်ပြေလည်အောင် ကြိုးစားခဲ့ကြောင်း ပြောသည်။
“ကျနော်တို့ ဒီကနေ့ တွေ့ဆုံမှုကနေ အကြိတ်အနယ်၊ အခြေအတင် ပြောနိုင်၊ ဆိုနိုင်ပြီလို့ ကျနော်ထင်ပါတယ်။ အရေးကြီးတဲ့ အကြံဉာဏ်တွေ အများကြီး ထွက်ပေါ်လာတာကို ကျနော်တို့ နားထောင်ပါတယ်။ ဒီအစည်းအဝေးမှာ ပါဝင်ပတ်သက်ဖို့ သဘောထားကွဲလွဲမှု တချို့တွေ့ရပေမယ့် ကျနော်ကြားရတဲ့ အဓိကအကြောင်းအရာတွေက တသမတ်တည်းနီးပါး ဖြစ်နေ ပါတယ်” ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။
ချမ်းသာကြွယ်ဝမှု၊ အုပ်ချုပ်ရေးနှင့် အမျိုးသားအကျိုးစီးပွား ကွာဟချက်များကြောင့် ၁၉၉၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် အမေရိကန်က အိမ်ရှင်နေရာမှ လက်ခံကျင်းပပေးသည့် အဆိုပါ ထိပ်သီး အစည်းအဝေးတွင် သမ္မတဟောင်း ထရမ့် လက်ထက်က ဥရောပနှင့်အာရှတို့၌ စုစည်းခဲ့သော မိတ်ဖက်နိုင်ငံများသည် လက်ရှိသမ္မတ ဘိုင်ဒန်အတွက်တော့ စိန်ခေါ်မှု တစ်ရပ် ဖြစ်လာခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1284
CNI International News
ကိယက်ဗ်၊ ဇွန်လ ၁၀
ယူကရိန်းနိုင်ငံအတွက် တိုက်ပွဲဝင်ရင်း ဖမ်းဆီးခံခဲ့ရသည့် ဗြိတိန်နိုင်ငံသားနှစ်ဦးနှင့် မော်ရိုကိုနိုင်ငံသားတစ်ဦးတို့ကို ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားကိုယ်စားပြု ဒွန်နက်ဆက်ပြည်သူ့သမ္မတနိုင်ငံ (DPR) တရားရုံးက ဇွန်လ ၉ ရက်တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့သည်။
ဗြိတိန်နိုင်ငံသားများဖြစ်ကြသည့် အီဒင်အက်စလင် (Aiden Aslin) နှင့် ရှောင်ပင်နာ (Shun Pinner) ၊ မော်ရိုကိုနိုင်ငံသား ဘရာဟင်ဆာဒေါင်း (Brahim Saadoun) တို့ကို အာဏာသိမ်းရန်ကြံရွယ်မှု DPR ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖြုတ်ချရန် ကြိုးစားမှုတို့ဖြင့် ပြစ်မှုထင်ရှားကြောင်း အဆိုပါတရားရုံးက တွေ့ရှိခဲ့သည်ဟု တရားရုံးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားလျက် အင်တာဖက်စ်က ဖော်ပြခဲ့သည်။
အဆိုပါ လူ ၃ ဦးကို ဖေဖော်ဝါရီ ၂၄ ရက် ရုရှားကျူးကျော်သည့် ထိုးစစ် စတင်ပြီးနောက်ပိုင်း ၎င်းတို့သည် ယူကရိန်းဘက်မှ နေ၍ ရုရှားနှင့် ရုရှားကျောထောက် နောက်ခံ တပ်များကို တိုက်ခိုက်ပေးနေစဉ် ဖမ်းဆီးရမိခဲ့သည်။
ယခုတရားရုံး စီရင်ချက်ကို အယူခံဝင်မည်ဖြစ်ကြောင်း ၎င်းတို့ ၃ ဦး၏ ရှေ့နေက ပြောသည်။ ထိုစီရင်ချက်ကို အတုအယောင် စီရင်ချက်သာဖြစ်ကြောင်း ဗြိတိန်အစိုးရက ရှုတ်ချခဲ့သည်။
ဒွန်နက်ဆက်ပြည်သူ့သမ္မတနိုင်ငံ (DPR)အလံ (GETTY IMAGES)
“ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားကိုယ်စားပြုတဲ့သူတွေ ဖမ်းဆီးထားတဲ့ အီဒင်အက်စလင်၊ ရှောင်ပင်နာ (Shun နဲ့ ဘရာဟင်ဆာ ဒေါင်း တို့ကို အခုလို စီရင်ချက်ချတာကို အတိအလင်း ရှုတ်ချပါတယ်။ သူတို့ဟာ စစ်သုံ့ပန်းတွေပါ။ ဒါဟာ တရားမဝင်တဲ့ အတုအယောင် စီရင်ချက်ပါပဲ” ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရက်စ် (Liz Truss) က တွစ်တာလူမှုကွန်ရက်တွင် ရေးသား လွှင့်တင်ခဲ့သည်။
ဂျနီဗာ ကွန်ဗင်းရှင်းများအရ စစ်သုံ့ပန်းများသည် တိုက်ပွဲဝင်ခြင်းဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် ရပိုင်ခွင့်ရှိပြီး ရန်လိုမုန်းတီးမှု ကြောင့် တရားစွဲဆိုခြင်း မပြုသင့်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ချခဲ့သည်။
အီဒင်အက်စလင်၏ မိသားစု နေထိုင်ရာ ခရိုင်မှ လွှတ်တော်အမတ် တစ်ဦးဖြစ်သူ ရောဘတ်ဂျန်ရစ်ခ် (Robert Jenrick) က ယခု တရားစွဲဆိုမှုသည် ဆိုဗီယက်ခေတ်ဟောင်းမှ ဟန်ပြတရားစီရင်ရေး (Soviet-era show trial) သာဖြစ်ကြောင်း ဝေဖန်ခဲ့ သည်။
စီရင်ချက် ဖတ်ကြားရန် မတ်တပ်ရပ်ကြဖို့ မတောင်းဆိုမီ ၎င်းတို့ ၃ ဦးကို အနက်ရောင် သံတန်းများ ကာရံထားသည့် လှောင်အိမ် တစ်ခုထဲတွင် ထားရှိပြီး ဘေးပတ်ပတ်လည်ရှိ လက်နက်ကိုင် စစ်သားများက မျက်နှာဖုံး ကိုယ်စီ တပ်လျက် ရုရှား လိုလားသည့် ဇက် (Z) သင်္ကေတ လက်ပတ်များ ဝတ်ဆင်ထားကြောင်း တရားခွင် မှတ်တမ်း ဗွီဒီယိုဖိုင်ကို အာရ်အိုင် အေနိုဗို စတီ (RIA Novosti) သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 1381
CNI International News
မော်စကို၊ ဇွန်လ ၁၀
ရုရှားနိုင်ငံကို သီးခြား အထီးကျန်ဆန်စေရန် ခွဲထုတ်၍ ဒဏ်ခတ်ပိတ်ဆို့ခဲ့သည့် အနောက်အုပ်စု၏ ကြိုးပမ်းမှုများသည် ၎င်းလုပ်ရပ်၏ဒဏ်ကို ၎င်းတို့ ပြန်လည်ခံစားနေရကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇွန်လ ၉ ရက်တွင် ပြောကြားခဲ့သည်ဟု အာရ်တီသတင်းဌာနက ဖော်ပြသည်။
မော်စကိုမြို့တွင် ပြုလုပ်ခဲ့သည့် စွန့်ဦးတီထွင် လူငယ်အုပ်စုနှင့် စကားဝိုင်း၌ မိမိတို့အပေါ် ချမှတ်ထားသည့် အနောက်နိုင်ငံ များ၏ ရုရှား ဆန့်ကျင်ရေး ပိတ်ဆို့အရေးယူမှုများမှ ဖြစ်ပေါ်လာသော စီးပွားရေးဆိုင်ရာ အကျိုးဆက်များကို ပူတင်က ထောက်ပြခဲ့သည်။
“တစ်စုံတစ်ယောက်က ကျနော်တို့ကို ကိစ္စတစ်ခုခုမှာ အကျပ်ကိုင်ဖို့ ကြိုးစားရင်းနဲ့ နောက်ဆုံးမှာ သူတို့ပဲ ပြန်ပြီး အကျပ် တွေ့တာဗျ” ဟု ပူတင်က အဆိုပါ လူငယ်အုပ်စုကို ပြောကြားခဲ့သည်။
အဆိုပါ လူငယ်အုပ်စုတွင် မကြာမီ ကျင်းပတော့မည့် နိုင်ငံတကာစီးပွားရေးဖိုရမ် (SPIEF) သို့ တက်ရောက်ကြရန် ရည်ရွယ် ထားသည့် သက်ငယ်ပိုင်း စွန့်ဦးတီထွင် သမားများ၊ အင်ဂျင်နီယာများနှင့် သိပ္ပံပညာရှင်များ ပါဝင်ကြသည်။
“ဥပမာ ဓာတ်မြေဩဇာကိစ္စကိုပဲ ကြည့်ဗျာ။ သူတို့က ကျနော်တို့ ဓာတ်မြေဩဇတွေကို တင်ပို့တာ ကန့်သတ်လိုက်တော့ ဈေး တက်သွားရော။ ကျနော်တို့ စွမ်းအင်တင်ပို့မှုကိုလည်း ကန့်သတ်ဖို့ ကြိုးစားလိုက်တော့ သူတို့ဆီမှာလည်း ဈေးတွေက မိုးပျံအောင် တက်သွားတယ်။ သူတို့ဘာသာ ငွေကြေးဖောင်းပွတာကို အကြောင်းပြဖို့ ကျနော်တို့ နာမည်ကိုတောင် သုံးဖို့ ကြိုးစား ကြပေမယ့် တကယ်လက်တွေ့မှာ ကျနော်တို့က အဲဒီကိစ္စနဲ့ ဘာမှမဆိုင်ဘူးဗျ” ဟု ပူတင်က ပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ဘိုင်ဒန်ကို တွေ့ရစဉ်
ပူတင်၏ ပြောစကားအပေါ် နားထောင်နေသူများ ရယ်မောပြီး ပွဲကျသွားခဲ့သည်။ ပူတင်သည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ၏ အခိုင်အမာ ပြောဆိုနေမှုများကို ရည်ညွှန်းလိုပုံ ရသည်။
အမေရိကန်နိုင်ငံတွင် စက်သုံးဆီ အရောင်းဆိုင်များ၌ ဆီဈေးနှင့်ဓာတ်ငွေ့ဈေး စံချိန်တင်အောင် တက်ခဲ့ရာ ပူတင်ကြောင့် ဈေးတက်ရသည်ဟု ဘိုင်ဒန်အစိုးရ ပြောသော်လည်း အမေရိကန်ပြည်တွင်း စစ်တမ်းများအရ လူထု မယုံကြည်ကြောင်း တွေ့ရသည်ဟု အာရ်တီ သတင်းဌာနက ဆက်လက် ရေးသားဖော်ပြသည်။
“ဒါဟာ သူတို့ ကိုယ်တိုင် လုပ်ခဲ့တဲ့ ကြီးကြီးမားမား အမှားတွေရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။ အခုတော့ သူတို့က ကိစ္စတွေ အားလုံး အတွက် ရုရှားကို ပုံချ အပြစ်တင်နေပြီး တစ်ခုခုကို ဖုံးကွယ်ဖို့ ကြိုးစားနေကြတာဗျ”ဟု ပူတင်က ပြောသည်။
ယူကရိန်းတွင် မော်စကို(ရုရှား)၏ စစ်ဆင်ရေးသည် အနောက်နိုင်ငံများ၏ စီးပွားရေး မပြေလည်မှုများနှင့် ဆက်စပ်နေ ကြောင်း၊ သို့ဖြစ်၍ အမေရိကန်နှင့် မဟာမိတ်များ ချမှတ်ထားသော ရုရှားပိတ်ဆို့ အရေးယူများကြောင့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့၊ ဓာတ်မြေဩဇာ၊ ဂျုံစပါးများ တင်ပို့နိုင်ရေး အနှောင့်အယှက် ဖြစ်စေခဲ့ကြောင်း ပူတင်က ထပ်ခါတလဲလဲ ထောက်ပြ ခဲ့သည်။
Source: အာရ်တီသတင်းဌာန
