- By CNI
- Category: နိုင်ငံရေး
- Hits: 1440
CNI International News
ပြုံယမ်း၊ ဇွန်လ ၄
မြောက်ကိုရီးယားသည် ကုလသမဂ္ဂ (UN) ၏ ထိပ်တန်း နျူကလီးယားလက်နက် ဖျက်သိမ်းရေးဖိုရမ်၏ အကြီးအကဲအဖြစ် ယာယီ တာဝန်ယူထားကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းသတင်းအရ သိရသည်။
သို့ရာတွင် UN လုံခြုံရေးကောင်စီက တားမြစ်ထားသည့် တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်မှု အတွက် ယခုနှစ် အစောပိုင်း၌ မြောက်ကိုရီးယားကို အပယ်ခံနိုင်ငံအဖြစ် စွပ်စွဲခဲ့ကြကြောင်း ဘီဘီစီ ဆက်လက် ဖော်ပြထားသည်။
ယခုအခါ မြောက်ကိုရီးယားသည် UN အတွင်း လက်နက်ဖျက်သိမ်းရေးဖိုရမ်(ညီလာခံ)၏ ဥက္ကဋ္ဌအဖြစ် အဖွဲ့ဝင်များအကြား အလှည့်ကျတာဝန်ကို ရယူခဲ့သည်။ ထိုအပြောင်းအလဲကြောင့် အဆိုပါဖိုရမ်အပေါ် ချက်ချင်းဆိုသလို ဝေဖန်သံများ ကျယ်လောင် သွားခဲ့သည်။
အစိုးရမဟုတ်သော အဖွဲ့အစည်း အတော်များများက သံတမန်ရေးအရ ဆန္ဒပြသည့်ပုံစံဖြင့် အဆိုပါဖိုရမ်ကျင်းပရာ ခန်းမကို ကျောခိုင်း ထွက်ခွာကြရန် နိုင်ငံအသီးသီးကို တိုက်တွန်းခဲ့ကြသည်။ ဇွန်လ ၂ ရက်တွင် ကျင်းပသည့် ဖိုရမ်၌ အဖွဲ့ဝင် နိုင်ငံများ ၏ ကိုယ်စားလှယ်များက ယင်းကဲ့သို့ ဆန္ဒပြခြင်း မရှိခဲ့ကြသော်လည်း နိုင်ငံအချို့ကတော့ အောက်ခြေအဆင့် ကိုယ်စားလှယ် များကိုသာ စေလွှတ်ခဲ့ကြသည်။
ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများသို့ သွားရောက်ခဲ့ပြီးနောက် ပြုံယမ်းသည် ဒုံးကျည်စမ်းသပ်မှု အများအပြား လုပ်ဆောင်၍ ပစ်လွှတ်ပြခဲ့သည်။
မြောက်ကိုရီးယား နျူကလီးယား တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ရန် ပြင်ဆင်နေစဉ်
UN က ပြုံယမ်း အစိုးရအပေါ် ပဲ့ထိန်းဒုံးကျည်နှင့် နျူကလီးယားလက်နက် စမ်းသပ်ခြင်းမပြုရန် တားမြစ်ထားပြီး ယခင် စမ်းသပ်မှုများကြောင့် တင်းကျပ်သော ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။
အဆိုပါ လက်နက် ဖျက်သိမ်းရေး ဖိုရမ်ကို ဂျနီဗာမြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် တစ်နှစ်လျှင် ၃ ကြိမ် ကျင်းပလေ့ရှိပြီး လက်နက်နှင့် နျူကလီးယား သဘောတူညီချက်များကို ကမ္ဘာ့တစ်ခုတည်းသော ဆုံးဖြတ်ချက်အဖြစ် ချမှတ်ပေးရသည်။
ထိုဖိုရမ်(ညီလာခံ)၏ အဓိကဦးတည်ချက်မှာ နျူကလီးယားလက်နက် ပြိုင်ဆိုင်မှုကို အဆုံးသတ်ရန်နှင့် နျူကလီးယားစစ် တားဆီးရန်တို့ ဖြစ်သည်။
သို့သော် ၁၉၉၆ ခုနှစ်ကတည်းက ယင်းဖိုရမ်မှ သဘောတူညီချက်များ ဟုတ္တိပတ္တိ ချမှတ်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။
မြောက်ကိုရီးယားသည် အဆိုပါဖိုရမ်တွင် အနည်းဆုံး နောက်ထပ် သီတင်းပတ် ၃ ပတ်ကြာ ဥက္ကဋ္ဌ တာဝန်ယူထားမည် ဖြစ်သည်။
ဇွန်လ ၂ ရက် ဖိုရမ် အဖွင့် အစည်းအဝေးတွင် ပြုံယမ်းအပေါ် ပိတ်ဆို့ အရေးယူမှုများ ကိုင်စွဲထားသည့် အနောက်အုပ်စု နိုင်ငံ များက ယခုနှစ်အတွင်း မြောက်ကိုရီးယား၏ ရန်လိုမှုကို ရှုတ်ချကြသည့် ပူးတွဲကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
Source: BBC
- By CNI
- Category: နိုင်ငံရေး
- Hits: 1774
CNI International News
မော်စကို၊ ဇွန်လ ၄
အာဖရိကနိုင်ငံများသည် ယူကရိန်းစစ်ပွဲ၏ အပြစ်မဲ့ သားကောင်ဖြစ်ခဲ့ရပြီး ၎င်းတို့ဒုက္ခများကို ရုရှား ဖြေလျှော့ပေးဖို့ အာဖရိက သမဂ္ဂ အကြီးအကဲက ရုရှားနိုင်ငံတွင် ကျင်းပသည့် အစည်းအဝေး၌ ဗလာဒီမာပူတင်ကို အသိပေး ပြောကြားခဲ့သည်။
ရုရှားနိုင်ငံ၊ ဆိုချီမြို့တွင် ကျင်းပသည့် ထိုအစည်းအဝေးအပြီး ပူတင်က ကောက်ပဲသီးနှံနှင့် ဓာတ်မြေဩဇာ တင်ပို့မှုကို ဖြေ လျှော့ပေးမည်ဟု ကတိပြုခဲ့သော်လည်း အသေးစိတ်ကိုမူ ထုတ်မပြောခဲ့ပေ။
အာဖရိကသမဂ္ဂ အကြီးအကဲ မာကီဆဲလ် (Macky Sall) နှင့် တွေ့ဆုံရာ၌ မော်စကိုသည် ယူကရိန်းဆိပ်ကမ်းမှ စပါးနှင့် ဂျုံ တင်ပို့မှု တားမြစ်သည်ဆိုခြင်းကို ပူတင်က အတိအလင်း ငြင်းပယ်ခဲ့သည်။
အာဖရိကတွင် စားသုံးနေသော စပါးနှင့်ဂျုံတို့၏ ၄၀ ရာခိုင်နှုန်းကျော်သည် များသောအားဖြင့် ရုရှားနှင့်ယူကရိန်းတို့ထံမှ တင်သွင်းနေရသည်။ သို့သော် စစ်ရေးပဋိပက္ခစတင်စဉ်ကတည်းက ယူကရိန်း၏ပင်လယ်နက်ဆိပ်ကမ်းများ၌ ပို့ကုန်များ အတွက် အလွန်အမင်း ပိတ်ဆို့ဟန့်တားခြင်း ခံခဲ့ရသည်။
ကိယက်ဗ်(ယူကရိန်း)နှင့် ၎င်း၏ မဟာမိတ်များက ရုရှား၏ ကြည်းကြောင်း၊ ရေကြောင်း နှစ်သွယ်ဖြင့် တိုက်ခိုက်ခြင်းကို တားဆီးရန်အတွက် ယူကရိန်းဆိပ်ကမ်းတွင် မဖြစ်မနေ မိုင်းထောင်ထားကြသော်လည်း မော်စကို(ရုရှား)အပေါ် အပြစ်တင် နေခဲ့သည်။
အာဖရိက စားနပ်ရိက္ခာပြတ်လပ်မှု
“အဲဒီ ဆိပ်ကမ်းတွေ မဖွင့်နိုင်ဘူးဆိုရင် အငတ်ဘေး ကြုံရတော့မယ်” ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာ အကျပ်အတည်း ညှိနှိုင်းရေးမှူး အေပင်အဝပ် (Amin Awad) က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ပြောကြားခဲ့သည်။
စပါးနှင့်ဂျုံ စသည့် ကောက်ပဲသီးနှံ ပြတ်လပ်မှုကြောင့် လူဦးရေး ၁ ဒသမ ၄ ဘီလီယံ ထိခိုက်နိုင်ပြီး အစုလိုက် အပြုံလိုက် ပြောင်းရွှေ့နေထိုင်မှုကို ပေါ်ပေါက်စေမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
စပါးရိတ်သိမ်း ချွေလှေ့ခြင်း အခြေအနေ မကောင်းမှု၊ လုံခြုံစိတ်ချရခြင်း ကင်းမဲ့မှုတို့ကြောင့် အာဖရိကတိုက်တွင် ယခင် ကတည်းက ရှိနေခဲ့သော အစာရေစာ ရှားပါးမှု ပြဿနာမှာ ယခုစစ်ပွဲကြောင့် ပိုဆိုးလာခဲ့သည်။
ပြီးခဲ့သည့် ရက်ပေါင်း ၁၀၀ အတွင်း ရုရှားတို့ ယူကရိန်းကို ကျူးကျော်စစ် စပြီးနောက် အစားအသောက် ဈေးနှုန်းများ တရှိန် ထိုး တက်လာခဲ့ပြီး ငတ်မွတ်ခေါင်းပါးသူ အရေအတွက်မှာလည်း များပြားလာစေခဲ့သည်။
အာဖရိကတွင် လူဦးရေ သန်း ၈၀ ကျော်သည် အစာရေစာ ရှားပါးမှုနှင့်အတူ အငတ်ဘေး အလွန်ဆိုးရွားစွာ ဆိုက်ရောက်နေ ကြောင်း ကုလသမဂ္ဂ (UN) လက်အောက်ခံ၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ အကြီးအကဲ မိုက်ဒန်းဖို့ဒ် (Mike Dunford) က သတိပေးခဲ့သည်။
မိုက်ဒန်းဖို့ဒ်က အမျိုးသား စားနပ်ရိက္ခာဆိုင်ရာ အရေးပေါ် အခြေအနေ တစ်ရပ်ကို ကြေညာခဲ့ပြီး အာဖရိက လူဦးရေ၏ သုံးပုံတစ်ပုံမှာ စားနပ်ရိက္ခာ အကူအညီလိုနေကြောင်း UN နှင့် နိုင်ငံတကာသို့ တောင်းဆိုထားသည်။
Source: BBC
- By CNI
- Category: နိုင်ငံရေး
- Hits: 1281
CNI International News
မော်စကို၊ ဇွန်လ ၃
အနောက်အုပ်စုနိုင်ငံများသည် မိမိတို့နိုင်ငံ၊ သမိုင်းနှင့် ဓလေ့ထုံးတမ်းများကို သိက္ခာချရန်နှင့် ပြည်သူများကို အရှက်ရစေရန် အဓိကရည်ရွယ်ပြီး ရုရှားနိုင်ငံအပေါ် ပြင်းထန်သော မီဒီယာပုံဖော်တင်ဆက်မှုများ လုပ်ဆောင် ခဲ့ကြောင်း ရုရှားပြည်တွင်းလုံခြုံရေးကောင်စီအတွင်းရေးမှူး နီကိုလေပက်ထရူးရှက်ဗ်က ဇွန်လ ၂ ရက်တွင် ပြောကြားခဲ့သည်။
“အနောက်နိုင်ငံတွေက ကျနော်တို့နိုင်ငံ၊ သမိုင်းနဲ့ဓလေ့ထုံးတမ်းတွေကို သိက္ခာချဖို့ မီဒီယာလှုပ်ရှားမှု လုပ်တဲ့ အတွက် ကျနော်တို့ရဲ့အရေးကြီးဆုံးတာဝန်တစ်ခုကတော့ မီဒီယာနယ်ပယ်မှာ နိုင်ငံ့လုံခြုံရေး ကာကွယ်ဖို့ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
မေလ ၂၇ ရက်တွင် ရုရှားလူမှုရေးလေ့လာမှုသိပ္ပံဌာန (RISS) နှင့် လွတ်လပ်သောလူထုစောင့်ကြည့်အရေးအသင်း (IPM)တို့ ပူးပေါင်းကျင်းပခဲ့သည့် ရုရှားပြည်လုံးကျွတ်ကျွမ်းကျင်ပညာရှင်များ ဖိုရမ်ကို ကျင်းပခဲ့ရာ တက်ရောက် လာကြသည့် ပညာရှင်များက အနောက်နိုင်ငံများနှင့်ယူကရိန်းတို့သည် မိမိနိုင်ငံအပေါ် မီဒီယာတိုက်ခိုက်မှုများ ပြင်ဆင်နေကြောင်း သုံးသပ်အဖြေရှာခဲ့ကြသည်။
သို့သော် ၎င်းတို့၏ လိမ်လည်ထိုးနှက်ချက်များကို ရုရှားလူ့အဖွဲ့ အစည်းအတွင်း ခုခံနိုင်စွမ်းမရှိသဖြင့် လတ်တလော မီဒီယာနယ်ပယ်၌ လောလောဆယ် အရှုံးနှင့် ရင်ဆိုင်နေရ ကြောင်း ဆွေးနွေးခဲ့ကြသည်။
ယခင်သီတင်းပတ်က Argumenty i Fakty နေ့စဉ်သတင်းစာနှင့် အင်တာဗျူးတွင် နီကိုလေပက်ထရူးရှက်ဗ်က “ယူကရိန်းရဲ့ကံကြမ္မာကို သူ့မြေပေါ်လူတွေ ဆုံးဖြတ်လိမ့်မယ်” ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဒွန်နက်ဆက်နှင့် လူဟန်ဆက်ပြည်သူ့ သမ္မတနိုင်ငံနှစ်ခု၏ အချုပ်အခြာအာဏာကို အသိအမှတ်ပြုကြောင်း ကြေညာခဲ့သည်။ ဒွန်ဘတ်စ်ဒေသရှိ ပြည်သူ့ သမ္မတနိုင်ငံခေါင်းဆောင်များ၏ တောင်းဆိုမှုကို တုံ့ပြန်သည့်အနေဖြင့် ယူကရိန်းသို့ အထူးစစ်ဆင်ရေးဝင်ရောက် ရန် ဆုံးဖြတ်ခဲ့ကြောင်း ပူတင်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုပ်သံမိန့်ခွန်းပြောကြားခဲ့၍ စစ်ကြေညာခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1364
CNI International News
ဝါရှင်တန်၊ ဇွန်လ ၃
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြည်တွင်း လတ်တလော အခြေအနေများနှင့်ပတ်သက်၍ ချေမှုန်းရေး လက်နက်များ တားမြစ်ဖို့ ယနေ့ (ဇွန်လ ၃ ရက်)တွင် တောင်းဆိုခဲ့သည်။
ထို့နောက် စုံစမ်းစစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်ရေး၊ အစုလိုက် အပြုံလိုက် ပစ်ခတ်ခံရခြင်းများအား ကိုင်တွယ် ဖြေရှင်းရေး နှင့် သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေး စသည့် အစီအမံများ အကောင်အထည် ဖော်သွားကြရန် အမေရိကန်ကွန်ဂရက် (လွှတ်တော်)ကို ဘိုင်ဒန်က တိုက်တွန်းခဲ့သည်။
အိမ်ဖြူတော်က တိုက်ရိုက်ထုတ်လွှင့်သည့် မိန့်ခွန်းထဲတွင် ဘိုင်ဒန်က “တက္ကဆက်ပြည်နယ်ရှိ ကျောင်းတစ်ကျောင်း၊ နယူးယောက်မြို့ရှိ ကုန်စုံဆိုင် တစ်ဆိုင်နှင့် အိုကလာဟိုးမားမြို့ ဆေးဝါး အဆောက်အအုံတစ်ခုတို့ ပစ်ခတ်ခဲ့ရခြင်းအပေါ် အမေရိကန် ပြည်တွင်း၌ သေနတ်ကိုင်ဆောင်ခွင့်ဥပဒေ အပြောင်းအလဲဖြစ်ရန် ဘယ်လောက်ကြာဦးမှာလဲ” ဟု လွှတ်တော်သို့ မေးခွန်းထုတ်ခဲ့သည်။
“ဘုရားရေ … ဒီထက်ပိုပြီး ရက်စက်တဲ့ သတ်ဖြတ်မှုတွေကို ကျနော်တို့ လက်ခံချင်နေကြတာလား” ဟု ဘိုင်ဒန်က မေးခွန်း ထုတ်ခဲ့သည်။
ကျောင်းတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် တက္ကဆက်ပြည်နယ်၊ ယူဗယ်ဒါမြို့သို့ ဘိုင်ဒန်က သွားရောက်ကြည့်ရှုခဲ့ပြီး ဖြစ်သည်။
အမေရိကန် သေနတ်အရောင်းဆိုင် (GETTY IMAGES)
ချေမှုန်းရေး လက်နက်များနှင့် တိုက်ခိုက်ရေး စွမ်းရည် မဂ္ဂဇင်းများ ရောင်းချနေခြင်းကို တားမြစ်ခြင်း အပါအဝင် လွှတ်တော် အတွင်း ရီပတ်ဘလီကန်များ ဆန့်ကျင်နေသည့် အရေးယူ ဆောင်ရွက်မှုများကို ဆက်လက် အကောင်အထည် ဖော်သွားကြရန် ဒီမိုကရက်တစ်ဦးဖြစ်သူ သမ္မတ ဘိုင်ဒန်က တောင်းဆိုခဲ့သည်။
အဆိုပါ အကောင်အထည်ဖော်ရာ၌ လက်နက်များကို ဝယ်ယူနိုင်မည့် အသက်အရွယ်ကို အသက် ၁၈ နှစ်မှ ၂၁ နှစ်သို့ ပြောင်း လဲရေးလည်း ပါဝင်သည်။
ထို့ပြင် သေနတ်ကိုင်ဆောင်သူများ ကျူးလွန်သည့် အကြမ်းဖက်မှုများအတွက် သေနတ် ထုတ်လုပ်သူများပါ တရားစွဲဆိုခြင်း မခံရအောင် အကာအကွယ် ပေးခြင်းကိုလည်း ရုပ်သိမ်းပေးဖို့ ဘိုင်ဒန်က အလေးပေး ပြောကြားခဲ့သည်။
“အမေရိကန်ပြည်သူတွေ နောက်တစ်ကြိမ် ကျနော်တို့ မပျက်ကွက်စေရဘူး” ဟု ၎င်းက ပြောကြားခဲ့ပြီး သေနတ်ထိန်းချုပ်မှု ဆိုင်ရာ ဥပဒေမူကြမ်းများ အထက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခွင့်ပြုရန် ရီပတ်ဘလီကန်များကို တိုက်တွန်းခဲ့သည်။
အကယ်၍ ကွန်ဂရက်(လွှတ်တော်) လုပ်ဆောင်ခြင်းမရှိလျှင် လာမည့် နိုဝင်ဘာလ မဲပေးကြသည့်အခါ ယခု လက်နက် ပြဿနာကို အမေရိကန်ပြည်သူများ ဗဟိုပြုစဉ်းစားကြမည်ဟု ယုံကြည်ကြောင်း ဘိုင်ဒန်က မှတ်ချက်ချခဲ့သည်။
ယခုကဲ့သို့ ဘိုင်ဒန်၏ အဆိုပြုချက်များသည် ဥပဒေ လေးစားလိုက်နာသော သေနတ်ပိုင်ရှင်များ၏ အခွင့်အရေးကို ထိပါးစေ ကြောင်း အမျိုးသားရိုင်ဖယ်အသင်း၏ စည်းရုံးရေးဌာနက ဝေဖန်ခဲ့သည်။
“ဒါက တကယ့် ဖြေရှင်းချက် မဟုတ်ဘူး။ စစ်မှန်တဲ့ ခေါင်းဆောင်မှုလည်း မဟုတ်ဘူး။ အမေရိကန်နိုင်ငံရဲ့ လိုအပ်ချက်နဲ့ ပိုဝေး ပါတယ်” ဟု အဆိုပါ အသင်း၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 1146
CNI International News
ကိယက်ဗ်၊ဇွန်လ ၃
ယူကရိန်းအရှေ့ပိုင်း၌ ရက်ပေါင်း ၁၀၀ ကြာ ရုရှားကျူးကျော်သည့် စစ်ရေးအရှိန်မြှင့်လာသဖြင့် အမေရိကန်နှင့် ကတိပြုထားသည့် မဟာမိတ်များထံမှ လက်နက်များ ပိုမိုရရှိရန် ယူကရိန်း မျှော်လင့်ထားကြောင်း သမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးက ပြောကြားခဲ့သည်။
ရုရှားတပ်ဖွဲ့များသည် ယခုအခါ ယူကရိန်းပိုင်နက် နယ်မြေစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းခန့်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ဇာလန်းစကီးက ဆက်လက်ပြောကြားခဲ့သည်။
ပူတင်၏စစ်တပ်သည် လူဟန်ဘတ်နှင့် ဒွန်နက်ဆက်တို့ပါဝင်သည့် ဒွန်ဘက်စ်စက်မှုဒေသကို အာရုံစိုက် ထိုးစစ် ဆင်နေပြီး အောင်ပွဲခံရန် ဦးတည်လျက်ရှိသည်။
ဒွန်ဘတ်စ်ရှိ ကျောက်မီးသွေးထုတ်လုပ်သည့် အက်ဗ်ဒစ်ဗ်ကာ(Avdiivka)မြို့မှ အရပ်သားနှစ်ဦးအပါအဝင် စုစုပေါင်း လူ ၃ ဦးသေဆုံးကြောင်း၊ ၉ ဦးဒဏ်ရာရကြောင်း ယင်းဒေသအုပ်ချုပ်ရေးမှူး ပါဗယ်လိုကီရီလန်ကို (Pavlo Kyrylenko)က ဇွန်လ ၂ ရက် နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။ အသေးစိတ်အချက်အလက်များကိုတော့ ရိုက်တာက လတ်တလော အတည်မပြုနိုင်သေးပေ။
“ကျနော်တို့ တနိုင်ငံလုံးမှာ ယာယီအသိမ်းခံထားရတဲ့ နယ်မြေတွေဟာ ဘေးဒုက္ခတွေ ပြည့်နှက်နေတဲ့ အန္တရာယ် ဇုန်တွေဖြစ်ပါပြီ။ အဲဒီအတွက် ရုရှားမှာ တာဝန်အပြည့်ရှိပါတယ်” ဟု ဇာလန်းစကီးက ညပိုင်း ဗီဒီယိုမိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
လူဟန်ဆက်ဒေသခံ အမျိုးသမီးတစ်ဦးထိုင်နေစဉ်(ဓါတ်ပုံ-ရိုက်တာ)
“တခြားမိတ်ဖက်နိုင်ငံတွေဆီက လက်နက်အထောက်အပံ့သတင်းကောင်းတွေ ကျနော်တို့ မျှော်လင့်နေပါတယ်။ ခေတ်မီတိုက်ခိုက်ရေးစနစ်တွေနဲ့ ပိုပြီးအဆင့်မြှင့်တင် လုပ်ဆောင်နိုင်အောင် ကျနော်တို့ ကြိုးစားနေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
မိုင် ၅၀(ကီလိုမီတာ ၈၀)အထိ ပစ်ခတ်နိုင်သည့် အဆင့်မြင့်ဒုံးကျည်စနစ်များ ပါဝင်မည့် ဒေါ်လာ သန်း ၇၀၀ တန် ယူကရိန်းသို့ လက်နက်ပံ့ပိုးမှုအသစ်ဖြင့် အမေရိကန်က လောင်စာမီးထိုးပေးနေကြောင်း ရုရှားက စွပ်စွဲခဲ့သည်။
အဆိုပါ ဒုံးကျည်စနစ်များကို ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များ ထိမှန်အောင် လုံးဝအသုံးမပြုရန် ယူကရိန်း သမ္မတ ကို ဂျိုးဘိုင်ဒန်၏အစိုးရအဖွဲ့က အကြိမ်ကြိမ် မှာကြားထားပြီးဖြစ်သည်။
ရုရှားက ၎င်း၏အိမ်နီးချင်းနိုင်ငံကို လက်နက်ဖြုတ်သိမ်းရန်နှင့် ခေတ်သစ်နာဇီရှင်းလင်းရန် အထူးစစ်ဆင်ရေး ဆင်နွှဲနေကြောင်း အကြောင်းပြနေခဲ့သည်။ ယင်းအကြောင်းပြချက်သည် အခြေအမြစ်မရှိကြောင်း၊ လူပေါင်း ထောင်နှင့်ချီ၍ သေဆုံးခဲ့ပြီး မြို့ကြီးများ ပျက်စီးစေခဲ့သည့် စစ်ပွဲသာဖြစ်ကြောင်း ယူကရိန်းနှင့်မဟာမိတ်များက တုံ့ပြန်ခဲ့ကြသည်။
သို့သော် အနောက်နိုင်ငံမှလာသည့် ထောက်ပံ့ရေးစစ်လက်နက်များကြောင့် မိမိတို့တိုက်ခိုက်မှုလမ်းကြောင်းကို ပြောင်းလဲမည်မဟုတ်ကြောင်း ကရင်မလင်နန်းတော်မှ ပြောခွင့်ရသူ ဒီမီထရီပက်စကော့က သတင်းထောက် များကို ပြောကြားခဲ့သည်။
ရုရှား၏ပစိဖိတ်ရေယာဉ်အုပ်စုသည် သင်္ဘော ၄၀ ကျော်နှင့် လေယာဉ်အစီး ၂၀ ပါဝင်လျက် သီတင်းတစ်ပတ်ကြာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားလျက် သတင်း ဌာနက ဖော်ပြခဲ့ကြသည်။
ယူကရိန်းစစ်မြေပြင်တွင် ရက်အတန်ကြာ တိုက်ပွဲများ ပြင်းထန်နေခဲ့ပြီး အရှေ့ပိုင်းစက်မှုမြို့တော် ဆီဗီးရိုဒွန်နက်ဆက်တွင် ယခုအခါ အပျက်အစီးများနေခဲ့သည်။
လူဟန်ဆက်ဒေသကို သိမ်းပိုက်ပြီးလျှင် ပူတင်၏စစ်ရေးရည်မှန်းချက်ထဲမှ တစ်ခုသည် ပြီးမြောက်အောင်မြင်မည် ဖြစ်သည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 1193
CNI International News
ပါရီ၊ ဇွန်လ ၃
ဥရောပနှင့်ယူကရိန်းသို့ ဝါရှင်တန်နှင့်မဟာမိတ်များ ပေးပို့သည့် လက်နက်များသည် ကမ္ဘာ့မှောင်ခို ဈေးကွက်ထဲတွင် အဆုံးသတ် သွားနိုင်ဖွယ်ရှိကြောင်း နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) အထွေထွေအတွင်းရေးမှူးချုပ် ဂျူယာဂင်စတော့ (Juergen Stock) က ဇွန်လ ၁ ရက်တွင် ပြောကြားခဲ့သည်ဟု အာရ်တီသတင်းဌာနက ရေးသားဖော်ပြသည်။
ရာဇဝတ်ဂိုဏ်း ပေါင်းစုံတို့သည် အဆိုပါ လက်နက်များကို မျက်စိကျနေကြကြောင်း ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ အင်ဂလို-အမေရိကန် စာနယ်ဇင်းအသင်းမှ သတင်းထောက်များနှင့် တွေ့ဆုံစဉ် အင်တာပိုလ် တာဝန်ရှိသူတစ်ဦး အနေဖြင့် ဂျူယာဂင် စတော့က ပြောကြားခဲ့သည်။
ယူကရိန်းထံ ပေးအပ်ခဲ့သည့် လက်နက်များ နောက်ဆုံး ရောက်ရှိသည့် နေရာအသီးသီးကို ခြေရာခံ စူးစမ်းရာ၌ တက်ကြွစွာ ပါဝင်ကြရန် အင်တာပိုလ် (Interpol) အဖွဲ့ဝင် နိုင်ငံများကို ဂျူယာဂင်စတော့က တိုက်တွန်းခဲ့သည်။
လက်နက် ထောက်ပံ့သူများအနေဖြင့် ယင်းသို့ စူးစမ်းမှု၌ တက်ကြွစွာ ပါဝင်သင့်ကြောင်း ၎င်းက ထပ်လောင်း တိုက်တွန်းခဲ့သည်။
မော်စကိုနှင့် ကိယက်ဗ်တို့ စစ်ရေးပဋိပက္ခ ပြီးဆုံးသည်နှင့်တပြိုင်နက် ကမ္ဘာ့မှောင်ခို ဈေးကွက်ထဲတွင် လက်နက်ကြီး၊ လက်နက်ငယ်များ အစုလိုက် အပြုံလိုက် ဖြစ်လာမည်ဟု ၎င်းမှန်းဆနေသည်။
“အခု ပစ်တာခတ်တာ ရပ်သွားရင် တရားမဝင် လက်နက်တွေ ပေါ်လာလိမ့်မယ်။ ဒါကို တခြား ပဋိပက္ခတွေတုန်းက အတွေ့အကြုံ တွေအရ အကဲခတ်လို့ ရပါတယ်။ အခု ကျနော်ပြောသလို ရာဇဝတ်ဂိုဏ်းသားတွေ ဒီလက်နက်တွေကို အာရုံစိုက် နေကြတယ်” ဟု ဂျူယာဂင်စတော့က ဆက်လက် ပြောကြားခဲ့သည်။
ယူကရိန်းကို အမေရိကန် ထောက်ပံ့ပေးတဲ့ စစ်လက်နက်များ (GETTY IMAGES)
စစ်ရေးတွင် အသုံးပြုသည့် လက်နက်ကြီး အပါအဝင် ဖောက်ခွဲရေး ပစ္စည်းများကို ရာဇဝတ်ဂိုဏ်းများ စည်းလွတ်ဝါးလွတ် ကိုင် ဆောင်လာမည်ကို ကြိုးပမ်းလာနိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
“အဲဒီအဖွဲ့တွေက ကမ္ဘာ့နေရာအနှံ့မှာ လှုပ်ရှားနေတဲ့အတွက် ဘယ်နိုင်ငံ (ဒါမှမဟုတ်) ဘယ်ဒေသကမှ သူတို့ကို သီးခြားခွဲ ထုတ်ပြီး အရေးယူနိုင်မှာ မဟုတ်ဘူး” ဟု ဂျူယာဂင်စတော့က သတိပေးခဲ့သည်။
ဥရောပတွင် တရားမဝင် လက်နက် အများအပြား ပေါ်ပေါက်လာပြီးနောက် ယူကရိန်းသို့ ပေးပို့မည့် လက်နက်များတွင် ခြေရာခံသည့် စနစ်တစ်ခု ထူထောင်ရန်နှင့် ထိုစနစ်ကို အင်တာပိုလ် အဖွဲ့ဝင်များ သုံးကြရန် ၎င်းက တောင်းဆိုခဲ့သည်။
ရုရှားစီးပွားရေး သမားများသည် အနောက်နိုင်ငံများ ပိတ်ဆို့ အရေးယူမှုများကို ရှောင်လွှဲခြင်းနှင့် ငွေကြေးခဝါချခြင်း စုံစမ်းစစ် ဆေးရေးအတွက် အင်တာပိုလ်၏ အလားအလာအပေါ် သတင်းထောက်များက ဆက်လက်မေးမြန်းခဲ့ရာ အင်တာပိုလ် အနေဖြင့် ယင်းကိစ္စရပ်များအတွက် စုံစမ်းစစ်ဆေးရန် တာဝန်မရှိသလို ယူကရိန်းရှိ စစ်ရာဇဝတ်မှုများ စုံစမ်းစစ်ဆေးရာတွင် မပါဝင်ကြောင်း ဂျူယာဂင်စတော့က ဖြေကြားခဲ့သည်။
အင်တာပိုလ်၏ လုပ်ပိုင်ခွင့်အရ တိကျသော ကြားနေရေးမူကို ကိုင်စွဲလျက် နိုင်ငံရေး လှုပ်ရှားမှုများကို ရှောင်ရှားရမည် ဖြစ်ကြောင်း ရှင်းပြခဲ့သည်။
အမေရိကန်သည် ဂျာမနီနှင့်ဗြိတိန် မဟာမိတ်များနှင့်အတူ ယူကရိန်း-ရုရှား စစ်စတင်တည်းက လက်နက်များ ဆက်တိုက် ပံ့ပိုး နေခဲ့သည်။ အဆိုပါ စစ်လက်နက် အများစုတွင် လက်နက်ငယ်၊ လက်နက်ကြီး၊ အရွှေ့အပြောင်း လွယ်ကူသည့် တင့်ကားနှင့် ဝေဟင်ပစ် ဒုံးကျည်များ၊ ခဲယမ်းမီးကျောက်နှင့် လောင်စာများ ပါဝင်ကြသည်။
Source: အာရ်တီသတင်းဌာန
- By CNI News
- Category: နိုင်ငံရေး
- Hits: 1780
CNI International News
ကိုဟီးမား၊ ဇွန်လ ၂
နာဂနိုင်ငံရေးပြဿနာ ပြေလည်နိုင်ရန်အတွက် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-IM) အိုက်ဆက်မွီးဘား (Isak-Muivah)သည် ဖိအားပေးခံရသည့်ကြားမှ သီးခြား နာဂအလံတော်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေတို့ကို မေလ ၃၁ ရက်က ထပ်မံ တောင်းဆိုခဲ့ကြောင်း The New Indian Express သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။
အဆိုပါ တောင်းဆိုချက်ကို NSCN-IM လက်နက်ကိုင်အဖွဲ့က ဗဟိုအစိုးရထံသို့ တင်ပြခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်သော်လည်း နှောင့်နှေးနေဆဲဖြစ်သည်။
“နိုင်ငံရေးအရ အဖြေရှာတဲ့ အနေနဲ့ နာဂအမျိုးသားအလံနဲ့ နာဂဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် ကျနော်တို့ ဘာအကြောင်းနဲ့ မှ လက်လွတ် ဆုံးရှုံးမခံနိုင်ပါဘူး။ နာဂနိုင်ငံရေး အခြေခံမူဆိုတဲ့ ခေါင်းစဉ်နဲ့ အချိုသတ် လာတာကို ကျနော်တို့ ဘယ်တော့မှ အလျှော့ မပေးသင့်ပါဘူး။ ဖိအားတွေ (ဒါမှမဟုတ်) သွေးဆောင် ဖျားယောင်းမှုတွေကို အလျှော့ပေးလိုက်ရင် ကျနော်တို့မှာ ကမ္ဘာ့အလယ်မှာ ရယ်စရာမောစရာ ဖြစ်လာလိမ့်မယ်” NSCN-IM အဖွဲ့ ဥက္ကဋ္ဌ Q Tuccu က ၎င်းအဖွဲ့၏ ပြည်လုံးကျွတ် ညီလာခံတွင် ပြောကြားခဲ့သည်။
အိုက်ဆက်မွီးဘားနဲ့ မိုဒီကိုတွေ့ရစဉ် (PTI)
NSCN ကို ၁၉၈၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက် အိုက်ဆက်ချီရှီစူ (Isak Chishi Swu) နှင့် မွီးဘားတို့ ဦးဆောင်သော NSCN-IM ၊ အက်စ်အက်စ်ကက်ပလန် (SS Khaplan) ဦးဆောင်သော NSCN-K ဟူ၍ နှစ်ဖွဲ့ ကွဲထွက်သွားခဲ့သည်။
NSCN-IM ၏ ခေါင်းဆောင်အများစုမှာ မဏိပူရရှိ နာဂများဖြစ်ကြပြီး NNPG အများစုမှာ နာဂလန်း ဒေသရှိ နာဂများ ဖြစ်ကြ သည်။
NNPG အဖွဲ့သည် သဘောတူညီချက် ရယူရန် အသင့်ဖြစ်နေပြီး အငြင်းပွားစရာ ပြဿနာများကို ကြေလည်အောင် ဖြေရှင်းပြီး ပါက ရှေ့ဆက်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။
Source: The New Indian Express
- By CNI
- Category: နိုင်ငံရေး
- Hits: 1511
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂
ဘရာဇီးလ်ဂန္တဝင် ဘောလုံးသမားကြီး ပီလီ က ယူကရိန်းအပေါ် ဆိုးသွမ်းပြီး တရားမျှတမှုမရှိတဲ့ ကျူးကျော်မှုတွေကို အဆုံး သတ်ပေးဖို့ ရုရှားသမ္မတ ပူတင်ကို ဗုဒ္ဓဟူးနေ့က လူသိရှင်ကြား ပြောလိုက်ပါတယ်။
စကော့တလန် နဲ့ ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ် ပွဲစဉ်မတိုင်ခင်မှာ ပီလီက ပြောခဲ့တာပါ။
“ကျူးကျော်မှုတွေကို ရပ်တန့်လိုက်ပါ။ အကြမ်းဖက်မှုကို အကြောင်းပြနိုင်တဲ့ ငြင်းခုံမှုဆိုတာ မရှိပါဘူး။ ဒီပဋိပက္ခတွေဟာ ဆိုးသွမ်းပြီး တရားမျှတမှု မရှိတဲ့အပြင် နာကျင်မှု၊ ထိတ်လန့်မှု၊ ကြောက်ရွံ့မှုနဲ့ ပူပန်မှုတွေက လွဲပြီး ဘယ်လိုအရာကိုမှ ယူဆောင်လာခြင်း မရှိပါဘူး”လို့ ပီလီ က သူ့ရဲ့ အင်စတာဂရမ်မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ပီလီနဲ့ ပူတင် တို့ဟာ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်ခင် ၂၀၁၇ က မော်စကိုမှာ ကျင်းပခဲ့တဲ့ ကွန်ဖက်ဒရေးရှင်း ဖလားပြိုင်ပွဲ မှာ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ကြတာပါ။ ရုရှားခေါင်းဆောင်ဟာ ပီလီ ကို သူအကြိုက်ဆုံး ကစားသမားတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းပျက်စီးမှု
ပီလီ က “ အရင်တုန်းက တွေ့ဆုံခဲ့ချိန်မှာ အကြာကြီး လက်ဆွဲ နှုတ်ဆက်ကြရင်း အပြုံးတွေကို ဖလှယ်ခဲ့ကြပါတယ်။ တစ်နေ့ မှာ ဒီလိုမျိုး ဖြစ်သွားလိမ့်မယ်လို့ တစ်ခါမှ ကျနော် မတွေးဖူးပါဘူး”လို့ ရေးသားခဲ့တာပါ။
ယူကရိန်း အသင်းကတော့ စကော့တလန် အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့ တစ်ပွဲသာ ဖြတ်ကျော် ရတော့မှာလည်း ဖြစ်ပါတယ်။ ယူကရိန်း သမ္မတ ဇာလန်းစကီး ကလည်း အနိုင်ရခဲ့တဲ့ လက်ရွေးစင် အသင်းကို ချီးကျူးမှု ပြုလုပ်သွားခဲ့ပါတယ်။
ဇာလန်းစကီး က “ ကျေးဇူးပါ ကောင်လေးတွေရေ။ ၂ နာရီကြာ ပျော်ရွှင်မှု၊ ငါတို့တွေ ကျင့်သား မရသေးတဲ့ အရာတစ်ခုပေါ့။ ငါတို့ စစ်သားတွေရော တစ်တိုင်းပြည်လုံးရော ဝမ်းသာနေကြပါတယ်။ ငါတို့ အားလုံးဟာ တိုက်ပွဲ ဝင်နေကြတယ်။ ငါတို့ ဆက်လက် တိုက်ပွဲဝင်ရမယ်။ အရာအားလုံးကို ခံနိုင်ရည်ရှိရမယ်။ ငါတို့ အနိုင်ရပါလိမ့်မယ်။ ငါတို့ဟာ ယူကရိန်း နိုင်ငံသား တွေမို့လို့ပါ”လို့ ပြောခဲ့ပါတယ်။
စကော့တလန် အသင်းကို အနိုင်ရခဲ့တဲ့ ယူကရိန်း အသင်းဟာ ကမ္ဘာ့ဖလား သွားနိုင်ဖို့အတွက် ဗိုလ်လုပွဲအဖြစ် ဝေးလ်စ် အသင်းနဲ့ ဇွန်လ ၅ ရက် ကာဒစ်ဖ် အားကစားကွင်းမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 1095
CNI International News
မော်စကို၊ ဇွန်လ ၂
အပြောင်းအလဲ မြန်ဆန်လှသည့် ကမ္ဘာတွင် ရုရှားသည် မိမိ၏အင်အား၊ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာတို့ကို ဆက်လက် မြှင့်တင်သွားမည်ဖြစ်ကြောင်း နိုင်ငံတကာ ကလေးများ ကာကွယ်စောင့်ရောက်ရေးနေ့ အထိမ်းအမှတ် အခမ်း အနားသို့ ပေးပို့သော ဗွီဒီယို မိန့်ခွန်းထဲတွင် သမ္မတ ဗလာဒီမာပူတင်က ကတိပြုပြောကြားခဲ့သည်။
အဆိုပါ အထိမ်းအမှတ်နေ့ကို ဇွန်လ ၂ ရက် (ယနေ့) ၌ မော်စကိုမြို့ရှိ ဘော်ရွှိုင်းပြဇာတ်ရုံတွင် ကျင်းပခြင်းဖြစ်သည်။
၎င်း၏ ဗွီဒီယို မိန့်ခွန်းထဲတွင် ပူတင်က ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုစကား ပြောကြားခဲ့သည်။
ရုရှားနိုင်ငံသားများနဲ့ ရုရှားအလံ (GETTY IMAGES)
“ကမ္ဘာ အပြောင်းအလဲ မြန်နေတဲ့ အချိန်အတွင်းမှာ ကလေးတွေ ရှင်သန်ကြီးပြင်းမှုကလည်း မြန်ဆန်လှပါတယ်။ ယနေ့ ရှုပ်ထွေးနေတဲ့ ကမ္ဘာမှာ ရုရှားဟာ ကိုယ့်အင်အား၊ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာကို မြှင့်တင်သွားဖို့ ယုံကြည်ချက် ရှိနေပါတယ်” ဟု ပူတင်က အာမခံခဲ့သည်။
ထိုအချင်းအရာများကို တိကျသော လမ်းကြောင်းတစ်ခုပေါ်တွင် လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း ပူတင်၏ အဆိုအရ သိရသည်။
“အဲဒီကိစ္စ အကောင်အထည်ဖော်တဲ့ နေရာမှာ စီးပွားရေး၊ နည်းပညာ၊ သိပ္ပံနဲ့ တခြားနယ်ပယ်တွေလည်း အကျုံးဝင်တဲ့အပြင် အရပ်ဘက် လူ့အဖွဲ့အစည်း၊ မျိုးချစ်ပညာရေးတွေလည်း ပါပါတယ်။ ဒါတွေအတွက် အားကောင်းတဲ့ အရပ်ဘက် အဖွဲ့အစည်း တွေနဲ့ လူငယ်တွေရဲ့ မျိုးချစ်စိတ် ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ ပါဝင်ရမယ်လို့ ကျနော် ယုံကြည်ပါတယ်” ဟု ပူတင်က ဆက် လက် ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနက ရေးသားဖော်ပြထားသည်။
Source: တာ့စ်
