- By CNI
- Category: နိုင်ငံရေး
- Hits: 1322
CNI International News
ဝါရှင်တန်၊ ဇူလိုင် ၂၈
အမေရိကန်နိုင်ငံတွင် ဒီမိုကရက်တစ် ပါတီဝင်များနှင့် ၎င်းပါတီကို လိုလားကြသူများ၏ ၇၅ ရာခိုင်နှုန်းက သမ္မတ ဂျိုးဘိုင်ဒန် မှအပ အခြားတစ်ဦးဦးကို ၂၀၂၄ ခုနှစ်အတွက် ပါတီကိုယ်စားပြု စေလိုကြောင်း CNN သတင်းဌာနက ကောက်ယူခဲ့သော စစ်တမ်း တစ်စောင်အား ကိုးကားလျက် အာရ်တီသတင်းတွင် ဖော်ပြထားသည်။
အမေရိကန်၏ စီးပွားရေးကို ကိုင်တွယ်ဖြေရှင်းရာတွင် အားနည်းသဖြင့် ဘိုင်ဒန်အပေါ် ထောက်ခံမှု အဆင့်များသည် ၃၀ ရာခိုင်နှုန်း အောက်သို့ နိမ့်ဆင်းသွားခဲ့သည်။
ဇူလိုင် ၂၆ ရက်က ထုတ်ပြန်ခဲ့သည့် အဆိုပါစစ်တမ်းတွင် ဒီမိုကရက်တစ်များနှင့် ဒီမိုကရက်တစ်ပါတီ လိုလားသူ မဲဆန္ဒရှင် ၂၅ ရာခိုင်နှုန်းကသာ ဘိုင်ဒန် ထပ်မံ အရွေးချယ်ခံရရန် မျှော်လင့်ခဲ့ကြသည်။
ထို့ကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ကောက်ယူ ခဲ့သော စစ်တမ်းဟောင်း၏ နှစ်သက်လိုလားမှု ၄၅ ရာခိုင်နှုန်းမှ ထိုးကျသွားခဲ့သည်။
ယခုစစ်တမ်းတွင် ဝင်ရောက်ဖြေဆိုသူ ၂၄ ရာခိုင်နှုန်းက ဘိုင်ဒန် မဲထပ်မနိုင်ဟု ယူဆကြပြီး ၃၂ ရာခိုင်နှုန်းက ၎င်း သမ္မတ ပြန် ဖြစ်ရေး မလိုလားကြပေ။
ဘိုင်ဒန်အပေါ် စိတ်အားထက်သန်မှုမှာ လူငယ်ပိုင်း ဒီမိုကရက်တစ် ပါတီဝင်များအကြား အနိမ့်ဆုံး တွေ့ရှိရပြီး အသက် ၄၅ နှစ် အောက် ၁၈ ရာခိုင်နှုန်းကသာ ၎င်းတို့ပါတီ၏ ၂၀၂၄ ခုနှစ် သမ္မတလောင်း ဆန်ခါတင် စာရင်းတွင် အသက် ၇၉ နှစ်အရွယ်ရှိ ဘိုင်ဒန် အရွေးခံရရန် မျှော်လင့်ကြသည်။

အမေရိကန်နိုင်ငံအလံကိုတွေ့ရစဉ်
အထက်ပါ CNN ၏ စစ်တမ်းကသာ ထိုသို့ တွေ့ရှိရခြင်း မဟုတ်ပေ။
သီးခြား စစ်တမ်းတစ်စောင်တွင်လည်း ဂရင်းနိုက်ပြည်နယ်ဟု ခေါ်ကြသည့် အမေရိကန်နိုင်ငံရှိ နယူးဟမ်ရှိုင်းယားပြည်နယ်၌ ဒီမိုကရက်တစ်ပါတီဝင် ၃၁ ရာခိုင်နှုန်းကသာ ဘိုင်ဒန်ကို ၂၀၂၄ ခုနှစ်အတွက် ပြန်လည် အရွေးခံရစေလိုပြီး ၅၉ ရာခိုင်နှုန်းက ဆန့်ကျင်ကြကြောင်း တွေ့ရှိရသည်။
ယခုလ အစောပိုင်းက Yahoo News/YouGov က ကောက်ယူခဲ့သော စစ်တမ်းတစ်စောင်တွင်လည်း အမေရိကန်နိုင်ငံသား ၁၈ ရာခိုင်နှုန်းကသာ ၂၀၂၄ ခုနှစ် ဘိုင်ဒန်၏ မဲဆွယ်စည်းရုံးမှုကို ထောက်ခံမည်ဟု ပြောကြပြီး ၆၄ ရာခိုင်နှုန်းက ကန့်ကွက်ကြ သည်။
ဘိုင်ဒန်ကတော့ နောက်ထပ်ရာထူး သက်တမ်းအတွက် ကြိုးစားမည်ဟု ပြောနေလင့်ကစား ၎င်း၏ သိမြင်နိုင်စွမ်းမှာ ကျဆင်း နေပြီး မကြာသေးမီက အိမ်ဖြူတော် အမှုထမ်း၊ အရာထမ်းများကြားတွင် ၎င်းအနားယူတော့မည်ဟူသော ကောလာဟလများ ကာလအတန်ကြာ ဂယက်ရိုက်ခဲ့သေးသည်။
အခြား တဖက်တွင်လည်း ၂၀၂၄ ခုနှစ်တွင် ပြန်လည် အရွေးခံရဖို့ ဒေါ်နယ်ထရမ့် ကြိုးပမ်းနေသော်လည်း ၎င်းကို ထောက်ခံသူ များကြားတွင် စိတ်အားထက်သန်မှုနှုန်း လျော့ကျလာသည်ကို တွေ့မြင်နေရပြန်သည်။
Source: အာရ်တီသတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 1210
CNI International News
ဘဂ္ဂဒက်၊ ဇူလိုင် ၂၈
အီရတ်နိုင်ငံတွင် ဩဇာကြီးမားသည့် ဘာသာရေးခေါင်းဆောင် မူတာဒါ အယ်လ် ဆာဒါး (Muqtada al-Sadr) ကို သစ္စာခံ ကြသူများက ဘဂ္ဂဒက်မြို့တော်အတွင်း ဦးစားပေး ကာကွယ်ထားသည့် စိမ်းလန်းဇုန် (Green Zone) အတွင်းသို့ ဇူလိုင် ၂၇ ရက်၌ ဆန္ဒပြလျက် ထိုးဖောက်ဝင်ရောက်ခဲ့ကြကြောင်း CNN သတင်းအရ သိရသည်။
၎င်းတို့သည် ဝန်ကြီးချုပ်အသစ် ခန့်အပ်ခြင်းအပေါ် မကျေမနပ် ဖြစ်နေကြသည်။
ဝန်ကြီးချုပ်အသစ် အဖြစ် မိုဟာမက် ရှီယာ အယ်လ် ဆူဒါနီ (Mohammed Shiya al-Sudani) ကို ဇူလိုင် ၂၅ ရက်၌ အီရတ် လွှတ်တော်အတွင်း အကြီးဆုံးဖြစ်သည့် ရှီးယိုက် မဟာမိတ်အဖွဲ့၏ ညှိနှိုင်းရေးမူဘောင်ဖြင့် တရားဝင် အမည်စာရင်း တင်သွင်းခဲ့သည်။
လအတန်ကြာ နိုင်ငံရေးမတည်ငြိမ်ဘဲ တင်းမာမှုများ ဖြစ်ပေါ်ပြီးနောက် ယခင်လက အစိုးရအဖွဲ့ကို ကျောခိုင်းခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ၇၀ ပါ အယ်လ်ဆာဒါး၏ လွှတ်တော်အစုအဖွဲ့ တစ်ဖွဲ့သည် ယခုဝန်ကြီးချုပ်သစ် အမည် စာရင်းတင်သွင်းခြင်းကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက် နေခဲ့ကြသည်။

ဘာသာရေးခေါင်းဆောင် မူတာဒါ အယ်လ် ဆာဒါး
အီရတ်နိုင်ငံတွင် ယမန်နှစ် အောက်တိုဘာလ လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပပြီးကတည်းက အစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်ရန် ကြိုးစားရုန်းကန်နေရသည်။ တဖန် အယ်ဆာဒါး အစုအဖွဲ့က အစိုးရဖွဲ့စည်းနိုင်ရေး ကြိုးပမ်းရာတွင်လည်း ပြိုင်ဘက် အစုအဖွဲ့များ၏ ဆန့်ကျင်မှုများက ယခင်ကတည်းက ရှိနှင့်ပြီး ဖြစ်သည်။
“အယ်လ်ဆာဒါး ထောက်ခံတဲ့ အစုအဖွဲ့ဟာ လွှတ်တော်ထဲတွင် ကျန်ရှိနေပြီးတော့ အစိုးရတစ်ရပ် ဖွဲ့စည်းရေးကို အတား အဆီး ဖြစ်နေမယ်ဆိုရင် အဲဒီ အမတ်တွေအားလုံး လွှတ်တော်ထဲက ထွက်ပေးဖို့ အသင့်ပါပဲ” ဟု အယ်လ်ဆာဒါးက ပြီးခဲ့သည့် ဇွန်လတွင် ရုပ်သံလိုင်းမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။
ထို့နောက် ၎င်းကို ထောက်ခံသည့် အမတ်များက လွှတ်တော်ကို ကျောခိုင်းထွက်ခွာသွားခဲ့ကြသည်။
အီရန်နှင့်အမေရိကန်တို့ကို ဆန့်ကျင်သည့် အနေဖြင့် မိမိကိုယ်ကို ရာထူးတပ်ထားသည့် ဘာသာရေးခေါင်းဆောင် အယ်လ်ဆာဒါးသည် အီရတ်နိုင်ငံတဝန်း၌ အလွန်ရေပန်းစား နေခဲ့သည်။
ယမန်နှစ် အောက်တိုဘာလတွင် အယ်လ်ဆာဒါး အစုအဖွဲ့၏ အောင်မြင်မှု တစ်ရပ်အနေဖြင့် ရေနံကြွယ်ဝလှသည့် အီရတ်၏ နိုင်ငံရေးကို ရေရှည်ဩဇာ လွှမ်းမိုးထားရန်အတွက် အီရန်နှင့်မဟာမိတ်ဖွဲ့ထားသည့် ရှီးယိုက်အုပ်စုများကို ဘေးဖယ်ထားမည် ဟု ခြိမ်းခြောက်ခဲ့သေးသည်။

ဝန်ကြီးချုပ်အသစ် အမည်စာရင်းတင်သွင်းခံထားရသူ မိုဟာမက် ရှီယာ အယ်လ် ဆူဒါနီ
ဇူလိုင် ၂၇ ရက်တွင် အယ်လ်ဆာဒါးသည် လွှတ်တော် အဆောက်အအုံရှေ့သို့ ရောက်ရှိလာပြီး ဆန္ဒပြသူများ အိမ်ပြန်သင့်ပြီဟု ပြောကြားခဲ့သည်။
“မတရားမှုနဲ့ အဂတိလိုက်စားမှုကို ဖျက်သိမ်းဖို့အတွက် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်တဲ့ တော်လှန်ရေး တစ်ရပ်ပဲ ဖြစ်ပါ တယ်။ ခင်ဗျားတို့ရဲ့ သဝဏ်လွှာနဲ့ သတင်းစကား(မတ်ဆေ့ချ်)ကို ကျနော် လက်ခံပြီးပါပြီ” ဟု ၎င်းက ဆန္ဒပြသူများကို ပြောကြားခဲ့သည်။
အခြားတဖက်တွင်လည်း နှုတ်ထွက်သွားပြီဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း မူစတာဖာအယ်လ်ကာဒီနီက “ယခုဆန္ဒပြသူများ အစိမ်းရောင်ဇုန်မှ ချက်ချင်း ထွက်ခွာကြရန်နှင့် ပုဂ္ဂလိက၊ အစိုးရပိုင်ပစ္စည်းများ ထိန်းသိမ်းရန်၊ လုံခြုံရေးတပ်ဖွဲ့များ၏ ညွှန်ကြားချက်များကို လိုက်နာကြရန်” တောင်းဆိုနေခဲ့သည်။
Source: CNN
- By CNI
- Category: နိုင်ငံရေး
- Hits: 1136
CNI International News
ပေါ့ဒ်ဂျိုရီကာ၊ ဇူလိုင် ၂၈
မွန်တီနီဂရိုးအစိုးရသည် ရုရှားနိုင်ငံသားများ၏ အိမ်ခြံမြေများကို စတင် သိမ်းဆည်းလိုက်ပြီဖြစ်ကြောင်း ၎င်းအစိုးရ၏ ဝက်ဘ်ဆိုက် တွင် ဇူလိုင် ၁၇ ရက်က ကြေညာခဲ့သည်ဟု တာ့စ်က ဖော်ပြသည်။
ဥရောပအရှေ့တောင်ပိုင်းရှိ မွန်တီနီဂရိုးနိုင်ငံရှိ ရုရှားနိုင်ငံသားများ ပိုင်ဆိုင်သည့် အိမ်ခြံမြေ အဆောက်အအုံ ၄၄ လုံးကို မိမိတို့ အစိုးရက သိမ်းဆည်းလိုက်ကြောင်း၊ ယူကရိန်းသို့ ရုရှားကျူးကျော်မှုအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု၏ တစိတ်တပိုင်းအဖြစ် ယခုလို သိမ်းဆည်းလိုက်ခြင်းဖြစ်ကြောင်း မွန်တီနီဂရိုးပြည်ထဲရေးဝန်ကြီး ဖိလစ်အက်ဇစ် (Filip Adzic) က ပြောကြားခဲ့သည်။
ရုရှားနိုင်ငံသားများနှင့် ရုရှားကုမ္ပဏီများသည် မွန်တီနီဂရိုးနိုင်ငံ၏ စီးပွားရေးကဏ္ဍတွင် ယမန်နှစ် တစ်နှစ်တည်း၌ ယူရိုငွေ ၁၂၉ သန်းကျော် ရင်းနှီးမြှုပ်နှံခဲ့ကြရာ ယူရိုငွေ ၄၉ ဒသမ ၄၆ သန်းခန့်မှာ ထိုနိုင်ငံ၏ အိမ်ခြံမြေလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ ခဲ့ကြခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အရ သိရသည်။

မွန်တီနီဂရိုးသမ္မတ မီလို ဒူကာနိုဗစ်
လွန်ခဲ့သည့် ၁၅ နှစ်အတွင်း ရုရှားသည် မွန်တီနီဂရိုးနိုင်ငံ၌ စီးပွားရေးအတွက် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်ခဲ့ပြီး တစ်နှစ် လျှင် ရင်းနှီးမြှုပ်နှံမှုပမာဏ အနည်းဆုံး ပျမ်းမျှ ယူရိုငွေ ၁.၅ ဘီလီယံ (သို့မဟုတ်) ယူရိုငွေ သန်း ၁၀၀ ခန့် ရှိကြောင်း မွန်တီနီ ဂရိုးဆိုင်ရာ ရုရှားသံအမတ် ဗလာဒီစလပ်ဗ် မက်စ်လန်နီကော့ဗ် (Vladislav Maslennikov) က ပြန်ပြောင်း ပြောပြခဲ့သည်။
မွန်တီနီဂရိုးသည် ပြီးခဲ့သည့် မတ်လ ၁ ရက်၌ ဥရောပသမဂ္ဂ (EU) ၏ ရုရှားဆန့်ကျင်ရေး ပိတ်ဆို့ဒဏ်ခတ်မှုတွင် ပါဝင်ခဲ့သည်။
မြောက်အတ္တလန္တိတ်စစ်စာချုပ်(နေတိုး) အဖွဲ့ဝင်နိုင်ငံများ၏ ထိပ်သီး အစည်းအဝေးအပြီး မွန်တီနီဂရိုးသမ္မတ မီလို ဒူကာနိုဗစ် (Milo Dukanovic) က ယူကရိန်းနှင့်အတူ ရပ်တည်ကြောင်း ကြေညာခဲ့သည်။
တစ်ချိန်တည်းမှာပင် မွန်တီနီဂရိုးနိုင်ငံရှိ မြို့ကြီးများတွင် ရုရှားထောက်ခံသည့် ချီတက်ပွဲများလည်း အခါအားလျော်စွာ ပေါ်ပေါက်လာခဲ့သည်။
အဆိုပါ ချီတက်ပွဲများတွင် ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှု ရုပ်သိမ်းပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။ မွန်တီနီဂရိုး လွှတ်တော်ထဲတွင် သက်ဆိုင်ရာ ဆုံးဖြတ်ချက်ကို ထည့်သွင်းစဉ်းစားရန်အတွက် လက်မှတ်ပေါင်း ၆ ထောင်ခန့်ကို စုဆောင်းထားရှိသည်။
Source: တာ့စ်သတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 1754
CNI International News
ပြုံယမ်း၊ ဇူလိုင် ၂၈
အမေရိကန်၊ တောင်ကိုရီးယားနှင့် စစ်ရေးပဋိပက္ခများ၌ နျူကလီးယားလက်နက် သုံးရန် အဆင်သင့် ဖြစ်နေပြီဟု မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက ခြိမ်းခြောက်၍ သတိပေးလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာ က ကြေညာခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။
ကိုရီးယားကျွန်းဆယ်ကို စစ်ရေး အစွန်းတဖက်သို့ ရောက်အောင် တွန်းပို့နေကြောင်း ပြိုင်ဘက်များအပေါ် ကင်မ်က ယခုကဲ့သို့ ပြင်းထန်သည့် ရာဇသံပေး လိုက်ခြင်းလည်း ဖြစ်သည်။
၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲ ပြီးဆုံးခြင်း ၆၉ နှစ်မြောက် အထိမ်းအမှတ် မိန့်ခွန်းထဲတွင် ၎င်းက အထက်ပါအတိုင်း ထည့် သွင်း ပြောကြားခဲ့သည်။
ကင်မ်ဂျုံအန်း၏ အထက်ပါမိန့်ခွန်းသည် ကပ်ရောဂါနှင့် ဆက်နွှယ်သော စီးပွားရေး အခက်အခဲများ ကြုံနေရသည့် ဆင်းရဲ နွမ်းပါးသော တိုင်းပြည်အတွက် ပြည်တွင်းစည်းလုံးရေးကို မြှင့်တင်ရန် ရည်ရွယ်သည်မှာ ထင်ရှားကြောင်း၊ နွေရာသီ စစ်ရေး လေ့ကျင့်မှု တိုးချဲ့ရန် ပြင်ဆင်နေချိန်၌ မြောက်ကိုရီးယားအနေဖြင့် အမေရိကန်နှင့်တောင်ကိုရီးယားတို့အပေါ် ခြိမ်းခြောက်မှု ပိုမိုပြင်းထန်လာဖွယ်ရှိကြောင်း လေ့လာစောင့်ကြည့်သူအချို့က ပြောကြသည်။
“ကျနော်တို့ လက်နက်ကိုင် တပ်ဖွဲတွေဟာ ဘယ်လို အကျပ်အတည်းမျိုးကိုဆို တုံ့ပြန်ဖို့ လုံးဝပြင်ဆင်ထားပါပြီ။ ကျနော်တို့ရဲ့ နျူကလီးယား အကာအကွယ်ပေးမှုဟာလည်း သူ့ရဲ့မစ်ရှင်နဲ့အညီ အကြွင်းမဲ့ အာဏာအပေါ် တာဝန်ကျေကျေပွန်ပွန်၊ တိတိ ကျကျနဲ့ အလျင်အမြန် စုစည်းလှုပ်ရှားဖို့ အဆင်သင့်ပါပဲ” ဟု ကင်ဂျုံအန်းက ဇူလိုင် ၂၇ ရက် မိန့်ခွန်းထဲတွင် ဆက်လက် ပြောကြားခဲ့သည်ဟု ကိုရီးယားဗဟိုသတင်းဌာန (KCNA) က သတင်းထုတ်လွှင့်ခဲ့သည်။

တောင်ကိုရီးယားသမ္မတသစ် ယွန်ဆော့ရွဲနဲ့ ဘိုင်ဒန်
မြောက်ကိုရီးယားသည် ၎င်း၏ ရန်လိုသော မူဝါဒများကို မျှတစေရေးအတွက် အမေရိကန်ကို ‘နတ်ဆိုး’ ဟု ကင်ပွန်းတပ်ခဲ့ သည်။
အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေး လေ့ကျင့်မှုသည် မြောက်ကိုရီးယားအနေဖြင့် ၎င်း၏လုပ်ရိုးလုပ်စဉ် စစ်ရေး လှုပ်ရှားမှုများအနက် ဒုံးကျည်စမ်းသပ်မှုများအပေါ် ရန်လိုခြင်း (သို့မဟုတ်) ခြိမ်းခြောက်ခြင်းအဖြစ် မှတ်ယူသောကြောင့် အမေရိကန်အနေဖြင့် နှစ်ထပ်စံနှုန်းနှင့် ဒုစရိုက်ဂိုဏ်းဖွဲ့ လှုပ်ရှားသည့် ရှုထောင့်မျိုးကို ပြသနေကြောင်း ကင်မ်ဂျုံအန်းက ထပ်လောင်း ပြောကြားခဲ့သည်။
တောင်ကိုရီးယားသမ္မတသစ် ယွန်ဆော့ရွဲ (Yoon Suk Yeol) သည်လည်း ထိပ်တိုက်ရင်ဆိုင်ခြင်း ရူးသွပ်မှု နေရာ၌ ယခင် တောင်ကိုရီးယား ခေါင်းဆောင်များထက် သာလွန်သွားပြီဖြစ်ကြောင်း၊ ယွန်၏ ရှေးရိုးစွဲဝါဒီ (ကွန်ဆာဗေးတစ်) အစိုးရကို ဒုစရိုက်ဂိုဏ်းများက ဦးဆောင်နေကြောင်း ကင်မ်ဂျုံအန်းက ဝေဖန်ပုတ်ခတ်ခဲ့သည်။
မေလတွင် စတင် တာဝန်ယူခဲ့သော သမ္မတသစ် ယွန်ဆော့ရွဲအစိုးရသည် အမေရိကန်နှင့်ဆိုးလ်တို့၏ စစ်ရေးမဟာမိတ် ဆက်ဆံရေး အားကောင်းစေရန် ကြိုးပမ်းခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယား နျူကလီးယား ခြိမ်းခြောက်မှုကို ကြိုတင် ဟန့်တားနိုင်ရေး အပါအဝင် အကယ်၍ ယင်းခြိမ်းခြောက်မှု ပေါ်ပေါက်လာသည့်အခါ ချေမှုန်းနိုင်ရန် တောင်ကိုရီးယား၏ စစ်ရေးစွမ်းရည် မြှင့်တင်ခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1418
CNI International News
ကင်ရှာဆာ၊ ဇူလိုင် ၂၇
ကွန်ဂိုနိုင်ငံအရှေ့ပိုင်းတွင် ပြည်တွင်းသို့ လာရောက် အမှုထမ်းနေကြသည့် ကုလသမဂ္ဂ (UN) မစ်ရှင်အဖွဲ့ကို ဆန့်ကျင် ကန့်ကွက်သော နှစ်ရက်ကြာ ဆန္ဒပြမှုများအတွင်း အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး ဆယ်ဂဏန်းမျှ ဒဏ်ရာရခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ဇူလိုင် ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂ (UN) ငြိမ်းချမ်းရေးတပ်ဖွဲ့တွင် အမှုထမ်းနေကြသည့် မော်ရိုကိုနိုင်ငံမှ တပ်ဖွဲ့ဝင်တစ်ဦးနှင့် အိန္ဒိယနိုင်ငံမှ နိုင်ငံ တကာ ရဲတပ်ဖွဲ့ဝင် နှစ်ဦးတို့လည်း သေဆုံးသူများ စာရင်းထဲတွင် ပါဝင်ခဲ့သည်။
မြောက်ပိုင်း ကီဝူပြည်နယ်၊ ဘူတန်ဘိုမြို့ရှိ UN အခြေစိုက် စခန်းတွင်လည်း အီဂျစ်ရဲတစ်ဦး ဒဏ်ရာရခဲ့ကြောင်း UN ထုတ်ပြန် ချက်အရ သိရသည်။
ဆန္ဒပြသူများထဲမှ အကြမ်းဖက် တိုက်ခိုက်သူများသည် ကွန်ဂိုရဲတပ်ဖွဲ့ဝင်များထံမှ လက်နက်များ လုယူပြီး UN အမှုထမ်းများ ကို ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ကွန်ဂိုက UN ဆန့်ကျင်ရေး ဖြစ်ပွားနေမှု (AP)
မြောက်ပိုင်း ကီဝူပြည်နယ်အတွင်း UN စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်မှုများနှင့် အကြမ်းဖက်မှုများကို UN အတွင်းရေး မှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ၎င်း၏လက်ထောက်ဖြစ်သူ ပြောခွင့်ရပုဂ္ဂိုလ် ဖာဟန် ဟက် (Farhan Haq) က ပြောကြားခဲ့သည်။
ဇူလိုင် ၂၆ ရက်တွင် ရာနှင့်ချီသော အကြမ်းဖက် တိုက်ခိုက်သူများသည် ဂိုမာနှင့် မြောက်ပိုင်း ကီဝူပြည်နယ်တို့ရှိ UN တပ်ဖွဲ့၏ စစ်အခြေစိုက် စခန်းများကို တိုက်ခိုက်ခဲ့ကြောင်း၊ UN ဆန့်ကျင်ရေးအတွက် လူတစ်ဦးချင်းနှင့် အုပ်စုလိုက်ဖွဲ့၍ တိုက်ခိုက် ကြ ခြင်း ဖြစ်ကြောင်း၊ အထူးသဖြင့် လူမှုကွန်ရက် မီဒီယာများတွင် ရန်လိုမုန်းတီးသော သဘောထားမှတ်ချက် (comment)များ နှင့် ခြိမ်းခြောက်မှုက သွေးထိုးလှုံ့ဆော် ပေးခြင်းကြောင့်ဖြစ်ကြောင်း ဖာဟန်ဟက်က ဆက်လက် ပြောကြားခဲ့သည်။

ကွန်ဂိုက UN ဆန့်ကျင်ရေး ဖြစ်ပွားနေမှု (AP)
“လူအုပ်က ကျောက်ခဲတွေ၊ ဓာတ်ဆီပုလင်းဗုံးတွေနဲ့ ပစ်ပေါက်ကြတယ်။ သူတို့က UN စခန်းတွေကို ဝင်တိုက်တာ၊ လုယက် ဖျက်ဆီးတာ၊ စခန်းကို မီးရှို့တာတွေ လုပ်ခဲ့ကြတယ်” ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။
အခင်းဖြစ်ပွားရာသို့ အမြန်ဆုံး တုံ့ပြန်ထိန်းချုပ်နိုင်ရေးအတွက် တပ်ဖွဲ့များ စေလွှတ်ခဲ့သော်လည်း အကြမ်းဖက်မှုများ ရပ်တန့် သွားသည့် အထောက်အထား မတွေ့ရသေးပေ။
UN အမှုထမ်းများ၏ နေအိမ်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပြီးနောက် ယခုအခါ UN စခန်းများကို ပြောင်းလဲ တိုက်ခိုက် လာခဲ့ကြောင်း ဖာဟန်ဟက်က ရှင်းပြသည်။
အင်္ဂါနေ့ UNDP ရုံးဝင်းအတွင်းသို့ လူအုပ်ဖွဲ့၍ တိုးဝင်ရန် ကြိုးစားခဲ့သော်လည်း လုံခြုံရေးအစောင့်များက တုံ့ပြန်ချေမှုန်းနိုင်ခဲ့ ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
ဆန္ဒပြ အကြမ်းဖက်နေသူများက ၎င်းတို့နိုင်ငံအတွင်း နှစ်ပေါင်း အတန်ကြာ ရှိနေကြသည့် ကုလသမဂ္ဂ (UN) ငြိမ်းချမ်းရေး တပ်ဖွဲ့များ အမြန်ဆုံး ထွက်ခွာသွားကြရန် တောင်းဆိုနေကြသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1885
CNI International News
ကိယက်ဗ်၊ ဇူလိုင် ၂၇
လက်နက်ခဲယမ်းမီးကျောက်ကိစ္စအတွက် ကျင့်သုံးသည့်မူအတိုင်း ယူကရိန်းသို့ သဘာဝဓာတ်ငွေ့များပေးပို့ရန် အမေရိကန်ကို မိမိတို့တောင်းခံသွားမည်ဖြစ်ကြောင်း ယူကရိန်းဝန်ကြီးချုပ် ဒန်းနစ်ရှမီဂဲလ်က ဇူလိုင် ၂၆ ရက်တွင် ပြောကြားခဲ့သည်ဟု အာရ်တီသတင်းဌာနက ရေးသားဖော်ပြသည်။
လာမည့်ဆောင်းရာသီအတွက် ဓာတ်ငွေ့လိုအပ်ချက် ရှိလိမ့်မည်ဖြစ်ကြောင်လည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ယခုအတောအတွင်း ဥရောပသမဂ္ဂ (EU) က ဓာတ်ငွေ့များကို ခွဲတမ်း ချမှတ်နေခဲ့သည်။
“အပူဓာတ်ပေးဖို့ လိုအပ်တဲ့ ရာသီအတွက် ကျနော်တို့နိုင်ငံကို ဓာတ်ငွေ့ပို့ပေးဖို့ အမေရိကန် အစိုးရဆီကို ကျနော်တို့ အစိုးရ ကနေ တောင်းခံမယ့်ကိစ္စ ဆုံးဖြတ်ချက်ချခဲ့ပါတယ်” ဟု ဒန်းနစ်ရှမီဂဲလ်က အစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားခဲ့ကြောင်း ၎င်း၏ တယ်လီဂရမ်ချန်နယ်တွင် လွှင့်တင်ထားသည့် ဗွီဒီယိုဖိုင်အရ သိရသည်။
“ကျနော်တို့မှာ အခက်ခဲဆုံး ဖြတ်သန်းရမယ့် ဆောင်းရာသီအတွက် ပြင်ဆင်မှုတွေ ဆက်လက် လုပ်ဆောင်နေပြီးတော့ ဘယ်လို အခြေအနေမျိုးမှာမဆို အဆင်သင့်ဖြစ်ဖို့ ရနိုင်မယ့် ပစ္စည်းကိရိယာအားလုံး ကျနော်တို့ ရှာဖွေစုဆောင်းနေပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
ထိုသို့ အဆိုပြု တောင်းခံကြောင်း အစီအစဉ်ကို မည်သို့ လုပ်ဆောင်မည်ဟု ရှမီဂဲလ်က အသေးစိတ် ထုတ်မပြောသော်လည်း ချေးငှားခြင်းဟူသော အသုံးအနှုန်းအရ ကိယက်ဗ်အစိုးရသည် အမေရိကန်ထံမှ သဘာဝဓာတ်ငွေ့ရည် (LNG) ကို အခမဲ့ရ ယူရန် မျှော်လင့်ထားပုံ ရသည်။

အမေရိကန် သဘာဝဓာတ်ငွေ့ရည် (LNG) သင်္ဘော
အမေရိကန်သည် ၎င်း၏ LNG ကို ဥရောပဈေးကွက်သို့ တင်ပို့ရောင်းချရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း ရုရှား၏ ဓာတ်ငွေ့နှင့် ဈေးနှုန်းအရ မယှဉ်နိုင်ခဲ့ပေ။
လက်ရှိကာလတွင် ဝါရှင်တန်သည် ယူကရိန်းသို့ ဒေါ်လာသန်းနှင့်ချီသော လက်နက်နှင့်ခဲယမ်း မီးကျောက်များ ပေးပို့လျက်ရှိ သည်။
ယူကရိန်းပိုင် ဓာတ်ငွေ့ကုမ္ပဏီဖြစ်သည့် နက်ဖ်ဂိုဂက်ဇ် (Naftogaz) သည် ၎င်း၏စာချုပ်များ ပျက်ကွက်ခဲ့ပြီးနောက် လာမည့် ဆောင်းရာသီအတွက် သဘာဝဓာတ်ငွေ့ တင်သွင်းရန် လိုအပ်သော ငွေကြေးပမာဏ အပြည့်အဝရရှိဖို့ ကိယက်ဗ်အစိုးရထံသို့ တောင်းဆိုစဉ် အထက်ပါအတိုင်း ရှမီဂဲလ်၏ အဆိုပြုကမ်းလှမ်းချက် ထွက်ပေါ်လာခဲ့သည်။
သို့သော် အဆိုပါကုမ္ပဏီသည် အလွဲသုံးစားလုပ်ခဲ့ကြောင်း ယူကရိန်းဝန်ကြီးချုပ်ဟောင်း ယူလီယာတီမိုရှန်ကို (Yulia Timoshenko) က စွပ်စွဲခဲ့သည်။
ကုမ္ပဏီသည် ယူကရိန်းအတွက် တကယ်တမ်း မလိုအပ်ဘဲ ဓာတ်ငွေ့ပိုလျှံနေသော်လည်း ဓာတ်ငွေ့ ဝယ်ယူရေးအတွက် ငွေကြေး ဘီလီယံနှင့်ချီသည့် လိမ်လည်လှည့်ဖြားမှုတွင် ပါဝင်နေကြောင်း ၎င်းက စွပ်စွဲခဲ့ခြင်းဖြစ်သည်။
ယူလီယာတီမိုရှန်ကိုသည် ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ အမေရိကန် ကျောထောက်နောက်ခံပြု ယူကရိန်းအစိုးရအဖွဲ့ကို ဦးဆောင်ခဲ့ဖူးပြီး ယခုအခါ အဖမြေပါတီ (Fatherland) ခေါင်းဆောင်အဖြစ် လွှတ်တော်ထဲတွင် ရှိနေဆဲဖြစ်သည်။
Source: အာရ်တီသတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 1843
CNI International News
ဝါရှင်တန်၊ ဇူလိုင် ၂၇
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ဇူလိုင် ၂၈ ရက်တွင် တွေ့ဆုံ ဆွေးနွေးကြရန် ရှိကြောင်း၊ ထိုင်ဝမ် အရေးနှင့်ပတ်သက်၍ တရုတ်တောင်းဆိုမှုများ၊ ဝါရှင်တန်နှင့် ဘေဂျင်းတို့အကြား တင်းမာမှုအသစ်များ ရှိနေချိန် ၄ လအတွင်း ပထမဆုံး တွေ့ဆုံကြမည်ဖြစ်ကြောင်း အမေရိကန် အစိုးရအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားလျက် အေပီ သတင်းတွင် ဖော်ပြထားသည်။
သို့သော် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ဒုတိယမြောက် ထိုင်ဝမ်ကျွန်းသို့ အလည်အပတ် လာရောက် နိုင်ခြေသည် နှစ်နိုင်ငံကြား ဆက်ဆံရေးကို ရှုပ်ထွေး၍ တင်းမာစေခဲ့သည်။
တရုတ်က ၎င်း၏ပိုင်နက် တစိတ်တပိုင်းအဖြစ် ပြောကြားထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းသို့ နန်စီပလိုစီ သွားရောက် လည်ပတ်ပါက ဘေဂျင်းအစိုးရအနေဖြင့် ပြင်းထန်သော အရေးယူမှုများ လုပ်ဆောင်မည်ဟု သတိပေးထားသည်။
ယခု သမ္မတနှစ်ဦး တွေ့ဆုံမည့် အစီအစဉ် အသေးစိတ်ကို ထုတ်ဖော်ပြောကြားရန် အဆိုပါ အမေရိကန်အရာရှိက ငြင်းဆန်ခဲ့ သည်။ တွေ့ဆုံကြမည့် နေ့ရက်ကိုတော့ Bloomberg မီဒီယာက ဦးစွာ သတင်းဖော်ပြခဲ့သည်။
နန်စီပလိုစီသည် ထိုင်ဝမ်သို့ သွားမည့်အကြောင်း အတည်မပြုသေးသော်လည်း ယခုအချိန်အထိ ထိုကျွန်းသို့ သွားရောက်ရန် စိတ်ကူးမရှိဟု အမေရိကန် စစ်ဘက်အရာရှိများက ယုံကြည်ထားကြောင်း ယခင်သီတင်းပတ်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဘိုင်ဒန်က ပြောကြားခဲ့သည်။

နန်စီပလိုစီကိုတွေ့ရစဉ်
နန်စီပလိုစီ ထိုင်ဝမ်သွားမည့်အကြောင်း ဘိုင်ဒန်၏ မှတ်ချက်စကားသည် ဧပြီလတွင် သွားရောက်ရန် မူလက စီစဉ်ခဲ့သော ခရီးစဉ်ဖြစ်ပြီး ၎င်းထံတွင် Covid-19 ရောဂါပိုး တွေ့ရှိရသဖြင့် ဆိုင်းငံ့ထားခဲ့သည်။
ထိုင်ဝမ်သို့ ၎င်းသွားရောက်ရန် အစီအစဉ် ရှိ/မရှိကိုတော့ ခရီးသွားလာမှုဆိုင်ရာ လုံခြုံရေးအစီအမံအရ ထုတ်ဖော်ပြောကြားရန် ငြင်းဆန်ထားသည်။
သို့သော် ဘိုင်ဒန်၏ မှတ်ချက်စကားမှာ အရင်းခံဖြစ်ကြောင်း နန်စီပလိုစီက ပြောကြားခဲ့သည်။
“ကျနော်တို့လေယာဉ် ပစ်ချခံရမှာ (ဒါမှမဟုတ်) တစ်ခုခုဖြစ်မှာကို စစ်ဘက်အရာရှိတွေက စိုးရိမ်ကြတယ်” ဟု ဘိုင်ဒန်က မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။
အမေရိကန် ရီပက်ဘလီကန်အမတ် နယူးဝပ်ဂျင်ဂရစ်ချ် (Newt Gingrich) အောက်လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူစဉ် ၁၉၉၇ ခုနှစ်တွင် ထိုင်ဝမ်သို့ လာရောက်ပြီးနောက်ပိုင်း ယခု နန်စီပလိုစီသည် အဆိုပါကျွန်းသို့ ပထမဆုံး လာရောက်မည့် အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်သည်။
“ထိုင်ဝမ်ကို ထောက်ခံကြောင်း ပြသဖို့က ကျမတို့အတွက် အရေးကြီးပါတယ်။ ထိုင်ဝမ်မှာ လွတ်လပ်ရေးရတယ်လို့ ဘယ်သူမှ မပြောဖူးပါဘူး။ အဲဒါက ထိုင်ဝမ်အပေါ်မှာပဲ မူတည်ပါတယ်” ဟု နန်စီပလိုစီက ပြောကြားခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1535
CNI International News
ဖနွမ်ပင်၊ ဇူလိုင် ၂၇
မြန်မာအတိုက်အခံ တက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်ခြင်းအပေါ် စိတ်ပျက်မိကြောင်း၊ များစွာ အပြစ်တင် ရှုတ်ချစရာ လုပ်ရပ်ဖြစ်ကြောင်း အာဆီယံက ထုတ်ဖော်ပြောကြားလိုက်သည်ဟု ဖနွမ်ပင်ပို့စ်သတင်းတွင် တွေ့ရသည်။
ယခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌတာဝန်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ထမ်းဆောင်နေသည်။
ထိုလုပ်ရပ်သည် အာဆီယံဥက္ကဋ္ဌ၏ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီရန် ဆန္ဒမရှိခြင်းကို ကိုယ်စားပြုနေကြောင်း ဇူလိုင် ၂၅ ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။
“အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားသည် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မေတ္တာရပ်ခံခဲ့သော်လည်း အတိုက်အခံ တက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်လိုက်ခြင်းအတွက် အာဆီယံအနေဖြင့် လွန်စွာစိတ်ပျက်မိကြောင်း၊ အာဆီယံ၏ အလေးအနက် ထားရမည့် ကိစ္စအဖြစ် အခြားအာဆီယံ အဖွဲ့ဝင်များအနေဖြင့် ပြန်လည် စဉ်းစားကြရန်လိုကြောင်း” အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် နစကသည် အကြမ်းဖက်မှုကို ကူညီသည်ဟု စွပ်စွဲခံထားရသော အတိုက်အခံ တက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်လိုက်ကြောင်း ဇူလိုင် ၂၅ ရက်တွင် ကြေညာခဲ့သည်။
အဆိုပါ ၄ ဦးမှာ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ ဖြစ်ကြသည်။

ကွပ်မျက်ခံသူ လေးဦးကိုတွေ့ရစဉ်
အာဆီယံဥက္ကဋ္ဌ၏ ကြေညာချက်ထဲတွင် “အကျပ်အတည်း၏ ရှုပ်ထွေးမှုနှင့် မြန်မာနိုင်ငံအရပ်ရပ်မှ အလွန်အမင်း တုန်လှုပ် ခြောက်ခြားနေသည့် ခံစားချက်ကို အသိအမှတ်ပြုကြောင်း၊ အာဆီယံ အသိုက်အဝန်း တစ်ခုလုံးက အခြေအနေ ထိန်းသိမ်း၍ စိတ်ရှည်သည်းခံကာ ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း” တိုက်တွန်းထားသည်။
ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၆ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၅၅ ကြိမ် မြောက် အာဆီယံဝန်ကြီများ အစည်းအဝေးမတိုင်မီ တစ်ပတ်အလိုတွင် ယခုပြစ်ဒဏ် ချမှတ်ခြင်းကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။
“ဒီလုပ်ရပ်ဟာ အလွန်ရှုတ်ချစရာ ဖြစ်ပြီးတော့ အထူးသဖြင့် သဘောတူထားတဲ့ အချက် ၅ ချက်အတွက် အာဆီယံဥက္ကဋ္ဌရဲ့ ကြိုးပမ်း အားထုတ်မှုတွေကို ပံ့ပိုးကူညီလိုတဲ့ စိတ်ဆန္ဒ ကင်းမဲ့နေတယ်ဆိုတာ တွေ့ရပါတယ်။ အဲဒီအချက် ၅ ချက်ထဲမှာ ယုံကြည်မှု တည်ဆောက်ရန်၊ အကြမ်းဖက်မှုများ အဆုံးသတ်ရန်နှင့် အပြစ်မဲ့ပြည်သူများ သက်သာရာရစေဖို့ သက်ဆိုင်သူ အားလုံး တွေ့ဆုံဆွေးနွေးရန်တို့ ပါဝင်ပါတယ်” ဟု ကြေညာချက်ထဲတွင် ဆက်လက် ဖော်ပြထားသည်။
“အာဆီယံပဋိညာဉ် စာတမ်းပါ အခြေခံမူတွေနဲ့ အများသဘော ဆန္ဒအရ လုပ်ပိုင်ခွင့်တွေကို အာဆီယံက ကတိကဝတ် ပြုထားပါတယ်။ အာဆီယံဥက္ကဋ္ဌ ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံ အနေနဲ့ အဲဒီအချက် ၅ ချက်ကို ထိထိရောက်ရောက်နဲ့ အပြည့်အဝ အကောင်အထည်ဖော်ဖို့ နေပြည်တော် အာဏာပိုင်တွေကို တိုက်တွန်းတဲ့အခါမှာ အာဆီယံနဲ့နိုင်ငံတကာ အသိုင်းအဝိုင်းအတွင်း ကျယ်လောင်တဲ့ အသံတွေကို ပဲ့တင်ထပ်စေချင်ပါတယ်” ဟု ကြေညာချက်ထဲတွင် ထပ်လောင်း ပြောကြားထားသည်။
Source: Phnompenh Post
- By CNI
- Category: နိုင်ငံရေး
- Hits: 2205
CNI International News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၆
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၄ ဦးကို နစက-က ကွပ်မျက်လိုက်ခြင်းအတွက် အာဆီယံမှ ယနေ့ (ဇူလိုင် ၂၆ ရက်)တွင် ပြင်းပြင်းထန်ထန် အပြစ်တင် ရှုတ်ချလိုက်ပြီး ဒေသတွင်း ကြိုးပမ်းအားထုတ်မှုများအား အဖျက်သဘောဆောင်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု Channel News Asia သတင်းတွင် ဖော်ပြထားသည်။
မြန်မာ အပါအဝင် အဖွဲ့ဝင် ၁၀ နိုင်ငံဖြင့် ဖွဲ့စည်းထားသော အာဆီယံက ယခုကဲ့သို့ ကွပ်မျက်ခြင်းအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချပြီး စိတ်ပျက်မိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
အာဆီယံသည် နောက်ထပ် အစည်းအဝေးတစ်ရပ်ကို ကျင်းပရန် ရက်သတ္တတစ်ပတ်သာ လိုတော့သည်။
“မြန်မာနိုင်ငံ အနှံ့အပြားမှ ပြင်းထန်တဲ့ စိတ်ခံစားချက်၊ အကျပ်အတည်းရဲ့ ရှုပ်ထွေးမှုတွေကို ကောင်းစွာ အသိအမှတ်ပြုပါ တယ်။ အာဆီယံအသင်း တစ်ခုလုံး အနေနဲ့ အစွမ်းကုန် ထိန်းသိမ်းဆောင်ရွက်ဖို့ တောင်းဆိုပါတယ်” ဟု ယခုနှစ် အာဆီယံ ဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားက သာမန်အားဖြင့် မဟုတ်ဘဲ အထူး အလေးအနက်ထားသည့် ကြေညာချက် တစ်စောင်တွင် ပြောကြားခဲ့သည်။

နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို တွေ့ရစဉ်
၅၅ ကြိမ်မြောက် အာဆီယံဝန်ကြီးများ အစည်းအဝေးများမတိုင်မီ တစ်ပတ်အလိုတွင် ယခု သေဒဏ်ပေးမှု အကောင်အထည် ဖော်လိုက်ခြင်းသည် လွန်စွာ အပြစ်တင် ရှုတ်ချစရာ ဖြစ်ကြောင်း၊ နစကနှင့် အတိုက်အခံများအကြား ဆွေးနွေးမှု အဆင်ပြေ ချောမွေ့ဖို့ အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများပေါ် ပံ့ပိုးပေးရန် နစကအနေဖြင့် ဆန္ဒလုံးဝမရှိဟု ပြသလိုက်ခြင်းဖြစ်ကြောင်း အဆိုပါ ကြေညာချက်ထဲတွင် ဆက်လက် ပြောကြားထားသည်။
ယမန်နှစ်က အာဏာရယူခဲ့သော မြန်မာ့တပ်မတော်သည် အရပ်သား တော်လှန်ရေး လှုပ်ရှားမှုများကို ကူညီခဲ့သည့် တက်ကြွ လှုပ်ရှားသူများအား ကွပ်မျက်လိုက်ပြီဟု ဇူလိုင် ၂၅ ရက်၌ နိုင်ငံပိုင်မီဒီယာတွင် ကြေညာခဲ့သည်။ ထိုသို့ ကွပ်မျက်လိုက်ခြင်းမှာ မြန်မာပြည်တွင်း၌ ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။

ကိုကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်ကိုတွေ့ရစဉ်
အထက်ပါ သတင်းကြောင့် အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျ၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂ ထိပ်တန်းအရာရှိများက နစက ကို ရက်စက်ကြမ်းကြုတ်သည်ဟု စွပ်စွဲ၍ နိုင်ငံတကာ အသိုင်းအဝိုင်း၏ မလိုလားမှုကို ထုတ်ဖော်ခဲ့ကြသည်။
ကွပ်မျက်မှုများကို မည်သည့်အချိန်တွင် ပြုလုပ်ခဲ့ကြောင်း (သို့မဟုတ်) မည်သည့်နည်းလမ်းအား သုံးခဲ့ကြောင်း ရှင်းရှင်း လင်းလင်း မသိရသေးပေ။
အဆိုပါ ကွပ်မျက်မှုကို ကြိုတင် အသိပေးခဲ့ခြင်း မရှိကြောင်း၊ ၎င်းတို့၏ အလောင်းများကို ပြန်လည် ရယူခွင့် မပြုကြောင်း ဇူလိုင် ၂၅ ရက်တွင် သေဒဏ်စီရင်ခံရသူများ၏ မိသားစုဝင်များက ပြောကြားခဲ့ကြသည်။
Source: Channel News Asia
