- By CNI
- Category: နိုင်ငံရေး
- Hits: 1315
CNI International News
စင်ကာပူ၊ ဩဂုတ် ၁
အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ (Nancy Pelosi) သည် ယနေ့ (ဩဂုတ် ၁ ရက်) အစောပိုင်းတွင် စင်ကာပူ နိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း အေပီသတင်းအရ သိရသည်။
၎င်း၏ အာရှနိုင်ငံ လေးနိုင်ငံ ခရီးစဉ်ကို ဇူလိုင် ၃၁ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး တရုတ်က ပိုင်ဆိုင်သည်ဟု ဆိုထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းသို့ သွားရောက်နိုင်ခြေ ရှိ/မရှိ ထင်ကြေးများလည်း ပေါ်ထွက်နေကြောင်း သိရသည်။
၎င်း၏ ရုံးကတော့ ယခုခရီးစဉ်၌ ထိုင်ဝမ်ကို ရည်ညွှန်းလျက် အတိအလင်း ပြောကြားခဲ့ခြင်း မရှိပေ။
“စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတွေဆီကို အလည်အပတ်ခရီးစဉ် အပါအဝင် အင်ဒို-ပစိဖိတ်ဒေသ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ကို နန်စီပလိုစီက ဦးဆောင်နေတာ ဖြစ်ပါတယ်” ဟု ၎င်း၏ရုံးက ဇူလိုင် ၃၁ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
နန်စီပလိုစီနှင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် အရုဏ်မတက်မီ စင်ကာပူသို့ ရောက်ရှိလာခဲ့သော်လည်း အသေးစိတ် အချက်အလက်များကိုတော့ သတင်းမီဒီယာများထံသို့ ထုတ်ပြန်ခြင်း မရှိသေးကြောင်း အေပီက ဆက်လက် ရေးသားထားသည်။

ဘိုင်ဒန်နဲ့ရှီကျင့်ဖျင်ကိုတွေ့ရစဉ်
၎င်း(နန်စီပလိုစီ)သည် စင်ကာပူသမ္မတ ဟာလီမက်ယာကွပ် (Halimah Yacob) နှင့် ဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong) တို့ထံသို့ တယ်လီဖုန်း ခေါ်ဆိုခဲ့ပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံသွားမည်ဟု စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
လုံခြုံရေး အထူးတင်းကြပ်ထားသော ၎င်း၏ခရီးစဉ်တလျှောက် မီဒီယာများကို လိုက်ပါသတင်းယူခွင့် တားမြစ်ထားသည်။
ယခင် သီတင်းပတ် အကုန်ပိုင်း ထုတ်ပြန်ချက် တစ်စောင်ထဲတွင်တော့ ပလိုစီသည် ကုန်သွယ်ရေး၊ ကပ်ရောဂါ၊ ရာသီဥတု ပြောင်းလဲမှု၊ လုံခြုံရေးနှင့် ဒီမိုကရေစီ အုပ်ချုပ်ရေးတို့ကို ဆွေးနွေးရန်အတွက် မလေးရှား၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံ များသို့လည်း ဆက်လက် သွားရောက်မည်ဟု ဖော်ပြထားသည်။
ဘေဂျင်းက ၎င်း၏ပိုင်နက်ဟု အခိုင်အမာပြောနေသည့် ထိုင်ဝမ်ကျွန်းသို့ ၎င်းသွားရောက်မည်ဟူသော သတင်းများ ထွက်ပေါ် နေခြင်းကို နန်စီပလိုစီက အတည်မပြုသေးပေ။
တရုတ်သမ္မတ ရှီကျင့်ဖျင်က အဆိုပါ ကျွန်းနှင့်ဆက်ဆံရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ယခင်ရက်သတ္တပတ်၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တယ်လီဖုန်းခေါ်ဆိုမှု၌ သတိပေးခဲ့ပြီး ဖြစ်သည်။
အမေရိကန်၏ အရေးပါသော အစိတ်အပိုင်း သုံးခုအနက်မှ တစ်ခုကို ကိုယ်စားပြုသည့် နန်စီပလိုစီသည် ၁၉၉၇ ခုနှစ် နောက်ပိုင်း ထိုင်ဝမ်သို့ ပထမဆုံး သွားရောက်ရန်အတွက် ရွေးချယ်ခြင်းခံရသော အမေရိကန်၏ အမြင့်ဆုံး တာဝန်ထမ်း ဆောင်သူ တစ်ဦးဖြစ်လာနိုင်သည်ဟု အေပီသတင်းအရ သိရသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1175
CNI International News
ကိုလံဘို၊ ဇူလိုင် ၃၀
အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းမှ ပြန်လည် နာလန်ထူလာအောင် ပါတီပေါင်းစုံ ပါဝင်သည့် အမျိုးသားအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေးအတွက် သီရိလင်္ကာသမ္မတ ရာနေးလ်ဝီကရီမီဆင်က လွှတ်တော်အမတ်များထံ စာတစ်စောင် ရေးသားပေးပို့၍ ဖိတ်ခေါ် ကမ်းလှမ်းခဲ့ကြောင်း ဟိန္ဒူစတန်တိုင်းမ် သတင်းစာ၏ ဝက်ဘ်ဆိုက်က ဖော်ပြသည်။
“အစိုးရသည် ယနေ့ ရင်ဆိုင်နေရသော စီးပွားရေး အကျပ်အတည်းကြောင့် ဖန်တီးထားသော နိုင်ငံရေးနှင့် လူမှုရေး မငြိမ်သက် မှုများမှ တဖြည်းဖြည်းချင်း ပုံမှန်ပြန်ဖြစ်အောင် ကြိုးပမ်းနေပါသည်” ဟု ဝီကရီမီဆင်က ဇူလိုင် ၂၉ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ သော စာထဲ၌ ပြောကြားထားသည်။
“စနစ်ကျနတဲ့ စီးပွားရေး အစီအစဉ်တစ်ရပ်ကို အကောင်အထည် ဖော်ဖို့အတွက် လိုအပ်တဲ့ ကနဦး စီမံချက်တွေကို ရေးဆွဲနေ ပါတယ်။ စီးပွားရေး တည်ငြိမ်စေဖို့ ပဏာမ အစီအမံတွေလည်း ဆောင်ရွက်နေပါတယ်” ဟု ၎င်း၏စာထဲတွင် ဆက်လက် ပြောကြားထားသည်။
လွှတ်တော်၊ ကျွမ်းကျင်ပညာရှင်များအဖွဲ့နှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ ပါဝင်ပံ့ပိုးမှုဖြင့်သာ အဆိုပါ အစီအစဉ်တစ်ရပ်ကို အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း ဝီကရီမီဆင်က ပြောကြားခဲ့သည်။
သီရိလင်္ကာနိုင်ငံ၏ ဖွဲစည်းပုံအခြေခံဥပဒေကို ၁၉ ကြိမ်မြောက် ပြင်ဆင်ချက် ပြန်လည် စတင်ရေးနှင့်ပတ်သက်ပြီး နိုင်ငံရေး ပါတီများနှင့်လည်း တွေ့ဆုံဆွေးနွေရန် ၎င်းက အဆိုပြုကမ်းလှမ်းခဲ့သည်။

သီရိလင်္ကာ ဆန္ဒပြ ပြည်သူများ
အခြေခံဥပဒေ၏ ပုဒ်မ ၁၉ (က) အရ ၂၀၁၅ ခုနှစ်တွင် အတည်ပြုခဲ့သော လွှတ်တော်ကို အုပ်ချုပ်သူ သမ္မတထက်ပို၍ အခွင့် အာဏာ ပေးထားသဖြင့် သမ္မတ၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားခဲ့သည်။
ဝီကရီမီဆင်သည် ၂၀၁၅ ခုနှစ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၉ ကြိမ်မြောက် ပြင်ဆင်ရေးအတွက် အဓိက ဦးဆောင်ခဲ့ရသူ ဖြစ် သည်။ သို့သော် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ၌ သမ္မတရွေးကောက်ပွဲ ကျင်းပသည့်အခါ ဂိုတာဘာယာ ရာဂျာပက်ဆာ အနိုင်ရ ခဲ့ပြီးနောက် အဆိုပါ ပုဒ်မ ၁၉ (က) ကို ဖျက်သိမ်းခဲ့သည်။
ဇူလိုင် ၂၀ ရက်တွင် ရာထူးမှ အဖယ်ရှားခံရသော သမ္မတ ရာဂျာပက်ဆာ၏ သီရိလင်္ကာ ပိုဒူဂျာနားပီရာမူနာ (SLPP) ပါတီကို ကိုယ်စားပြုသည့် လွှတ်တော်အမတ်များက သမ္မတသစ်အဖြစ် ဝီကရီမီဆင်ကို တညီတညွတ်တည်း (ကြားကာလ)အတွက် ရွေးချယ် တင်မြှောက်ခဲ့ကြသည်။
ဇူလိုင် ၂၉ ရက်တွင် အစိုးရအဖွဲ့ အတွင်း၌ SLPP ပါတီမှ မဟုတ်သည့် လွှတ်တော်အမတ်ဆို၍ နှစ်ဦးသာ ရှိသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အစိုးရအဖွဲ့(ကက်ဘိနက်)ကို အဖွဲ့ဝင်အင်အား ၃၀ အထိ တိုးမြှင့်နိုင်သည်။
အသက် ၇၃ နှစ်အရွယ်ရှိ သမ္မတဟောင်း ရာဂျာပက်ဆာသည် ယခုလအတွင်း လူထုဆန္ဒပြပွဲများကြောင့် မော်လ်ဒိုက် ကျွန်း နိုင်ငံသို့ ဦးစွာ ထွက်ပြေးခဲ့ပြီးနောက် ထိုမှတဆင့် စင်ကာပူနိုင်ငံသို့ ဆက်လက် ရှောင်တိမ်းသွားခဲ့သည်။
ယခု ဝီကရီမီဆင်ကို ရာဂျာပက်ဆာ၏ လက်ကျန် သမ္မတရာထူး သက်တမ်းအတွက် အစားထိုး ခန့်အပ်ရခြင်း ဖြစ်ကြောင်း ဟိန္ဒူစတန်တိုင်းမ်က ရေးသားဖော်ပြထားသည်။
Source: Hindustan Times
- By CNI
- Category: နိုင်ငံရေး
- Hits: 1489
CNI International News
ဝါရှင်တန်၊ ဇူလိုင် ၃၀
အမေရိကန်အစိုးရသည် အကြမ်းဖက်ဝါဒ အားပေးကူညီသူများ စာရင်းထဲသို့ ရုရှားကို ထည့်သွင်းနိုင်ခြေအတွက် ကြိုးစားနေ ကြောင်း အိမ်ဖြူတော် သတင်းပြန်ကြားရေး အတွင်းဝန် ကာရင်းဂျင်ပီယာ (Karine Jean-Pierre) က သတင်းထောက်များ အား ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနက ဖော်ပြသည်။
အဆိုပါ ကိစ္စရပ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ဆုံးဖြတ်ချက်ချမှတ်ရန် ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
“ဒါကို ကွန်ဂရက်(လွှတ်တော်)ဥပဒေမှာပါတဲ့ သတ်မှတ်စံနှုန်းတွေနဲ့ ကိုက်ညီသလားဆိုတာ နိုင်ငံခြားရေးဝန်ကြီးဌာနက အဆုံးအဖြတ်ပေးဖို့ လိုပါတယ်။ ဒါကြောင့် ရုရှားအတွက် နောက်ထပ် သတ်မှတ်ချက်တွေကို အဆိုပြုနိုင်ဖို့ ကျမတို့ စစ်ဆေး ကြည့်ရှုနေတုန်းပါ” ဟု သတင်းပြန်ကြားရေးအတွင်းဝန်က ပြောကြားခဲ့သည်။
ဘိုင်ဒန်အစိုးရက လက်ရှိ ထည့်သွင်းစဉ်းစားနေသည့် ရုရှားဆန့်ကျင်ရေး အစီအမံများနှင့်ပတ်သက်၍ ၎င်းက အသေးစိတ် ရှင်းပြခြင်းတော့ မရှိပေ။

ရုရှားခေါင်းဆောင် ပူတင်ကိုတွေ့ရစဉ်
အစောပိုင်းကတည်းက ကိယက်ဗ်(ယူကရိန်း)အစိုးရသည် ရုရှားကို အကြမ်းဖက်ဝါဒ အားပေးကူညီသူ စာရင်းထဲသို့ ထည့်သွင်း ရန် ဝါရှင်တန်ကို ဖိအားပေးခဲ့သည်။ အလားတူ ပြောကြားချက်များမှာလည်း အမေရိကန် လွှတ်တော်အမတ်များကြားတွင် ပဲ့တင်ထပ်နေခဲ့သည်။
“ရုရှားကို အကြမ်းဖက်ဝါဒ အားပေးကူညီအဖြစ် သတ်မှတ်ရေးမှာ မိုက်မဲစွာ လောင်းကြေးထပ်ခြင်းဖြစ်၍ ယင်းလုပ်ရပ် အတွက် အဖြေမရှိကြောင်း” ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူက ဝါရှင်တန်ကို အပြစ်တင် ဝေဖန်ခဲ့သည်။
“နိုင်ငံတကာ အကြမ်းဖက်ဝါဒကို ပံ့ပိုးမှုကူညီမှု စွဲချက်နှင့်အတူ အကြမ်းဖက်ဝါဒကို ကြိမ်ဖန်များစွာ အားပေးကူညီသည့် နိုင်ငံများအဖြစ် သတ်မှတ်ခြင်း”တို့ကို ဝါရှင်တန်က ကျင့်သုံးသည်။
အဆိုပါ စာရင်းထဲသို့ ထည့်သွင်းခံရသူများ၊ နိုင်ငံများကို ပိတ်ဆို့အရေးယူမှု ချမှတ်ရန် အမေရိကန်အစိုးရထံတွင် ကျယ်ပြန့် သော အခွင့်အာဏာရှိသည်။ ထို့ပြင် အဆိုပါစာရင်းဝင် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအပြင် စာရင်းဝင် နိုင်ငံများနှင့် ကုန်သွယ်ရေး ဆက်ဆံသည့် နိုင်ငံများကိုလည်း အမေရိကန်ဘဏ္ဍာရေးဌာနက အရေးယူနိုင်သည်။
၁၉၇၉ ခုနှစ်ကတည်းက ဝါရှင်တန်သည် အဆိုပါစာရင်းထဲသို့ နိုင်ငံအနည်းငယ်ကိုသာ ထည့်သွင်းခဲ့ပြီး အမေရိကန်၏ အကျိုး စီးပွားအရ ကန့်သတ်တားဆီးထားသော အမည်မည်း စာရင်းဝင် နိုင်ငံအဖြစ် အကြောင်းပြချက် ပေးခဲ့သည်။ လက်ရှိကာလ၌ အမေရိကန်၏ အဆိုပါစာရင်းထဲတွင် အီရန်၊ မြောက်ကိုရီးယား၊ ကျူးဘားနှင့် ဆီးရီးယားတို့ ရှိနေကြသည်။
Source: တာ့စ်သတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 1669
CNI International News
ဝါရှင်တန်၊ ဇူလိုင် ၃၀
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် ဇူလိုင် ၂၉ ရက်၌ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ (Sergei Lavrov) ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး ရုရှားထိန်းသိမ်းထားသည့် အမေရိကန် လူမျိုး ၂ ဦးပြန်လွှတ်ပေးဖို့ ဆွေးနွေးခဲ့သည်ဟု ရိုက်တာသတင်းက ဖော်ပြသည်။
ထို့နောက် အမေရိကန် လူမျိုးနှစ်ဦးကို ပြန်လွှတ်ပေးရန်အတွက် ဝါရှင်ဘန်ဘက်မှ တင်ပြထားသည့် အလေး အနက် အဆိုပြုချက်တစ်ရပ်ကို လက်ခံပေးဖို့ ကရင်မလင် သမ္မတနန်းတော်အား ဘလင်ကင်က တိုက်တွန်းခဲ့ သည်။
ယူကရိန်းသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်၌ ရုရှား စတင်ကျူးကျော်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ၎င်းတို့ ဆက်သွယ်ဆွေးနွေးမှုအတွက် နှစ်နိုင်ငံ ထိပ်တန်းသံတမန်နှစ်ဦးအနေဖြင့် ၎င်းတို့၏ လက်ရှိရာထူးများကို စွဲကိုင်ခဲ့ ကြကြောင်း ဘလင်ကင်၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်းနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရ သည်။
“ကျနော်တို့ ပွင့်ပွင့်လင်းလင်းနဲ့ တိုက်ရိုက်စကားပြောခဲ့ကြပါတယ်။ ပေါ်လ်ဝှီလန် (Paul Whelan) နဲ့ ဘရစ်နေး ဂရင်နာ (Brittney Griner) တို့ကို ပြန်လွှတ်ပေးဖို့ ကျနော်တို့အလေးအနက် အဆိုပြုတာကို လက်ခံပေးဖို့ ကရင်မလင်ကို တောင်းဆိုခဲ့ပါတယ်” ဟု ဘလင်ကင်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အဆိုပြုထားသော အကျဉ်းသားလဲလှယ်ရေးကိစ္စတွင် လူသတ်မှုရာဇဝတ်သားဖြစ်သူ ဗာဒင်းခရာစီကော့ဗ် (Vadim Krasikov) ကို ရုရှားက ထည့်သွင်းရန် ကြိုးစားခဲ့ကြောင်း ဝန်ကြီးနှစ်ဦး ဆွေးနွေးမှုနှင့် နီးစပ်သော သတင်းရင်းမြစ် တစ်ခုထံမှ ထွက်ပေါ်လာခဲ့သည်။ အမေရိကန်တို့ ဖမ်းဆီးခဲ့သော ရုရှားရာဇဝတ်သား ဗာဒင်းခရာစီကော့ဗ်ကို ဂျာမနီတွင် ချုပ်နှောင်ထားပြီး အခြားအကြောင်းတစ်ခုကြောင့် အမေရိကန်အစိုးရက ၎င်းကို အလေးအနက် မထား ခဲ့ကြောင်း အဆိုပါသတင်းရင်းမြစ်က CNN သတင်းဌာနသို့ အတည်ပြုပြောကြားခဲ့သည်။

ရုရှားဘက်မှ ဖမ်းဆီးထားသည့် အမေရိကန်နိုင်ငံသားပေါ်လ်ဝီလန်နှင့် ဘရစ်တနေးဂရိုင်နာတို့ကို တွေ့ရစဉ်(ဓါတ်ပုံ- အေပီ)
အသေးစိတ်အချက်အလက်များကို ဆက်လက်မေးမြန်းသော်လည်း အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီက ဖြေဆိုရန် ငြင်းပယ်ခဲ့သည်။
“တတိယနိုင်ငံတစ်နိုင်ငံမှာ ချုပ်နှောင်ထားတဲ့ ရုရှားရာဇဝတ်သားလွတ်မြောက်ရေးအတွက် မတရားသဖြင့် ဓါးစာခံ ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသားနှစ်ဦးကို လွှတ်ပေးမယ်ဆိုတာ နည်းနည်းနောနော ကမ်းလှမ်းမှုတော့ မဟုတ်ဘူး။လက်ခံနိုင်စရာဖြစ်စေမယ့် စားပွဲဝိုင်းပေါ်မှာ ကမ်းလှမ်းလာတဲ့ သဘောတူညီချက်ကို ရုရှားက ရှောင်မယ်ဆိုရင်တော့ အမှားကြီးမှားတဲ့ကြိုးပမ်းမှုဖြစ်လိမ့်မယ်” ဟု အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရသူ အေဒရီယံဝပ်ဆင် (Adrienne Watson) က ပြောကြားခဲ့သည်။
ဘလင်ကင်နှင့်လာဗရော့ ဖုန်းခေါ်ဆိုမှုကြာမြင့်ချိန်မှာ ၂၅ မိနစ်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ပြင်းထန်စွာ ဝေဖန် အပြစ်တင်ခြင်းမပါဝင်ဘဲ အလုပ်သဘောအရ ပြောကြဆိုကြကြောင်း အမည်မဖော်လိုသူ အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အကျဉ်းသားများ အပြန်အလှန်လဲလှယ်ရေးအတွက် နှစ်ဘက်စလုံးအနေဖြင့် တိတ်ဆိတ်သော သံခင်းတမန်ခင်း ဆီသို့ ပြန်သွားကြရန် လာဗရော့က ဘလင်ကင်ကို အကြံပြု ပြောကြားခဲ့သည်။
“အကျဉ်းချခံထားရတဲ့ ရုရှားနဲ့အမေရိကန် နိုင်ငံသားတွေကို အပြန်အလှန်လဲလှယ်ဖို့အတွက် ရုရှားက ဒါကို သံတမန်ကျွမ်းကျင်မှုနည်းလမ်းနဲ့ ကိုင်တွယ်ခဲ့ပါတယ်။ မရေရာတဲ့အချက်အလက်တွေအစား တိတ်ဆိတ်တဲ့ သံခင်းတမန်ခင်းကို ပြန်သွားဖို့ အလေးအနက် အကြံပြုခဲ့ပါတယ်” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 1641
CNI International News
ဖနွမ်ပင်၊ ဇူလိုင် ၃၀
ကမ္ဘာ့ထိပ်တန်း သံတမန်များဖြစ်ကြသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် တရုတ်နိုင်ငံခြားရေး ဝမ်ယိ တို့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့၌ ဇူလိုင် ၂၉ ရက်မှ ဩဂုတ် ၅ ရက်အထိ ကျင်းပနေသည့် အာဆီယံ နိုင်ငံခြား ရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်မည်ဟု ဖနွမ်ပင်ပို့စ်က ဖော်ပြထားသည်။
“ကမ္ဘောဒီးယားက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အစည်းအဝေးကို တရုတ်နဲ့ အမေရိကန်က နိုင်ငံခြားရေးဝန်ကြီးတွေ တက်ကြမှာ ဖြစ်ပါတယ်” ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ချမ်ဆောင်နရီ (Chum Sounry) က ဇူလိုင် ၂၈ ရက်၌ ဖနွမ်ပင်ပို့စ်သို့ အတည်ပြု ပြောကြားခဲ့သည်။
“မိမိတို့ဝန်ကြီးဌာနအနေဖြင့် အစည်းအဝေးသတ်မှတ်ရက် နီးကပ်လာချိန်၌ အမေရိကန်နိုင်ငံကို ကိုယ်စားပြုမည့်အရာရှိတစ်ဦးကို တရားဝင်ကြေညာသွားမည်” ဟု ဖနွမ်ပင်မြို့ရှိ အမေရိကန်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ စတီဖင်နီအာဇက် (Stephanie Arzate) က ဇူလိုင် ၂၈ ရက်၌ ဖနွမ်ပင်ပို့စ်သို့ ပြောကြားခဲ့သည်။
ဒဏ်ခတ်ပိတ်ဆို့မှုပါ လျော့ပါးစေခြင်း (သို့မဟုတ်) အခြားစီးပွားရေးနှင့် စစ်ရေး အကူအညီများကို ရုရှားထံသို့ တရုတ် ပေးအပ်ရင်း ယူကရိန်း အကျပ်အတည်းသို့ ဘေဂျင်း ပါဝင်လာမည့် အရေးကို အမေရိကန်က မမြင်တွေ့လိုကြောင်း ကမ္ဘောဒီးယား ပြည်သူ့ဖွံ့ဖြိုးရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ယန်ကင်မ်အင်း (Yang Kim Eng) က သုံးသပ်ပြသည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး
အလားတူ ထိုင်ဝမ်နှင့် အငြင်းပွားမှုတွင်လည်း အမေရိကန် ဝင်ရောက်စွက်ဖက်နေခြင်းကို တရုတ်က မမြင်တွေ့လိုကြောင်း ၎င်းက ဆက်လက် သုံးသပ်ပြသည်။
အထူးသဖြင့် ယူကရိန်းစစ်ပွဲ၊ တောင်တရုတ်ပင်လယ် အငြင်းပွားမှုနှင့် အခြားအငြင်းပွားနေသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး ၎င်းတို့အသီးသီး၏ နိုင်ငံခြားရေးမူဝါဒများကို ထောက်ခံမှုရရှိစေဖို့ အမေရိကန်နှင့် တရုတ်တို့က ယခုအစည်းအဝေးတွင် ကြိုး ပမ်း သွားကြမည်ဖြစ်ကြောင်း၊ အာဆီယံအပေါ် ၎င်းတို့၏ ဩဇာလွှမ်းမိုးစေရေးလည်း ပါဝင်မည်ဖြစ်ကြောင်း ယန်ကင်မ်အင်း က ပြောကြားခဲ့သည်။
“အာဆီယံဒေသတွင်းမှာ ဩဇာလွှမ်းမိုးဖို့ သူတို့ပြိုင်ဆိုင်မှုဟာ နောင်အကြာကြီး ဆက်ရှိနေဦးမယ့် ပြိုင်ပွဲတစ်ခု ဖြစ်ပေမယ့်လို့ ဒီအသင်း ဆက်ပြီး မရပ်တည်နိုင်လောက်အောင် စူပါပါဝါနှစ်နိုင်ငံအပေါ် သစ္စာစောင့်သိမှု(ဘက်လိုက်မှု)တွေ ကွဲပြားသွားရင် တော့ အာဆီယံအတွက် ပြဿနာရှိလာနိုင်တယ်” ဟု ၎င်းက ရှင်းပြသည်။
ယခုအစည်းအဝေးတွင် ဘလင်ကင်သည် အာဆီယံအတွင်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အရေးများကို ဆွေးနွေးလိုပြီး နိုင်ငံတကာမျက်နှာစာတွင် အာဆီယံ၏ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အထူးအာရုံစိုက် သွားမည်ဖြစ်ကြောင်း ယန်ကင်မ်အင်းက မှတ်ချက်ချခဲ့သည်။
Source: Phnompenh Post
- By CNI
- Category: နိုင်ငံရေး
- Hits: 1596
CNI International News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၉
ယူကရိန်းစစ်ပွဲတွင် ၎င်းတို့၏ ရပ်တည်ချက် အသီးသီးအတွက် ထောက်ခံမှုရရှိရန် ရုရှား၊ ပြင်သစ်နှင့် အမေရိကန် ခေါင်း ဆောင်များသည် အာဖရိကတိုက်ရှိ နိုင်ငံများကို စည်းရုံးဆွဲဆောင် နေကြသဖြင့် စစ်အေးခေတ် နောက်ပိုင်း အာဖရိက အပေါ် ဩဇာလွှမ်းမိုးရန် အပြင်းထန်ဆုံး ပြိုင်ဆိုင်မှုဟု ခေါ်ဆိုနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့နှင့် ပြင်သစ်သမ္မတ အီမန်နွယ်မက်ခရွန်တို့သည် ယခုသီတင်းပတ်အတွင်း အာဖရိကနိုင်ငံများသို့ ခရီးစဉ်ကိုယ်စီဖြင့် ရောက်ရှိခဲ့ကြသည်။
အလားတူ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ အကြီးအကဲ ဆာမန်သာပါဝါကလည်း ယခင်သီတင်းပတ်၌ ကင်ညာ နှင့် ဆိုမာလီယာ နိုင်ငံများသို့ သွားရောက်ခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမတ်ဂရင်းဖီး က တော့ လာမည့် သီတင်းတပ်၌ ဂါနာနိုင်ငံနှင့် ယူဂန်ဒါနိုင်ငံတို့သို့ သွားရောက်ရန် စီစဉ်ထားသည်။
“ဒါဟာ အာဖရိကတိုက်မှာ ဩဇာလွှမ်းမိုးဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတဲ့ စစ်အေးတိုက်ပွဲသစ် တစ်ခုလို ဖြစ်နေပါတယ်” ဟု အုပ်ချုပ်ရေးကောင်း မြှင့်တင်ရေး ဖောင်ဒေးရှင်းအဖွဲ့မှ ညွှန်ကြားရေးမှူး ဝီလျံဂူမီဒီက ပြောကြားခဲ့သည်။

ပြင်သစ် သမ္မတ မက်ခရွန် အာဖရိကရောက်(AP)
သမ္မတဗလာဒီမာပူတင် လက်ထက်တွင် ရုရှားသည် အာဖရိကနိုင်ငံများ၏ ထောက်ခံမှုရရှိအောင် ခိုင်မာသည့် မိတ်ဖွဲ့မှုများကို လုပ်ဆောင်နေခဲ့သည်။ ဆိုဗီယက်ပြည်ထောင်စု ရှိခဲ့စဉ်ကလည်း အာဖရိကနိုင်ငံအချို့ကို ကိုလိုနီဘဝမှ ရုန်းထွက်နိုင်အောင် တိုက်ပွဲဝင်နေမှုများအား နှစ်ပေါင်း ၅၀ ကြာ မိတ်ဖွဲ့၍ အားပေးခဲ့ဖူးသည်။
“အခုတော့ အဲဒီလို စည်းရုံးရေးဟာ အရှိန်မြင့်လာပြီ ဖြစ်ပါတယ်” ဟု ဝီလျံဂူမီဒီက သုံးသပ်ပြောကြားခဲ့သည်။
ယူကရိန်းသို့ ရုရှားကျူးကျော်မှုကို ကုလသမဂ္ဂထဲတွင် ပြီးခဲ့သည့် မတ်လက ရှုတ်ချသည့် အခါတွင်လည်း အာဖရိကနိုင်ငံများ အပေါ် မော်စကို ဩဇာလွှမ်းမိုးမှုရှိကြောင်း ပြသနိုင်ခဲ့သည်။ ထိုသို့ ရှုတ်ချမည့် ဆုံးဖြတ်ချက်ကို အာဖရိကနိုင်ငံ ၂၈ နိုင်ငံက ထောက်ခံ မဲပေးခဲ့ကြသော်လည်း အခြားလူနည်းစု မျိုးနွယ်များ နေထိုင်ရာ ထင်ရှားသည့် ၂၅ နိုင်ငံကတော့ မဲမပေးဘဲ နေခဲ့ ကြသည်။
ရုရှား၏ ထိပ်တန်း သံတမန်ဖြစ်သော လာဗရာ့သည် ယခုသီတင်းပတ်အတွင်း အီဂျစ်၊ ကွန်ဂို၊ ယူဂန်ဒါနှင့် အီသီယိုးပီးယားတို့ သို့ ရောက်ရှိခဲ့ပြီး အမေရိကန်နှင့် ဥရောပအချို့၏ မဆင်မခြင် လုပ်ရပ်ကြောင့် စားသောက်ကုန် ဈေးနှုန်းများ တက်ရကြောင်း ပြောကြားစည်းရုံးခဲ့သည့်အပြင် ၎င်းတို့နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုကို ကတိပြုခဲ့သည်။

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ အကြီးအကဲ ဆာမန်သာပါဝါ အာဖရိကရောက် (AP)
“ယူကရိန်း အခြေအနေဟာ စားသောက်ကုန်ဈေးကွက် ထိခိုက်စေပေမယ့် ရုရှားရဲ့ စစ်ဆင်ရေးကြောင့် မဟုတ်ဘဲ အနောက် အုပ်စုရဲ့ ပိတ်ဆို့အရေးယူမှု ကြေညာခြင်းကြောင့် ဖြစ်ပါတယ်” ဟု လာဗရော့က အီသီယိုးပီးယားနိုင်ငံ၏ မြို့တော် အဒစ်ဘာဘာ ရောက်ရှိစဉ် ပြောကြားခဲ့သည်။
တဖန် ယူဂန်ဒါသို့ ဆက်လက် သွားရောက်ခဲ့သော လာဗရော့ကို သမ္မတ ယိုဝီရီမူစီဗန်နီက နွေးထွေးစွာ ကြိုဆိုခဲ့သည်။ ၎င်း နိုင်ငံအနေဖြင့် နှစ်ရှည်လများ အမေရိကန်နှင့် မဟာမိတ်ဖြစ်ခဲ့သော်လည်း ယခုအခင်းအကျင်း၌ ရုရှားကို ဝေဖန်ရှုတ်ချရန် ငြင်းဆန်ခဲ့ကြောင်း ယိုဝီရီမူစီဗန်နီက ထုတ်ဖော်ပြောကြားခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1742
CNI International News
ကွန်နာကရီ၊ ဇူလိုင် ၂၉
ဂီနိနိုင်ငံတွင် စစ်အုပ်ချုပ်ရေးဆန့်ကျင်ကန့်ကွက်မှုနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်ရောက်စေရေး တောင်းဆိုသည့် ဆန္ဒပြပွဲများဖြစ်ပွားခဲ့ရာ ရုန်းရင်းဆန်ခတ်ဖြစ်၍ လူတစ်ဦးသေဆုံးခဲ့ကြောင်း ဆန္ဒပြပွဲ စီစဉ်သူများက ပြောကြားခဲ့သည်။
ကွန်နာကရီမြို့တော်၏ဆင်ခြေဖုံးရပ်ကွက်တွင် ဇူလိုင် ၂၈ ရက် ဆန္ဒပြပွဲများအတွင်း ပစ်ခတ်မှုများရှိခဲ့တာကြောင့် လူတစ်ဦးသေဆုံးပြီး ဆန္ဒပြသူအများအပြား ဒဏ်ရာရသွားခဲ့ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကာကွယ်ရေး အမျိုးသားတပ်ဦး (FNDC) က ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် စစ်တပ်၏ တဖက်သတ်စီမံခန့်ခွဲမှုကို FNDC က ရှုတ်ချရန်အတွက် ပြီးခဲ့သည့် သီတင်းပတ်၌ ဆန္ဒပြပွဲများ စတင်စီစဉ်ခဲ့သည်။ အဆိုပါအဖွဲ့သည် ပြည်တွင်း၌ ဩဇာကြီးမားသော နိုင်ငံရေး ညွန့်ပေါင်းအဖွဲ့ဖြစ်သည်။
၎င်းညွန့်ပေါင်းအဖွဲ့က ဒီမိုကရက်တစ်ပါတီနှင့် အခြားအသင်းအဖွဲ့များကိုလည်း ယခုဆန္ဒပြပွဲ၌ ပါဝင်ကြရန် တောင်းဆိုခဲ့သည်။
အာဏာပိုင်များက ဆန္ဒပြပွဲကို ဟန့်တားရှင်းလင်းခဲ့ပြီး လူသေဆုံးမှု ရှိ/မရှိ အတည်ပြုကြေညာခြင်းမရှိသေးပေ။

ဆန္ဒပြသူများက ဂီနိနိုင်ငံရှိ မြို့တော်လမ်းမကြီးများကိုပိတ်၍ ဆန္ဒပြခဲ့ကြစဉ်(ဓါတ်ပုံ-အေအက်ဖ်ပီ)
ဇူလိုင် ၂၈ ရက် ဆန္ဒပြပွဲကို စီစဉ်သူများအား ဥပဒေအရ ချက်ချင်းအရေးယူရန် အာဏာပိုင်များက အမိန့်ပေးခဲ့ သည်။
အသွင်ကူးပြောင်းရေးဆိုင်ရာ စည်းကမ်းချက်များ သတ်မှတ်ဖို့ ယုံကြည်ရသည့်ဆွေးနွေးမှုများ စတင်ရန် မိမိတို့ တိုက်တွန်းသော်လည်း စစ်တပ်ခေါင်းဆောင်များက ငြင်းဆန်နေကြကြောင်း FNDC က စွပ်စွဲခဲ့သည်။
ဗိုလ်မှူးကြီး မာမာဒီဒွန်ဘွာယာ (Mamady Doumbouya) က ယမန်နှစ်အောက်တိုဘာလတွင် ယာယီသမ္မတ အဖြစ် ကျမ်းကျိန်ခဲ့သော်လည်း ၎င်းကို သမ္မတဟောင်း အယ်လ်ဖာကွန်ဒီမှ အာဏာသိမ်းသည့်လုပ်ရပ်ကြောင့် လူထုဒေါသများ ပုံကျခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲခြင်း၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ခြင်း၊ ရွေးကောက်ပွဲကျင်းပပုံနည်းစနစ် ပြောင်းလဲခြင်းနှင့် လွတ်လပ်၍ စိတ်ချရပြီး ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲကျင်းပပေးရေးမှာ မိမိ၏ အုပ်ချုပ်ရေးတာဝန်ဖြစ်ကြောင်း မာမာဒီက ပြောကြားခဲ့သည်။
အာဖရိကစီးပွားရေးအသိုက်အဝန်းဖြစ်သည့် ECOWAS အဖွဲ့ ဥက္ကဋ္ဌ အူမာရိုစစ္စကိုအမ်ဘယ်လို (Umaro Sissoco Embalo) ကတော့ ဂီနိနိုင်ငံ၏ စစ်တပ်အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ အမြန်ဆုံးပြန်တက်ရန် မကြာ သေးမီက မိမိတို့စည်းရုံးဆွဲဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
Source: Aljazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 1285
CNI International News
ဘေရွတ်၊ ဇူလိုင် ၂၉
အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ရှိနေစဉ်အတွင်း ဆီးရီးယား သင်္ဘောတစ်စင်းသည် မုယောစပါးနှင့် ဂျုံများကို တင်ဆောင် လာပြီး လက်ဘနွန်နိုင်ငံမြောက်ပိုင်း ထရီပိုလီ ဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့ကြောင်း ဘေရွတ်မြို့ရှိ ယူကရိန်းသံရုံးက ဇူလိုင် ၂၈ ရက်တွင် Reuters သို့ ပြောကြားခဲ့သည်။
အဆိုပါ စပါးနှင့်ဂျုံများသည် ယူကရိန်းတို့ သိုလှောင်ထားရာမှ ရုရှားတို့ လုယူသွားခြင်းဖြစ်ကြောင်း သံရုံးက ဆက်လက် ပြောကြားခဲ့သည်။
ဆီးရီးယားနိုင်ငံပိုင် လာယိုဒီစီယာ (Laodecea) သင်္ဘောသည် ထရီပိုလီဆိပ်ကမ်းသို့ ဇူလိုင် ၂၇ ရက်တွင် ဆိုက်ကပ်ခဲ့ကြောင်း ရေကြောင်း သွားလာရေး သင်္ဘောများ၏ အချက်အလက်များကို ဖော်ပြသည့် ဒေတာဝက်ဘ်ဆိုက်အရ သိရသည်။
"ယူကရိန်း သိုလှောင်ရုံတွေကနေ သယ်ယူလာတယ်လို့ သံသယရှိတဲ့ မုယောစပါးတန်ချိန် ၅၀၀၀ နဲ့ ဂျုံတန်ချိန် ၅၀၀၀ တင်ဆောင်လာတဲ့ ဒီသင်္ဘောဟာ ခရိုင်းမီးယား ဆိပ်ကမ်းကနေ ထွက်ခွာလာတယ်ဆိုတာ ဟုတ်ပါတယ်။ ခိုးထုတ်ထားတဲ့ သီးနှံတွေနဲ့ ဂျုံမှုန့်တွေ လက်ဘနွန်ကို ပထမဆုံးအကြိမ် တင်ပို့တာ ဖြစ်ပါတယ်”ဟု သံရုံးက ရိုက်တာသို့ ပြောကြားခဲ့သည်။
ယူကရိန်းဘက်က ရုရှားသည် ၎င်းတို့၏ ဂျုံစပါးများ ခိုးယူထားကြောင်း စွပ်စွဲချက်များကို ရုရှားက ငြင်းဆိုထားသည်။
ထိုဖြစ်စဉ်အပေါ် လက်ဘနွန်နိုင်ငံရှိ ရုရှားသံရုံးမှ တာဝန်ရှိသူ တစ်ဦးကို ရိုက်တာသတင်းဌာနက ဆက်သွယ်ခဲ့သော်လည်း ၎င်းက သဘောထား မှတ်ချက် ချက်ချင်းတုံ့ပြန်ခြင်း မရှိပေ။

ရုရှား ဂျုံစပါး တင်ပို့ခြင်း
ယူကရိန်းသံအမတ် အီဟော်အော့တက်ချ် (Ihor Ostash) သည် လက်ဘနွန်သမ္မတ မီချယ်အေရွန် (Michel Aoun) နှင့် ဇူလိုင် ၂၈ ရက်တွင် တွေ့ဆုံခဲ့ပြီး ခိုးထုတ်ခံရသော ယူကရိန်းကုန်ပစ္စည်းများကို ဝယ်ယူခြင်းသည် ယူကရိန်းနှင့် လက်ဘနွန်တို့ အကြား နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေသည်ဟု အသိပေးခဲ့ကြောင်း သံရုံးက ရိုက်တာသို့ ဆက်လက် ပြောကြားခဲ့သည်။
မီချယ်အေရွန်နှင့် ယူကရိန်းသံအမတ် ဇူလိုင် ၂၈ ရက်၌ တွေ့ဆုံမှုအကြောင်း လက်ဘနွန်အစိုးရ တာဝန်ရှိသူတစ်ဦးက အတည်ပြုခဲ့သည်။
ရုရှားတို့လက်မှ ခိုးထုတ်လာသော ယူကရိန်းဂျုံကို လက်ဘနွန် အပါအဝင် နိုင်ငံအများအပြားသို့ ရောင်းချရန် ကြိုးစား နိုင်သည်ကို ယူကရိန်းက စိုးရိမ်နေသည်။
“ယခုဖြစ်စဉ်ကို မိမိနိုင်ငံ၏ အကောက်ခွန် အာဏာပိုင်များနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနတို့ စောင့်ကြည့်နေကြောင်း” လက်ဘနွန် စီးပွားရေးဝန်ကြီး အေမင်စလန် (Amin Salam) က ရိုက်တာကို ပြောသည်။
လက်ဘနွန် ပြည်တွင်း၌ ဆိုးရွားစွာ ပေါင်မုန့် ပြတ်လပ်နေသဖြင့် ယခု သီတင်းပတ်အတွင်း ဂျုံတင်သွင်းမှုအသစ်ဖြင့် ဖြေရှင်း သွားမည်ဖြစ်ကြောင်း ဇူလိုင် ၂၈ ရက် အစောပိုင်းမှာ အေမင်၏ ပြောကြားမှု ရှိခဲ့သော်လည်း အဆိုပါဂျုံများ မည်သည့်နေရာမှ လာမည်ကိုတော့ မထုတ်ဖော်ပေ။
လက်ဘနွန်သည် ယူကရိန်းထံမှ ဂျုံ ၆၀ ရာခိုင်နှုန်းခန့်ကို ယခင်က တင်သွင်းခဲ့ဖူးသော်လည်း ယခုအခါ တင်ပို့နေကျ အဓိက ပင်လယ်နက် ဆိပ်ကမ်းများမှာ ရုရှား၏ ကျူးကျော်မှုနှင့် ပိတ်ဆို့မှုများရှိနေသဖြင့် ရပ်တန့်သွားခဲ့သည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 2843
CNI International News
ဘေဂျင်း၊ ဇူလိုင် ၂၉
ထိုင်ဝမ်အရေးနှင့် ပထဝီဝင်နိုင်ငံရေးတင်းမာနေချိန်၌ အဆိုပါကျွန်းအပေါ် မီးဖြင့်ကစားသလို မပြုမူရန် တရုတ် သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို သတိပေးခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။
ခေါင်းဆောင်နှစ်ဦးတို့ ပဉ္စမအကြိမ်မြောက် အွန်လိုင်းမှ တွေ့ဆုံခဲ့ကြရာတွင် ရှီက ယင်းကဲ့သို့ သတိပေးခဲ့ခြင်း ဖြစ်သည်။
အမေရိကန်သည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လိုက်နာသင့်ကြောင်း၊ တရုတ်သည် ထိုင်ဝမ်လွတ်လပ်ရေးနှင့် ပြည်ပအင်အားစုများ ဝင်ရောက်စွက်ဖက်ခြင်းကို ပြတ်ပြတ်သားသားဆန့်ကျင်ပါကြောင်း ရှီက ဘိုင်ဒန်ကို အလေးပေးပြောကြားခဲ့သည်ဟု တရုတ်အစိုးရမီဒီယာက ထုတ်လွှင့်ခဲ့သည်။
“မီးနဲ့ကစားတဲ့သူတွေပဲ မီးလောင်ခံရမှာ။ အမေရိကန်ဘက်က ဒါကို ရှင်းရှင်းလင်းလင်း မြင်မယ်လို့ ကျနော်တို့ မျှော်လင့်မိပါတယ်” ဟု ရှီက ဘိုင်ဒန်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ဘိုင်ဒန်ကလည်း အမေရိကန်၏မူဝါဒ အပြောင်းအလဲမရှိကြောင်း ရှီကို အသိပေးခဲ့သည်ဟု အိမ်ဖြူတော် ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။ ဝါရှင်တန်သည် ထိုင်ဝမ်ရေလက်ကြားတလျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိခိုက်စေမည့် တဖက်သတ်ကြိုးပမ်းမှုများကို အတိအလင်းကန့်ကွက်ကြောင်း ဘိုင်ဒန်က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တရုတ် သမ္မတ ရှီကျင့်ဖျင်(ဓါတ်ပုံ-အေပီ)
ယခု ဆွေးနွေးမှုအပြီး ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက “ယခုကဲ့သို့ ပံ့ပိုးကူညီမှုအတွက် ဘိုင်ဒန်ကို ကျေးဇူးတင် ပါကြောင်း၊ အမေရိကန်ပြည်ထောင်စုနှင့် မိမိတို့လုံခြုံရေးဆိုင်ရာ ပူးပေါင်းမှု ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ထုတ်ပြန်ခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ပြိုင်ဆိုင်မှုများ ကြီးထွားနေပြီး လူ့အခွင့်အရေး၊ ကမ္ဘာ့ကျန်းမာရေးနှင့် စီးပွားရေးမူဝါဒတို့အပေါ် နှစ်နိုင်ငံအကြား တင်းမာနေချိန်၌ ဘိုင်ဒန်နှင့်ရှီတို့၏ နှစ်နာရီကျော်ကြာ ဆက်သွယ်ဆွေးနွေးမှု ပေါ်ပေါက်လာခဲ့ သည်။
မကြာသေးမီက အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ (Nancy Pelosi) ၏ ထိုင်ဝမ်သို့ လာမည့် အလားအလာအပေါ် ဘေဂျင်းအစိုးရက ပြင်းထန်သည့်သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ သူမ၏ခရီးစဉ် သည် ရန်လိုမှုတစ်ခုအဖြစ် ရှုမြင်မည်ဟု သတိပေးခဲ့ခြင်းဖြစ်သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသည့် ထိုင်ဝမ်ကျွန်းသည် အမေရိကန်ထံမှ အလွတ်သဘော အကာအကွယ်ပေးမည့်ကတိကို ရရှိထားသော်လည်း ဘေဂျင်းအနေဖြင့် အဆိုပါကျွန်းကို ၎င်း၏ ပိုင်နက်နယ်မြေအစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူ ၍ ရည်မှန်းချက်အောင်မြင်စေရန် အင်အားသုံးမည့်ကိစ္စကို စွန့်လွှတ်ခြင်း မရှိပေ။
Source: Aljazeera
