- By CNI
- Category: နိုင်ငံရေး
- Hits: 1667
CNI International News
ဒီလီ၊ မေလ ၂၀
လွတ်လပ်ရေး တိုက်ပွဲဝင်ဟောင်းနှင့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဂျိုစီရားမို့စ်ဟော်တာသည် အာရှ၏ သက်တမ်း အနုနယ်ဆုံး နိုင်ငံဖြစ်သော အရှေ့တီမောနိုင်ငံ၏ လွတ်လပ်ရေး အနှစ် ၂၀ ပြည့် အထိမ်းအမှတ်မတိုင်မီ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို ခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်းအရ သိရသည်။
မေလ ၁၉ ရက် ညပိုင်း ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာသော ရားမို့စ်ဟော်တာကို ထောက်ခံအားပေးသူများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။
ပေါ်တူဂီ ကိုလိုနီဟောင်းဖြစ်သော အရှေ့တီမောသည် ၁၉၇၅ ခုနှစ်တွင် အင်ဒိုနီးရှား၏ သိမ်းပိုက်ခြင်းခံခဲ့ရပြီး ၂၀၀၂ ခုနှစ်တွင် သီးခြား လွတ်လပ်သော နိုင်ငံအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။ ထိုနှစ်မှစ၍ အရှေ့တီမော လွတ်လပ်ရေး အောင်ပွဲ အခမ်းအနားကို စတင် ကျင်းပခဲ့သည်။
အသက် ၇၂ နှစ်ရှိပြီဖြစ်သည့် ရားမို့စ်ဟော်တာသည် အင်ဒိုနီးရှား သိမ်းပိုက်ခံရစဉ်အတွင်း အရှေ့တီမော တော်လှန်ရေးကို ဦးဆောင်ခဲ့ပြီး ယခုကျမ်းသစ္စာ ကျိန်ဆိုပွဲ၌ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် စည်းလုံးညီညွတ်ရေးတို့ကို တောင်းဆို တိုက်တွန်းခဲ့သည်။
အရှေ့တီမော သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုနေတဲ့ ရားမို့စ်ဟော်တာ (AP)
လွန်ခဲ့သော အနှစ် ၂၀ က နိုင်ငံ၏ လွတ်လပ်ရေး ကြေညာခဲ့သော သန်းခေါင်ယံအချိန်ကို အစွဲပြု၍ သမ္မတ ကျမ်းသစ္စာကျိန်ဆို ခြင်း အစီအစဉ်ကို မေလ ၁၉ ရက်၊ ဒေသစံတော်ချိန် သန်းခေါင်ကျော်ချိန်၌ ပြုလုပ်ခဲ့သည်။
“ဒီနေ့ခေတ်မှာ စည်းလုံးညီညွတ်ပါမှ ကျနော်တို့ အဆိုပြုထားတဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်ကို လှမ်းကိုင်နိုင်မယ်ဆိုတာ အပြည့်အဝ သိရှိထားကြဖို့ ဖြစ်ပါတယ်” ဟု ရားမို့စ်ဟော်တာက လူထုကို တိုက်တွန်းခဲ့သည်။
သမ္မတသစ်သည် ဆင်းရဲမွဲတေမှု လျှော့ချရေး၊ မိခင်နှင့်ကလေး ကျန်းမာရေး ဝန်ဆောင်မှုများ မြှင့်တင်ရေးနှင့် နိုင်ငံရေး တည်ငြိမ်မှု ပြန်လည်ရရှိဖို့ ဆွေးနွေးပွဲများ ကျင်းပရေးတို့ကို ကတိပြုခဲ့သည်။
အရှေ့တီမောဟု အများခေါ်ကြသည့် တီမောလက် (Timor-Leste) နိုင်ငံသည် ဒေသတွင်း နိုင်ငံများ အစုအဖွဲ့ (အာဆီယံ)၏ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်လာရန် မျှော်မှန်းလုပ်ဆောင်နေကြောင်း ရားမို့စ်ဟော်တာက ၎င်းမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
အရှေ့တီမောရဲ့ အမျိုးသားရေး သင်္ကေတ(GETTY IMAGES)
မေလ ၁၉ ရက် ညပိုင်း၌ ကျင်းပခဲ့သည့် အဆိုပါ အခမ်းအနားတွင် ရားမို့စ်ဟော်တာသည် အရှေ့တီမော သမ္မတဟောင်း ဂူတာရက်စ်၏ ဆီးကြိုပွေ့ဖက်၍ နှုတ်ခွန်းဆက်သမှုကိုလည်း ခံယူခဲ့သည်။
ရားမို့စ်ဟော်တာသည် ဆယ်စုနှစ် ၃ ခုနီးပါး ပြည်ပတွင် နေထိုင်ခဲ့ပြီး ၁၉၉၉ ခုနှစ် အကုန်ပိုင်းတွင်မှ အရှေ့တီမောသို့ ပြန်လည် ရောက်ရှိခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ၎င်း၏ ပြည်တွင်း ပဋိပက္ခ ဖြေရှင်းနိုင်ရေး စွမ်းဆောင်ချက်များကြောင့် နိုဘယ် ငြိမ်းချမ်းရေးဆုကို လက်ခံရရှိခဲ့သည်။
Source: Aljazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 1061
CNI International News
ကိယက်ဗ်၊ မေ ၂၀
ယူကရိန်းနိုင်ငံ၏အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသတွင် ရုရှားတပ်များက အမြောက်၊ ဒုံးပစ်လောင်ချာနှင့် ဗုံးကြဲ လေယာဉ်များ သုံး၍ ထိုးစစ် ပိုမိုပြင်းထန်လာခဲ့ကြောင်း ယူကရိန်းစစ်တပ်က မေလ ၂၀ ရက်(ယနေ့)တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
“ရန်သူရုရှားက ဒုံးကျည်ပစ်လွှတ်မှုတွေအပါအဝင် အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို အမြောက် တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်” ဟု ယူကရိန်းစစ်တပ်၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။
ဒွန်ဘတ်စ်ရှိ လူဟန်ဆက်ဒေသ၌ ရုရှားပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် ၂၄ နာရီအတွင်း အရပ်သား ၁၃ ဦးအထိ သေဆုံးခဲ့ကြောင်း ဒေသန္တရအုပ်ချုပ်ရေး ဆာဟေးဂိုင်ဒိုင်း (Serhiy Gaidai) က ပြောသည်။
ရုရှား ထိုးစစ်မအောင်မြင်ခဲ့သည့် ဆာဗီးရိုဒွန်နက်ဆက်မြို့တွင် လူ ၁၂ ဦး သေဆုံးကြောင်း ၎င်းက ဆက်ပြောသည်။
ရုရှား ကျူးကျော်စစ်စတင်ချိန်မှ ယခုအထိ ကလေးသူငယ် ၂၃၂ ဦး သေဆုံးပြီး ၄၂၇ ဦး ဒဏ်ရာရခဲ့ကြောင်း ယူကရိန်းအစိုးရရှေ့နေချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါသတင်းများကို ရိုက်တာက သီးခြားအတည်ပြု နိုင်ခြင်း မရှိသေးသလို အရပ်သားများကို ပစ်မှတ်ထားခြင်းမရှိကြောင်း ရုရှားဘက်မှ ငြင်းဆိုထားသည်။
မကြာသေးမီက ရုရှားတို့ အဓိကအာရုံစိုက်၍ ထိုးစစ်ဆင်ခဲ့သည့် စက်မှုဒေသဖြစ်သော ဒွန်ဘတ်စ်သည် လုံးဝ ပျက်စီးသွားပြီဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီးက ပြောကြားခဲ့ပြီးနောက် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံ များထံမှ ကိယက်ဗ်ထံသို့ ဒေါ်လာဘီလီယံနှင့်ချီ၍ အင်အားဖြည့်တင်းပေးမည်ဟူသော ကတိကို ရရှိခဲ့ကြောင်း တိုင်းပြည်သို့ အသိပေးခဲ့သည်။
ယူကရိန်းမြို့တော် ကိယက်ဗ်မှ ဆုတ်ခွာပြီးကတည်းက ရုရှားသည် ခွဲထွက်ရေးသမားများကိုယ်စားပြု၍ တောင်းဆိုခဲ့သည့် ဒွန်နက်ဆက်နှင့် လူဟန်ဆက်နယ်မြေများ တည်ရှိရာ ဒွန်ဘတ်စ်တွင် နယ်မြေသိမ်းပိုက် နိုင်ရေးအတွက် အမြောက်များ၊ သံချပ်ကာယာဉ်များ အလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့သည်။
“သိမ်းပိုက်ချင်တဲ့သူတွေက ပိုပြီးတော့ ဖိအားပေးနိုင်ဖို့ ကြိုးစားနေကြတယ်။အဲဒီဒေသမှာ ငရဲပါပဲ။ဒါက ချဲ့ကား ပြောတာမဟုတ်ပါဘူး။ ဒွန်ဘတ်စ်ဟာ လုံးဝပျက်စီးသွားပြီဗျာ” ဟု ဇာလန်းစကီးက မေလ ၁၈ ရက် ညပိုင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ ယူကရိန်းတောင်ဘက်ရှိ အိုဒက်ဆာဒေသသို့လည်း ရုရှားက အဆက် မပြတ်တိုက်ခိုက်နေခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
မော်စကိုသည် ၎င်း၏ကျူးကျော်စစ်ကို ယူကရိန်းမှ ဖက်ဆစ်ဝါဒီများကို ဖယ်ရှားပစ်ရန် အထူးစစ်ဆင်ရေးဟု ကင်ပွန်းတပ်ခဲ့သော်လည်း ကိယက်ဗ်နှင့်အနောက်အုပ်စုတို့က အခြေအမြစ်မရှိသော အကြောင်းပြချက်ဖြစ်သည် ဟုသာ တုံ့ပြန်ခဲ့ကြသည်။
တောင်ပိုင်းဆိပ်ကမ်းမြို့သော မာရီယူပေါလ်ကို သိမ်းပိုက်ပြီးပါက ရုရှားစစ်အင်အားသည် ဒွန်ဘတ်စ်သို့ ဖြည့်တင်း လာနိုင်ဖွယ်ရှိသည်ဟု ဗြိတိန်စစ်ထောက်လှမ်းရေးက ပြောကြားခဲ့သည်။
ကျူးကျော်မှု ၃ လတာ နီးကပ်လာသည်နှင့်အမျှ မေလ ၁၉ ရက်တွင် အမေရိကန်အထက်လွှတ်တော်၌ ယူကရိန်း သို့ အထောက်အပံ့အသစ် ဒေါ်လာ ၄၀ ဘီလီယံနီးပါး ထပ်မံပေးအပ်ရန် တခဲနက်အတည်ပြုခဲ့သည်။ ယင်း အထောက်အပံ့သည် ယနေ့ကာလအထိ အမေရိကန်၏အများပြားဆုံး ထောက်ပံ့ရေးအစီအစဉ်လည်း ဖြစ်သည်။
စီးပွားရေးအင်အားကောင်းသည့် အခြား ၇ နိုင်ငံအုပ်စုကလည်း ယူကရိန်းထံသို့ ဒေါ်လာ ၁၈ ဒသမ ၄ ဘီလီယံ ထောက်ပံ့သွားရန် သဘောတူညီခဲ့သည်။ အဆိုပါငွေကြေးပမာဏသည် ရုရှားကို အောင်ပွဲခံနိုင်ဖို့ အရှိန်မြှင့်တင် ပေးခြင်းဖြစ်ကြောင်း ယူကရိန်းအစိုးရက ပြောကြားခဲ့သည်။
အမေရိကန်သမ္မတအိမ်ဖြူတော်သည် အဆင့်မြင့်သင်္ဘောဖျက်ဒုံးကျည်များကို ယူကရိန်းတိုက်လေယာဉ်များ၌ တပ်ဆင်ပေးနိုင်ဖို့ စီစဉ်နေကြောင်း သိရသည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 1342
CNI International News
ကဘူးလ်၊ မေလ ၂၀
အာဖဂန်နစ္စတန်နိုင်ငံရှိ တီဗီချန်နယ် အသီးသီးတွင် ရုပ်သံသတင်း တင်ဆက်သူ အမျိုးသမီးအားလုံး ၎င်းတို့မျက်နှာများကို ဖုံးအုပ်ထားကြရန် တာလီဘန်တို့က အမိန့်ထုတ်ခဲ့ကြောင်း ပြည်တွင်း အကြီးဆုံးမီဒီယာက မေလ ၁၉ ရက်တွင် ထုတ်လွှင့်ခဲ့သည်။
အဆိုပါအမိန့်ကို တာလီဘန်တို့၏ ယဉ်ကျေးမှုဆိုင်ရာ ဒုတိယဝန်ကြီးက ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း TOLO news ရုပ်သံလိုင်း ၏ တွစ်တာ စာမျက်နှာကို ကိုးကားလျက် အေပီသတင်းတွင် ဖော်ပြထားသည်။
ထိုအမိန့် ထုတ်ပြန်ချက်ကို TOLO news နှင့် အခြားတီဗီချန်နယ်၊ ရေဒီယို အသံလွှင့် လုပ်ငန်းများကို ပိုင်ဆိုင်ထားသည့် Moby လုပ်ငန်းစုထံသို့ ပေးပို့ခဲ့ကြောင်း၊ အမိန့်မှာ အာဖဂန်မီဒီယာအားလုံးနှင့် သက်ဆိုင်ကြောင်း သိရသည်။
မိမိတို့ သတင်းဌာနအနေဖြင့် အဆိုပါအမိန့်စာကို လက်ခံရရှိကြောင်း အာဖဂန်ပြည်တွင်းမီဒီယာမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုခဲ့သော်လည်း ဆွေးနွေးစရာ မရှိကြောင်းနှင့် အခြားရွေးချယ်စရာလည်း မရှိကြောင်း ပြောကြားခဲ့သည်။ အာဏာ ပိုင်များနှင့် ပြဿနာတက်မည်ကို စိုးရိမ်သဖြင့် ၎င်း၏အမည်နှင့် မီဒီယာအမည်ကို ဖော်ထုတ်ရေးသားခြင်း မပြုရန် အေပီသို့ အကြောင်းပြန်ခဲ့သည်။
အာဖဂန်အမျိုးသမီး ရုပ်သံတင်ဆက်သူများနှင့် သတင်းကြေညာသူ အများအပြားသည် ယခုလတ်တလော အစီအစဉ်များကို ပုံမှန်အတိုင်း ထုတ်လွှင့်နေစဉ်အတွင်း ၎င်းတို့၏မျက်နှာများအား ဖုံးအုပ်ထားရပုံများကို လူမှုကွန်ရက် မီဒီယာများတွင် ကျယ်ကျယ် ပြန့်ပြန့် လွှင့်တင်ခဲ့ကြသည်။
တာလီဘန်နဲ့ အာဖဂန်နစ္စတန်အမျိုးသမီးများ(GETTY IMAGES)
လူသိများသော TOLO သတင်းတင်ဆက်သူ ယဲဒါအလီ (Yalda Ali) က “တာလီဘန် ယဉ်ကျေးမှုဝန်ကြီး အမိန့်အရ အမျိုးသမီး တစ်ဦး၏ ရုပ်သွင်ကို ပုံဖျက်ခံရခြင်း” ဟူသော စာတန်းထိုး၍ သူ့ကိုယ်သူ မျက်နှာဖုံးအုပ်ထားသည့် ဗွီဒီယိုဖိုင်ကို လူမှုကွန်ရက်ပေါ် လွှင့်တင်ခဲ့သည်။
၁၉၉၆-၂၀၀၁ ခုနှစ်မှ တာလီဘန်တို့ ပထမအကြိမ် အာဏာရချိန်အတွင်း အမျိုးသမီးများအား ကန့်သတ် ချုပ်ချယ်မှုများ ချမှတ်ခဲ့ပြီး မျက်လုံးကိုပင် ဖုံးအုပ်စေသည့် ဘူရ်ခါအင်္ကျီများကိုသာ ဝတ်ဆင်ခိုင်းခဲ့သည်။
ယမန်နှစ် ဩဂုတ်လတွင် အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ တကျော့ပြန် အာဏာရ လာပြီးနောက်ပိုင်းတွင် တာလီဘန် တို့က ၎င်းတို့၏ ကန့်သတ်ချက်များကို အနည်းငယ် ပျော့ပျောင်းခဲ့သော်လည်း အမျိုးသမီးများအတွက် ဝတ်စားဆင်ယင်မှု များကို ထပ်မံ ကန့်သတ် ချုပ်ချယ်လာခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1698
CNI International News
ကိယက်ဗ်၊ မေ ၂၀
အမေရိကန်လုပ် တာဝေးဒုံးကျည်ပစ်လွှတ်သည့်စနစ်များ ကိယက်ဗ်သို့ ပေးပို့ရန် ပျက်ကွက်ခဲ့ခြင်းအတွက် ဝါရှင်တန်အပေါ် ယူကရိန်းအစိုးရတာဝန်ရှိသူများက စိတ်ပျက်မိကြောင်း Politico မီဒီယာကို ကိုးကားလျက် ရုရှားတူဒေးဝက်ဘ်ဆိုက်က ဖော်ပြသည်။
အမည်မဖော်လိုသူ အရာရှိ ၃ ဦး၏ ပြောကြားချက်ကို Politico မီဒီယာက ရေးသားခဲ့ရာ၌ အမေရိကန်လုပ် ဒုံးကျည်မျိုးစုံပစ်လွှတ်နိုင်သည့်စနစ် (MLRS) ကို ကိယက်ဗ်က တောင်းခံခဲ့သော်လည်း အိမ်ဖြူတော်က မပေးပို့သေးကြောင်း ထည့်သွင်းရေးသားခဲ့သည်။
သို့သော် ဘိုင်ဒန်အစိုးရ၏ အမည်မဖော်လိုသူအရာရှိတစ်ဦးကတော့ “ဝါရှင်တန်နှင့်ကိယက်ဗ်တို့သည် MLRS နှင့်ပတ်သက်၍ တက်ကြွစွာ ဆွေးနွေးနေကြောင်း” Politico သို့ပြောကြားခဲ့သော်လည်း လက်နက်အားလုံးကို အဆောတလျင် ပေးအပ်နိုင်ဦးမည်မဟုတ်ကြောင်း မှတ်ချက်ပေးခဲ့သည်။
MLRS နှင့် နှိုင်းယှဉ်ပါက ငွေကြေးပမာဏအရ 90 M777 (ဟောင်ဝစ်ဇာ) ပေးပို့ခြင်းက ပိုမိုထိရောက်သည်ဟု ဘိုင်ဒန်အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အရှေ့ဥရောပမဟာမိတ်များ ဝိုင်းဝန်းပံ့ပိုးနေသည့် ယူကရိန်းသို့ ဆိုဗီယက်ခေတ်ဟောင်း ဒုံးကျည်စနစ် အများ အပြားကို ပို့ဆောင်ရာ၌ အမေရိကန်အတွက် ပြဿနာမရှိသော်လည်း ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များ ထိမှန် နိုင်သည့် တာဝေးပစ်စနစ်များ၊ အမြောက်များ ပို့ဆောင်ပေးခြင်းကိုတော့ ရပ်တန့်ထားခဲ့ကြောင်း Politico က ကောက်ချက်ချရေးသားခဲ့သည်။
အဆိုပါသတင်းဆောင်းပါးအရ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးသည် ၎င်းနိုင်ငံအတွက် အလိုအပ်ဆုံး လက်နက်များထဲတွင် M142 HIMARS နှင့် M270 MLRS စသည့် ဒုံးကျည်မျိုးစုံပစ်လွှတ်နိုင်သည့် စနစ်များ အရေး တကြီးပါဝင်နေကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
M270 MLRS စနစ်သည် အကွာအဝေး ၇၀ ကီလိုမီတာအထိ ပစ်လွှတ်နိုင်စွမ်းရှိပြီး ယင်းကိုအဆင့်မြှင့်တင်၍ ပစ်လွှတ်လျှင် ဒုံးကျည်များ ၁၆၅ ကီလိုမီတာအထိ ရောက်ရှိပေါက်ကွဲနိုင်သည်။ ပိုမိုခေတ်မီသော HIMARS စနစ်ဆိုလျှင် ကီလိုမီတာ ၃၀၀ မှ ၅၀၀ အထိ အကွာအဝေးတွင်ရှိသော ပစ်မှတ်များကို တိကျစွာ ထိမှန်နိုင်သည်။
ဂျာမနီအစိုးရကလည်း ပြီးခဲ့သည့် ဧပြီလနှောင်းပိုင်းတွင် ယူကရိန်းသို့ ဂျာပတ် (Gepards) လေယာဉ်ပစ် အမြောက် ပါသည့်တင့်ကားများ ပေးပို့ရန် မီးစိမ်းပြခဲ့သော်လည်း ယခုအချိန်အထိ အကောင်အထည် မပေါ်သေးပေ။
ပြီးခဲ့သည့် မေလ ၁၃ ရက်တွင် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး မီဒီထရီကူလီဘာနှင့် ဂျာမနီကာကွယ်ရေးဝန်ကြီး ခရစ္စတင်းလမ်ဘရီချက်တို့ တွေ့ဆုံခဲ့ရာတွင် ယူကရိန်းသို့ Leopard 1 တင့်ကားများ၊ Marder ခြေလျင် တိုက်ခိုက်ရေးယာဉ်ယန္တရားများ ပေးပို့ရန် တိုက်တွန်းခဲ့သည်။
Source: ရုရှားတူဒေး
- By CNI
- Category: နိုင်ငံရေး
- Hits: 1309
CNI International News
နယူးဒေလီ၊ မေလ ၁၉
အိန္ဒိယဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီကို လုပ်ကြံသတ်ဖြတ်မှုဖြင့် ထောင်ဒဏ် ၃၁ နှစ် ချမှတ်ခံထားရသော အမျိုးသားတစ်ဦး ကို အိန္ဒိယထိပ်တန်း တရားရုံးချုပ်က မေလ ၁၈ ရက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း စီအင်န်အင်န် သတင်းအရ သိရသည်။
အဆိုပါ အမျိုးသားမှာ အေဂျီပါရာရီဗာလန် (A.G. Perarivalan) ဆိုသူဖြစ်ပြီး ၎င်းကို ထောင်မှ ပြန်လွှတ်ပေးရန်အတွက် တရားရုံးချုပ်က ထူးထူးခြားခြား အခွင့်အာဏာ တောင်းခံခဲ့ရကြောင်း ၎င်း၏ရှေ့နေက စီအင်န်အင်န် သတင်းဌာနသို့ ပြောသည်။
၁၉၉၁ ခုနှစ်၊ မေလ ၂၁ ရက်၌ အိန္ဒိယတောင်ပိုင်း၊ တမီလ်နာဒူးပြည်နယ်တွင် အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ရာဂျစ်ဂန္ဒီ လုပ်ကြံခံရပြီးနောက် ရက်သတ္တပတ် အနည်းငယ်အကြာတွင် ပါရာရီဗာလန်ကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။
ထိုစဉ်က အသေခံ ဗုံးခွဲတိုက်ခိုက်မှုသည် သီရိလင်္ကာနိုင်ငံရှိ တမီလ်ပြည်နယ်တွင် လှုပ်ရှားနေသော ခွဲထွက်ရေးသူပုန်များ လက်ချက်ဟု အိန္ဒိယက အပြစ်တင်ခဲ့သည်။
ကျွန်းနိုင်ငံ တစ်နိုင်ငံဖြစ်သော သီရိလင်္ကာတွင် ပြည်တွင်းစစ် အဆုံးသတ်ရန်အတွက် ငြိမ်းချမ်းရေး သဘောတူညီချက် တစ်ရပ်အရ အိန္ဒိယတပ်များကို ကျွန်းပေါ်သို့ ၁၉၈၇ ခုနှစ်တွင် စေလွှတ်ခဲ့ခြင်းကြောင့် ရာဂျစ်ဂန္ဒီကို အဆိုပါ ခွဲထွက်ရေးသူပုန် များက လက်တုံ့ပြန်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြသည်။
အခင်းဖြစ်ပွားစဉ်က အသက် ၁၉ အရွယ်သာ ရှိသေးသည့် ပါရာရီဗာလန်သည် အသေခံဗုံးခွဲမှု အထမြောက်ရန် ဘက်ထရီ ဝယ်ပေးခဲ့ကြောင်း အစွပ်စွဲခံခဲ့ရသည်။ ၎င်းသည် လုပ်ကြံ သတ်ဖြတ်မှုတွင် ပူးပေါင်းပါဝင်ကြောင်း ပြစ်မှုထင်ရှားသည်ဟု ထိုစဉ်က တရားရုံး စာရွက်စာတမ်းများတွင် ဖော်ပြပါရှိခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီ(GETTY IMAGES)
၎င်းသည် အခြား ၆ ယောက်ဦးနှင့်အတူ ၁၉၉၈ ခုနှစ်တွင် သေဒဏ် စီရင်ခြင်း ခံရသော်လည်း ၂၀၁၄ ခုနှစ်တွင် ပြစ်ဒဏ်ကို တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲချမှတ်ခဲ့သည်။
ထို့နောက် ၂၀၁၅ ခုနှစ်တွင် ပါရာရီဗာလန်၏ရှေ့နေ ကေပါးရီဗန်ဒန်က တမီလ်နာဒူးပြည်နယ် အုပ်ချုပ်ရေးမှူးထံ အသနားခံ စာတစ်စောင် တင်သွင်းခဲ့သည်။ သို့သော် ပြည်နယ်အုပ်ချုပ်ရေးမှူးထံမှ နှစ်ပေါင်းများစွာ တုံ့ပြန်မှုမရခဲ့သဖြင့် နောက်ပိုင်းတွင် အိန္ဒိယဗဟိုတရားရုံးချုပ်ထံသို့ အာမခံလျှောက်ထားခဲ့သည်။
သို့ဖြင့် ယခုနှစ် မတ်လတွင် တရားရုံးချုပ်က ၎င်းသည် ထောင်ဒဏ် ကျခံနေစဉ်အတွင်း အကျင့်စာရိတ္တ ကောင်းမွန်ခြင်း၊ ထောင်ထဲတွင် ပညာရေးဆိုင်ရာ အရည်အချင်း တိုးတက်ခဲ့ခြင်းနှင့် ကျန်းမာရေး ချို့ယွင်းလာခြင်းတို့ကြောင့် အာမခံ ခွင့်ပြုပေး ခဲ့သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးထံ တင်သွင်းခဲ့သော အသနားခံစာကိုလည်း အိန္ဒိယသမ္မတ ရန်နက်ကိုဗင် ထံသို့ လွှဲပြောင်း ပေးပို့ခဲ့ကြောင်း တရားရုံးတွင် ကြားနာစစ်ဆေးခဲ့သည်။
မေလ ၁၈ ရက်တွင် တရားရုံးချုပ်က ယင်းအမှအား အပြီးအပြတ် စီရင်ချက်ချခဲ့ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းဖြင့် ပြန်လွှတ်ရန် ဆုံးဖြတ်ခဲ့သည်။
သို့သော် တရားရုံးချုပ်အနေဖြင့် ပြည်နယ်အုပ်ချုပ်ရေးမှူးထံမှ သမ္မတထံ လွှဲပြောင်းပေးသော အသနားခံစာကို ကိုးကားရန် အခွင့်အာဏာမရှိသဖြင့် ထောင်ဒဏ် ကျခံနေရသူ ပါရာရီဗာလန်၏ အသနားခံချက်ကို မတုံ့ပြန် နိုင်ခဲ့ကြောင်း ရှေ့နေက ရှင်းပြခဲ့သည်။
၁၉၉၁ ခုနှစ်တွင် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသည့် ရာဂျစ်ဂန္ဒီသည် လွတ်လပ်ပြီးစ အိန္ဒိယနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဂျဝါဟလာနေရူး၏ မြေးဖြစ်သည်။ မိခင်ဖြစ်သူမှာလည်း ဝန်ကြီးချုပ်ဟောင်း အင်ဒီရာဂန္ဒီဖြစ်ပြီး ၎င်းတို့မျိုးဆက်သည် အိန္ဒိယနိုင်ငံတွင် သက်တမ်းအရှည်ကြာဆုံး ဝန်ကြီးချုပ်မျိုးဆက် (၃) ဆက်ဟူ၍ အထူးထင်ရှားခဲ့သည်။
Source: CNN
- By CNI
- Category: နိုင်ငံရေး
- Hits: 1097
CNI International News
ဝါရှင်တန်၊ မေလ ၁၉
ယူကရိန်းသို့ ရုရှားကျူးကျော်စစ်ကြောင့် ခြိမ်းခြောက်ခံလာရသည့် စားနပ်ရိက္ခာ ဖူလုံရေး အကျပ်အတည်းကို တားဆီးရန်အတွက် ဒေါ်လာ ဘီလီယံ ၃၀ ရရှိနိုင်ကြောင်း၊ ထိုသို့ရရှိနိုင်ရန် နိုင်ငံနှစ်နိုင်ငံမှ ဆန်တင်ပို့မှု အများစုကို ဖြတ်တောက်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်က မေလ ၁၈ ရက်တွင် ကြေညာခဲ့သည်ဟု ရိုက်တာသတင်းအရ သိရသည်။
ထိုစီမံကိန်းအသစ်တွင် ဒေါ်လာ ၁၂ ဘီလီယံနှင့် လက်ရှိ စားနပ်ရိက္ခာနှင့် အာဟာရဆိုင်ရာ စီမံကိန်းများမှ ရန်ပုံငွေ ဒေါ်လာ ၁၈ ဘီလီယံကျော် ပါဝင်မည်ဖြစ်ကြောင်း၊ ယင်းပမာဏကို အတည်ပြုပြီး ဖြစ်သော်လည်း ထုတ်ပေးခြင်း မရှိသေးကြောင်း ကမ္ဘာ့ဘဏ်၏ ကြေညာချက်တွင် တွေ့ရသည်။
“အစားအသောက် ဈေးနှုန်းတွေ တက်လာတာဟာ အဆင်းရဲဆုံးနဲ့ ထိခိုက် အလွယ်ဆုံးသူတွေ အပေါ်မှာ ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိနေပါတယ်။ ဈေးကွက်တွေထဲကို အကြောင်းကြားဖို့နဲ့ တည်ငြိမ်စေဖို့ လုပ်ဆောင်နေပါတယ်။ ယူကရိန်းကို ရုရှားကျူးကျော်မှုကို တုံ့ပြန့်တဲ့အနေနဲ့ အနာဂတ်မှာ ထုတ်ကုန် တိုးလာမယ့် နိုင်ငံတွေဟာ အခုလို ရှင်းလင်း ပြတ်သားတဲ့ ကြေညာချက်တွေ ထုတ်နိုင်ဖို့ အရေးကြီးပါတယ်” ဟု ကမ္ဘာ့ဘဏ်အုပ်စု ဥက္ကဋ္ဌ ဒေးဗစ်မယ်လ်ပက်စ်က အဆိုပါ ကြေညာချက် ထဲတွင် ပြောကြားထားသည်။
ယခုစီစဉ်သည့် စီမံကိန်း အသစ်များသည် ဆင်းရဲနွမ်းပါး သူများအပေါ် စားသောက်ကုန် ဈေးနှုန်း တက်လာမှု၏ အကျိုးသက်ရောက်မှု တားဆီးနိုင်ရန် ရည်ရွယ်ကြောင်း၊ စိုက်ပျိုးရေး၊ လူမှုအကာအကွယ်ပေးရေး၊ သောက်သုံးရေနှင့် ဆည်မြောင်း လုပ်ငန်းများ အထောက်အကူပြုစေရန် မျှော်လင့်ကြောင်း ကမ္ဘာ့ဘဏ် ကြေညာချက်ထဲတွင် ဆက်လက် ရေးသားထားသည်။
ကမ္ဘာ့ဘဏ်(Reuters)
အဆိုပါ စားသောက်ကုန် အရင်းအမြစ်များသည် အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသ၊ အရှေ့ဥရောပ၊ အာရှအလယ်ပိုင်းနှင့် တောင်အာရှဒေသတို့အတွက် ဦးစားပေးမည် ဖြစ်သည်။ ယင်းဒေသများသည် ယူကရိန်းစစ်ပွဲကြောင့် ဆန်စပါးတင်ပို့နိုင်မှု အကျိုးသက်ရောက်မှုဒဏ်ကို ပြင်းထန်စွာ ခံစားနေကြရသည်။
ရုရှားသည် ယူကရိန်း လယ်ယာထွက်ကုန်များ၏ ထွက်ပေါက်ဖြစ်သော ပင်လယ်နက် ဆိပ်ကမ်းများကို စစ်အင်အားဖြင့် ပိတ်ဆို့ ထားလိုက်သည့်အပြင် ၎င်း၏ ပြည်တွင်း ပို့ကုန်များကိုလည်း ကန့်သတ်ခဲ့ခြင်းကြောင့် ယူကရိန်းနှင့်ရုရှားတို့ တင်ပို့ နေကျဖြစ်သော ဂျုံကို အလွန်အမင်း မှီခိုနေရသည့် အီဂျစ်ကဲ့သို့ နိုင်ငံများသည် ယခုအခါ စားနပ်ရိက္ခာအတွက် အလုအယက် ဝယ်ယူနေရသည်။
ကမ္ဘာ့ဘဏ်က ချပြလာသော အစီအစဉ်များသည် အမေရိကန် ဘဏ္ဍာရေးဌာန၏ စားနပ်ရိက္ခာ ဖူလုံရေးဆိုင်ရာ လုပ်ဆောင် ချက် အစီအစဉ်များနှင့် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများထံမှ အကျဉ်းချုပ် ဖော်ပြချက်များကို ကိုးကားရယူထားသည်။
ယူကရိန်းပြည်သူများ
ဥရောပဘဏ်သည် ပြန်လည်တည်ဆောက်ရေး၊ ဖွံ့ဖြိုးရေး၊ စားနပ်ရိက္ခာ ဖူလုံရေးနှင့် စားသောက်ကုန်များအတွက် ကုန်သွယ် မှု ဘဏ္ဍာငွေ ယူရို သန်း ၅၀၀ (အမေရိကန်ဒေါ်လာ ၅၂၃ ဒသမ ၅၀ သန်း) ရရှိနိုင်စေရန် စီစဉ်နေပြီး စစ်ဒဏ် ခံခဲ့ရသော ယူကရိန်းနှင့် အိမ်နီးချင်းများအတွက် ယူရိုငွေ ၂ ဘီလီယံ တန်ဖိုး ပေးအပ်ရန်ရှိကြောင်း ဘဏ္ဍာရေး အစီရင်ခံစာများအရ သိရ သည်။ သို့ဖြစ်၍ ယူကရိန်းက ယူရိုငွေ သန်း ၂၀၀ နှင့် ၎င်း၏ အိမ်နီးချင်း နိုင်ငံများက ယူရို သန်း ၃၀၀ စီ ရရှိကြမည်ဖြစ်သည်။
ထို့ပြင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကလည်း ၎င်း၏ ပုံမှန်လမ်းကြောင်းမှနေ၍ ဘဏ္ဍာရေး ပံ့ပိုးသွားမည်ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 1399
CNI International News
အန်ကာရာ၊ မေလ ၁၉
မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့(နေတိုး)သည် အန်ကာရာအတွက် ထိရှလွယ်သော ပြဿနာများကို လုံခြုံရေးနှင့် နယ်စပ် ကာကွယ်ရေးဆိုင်ရာ စိုးရိမ်စရာအဖြစ် နားလည် သဘောပေါက်လိမ့်မည်ဟု မိမိမျှော်လင့်ကြောင်း တူရကီသမ္မတ အာဒိုဂန်က မေလ ၁၈ ရက်တွင် လွှတ်တော်ထဲ၌ ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။
တူရကီသည် နေတိုးအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။
“နေတိုးက သူ့ရဲ့အရှေ့ဘက်ခြမ်းကို ချဲ့ထွင်ဖို့ ခြေလှမ်းတွေ လှမ်းနေပါတယ်။ ယူကရိန်း အကျပ်အတည်းကြား တစ်စုံ တစ်ယောက်ကို နွေးနွေးထွေးထွေး ပွေ့ဖက်နှုတ်ဆက်ပြီးတော့ စိတ်စေတနာ ကောင်းထားတာ တွေ့ရပါတယ်။ နေတိုးရဲ့ မဟာ မိတ် အနေနဲ့ အကြမ်းဖက်ဝါဒကို နှစ်နဲ့ချီပြီး တိုက်ဖျက်ခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။ ကျနော်တို့ မဟာမိတ်တွေဟာ သိမ်မွေ့ နက်နဲတဲ့ အကြောင်းအရာတွေ ရှိနေတယ်ဆိုတာ နားလည်ပေးဖို့၊ လေးစားဖို့၊ ထောက်ခံဖို့ ကျနော် မျှော်လင့်ပါတယ်” ဟု ၎င်းဦးဆောင်သည့် အာဏာရပါတီဖြစ်သော တရားမျှတမှုနှင့်ဖွံ့ဖြိုးရေးပါတီ၏ အစည်းအဝေးတွင် အာဒိုဂန်က ပြောကြားခဲ့ သည်။
ကာ့ဒ်သူပုန်ကိုတွေ့ရစဉ်(GETTY IMAGES)
အန်ကာရ(တူရကီ)သည် နိုင်ငံခြားနယ်မြေများကို မိမိပိုင်နက်အဖြစ် ဝေစုခွဲ တောင်းဆိုခြင်း မရှိကြောင်း၊ သို့သော် အမျိုးသား လုံခြုံရေး ကာကွယ်ရန်မှာ တိုင်းပြည်အတွက် အရေးကြီးဆုံးဖြစ်ကြောင်း တူရကီသမ္မတ အာဒိုဂန်က ဆက်လက် ပြောကြားခဲ့ သည်။
“နိုင်ငံခြား နယ်မြေတွေဆိုတာ ကျနော်တို့မှာ အခိုင်အမာ မရှိပါဘူး။ ကျနော်တို့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ ဇာစ်မြစ်တွေ ကိုတော့ ချေမှုန်းပစ်ဖို့ ဆုံးဖြတ်ထားပါတယ်” ဟု အာဒိုဂန်က အီရတ်နှင့်ဆီးရီးယားရှိ ကာ့ဒ်စစ်သွေးကြွများကို တူရကီစစ်ဆင် ရေး လုပ်နေခြင်းအပေါ် ရည်ညွှန်းပြောကြားခဲ့သည်။
နေတိုးနဲ့ တူရကီ ကိုယ်စားလှယ်ကိုတွေ့ရစဉ်(GETTY IMAGES)
“ကျနော်တို့ရဲ့ နေတိုးမိတ်ဖက်နိုင်ငံတွေက တူရကီကို ပစ်မှတ်ထားတဲ့ အကြမ်းဖက် အဖွဲ့တွေလက်ထဲ ခဲယမ်းမီးကျောက်တွေ ထည့်နေတယ် မဟုတ်လား” ဟု ၎င်းက အတိအလင်း မေးခွန်းထုတ်ခဲ့သည်။
အာဒိုဂန်သည် တူရကီနယ်စပ်အနီးရှိ ကာ့ဒ်စစ်သွေးကြွ ခွဲထွက်ရေး သမားများကို နေတိုးပံ့ပိုးနေခြင်းအား အကြိမ်ကြိမ် အပြစ်တင် ဝေဖန်ခဲ့သည်။
တူရကီသည် ၁၉၅၂ ခုနှစ်တွင် နေတိုးအဖွဲ့ထဲသို့ ဝင်ရောက်ခဲ့ပြီး အဆိုပါ စစ်ဘက်ဆိုင်ရာ မဟာမိတ်အဖွဲ့တွင် ဒုတိယ အကြီး ဆုံး စစ်တပ်ကို ပိုင်ဆိုင်ထားပြီး သက်တမ်းအရင့်ဆုံး ဖြစ်သည်။
Source: တာ့စ်သတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 1228
CNI International News
ကိယက်ဗ်၊ မေလ ၁၉
နိုင်ငံ၏တောင်ပိုင်းတွင် အရေးပါ၍ အကျိုးအမြတ်ရှိလာသဖြင့် ယူကရိန်းဘက်မှ တိုက်ခိုက်ရေးသမား ၇၀၀ နီးပါးတို့သည် ရုရှားထိန်းချုပ်သော မာရီယူပေါလ်မြို့တွင် လက်နက်ချခဲ့ကြောင်း ရိုက်တာက ရေးသား ဖော်ပြထားသည်။
တဖက်မှာလည်း အမေရိကန်သည် ကိယက်ဗ်မြို့တော်တွင် ၎င်း၏သံရုံး ပြန်လည်ဖွင့်လှစ်မည့် နောက်ဆုံး ကြိုးပမ်းလာသည့် အနောက်အုပ်စုနိုင်ငံ ဖြစ်လာခဲ့ကြောင်း ရိုက်တာက ဆက်လက် ရေးသားထားသည်။
ယူကရိန်းက မာရီယူပေါလ်ရှိ ၎င်း၏မြို့စောင့်တပ်ကို ခုခံမှုများရပ်တန့်ရန် အမိန့်ပေးခဲ့သော်လည်း ဆယ်စုနှစ်များစွာအတွင်း ဥရောပ၌ သွေးထွက်သံယိုမှု အပြင်းထန်ဆုံး တိုက်ပွဲ၏ နောက်ဆုံးရလဒ်မှာ ထွက်ပေါ်မလာနိုင်သေးပေ။
အဆိုပါ ဆိပ်ကမ်းရှိ အဇော့ဗ်စတယ် (Azovstal) သံမဏိစက်ရုံတွင် နောက်ဆုံး ကြံ့ကြံ့ခံခဲ့ကြသည့် ယူကရိန်း တိုက်ခိုက်ရေး သမားများ၏ ထိပ်တန်းတပ်မှူးများကတော့ စက်ရုံဝင်းအတွင်း ရှိနေဆဲဖြစ်ကြောင်း၊ ထိုဒေသကို ထိန်းချုပ်ထားသည့် ရုရှား လိုလားသော ခွဲထွက်ရေးသမားခေါင်းဆောင် ဒန်းနစ်ပွတ်ရှီလင် (Denis Pushilin) ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသခံ မီဒီယာတစ်ခုဖြစ်သည့် DNA က မေလ ၁၈ ရက်၌ သတင်းဖော်ပြခဲ့သည်။
စက်ရုံဝင်းအတွင်း၌ ခုခံခဲ့သူများ၏ ကံကြမ္မာနှင့်ပတ်သက်၍ အများသိစေရန် သဘောထား မှတ်ချက်ပေးဖို့ ယူကရိန်းအစိုးရ တာဝန်ရှိသူများက ငြင်းဆိုထားသည်။
“အစိုးရက ကျနော်တို့ရဲ့ စစ်မှုထမ်းတွေကို ကယ်ဆယ်ဖို့ အစွမ်းကုန် ကြိုးစားနေတုန်းပါ။ အခုကိစ္စကို လူထုကို အသိပေးရင် အန္တရာယ်များလို့ ထုတ်မပြောသေးတာ ဖြစ်ပါတယ်” ဟု ယူကရိန်းစစ်ဘက်ပြောခွင့်ရသူ အိုလက်စန်ဒါမိုတူဇေနစ်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ယူကရိန်းစစ်သားများ လက်နက်ကြီးပစ်နေစဉ်(AP)
ယူကရိန်း တိုက်ခိုက်ရေးသမား ၂၅၀ ကျော် လက်နက်ချကြောင်း မေလ ၁၇ ရက်တွင် အတည်ပြုသော်လည်း စက်ရုံဝင်း အတွင်း မည်မျှကျန်ရှိသေးကြောင်း ယူကရိန်းဘက်မှ ပြောကြားခြင်း မရှိသေးပေ။
နောက်ထပ် လက်နက်ချလာသူ တိုက်ခိုက်ရေးသမား ၆၉၄ ဦးရှိသဖြင့် စုစုပေါင်း လက်နက်ချသူ အရေအတွက်မှာ ၉၅၉ ဦး အထိ ရှိလာကြောင်း၊ သံမဏိစက်ရုံတွင် လက်နက်ချပြီးနောက် ဆေးရုံတက်ရောက်၍ ကုသမှု ခံယူနေသူများ၏ ဗွီဒီယိုဖိုင်ကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖြန့်ဝေခဲ့ကြောင်း ရိုက်တာက ဆက်လက် ရေးသားခဲ့သည်။
ယူကရိန်းသမ္မတ ဇာလန်းစကီး၊ ကြက်ခြေနီနှင့် ကုလသမဂ္ဂတို့ ဆွေးနွေးမှုများ ရှိခဲ့ကြောင်း မာရီယူပေါလ်မြို့တော်ဝန် ဗာဒိုင်းယိုင်ချန်ကို (Vadym Boichenko) က ပြောကြားခဲ့သော် အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ခြင်းမရှိပါ။
မာရီယူပေါလ်သည် ရုရှားက ယခုအချိန်အထိ သိမ်းပိုက်နိုင်ခဲ့သော အကြီးဆုံးမြို့ဖြစ်ပြီး ဖေဖော်ဝါရီ ၂၄ ရက်ကတည်းက စတင်ခဲ့သော် ကျူးကျော်စစ်၌ ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက် ရှားရှားပါးပါး အောင်ပွဲတစ်ခု ဖြစ်လာခဲ့သည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 1407
CNI International News
မော်စကို၊ မေလ ၁၈
ဘောလ်တစ် ပင်လယ်နိုင်ငံများဆိုင်ရာ ကောင်စီ (CBSS) မှ မိမိတို့နိုင်ငံ နုတ်ထွက်ရန် တရားဝင် ဆုံးဖြတ်လိုက်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၁၇ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
“ရန်လိုတဲ့ လုပ်ရပ်တွေကို တုံ့ပြန်တဲ့အနေနဲ့ CBSS အဖွဲ့ဝင် နိုင်ငံတွေရဲ့ သံတမန်တွေ၊ ဥရောပသမဂ္ဂ (EU) အဆင့်မြင့် ကိုယ်စားလှယ် ဂျိုးဇက်ဘောရိုးနဲ့ စတော့ဟုမ်းမြို့မှာရှိတဲ့ ကောင်စီ အတွင်းရေးမှူးရုံးတို့ဆီ ကျနော်တို့ဘက်က စေလွှတ်ပြီး ဒီကောင်စီကနေ ရုရှားနုတ်ထွက်ပြီဆိုတာ နိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့က အသိပေးခဲ့ပါတယ်” ဟု အဆိုပါ ထုတ် ပြန်ချက်ထဲတွင် ပြောကြားထားသည်။
တစ်ချိန်တည်းမှာပင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဖက်ဒရယ်ညီလာခံ အနေဖြင့်လည်း ဘောလ်တစ် ပင်လယ်နိုင်ငံများ၏ လွှတ်တော် ညီလာခံမှ နုတ်ထွက်ရန်ပါ ဆုံးဖြတ်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်ထဲတွင် ဆက်လက် ပြောကြားခဲ့သည်။
သို့သော် ယခု ဆုံးဖြတ်ချက်အရ ဘောလ်တစ်ပင်လယ် ဒေသတွင်း၌ ရုရှားနိုင်ငံ၏ တည်ရှိမှုကို ထိခိုက်စေမည် မဟုတ်ကြောင်း ဝန်ကြီးဌာနက အလေးပေး ပြောကြားခဲ့သည်။
ဘောလ်တစ်ပင်လယ်ဒေသနိုင်ငံများ(GETTY IMAGES)
“ကျနော်တို့နိုင်ငံကို ဘောလ်တစ်ပင်လယ် ဒေသကနေ ကင်းကွာစေဖို့ တွန်းအားပေးတဲ့ ဘယ်လုပ်ရပ်မဆို အောင်မြင်မှာ မဟုတ်ပါဘူး။ တာဝန်သိတဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ ဆက်လက် လက်တွဲပြီးတော့ ဘောလ်တစ်ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင် သွားပါ့မယ်။ ကျနော်တို့ရဲ့ ဘုံအမွေအနှစ်၊ ကျနော်တို့ လူမျိုးစုတွေရဲ့ အကျိုးစီးပွားကိုလည်း ဆက်ပြီး ကာကွယ်သွားမှာ ဖြစ်ပါတယ်။ ကောင်စီရဲ့ လက်ရှိ အခြေနေဟာ ဒီအဖွဲ့အစည်းကို အခြေခံအုတ်မြစ်ကို တူးဆွဖြိုဖျက်သူတွေ ရဲ့ အကြံအစည်တွေအပေါ်မှာပဲ မူတည်နေပါတယ်” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဘောလ်တစ်နိုင်ငံများ ကောင်စီ၏ အခြေအနေသည် ဆိုးရွားလာနေကြောင်း၊ ကောင်စီအတွင်း နေတိုးနှင့် EU နိုင်ငံများက တန်းတူရည်တူ ဆွေးနွေးညှိနှိုင်းမှုနှင့် ကောင်စီဖွဲ့စည်းပုံအခြေခံမူကို ပယ်ချခဲ့ပြီး ကောင်စီအား ရုရှားဆန့်ကျင်ရေး လက်နက် တစ်ခုသဖွယ် တဖြည်းဖြည်း ပြောင်းလဲလာစေခဲ့ကြောင်း ၎င်းဝန်ကြီးဌာနက ထောက်ပြခဲ့သည်။
“တရားမဝင် ခွဲခြားဆက်ဆံတဲ့ ဆုံးဖြတ်ချက်တွေဟာ အများသဘောတူထားတဲ့ အခြေခံမူတွေ၊ စည်းမျဉ်းတွေကို ချိုးဖောက် ပြီး ချမှတ်တာ ဖြစ်ပါတယ်။ ရုရှားကို ကောင်စီထဲ ပူးပေါင်းပါဝင်မှုနဲ့ စီမံကိန်းတွေထဲကနေ တားမြစ်ပါတယ်။ ဘယ်လာရုစ် နိုင်ငံဆိုရင် လေ့လာသူအဖြစ်အနေနဲ့ ဆိုင်းငံ့ခြင်း ခံခဲ့ရပါတယ်” ဟု ရုရှားက စောဒကတက်ခဲ့သည်။
Source: တာ့စ်သတင်းဌာန
