CNI International News

တူနစ်၊ ဇူလိုင် ၂၆

နိုင်ငံ၏ ဒီမိုကရေစီကို နင်းချေနိုင်ကြောင်း အတိုက်အခံများက သတိပေးထားသည့် တူနီရှား ဖွဲ့စည်းပုံအခြေခံဥပဒေသစ် အတွက် ဇူလိုင် ၂၅ ရက်တွင် လူထုဆန္ဒခံယူပွဲ ပြီးဆုံးသွားခဲ့သော်လည်း မဲပေးသူ နည်းပါးခဲ့ကြောင်း ရိုက်တာ သတင်း တစ်ပုဒ် တွင် တွေ့ရသည်။

ယခု ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တွင် သမ္မတ၏ အခွင့်အာဏာကို အလွန်အမင်း ချဲ့ထွင်ပေးထားပြီး မကြာမီ အသက်ဝင်တော့မည် ဖြစ်သည်။

သမ္မတ ကိုင်းစ်ဆာအိသည် ယမန်နှစ်က လွှတ်တော်ကို ဖျက်သိမ်းပြီး ၎င်း၏အမိန့်ဖြင့် တိုက်ရိုက်အုပ်ချုပ်ရန် အပြောင်းအလဲ ပြုလုပ်ခဲ့သည်။ ၂၀၁၁ ခုနှစ် အာရပ်နွေဦး အုံကြွမှုအပြီး ယခုမိတ်ဆက်ခဲ့သော အခြေခံဥပဒေသည် တိုင်းပြည်ကို နှစ်ပေါင်း များစွာ ဆုတ်ယုတ်နေခြင်းမှ ကယ်တင်ရန် လိုအပ်သဖြင့် ထပ်မံရေးဆွဲ ခဲ့ခြင်းဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့သည်။

သမ္မတ၏ လုပ်ရပ်သည် အလုံးစုံ အာဏာသိမ်းခြင်းသာဖြစ်ကြောင်း အတိုက်အခံပါတီများက စွပ်စွဲခဲ့ကြပြီး ယခုရက်ပိုင်း ကျင်းပ ပြီးစီးခဲ့သော လူထုဆန္ဒခံယူပွဲကိုလည်း သပိတ်မှောက်ခဲ့ကြသည်။ သမ္မတဆာအိ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်သည် အကြွင်းမဲ့ အာဏာဆုတ်ကိုင်ထားသည့် သက်ဦးဆံပိုင် စနစ်ဆီသို့ နောက်ကြောင်းပြန် လှည့်သွားကြောင်း အတိုက်အခံများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

ဖွဲ့စည်းပုံအခြေခံဉပဒေသစ်အတွက် မဲထည့်ခဲ့မှု အရေအတွက် (Reuters)

ယခုဖွဲ့စည်းပုံအသစ်အရ သမ္မတကို အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး နှစ်ခုစလုံးအတွက် အခွင့်အာဏာပေးထားပြီး လွှတ်တော် ၏ ဩဇာကို လျှော့ချထားသည်။

တစ်ချိန်တည်းတွင် တူနီရှားသည် စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ဘဏ္ဍာရေး ကယ်ဆယ်ရေး အစီအစဉ် လိုလားနေသည်။ ယမန်နှစ်က နိုင်ငံရေး အကျပ်အတည်းထက် သာမန် ပြည်သူ များကို အလွန်အမင်း ထိခိုက်စေသည့် ကိစ္စရပ်များတွင် စီးပွားရေး အကျပ်အတည်းလည်း ပါဝင်ခဲ့သည်။

ယခု လူထုခံယူပွဲမှာလည်း အနိမ့်ဆုံး ပါဝင်မှု အဆင့်မရှိသဖြင့် ပဏာမ မဲပေးသူ ၂၇ ဒသမ ၅ ရာခိုင်နှုန်းသာရှိကြောင်း ပွဲကျင်းပရေး ကော်မရှင်က ပြောသည်။

“အချုပ်အခြာအာဏာသည် ပြည်သူ့အတွက် ဖြစ်ကြောင်း၊ ပြည်သူက တိုင်းပြည်ကို သန့်ရှင်းစင်ကြယ်စေလိုကြောင်း” ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။

“ကျမတို့ ဘာကိုမှ မကြောက်ပါဘူး။ အကျင့်ပျက် ခြစားသူတွေနဲ့ နိုင်ငံတော်အာဏာကို မတရား ယူထားတဲ့ သူတွေကပဲ ကြောက်ကြလိမ့်မယ်” ဟု တူနီရှားအလံ ကိုင်ဆောင်ထားသည့် အသက် ၄၆ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်သော နိုရာဘင်အာယဒ်က ရိုက်တာသို့ ပြောကြားခဲ့သည်။

တူနီရှား ပြည်သူတစ်ဦး မဲထည့်ပြီးကြောင်းပြသနေစဉ် (Reuters)

ယမန်နှစ်က သမ္မတအနေဖြင့် လွှတ်တော်ကို ဖျက်သိမ်းစေခဲ့ခြင်းအပေါ် တူနီရှားပြည်သူများ မကျေမနပ် ဖြစ်ခဲ့ကြပြီး ဆန္ဒပြ သူ ထောင်နှင့်ချီ၍ လမ်းမများပေါ် ပြည့်လျှံသွားခဲ့သည်။

“အခုတော့ နိုင်ငံရေးစည်းရုံးမှုတွေကို အံတုဖို့ သူ့ကို နိုင်ငံရေးအရ လုပ်ပိုင်ခွင့်အသစ် ပေးလိုက်ပြီးတော့ ကျနော်တို့နိုင်ငံရဲ့ စီးပွားရေး အခြေအနေ၊ ကုန်ဈေးနှုန်းနဲ့ စားနပ်ရိက္ခာဖူလုံရေး ဂရုတစိုက် လုပ်ဆောင်ပေးဖို့ ဆာအိကို တောင်းဆိုထားပါတယ်” ဟု သမ္မတကို ထောက်ခံသူတစ်ဦးဖြစ်သည့် နာဆီယာ (Naceur) ဆိုသူက ရိုက်တာသို့ ပြောကြားခဲ့သည်။

သို့သော် ဖျက်သိမ်းခံခဲ့ရသည့် လွှတ်တော်ထဲတွင် အတိုက်အခံဖြစ်သော ညွန့်ပေါင်းဖွဲ့စည်းထားသည့် အင်အားအကြီးဆုံး ပါတီ ဖြစ်သည့် အစ္စလာမ္မစ် အင်နာဒါပါတီကတော့ “ဆာအိသည် အလုံးစုံ အာဏာ ဆုတ်ကိုင်လိုက်ခြင်းအတွက် လူကြိုက်များမှု ကျောထောက်နောက်ခံ ပြုပေးခြင်းကို အရယူရန် ပျက်ကွက်ခဲ့ကြောင်း” စွပ်စွဲခဲ့ပြီး သမ္မတရာထူးမှ နုတ်ထွက်ဖို့ တောင်းဆိုခဲ့သည်။

Source: Reuters