CNI International News

စန်တီယာဂို၊ စက်တင်ဘာ ၅

နိုင်ငံ့သမိုင်းတွင် ကျယ်လောင်သောအသံများ ထပ်ဟပ်မှု ရှိစေရန် ရည်ရွယ်သည့် နှစ်နှစ်နီးပါးကြာ လုပ်ငန်းစဉ် အပြီး ချီလီမဲဆန္ဒရှင်များသည် စက်တင်ဘာ ၄ ရက်တွင် ကျင်းပသည့် လူထုဆန္ဒခံယူပွဲတွင် လက်ဝဲယိမ်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် အဆိုပြုချက်ကို တခဲနက် ပယ်ချခဲ့ကြကြောင်း CNN သတင်းအရ သိရသည်။

မဲအားလုံးနီးပါး ရေတွက်ပြီးချိန်မှာတော့ မဲဆန္ဒရှင် ၆၂ ရာခိုင်နှုန်းက အဆိုပြုချက်ကို ပယ်ချခဲ့ကြပြီး ထောက်ခံမဲ ၃၈ ရာခိုင်နှုန်းသာ ရခဲ့ကြောင်း ချီလီရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။

လက်ဝဲသမ္မတ ဂါဘရီယယ်ဘောရစ်၏ ထောက်ခံမှု ရရှိထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် အဆိုပြုချက်ထဲ တွင် လူမှုရေးဆိုင်ရာ အခွင့်အရေးများကို သိသိသာသာ တိုးမြှင့်ပေးမည့် ပုဒ်မ ၃၈၈ ကို ထည့်သွင်းရေးဆွဲထား သည်။

ထိုပုဒ်မအရ သဘာဝပတ်ဝန်းကျင်အရေး စည်းမျဉ်းများကို တင်းကြပ်သွားမည်ဖြစ်ပြီး လူမှုဖူလုံရေး အစီအစဉ်များ အတွက် အစိုးရကို ပိုမိုကျယ်ပြန့်စွာ တာဝန်ပေးအပ်မည်ဟု သိရသည်။

 ချီလီ လက်ဝဲသမ္မတ ဂါဘရီယယ်ဘောရစ် (AP)

ကျား/မ တန်းတူညီမျှရေး အပြည့်အဝ ဖြစ်စေမည့် အာမခံချက်နှင့် ဌာနေတိုင်းရင်းသား ကိုယ်စားလှယ်များ အတွက် သတ်မှတ်ထားသော လွှတ်တော်အမတ် နေရာများကိုလည်း ၎င်းအဆိုပြုချက် အသစ်တွင် ထည့်သွင်း ထားသည်။

အဆိုပါ အချက်များကို ဆန္ဒခံယူပွဲ ကျင်းပသည့်အခါ စန်တီယာဂိုမြို့တော်နှင့် အခြားမြို့ပြဧရိယာများ အပါအဝင် ချီလီမဲဆန္ဒနယ် အားလုံးတို့တွင် ပယ်ချခြင်း ခံခဲ့ရသည်။

ယမန်နှစ် ဒီဇင်ဘာလ ချီလီသမ္မတ ရွေးကောက်ပွဲမှာတော့ မဲဆန္ဒရှင်များက ဘောရစ်ကို တခဲနက် ထောက်ခံ၍ မဲပေးခဲ့ကြသည်။

စက်တင်ဘာ ၄ ရက်က လူထုဆန္ဒခံယူပွဲ မဲရုံများ ပိတ်ပြီးနောက် တိုင်းပြည်သို့ တိုက်ရိုက်ထုတ်လွှင့်သော ရုပ်သံ မိန့်ခွန်းတွင် ဘောရစ်က ယခု ခြေ/ဥ အဆိုပြုချက် ရှုံးနိမ့်မှုကို တုံ့ပြန်ပြောကြားခဲ့သည်။

ချီလီ ဖွဲ့စည်းပုံအခြေခံဉပဒေသစ်ကို မဲဆန္ဒရှင်များ ပယ်ချ(AP)

“ဒီကနေ့မှာဆိုရင် ချီလီပြည်သူတွေဟာ သူတို့သဘောထားအတိုင်း ကျယ်ကျယ်လောင်လောင်နဲ့ ပြတ်ပြတ်သား သား ပြသခဲ့ကြပါတယ်” ဟု ဘောရစ်က ပြောကြားခဲ့သည်။

“သူတို့က ကျနော်တို့ကို အချက်နှစ်ချက် ထုတ်ပြတယ်ဗျ။ ပထမတစ်ချက်က သူတို့ရဲ့ဒီမိုကရေစီကို တန်ဖိုးထား မြတ်နိုး ကြတယ်ဆိုတာပါ။ နောက်ပြီး ဒုတိယအချက်ကတော့ ချီလီပြည်သူတွေဟာ အဆိုပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မကျေနပ်တဲ့အတွက် ပယ်ချဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

စက်တင်ဘာ ၄ ရက်တွင် စန်တီယာဂိုမြို့မှ လှုပ်ရှားမှုပုံရိပ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ သိမ်မွေ့နက်နဲသော ခံစားချက်များကို ထင်ဟပ်ခဲ့ကြပြီး အချို့ကတော့ မဲခွဲ ဆုံးဖြတ်ကြသည့် သတင်းကို ကြိုဆို ဂုဏ်ပြုခဲ့ကြသည်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ၁၉၇၃ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ ချီလီနိုင်ငံကို ဖိနှိပ်ချုပ်ချယ်၍ ကြမ်းတမ်း စွာ အုပ်ချုပ်ခဲ့သော ဩဂတ်စတိုပီနိုချေး (Augusto Pinochet) အစိုးရလက်ထက်တွင် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

Source: CNN