CNI International News

ဘရပ်ဆဲလ် ဇူလိုင် ၂၆

ဥရောပသမဂ္ဂ (EU) အုပ်စုဝင် နိုင်ငံများသည် ရုရှားသဘာဝ ဓာတ်ငွေ့အပေါ် မှီခိုအားထားနေရခြင်းမှ ဖြတ်တောက်နိုင်ရန် အတွက် ဘုံအခြေခံအချက်ကို ရေးဆွဲနိုင်ရေး ဇူလိုင် ၂၅ ရက်တွင် ကြိုးစား ရုန်းကန်နေကြရကြောင်း အေပီသတင်းမှာ ဖော်ပြ ထားသည်။

ထို့နောက် မော်စကို (ရုရှား)၏ လောင်စာ ရင်းမြစ် အထောက်အပံ့ကို ကျောခိုင်းတော့မည်ဖြစ်၍ စွမ်းအင်သုံးစွဲမှု အနေအထား သတိထားကြရန် နှိုးဆော်ခဲ့ကြောင်း အေပီက ဆက်လက်ရေးသားထားသည်။

ရုရှားသမ္မတ ပူတင်သည် ယူကရိန်းစစ်ပွဲကြောင့် ၎င်းအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုများကို လျှော့ချရန် (သို့မဟုတ်) အခြား နိုင်ငံရေး ရည်ရွယ်ချက်များကို အထမြောက်စေရန်အတွက် EU ကို ဓာတ်ငွေ့ဖြင့် ဖိအားပေးဖို့ ဦးတည်လာခဲ့သည်။

ရုရှားဘက်မှ ဓာတ်ငွေ့ဖြတ်တောက်မည်ဟု ခြိမ်းခြောက်လာခြင်းသည် အကြမ်းဖက်မှုပုံစံ တစ်မျိုးဟု ယူကရိန်းသမ္မတ ဇာလန်းစကီးက ခေါ်ဆိုလိုက်ပြီး မော်စကိုအပေါ် ပိုမိုတင်းကျပ်စွာ ပိတ်ဆို့သွားကြခြင်းဖြင့် တုံ့ပြန်ကြရန် ဥရောပနိုင်ငံများကို ၎င်းက တိုက်တွန်းခဲ့သည်။

လာမည့် လများအတွင်း EU ဓာတ်ငွေ့သုံးစွဲမှု ၁၅ ရာခိုင်နှုန်း ပြတ်တောက်မည့် အရေးအတွက် အစီအစဉ်များ ချမှတ် ဆွေးနွေး ရန် အရေးပေါ် အစည်းအဝေး အကြိုအဖြစ် ဇူလိုင် ၂၅ ရက်တွင် သံတမန်များ ခေါင်းချင်းဆိုင်ခဲ့ကြသည်။

EU ခေါင်းဆောင်များ ဓာတ်ငွေ့အရေး ခေါင်းချင်းဆိုင်(GETTY IMAGES)

ထို့နောက် ဇူလိုင် ၂၆ ရက် (ယနေ့) ညပိုင်းတွင် EU ၂၇ နိုင်ငံစလုံးမှ သံတမန်များ ညှိနှိုင်းတိုင်ပင်၍ ဖြစ်နိုင်ခြေရှိသော ကြားဝင် ဆောင်ရွက်ရမည့် အနေအထားဖြင့် အပေးအယူတစ်ရပ် ပေါ်ပေါက်လာရန် ရည်ရွယ်ထားသည်။

“အခုလောလောဆယ်တော့ ဆွေးနွေးနေကြတုန်း ဖြစ်ပါတယ်” ဟု အမည်မဖော်လိုသူ EU အကြီးတန်း သံတမန်တစ်ဦးက အေပီသို့ ပြောကြားခဲ့သည်။

EU သည် မကြာခင် ကျရောက်တော့မည့် ဆောင်းရာသီတွင် ပြင်းထန်သော ဥရောပ အအေးဒဏ်ကြားမှ ရုရှား၏ သဘာဝ ဓာတ်ငွေ့ကို အပြည့်အဝ ဖြတ်တောက်ထားရန် ကြိုးစားရုန်းကန်နေသည်။ အထူးသဖြင့် ဂျာမနီနိုင်ငံမှ စီးပွားရေး လုပ်ငန်းများ ကို ရုရှားဓာတ်ငွေ့ မှီခိုနေရခြင်းမှ ချန်လှပ်ထားနိုင်ရေး ဦးတည် ကြိုးစားနေသည်။

သို့သော် ရုရှားဓာတ်ငွေ့အား အနည်းငယ်သာ မှီခိုရသည့် စပိန်နှင့် ပေါ်တူဂီကဲ့သို့ EU နိုင်ငံအချို့ကတော့ ၎င်းတို့၏ ပြည်သူ များ ကြီးကြီးမားမား ဖြတ်တောက်ခံရခြင်းကြောင့် အကျပ်အတည်း ဖြစ်ပေါ်စေမည်ကို မလိုလားကြပေ။

ရုရှားသည် ယခုအချိန်အထိ EU နိုင်ငံပေါင်း ဆယ်ဂဏန်းအထိ ဓာတ်ငွေ့ဖြတ်တောက်ခြင်း (သို့မဟုတ်) ပေးပို့မှုလျှော့ချခြင်း များ လုပ်ဆောင်ခဲ့သည်။

ဂျာမနီသို့ ပေးပို့နေသော အဓိကဓာတ်ငွေ့ ပိုက်လိုင်းတစ်ခုမှ ယခု သီတင်းပတ်အတွင်း ပို့လွှတ်မှုပမာဏ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချသွားမည်ဟု ရုရှားနိုင်ငံက ဇူလိုင် ၂၅ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ Nord Stream 1 ပိုက်လိုင်းသည် ဆောင်းရာသီ၌ ဥရောပဓာတ်ငွေ့ သိုလှောင်မှုပမာဏ ဖြည့်ဆည်းရမည့် အခက်အခဲ ကို ပြေစေမည့် နည်းလမ်းများကို EU သံတမန်များ ဆွေးနွေး ငြင်းခုံနေကြသည်။

Source: AP