- By CNI
- Category: နိုင်ငံရေး
- Hits: 2583
CNI International News
ဟောင်ကောင်၊ မေ ၉
ယခင်နှစ်များက ဆက်တိုက်ဖြစ်ပွားခဲ့သော ဟောင်ကောင်ဆန္ဒပြပွဲများကို နှိမ်နင်းခဲ့သည့် လုံခြုံရေးဆိုင်ရာ ရဲအရာရှိဟောင်းသည် ယခုအခါ မြို့တော်ကို အုပ်ချုပ်မည့်ခေါင်းဆောင်သစ်အဖြစ် နိုင်ငံရေးစင်မြင့်ထက်သို့ တက်လာတော့မည်ဖြစ်ကြောင်း စီအင်န်အင်န်သတင်းအရ သိရသည်။
ပွင့်လင်းမြင်သာပြီး တရားမျှတသော ရွေးကောက်ပွဲဟု တရုတ်အစိုးရကြေညာချက် ထွက်ပေါ်ခဲ့ပြီးနောက် လူ ပေါင်း ၁၄၆၁ ဦးပါဝင်သည့် ဘေဂျင်းလိုလားသောကော်မတီက မေလ ၈ ရက်တွင် ဟောင်ကောင်လူဦးရေ ၇ ဒသမ ၅ သန်းအတွက် နောက်ထပ်ခေါင်းဆောင်သစ်ကို ခန့်အပ်ခဲ့သည်။
ဟောင်ကောင်တွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၉ ရက်မှစတင်၍ တရုတ်ပြည်မကြီးသို့ တရားခံလွှဲပြောင်းပေးရေး ဥပဒေ မူကြမ်းကို မကျေမနပ်ဖြစ်၍ ဆန္ဒပြမှုများ၊ သွေးထွက်သံယို လမ်းပေါ်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ရာ အာဏာ ပိုင်များက မထောက်မညှာဘဲ ဖြိုခွင်းခဲ့သည်။
လူပေါင်းတစ်သန်းကျော် တက်ကြွစွာပါဝင်ခဲ့သည့် ငြိမ်းချမ်းစွာ ချီတက်ပွဲမှ စတင်ခဲ့ပြီးနောက် အကြမ်းဖက်မှုများ ရောယှက်လာခဲ့ရာ ဟောင်ကောင်ဆန္ဒပြပွဲများမှာ လအတန်ကြာအောင် တင်းမာနေခဲ့သည်။
ယင်းသို့ သွေးထွက်သံယို ဖြိုခွင်းမှုများကို အာဏာပိုင်များဘက်မှ ဦးဆောင်ခဲ့သူက ဟောင်ကောင်အတွက် ၎င်း၏သဘောထားအမြင်များကို ထုတ်ဖော်ရန် စင်မြင့်ထက်သို့ တက်လာခဲ့ရာ ၎င်းသည် ယခင်ကဲ့သို့ လုံခြုံရေးတာဝန်ရှိသူအဖြစ်မဟုတ်တော့ဘဲ ဟောင်ကောင်၏နောက်ထပ်ခေါင်းဆောင်အသစ်အဖြစ် တက်လာခဲ့ခြင်းဟု သိရသည်။
တရုတ်ပြည်မ၏ အမျိုးသားလုံခြုံရေးဥပဒေမျက်နှာစာအဖြစ် ရပ်တည်လျက် တက်ကြွလှုပ်ရှားသူ ဟောင်ကောင် သူ၊ ဟောင်ကောင်သားများကို ဆယ်ဂဏန်းမျှ စီးနင်းဖမ်းဆီးခြင်းအား ကြီးကြပ်ခဲ့သည့် ဂျွန်လီ (John Lee) ကို လာမည့်ဇွန်လနှောင်းပိုင်း၌ ၅ နှစ်သက်တမ်းကုန်၍ ရာထူးမှ ထွက်ပေးရမည့် အုပ်ချုပ်ရေးမှူး ကယ်ရီလမ်နေရာ၌ အစားထိုးခန့်အပ်ရန် စီစဉ်ထားသည်။
ဂျွန်လီသည် အရွေးခံရာ၌ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ပြီး ယခင်နှစ်များနှင့်မတူဘဲ အခြားကိုယ်စားလှယ် လောင်းများကြားတွင် မဲတူနေသဖြင့် ထပ်မံရွေးချယ်ခဲ့ရသည်။
အမျိုးသားလုံခြုံရေးဥပဒေနှင့် သတင်းအတုများ ဆန့်ကျင်ချေဖျက်ရေးဥပဒေတို့၏ အလားအလာကို ဂျွန်လီက ပြောကြားခဲ့ပြီး နောက်ပိုင်းတွင် အမျိုးသားလုံခြုံရေးဥပဒေသစ်တစ်ရပ် ထပ်မံတင်သွင်းရန် ကြိုးပမ်းဦးမည်ဟု အသိပေးခဲ့သည်။
“အာဏာပိုင်တွေက ဟောင်ကောင်ကို ပြင်းပြင်းထန်ထန် ချဉ်းကပ်ပြီး အမျိုးသားလုံခြုံရေးလို့ခေါ်တဲ့ ဥပဒေနဲ့ မြို့ကို အုပ်ချုပ်ဖို့ သူတို့မူဝါဒ ချထားတယ်ဆိုတာ ပြလိုက်တာပဲ” ဟု ပြည်နှင်ဒဏ်ခံရပြီး ဗြိတိန်သို့ ရောက်ရှိ နေသည့် ယခင်ဟောင်ကောင်လွှတ်တော်အမတ်ဟောင်းဖြစ်သူ နေသန်လော် (Nathan Law) က ဝေဖန်ခဲ့သည်။
Source: CNN
- By CNI
- Category: နိုင်ငံရေး
- Hits: 1599
CNI International News
ကမ်ပါလာ၊ မေလ ၉
ယူဂန်ဒါနိုင်ငံတွင် သမ္မတဟောင်း၏ သားဖြစ်သူက ဂုဏ်ပြုဧည့်ခံပွဲများ ကျင်းပ၍ လူထုမြင်ကွင်း၌ လှုပ်ရှားနေခြင်းကြောင့် “လာမည့် သမ္မတရာထူးကို ၎င်းရည်မှန်းထားလေသလား”ဟု ယူဂန်ဒါ နိုင်ငံသားများအကြား စိုးရိမ်မှု တိုးပွားလာခဲ့ကြောင်း အေပီ သတင်းတစ်ပုဒ်တွင် တွေ့ရသည်။
၎င်းသည် ဖခင်၏ အရိုက်အရာကို ဆက်ဆံရန် နှစ်ပေါင်းများစွာ ကြိုတင် ပြင်ဆင်လာခဲ့ပုံရကြောင်း၊ သမ္မတဟောင်း ယိုဝါရီ မူစီဗနီသည် ၁၉၈၆ ခုနှစ်ကတည်းက ယူဂန်ဒါနိုင်ငံ၏ အာဏာကို ရယူခဲ့ကြောင်း အေပီက ဆက်လက် ရေးသားထားသည်။
ဒုတိယဗိုလ်ချုပ်ကြီး မူဟိုဇီကိန်နီရူဂါဘာ၏ ၄၈ နှစ်မြောက် မွေးနေ့ပွဲကို မကြာသေးမီ ရက်ပိုင်းက ယူဂန်နိုင်ငံ၏ မြို့တော် ကမ်ပါလာတွင် ကျင်းပခဲ့ရာ ၎င်းနှင့်အတူ ထောက်ခံသူများက အနာဂတ်ကာလ သမ္မတအပေါ် ဂုဏ်ပြုသောအားဖြင့် တက်ကြွ စွာ လူစုလူဝေး ပြုလုပ်နေခဲ့သည်။
အလားတူ လူထုမြင်ကွင်းရှေ့ ထွက်ပြမှု ၃ ကြိမ်ရှိခဲ့ရာ မကြာသေးမီ မေလ ၇ ရက်ကလည်း ကျေးဇူးတော် ချီးမွမ်းခြင်း အခမ်းအနား ကျင်းပခဲ့ရာ သမ္မတဟောင်း၏သားဖြစ်သူ မူဟိုဇီ ကိန်းနီရူဂါဘာ အပါအဝင် အစိုးရထိပ်တန်း အရာရှိများနှင့် စစ်တပ်အရာရှိများ တက်ရောက်ခဲ့ကြသည်။
ယူဂန်ဒါနိုင်ငံ၏ ကြည်းတပ်များကို ကွပ်ကွဲနေသည့် ကိန်းနီရူဂါဘာသည် နိုင်ငံကို အုပ်ချုပ်လိုသည့် ၎င်း၏ဆန္ဒကို ဖော်ပြသည့် တွစ်တာပို့စ်များ လွှင့်တင်လာခဲ့ပြီး အခိုင်အမာ ပြောလာခဲ့သည်။ ၎င်းအာဏာရခဲ့လျှင် လူငယ်များအတွက် အားကစား ဘတ်ဂျက် တိုးပေးရန် ရည်ရွယ်ကြောင်း၊ ၎င်း၏ နိုင်ငံရေး အစီအစဉ်ကို မကြာခင် ကြေညာမည်ဖြစ်ကြောင်း သိရသည်။
ယူဂန်ဒါပြည်သူများ (GETTY IMAGES)
၁၉၆၂ ခုနှစ်၌ ဗြိတိသျှကိုလိုနီအဖြစ်မှ လွတ်လပ်ရေး ရလာခဲ့သည့် ယူဂန်ဒါနိုင်ငံအတွက် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်း ပေးမည့် အခွင့်အရေး ရှိနေကြောင်း ကိန်းနီရူဂါဘာကို အားပေးထောက်ခံသူများက ပြောနေကြသည်။
သို့သော် အတိုက်အခံ ခေါင်းဆောင်များ၊ ဝေဖန်ရေး သမားများနှင့် အခြားသူများက ယူဂန်ဒါနိုင်ငံရေး အပြောင်းအလဲကို စိတ်အားထက်သန် လာကြခြင်းသည် အရှေ့အာဖရိကနိုင်ငံ တစ်နိုင်ငံအတွက် ဆွေစဉ်မျိုးဆက် အုပ်ချုပ်မှုဆီသို့ ဦးတည် နေကြောင်း ထောက်ပြကြသည်။
ကိန်းနီရူဂါဘာ၏ မွေးနေ့ပွဲ၊ အခြား ပွဲလမ်းသဘင်များ၏ အလားအလာမှာ “အိမ်ရှေ့စံ မင်းသားနှင့် ယူဂန်ဒါ ထီးနန်း အရိုက် အရာ ဆက်ခံသူ” ၏ တရားဝင် မိတ်ဆက်သည့်သဘော သက်ရောက်နေကြောင်း နိုင်ငံရေး ဝေဖန်သူ သမားတစ်ဦး ဖြစ်သည့် မူနီးနီကေမူလီရာ (Muniini K. Mulera) က ပြည်တွင်း၌ ထုတ်ဝေနေသည့် နေ့စဉ်စောင့်ကြည့် (Daily Monitor) သတင်းစာ တွင် ရေးသားခဲ့သည်။
ကိန်းနီရူဂါဘာသည် ဥပဒေကြောင်းအရ စိစစ်မှုနှင့်လည်း ရင်ဆိုင်နေရသည်။ ယူဂန်ဒါဥပဒေအရ တာဝန်ထမ်းဆောင်နေဆဲ စစ်တပ် အရာရှိတစ်ဦးကို ပါတီနိုင်ငံရေး ကိစ္စများ၌ ပါဝင်ပတ်သက်ခြင်း မပြုရန် တားမြစ်ထားသဖြင့် ၎င်းသည် လမ်းကြောင်း တစ်ခုကို သွေဖီနေပြီဟု အချို့က ထောက်ပြနေကြသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 2288
CNI International News
မနီလာ၊ မေလ ၉
ဖိလစ်ပိုင် ပြည်သူများသည် ၎င်းတို့၏ နောက်ထပ် တက်လာမည့် ခေါင်းဆောင်သစ်အတွက် ယနေ့ (မေလ ၉ ရက်)တွင် မဲပေး ရွေးချယ်နေကြပြီဖြစ်ရာ ၁၉၈၆ ခုနှစ်က လူထုအုံကြွမှုဖြင့် ဖြုတ်ချခံခဲ့ရသော ကွယ်လွန်သူအာဏာရှင် မားကို့စ်၏ သားဖြစ်သူ ဖာဒီနန် မားကို့စ် ဂျူနီယာသည် သမ္မတလောင်းအဖြစ် ‘တစ်’ပြေးနေကြောင်း အေပီသတင်းအရ သိရသည်။
သို့သော် မားကို့စ်ဂျူနီယာသည် ၎င်းနှင့်အနီးကပ်ဆုံး ပြိုင်ဘက်ဖြစ်သည့် လက်ရှိ ဒုတိယသမ္မတ လီနီရော်ဘရီဒိုနှင့် ရင်ဆိုင် ယှဉ်ပြိုင် နေရသည်။
ကမ္ဘာ့လက်ဝှေ့ အကျော်အမော် မန်နီပက်ကွီအို၊ မနီလာမြို့တော်ဝန် အစ္စကိုမိုရန်နိုနှင့် အမျိုးသား ရဲချုပ်ဟောင်း ပန်ဖီလို ခက်ဆန်တို့ အပါအဝင် အခြား ကိုယ်စားလှယ်လောင်း ၈ ဦးတို့မှာတော့ လတ်တလော မဲဆန္ဒရှင်များ၏ ဦးစားပေး မဲထည့်မှု စစ်တမ်းများတွင် နောက်ကျ ကျန်နေခဲ့သည်။
ကြီးကြီးမားမားဖြစ်စဉ် မတွေ့ရဘဲ ဖိလစ်ပိုင်နိုင်ငံ အနှံ့အပြားရှိ မဲရုံအသီးသီးသို့ မဲဆန္ဒရှင်များ ရှည်လျားစွာ တန်းစီစောင့်ဆိုင်း ၍ မဲလာပေးခဲ့ကြသည်။ သို့သော် ဖိလစ်ပိုင်တောင်ပိုင်း၌ လုံခြုံရေး အထူးလိုအပ်သည့် ဒေသဖြစ်သော မင်ဒါနာအို (Magunda nao) တွင် အမည်မသိ အမျိုးသားများက ညပိုင်းတွင် ဒူကျူအန်ဆေး (Datu Unsay) မြို့တော်ခန်းမအနီး အနည်းဆုံး လက်ပစ် ဗုံး ၃ လုံး ပစ်ခတ်ခဲ့ရာ မဲပေးရန် လာရောက်ကြသည့် ဝေးလံခေါင်သီသော ကျေးလက် တောရွာများမှ ရွာသား ၉ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ထိုဖြစ်စဉ်နှင့် မရှေးမနှောင်း၌ အနီးအနားရှိ ရှရစ်ဖ်အော်ဂက် (Shariff Aguak) မြို့၌ လက်ဗစ်ဗုံးနှစ်လုံး ပေါက်ကွဲခဲ့သော် လည်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
ဖိလစ်ပိုင် ရွေးကောက်ပွဲ မဲထည့်ကြသည့် ပြည်သူများ(AP)
ယခုရွေးကောက်ပွဲ၌ အနိုင်ရသူသည် လာမည့် ဇွန်လ ၃၀ ရက်တွင် နောက်တစ်ကြိမ် ယှဉ်ရန် ရှိသေးသည်။ ၆ နှစ်တာ သမ္မတ ရာထူး ထမ်းဆောင်ရန်အတွက် ရွေးကောက်ပွဲ ကျင်းပလျက်ရှိသော အရှေ့တောင်အာရှဒေသတွင်းမှ ဖိလစ်ပိုင်နိုင်ငံတွင် Covid-19 ဖြစ်ပွားမှုကြောင့် ပိတ်ဆို့ကန့်သတ်ခဲ့ရသဖြင့် ကပ်ရောဂါဒဏ်ကို နှစ်နှစ်ကြာ အလူးအလဲ ခံခဲ့ရသည်။
ဖိလစ်ပိုင်အတွက် နောက်ထပ် စိန်ခေါ်မှုများမှာ စီးပွားရေး ဆုတ်ယုတ်မှု၊ ပိုမိုဆိုးရွားလာသော ဆင်းရဲမွဲတေမှုနှင့် အလုပ် လက်မဲ့ ပြဿနာ၊ ဆယ်စုနှစ်ကြာအောင် ထကြွသောင်းကျန်းနေခဲ့သော မွတ်ဆလင်သူပုန်နှင့် ကွန်မြူနစ်သူပုန်တို့ ဖြစ်ကြသည်။
မူးယစ်ဆေးဝါး နှိမ်နင်းရေး ဖြိုခွင်းမှုများကြောင့် ထောင်နှင့်ချီသော သံသယရှိသူများ သေဆုံးခဲ့ရသဖြင့် နိုင်ငံတကာ ရာဇဝတ် တရားရုံး၏ စုံစမ်းစစ်ဆေးမှု ပေါ်ပေါက်လာခဲ့ရာ လူကြိုက်များသော သမ္မတ ရိုဒရီဂိုဒူတာတေးကို တရားစွဲဆိုရန် စိန်ခေါ်မှုများ လည်း မည်သို့ ဖြေရှင်းမည်နည်းဟု မေးခွန်းထုတ်စရာလည်း ရှိနေသည်။
မည်သို့ပင်ဆိုစေ ဒူတာတေး၏ သမီးဖြစ်သူ ဒါဗာအိုမြိုတော်ဝန် ဆာရာဒူတာတေးသည် အာဏာရှင် ခေါင်းဆောင်ဟောင်း နှစ်ဦးနှင့် ပတ်သက်သော မဟာမိတ်အဖွဲ့တွင် မားကို့စ်ဂျူနီယာ၏ ဒုတိယသမ္မတလောင်းအဖြစ် ရွေးကောက်ပွဲ အကြိုကာလ လူထုစစ်တမ်း ကောက်ယူမှုတွင် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 2246
CNI International News
မနီလာ၊ မေလ ၇
ဖာဒီနန် မားကို့စ် ဂျူနီယာနှင့် ဆာရာဒူတာတေးတို့သည် ဖိလစ်ပိုင်သမ္မတနှင့် ဒုတိယသမ္မတ ဖြစ်ရေးတို့အတွက် မဲဆွယ် စည်းရုံးနေကြရာ နာမည်ကြီး အဆိုတော်တစ်ဦး ဖန်တီးထားသည့် ပေါ့ပေါ့ပါးပါး YouTube ဗွီဒီယိုဖိုင်တစ်ခုထဲတွင် ဘာဂါနှင့် သရက်သီး နှစ်သက်ကြောင်း ကိုယ်စီပြုံးပြရင်း စကားလက်ဆုံ ကျနေသည်ကို တွေ့မြင်ရသည်။
မားကို့စ် ဂျူနီယာသည် တိုင်းပြည်ကို ငွေကြေးဘီလီယံနှင့်ချီ၍ နစ်မွန်းစေခဲ့ပြီး သံလက်သီးဖြင့် အုပ်ချုပ်ခဲ့သူ သွားလေသူ အာဏာရှင် မားကို့စ်၏သား ဖြစ်သည်။ ဆာရာဒူတာတေးကတော့ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးနှင့် လူမှုအသိုင်းအဝိုင်း ဆန့် ကျင် ရာဇဝတ်မှုများကို နိုင်ငံတကာ ရာဇဝတ်တရားရုံးအထိ ပို့နိုင်၍ လူကြိုက်များသော လက်ရှိသမ္မတ ရိုဒရီဂိုဒူတာတေး၏ သမီးဖြစ်သည်။
မေလ ၉ ရက်တွင် ကျင်းပမည့် ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲတွင် ၎င်းတို့က ဦးဆောင်နိုင်ပုံ ရနေသည်ဟု နောက်ဆုံး ကောက်ယူထားသော စစ်တမ်းများကို ကိုးကားလျက် အေပီသတင်းဌာနက ရေးသားဖော်ပြသည်။
ညီညွတ်ခြင်းနှင့် ပေါင်းစည်းဖွဲ့စည်းခြင်း (Uniteam) ဟူသော ကြွေးကြော်သံ ဆောင်ပုဒ်ဖြင့် ၎င်းတို့သည် လူမှုကွန်ရက် မီဒီယာများဖြစ်ကြသော TikTok နှင့် YouTube တို့ကို ယခုရွေးကောက်ပွဲအတွက် အထိုက်အလျောက် အသုံးချခဲ့ကြကြောင်း ကွင်းစ်လန်း နည်းပညာတက္ကသိုလ်မှ ကထိက အဒဲဝက်ဘ် (Adele Webb) က ပြောကြားခဲ့သည်။
ဖိလစ်ပိုင်ပြည်သူများ(AP)
“ သူတို့ပေးချင်တဲ့ မက်ဆေ့ချ် (သတင်းစကား)က တကယ့်ကို ဒီလိုရှောင်ရှားတဲ့ ဗျူဟာနဲ့ ကောင်းကောင်း ဖန်တီးထားတာ တွေ့ရပါတယ်။ သူတို့ ဆိုလိုချင်တာက အတိတ်အကြောင်း ပြောနေတာ ရပ်လိုက်ရအောင်။ အဲဒီ စစ်အုပ်ချုပ်ရေးနှစ်တွေ ဘယ်လိုပုံစံ သွားခဲ့ကြသလဲဆိုတဲ့ အပြန်အလှန် စကားတိုက်ပွဲ ရပ်ကြရအောင်။ ရှေ့ဆက်ပြီးပဲ သွားကြမယ်ဆိုတဲ့ သဘော ” ဟု ဝက်ဘ်က ဆက်လက် ပြောကြားခဲ့သည်။
ကွယ်လွန်သွားခဲ့ပြီးဖြစ်သူ အာဏာရှင် မားကို့စ်၏ ဖိနှိပ်မှုကြောင့် ၁၉၈၆ ခုနှစ်တွင် လူသန်းနှင့်ချီ၍ လမ်းပေါ်ထွက်ကာ ပြည်သူ့အာဏာ တောင်းခံသည့် လူထုအုံကြွမှု ဖြစ်ခဲ့ပြီးနောက် ဒီမိုကရေစီ ပြန်လည် အသက်ဝင်လာစေဖို့ တွန်အား ပေါ် ပေါက် လာခဲ့သည်။
မားကို့စ်၊ ၎င်း၏ဇနီး အီမယ်ဒါနှင့် ၎င်းနှင့်နီးစပ်သည့် ခရိုနီသူဌေးများထံမှ ပိုင်ဆိုင်မှုအချို့ကို ဖိလစ်ပိုင်အစိုးရထံ လွှဲပြောင်းခဲ့ရပြီး နောက်ပိုင်းတွင် အစိုးရက သိမ်းယူ၍ ထုခွဲရောင်းချခဲ့သည်။
သို့သော်လည်း ထိုသို့ ငွေမည်းဆန်သည့် အမြတ်အစွန်းများကို ပြန်လည်ရယူဖို့ ဖန်တီးဖွဲ့စည်းထားသော သမ္မတ၏ ကော်မရှင် သည် ယခုအချိန်အထိ ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံကျော် စုဆောင်းထားသေးကြောင်း အေပီသတင်းတွင် တွေ့ရသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1719
CNI International News
ဘေဂျင်း၊ မေလ ၇
တင်းကြပ်ပြီး မကြာခဏ lockdown ချရသဖြင့် ပြည်သူများ မကျေမနပ်ဖြစ်စေကာ တရုတ်စီးပွားရေးကို ဆိုးရွားစွာ ထိုးနှက် နေခြင်းကြောင့် တရုတ်သမ္မတ ရှီကျင့်ဖျင်က ၎င်း၏ Zero-Covid မူဝါဒအပေါ် မေးခွန်းထုတ်သူတိုင်းကို အပြင်းထန်ဆုံး သတိ ပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း စီအင်န်အင်န်သတင်းတွင် ဖော်ပြထားသည်။
မေလ ၅ ရက်တွင် ရှီကျင့်ဖျင် ဦးဆောင်သော အာဏာရကွန်မြူနစ်ပါတီ၏ ထိပ်တန်းနိုင်ငံရေး ဦးဆောင်အဖွဲ့ (ပေါ်လစ်ဗျူရို) အမြဲတမ်း ကော်မတီ အစည်းအဝေးတွင် “လှုပ်ရှားမှုရှိနေမည့် Zero-Covid မူဝါဒကို မလွဲမသွေ လိုက်နာလျက် မိမိတို့နိုင်ငံ၏ ကူးစက်ရောဂါ ကာကွယ်ရေး မူဝါများကို လမ်းလွဲစေရန်၊ သံသယဖြစ်ပေါ်စေရန် (သို့မဟုတ်) ဆန့်ကျင်စေရန် သုံးနှုန်းလာ သည့် မည်သည့် ပြောကြားချက်၊ လုပ်ရပ်များကိုမဆို ပြတ်ပြတ်သားသား ချေဖျက်သွားမည်ဖြစ်ကြောင်း” ရှီကျင့်ဖျင်က အတိ အလင်း သတိပေးခဲ့သည်။
ရှန်ဟိုင်းတွင် တင်းကြပ်ပြင်းထန်သော lockdown ချမှုကြောင့် ပြည်သူများ ဒေါသတကြီး ဖြစ်နေချိန်၌ ရှီကျင့်ဖျင် ၏ အရေးကြီးသော မိန့်ခွန်းတွင် ကပ်ရောဂါ မူဝါဒနှင့်ပတ်သက်၍ ပထမဆုံးအကြိမ် ထုတ်ဖော် ပြောကြားလာ ခဲ့ခြင်းဖြစ်သည်။
တရုတ် Zero-Covid မူဝါဒ
မိမိတို့၏ တားဆီးထိန်းချုပ်ရေး မဟာဗျူဟာသည် ပါတီ၏ သဘောသဘာဝနှင့် ရည်မှန်းချက်ကို အခြေခံ၍ ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း၊ မူဝါဒများသည် သမိုင်း၌ အစမ်းသပ်ခံနိုင်ကြောင်း၊ မိမိတို့ ဆောင်ရွက်ချက်များသည် လက်တွေ့သိပ္ပံနည်းကျ၍ ထိရောက်ကြောင်း” အဖွဲ့ဝင် ၇ ဦးပါ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီက ပြောကြား ခဲ့သည်ဟု တရုတ်အစိုးရ သတင်းဌာနဖြစ်သည့် ဆင်ဟွာကို ကိုးကားလျက် စီအင်န်အင်န် ဖော်ပြထားသည်။
“ဝူဟန်မြို့ကို ကာကွယ်တဲ့ တိုက်ပွဲမှာ ကျနော်တို့ နိုင်ခဲ့ပါတယ်။ အခု ရှန်ဟိုင်းမှာ တိုက်ပွဲဝင်နေတာလည်း သေချာ ပေါက် နိုင်မှာပါ” ဟု ကော်မတီက ဆက်လက် ပြောကြားခဲ့သည်။
ပါတီဗဟို၏ ဦးဆောင်မှုဖြင့် ချမှတ်ထားသော မူဝါဒများနှင့်ပတ်သက်၍ လေးနက်ပြည့်စုံပြီး ကျယ်ကျယ်ပြန့်ပြန့် နားလည်ထားကြရန် အမြဲတမ်းကော်မတီက တိုက်တွန်းခဲ့သည်။
တရုတ် ကိုဗစ်ကန့်သတ်ချက်
တရုတ်ကွန်မြူနစ်ပါတီအတွင်း ရှီ၏ Zero-Covid မူဝါဒကို ဆန့်ကျင်မှုအတွက် ပြင်းထန်သော သတိပေးချက် ထွက် ပေါ်လာခြင်းသည် ပါတီအတွင်း တွန်းလှန်မှု ပေါ်ပေါက်သည့် လက္ခဏာတစ်ရပ်ဖြစ်ကြောင်း တရုတ်အရေးကို အချိန်အတန်ကြာ စောင့်ကြည့်ခဲ့သော လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။
“ဗဟိုမှ ချမှတ်ထားသည့် မူဝါဒများကို မေးခွန်းထုတ်လာကြသော ဒေသအလိုက် ကွန်မြူနစ်ပါတီ ခေါင်းဆောင် များ (သို့မဟုတ်) ယင်းမူဝါဒကို ကျင့်သုံးရာတွင် လုံလောက်စွာ အောင်မြင်မှု မရှိကြောင်း ထုတ်ဖော် ပြောကြားလာ သည့် ဒေသပါတီ ခေါင်းဆောင်များအပေါ် တိုက်ရိုက် သက်ရောက်စေသည့် သတိပေးချက်ဖြစ်ကြောင်း” တရုတ် မီဒီယာစီမံကိန်း၏ တွဲဖက်ဒါရိုက်တာ ဒေးဗစ်ဘန်ဒါစကီက ရေးသားထောက်ပြခဲ့သည်။
Source: CNN
- By CNI
- Category: နိုင်ငံရေး
- Hits: 1410
CNI International News
ဝါရှင်တန်၊ မေလ ၇
ယူကရိန်းနိုင်ငံအတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မေလ ၆ ရက်တွင် ဒေါ်လာသန်း ၁၅၀ တန်ဖိုးရှိ လက်နက်များ ထပ်မံ ပေးအပ်ဖို့ လက်မှတ်ရေးထိုးခဲ့ပြီး ရုရှားကျူးကျော်စစ်ကို ချေမှုန်းရန် အမြောက်လက်နက်များ၊ ရေဒါနှင့် အခြားစစ်သုံး ကိရိယာများ လွှဲပြောင်းခဲ့ကြောင်း ရိုက်တာသတင်းအရ သိရသည်။
“ဒီကနေ့ အမေရိကန်ဟာ ရုရှားရဲ့ ရန်လိုမှုများကို ခုခံကာကွယ်နေကြတဲ့ ယူကရိန်းမှ ရဲရင့်တဲ့ သူတွေအတွက် ကျနော်တို့ အခိုင်အမာ ထောက်ခံနေကြောင်း ပြသဖို့ ဆက်လက် လုပ်ဆောင်နေပါတယ်” ဟု ဘိုင်ဒန်က ကြေညာချက် တစ်စောင် ထုတ်ပြန်၍ ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၄ ရက် ရုရှား စတင်ကျူးကျော်စဉ်ကတည်းက ဟောင်ဝစ်ဇာ အမြောက်များ၊ လေယာဉ်ပစ် စတင်ဂါ (Stinger) စနစ်များ၊ တင့်ကားဖျက် ဂျဗီလင် (Javelin) ဒုံးကျည်များ၊ ခဲယမ်းမီးကျောက်များနှင့် မကြာသေးမီကမှ ထုတ်ပြခဲ့သည့် “Ghost” အမည်ရှိ မောင်းသူမဲ့ လေယာဉ်များ အပါအဝင် အမေရိကန်သည် ယူကရိန်းထံသို့ ဒေါ်လာ ၃ ဒသမ ၄ ဘီလီလံ တန်ဖိုး စစ်လက်နက်များ အမြန်ဆုံး ပေးပို့ခဲ့သည်။
ယခု ထောက်ပံ့မှု အသစ်သည် အမေရိကန်ဒေါ်လာ သန်း ၁၅၀ တန်ဖိုးရှိပြီး (၁၅၅ မီလီမီတာ) အမြောက်ဆန် ၂၅,၀၀၀၊ အမြောက် တန်ပြန်ရေဒါ၊ အဟန့်အတား ကိရိယာများ၊ ကွင်းပြင်သုံး ကိရိယာများနှင့် အခြား အပိုပစ္စည်းများ ပါဝင်မည်ဟု အမေရိကန် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
စစ်လက်နက်များ (GETTY IMAGES)
ရိုက်တာသတင်းဌာနအနေဖြင့် နောက်ဆုံးပေါ် အမေရိကန် လက်နက်များအကြောင်း ယခုသတင်းဖော်ပြခြင်းမှာ ပထမဆုံး အကြိမ် ဖြစ်သည်။
ယခု လက်နက်လွှဲပြောင်း ပေးပို့မှုအသစ်သည် အရေးပေါ် အခြေအနေအတွက် လွှတ်တော်(ကွန်ဂရက်)၏ ခွင့်ပြုချက် မလိုအပ်ဘဲ ပိုလျှံနေသော လက်နက်များ လွှဲပြောင်းပေးနိုင်သည့် သမ္မတ၏ အခွင့်အာဏာထဲမှ လက်ကျန်ငွေ ဒေါ်လာ ၂၅၀ ထဲမှ ဖြစ်သည်။
ပြီးခဲ့သည့်လ၌ ဘိုင်ဒန်သည် စစ်ရေးအကူအညီ ဒေါ်လာ ၂၀ ဘီလီယံကျော် အပါအဝင် ယူကရိန်းအတွက် ဒေါ်လာ ၃၃ ဘီလီယံ အကူအညီ ပေးရေး အစီအစဉ်ကို အဆိုပြုခဲ့သည်။ ထိုအစီအစဉ်သစ်ကို လွှတ်တော်(ကွန်ဂရက်)က အတည်ပြု ပေးရမည် ဖြစ်သည်။
အောက်လွှတ်တော်နှင့် အထက်လွှတ်တော် ခေါင်းဆောင်များသည် ၎င်းတို့ အဆောတလျင် ဆုံးဖြတ်ပေးလိုကြောင်း ပြောကြားခဲ့သော် ဘိုင်ဒန်၏ အဆိုပြုတောင်းချက်များကို မည်သည့်အချိန်တွင် မဲခွဲဆုံးဖြတ်မည်ကိုမူ ပြောကြားခြင်း မရှိသေးပေ။
ယူကရိန်းစစ်သားများ(GETTY IMAGES)
အမတ်များ အဆောတလျင် ဆုံးဖြတ်ပေးကြရန် ဘိုင်ဒန်က တိုက်တွန်းခဲ့ပြီး အာဏာပိုင်များ၏ ရန်ပုံငွေ လျှော့ချခြင်းမှာ ကုန်လုနီးပါးဖြစ်နေပြီဟု ပြောကြားခဲ့သည်။
“ကွန်ဂရက်အနေနဲ့ စစ်မြေပြင်နဲ့ ညှိနှိုင်းရေးစားပွဲဝိုင်းမှာ ယူကရိန်းကို အားကောင်းလာစေဖို့ ကျနော်တောင်းဆိုထားတဲ့ ငွေကြေးပမာဏ အလျင်အမြန် ပံ့ပိုးပေးသင့်ပါတယ်” ဟု ဘိုင်ဒန်၏ ထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။
ယူကရိန်းနိုင်ငံ အပြင်ဘက်တွင် ယူကရိန်းတပ်ဖွဲ့ဝင်အချို့ကို အမေရိကန်က ဟောင်ဝစ်ဇာကဲ့သို့ အဆင့်မြင့် စစ်လက်နက် ကိရိယာများ စနစ်တကျ အသုံးပြုနည်း သင်တန်းပေး လေ့ကျင့်လျက်ရှိသည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 2182
CNI International News
မော်စကို၊ မေလ ၇
ယူကရိန်းကို ရုရှားတပ်များ တိုက်ခိုက်မှု အားဖြည့်သည့် အနေဖြင့် မေလ ၉ ရက် (လာမည့် တနင်္လာနေ့)တွင် နာဇီဂျာမနီကို ဆိုဗီယက်တပ်များ အောင်ပွဲခံခဲ့ရသည့် (၇၇) နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို ကျင်းပ၍ သမ္မတ ပူတင်က အနောက်နိုင်ငံများထံသို့ သတိပေးချက်တစ်ရပ် ပြသသွားမည်ဖြစ်ကြောင်း ရိုက်တာသတင်း၌ ဖော်ပြထားသည်။
အိမ်နီးချင်းနိုင်ငံကို ရုရှားကျူးကျော်ခဲ့ပြီးနောက် အနောက်အုပ်စုနိုင်ငံများ၏ ရုရှားအပေါ် အထီးကျန်စေမှုကို အံတုလျက် ယခု စစ်ရေးပြ အခမ်းအနား၌ တပ်ဖွဲ့ဝင်များ၊ တင့်ကားများ၊ ဒုံးကျည်များနှင့် တိုက်ချင်းပစ် ဒုံးကျည်များ ခင်းကျင်းထားမည်ဟု သိရသည်။
ချီတက်မှုများ မတိုင်မီ ပူတင်က ရင်ပြင်နီ၌ မိန့်ခွန်းပြောရန် စီစဉ်ထားသည်။
မော်စကိုမြို့ရှိ စိန့်ဘာဆယ်ကသီဒရယ် ဘုရားရှိခိုးကျောင်း (St Basil's Cathedral) ကို ဖြတ်ကျော် ပျံသန်းကြမည့် အသံထက် မြန်သော တိုက်လေယာဉ်များ၊ Tu-160 ဗျူဟာသုံး ဗုံးကြဲလေယာဉ်များလည်း ယခုပွဲ၌ ပါဝင်၍ စွမ်းရည် ပြသရန်ရှိကြောင်း သိရသည်။
၂၀၁၀ ပြည့်နှစ် နောက်ပိုင်း ကမ္ဘာ့ပျက်အောင် ခြိမ်းခြောက်နိုင်စွမ်းရှိပြီး နျူကလီးယားစစ် ခင်းကျင်းနိုင်သည့် II-80 ရုရှား လေယာဉ်တွင် ထိပ်တန်းစစ်အရာရှိများ လိုက်ပါကြမည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ လေယာဉ် II-80 ကို စစ်ဖြစ်လာသည့်အခါ ရုရှားသမ္မတက တိုက်ရိုက် စစ်မိန့်ပေး၍ ထိန်းကျောင်းနိုင်အောင် ဆန်းသစ် တီထွင် ထုတ်လုပ်ထားသည်။ လေယာဉ် တည်ဆောက်ပုံမှာ နည်းပညာပိုင်း ရှုပ်ထွေးလှသော်လည်း အသေးစိတ် အချက်အလက် များကိုမူ ရုရှားနိုင်ငံ၏ လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားသည်။
ဒုတိယကမ္ဘာစစ်ကို အနိုင်တိုက်ခဲ့သူ ဆိုဗီယက်ခေါင်းဆောင် စတာလင်
အသက် ၆၉ နှစ် ရှိပြီဖြစ်သည့် ကရင်မလင်သမ္မတ နန်းတော်ကို ဦးဆောင်နေသူ ပူတင်သည် ယခုယူကရိန်းစစ်ပွဲကို ၁၉၄၁ ခုနှစ်က အဒေါ့ဖ်ဟစ်တလာ၏ နာဇီများ ကျူးကျော်စိန်ခေါ်မှုကို ဆိုဗီယက်ပြည်ထောင်စုက ရင်ဆိုင်နေပုံနှင့် အကြိမ်ကြိမ် နှိုင်းယှဉ် ပြောကြားနေခဲ့သည်။
“ မဟာမျိုးချစ် စစ်ပွဲအကြိုကာလမှာ ရန်စသူတွေကို နှိမ့်ချဖို့ ကြိုးစားမိခဲ့တာဟာ ကျနော်တို့ ရုရှားပြည်သူတွေကို နစ်နာစေမယ့် အမှားတစ်ခု ဖြစ်ခဲ့ရပါတယ် ”ဟု အထူးစစ်ဆင်ရေးဟု တံဆိပ်ကပ်ထားသော ယူကရိန်းသို့ ကျူးကျော်စစ် စတင်ချိန် ဖေဖော်ဝါရီ ၂၄ ရက်တွင် ပူတင်က ပြောကြားခဲ့သည်။
“ကျနော်တို့ ဒုတိယတစ်ခေါက်မှာတော့ ဒီလိုအမှားမျိုး လုပ်မှာမဟုတ်ပါဘူး။ ကျနော်တို့မှာ အခွင့်အရေး မရှိတော့ဘူး” ဟု ပူတင်က ပြောကြားခဲ့သည်။
ရုရှားကျူးကျော်မှု ယူကရိန်းစစ်ပွဲ(AFP)
နာဇီများ နှိပ်စက်ညှင်းပန်းမှုမှ ကာကွယ်ရန်နှင့် နေတိုးချဲ့ထွင်မှုအပေါ် အမေရိကန် ခြိမ်းခြောက်မှုအဖြစ် သတိပြုရန် ယူကရိန်း စစ်ကို ဆင်နွှဲခြင်းဖြစ်ကြောင်း ပူတင်က အကြောင်းပြခဲ့သည်။
ယူကရိန်းနှင့် အနောက်အုပ်စု နိုင်ငံများကတော့ “လက်ရှိ အခင်းအကျင်း၌ ပူတင်၏ (နာဇီ) ဖက်ဆစ်ဝါဒနှင့် ပတ်သက်သော စွပ်စွဲချက်များကို ပယ်ချကြောင်း၊ ၎င်းသည် ရန်လိုသည့်စစ်ပွဲကို ဆင်နွှဲနေခြင်းဖြစ်ကြောင်း” ပြောကြားခဲ့ကြသည်။
ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်ပြည်ထောင်စုသည် အခြားနိုင်ငံများထက် ဆုံးရှုံးခဲ့ရပြီး လူပေါင်း ၂၇ သန်း သေကြေ ပျက်စီး ခဲ့ရသည်။ မကြာသေးမီ နှစ်များအတွင်း ကမ္ဘာစစ် အဆုံးသတ်၌ ဆိုဗီယက် အောင်ပွဲခံမှုကို နှိမ့်ချဖို့ စစ်ပွဲသမိုင်းအား ပြန်လည် သုံးသပ်ရန် အနောက်အုပ်စုနိုင်ငံများ ကြိုးပမ်းလာခြင်းကို ပူတင်က အပြစ်တင် ဝေဖန်ခဲ့သည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 1190
CNI International News
ဘိုဂိုတာ၊ မေလ ၆
လူသတ်မှုကျူးလွန်ပြီး ကိုလံဘီယာ မူးယစ်ကုန်သည်နှင့် အော်တိုနီယယ်ဟု လူသိများသော ဘိန်းဘုရင် ဒိုင်ရိုအန်တိုနီယို အူဆူဂါကို ကန့်ကွက်မှုများကြားမှ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုအတွက် ထောင်ဒဏ်ကျခံစေရန် မေလ ၄ ရက်၌ အမေရိကန်ပြည်ထောင်စုသို့ လွှဲပြောင်းပေးခဲ့ကြောင်း အာရ်တီသတင်းဌာနက ဖော်ပြသည်။
“ အူဆူဂါ (အော်တိုနီယယ်)ကို အမေရိကန်လက်ထဲ လွှဲပေးလိုက်ပြီဆိုတာ အစီရင်ခံချင်ပါတယ်။ သူဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး မူးယစ်ကုန်သည်ပါ။ ဒါ့အပြင် အူဆူဂါဟာ လူမှုအသိုင်းအဝိုင်း ခေါင်းဆောင်တွေ၊ ရဲအရာရှိတွေကို သတ်ဖြတ်ခဲ့သူဖြစ်ပြီး ကလေးတွေနဲ့ ဆယ်ကျော်သက် လူငယ်တွေကိုလည်း အလွဲသုံးစား လုပ်ခဲ့ပါတယ်။ ဒီနေ့ဟာဆိုရင် တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့စွမ်းအားနဲ့ တရားမျှတမှုတို့ အောင်ပွဲခံတဲ့နေ့ပါပဲ ” ဟု ကိုလံဘီယာသမ္မတ အီဗန်ဒူကူးက တွစ်တာလူမှုကွန်ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။
သို့သော် သမ္မတ၏ ပြောကြားချက်ကို အော်တိုနီယယ်၏ မိသားစုဝင်များက သဘောမတွေ့ကြပေ။
တရားခံ လွှဲပြောင်းခြင်းမပြုမီ ၎င်းမိသားစုက ကိုလံဘီယာပြည်တွင်း နာမည်ဆိုးဖြင့် ကျော်ကြားသည့် ရာဇဝတ်သားကို ကိုလံဘီယာနိုင်ငံမှာသာ ဆက်လက် ထိန်းသိမ်းထားရန် အသနားခံခဲ့ကြသည်။ အော်တိုနီယယ်သည် ကိုလံဘီယာ တရား ရုံးတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် တရားစွဲခံရဦးမည် ဖြစ်သည်။
ကိုလံဘီယာ မူးယစ်ရာဇာ အော်တိုနီယက်ကို လေယာဉ်ဖြင့် ခေါ်လာစဉ်(GETTY IMAGES)
“ ဒီရာဇဝတ်သားကို အမေရိကန်မှာ မူးယစ်ရောင်းဝယ်မှုနဲ့ ထောင်ဒဏ် ကျခံဖို့ လွှဲအပ်ထားပါတယ်။ ဒါပေမယ့် အဲဒီ ထောင် ဒဏ် ကျခံပြီးရင်တော့ ကျနော်တို့နိုင်ငံအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် သူဟာ ကိုလံဘီယာကို ပြန်လာရလိမ့်မယ်ဆိုတာ အတိအလင်း ပြောချင်ပါတယ် ” ဟု သမ္မတ အီဗန်ဒူကူးက ပြောကြားခဲ့သည်။
၎င်းကို ၇ နှစ်တိုင်အောင် လိုက်လံဖမ်းဆီးခဲ့ပြီး နောက်ဆုံးတွင် ယမန်နှစ် အောက်တိုဘာလကျမှ ပနားမားနယ်စပ်အနီးတွင် ဖမ်းဆီးရမိခဲ့သည်။ ၎င်းဖမ်းဆီးနိုင်ရေး စစ်ဆင်ရေးတွင် စစ်သား ၅၀၀ နှင့် ရဟတ်ယာဉ် ၂၂ စီး သုံးခဲ့ရသည်။
အဖမ်းမခံရမီတွင် ၎င်း၏ ခိုအောင်းနေသည့် နေရာကို သိရှိရရေးအတွက် ဝါရှင်တန်အစိုးရက ဒေါ်လာ ၅ သန်းအထိ ကမ်းလှမ်း ခဲ့ရသည်။
နာမည်ဆိုးဖြင့် ကျော်ကြားသည် Gulf Clan မူးယစ်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူ အော်တိုနီယက်သည် ၂၀၀၃ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း အမေရိကန်ပြည်တွင်းသို့ ကိုကင်း ၇၃ တန် ထက်မနည်း ခိုးသွင်းခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။
Source: အာရ်တီသတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 1255
CNI International News
မော်စကို၊ မေ ၆
ယခင်လက ၎င်း၏သံတမန်များ နှင်ထုတ်ခံရခြင်းအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် မော်စကိုမြို့ရှိ ဒိန်းမတ် သံရုံးဝန်ထမ်း ၇ ဦးကို ရုရှားနှင်ထုတ်ခဲ့ကြောင်း အာရ်တီသတင်းဌာနက ရေးသားဖော်ပြသည်။
မေလ ၅ ရက်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ “ ကိုပင်ဟေဂင် အစိုးရသည် အခြေအမြစ်မရှိသော ဆုံးဖြတ်ချက်ဖြင့် ဒိန်းမတ်နိုင်ငံရှိ ရုရှားသံရုံးနှင့်ကုန်သွယ်ရေးရုံးတွင် တာဝန် ထမ်းဆောင်နေသော ရုရှားသံတမန် ၁၅ ဦးကို နှင်ထုတ်ခဲ့ခြင်းအပေါ် မော်စကို၏ကန့်ကွက်မှု အသိပေး ပြောကြားရန် ရုရှားနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ် ကာစတန်ဆန်ဒါဂက်ကို ဆင့်ခေါ်ခဲ့ကြောင်း ” ရေးသားထားသည်။
ဧပြီလအစောပိုင်းက ရုရှားသံတမန်များကို ဒိန်းမတ်နှင်ထုတ်ခြင်းအား တုံ့ပြန်သည့်အနေဖြင့် ယခုအခါ ရုရှား အစိုးရသည် ဒိန်းမတ်သံရုံးရှိ ဝန်ထမ်း ၇ ဦးကို မိမိတို့ပြည်တွင်း၌ ဆက်လက်မနေထိုင်စေလိုတော့ကြောင်း ကြေညာခဲ့သည်။
အဆိုပါ ဒိန်းမတ်သံတမန်များကို ရက်သတ္တနှစ်ပတ်အတွင်း ရုရှားပြည်တွင်းမှ ထွက်ခွာကြရန် အမိန့်စာထုတ်ပြန်ခဲ့ပြီး နောက်တစ်ဦးကိုလည်း ရုရှားဗီဇာပေးဖို့ ငြင်းခဲ့သည်။
စကင်ဒီနေဗီးယားကျွန်းဆွယ်တွင် တည်ရှိသော ဒိန်းမတ်နိုင်ငံသည် ရုရှားဆန့်ကျင်ရေးမူဝါဒကို ကိုင်စွဲလာသဖြင့် နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားစွာ ထိခိုက်စေကြောင်း မော်စကိုက သတိပေးခဲ့သည်။
ထို့ပြင် ရုရှားဆိုင်ရာ ဒိန်းမတ်သံအမတ်ကို နောက်နောင် အရေးယူဆောင်ရွက်မှု ပြုလုပ်မည့်အခွင့်အရေးကို ရုရှား အစိုးရ ဆုပ်ကိုင်ထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဧပြီလအစောပိုင်းတွင် ဒိန်းမတ်သည် ယူကရိန်းအရေးကို အကြောင်းပြု၍ ရုရှားသံတမန်များကို အပြိုင်အဆိုင် နှင်ထုတ်ခဲ့ကြသည့် ဥရောပနိုင်ငံအချို့နှင့် ပူးပေါင်းသွားခဲ့သည်။ထိုစဉ်က ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်တွင် “ ဒိန်းမတ်အစိုးရသည် ကိုပင်ဟေဂင်မြို့တော်ရှိ ရုရှားသံရုံး၌ လုပ်ကိုင်နေသော ရုရှား ထောက်လှမ်းရေးအရာရှိ ၁၅ ဦးကို နှင်ထုတ်ပြီ ” ဟု ထည့်သွင်းပြောကြားခဲ့သည်။
“သူတို့က ကျနော်တို့ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်။ဒိန်းမတ်မြေပေါ်မှာ ရုရှားတွေ သူလျှို လာလုပ်တာ လက်မခံနိုင်ဘူး” ဟု ဝန်ကြီး ဂျက်ပီကိုဖော့ဒ် (Jeppe Kofod) က အတိအလင်းပြောကြားခဲ့သည်။
ဘူချာမြို့မှ ယူကရိန်းအရပ်သားများကို ရုရှားကရက်စက်ကြမ်းကြုတ်ခဲ့ခြင်းအပေါ် ကိုပင်ဟေဂင်က ပြင်းထန်စွာ ရှုတ်ချကြောင်း ဒိန်းမတ်အစိုးရက ရုရှားသံအမတ် ဗလာဒီမာဘာဘင်ကို ခေါ်ယူပြောကြားခဲ့သည်။
Source: အာရ်တီသတင်းဌာန
