- By CNI
- Category: နိုင်ငံရေး
- Hits: 1307
CNI International News
ဝါရှင်တန်၊ မေလ ၆
ရုရှားစစ်တပ်မှ ထိပ်တန်းအရာရှိကြီးများကို အထူးပစ်မှတ်ထား ချေမှုန်းရန် ယူကရိန်းနှင့် ထောက်လှမ်းရေး သတင်းများ မျှဝေခဲ့ကြောင်း ဖော်ပြထားသည့် မီဒီယာများကို အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က ငြင်းပယ်ခဲ့သည်ဟု အာရ်တီသတင်းဌာနက ရေးသားထားသည်။
“ယူကရိန်းနိုင်ငံကို ကာကွယ်ဖို့အတွက် အမေရိကန် စစ်မြေပြင် ထောက်လှမ်းရေးဘက်ကို ပံ့ပိုးပေးထားပါတယ်” ဟု ပင်တဂွန် သတင်းပြန်ကြားရေးတာဝန်ခံ ဂျွန်ကာဘီ (John Kirby)က မေလ ၅ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဂျွန်ကာဘီက “ ကိယက်ဗ်သည် ၎င်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ထောက်လှမ်းရေး သတင်း ရင်းမြစ်များထံမှ အချက်အလက်များ ရယူခဲ့ကြောင်း ” ဝန်ခံပြောကြားခဲ့သည်။
သို့ဖြစ်၍ ယူကရိန်းက ရုရှားစစ် ဗိုလ်ချုပ်များကို လုပ်ကြံသတ်ဖြတ်ရန် စီစဉ်သည်ဟု အပြစ်တင်ခံရခြင်းမှာ ထင်ရှားလာခဲ့ကြောင်း အာရ်တီက ဆက်လက် ရေးသားထားသည်။
“ယူကရိန်းက ကျနော်တို့နဲ့ တခြားမိတ်ဖက်တွေနဲ့အတူ ထောက်လှမ်းရေးကိစ္စရှိပေမယ့် သူတို့ကိုယ်တိုင် သတင်းစုစည်း ပြီးတော့မှ သူတို့ဘာသာ ဆုံးဖြတ်ချ လုပ်ကိုင်ကြတာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ရုရှား စစ်ဗိုလ်ချုပ်များကို သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် အမေရိကန် ထောက်လှမ်းရေး အစိတ်အပိုင်းများကို ယူကရိန်းထံ ပေးအပ်ထားခြင်း မရှိကြောင်း အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး အန်ဒရီးနီဝစ်ဆင်၏ အခိုင်အမာ ပြောကြားချက်ကို အထက်ပါ ဂျွန်ကာဘီ၏ မှတ်ချက်များက ထပ်လောင်း အတည်ပြုခဲ့သည်။
ရုရှားစစ်ဗိုလ်ချုပ်ကြီးများကိုတွေ့ရစဉ်(GETTY IMAGES)
ထိပ်တန်း ရုရှားစစ်အရာရှိများကို ယူကရိန်း ပစ်မှတ်ထားခြင်း၌ အကူအညီ ပေးခဲ့သည်ဆိုခြင်းကို အမေရိကန်ဘက်မှ ငြင်းဆိုသည်ဟု နယူးယောက်တိုင်းမ် သတင်းစာက ပထမဆုံး ဖော်ပြခဲ့သည်။
ဝါရှင်တန်သည် ကိယက်ဗ်အစိုးရထံသို့ ရုရှား၏ မိုဘိုင်းလ်စစ်ဌာနချုပ်ဆိုင်ရာ သတင်းအချက်အလက်များ ပေးခဲ့ကြောင်း အမည်မဖော်လိုသူ အမေရိကန် အစိုးရအရာရှိများအား ကိုးကားလျက် နယူးယောက်တိုင်းမ်က ရေးသားခဲ့သည်။
ယူကရိန်းသည် အဆိုပါ သတင်းအချက်အလက်များကို ၎င်း၏ ကိုယ်ပိုင် ထောက်လှမ်းရေးနှင့် ပေါင်းစပ်ပြီး အရေအတွက် အတိအကျ မသိရသော ရုရှားတပ်မှူးများကို သတ်ဖြတ် ချေမှုန်းခဲ့သည်ဟု ယူဆရသော တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
အမေရိကန်နဲ့ ယူကရိန်း (GETTY IMAGES)
၂၀၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော မင့်ခ်သဘောတူစာချုပ်ကို အကောင်အထည်ဖော်ဖို့ ကိယက်ဗ် ပျက်ကွက်ပြီးနောက် ယူကရိန်းအား ရုရှားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒွန်နက်ဆက်နှင့် လူဟန်ဆက်ဒေသတို့အပေါ် သမ္မတနိုင်ငံများအဖြစ် မော်စကိုက နောက်ဆုံးတွင် အသိအမှတ်ပြုခဲ့သည်။
ဂျာမန်နှင့်ပြင်သစ်တို့ ကြားဝင်စေ့စပ်ပေးမှုအရ ပေါ်ပေါက်လာသော မင့်ခ်စာချုပ်သည် ယူကရိန်းနိုင်ငံအတွင်းရှိ ခွဲထွက်ဒေသ များကို အထူး အဆင့်အတန်း ပေးနိုင်ရန် ရေးဆွဲထားသည်။
ထို့နောက် ယူကရိန်းအနေဖြင့် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး) ထဲသို့ မည်သည့်အခါမျှ မဝင်ရောက်ဘဲ ကြားနေနိုင်ငံ အဖြစ်သာ ရပ်တည်ကြောင်း တရားဝင်ကြေညာပေးဖို့ ကရင်မလင်က တောင်းဆိုလာခဲ့သည်။
Source: အာရ်တီသတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 1505
CNI International News
ဘာမာကို၊ မေလ ၆
ယခုသီတင်းပတ်အတွင်း ၎င်း၏မဟာမိတ် ပြင်သစ်တို့ အဓိကစစ်ရေး သဘောတူညီချက်များ ပျက်ပြယ်သွားခဲ့ရာ ပြင်သစ် တပ်များ မာလီမှ ဆုတ်ခွာခဲ့ပြီးနောက် မာလီစစ်အစိုးရလည်း ပြိုကွဲခဲ့ပြီဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းကို ကိုးကားလျက် အယ်လ်ဂျာဇီးယားဝက်ဘ်ဆိုက်က ဖော်ပြသည်။
ပြီးခဲ့သည့် ၉ နှစ်တာအတွင်း မာလီ၏ အခိုင်မာဆုံး မဟာမိတ်နိုင်ငံအဖြစ် ပြင်သစ်က ပြည်တွင်း သူပုန်များကို နှိမ်နင်းပေးခဲ့ သည်။ အဆိုပါ သူပုန်များသည် မာလီပြည်သူများကို ထောင်နှင့်ချီ၍ သတ်ဖြတ်ခဲ့ပြီး အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့သည်။
သို့သော် ယနေ့ကာလတွင်မူ ပြင်သစ်နှင့်မာလီတို့ကြား ဆက်ဆံရေးမှာ အတော်အတန် တင်းမာနေခဲ့ပြီ ဖြစ်သည်။
ပြင်သစ်သည် ၎င်း၏ ကိုလိုနီနိုင်ငံဟောင်း မာလီတွင် မြောက်ပိုင်းဒေသရှိ သူပုန်ထမှုများကို ချေမှုန်းဖို့ ၂၀၁၃ ခုနှစ်တွင် စစ်ဆင် ရေး စတင်ခဲ့သော်လည်း သူပုန်များက မတည်မငြိမ်ဖြစ်နေသော တိုင်းပြည်၏ ဗဟိုချက်မကို တိုက်ခိုက်ရန် အင်အားစုစည်းခဲ့ သည်။ တစ်ချိန် တည်းတွင် ၎င်းတို့သည် မာလီ၏ ရွေးကောက်ခံသမ္မတ အီဘရာဟင်ဘူဘာကာကီတာ (Ibrahim Bubacar Keita) ကို မဖြိုခွဲ နိုင်တော့သဖြင့် အုံလိုက်ကျင်းလိုက် လက်နက်ကိုင် လှုပ်ရှားမှု တိုးမြှင့်ခဲ့သည်။
၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် သမ္မတ ကီတာကို ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး မာလီစစ်တပ်အတွင်း သဘောထား ကွဲလွဲသော ဗိုလ်မှူးကြီးများက အာဏာသိမ်းလိုက်သဖြင့် ယင်းဆန္ဒပြမှုများလည်း အဆုံးသတ် သွားခဲ့သည်။ သို့ရာတွင် ၂၀၂၁ ခုနှစ်၊ မေလထဲ၌ စစ်တပ်က ဒုတိယအကြိမ် အာဏာထပ်သိမ်း၍ အုံကြွမှုတစ်ခု ပေါ်ပေါက်ခဲ့သေးသည်။
မာလီစစ်တပ်နဲ့ပြင်သစ်စစ်တပ်ကိုတွေ့ရစဉ်(GETTY IMAGES)
ထိုအချိန်မှစ၍ ပြင်သစ်နှင့်မာလီ ဆက်ဆံရေးမှာ တဖြည်းဖြည်း အေးစက်မာကျောလာခဲ့ပြီး အရပ်သားအစိုးရ ပြန်လည်ထားရှိ ဖို့ အစောပိုင်းကာလ ရက်စွဲတစ်ခု သတ်မှတ်ရန် မာလီစစ်တပ်က ငြင်းဆန်ခဲ့သည်။ ပြင်သစ်နှင့် ဒေသတွင်း အိမ်နီးချင်းများ အနေဖြင့် မိမိတို့ စစ်တပ်အုပ်ချုပ်နေမှုကို ပျက်ပြားအောင် လှုံ့ဆော်ကြောင်း ဘာမာကိုမြို့တော် အခြေစိုက် စစ်အစိုးရက စွပ်စွဲချက်များ ပြင်းထန်လာခဲ့သည်။
ထို့နောက် ကရင်မလင်ကို ထောက်ခံသော ဝဂ္ဂနာလုံခြုံရေးအုပ်စု (Wagner Group) နှင့်ပတ်သက်၍ ကြေးစားစစ်သားများ မာလီသို့ ရောက်နေကြောင်း ပြင်သစ်က အပြစ်တင်ရှုတ်ချခဲ့သည်။ ဝဂ္ဂနာအုပ်စုသည် မာလီပြည်တွင်း စစ်သင်တန်းများ ပေးလာခဲ့ပြီး မာလီစစ်တပ်က ရုရှားနှင့် ပိုမိုနီးကပ်စွာ ဆက်ဆံလာခြင်းကြောင့် ပြင်သစ်နှင့် အယူအဆများ တနေ့တခြား ကင်းကွာ လာခဲ့သည်။
ယခုနှစ်အစပိုင်း ဇန်နဝါရီလတွင် ဘာမာကိုမြို့တော်ရှိ မာလီနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကို နှင်ထုတ်ခဲ့ပြီး နောက်တစ်လ တွင် ပြင်သစ်ကလည်း ၎င်း၏တပ်များအား မာလီနှင့်ပြင်သစ် နှစ်နိုင်ငံသဘောတူ၍ ဖွဲ့စည်းထားသော တာကူဘာ (Takuba) တပ်ပေါင်းစုများထံမှ ပြန်လည် ရုတ်သိမ်းကြောင်း ကြေညာခဲ့သည်။
Source: AFP, Aljazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 1192
CNI International News
ဘရပ်ဆဲလ်၊ မေ ၅
ဥရောပသမဂ္ဂ (EU) သည် ရုရှားနိုင်ငံအပေါ် အပြင်းထန်ဆုံးပိတ်ဆို့အရေးယူမှုများ ထပ်မံချမှတ်ရန် အဆိုပြု စီစဉ် နေခဲ့ပြီး စစ်ရာဇဝတ်မှု ကျူးလွန်သည်ဟု သံသယရှိသူများအပေါ် ရေနံတင်သွင်းမှု လုံးဝတားမြစ်ခြင်းစသည့် အရေးယူမှုများပါဝင်မည်ဟု ဘီဘီစီ အင်္ဂလိပ်ပိုင်းသတင်းအရ သိရသည်။
အဆိုပါ ပိတ်ဆို့အရေးယူမှုအစီအစဉ်သည် ဥရောပကို ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်နှင့် ရုရှားအပေါ် ဖိအားတိုး လာစေရန် ရည်ရွယ်ထားကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလေယန်(Ursula von der Leyen) က ပြောကြားခဲ့သည်။
ရုရှားရေနံစိမ်းကို လာမည့် ၆ လအတွင်း ရပ်တန့်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ EU ၏ ယင်းအဆိုပြုချက်ကို ဟန်ဂေရီအစိုးရ လက်မခံနိုင်ကြောင်း ပယ်ချခဲ့သော်လည်း ချက်နှင့်စလိုဗက်ကီးယား ကတော့ အသွင်ကူးပြောင်းရေးကာလတစ်ခုကို လိုလားနေကြသည်။
EU သည် ရုရှားရေနံနှင့် သဘာဝဓာတ်ငွေ့အပေါ် မှီခိုနေရမှုကို မည်သို့လျှော့ချရေး ရက်သတ္တပတ်များစွာ အာရုံ စိုက်နေခဲ့သည်။ ၂၀၂၂ နှစ်ကုန်ပိုင်းတွင် ဓာတ်ငွေ့တင်သွင်းမှုကို ၃ ပုံ ၂ ပုံလျှော့ချသွားမည်ဟု EU ကတိပြုခဲ့ပြီး ယခု ၆ လအတွင်း ရေနံစိမ်းနှင့် သန့်စင်ပြီးစွမ်းအင်ထုတ်ကုန်များကို နှစ်ကုန်သည်နှင့် လုံးဝရပ်ဆိုင်းရန် စီစဉ်နေသည်။
“ရုရှားကနေ လောင်စာဆီတွေ စနစ်တကျ ဖြတ်တောက်ဖို့ သေချာအောင် စီစဉ်ရေးဆွဲနေပါတယ်” ဟု ဥရောပ ကော်မရှင်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ယင်းအစီအစဉ်ကို ရှေးဦးစွာ EU သံအမတ်များက အတည်ပြုရမည်ဖြစ်ပြီး လာမည့်ရက်ပိုင်းအတွင်း လက်မှတ် ရေးထိုးကြရန် ပြင်ဆင်ထားသည်။
သို့သော် ဟန်ဂေရီအစိုးရ၏ပြောရေးဆိုခွင့်ရှိသူ ဇိုတန်ကိုဗက် (Zoltan Kovacs) က မိမိနိုင်ငံအနေဖြင့် လက်ရှိပုံစံ၌ ဗီတိုအာဏာကျင့်သုံးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဒီကိစ္စက ဟန်ဂေရီအကျိုးစီးပွားနဲ့ ဆန့်ကျင်နေတာ သူတို့သိပါတယ်။ ဒါကြီးကို လုပ်လိုက်ရင် ဟန်ဂေရီ လုံးဝ စီးပွားပျက်မှာဗျ” ဟု ၎င်းက အတိအလင်းပယ်ချခဲ့သည်။
EU အုပ်စုဝင်များဖြစ်ကြသည့် စလိုဗက်ကီးယားနှင့် ဟန်ဂေရီတို့သည် လက်ရှိတွင် ရုရှားရေနံကို မှီခိုနေရပြီး အစားထိုးတင်ပို့မည့်သူကို ရှာဖွေရန် ၂၀၂၃ ခုနှစ် အကုန်ပိုင်းအထိ ကနဦးအဆိုပြုချက်များ လုပ်ဆောင်ရဦးမည် ဖြစ်သည်။
ဆလိုဗက်ကီးယားနိုင်ငံ၏ စီးပွားရေးဝန်ကြီးက “မိမိနိုင်ငံသည် ၃ နှစ်အထိ အချိန်ယူ၍ အသွင်ကူးပြောင်းရေး ကာလလိုလားကြောင်း” ထုတ်ဖော်ပြောကြားခဲ့သည်။
အလားတူ ချက်သမ္မတနိုင်ငံကလည်း ပီတာဖီယာလာ (Petr Fiala) ကလည်း စွမ်းအင်ပိုက်လိုင်းနှင့်ပတ်သက်သည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းဖို့ ၂ နှစ်မှ ၃ နှစ်အထိ ကြားကာလ ကင်းလွတ်ခွင့်ကို EU ထံသို့ တောင်းဆို သွားမည်ဟု အသိပေးခဲ့သည်။
Source: BBC
- By CNI
- Category: နိုင်ငံရေး
- Hits: 1745
CNI International News
မော်စကို၊ မေလ ၅
လာမည့်ရက်များအတွင်း အထူးသဖြင့် မေလ ၉ ရက်၌ ယူကရိန်းတွင် အလုံးစုံစစ်ကြေညာမည်ဟု ထင်ကြေး ပေးနေမှုများကို ရုရှားက ငြင်းဆိုခဲ့ကြောင်း၊ မော်စကိုသည် ၎င်း၏ကျူးကျော်စစ်ကို အထူးစစ်ဆင်ရေးအဖြစ် ရည်ညွှန်းသုံးနှုန်းမည့်အစား လုံးဝစစ်ဖြစ်ပွားနေကြောင်း ပြောင်းလဲပြောဆိုရန် ငြင်းဆိုထားခြင်းဖြစ်သည်ဟု ဘီဘီစီ အင်္ဂလိပ်ပိုင်းသတင်း၌ ဖော်ပြထားသည်။
သို့သော် သမ္မတ ဗလာဒီမာပူတင်သည် မေလ ၉ ရက် အောင်ပွဲခံကြေညာခြင်းကို အသုံးချ၍ စစ်ရေးအရ အရေးယူမှု တိုးမြှင့်လာကြောင်း ကြေညာမည်ဟု အနောက်နိုင်ငံအစိုးရများက မှန်းဆနေကြသည်။
ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကော့ (Dmitry Peskov) ကတော့ အဆိုပါ ကောလဟလများသည် လုံးဝအခြေအမြစ်မရှိကြောင်း ပြောကြားခဲ့သည်။မော်စကိုတွင် နာဇီများရှုံးနိမ့်မှုနှင့် ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း အထိမ်းအမှတ် စစ်ရေးပြပွဲကျင်းပ၍ ရုရှားတပ်အင်အား အလုံးအရင်းဖြင့် စုစည်းပြီး ယူကရိန်းကို တဖန်တွန်းအား ပေးဖို့ အသုံးချနိုင်ခြေရှိကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလက် (Ben Wallace) က ယခင်သီတင်းပတ် တွင် ခန့်မှန်းပြောကြားခဲ့သည်။
“ကျနော် သိပ်တော့ မအံ့ဩဘူးဗျ။ ပြီးတော့ ဒီအကြောင်းနဲ့ပတ်သက်လို့ ကျနော့်ဆီမှာ ဘာမှအချက်အလက် မရှိပါဘူး။ သူ့ (ပူတင်) အနေနဲ့ အခုဆိုရင် သူတို့ဟာ ကမ္ဘာ့နာဇီတွေနဲ့ စစ်ဖြစ်နေပြီ၊ ရုရှားပြည်သူတွေ တစိတ် တဝမ်းတည်း စုစည်းကြပါဆိုပြီး ဆော်ဩဖို့အတွက် အခုမေလထဲမှာ ကြေညာတော့မှာ ဖြစ်ကောင်း ဖြစ်နိုင်တယ် ဗျ” ဟု ဘန်ဝေါလက်က LBC ရေဒီယိုသို့ ပြောကြားခဲ့သည်။
ရုရှားအာဏာပိုင်များသည် ၎င်းတို့၏ကျူးကျော်စစ်ကို အကြောင်းပြချက်တစ်ခုအနေဖြင့် ပြောကြားရာ၌ ယူကရိန်း အစိုးရ၏နာဇီဆန်ဆန်ကျင့်သုံးကြောင်း၊ သို့ဖြစ်၍ ၎င်းတို့အပေါ် လက်နက်ဖြုတ်သိမ်းရေးနှင့် ခေတ်သစ်နာဇီ ဆန့်ကျင်ဖို့ အထူးစစ်ဆင်ရေး ပြုလုပ်ခြင်းသာဖြစ်ကြောင်း ထပ်တလဲလဲ ပြောကြားနေခဲ့သည်။
မော်စကိုတွင် နှစ်စဉ်ကျင်းပနေကျ ချီတက်ပွဲများအပြင် ယခုအခါ ယူကရိန်းတောင်ပိုင်း၊ မာရီယူပေါလ်မြို့၌ နောက်ထပ်ချီတက်ပွဲကျင်းပဖို့ စီစဉ်နေကြောင်း သတင်းများထွက်ပေါ်ခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ပြီး ထိုလှုပ်ရှားမှု အားလုံးကို ရုရှားက လုံးဝထိန်းချုပ်ထားသည်။
သို့သော် ယူကရိန်းတပ်ဖွဲ့များသည် မာရီယူပေါလ်မြို့ဧရိယာအတွင်းရှိ အဇော့တယ် (Azovstal) ဟုခေါ်သည့် ကြီးမားသော သံမဏိစက်ရုံဝင်းထဲတွင် ခုခံနေကြဆဲဖြစ်သည်။ ယင်းဧရိယာအတွင်းမှ အရပ်သားအချို့ကို မကြာ သေးမီက အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပြီးနောက် စက်ရုံဝင်းအတွင်း တိုက်ခိုက်မှုများ ပြန်လည် စတင်ခဲ့သော် လည်း ကျန်ရှိနေသေးသည့် ယူကရိန်းတပ်ဖွဲ့ဝင်များနှင့် အဆက်အသွယ်ပြတ်တောက်သွားကြောင်း နောက်ဆုံးရ သတင်းများအရ သိရသည်။
ယူကရိန်းအာဏာပိုင်များသည် မာရီယူပေါလ်မြို့လယ်ရှိ လမ်းများပေါ်မှ အပျက်အစီးများ၊ လူသေအလောင်းများ နှင့် မပေါက်ကွဲသေးသော ဗုံးများကို ရှင်းလင်းလျက်ရှိသည်။
Source: BBC
- By CNI
- Category: နိုင်ငံရေး
- Hits: 1454
CNI International News
ကိုလံဘို၊ မေ ၅
သီရိလင်္ကာနိုင်ငံတွင် စီးပွားရေးအကျပ်အတည်းပိုမိုဆိုးရွားလာပြီး နိုင်ငံတဝန်းတွင် ကြီးမားသော ဆန္ဒပြမှုများ ပြင်းထန်လာခဲ့သည်။
လောင်စာဆီ(ဓါတ်ဆီ) တစ်လီတာကို ၃၃၈ ရူပီး ဈေးပေါက်လာသဖြင့် ဇန်နဝါရီလပေါက်ဈေးနှင့် နှိုင်းယှဉ်လျှင် ၉၀ ရာခိုင်နှုန်းအထိ အဆမတန် တက်သွားခြင်းဖြစ်သည်ဟု အေရှားတိုင်းမ်ဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။
ယင်းဆန္ဒပြမှုများတွင် လူမျိုးရေးနှင့်ဘာသာရေး ကွဲပြားမှုကြောင့် ပြည်တွင်းစစ်အပြီးတွင် ကျွန်းနိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်းအတွက် နာကျင်စရာများဖြင့် မဖြေရှင်းနိုင်သော နောက်ခံအခင်းအကျင်းကို မလိုလားအပ်သော ဆန္ဒပြမှုများသည်လည်း တစိတ်တပိုင်းပါဝင်သည်။
ဆင်းရဲမွဲတေမှုမှာ အဆိုးဆုံးဖြစ်ပြီး လူတိုင်းရုန်းကန်နေကြရကာ စားနပ်ရိက္ခာဈေးနှုန်းများ ကြောက်ခမန်းလိလိ ကြီးမြင့်လာခဲ့သည်။
ယခုအခါ ဆန်တစ်ကီလိုလျှင် ၂၀၅ ရူပီး (ဇန်နဝါရီလတွင် ၃၈ ရာခိုင်နှုန်းနှင့် ယခင်နှစ်ဈေးထက် နှစ်ဆနီးပါး) စျေးတက်လာပြီး နို့မှုန့်၊ မီးဖိုချောင်သုံးဓာတ်ငွေ့နှင့် ဆေးဝါးများကဲ့သို့သော အခြေခံစားသောက်ကုန်နှင့် အသုံး အဆောင်များ တန်းစီဝယ်ယူခဲ့ရသည်။ အပူပိုင်းဒေသတွင် မရှိမဖြစ်လိုအပ်သော ပစ္စည်းများအတွက် နာရီပေါင်း များစွာ တန်းစီစောင့်ဆိုင်းရင်း သေဆုံးခဲ့ရသူများလည်း ရှိခဲ့သည်။တစ်ချိန်တည်းတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေခဲ့ပြန်ရာ ဖေဖော်ဝါရီမှစတင်၍ တစ်ရက်လျှင် ၁၃ နာရီအထိ ပြတ်တောက်ခဲ့သည်။
ပြည်သူများ၏နေ့စဉ်လူမှုဘဝမှာ ရပ်တည်ရန် ခက်ခဲလာသဖြင့် အာရှတိုက်ရှိ အာဏာအကြာမြင့်ဆုံး မိသားစု နန်းဆက်များထဲမှ တစိတ်တပိုင်းဖြစ်သော ဂိုတာဘာယာရာဂျာပါစကာ (ဂိုတာနန်းဆက်)နှင့် လက်ရှိအစိုးရအပေါ် ဒေါသများ ပုံကျလာခဲ့သည်။
ပြီးခဲ့သည့်မတ်လ၌ ကနဦးဆန္ဒပြပွဲများကို တုံ့ပြန်သည့်အနေဖြင့် သမ္မတက အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ညမထွက်ရအမိန့်(ကာဖြူး)ကို ၃၆ နာရီကြာ ထုတ်ပြန်ခဲ့သည်။အစိုးရအဖွဲ့နှင့် အုပ်ချုပ်ရေးစနစ်မှာ ယခုအခါ ကမောက်ကမဖြစ်နေပြီး ဧပြီ ၁၉ ရက်တွင် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ပစ်ခတ်၍ လူ ၁ ဦးသေဆုံးပြီး ဆယ်ဂဏန်းမျှ ဒဏ်ရာရခဲ့သည်။
ဂိုတာဘာယာသည် ၂၀၁၉ ခုနှစ်တွင် သမ္မတဖြစ်ခဲ့သော်လည်း ၎င်း၏မိသားစုက သီရိလင်္ကာ၏နိုင်ငံရေးအာဏာကို နှစ်ပေါင်း ၂၀ နီးပါး ဆုပ်ကိုင်ထားခဲ့သည်။ လွှတ်တော်နှင့် တရားရုံးများအပေါ် သမ္မတ၏အာဏာတိုးလာစေသည့် တဖက်လှည့်အာဏာရှင်စနစ် အဆုံးသတ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲဖို့ တောင်းဆိုမှုများလည်း ပေါ်ပေါက်နေသည်။
ဧပြီလ ၂၈ ရက်တွင် အထွေထွေသပိတ်ဖြစ်ပေါ်ခဲ့ရာ အလုပ်သမားသမဂ္ဂ ၁၀၀၀ ကျော် ပါဝင်ဆန္ဒပြခဲ့ကြသည်။
Soure: Asia Times
- By CNI
- Category: နိုင်ငံရေး
- Hits: 1114
CNI International News
ဗာတီကန်စီးတီး၊ မေလ ၄
ယူကရိန်းသို့ ရုရှားထိုးစစ် အဆုံးသတ်ရန် ကြိုးပမ်းမှုတစ်ရပ် အနေဖြင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် မော်စကိုမြို့သို့ သွား ရောက်၍ သမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့ကြောင်း အေပီသတင်းအရ သိရသည်။
ယခု ရုရှားကျူးကျော်မှုသည် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ (နေတိုး)၏ အရှေ့ဘက်သို့ ချဲ့ထွင်မှုအပေါ် လက်တုံ့ပြန်ခြင်း ဖြစ်နိုင်ကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။
ပုပ်ရဟန်းမင်းကြီး၏ ဗာတီကန်နိုင်ငံခြားရေးဝန်ကြီး ကာဒီနယ် ပီထရိုပါရိုလင် မှတစ်ဆင့် ယခုကဲ့သို့ ကမ်းလှမ်းမှုကို ရုရှား ကျူးကျော်မှု စတင်ပြီး ရက်သတ္တ ၃ ပတ်ကတည်းက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
Corriere della Sera သတင်းစာနှင့် ဖရန်စစ်တို့ တွေ့ဆုံ မေးမြန်းခန်းတွင် ၎င်းက “ရုရှားနှင့်ပတ်သက်၍ ဗာတီကန်သည် ရှုပ်ထွေးနေသော မူဝါဒဖြင့် အဖြေရှာ မတွေ့သေးကြောင်း၊ အကြောင်းရင်းမှာ ရုရှားနိုင်ငံရှိ ရှေးဟောင်း ခရစ်ယာန် အသင်း တော် တစ်ခုဖြစ်သည့် Orthodox Church နှင့်ဆက်စပ်ကြောင်း” အလေးပေး ပြောကြားသွားခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်ကတည်းက ရောမမြို့နှင့် ကင်းကွာသွားခဲ့သည့် ရုရှား Orthodox Church အပေါ် ဆက်ဆံ ရေး ပြန်လည် ကောင်းမွန်လာစေရေး ကုစားရန်အလို့ငှာ ပုပ်ရဟန်းမင်းကြီး အနေဖြင့် မော်စကိုမြို့သို့ သွားရောက်ရန် ဆယ်စုနှစ်များစွာ ကြိုးစားခဲ့သော်လည်း မော်စကိုဘက်မှ ဖိတ်ခေါ်ကမ်းလှမ်းခြင်း အလျဉ်းမရှိခဲ့ပေ။
ပုပ်ရဟန်းမင်းကြီးနဲ့ ပူတင်(GETTY IMAGES)
“ဟုတ်ပါတယ်။ ကရင်မလင်ရဲ့ ခေါင်းဆောင်အတွက် အခွင့်အလမ်းတချို့ ရနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ကို လာခဲ့ဖို့ တုံ့ပြန်တာ မရှိသေးပါဘူး။ ပူတင်က လက်ခံတွေ့ဆုံတာ မလုပ်ချင်တော့မှာ စိုးရိမ်မိပေမယ့် ကြိုးစားကြည့်တုန်းပါ” ဟု ဖရန်စစ်က Corriere della Sera သတင်းစာသို့ ပြောကြားခဲ့သည်။
ဖရန်စစ်သည် ပြီးခဲ့သည့် မတ်လ၌ ရုရှား Orthodox Church အကြီးအကဲ ပက်ထရီအက်ချ်ကီရေးနှင့် ဗွီဒီယို ခေါ်ဆိုမှုပြုခဲ့ပြီး မိနစ် ၄၀ ကြာ စကားပြောခဲ့သည်။
မကြာသေးမီ ရက်သတ္တပတ်များအတွင် အနောက်နိုင်ငံများက ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်လိုက်ကြောင်း ကြေညာခဲ့ရာ ဖရန်စစ်က လက်နက်ရောင်းဝယ် ဖောက်ကားခြင်း လုပ်ငန်းကို မကြာခဏ ရှုတ်ချခဲ့သည်။
သို့သော် ကက်သလစ် လူမှုရေးဆိုင်ရာ အယူဝါဒနှင့် ရုရှားကျူးကျော်စစ်ကို ခုခံရန်အတွက် ယူကရိန်းနိုင်ငံသားများ၏ အခွင့် အရေး ဘက်မှလည်း ဖရန်စစ်က ရပ်တည်ပြောကြားခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1980
CNI International News
ကိုလံဘို၊ မေလ ၄
ကျွန်းနိုင်ငံ တစ်နိုင်ငံဖြစ်သည့် သီရိလင်္ကာတွင် အဓိက အတိုက်အခံပါတီက ဝန်ကြီးချုပ် မဟိန္ဒာရာဂျာပက်ဆာနှင့် ၎င်း၏ အစိုးရအဖွဲ့ကို ဖြုတ်ချရန် ရည်ရွယ်ချက်ဖြင့် အယုံအကြည်မရှိဟု ကြေညာချက် တစ်စောင်ကို မေလ ၃ ရက်တွင် ထုတ်ပြန်ခဲ့ သည်။
ထို့အပြင် နိုင်ငံ၏ အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းမှ ရုန်းထွက်၍ ကောင်းမွန်သည့် လူနေမှု အဆင့်အတန်း ဖန်တီးပေးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်သော တာဝန်များကို လက်ရှိအစိုးရ ပျက်ကွက်ခဲ့သည်ဟု အပြစ်တင် ရှုတ်ချခဲ့ ကြောင်း အေပီ သတင်းတစ်ပုဒ်တွင် တွေ့ရသည်။
အစိုးရအပေါ် အယုံအကြည် မရှိတော့ကြောင်း လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ပေးရန် တောင်းဆိုသည့် အဆိုကို ဆာဂျစ်ပရီ မာဒါစာ ဦးဆောင်သော ပြည်သူ့အင်အားပေါင်းစည်းပါတီ (UPF) မှ အဖွဲ့တစ်ဖွဲ့က သီရိလင်္ကာဥက္ကဋ္ဌ မဟိန္ဒာယာပါ အာဘေးဝါ ဒါနာ ထံသို့ တင်သွင်းခဲ့သည်။
ဝန်ကြီးချုပ် ရာဂျာပက်ဆာနှင့် ၎င်း၏ညီဖြစ်သူ သမ္မတ ဂိုတာဘာယာရာဂျာပက်ဆာတို့ နုတ်ထွက်ပေးရေးအတွက် နိုင်ငံအနှံ့ တောင်းဆိုဆန္ဒပြနေချိန်၌ ယခုကဲ့သို့ အတိုက်အခံပါတီက အပြောင်းအလဲတစ်ခုသို့ ဦးတည်လာခဲ့ခြင်းဖြစ်သည်။
ရာဂျာပက်ဆာနှင့် အစိုးရအဖွဲ့ကို အာဏာရပါတီအဖြစ်မှ ဖြုတ်ချရန် အမတ်နေရာ ၂၂၅ ဦးပါရှိသည့် လွှတ်တော်ထဲတွင် အများစု မဲနိုင်မှ အထမြောက်မည်ဖြစ်သည်။
UPF ပါတီသည် ထိုသို့ မဲခွဲဆုံးဖြတ်ရာတွင် ၅၄ မဲသာ ရရှိနိုင်ဖွယ်ရှိသော်လည်း အတိုက်အခံ ပါတီငယ်များနှင့် လက်ရှိ အာဏာ ရ “သီရိလင်္ကာပြည်သူ့တပ်ဦး” ပါတီမှ ဘက်ပြောင်း သွားသူများထံမှ မဲများရရှိရန် မျှော်လင့်ထားသည်။
သီရိလင်္ကာအစိုးရ နုတ်ထွက်ပေးရန် တောင်းဆိုနေကြ(GETTY IMAGES)
လက်ရှိ အာဏာရပါတီသည် မဲ ၁၅၀ နီးပါး ဆုပ်ကိုင်ထားသော်လည်း စီးပွားရေး အကျပ်အတည်းနှင့် အယုံအကြည်မရှိ မဲ များကြောင့် ဘက်ပြောင်းသူဦးရေ များလာလျှင် အားပျော့သွားနိုင်သည့် အလားအလာလည်း ရှိနေသည်။
UPF ပါတီသည် တစ်ချိန်တည်းမှာပင် သမ္မတကိုလည်း ပစ်မှတ်ထား၍ အယုံအကြည်မရှိ အဆိုတင်သွင်းသွားမည်ဟု ကြေညာ ခဲ့သော်လည်း လွှတ်ကိုယ်စားလှယ် အများစုကြားတွင် ၎င်းကို ရာထူးမှ နုတ်ထွက်ရန် တွန်းအားပေးနိုင်မည့်ပုံ မပေါ်ပေ။
သီရီလင်္ကာသည် နိုင်ငံခြားချေးငွေ အကြေပေးဆပ်မှုကို ဆိုင်းငံ့ထားရန် မကြာသေးမီက ကြေညာခဲ့ရပြီး ဒေဝါလီခံခဲ့ရသည်။ ၂၀၂၆ ခုနှစ်အရောက်တွင် ပေးဆပ်ရန် စီစဉ်ထားသည့် နိုင်ငံခြား ဒေါ်လာ ၂၅ ဘီလီယံအနက် ယခုနှစ်အတွက် ဒေါ်လာ ၇ ဘီလီယံသာ ပြန်ဆပ်နိုင်ခြေရှိသည်။ ထို့ပြင် သီရိလင်္ကာ၏ နိုင်ငံခြား အရန်ငွေကြေး ပမာဏမှာ ဒေါ်လာ ၁ ဘီလီယံ အောက် သာ ရှိနေသည်။
ထိုသို့ နိုင်ငံခြားငွေ အကျပ်အတည်း အဆိုးဆုံးဖြစ်လာ၍ ပြည်ပမှ တင်သွင်းကုန် ကန့်သတ်ခဲ့ရပြီး လောင်စာဆီ၊ မီးဖိုချောင်သုံး ဓာတ်ငွေ့၊ ဆေးဝါးနှင့် အစားအသောက်ကဲ့သို့ မရှိမဖြစ် နေ့စဉ်သုံး ကုန်ပစ္စည်းများ ပြတ်လပ်နေခဲ့ရသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1881
CNI International News
မက်ဒရစ်၊ မေ ၄
ပီဂါးဆပ် spyware နှင့်ပတ်သက်၍ အမျိုးသားလုံခြုံရေးအငြင်းပွားမှုများ တိုးလာနေချိန်၌ ဖုံးကွယ်ထားစရာ ဘာတစ်ခုမှ မရှိကြောင်း စပိန်အစိုးရက မေလ ၃ ရက်တွင် ပြောကြားခဲ့သည်။
ယင်း spyware ကိစ္စသည် စပိန်ဝန်ကြီးချုပ်၏ လက်ကိုင်ဖုန်းထဲသို့ ဟက်ကာနှင့်အမည်မသိ ထောက်လှမ်းရေး အေးဂျင့်က ကက်တလိုနီးယား ဒေသခွဲထွက်ရေးသမားများနှင့် ဆက်စပ်၍ ခြေရာခံထောက်လှမ်းခြင်းလည်း ပါဝင်ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
လိုအပ်ပါက အစိုးရဌာနဆိုင်ရာစာရွက်စာတမ်းများ ခွဲခြားသတ်မှတ်ခြင်းအပါအဝင် စပိန်နိုင်ငံအတွင်း ဆိုရှယ် လစ်ဦးဆောင်သော ညွန့်ပေါင်းအစိုးရအနေဖြင့် တရားစီရင်ရေးအာဏာပိုင်များနှင့် အစွမ်းကုန် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကက်ဘိနက်အဖွဲ့ပြောခွင့်ရသူအမျိုးသမီး အစ္စာဘယ်ရိုဒရီဂွက်ဇ် (Isabel Rodriguez) က ကတိပြုခဲ့သည်။
မကြာသေးမီက ထောက်လှမ်းရေးမွှေနှောက်ခံရမှုအတွက် နိုင်ငံရေးထိခိုက်နစ်နာမှုများကို ထိန်းသိမ်းရန် အစိုးရ အနေဖြင့် ကြိုးပမ်းနေရခြင်းကြောင့် အပတ်စဉ် ဝန်ကြီးအဖွဲ့အစည်းအဝေးအပြီး၌ ထူးခြားသော လုံခြုံရေး ကျိုးပေါက်မှုများနှင့်ပတ်သက်၍ ရိုဒရီဂွက်ဇ်သည် မေးခွန်းထုတ်စရာအများအပြားနှင့် ရင်ဆိုင်နေရသည်။
ဝန်ကြီးချုပ် ပီထရိုဆန်ချက်ဇ်နှင့် ကာကွယ်ရေးဝန်ကြီး မာဂရီတာရိုဘဲလ်တို့၏ လက်ကိုင်ဖုန်းများအတွင်းသို့ နိုင်ငံတကာအစိုးရအဖွဲ့အစည်းများကို ဦးတည်ပစ်မှတ်ထားသော ပီဂါးဆပ် spyware သည် ယမန်နှစ်က ကူးစက် ခံခဲ့ရကြောင်း စပိန်အစိုးရက မေလ ၂ ရက်တွင် ပြောကြားခဲ့သည်။
စပိန်နိုင်ငံ အရှေ့မြောက်ပိုင်း ကက်တလိုနီးယားဒေသရှိ ခွဲထွက်ရေးလှုပ်ရှားမှုနှင့် ချိတ်ဆက်ထားသည့် လူပေါင်း ဆယ်ဂဏန်းမျှ၏ လက်ကိုင်ဖုန်းများထဲသို့ ပီဂါးဆပ်သည် မည်သည့်အတွက် ကူးစက်ခံရခြင်းကို ရှင်းပြရန် အစိုးရ အပေါ် ဖိအားပေးခံနေရပြီဖြစ်သည်။
စပိန်တွင် လျှို့ဝှက်ထောက်လှမ်းရေးဆိုင်ရာစစ်ဆင်ရေးများသည် တရားစီရင်ရေးအာဏာပိုင်များ၏ သဘောတူ ခွင့်ပြုချက်လိုအပ်သည်။
ဆိုက်ဘာကိရိယာများကို အလွဲသုံးစားလုပ်မှုနှင့် စပ်လျဉ်းပြီး ဥရောပတွင် စိုးရိမ်မှုများ တိုးလာနေချိန်၌ ယခုကဲ့သို့ စပိန်အစိုးရဘက်မှ ထုတ်ဖော်ပြောဆိုမှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
ဥရောပလွှတ်တော် (ပါလီမန်) အဖွဲ့သည် ဟန်ဂေရီ၊ ပိုလန်နှင့် ဂရိနိုင်ငံအစိုးရများအား ထောက်လှမ်းရေးမှုများနှင့် ဆက်စပ်နေသည်ဟု စွပ်စွဲခဲ့ပြီး ပီဂါးဆပ် Spyware လှုပ်ရှားမှုများအကြောင်း စုံစမ်းစစ်ဆေးမှုကို ယခင်လက စတင်ခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1586
CNI International News
မော်စကို၊ မေ ၄
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ပြင်သစ်သမ္မတ အီမန်နွယ်မက်ခရွန်တို့ မေလ ၃ ရက်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ရာ ယူကရိန်းအစိုးရဘက်မှ အလေးအနက်ကြိုတင်ပြင်ဆင်မှု မတွေ့ရသေးသော်လည်း ရုရှားအနေဖြင့် တွေ့ဆုံဆွေးနွေးရေး လမ်းဖွင့်ထားဆဲဖြစ်သည်ဟု ပူတင်က ပြောကြားခဲ့ကြောင်း ကရင်မလင် သမ္မတနန်းတော်သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ကြေညာခဲ့သည်။
“ရုရှားသမ္မတက ပြင်သစ်သမ္မတကို ယူကရိန်းကိုယ်စားလှယ်တွေနဲ့ စေ့စပ်ညှိနှိုင်းရေး အခြေခံချဉ်းကပ်ပုံ ချဉ်းကပ် နည်း ရှင်းပြခဲ့ပါတယ်။
အထူးသဖြင့် ကိယက်ဗ်ရဲ့ ရှေ့နောက်မညီတဲ့စကားတွေနဲ့ အလုပ်သဘောဆွေးနွေးမှု ကြိုတင်ပြင်ဆင်တာ မတွေ့ရပေမယ့် ရုရှားကတော့ တွေ့ဆုံဆွေးနွေးရေး လမ်းဖွင့်ထားတုန်းပါလို့ ကျနော်တို့ သမ္မတက အလေးပေးပြောကြားခဲ့ပါတယ်” ဟု ကရင်မလင်က ကြေညာခဲ့သည်။
ဥရောပသမဂ္ဂ (EU) နိုင်ငံများသည် ယူကရိန်းတပ်ဖွဲ့များ ကျူးလွန်သောစစ်ရာဇဝတ်မှုများကို လျစ်လျူရှုထား ကြောင်း ပူတင်က မက်ခရွန်ကို ဆက်လက်ပြောကြားခဲ့သည်။
“ယူကရိန်းတပ်ဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ဒွန်ဘတ်စ်ဒေသမှာ ငြိမ်းချမ်းစွာ နေထိုင်တဲ့ အရပ်သား တွေကို သတ်ဖြတ်မှုတွေ၊ မြို့ရွာတွေကို အပြင်းအထန် ဗုံးကြဲတာတွေကို EU အဖွဲ့ဝင်နိုင်ငံတွေက လျစ်လျူရှုခဲ့ပါ တယ်လို့ ပူတင်က ပြောခဲ့ပါတယ်” ဟု ရုရှားသမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထိုသို့ စစ်ရာဇဝတ်မှုများ အဆုံးသတ်ဖို့ အနောက်အုပ်စုက ကိယက်ဗ်အာဏာပိုင်များကို ဖိအားပေးပြီး ယူကရိန်း ထံသို့ လက်နက်ထောက်ပံ့မှု ရပ်ဆိုင်းသင့်ကြောင်း ရုရှားက ထောက်ပြခဲ့သည်။
၎င်းအပြင် ပူတင်နှင့် ပြင်သစ်သမ္မတတို့သည် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးကိုလည်း နှီးနှောတိုင်ပင်ခဲ့ကြသည်။
“ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက် ပြင်သစ်က စိုးရိမ်နေကြောင်း” ကရင်မလင်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထိုစိုးရိမ်မှုဖြစ်ပွားရခြင်းမှာလည်း အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကြောင့်ဖြစ်ကြောင်း တာ့စ်သတင်းဌာနက ဆက်လက်ရေးသားဖော်ပြသည်။
“ဒီအခြေအနေမှာ အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူမှုတွေကြောင့် အနေအထားပိုဆိုးလာတယ်လို့ ပူတင်က ပြောခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အအုံတွေရဲ့ အရေးပါမှုကို ဦးစားပေး ပြောခဲ့တာဖြစ်ပါတယ်” ဟု ကရင်မလင်က သတင်းထုတ်ပြန်ခဲ့သည်။
မကြာသေးမီက ပြင်သစ်သမ္မတရွေးကောက်ပွဲတွင် နောက်ထပ်သက်တမ်းအတွက် မက်ခရွန် ရွေးကောက်တင် မြှောက်ခံရခြင်းကိုလည်း ပူတင်က ဝမ်းမြောက်ကြောင်း မုဒိတာစကား ပြောကြားခဲ့သည်။
ယခု တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုမှုသည် ပူတင်နှင့်မက်ခရွန်တို့အကြား မက်ခရွန်၏သမ္မတအဖြစ် ဒုတိယ သက်တမ်း အရွေးခံရပြီးနောက် ပထမဆုံးအကြိမ် ဆက်သွယ်ပြောဆိုမှုဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၂၉ ရက်တွင် အဆိုပါခေါင်းဆောင်နှစ်ဦးသည် နောက်ဆုံးအကြိမ် တယ်လီဖုန်းခေါ်ဆိုခဲ့ကြသည်။ အလားတူ ဧပြီ ၃၀ ရက်တွင် မက်ခရွန်သည် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးနှင့် တယ်လီဖုန်းခေါ်ဆိုခဲ့သေးသည်။
Source: တာ့စ်သတင်းဌာန
