- By CNI
- Category: နိုင်ငံရေး
- Hits: 1228
CNI International News
ကိုလံဘို၊ မေလ ၁၁
မီးရှို့ဖျက်ဆီးမှုများနှင့် အစိုးရထောက်ခံသူများကို ပစ်မှတ်ထား၍ အကြမ်းဖက်မှုများမှာ ပါဝင်ခဲ့လျှင် မည်သူမဆို ပစ်သတ်ရန် သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီးဌာနက ၎င်း၏လုံခြုံရေး တပ်ဖွဲ့ဝင်များအား မေလ ၁၀ ရက်တွင် အမိန့်ပေးထားကြောင်း အေပီ သတင်းတစ်ပုဒ်၌ တွေ့ရသည်။
နိုင်ငံကို အဆိုးရွားဆုံး စီးပွားပျက်အောင် ဦးဆောင်ခဲ့ကြသည့် သမ္မတနှင့်ဝန်ကြီးချုပ် ညီအစ်ကိုတို့ကို လူထုက ခါးခါးသီးသီး ရှုတ်ချနေခဲ့ကြရာ မေလ ၉ ရက်က ပြင်းထန်စွာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့၍ လူ ၈ ဦးသေဆုံးခဲ့သည်။
ထိုဖြစ်စဉ်နှင့် မရှေးမနှောင်း၌ ဝန်ကြီးချုပ်ဖြစ်သူ နုတ်ထွက်လွှာ တင်ခဲ့ပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာနက အထက်ပါ အတိုင်း အမိန့်ထုတ်ပြန် လာခဲ့သည်။
ဝန်ကြီးချုပ်၏ နေအိမ်နှင့် သမ္မတရုံးအနီးတို့တွင် သပိတ်စခန်းဖွင့်၍ ၎င်းတို့ရာထူးမှ နုတ်ထွက်ပေးဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြ နေသူ များကို အစိုးရထောက်ခံသော လူအုပ်ကြီးက ဝင်ရောက် ရိုက်နှက်ခဲ့ခြင်းဖြင့် အဓိကရုဏ်းဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့များက စောင့်ကြည့်နေခဲ့ပြီး တားဆီးဟန့်တားခြင်း မပြုခဲ့ပေ။
သီရိလင်္ကာပြည်တွင်း၌ အစိုးရ ထောက်ခံသူများနှင့် အာဏာရပါတီ နိုင်ငံရေးသမားများကို ဒေါသထွက်နေကြသည့် နိုင်ငံသူ၊ နိုင်ငံသားများအကြား အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားနေခဲ့သည်။
အဆိုပါ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှု၌ အာဏာရပါတီမှ လွှတ်တော်အမတ်တစ်ဦးနှင့် ရဲနှစ်ဦး အပါအဝင် လူ ၈ ဦးသေဆုံး၍ ၂၁၉ ဦး ဒဏ်ရာရခဲ့ကြောင်း၊ အဆောက်အအုံ ၁၀၄ လုံးနှင့် ကားအစီးရေ ၆၀ မီးလောင် ပျက်စီးခဲ့ရကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန အတွင်းဝန် ကာမယ်ဂူနာရက်နီ (Kamal Gunaratne)က ပြောသည်။
ဖျက်ဆီးခံရသော ကားများနောက်ခံနဲ့ စစ်သားများ(AP)
တစ်နိုင်ငံလုံး ၃၆ နာရီကြာ ညမထွက်ရ(ကာဖြူး)အမိန့် ထုတ်ပြန်ထားသော်လည်း ယင်းအမိန့်ကို ဆန့်ကျင်လျက် ရာနှင့်ချီ သော ဆန္ဒပြသူများက မေလ ၁၀ ရက်တွင် အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများ အော်ဟစ်နေခဲ့ကြသည်။
အစိုးရထောက်ခံသူများ၏ နေအိမ်များကို လူအချို့က တိုက်ခိုက်ခဲ့သော်လည်း မေလ ၉ ရက် အကြမ်းဖက်မှု များကတော့ သိသာစွာ ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။
သီရိလင်္ကာနိုင်ငံတွင် နိုင်ငံခြားငွေ အကျပ်အတည်းကြောင့် နို့ထွက်ပစ္စည်းမှ လောင်စာဆီအထိ တင်သွင်းမှု ကျဆင်းခဲ့ပြီး စားနပ်ရိက္ခာနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကြောင့် နိုင်ငံသူ၊ နိုင်ငံသားများ ရှည်လျားစွာ တန်းစီစောင့်ဆိုင်း ဝယ်ယူခဲ့ရသည်။
လောင်စာဆီ စောင့်ဆိုင်း၀ယ်နေကြ
“အများပြည်သူပိုင်ပစ္စည်း ပျက်စီးစေမှု (သို့မဟုတ်) လူတစ်ဦးချင်း ထိခိုက်ပျက်စီး စေမှုများ၌ ပါဝင်လျှင် ပစ်သတ်ဖို့ ကာကွယ် ရေး ဝန်ကြီးဌာနက အမိန့်ပေးထားသည်” ဟု ၎င်းဝန်ကြီးဌာနက စာတိုသတင်းစကား (text message) ဖြန့်ဖြူးခဲ့သည်။
“အရေးပေါ် အခြေအနေနဲ့ ညဘက် လမ်းမထွက်ရ အမိန့် ထုတ်ထားပေမယ့် နေအိမ်တွေထဲဝင်ပြီး မီးရှို့တာ၊ ဖျက်ဆီးတာ၊ သတ်ဖြတ်တာတွေနဲ့ ခိုးယူတာ ကျူးလွန်နေတဲ့ လူငယ်ပိုင်းတွေကို ကျနော်တို့ တွေ့နေရတယ်” ဟု ကာမယ်ဂူနာရက်နီက ဝန်ကြီးဌာန ကြေညာချက်ထဲတွင် ပြောကြားထားသည်။
ကာဖြူးအမိန့် ထုတ်ထားသော်လည်း ရာနှင့်ချီသော ဆန္ဒပြသူများသည် မြို့တော် ကိုလံဘိုရှိ သမ္မတ ဂိုတာဘာ ယာရာဂျာ ပါစကာ၏ ရုံးဝင်ပေါက်တွင် စုဝေးပြီး မေလ ၁၀ ရက်၌ ဆန္ဒပြမှု ၃၂ ရက်မြောက်နေ့အဖြစ် သမ္မတလည်း ဝန်ကြီးချုပ် ခြေရာ နင်း၍ နုတ်ထွက်ပေးရန် တောင်းဆိုနေခဲ့ကြသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1765
CNI International News
စတော့ဟုမ်း၊ မေ ၁၁
ဘက်မလိုက်သော ဖင်လန်နှင့်ဆွီဒင်တို့မှ အဓိကဆုံးဖြတ်ချက်ချမှတ်သူများသည် မြောက်အတ္တလန္တိတ် စစ် စာချုပ်အဖွဲ့(နေတိုး)အဖွဲ့ဝင်ဖြစ်လာရေး ၎င်းတို့ရပ်တည်ချက်များကို ယခုသီတင်းပတ်အတွင်း ကြေညာရန် ရှိကြောင်း၊ ယူကရိန်းအရေး၌ အမြတ်ထုတ်ရန်အတွက် ကြိုးပမ်းမှုဖြစ်၍ ရုရှားအပေါ် ပြင်းထန်သော ထိုးနှက် ချက်ဖြစ်လာနိုင်ကြောင်း အေပီသတင်းအရ သိရသည်။
အဆိုပါနှစ်နိုင်ငံကို အုပ်ချုပ်နေကြသည့် ဖင်လန်သမ္မတနှင့် ဆွီဒင်ဆိုရှယ်ဒီမိုကရက်တို့သည် မော်စကို သတိပေး ချက်များကို လျစ်လျူရှုမည်ဆိုလျှင် မကြာမီ ရုရှားနိုင်ငံ၏တံခါးဝ၌ နေတိုးအဖွဲ့ဝင်နှစ်ဦး တိုးလာတော့မည် ဖြစ်သည်။
ယင်းသို့ နေတိုးချဲ့ထွင်မှုဖြင့် အနောက်အုပ်စုစစ်ရေးမဟာမိတ်များက ရုရှားကို ချန်လှပ်ထားခြင်းဖြစ်ပြီး ဘောလ် တစ်ပင်လယ်နှင့် အာတိတ်ဒေသတို့တွင် နေတိုးနိုင်ငံများ၏ဝိုင်းရံမှုခံရကာ ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက် ပြင်းထန်စွာ ဆုတ်ယုတ်စေနိုင်ကြောင်းလည်း အေပီက ဆက်လက်ရေးသားထားသည်။
ရုရှားက ယူကရိန်းနိုင်ငံထဲသို့ ဖေဖော်ဝါရီ ၂၄ ရက် ကျူးကျော်စစ်စတင်ရသည့် အကြောင်းရင်းများထဲတွင် “နေတိုး ၏ အရှေ့ဥရောပ ချဲ့ထွင်မှုနှင့် ယူကရိန်းကို နေတိုးအုပ်စုထဲ ပါဝင်နိုင်ခြေ” အဓိကပါဝင်ကြောင်း ပူတင်က ထပ်တ လဲလဲ ပြောကြားခဲ့ပြီးဖြစ်သည်။
မေလ ၉ ရက်တွင် ၎င်းသည် ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီကို လက်နက်ချစေနိုင်ခဲ့သည့် ရုရှား၏ ဂုဏ်ယူ စရာ အားလပ်ရက်သတ်မှတ်ထားသော အောင်ပွဲခံအထိမ်းအမှတ်နှစ်ပတ်လည်နေ့ကျင်းပခဲ့သော်လည်း ယူကရိန်း တွင် လတ်တလော ကြီးကြီးမားမား အောင်ပွဲခံနိုင်မှု မတွေ့ရသေးပေ။
ယူကရိန်းနိုင်ငံမှ စစ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုများကို မြင်တွေ့ရစဉ်
နေတိုးနှင့် ယခုပတ်သက်လာမည့်အရေးကိစ္စသည် စကင်ဒီနေဗီးယန်းကျွန်းဆွယ်ရှိ နော်ဒစ်နိုင်ငံနှစ်နိုင်ငံအတွက် သမိုင်းဝင်တိုးတက်မှုတစ်ခုဟု ယူဆနိုင်သည်။ ဆွီဒင်သည် နှစ်ပေါင်း ၂၀၀ ကျော် စစ်ရေးမဟာမိတ်ဖွဲ့မှုများကို ရှောင်ရှားခဲ့သလို ဖင်လန်ကလည်း ဒုတိယကမ္ဘာစစ်တွင် ဆိုဗီယက်ပြည်ထောင်စုကို စစ်ရှုံးခဲ့ပြီးနောက် ကြားနေ မူဝါဒကို တစိုက်မတ်မတ် ကျင့်သုံးခဲ့သည်။
ယူကရိန်းတပ်များကို ရုရှားတိုက်ခိုက်နေခဲ့သော ပြီးခဲ့သည့် ရက်သတ္တ ၁၀ ပတ်ကျော်အထိ စတော့ဟုမ်း(ဆွီဒင်)နှင့် ဟယ်စင်ကီ (ဖင်လန်) တို့သည် နေတိုးအဖွဲ့ဝင်ဖြစ်ရေးအတွက် အလေးအနက် မစဉ်းစားခဲ့ကြပေ။
ညလုံးပေါက် အွန်လိုင်းမှအကျေအလည် ဆွေးနွေးကြပြီးနောက် အဆိုပါနှစ်နိုင်ငံသည် “ဘာကြောင့် ပူးပေါင်းရမှာ လဲ” မေးခွန်းအဖြစ်မှ “(ဒီစစ်ပွဲ) ဘယ်လောက်ကြာဦးမလဲ” မေးခွန်းအဖြစ်သို့ တမုဟုတ်ချင်း ပြောင်းလဲခဲ့သည်။
ခေါင်းမာသော ယူကရိန်း၏ခုခံမှုနှင့် အနောက်အုပ်စု၏ ကျယ်ပြန့်စွာ ပိတ်ဆို့အရေးယူမှုများနှင့်အတူ ပူတင်၏ ကျူးကျော်သောလုပ်ရပ်ကို တုံ့ပြန်ရန်အတွက် နေတိုးအုပ်စုထဲသို့ ဝင်ဖို့နည်းလမ်းမှာ ၎င်းနိုင်ငံအတွက် အထင်ရှား ဆုံး ဖြစ်လာခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1857
CNI International News
မနီလာ၊ မေလ ၁၁
ယခုရက်ပိုင်း ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲတွင် ဖာဒီနန်မားကို့စ်ဂျူနီယာ အပြတ်အသတ် အနိုင်ရရှိခြင်းသည် အာရှတိုက်၏ ဒီမိုကရေစီ ယိုယွင်းလာခြင်းအပေါ် စိုးရိမ်မှုများ ချက်ချင်း တိုးပွားလာစေခဲ့ပြီး ပစိဖိတ်ဒေသ၌ ကြီးထွားလာသော တရုတ် ဩဇာနှင့်ပါဝါကို ထိန်းရန် အမေရိကန်၏ ကြိုးပမ်းမှုအား ရှုပ်ထွေးသွားစေနိုင်ကြောင်း အေပီ သတင်းဌာနက ရေးသားဖော် ပြသည်။
သက်တမ်းကြာမြင့်စွာ အာဏာရှင်ဖြစ်ခဲ့သည့် ကွယ်လွန်သူ ဖာဒီနန်မားကို့စ်၏ သားဖြစ်သူ မားကို့စ်ဂျူနီယာသည် မေလ ၉ ရက် ရွေးကောက်ပွဲတွင် ၎င်း၏အနီးကပ်ဆုံး ပြိုင်ဘက်ထက် မဲနှစ်ဆကျော်အထိ အသာစီးရခဲ့ကြောင်း တရားဝင် မထုတ်ပြန် သေးသော ရလဒ်များအရ သိရသည်။
တရားဝင်ရလဒ်များ ထွက်ပေါ်ပြီးသည့်အခါ ဆာရာဒူတာတေးက ဒုတိယသမ္မတနေရာ ရောက်လာမည် ဖြစ်သည်။ ၎င်းသည် မကြာမီ ရာထူးမှနုတ်ထွက်တော့မည် သမ္မတ ရိုဒရိုဂိုဒူတာတေး၏ သမီးဖြစ်သည်။
၆၇ ရာခိုင်နှုန်း ထောက်ခံမှုဖြင့် ရာထူးမှ နုတ်ထွက်တော့မည့် လက်ရှိသမ္မတ ဒူတာတေးသည် ရံဖန်ရံခါ အမေရိကန်နှင့် ဆန့်ကျင်ဘက်လုပ်ခဲ့ပြီး တရုတ်၊ ရုရှားတို့နှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးထူထောင်၍ တိုင်းပြည်ကို ဟန်ချက်ညီအောင် ထိန်းခဲ့သည်။
သမ္မတ ရိုဒရိုဂိုဒူတာတေးနဲ့ ရှီကျင့်ဖျင်
ဝါရှင်တန်အပေါ် ၎င်း၏ ခြိမ်းခြောက်မှု အများအပြားရှိခဲ့ပြီး ကာကွယ်ရေးသဘောတူစာချုပ် ဖျက်သိမ်းရန် ကြိုးပမ်းမှု အပါအဝင် တရုတ်၏ အခြေခံ အဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံ ကတိကဝတ်များ ဖောက်ဖျက်ခဲ့ခြင်းလည်း ရှိခဲ့သည်။ တရုတ်နှင့် ထားရှိခဲ့သော ကတိကဝတ်အချို့မှာ အကောင်အထည် မဖော်နိုင်ခဲ့ပေ။
“အမေရိကန်နဲ့ ဖိလစ်ပိုင်ဆက်ဆံရေး လတ်တလော လမ်းကြောင်းအတိုင်း ဆက်ရှိနေဦးမှာလား မေးခွန်းကတော့ ဖိလစ်ပိုင်မှာ မားကို့စ်မိသားစု အာဏာပြန်ရလာတာနဲ့ ပတ်သက်ပြီး သမ္မတ ဂျိုးဘိုင်ဒန်အစိုးရရဲ့ တုံ့ပြန်ပုံအပေါ် အများကြီး မူတည်ပါလိမ့် မယ်” ဟု မနီလာအခြေစိုက် နိုင်ငံရေးသိပ္ပံပညာရှင်နှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနမှ သုတေသီဟောင်း အန်ဒရီယာ ချာလိုဝေါင်က ပြောကြားခဲ့သည်။
“တစ်ဖက်မှာက ဖိလစ်ပိုင်ရဲ့ ပထဝီဝင် မဟာဗျူဟာ အကျိုးစီးပွားတွေနဲ့ ပတ်သက်လို့ ဘိုင်ဒန်ရှိနေတယ်။ အခြားတဖက်မှာ အမေရိကန်စံနှုန်းတွေနဲ့ လူ့အခွင့်အရေး မြှင့်တင်ဖို့ ဟန်ချက်ညီညီ လုပ်ရပါလိမ့်မယ်” ဟု ၎င်းက သုံးသပ်ပြသည်။
ထောင်နှင့်ချီသော ဖိလစ်ပိုင် တပ်ဖွဲ့ဝင်များနှင့် အမေရိကန်တို့သည် မကြာသေးမီက ထိုင်ဝမ်ပင်လယ် ရေပိုင်နက်အနီး ဖိလစ်ပိုင် မြောက်ပိုင်းတွင် အမေရိကန်၏ ပစ်ခတ်မှုစွမ်းရည်ကို အကြီးမားဆုံး ထုတ်ဖော်ပြသခဲ့သည့် စစ်ဘက် ဆိုင်ရာ တိုက်ခိုက်ရေး လေ့ကျင့်ခန်း တစ်ခုကို အဆုံးသတ်ခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 2825
CNI International News
ဟောင်ကောင်၊ မေ ၁၀
ဘေဂျင်းထိန်းချုပ်ထားသည့် လုပ်ငန်းစဉ်ဖြင့် ကန့်ကွက်သူမရှိ အနိုင်ရခဲ့၍ ရွေးကောက်တင်မြှောက်မှုအပြီးတွင် “တရုတ်မျိုးချစ်တွေ ဟောင်ကောင်မြို့တော်ကို အခိုင်အမာ တာဝန်ယူနေပြီ” ဟု ဟောင်ကောင်ခေါင်းဆောင် ကယ်ရီလမ်က မေလ ၉ ရက်တွင် ပြောကြားလိုက်သည်။
၂၀၁၉ ခုနှစ်တွင် ကြီးမားသည့်ဆန္ဒပြပွဲများ ပြင်းထန်လာ၍ ဟောင်ကောင်ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ဖြိုခွင်းခဲ့မှုအား ကြီးကြပ်အမိန့်ပေးခဲ့သည့် သဘောထားတင်းမာသူ ဂျွန်လီအပေါ် ထောက်ခံမဲများ ပုံအောရစေခဲ့သည့် ရွေးကောက်ပွဲအပြီး တစ်လအကြာ၌ အထက်ပါအတိုင်း ကမ်ရီလမ်၏သဘောထားမှတ်ချက် ထွက်ပေါ်လာခဲ့သည်။
ဟောင်ကောင်ဆန္ဒပြမှုများသည် ဘေဂျင်း၏ အမျိုးသားလုံခြုံရေးဥပဒေပြဋ္ဌာန်းခြင်းနှင့် မြို့တော်၏ ဥပဒေပြု လွှတ်တော်ကို ပြန်လည်ဖွဲ့စည်းခြင်းဆီသို့ ဦးတည်သွားစေခဲ့သည်။ နောက်ပိုင်း အတိုက်အခံနိုင်ငံရေးသမားကို ထောင်သွင်းအကျဉ်းချခဲ့ခြင်းကြောင့် ကန့်ကွက်သံများ ရပ်စဲသွားကာ အတိုက်အခံအုပ်စုများ ဖြိုခွင်းခံခဲ့ရသည်။
ဂျွန်လီနှင့်အတူ အများမြင်ကွင်းမှာ ပေါ်ထွက်လာခဲ့သည့် ကမ်ရီလမ်က “ဒီလို အပြောင်းအလဲတွေဟာ အာရှ ဘဏ္ဍာရေးလုပ်ငန်းရဲ့အချက်အချာဖြစ်တဲ့ဟောင်ကောင်မှာ ပြန်လည်တည်ငြိမ်လာဖို့ လိုအပ်တယ်” ဟု ပြောကြား ခဲ့သည်။
“ဟောင်ကောင်မှာ မကြုံစဖူး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အစီအမံတွေ ပြတ်ပြတ်သားသား ချမှတ် လုပ်ဆောင်ခဲ့တဲ့ ဘေဂျင်းဗဟိုအစိုးရကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်” ဟု ဟောင်ကောင်အုပ်ချုပ်ရေးကို ၅ နှစ်သက်တမ်း တာဝန်ယူပြီးနောက် ရာထူးနုတ်ထွက်ခဲ့သူ ကမ်ရီလမ်က ဆက်လက်ပြောကြားခဲ့သည်။
“ဟောင်ကောင်ကို မငြိမ်မသက်တာကနေ စည်းစနစ်တကျဖြစ်အောင် အထောက်အကူပြုဖို့ အမျိုးသားလုံခြုံရေး ဥပဒေ ရေးဆွဲခဲ့တာပါ။ ပြီးတော့ ရေရှည်ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေး ရနိုင်ဖို့ ဟောင်ကောင်ရဲ့ ရွေးကောက်ပွဲ ကျင်းပတဲ့စနစ်ကိုလည်း မြှင့်တင်ပေးပြီးပါပြီ” ဟု ကမ်ရီလမ်က ဖြည့်စွက်ပြောကြားခဲ့သည်။
ရွေးကောက်ပွဲကော်မတီဝင် ၁၅၀၀ ဖြင့် မဲများကို စိစစ်ရွေးချယ်ခဲ့ရာတွင် ဂျွန်လီက မဲစုစုပေါင်း ၉၉ ရာခိုင်နှုန်း ကျော်ဖြင့် အနိုင်ရသွားခဲ့သည်။
ဟောင်ကောင်တွင် နိုင်ငံရေးအပြောင်းအလဲအတွက် စေ့ဆော်မှုအဖြစ် စည်းစနစ်တကျ ပြန်လည်အုပ်ထိန်းရန် လိုအပ်ကြောင်း ဘေဂျင်းအစိုးရက အကြောင်းပြသော်လည်း မျိုးချစ်များနှင့် အာဏာရကွန်မြူနစ်ပါတီအပေါ် သစ္စာခံသူများကိုသာ ရာထူးပေးအပ်ခြင်းသည် အဓိကအချက်ဖြစ်နေသည်။
ဟောင်ကောင်ရွေးကောက်ပွဲလုပ်ငန်းစဉ်သည် နိုင်ငံရေးဗဟုဝါဒနှင့်အခြေခံလွတ်လပ်ခွင့်များကို ဆက်လက် တိုက်ခိုက်ခြင်း၏ တစိတ်တပိုင်းသာဖြစ်ကြောင်း စက်မှုဖွံ့ဖြိုးပြီးနိုင်ငံ ၇ နိုင်ငံ (G-7) အုပ်စုဝင် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်နှင့် အမေရိကန်တို့မှ နိုင်ငံခြားရေးဝန်ကြီးများက ဝေဖန်ခဲ့ကြသည်။
“လက်ရှိ ဟောင်ကောင်ရွေးကောက်ပွဲအတွက် အမည်စာရင်းတင်သွင်းခြင်းလုပ်ငန်းစဉ်နဲ့ ရလဒ်ထွက်ပေါ်လာတဲ့ ခန့်အပ်မှုတို့ဟာ ဟောင်ကောင်သားတွေရဲ့ တရားဝင်ကိုယ်စားပြုနိုင်မှုစွမ်းရည်ကို ယုတ်လျော့သွားစေခဲ့ပါတယ်။ နိုင်ငံရေး၊ နိုင်ငံသားအခွင့်အရေးနဲ့ ဟောင်ကောင်ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ဆက်တိုက်ပျက်ပြားသွားတဲ့အတွက် ကျနော်တို့ စိုးရိမ်မကင်းဖြစ်မိပါတယ်” ဟု G-7 အုပ်စုဝင်နိုင်ငံများ၏ ပူးတွဲကြေညာချက်ထဲတွင် ရေးသားထား သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1478
CNI International News
ကိုလံဘို၊ မေလ ၁၀
သီရိလင်္ကာနိုင်ငံတွင် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်း တွေ့ခဲ့ရသဖြင့် သမ္မတနှင့် ဝန်ကြီးချုပ် ညီအစ်ကိုနှစ်ဦးစလုံး ရာထူးမှ ဆင်းပေးကြရန် ရက်သတ္တပတ်များစွာ ဆန္ဒပြမှုများ ဖြစ်ပွားနောက် သီရိလင်္ကာဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်သွားပြီဖြစ်ကြောင်း အေပီသတင်းအရ သိရသည်။
မြို့တော်ကိုလံဘိုတွင် လက်နက်ကိုင် တပ်ဖွဲ့များ ချထားရန် အာဏာပိုင်များက စီမံခဲ့ခြင်းကြောင့် ဆန္ဒပြသူများနှင့် အစိုးရ ထောက်ခံသူများအကြား အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီးနောက် ဝန်ကြီးချုပ် မဟိန္ဒာရာဂျာပါစကာက ၎င်း၏ရာထူးမှ နုတ်ထွက်လွှာ ကို သမ္မတထံ တင်သွင်းခဲ့သည်ဟု တွစ်တာလူမှုကွန်ရက်မှ တစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။
မေလ ၉ ရက်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် အဓိကရုဏ်းအတွင်း အာဏာရပါတီမှ လွှတ်တော်အမတ်တစ်ဦး အပါအဝင် လူ ၄ ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရသူ နီဟေးသယ်ဒူဝါက အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။
သမ္မတက မေလ ၉ ရက် ညနေပိုင်းတွင် နိုင်ငံတဝန်း ညဘက်လမ်းမထွက်ရ (ကာဖြူး)အမိန့်ကို ထုတ်ပြန်ခဲ့ပြီး ယင်းအမိန့်မှာ မေလ ၁၁ ရက်အထိ သက်ရောက်မှုရှိကြောင်း သိရသည်။
ထိုးနှက်နေတဲ့ သီရိလင်္ကာ ဆန္ဒပြပွဲ(AP)
တစ်လကျော် ကြာမြင့်အောင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများသည် နိုင်ငံတဝန်း ပျံ့နှံ့သွားခဲ့ပြီး ဘာသာမရွေး၊ လူတန်းစားမရွေး အစိုးရအပေါ် ဆန့်ကျင်ကန့်ကွက်မှုများ ပြည့်နှက်သွားခဲ့သည်။ ယခုဖြစ်ပွားမှုတွင် လူလတ်တန်းစား သီရိလင်္ကာနိုင်ငံသားများ သည် ပထမဆုံးအကြိမ် လမ်းပေါ်ထွက်လာခဲ့ကြခြင်း ဖြစ်သည်။ အချို့မှာ သမ္မတရုံး အပြင်ဘက်တွင် ရက်သတ္တပတ် အတန် ကြာအောင် ဆန္ဒထုတ်ဖော် နေခဲ့ကြသည်။
အဆိုပါ ဆန္ဒပြမှုများကြောင့် သီရိလင်္ကာ၏ ဩဇာအကြီးမားဆုံး နိုင်ငံရေး မျိုးဆက်ဖြစ်သည့် ရာဂျာပါစကာ မိသားစု၏ ဂုဏ်သိက္ခာမှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။
တစ်ချိန်က သမ္မတနှင့်ဝန်ကြီးချုပ် ညီအစ်ကိုနှစ်ဦးသည် အနှစ် ၃၀ ကြာ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေခဲ့သဖြင့် သီရိလင်္ကာ ကျွန်းပေါ်ရှိ လူများစုဖြစ်သော ဗုဒ္ဓဘာသာဝင်၊ ဆင်ဟာလီမျိုးနွယ်တို့က ၎င်းတို့ကို သူရဲကောင်းများအဖြစ် ချီးမြှောက် လေးစား ခဲ့ကြသည်။
ဒဏ်ရာ ရသွားသည့် ဘုန်းကြီးကို သယ်ဆောင်နေစဉ်(AP)
မကြာသေးမီ ရက်သတ္တပတ်များအတွင်း နိုင်ငံ၏ စီးပွားရေးသည် မပြေလည်ခဲ့သဖြင့် ယခုကဲ့သို့ ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ရခြင်း ဖြစ်သည်။
ပြည်တွင်း၌ နို့ထွက်ပစ္စည်းများနှင့် လောင်စာဆီများ တင်သွင်းမှု တရှိန်ထိုး ကျဆင်းသွားခဲ့ပြီး စားနပ်ရိက္ခာနှင့် လျှပ်စစ်ဓာတ် အား ပြတ်တောက်မှုများ ဆိုးရွားစွာ ဖြစ်ပွားခဲ့သည်။
မရှိမဖြစ် လူနှင့်အိမ်သုံးပစ္စည်း အသုံးအဆောင်များကိုပင် နာရီပေါင်းများစွာ ကြာအောင် ပြည်သူများက တန်းစီစောင့်ဆိုင်း ဝယ်ယူခဲ့ရသည်။
ဆေးရုံများတွင် အသက်ကယ်ဆေး ပြတ်လပ်မှု ရှိလာနိုင်ကြောင်း ဆရာဝန်များက သတိပေးလာကြသည်။
ယခုနှစ် တစ်နှစ်အတွင်း အစိုးရသည် နိုင်ငံခြားကြွေးမြီ ဒေါ်လာ ၇ ဘီလီယံ အကြေပေးဆပ်နိုင်ခြင်းမရှိ၍ ဒေဝါလီခံခဲ့ရသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 2738
CNI International News
ဆိုးလ်၊ မေ ၁၀
အိမ်နီးချင်းနိုင်ငံက နျူကလီးယားစမ်းသပ်၍ ခြိမ်းခြောက်မှုရှိနေစဉ်အတွင်းမှာပဲ တောင်ကိုရီးယား သမ္မတသစ် အဖြစ် ယွန်ဆော့ရွဲ (Yoon Suk-yeol)၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်းအရ သိရသည်။
ကွန်ဆာဗေးတစ်တစ်ဦးဖြစ်သည့် ယွန်ဆော့ရွဲသည် ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာနေစဉ် အာဏာရလာ ခဲ့ခြင်းဖြစ်ပြီး မြောက်ကိုရီးယားက ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီလမှစတင်၍ စံချိန်တင်လက်နက်စမ်းသပ်မှု ၁၅ ကြိမ် ရှိခဲ့ရာ ပြီးခဲ့သည့်သီတင်းပတ်၌ပင် စမ်းသပ်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သည်။
အစိုးရရှေ့နေဟောင်းဖြစ်သူ ယွန်ဆော့ရွဲသည် ကင်မ်ဂျုံအန်းအစိုးရ၏ ခြိမ်းခြောက်မှုများကို အနည်းနှင့်အများ ညှိနှိုင်းဖြေရှင်းမည်ဟု ကတိပြုခဲ့ပြီး မတ်လ ရွေးကောက်ပွဲ၌ အောင်ပွဲခံခဲ့ကာ တွေ့ဆုံဆွေးနွေးရေး တံခါးဖွင့်ထား ခဲ့သည်။
ယခင်သမ္မတ မွန်းဂျေအင်းသည် ၂၀၁၈ ခုနှစ်တွင် ကင်မ်နှင့် ထိပ်သီးတွေ့ဆုံပွဲကျင်းပခဲ့ပြီး မြောက်ကိုရီးယားနှင့် ထိတွေ့ဆက်ဆံရေးမူဝါဒကို လိုက်နာကျင့်သုံးခဲ့သည်။ ကင်မ်နှင့် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ အကြား ၂၀၁၉ ခုနှစ်တွင် ဆက်ဆံရေးမပျက်ပြားခင်အထိ ထိပ်သီးအစည်းအဝေးနှစ်ခုကိုလည်း မွန်းဂျေအင်းက ကြားဝင်ဆောင်ရွက်ပေးခဲ့သည်။
အသက် ၆၁ နှစ်ရှိပြီဖြစ်သည့် ယွန်ဆော့ရွဲသည် လွတ်လပ်မှု၊ ဈေးကွက်နှင့် တရားမျှတမှုဟူသော စကားလုံး ၃ လုံး ဖြင့် အာရုံစိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားပြည်တွင်းသတင်းများ၌ တွေ့ရသည်။
ယွန်၏ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို ဝမ် ၃ ဒသမ ၃ ဘီလီယံ (ဒေါ်လာ ၂ ဒသမ ၆ သန်း) အကုန်အကျခံ၍ ဧည်သည့်တော် ၄ သောင်းခန့်ဖြင့် လွှတ်တော်ရှေ့မြက်ခင်းပြင်၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ တရုတ်ဒုတိယသမ္မတ ဝမ်ကီရှန်း (Wang Qishan)၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာစာဟာယာရှီ နှင့် အမေရိကန် ဒုတိယသမ္မတ ကန်မယ်လာဟဲရစ်၏ခင်ပွန်း ဒေါက်အမ်ဟော့ဖ် (Doug Emhoff) တို့လည်း တက် ရောက်ချီးမြှင့်ခဲ့ကြသည်။
ဂျိုးဘိုင်ဒန်က အမ်ဟော့ဖ်ဦးဆောင်သည့် အဖွဲ့ဝင် ၈ ဦးပါ အမေရိကန်သမ္မတ၏ကိုယ်စားလှယ်အဖွဲ့ကို တောင် ကိုရီးယားသို့ ယခုအခမ်းအနားတက်ရောက်ရန် စေလွှတ်တာဝန်ပေးခဲ့ကြောင်း အိမ်ဖြူတော်က ယခင်သီတင်းပတ် ၌ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
Source: Aljazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 1861
CNI International News
မနီလာ၊ မေ ၁၀
ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲတွင် ကွယ်လွန်သူ အာဏာရှင်၏သားဖြစ်သူ ဖာဒီနန်မားကို့စ်ဂျူနီယာက ပဏာမ မဲရေတွက်မှုနှင့် တရားဝင်မထုတ်ပြန်ရသေးသော ရလဒ်များအရ အပြတ်အသတ် အနိုင်ရသွားပြီဖြစ်ကြောင်း CNN သတင်းအရသိရသည်။
အာဏာရှင်မားကို့စ်မိသားစုသည် လူထုအုံကြွမှုကြောင့် နိုင်ငံမှ ထွက်ပြေးခဲ့ရပြီးနောက် ၃၆ နှစ်အကြာတွင် ဖိလစ်ပိုင် သမ္မတအိမ်တော်သို့ ပြန်လည်နီးကပ်ခဲ့ပြီဖြစ်သည်။
မဲ ၁၄ သန်းခန့်ဖြင့် အနီးစပ်ဆုံး ပြိုင်ဘက်ဖြစ်သူ ဒုတိယသမ္မတ လယ်နီရိုဘရီဒို (Leni Robredo) နှင့် နှိုင်းယှဉ်လျှင် မားကို့စ်ဂျူနီယာက မဲ သန်း ၃၀ ခန့် ရရှိထားသည်။ ရွေးကောက်ပွဲကော်မရှင်၏ တစိတ်တပိုင်း ရေတွက်မှုနှင့် တရားဝင် မထုတ်ပြန်ရသေးသော စာရင်းဇယားများအရ မားကို့စ်အနိုင်ရပြီဟု သတင်းရေးသားနိုင်သော်လည်း တရားဝင် ထွက်ပေါ် လာမည့်ရလဒ်များကို အတည်ပြုရန် ရက်သတ္တပတ်များစွာ ကြာမြင့်နိုင်သေးကြောင်း CNN က ဆက်လက်ဖော်ပြသည်။
ဖိလစ်ပိုင်နိုင်ငံတွင် ဘောင်ဘောင်းဟု လူသိများသော မားကို့စ်ဂျူနီယာသည် မားကို့စ်မိသားစု၏အမည်နှင့်ပုံရိပ်တို့ကို လူမှုကွန်ရက်မီဒီယာများမှတစ်ဆင့် ပြန်လည်ခေါင်းထောင်နိုင်အောင် ကြိုးပမ်းမှုတွင် ယခုအထွတ်အထိပ်သို့ ရောက်ခဲ့ပြီ ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ကောက်ချက်ချကြသည်။
၎င်း၏ဖခင်ဖြစ်သည့် အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်စီနီယာသည် တိုင်းပြည်ကို ၂၁ နှစ်ကြာ ဖိနှိပ်အုပ်ချုပ်ခဲ့ရာတွင် လူ့ အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံတော်ဘဏ္ဍာလုယူမှုများဖြင့် စွပ်စွဲခံခဲ့ရသည်။
မေလ ၉ ရက်နှောင်းပိုင်း မိန့်ခွန်းပြောကြားရာတွင် အထက်လွှတ်တော်အမတ်ဟောင်းဖြစ်ခဲ့သည့် မားကို့စ်ဂျူနီယာက ၎င်းကို ထောက်ခံသူများအား ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
“မဲ ရေတာ မပြီးသေးပေးမယ့် ကူညီခဲ့ကြသူတွေ၊ တိုက်ပွဲဝင်ပေးခဲ့ကြသူတွေ၊ စွန့်လွှတ်အနစ်နာခံခဲ့တဲ့သူတွေအားလုံးကို အထူး ကျေးဇူးတင်ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
မဲဆွယ်စည်းရုံးစဉ်အတွင်း မားကို့စ်ဂျူနီယာက စည်းလုံးညီညွတ်မှုစင်မြင့်မှနေ၍ အလုပ်အကိုင်များ၊ ကုန်ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေး၊ စိုက်ပျိုးရေးနှင့်အခြေခံအဆောက်အဦကဏ္ဍတို့၌ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်နိုင်ရေးတို့ကို ကတိပြု ခဲ့သည်။
မေလ ၉ ရက် မဲပေးမှုများအထိ စုစုပေါင်းမဲအရေအတွက်အားလုံး၏ ၃၀ ရာခိုင်နှုန်းကျော်ဖြင့် မားကို့စ်ဂျူနီယာ ဦးဆောင် နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောကြသည်။
အကယ်၍ မားကို့စ်ဂျူနီယာ အစိုးရဖွဲ့သည့်အခါ ဒုတိယသမ္မတနေရာ လျာထားသူမှာ လက်ရှိလူကြိုက်များသောခေါင်းဆောင် ရိုဒရီဂိုဒူတာတေး၏သမီးဖြစ်သူ ဆာရာဒူတာတေးကာပီယို (Sara Duerte Carpio) ဖြစ်သည်။ ဒူတာတေး၏ အငြင်းပွားဖွယ် မူးယစ်ဆေးဝါးစစ်ပွဲအပါအဝင် ၎င်းမူဝါဒများ ဆက်လက်လုပ်ဆောင်ရန် ထောက်ခံသူအများအပြားက သမီးဖြစ်သူကို ဦးတည် မဲပေးခဲ့ကြသည်။
တစိတ်တပိုင်းနှင့် တရားဝင်မထုတ်ပြန်ရသေးသော မဲရလဒ်များအရ သမီး ဒူတာတေးသည် ဒုတိယသမ္မတရာထူးအတွက် ဦးဆောင်နိုင်နေပြီဖြစ်သည်။
ဒုတိယသမ္မတကို ဖိလစ်ပိုင်ဥပဒေအရ ဖိလစ်ပိုင်သမ္မတတာဝန်ယူသူက သီးခြားရွေးချယ်ပေးရမည်ဟု သိရသည်။
Source: CNN
- By CNI News
- Category: နိုင်ငံရေး
- Hits: 1466
CNI International News
ကိုလံဘို၊ မေလ ၉
သီရိလင်္ကာနိုင်ငံတွင် လွတ်လပ်ရေး ရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေး ကျပ်တည်းမှုကြောင့် လူထုအတွင်း ဒေါသ တကြီး ဖြစ်နေကြ၍ ပြိုင်ဘက် နိုင်ငံရေး သပိတ်စခန်းများကြားထဲ အဓိကရုဏ်း ဖြစ်ပွားခဲ့ရာ မေလ ၉ ရက်၌ ရဲတပ်ဖွဲ့က ညဘက် လမ်းမထွက်ရ (ကာဖြူး)အမိန့်ကို ထုတ်ပြန်လိုက်ကြောင်း အေအက်ဖ်ပီသတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ် က ဖော်ပြသည်။
လပေါင်းများစွာ လျှပ်စစ်မီး ပြတ်တောက်ခြင်းနှင့် စားနပ်ရိက္ခာ၊ လောင်စာဆီနှင့်ဆေးဝါးများ မလုံလောက်ခြင်းတို့ကြောင့် တောင်အာရှဒေသရှိ ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်သော သီရိလင်္ကာတဝန်း အစိုးရဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြမှုများလည်း ရက်သတ္တပတ် အတန်ကြာ ဖြစ်ပွားနေခဲ့သည်။
မြိုတော် ကိုလံဘို၏ အချက်အချာ နေရာများတွင် အကြမ်းဖက်မှုများ ရှိခဲ့၍ အနည်းဆုံး လူ ၂၀ ထက်မနည်း ထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။
ဧပြီ ၉ ရက်ကတည်းက သမ္မတ ဂိုတာဘာ ယာရာဂျာ ပါစကာ၏ ရုံးခန်းအပြင်ဘက်မှာ သပိတ်စခန်း ဖွင့်ထားကြသည့် လက်နက်မဲ့ ဆန္ဒပြသူများကို သမ္မတအပေါ် သစ္စာခံသူများက တုတ်များဖြင့် ဝင်ရောက် ရိုက်နှက်ခဲ့ကြကြောင်း အေအက်ဖ်ပီ သတင်းထောက်များက သတင်းပေးပို့ထားသည်။
သီရိလင်္ကာသမ္မတ ဂိုတာဘာယာ ရာဂျာပါစကာနဲ့ ဝန်ကြီးချုပ် မဟိန္ဒာရာဂျာပါစကာ(AP)
အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများ ဖွင့်လှစ်ထားသော သပိတ်စခန်းများကို ဖျက်ဆီးတိုက်ခိုက်၍ အကြမ်းဖက်ခဲ့ကြသည့် သမ္မတ ထောက်ခံသူများအား ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနှင့် မီးသတ်ပိုက်များ သုံး၍ ဖြိုခွင်းခဲ့သည်။
သမ္မတ၏ အစ်ကိုဖြစ်သူ ဝန်ကြီးချုပ် မဟိန္ဒာရာဂျာပါစကာက “အကြမ်းဖက်မှုသည် အကြမ်းဖက်မှုသာလျှင် ဖြစ်ကြောင်းကို သတိပြုရန် လိုကြောင်း၊ ကျနော်တို့ ပြည်သူများ ထိန်းထိန်းသိမ်းသိမ်း ကျင့်သုံးနေထိုင်ကြရန် တိုက်တွန်းပါကြောင်း” ပြော ကြားခဲ့သည်။
“ကျနော်တို့ ရင်ဆိုင်နေရတဲ့ စီးပွားရေး အကျပ်အတည်းကို အစိုးရက ကိုင်တွယ်သွားဖို့ ကတိပြုထားတဲ့အတိုင်း အဖြေတစ်ခု လိုအပ်နေတုန်းမို့ပါ” ဟု ဝန်ကြီးချုပ်က တွစ်တာ လူမှုကွန်ရက်တွင် ရေးသားလွှင့်တင်ခဲ့သည်။
အလုပ်သမားသမဂ္ဂများက ရာဂျာပါစကာ ညီအစ်ကို ရာထူးမှဆင်းပေးဖို့ ဖိအားတစ်ခုကို မျှော်လင့်နေကြချိန်တွင် မေလ ၆ ရက်၌ အစိုးရက အရေးပေါ် အခြေအနေ ကြေညာ၍ စစ်တပ်ကို ဖမ်းဆီးထိန်းသိမ်းရေး အခွင့်အာဏာ ပေးထားခဲ့သည်။
အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများသည် ရန်လိုခြိမ်းခြောက်သည့် ပုံစံမျိုး ပြုမူနေကြပြီး အများပြည်သူဆိုင်ရာ ဝန်ဆောင် မှုများကို အနှောင့်အယှက် ပေးနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက မေလ ၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
သီရိလင်္ကာ စီးပွားရေးကျပ်တည်းမှု လူထု ဒေါသထွက်နေ
အရေးပေါ် အခြေအနေ ရုပ်သိမ်းရေးအတွက် အစိုးရကို ဖိအားပေးရန်အတွက် မေလ ၉ ရက် (ယနေ့) မှစတင်၍ နေ့စဉ် ဆန္ဒပြ သွားကြမည်ဟု သမဂ္ဂက ပြောကြားထားသည်။
လာမည့်မေလ ၁၇ ရက်တွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍမှ အလုပ်သမားများကို ခေါ်ယူ သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ ရာဗီကူမာဒက်ရှက်က ကြေညာခဲ့သည်။
“ကျနော်တို့ လိုချင်တာက သမ္မတနဲ့ သူ့မိသားစု ဆင်းပေးဖို့ပါ” ဟု ကူမာဒက်ရှ်က ၎င်း၏ ကြေညာချက်ထဲတွင် ပြောကြား ထားသည်။
ကိုလံဘိုမြို့ရှိ သမ္မတ၏ ကိုယ်ပိုင် နေအိမ်ကို မတ်လ ၃၁ ရက်က လူအုပ်စုဖြင့် ဝင်ရောက်စီးနင်းရန် ကြိုးပမ်းခဲ့ချိန်မှစ၍ သမ္မတ ရာဂျာပါစကာကို အများပြည်သူမြင်ကွင်း၌ မတွေ့ရတော့ပေ။
Source: AFP, Bangkok Post
- By CNI
- Category: နိုင်ငံရေး
- Hits: 1186
CNI International News
မော်စကို၊ မေလ ၉
နာဇီဂျာမနီကို ဆိုဗီယက်တပ်များ အနိုင်ယူခဲ့သည့် ဒုတိယကမ္ဘာစစ် အောင်ပွဲခံ အထိမ်းအမှတ် အခမ်းအနားကို မေလ ၉ ရက် (ယနေ့)တွင် သမ္မတ ဗလာဒီမာပူတင်က ဦးစီးကျင်းပလျက်ရှိကြောင်း ရိုက်တာသတင်းအရ သိရသည်။
၁၉၉၉ ခုနှစ်ကတည်းက ရုရှား၏ အထွတ်အထိပ် ခေါင်းဆောင် ပူတင်သည် တပ်ဖွဲ့ဝင်များ၊ တင့်ကားများ၊ တိုက်ချင်းပစ် ဒုံး ကျည်များ အပီအပြင် ခင်းကျင်း ချီတက်လျက် အဆိုပါ အထိမ်းအမှတ်နေ့ကို ရင်ပြင်နီမှနေ၍ အနောက်အုပ်စုကို နှိုးဆွရန် ရည်ရွယ်ချက်ဖြင့် နှစ်စဉ်ကျင်းပခဲ့သည်။
စိန်းဘာဆယ် ကသီဒရယ် ဘုရားရှိခိုးကျောင်း အမိုးခုံး ၉ ခုကို ဖြတ်ကျော်လျက် အသံထက်မြန်သော တိုက်လေယာဉ်များ၊ ဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ ပျံသန်းကြပြီး ၂၀၁၀ ပြည့်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် II-80 ‘ကမ္ဘာ့ပျက်သောနေ့’ အမိန့်ပေး နျူကလီးယား လေယာဉ်ပေါ်တွင် ရုရှားထိပ်တန်းတပ်မှူးများ လိုက်ပါစီးနင်း၍ စစ်ရေးပြကြသည်။
၁၉၄၁ ခုနှစ်တွင် အဒေါ့ဖ်ဟစ်တလာ ကျူးကျော်ဝင်ရောက်သည့်အခါ ဆိုဗီယက်ပြည်ထောင်စု ရင်ဆိုင်ခဲ့ရသော နာဇီ အမျိုးသားရေး အစွန်းရောက်ဝါဒီများနှင့် မျက်မှောက်ကာလ ယူကရိန်းစစ်ပွဲတို့ကို ပူတင်က အကြိမ်ကြိမ် နှိုင်းယှဉ်၍ ပြောကြား နေခဲ့သည်။
ဒုတိယကမ္ဘာစစ် အောင်ပွဲခံ အခမ်းအနား(Reuters)
“ကျနော်တို့ရဲ့ ဘုံတာဝန်ကတော့ နိုင်ငံအသီးသီးက ပြည်သူတွေကို ဒုက္ခပေးနေတဲ့ နာဇီတခေတ် ဆန်းလာတာကို ဟန့်တားဖို့ ဖြစ်တယ်” ဟု ပူတင်က ယူကရိန်းနှင့် ဂျော်ဂျီယာ အပါအဝင် ယခင်ဆိုဗီယက်အုပ်စုဝင် ၁၂ နိုင်ငံမှ ပြည်သူများအား တိုက်တွန်းသည့် ပေးစာထဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ယူကရိန်းတွင် နာဇီဝါဒ ရှိနေကြောင်း ပူတင်၏ စွပ်စွဲချက်ကို ယူကရိန်းနှင့် ၎င်း၏ မဟာမိတ်နိုင်ငံများက အတိအလင်း ပယ်ချ ခဲ့ပြီး ရုရှားသည် အနောက်အုပ်စုအပေါ် ရန်လိုမုန်းထားလျက် ယခုစစ်ပွဲကို ဆင်နွှဲနေကြောင်း၊ ၎င်း၏ ဆိုဗီယက်ပြည်ထောင်စု ပြန်တည်ဆောက်ရေး အိပ်မက်ကို ယခုစစ်ပွဲက ပျက်သုဉ်း စေခဲ့ပြီဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
၁၉၉၁ ခုနှစ်၊ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီးနောက် အနောက်အုပ်စု နိုင်ငံများက ရုရှားအပေါ် နှိမ်ချဆက်ဆံပုံကို မကျေနပ်ကြောင်း ထပ်တလဲလဲ ထုတ်ဖော်ပြောကြားခဲ့သည့် ပူတင်က မိမိတို့အား ခြိမ်းခြောက်ရန်အတွက် ယူကရိန်းကို အမေရိကန် အသုံးချခဲ့ကြောင်း စွပ်စွဲခဲ့သည်။
ဒုတိယကမ္ဘာစစ် အောင်ပွဲခံ အခမ်းအနား(Reuters)
ပူတင်၏ ယူကရိန်း ကျူးကျော်စစ်သည် ဒီမိုကရေစီနှင့် သက်ဦးဆံပိုင် အုပ်ချုပ်ရေး စနစ်တို့အကြား ပိုမိုကျယ်ပြန့်သည့် ကမ္ဘာ လုံးဆိုင်ရာ စစ်ပွဲတစ်ခုဖြစ်အောင် တွန်းပို့နေခြင်းကြောင့် ပူတင်သည် စစ်ရာဇဝတ်ကောင်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကင်ပွန်းတပ်ခဲ့သည်။
ပြီးခဲ့သည့် မတ်လ၌ ပိုလန်နိုင်ငံ၊ ဝါဆောမြို့တွင် ပြောကြားခဲ့သည့် မိန့်ခွန်းထဲ၌ ဘိုင်ဒန်က “KGB သူလျှိုဟောင်းသည် အာဏာ ဆက်လက် မမြဲနိုင်ကြောင်း” ဟောကိန်း ထုတ်ခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက် ပြည်ထောင်စုသည် ယူကရိန်း အပါအဝင် စစ်မျက်နှာ အများအပြား၌ လူပေါင်း ၂၇ သန်း ဆုံးရှုံးခဲ့သော်လည်း နောက်ဆုံးတွင် ဟစ်တလာ သူ့ကိုယ်သူ သတ်သေခဲ့သည်ဟုဆိုသည့် ဘာလင်မြို့ကို ရုရှားတပ်နီတော်က ဝင်ရောက် သိမ်းပိုက်နိုင်ခဲ့ပြီး နာဇီတပ်များကို ဦးနှိမ်ချိုးနိုင်ခဲ့ခြင်းကြောင့် ၁၉၄၅ ခုနှစ်တွင် အနီရောင် ဆိုဗီယက် အောင်ပွဲခံ စာတန်းကို ဘာလင်ရှိ အထင်ကရ သမိုင်းဝင် အဆောက်အအုံဖြစ်သည့် Reichstag ပေါ်တွင် လွှင့်ထူပြခဲ့သည်။
Source: Reuters
