CNI International News

ဝါရှင်တန်၊ ဇူလိုင် ၂၀

အမေရိကန်သည် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မကာအိုနှင့် ဘရူနိုင်းတို့တွင် လူကုန်ကူးမှုများ ရှိနေခြင်းကြောင့် ၎င်း၏ အမည် မည်းစာရင်းသို့ ထည့်သွင်းခဲ့သည်ဟု ဘန်ကောက်ပို့စ်က ဖော်ပြထားသည်။

ထို့နောက် မလေးရှားနိုင်ငံ၌လည်း လိင်ပိုင်းဆိုင်ရာ အဓမ္မစေခိုင်းမှု ရပ်တန့်ရန်(သို့မဟုတ်)ရွှေ့ပြောင်း အလုပ်သမားများကို အကူအညီပေးရန် အားနည်းကြောင်း အမေရိကန်က စွပ်စွဲခဲ့သည်ဟု အေအက်ဖ်ပီ သတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ်က ဆက်လက်ဖော်ပြခဲ့သည်။

အမေရိကန်၏ နှစ်ပတ်လည် အစီရင်ခံစာ တစ်စောင်ထဲတွင် အာဏာရှင်အုပ်ချုပ်သော ဘယ်လာရုစ်နိုင်ငံကိုလည်း အမည် မည်းစာရင်းသို့ထည့်သွင်းခဲ့ပြီး အနောက်အုပ်စု၏ ရှားရှားပါးပါး ဝေဖန်မှုတစ်ခုအဖြစ် ဘူလ်ဂေးရီးယား နိုင်ငံကိုလည်း လူကုန်ကူးမှုအပေါ် အလေးအနက် မထားခြင်းကြောင့် စောင့်ကြည့်ရမည့် စာရင်းထဲသို့ ထည့်သွင်း ဖော်ပြခဲ့သည်။

ဘူလ်ဂေးရီးယားသည် မြောက်အတ္တလန္တိတ်စစ်စာချုပ်(နေတိုး) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။

“အခု အစီရင်ခံစာကို ကြည့်မယ်ဆိုရင် ရောထွေးနေတဲ့ တိုးတက်ဖြစ်ပေါ်မှုတွေကို တွေ့ရပါလိမ့်မယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က အစီရင်ခံစာတင်ပြစဉ် ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းအခြေစိုက် Blue Dragon ဖောင်ဒေးရှင်းမှ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတွင် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရပြီး လူကုန်ကူးခံရသူ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ကယ်တင်ခဲ့စဉ်(ဓါတ်ပုံ- Blue Dragon Foundation)

အဆိုပါ လူကုန်ကူးမှုဆိုင်ရာ အကျင့်ပျက်ခြစားမှုများသည် ၎င်းနိုင်ငံအသီးသီးမှ အစိုးရများအနေဖြင့် မသိကျိုးကျွံ ပြုနေကြသဖြင့် လူကုန်ကူးသူများအတွက် အခွင့်အရေးရနေကြကြောင်း ဘလင်ကင်က ပြောကြားခဲ့သည်။

“ကျနော်တို့ရဲ့ သံခင်းတမန်ခင်းတလျှောက်လုံးမှာ ရာသီဥတုနဲ့အဂတိလိုက်စားမှုလိုမျိုး ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းရင်းနဲ့ လူကုန်ကူးမှုဟာလည်း အဂတိလိုက်စားသူတွေနဲ့ ဘယ်လိုဆက်စပ်နေတယ်ဆိုတာပါ ဖြေရှင်းရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန်အစိုးရသည် ၎င်းအနေဖြင့် တိုးတက်ကောင်းမွန်လာစေမည်ဟု ကတိပြုသည့် ချစ်ကြည်ရင်းနှီးသော နိုင်ငံများအတွက် ပြစ်ဒဏ်များကို ပုံမှန်အတိုင်း လျှော့ပေးလေ့ရှိသော်လည်း “အဆင့် ၃” (Tier 3) အမည်မည်း စာရင်း ထည့်သွင်းခံရသောနိုင်ငံများအတွက်မူ အမေရိကန်၏ပိတ်ဆို့အရေးယူမှု ခံရလေ့ရှိသည်။

အာရှတိုက်ရှိ အစိုးရအတော်များများသည် ယခင်ကလည်း မိမိတို့၏စောင့်ကြည့်စာရင်းတွင် ထည့်သွင်းခံရပြီး တိုးတက်မှုမမြင်တွေ့ရသဖြင့် အဆင့်နှိမ့်ချကြောင်း အမေရိကန်လူကုန်ကူးမှုတိုက်ဖျက်ရေးတာဝန်ခံ၊ နိုင်ငံခြားရေး ဌာန အဆင့်မြင့်အရာရှိ ကရီဂျွန်စတုန်း (Kari Johnstone) က ပြောကြားခဲ့သည်။

“ကံမကောင်းစွာနဲ့ ဒီနှစ်ထဲမှာ အဲဒီအာရှဒေသတွင်းနိုင်ငံအတော်များများဟာ တိုးတက်အောင် မလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်” ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

Source: AFP, Bangkok Post