CNI International News

ကိယက်ဗ်၊ ဇူလိုင် ၁၈

ယူကရိန်းနိုင်ငံ၏ အရှေ့ဘက်ခြမ်းတွင် ရုရှားတပ်များ ထိုးစစ်အရှိန် မြှင့်နေစဉ်အတွင်း ယူကရိန်းသမ္မတ ဇာလန်းစကီးက နိုင်ငံတော် လုံခြုံရေး အကြီးအကဲနှင့် အစိုးရရှေ့နေချုပ်ကို ဇူလိုင် ၁၇ ရက်၌ ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း အေပီသတင်း က ရေးသားဖော်ပြသည်။

ယူကရိန်းနိုင်ငံအတွင်း ရာနှင့်ချီသော ရာဇဝတ်မှုများရှိခဲ့ပြီး အစိုးရဌာနများ၊ တရားဥပဒေ စိုးမိုးရေး ကိုင်တွယ်ရသော ဌာနများ မှ ဝန်ထမ်းအချို့ နိုင်ငံတော် ပုန်ကန်မှုများနှင့် ဆက်နွှယ်နေကြောင်း ယခုရာထူး အပြောင်းအလဲ ကိစ္စအပေါ် ဇာလန်းစကီးက အကြောင်းပြခဲ့သည်။

“အထူးသဖြင့် အစိုးရရှေ့နေရုံးနဲ့ SBU (နိုင်ငံတော်လုံခြုံရေးဝန်ဆောင်မှုဌာန)က ဝန်ထမ်း ၆၀ ဦးလောက်ဟာ အသိမ်းပိုက်ခံရ တဲ့ နယ်မြေထဲမှာ ကျန်ရှိခဲ့ပြီးတော့ သူတို့က ကျနော်တို့နိုင်ငံကို ဆန့်ကျင်တဲ့အလုပ်တွေ လုပ်နေကြတယ်” ဟု ဇာလန်းစကီး က ပြောကြားခဲ့သည်။

ယူကရိန်းတပ်ဖွဲ့ကိုတွေ့ရစဉ် (AP)

“နိုင်ငံတော်ရဲ့ အမျိုးသားလုံခြုံရေး အခြေခံအုတ်မြစ်ကို ထိပါးလာတဲ့ ရာဇဝတ်မှုတွေ၊ ယူကရိန်းတပ်တွေနဲ့ ရုရှားအထူး ဝန်ဆောင်မှုကြားမှာ ချိတ်ဆက်ကြတဲ့ မှတ်တမ်းတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ခံတွေကို ပြင်းပြင်းထန်ထန် မေးခွန်းထုတ်စရာ ရှိလာပါတယ်” ဟု ၎င်းက ပြည်သူများထံ ညစဉ်ပြောကြားသော ဗွီဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ခဲ့သည်။

ဇာလန်းစကီးသည် SBU ကို ဦးဆောင်ရန်အတွက် ၎င်းခန့်အပ်ခဲ့သော ငယ်သူငယ်ချင်းနှင့် စီးပွားရှာဖက် ဖြစ်ခဲ့ဖူးသူ အိုင်ဗင် ဘာကာနော့ဗ်ကို ထုတ်ပယ်ခဲ့သည်။

ရုရှား ကျူးကျော်စစ် စတင်စဉ်ကတည်းက အိုင်ဗင်ဘာကာနော့ဗ် အပေါ် အပြစ်တင် ဝေဖန်သံများ ကျယ်လောင်နေခဲ့သည်။ ၎င်း၏နေရာကို အစားထိုးရန်အတွက် နောက်ထပ်တစ်ဦးကို ဇာလန်းစကီး ရှာဖွေနေသည်ဟု အမည်မဖော်လိုသူ သတင်းရင်း မြစ်များကို ကိုးကားလျက် Politico မီဒီယာနှင့် အနောက်တိုင်း သတင်းရပ်ကွက်များက ရေးသားဖော်ပြကြသည်။

ဇာလန်းစကီးသည် အစိုးရရှေ့နေချုပ် အီရန်းနား ဗန်းနားဒစ်တိုဗာကို ထုတ်ပယ်လိုက်ပြီးနောက် လစ်လပ်နေရာအတွက် ဒစ်တိုဗာ၏ လက်ထောက်ဖြစ်သူ အိုလက်ဆိုင်း စီမိုနန်ကိုအား အစားထိုး ခန့်အပ်ခဲ့သည်။ ဒစ်တိုဗာသည် စစ်ရာဇဝတ်မှုများ စုံစမ်းစစ်ဆေးရေးကို ဦးဆောင် ကိုင်တွယ်ခဲ့ရသူ ဖြစ်သည်။

ယူကရိန်းသူတစ်ဦးကိုတွေ့ရစဉ် (AP)

လတ်တလော ကာလအတွင်း ယူကရိန်းတောင်ပိုင်းရှိ အဓိက သင်္ဘောတည်ဆောက်ရေး အချက်အချာဌာနဖြစ်သော မိုင်ကိုလေ့ဗ်မြို့ တဝိုက်သို့ ရုရှားတို့က ဒုံးကျည်ဖြင့် ပစ်ခတ်လျက်ရှိရာ ဇူလိုင် ၁၇ ရက် အစောပိုင်းတွင် စက်မှုဇုန်များထဲသို့ ကျရောက် ပေါက်ကွဲခဲ့သည်။

အဆိုပါ ဒုံးကျည်များကြောင့် စက်မှုလုပ်ငန်းများနှင့် အခြေခံ အဆောက်အအုံ အချို့ကို ထိခိုက်ပျက်စီးခဲ့ကြောင်း မိုင်ကိုလေ့ဗ် မြို့တော်ဝန် အိုလက် ဇန်းဒါးဆန် ကေညက်က ပြောကြားခဲ့သည်။

ထို့ပြင် ရုရှားစစ်တပ်က ရိုမေးနီးယား နယ်စပ်အထိ ယူကရိန်း၏ ပင်လယ်နက် ကမ်းရိုးတန်း တစ်ခုလုံးကို အဆက်အသွယ် ဖြတ်တောက်ပစ်ရန် စစ်ရေးရည်မှန်းချက် တစ်ခုကို ကြေညာထားသည်။

အကယ်၍ ထိုစစ်ရေး ရည်မှန်းချက် အောင်မြင်ခဲ့လျှင် ယူကရိန်း စီးပွားရေးနှင့် ကုန်သွယ်ရေးတို့ကို ထိခိုက်စေမည်ဖြစ်ပြီး ရုရှား စစ်အခြေစိုက် စခန်းအတွက် အထူးအရေးကြီးသော မော်လ်ဒိုဗာ ခွဲထွက်ရေး ဒေသတစ်ခု ဖြစ်သည့် ထရန်နစ် စတြီးယား ဒေသအား ပေါင်းကူး ဆက်သွယ်ရေးကို လုံခြုံစိတ်ချစေမည်ဟု အေပီသတင်းတွင် ဆက်လက် ဖော်ပြထားသည်။

Source: AP